EJYZ အပိုင်း ၄

အပိုင်း (၄.၁)

ကောင်းကင်ကြီးက တောက်ပလို့ပင်။ ကျန်းယွင်ကျူးနှင့် တခြားသူများသည် လင်ချန် စီရင်စုနယ်နိမိတ်နား ရောက်လာပြီဖြစ်သည်။

သူတို့တွင် လမ်းပြ မပါလာသဖြင့် စီရင်စုမြို့ထဲသို့ မဝင်ရဲကြပေ။ သူတို့သည် ရွာများနှင့် မြို့များကိုသာ ဖြတ်သန်းလာခဲ့တော့သည်။

မနက်ခင်းနေက လူတိုင်းပေါ်တွင် ဖြာကျလျက်။

ကျန်းချိန်က လှည့်ပေါ်တွင် သူတို့၏ပစ္စည်းများကို တင်ကာ တွန်းလာ၏။ ကျန်းဝူက အထုပ်အပိုးများကြားတွင် ထိုင်နေသည်။ သူ့မျက်နှာသေးသေးလေးက စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေ၏။ သူက ကျန်းချိန်ကို မြန်မြန်တွန်းဖို့ လောဆော်နေတော့သည်။

အမျိုးသမီးချန်က ဘယ်ဖက်ခြမ်းမှ အဘိုးချန်ကို တွဲလာ၏။

ကျန်းယွင်ကျူးက ညဘက်တွင် ကျန်းလင်နှင့် ကျန်းယွင်ရွှယ်တို့ကို လက်တွဲလာခဲ့သည်။

မိသားစုများ အတူတူရှိနေကြသောအခါ သူတို့ခြေထောက်အောက်က လမ်းမှာ ထိုမျှလေောက် မခက်ခဲတော့ပေ။

သည်အခိုက်တွင် ကျန်ယွင်ရှို့မှာတော့ လုံးဝမလွယ်ကူလှပေ။ ထိုမိန်းမကြီး အမျိုသမီးကျန့်က ပစ္စည်းများ လှည့်ရောင်းနေသည့် စျေးသည်တစ်ယောက်လို သူမကို ဟိုသည်ပတ်ခေါ်သွားနေတော့သည်။

ဟုတ်တယ်။ ပစ္စည်းတွေလိုပဲ။ လူတစ်ယောက်နဲ့တောင် လုံးဝမတူတော့ဘူး။ မြင်းတွေ သိုးတွေလို တိရိစ္ဆာန်တွေ ကျနေတာပဲ။

“ဒီမျက်နှာ ဒီရုပ်ရည်ကို ကြည့်လိုက်ပါအုံး”

တံတွေးကို ဗျစ်ခနဲ ထွေးလိုက်ပြီး အမျိုးသမီးကျန့်က ကျန်းယွင်ရှို့ကို သူတို့မျက်နှာချင်းဆိုင်က လူချမ်းသာစီးပွာရေးသမားနှင့် မိတ်ဆက်ပေးလေသည်။

ကျန်းယွင်ရှို့မှာ စိတ်ထဲတွင် ရွံရှာသွားတော့သည်။ ဒီလူကြီးက သူ့အဖေအရွယ်လောက် ရှိတာကို။ ပြီးတော့ လူချမ်းသာစီးပွားရေသမားလေးတစ်ယောက်က အန်းဖင်နယ်စားအိမ်တော်နဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။

“ အား”

သူမသည် အဝါရောင်ငှက်လေးတစ်ကောင်က ပထမဆုံးအကြိမ် အော်လိုက်သလို အလန့်တကြား ထအော်လိုက်လေသည်။ အမျိုးသမီးကျန့်က ကျန်းယွင်ရှို့၏ သူ့လုပ်စာ တစ်လောကလုံး ထိုင်စားနေရသည့် မျက်နှာထားကို သဘောမကျသဖြင့် သူမ၏ခါးကို ဆိတ်လိုက်ခြင်းပင်။

ကျန်းယွင်ရှို့က အမျိုးသမီးကျန့်ကို ထိတ်လန့်ဖွယ်ဒေါသအကြည့်တစ်ခုဖြင့် ကြည့်လိုက်လေသည်။

ရုတ်တရက် သူမ၏ခြေထောက်ပေါ်တွင် တစ်ခုခု ခံစားလိုက်ရတော့သည်။ သူမ၏ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင်တော့ ထိုလူချမ်းသာစီးပွားရေးသမားက သူမ၏စကပ်ကို လှန်လိုက်ပြီး သူမ၏ခြေထောက်ကို ဆိတ်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

ရှေးခေတ်အခါက ခြေထောက်လို နေရာမျိုးသည် ဖုံးကွယ်ထားရမည့်အပိုင်းများဖြစ်လေသည်။ ကျန်းယွင်ရှို့သည် သူမ၏အိပ်မက်ထဲတွင် တစ်ယောက်ယောက်နှင့် လက်ထပ်ပြီးချိန်မှာပင် သူမသည် ဤသို့သိမ်ဖျင်းစွာ မဆက်ဆံခဲ့ရဖူးပေ။ ရှက်စိတ်နှင့် ဒေါသတို့ကြောင့် သူမသည် ကပျာကယာ နောက်ဆုတ်လိုက်တော့သည်။

“ ခြေထောက်တွေက နည်းနည်းကြီးတယ်”

လူချမ်းသာစီးပွားရေးသမားက သဘောမကျသလို မှတ်ချက်ပေးလိုက်ပြီး သူ့ဗိုက်ပေါ် လက်တင်ထားလိုက်၏။ မကြာခဏဆိုသလို သူ့မျက်လုံးများက ကျန်းယွင်ရှို့ကို ကြည့်နေလေသည်။

အခုလေးတင် ဖြစ်သွားသည့် သူမ၏ကြောက်လန့်တကြားပုံစံက တော်တော် ဆွဲဆောင်မှုရှိနေသည်။

ကျန်းယွင်ကျူး၏ မျက်လုံးများသည် ချက်ချင်းနီရဲလာပြီး တစ်ချိန်ထဲတွင် စော်ကားခံလိုက်သည့် ခံစားချက်ကြောင့် ဒေါသခြောင်းခြောင်း ထွက်လာတော့သည်။ သူ သူက သူမခြေထောက်တွေကို ကြီးတယ်ဆိုပြီး တကယ် အထင်သေးခဲ့တာပဲ။

အမျိုးသမီးကျန့်က လူချမ်းသာစီးပွားရေးသမားကို မြန်မြန် တီးတိုးပြောလိုက်လေသည်။ သူတို့သည် ဆွေးနွေးရင်း ကျန်းယွင်ရှို့ကို ကြည့်လိုက်ကြသည်။

ကျန်ယွင်ရှို့မှာ ကျွဲမြီးတိုသွားပြီး စိုးရိမ်သွားလေသည်။ သူမကို အန်းဖင်နယ်စားအိမ်တော်ကို ရောင်းလိုက်သင့်တာ မဟုတ်လား။ ဘာတွေဖြစ်နေတာလဲ။

နောက်ဆုံးတွင် စျေးကြောင့် အရောင်းအဝယ်ကို အောင်အောင်မြင်မြင် မညှိနိုင်ခဲ့ပေ။

လူချမ်းသာစီးပွားရေးသမားအိမ်က ထွက်လာပြီးနောက် ကျန်းယွင်ရှို့က စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။ သို့သော် အမျိုးသမီးကျန့်က သူမကို ဆန်ကုန်မြေလေးဟု ဆဲဆို ပြစ်တင်တော့သည်။ သည်အခြေအနေ ရောက်နေပြီဆိုမှတော့ သူမ ဒီလိုပဲ ဆက်လုပ်ရတော့မယ်။ အခုတောင် သူ သူမရဲ့ခြေထောက်ကို ထိလိုက်တယ်လေ။ ပြီးတော့ သူမ ခြတောင်ပို့တစ်ခုလို လုပ်နေရမယ်။ ယောကျ်ားတစ်ယောက်ရဲ့ စိတ်ကျေနပ်အောင် လုပ်ပေးခံရမယ်ဆိုရင်တော့ သူ သူမကို မထိရင်တောင် သူမက အထိခံရဖို့ အလျင်စလို လုပ်ချင်လုပ်လိုက်အုံးမယ်။

အမျိုးသမီးကျန့်က အဆင့်အတန်းနိမ့်သော နေရာများတွင် သွားလာနေကျဖြစ်လေသည်။ သူမသည် လူများကို စတင်ဆဲဆိုလိုက်ပြီလျှင် အထူးသဖြင့် ခန္ဓာကိုယ်အောက်ပိုင်းကို ဆဲဆိုတတ်လေသည်။ ထိုသိမ်ဖျင်းလှသည့်စကားလုံးများကို ကြားရသူအတွက် အတော်ပင် မခံသာစရာဖြစ်လေသည်။

ကျန်းယွင်ရှို့က သည်လို တခါမှ မကြုံခဲ့ဘူးပေ။ သူမ၏မျက်ရည်များသည် မရပ်တမ်း စီးကျလာတော့သည်။ သူမသည် ကိုယ့်ကိုယ်ကို သ-တ်သေချင်သွားပြီး သည်လိုအရှက်ခွဲခံရခြင်းကို ထပ်ပြီး မခံစားလိုတောပေ။

သို့သော် အန်းဖင်နယ်စားအိမ်တော်အကြောင်းနှင့် တောက်ပသည့် လမင်းတစ်စင်းနှင့် တူသည့် ယောက်ျားကို စဥ်းစားလိုက်မိချိန်၌ ဇွဲလုံ့လရှိဖို့ သူ့မကိုယ်သူမ အားပေးလိုက်တော့သည်။

အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ပြီး သူမက အမျိုးသမီးကျန့်ကို ပြောလိုက်၏။

“ အဒေါ် ချန်ဖုန်းက မိုးခေါင်တဲ့ဒုက္ခခံစားနေရတာလေ၊ အားလုံးမှာလည်း ငွေမရှိကြဘူး၊ အမြဲတမ်း ပေါများကြွယ်ဝနေသည့် လုကျိုးကို သွားကြမလား”

လုကျိုး။ အန်းဖင်နယ်စားအိမ်တော်က လုကျိုးမှာလေ။ သူမ အဲဒီကိုသွားဖို့ ထပ်မစောင့်နိုင်တော့ဘူး။

“ လုကျိုးကို သွားရမယ်ဟုတ်လား၊ လုကျိုးကို သွားဖို့ ငွေကမလိုတော့ဘူးလား၊ အသုံးမကျတဲ့ဟာမလေး၊ နင် မျက်လုံးပင့်လိုက်တာနဲ့ နင်ဘာတွေကြံနေလဲဆိုတာ ငါသိတယ်နော်၊ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့”

အမျိုးသမီးကျန့်သည် ခါးထောက်ကာ ကျန်းယွင်ရှို့ကို ထပ်မံ ဆိုဆဲပြန်တော့သည်။

စိတ်ကျေနပ်အောင် ဆဲဆိုလိုက်ပြီးနောက် သူမက ကျန်းယွင်ရှို့ကို နေရာတိုင်းသို့ ဆက်ပြီးခေါ်သွားလိုက်ပြန်သည်။

ဆောင်ကြာမျိုင်များ၊ လူချမ်းသာအိမ်များနှင့် အရာရှိများ ရှိကြသည်။

ထိုဝယ်ယူသူများက ကျန်းယွင်ရှို့၏ ရုပ်ရည် အသွင်အပြင်နှင့် သူမ၏ ခန္ဓာကိုယ်ပေါ်က အသေးအဖွဲ အပြစ်အနာဆာများကို အားရပါးရ မှတ်ချက်ပေးကြလိမ့်မည်။ သူမသည် တစ်ကိုယ်လုံး ဆွဲချွတ်ခံထားလိုက်ရပြီး တခြားသူများအား ရွေးချယ်ခွင့်ပေးနေရသလို ခံစားလိုက်ရတော့သည်။ သိက္ခာဟူ၍ လုံးဝပင်မရှိတော့ပေ။

မကြာခဏဆိုသလို သူမသည် ပြိုလဲတော့မတတ်ပင်။

ကံအားလျော်စွာ သူမကို အားပေးနိုင်မည့် စိတ်ထဲက ယုံကြည်မှုတစ်ခုက အမြဲရှိနေ၏။ စောင့်နေလိုက်ပါ။ သူမ နယ်စားအိမ်တော်ရဲ့ သခင်မလေး ဖြစ်လာရင် သူမကို ဒုက္ခပေးခဲ့ကြတဲ့သူတိုင်း လာတောင်းပန်ရအောင် လုပ်ပစ်မယ်။ သူမ၏ ကျိတ်ကာ ကျိန်ဆဲလိုက်တော့သည်။

ကျန်းယွင်ကျူးသည် အပြင်ဘက်တွင် ကြွပ်ရွပြီး အထဲတွင် နူးညံ့သည့် နှမ်းစေ့မုန့်ကို စားချင်နေမိသည်။ ငါးပေါင်း၊ ဘီယာဘဲကင်၊ ဝက်နံရိုးချိုချုဥ်၊ သီဟိုဠ်စေ့ပုဇွန်…. သူမသည် ကူးပြောင်းမလာခင်က သူငယ်ချင်းများနှင့် ညစာစားခဲ့သည့်အချိန်ကို စဥ်းစားမိလိုက်ပြီး ထိုဟင်းများက စားပွဲပေါ်တွင် မှာထားသည့်ဟင်းများပင်။

ထိုအချိန်က သူမသည် ဝိတ်ချနေသဖြင့် မဖြစ်စလောက်လေးစားပြီး တူကိုချထားလိုက်သည်။

သူမသာ နောက်အခွင့်အရေးတစ်ခု ထပ်ရခဲ့မယ်ဆိုရင် ကျိန်ရဲတယ်။ ဘယ်တော့မှ သူတို့ကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်တော့ဘူး။

ပြီးခဲ့သည့်နှစ်ရက်အတွင်း ကျန်းယွင်ကျူး၏ ခေတ်သစ်အချိန်က မှတ်ဉာဏ်များသည် မနေ့က ဖြစ်ခဲ့သည့်နှယ် ပိုပြီး ရှင်းလင်းလာခဲ့သည်။

“ လုယက်နေပါတယ်ဗျို့ ကယ်ကြပါအုံး၊ တစ်ယောက်ယောက်လောက် လာကြပါအုံး၊ လူတစ်ယောက်က ပစ္စည်းတွေ လုပ်နေပါတယ်”

ကျန်းယွင်ကျူးသည် အရသာရှိသည့်အစားအစာများကို စဥ်းစားနေစဥ် ရှေ့က တစ်ယောက်ယောက် အော်သံကို ကြားလိုက်ရတော့သည်။

သူမက လှမ်းကြည့်လိုက်ရာ သူတို့သည် ရွာတစ်ရွာကို ဖြတ်နေသည်ကို တွေ့လိုက်ရသည်။ ရှေ့ကလမ်းပေါ်တွင် မြည်းလှည်းတစ်စီးရှိပြီး မြည်းလှည်း၏ဘေးတွင် လူနှစ်ယောက်က အိတ်တစ်လုံးကို ဆွဲကာ လုနေကြသည်။

တစ်ယောက်မှာ အသက် ၄၀-၅၀အရွယ် ထင်ရသည့် အဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူက အော်ဟစ်နေသူဖြစ်သည်။

သူ့မျက်နှာချင်းဆိုင်တွင် အသက်သုံးဆယ်ဝန်းကျင် ညိုမည်းနေသည့်အသားအရေနှင့်လူတစ်ယောက် ရှိနေသည်။

အဘိုးကြီးက သူ့မျက်နှာချင်းဆိုင်က လူကြီးလောက် မသန်မာသည်မှာ သိသာသည်။ သူ့လက်ထဲက အိတ်က လုယူခံရတော့မည်။

ကျန်းချိန်လည်း ထိုမြင်ကွင်းကို တွေ့သွား၏။ သူသည် ကူညီပေးဖို့ရာ စိတ်အားထက်သန်နေပြီး ချက်ချင်းအော်ဟစ်လိုက်တော့သည်။

“ လွှတ်လိုက်”

တစ်ယောက်ယောက်လာနေသည်ကို မြင်လိုက်ရသဖြင့် အသားအရေ ညိုမည်းနေသည့်လူက ပျာယာခတ်သွားသော်လည်း သူ့လက်ထဲက အိတ်ကိုတော့ မလွတ်မပေးချေ။

သူတို့နှစ်ယောက်သည် အားအလွန်အကျွံသုံးထားလေသည်။ အဝတ်အိတ်မှာ ပြဲသွားပြီး ဂျုံကြမ်းမုန့်ချပ်တစ်ထပ်လိုက်က မြေကြီးပေါ်သို့ကျသွားတော့သည်။

အသားအရေညိုမည်းနေသည့်လူကြီးက မုန့်တစ်ချပ်ကို ဖမ်းဆွဲလိုက်ပြီး သူ့ပါးစပ်ထဲသို့ သွပ်ထည့်လိုက်၏။

သည်အချိန်တွင် ကျန်းချိန်

သည် အပြေးရောက်လာတော့သည်။

ညိုမဲနေသည့် လူကြီးက မုန့်တစ်ချပ်နှစ်ချပ်လောက်ကို မြန်မြန်ကောက်ယူလိုက်ပြီး ရွာထဲသို့ မြန်မြန်ပြေးသွားကာ ပျောက်ကွယ်သွားလေတော့သည်။

အပိုင်း (၄.၂)

“အဖေ”

ကျန်းယွင်ကျူးက သူ့ကို လှမ်းခေါ်ကာ မြန်မြန်တားလိုက်၏။ မုန့်ချပ်တစ်ထပ်လုံး အောက်ကျသွားပြီးနောက်တွင် အနီးအနားအိမ်များထဲမှ လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် အရိပ်များကို သူမ တွေ့လိုက်ရသည်။ ထိုညိုမည်းနေသည်လူကြီးက ပေါ်တင် လုယက်နေပြီး ဘယ်သူမှ သူ့ကို ထွက်မတားကြပေ။ ဒါက ပြဿနာတချို့ရှိနေသည်ကို ရည်ညွှန်းနေလေသည်။

ငတ်မွတ်ခေါင်းပါးတဲ့ နှစ်တွေမှာ လူတွေက အသက်ရှင်ဖို့ ဘာမဆိုလုပ်နိုင်ကြတာပဲ။ ဒီတော့ သတိထားတာပဲ ပိုကောင်းမယ်။

ကျန်းချိန်က အမျိုးသမီးချန်နှင့် တခြားလူများကို စိုးရိမ်သွားပြီး ချက်ချင်း ရပ်လိုက်တော့သည်။

ကျန်းယွင်ကျူးက အဘိုးကြီးကို မုန့်များ မြန်မြန် ကောက်ကူပေးလိုက်သည်။

ခဏကြာပြီးနောက် မုန့်ချပ်အားလုံးကို သိမ်းဆည်းပြီးသွားတော့သည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

အဘိုးကြီးက ကျေးဇူးဝင်စကားကို အထပ်ထပ်ပြောနေ၏။ ဒီမုန့်တွေက သူ့အသက်ပဲလေ။

“မလိုပါဘူးခင်ဗျာ”

ကျန်းချိန်က သူ့ကို ကူညီပြီး မုန့်များကို မြည်းလှည်းပေါ် တင်ပေးလိုက်၏။

သည်အခိုက်တွင် လူငယ်တစ်ယောက်က ရေတစ်ပုံးဖြင့် ရွာထဲက မြန်မြန် ထွက်လာခဲ့သည်။ သူသည် ကျန်းချိန်ကို မြင်လိုက်ပြီး ချက်ချင်း အော်ဟစ်လိုက်၏။

“ ခင်ဗျား ဘာလုပ်နေတာလဲ”

သူသည် အဘိုးကြီး၏သားဖြစ်ပြီး ရွာထဲတွင် ရေဝယ်ဖို့ သွားတာဖြစ်သည်။ သူသည် အဘိုးကြီး၏ အော်သံကြားလိုက်ချိန်တွင် တတ်နိုင်သလောက် မြန်မြန်ပြန်လာခဲ့လေသည်။ ကျန်းချိန်က သူ့မိသားစု၏ မုန့်အိတ်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသဖြင့် သူက သူတို့မိသားစု၏မုန့်ကို လုတော့မည်ဟု ထင်သွားတော့သည်။

“ချင်ရှန့် သူမဟုတ်ပါဘူး၊ သူက ကူညီပေးတာပါ”

အဖေရွှီက လူငယ်လေးကို မြန်မြန်တားလိုက်၏။

လူငယ်လေးက ရောက်လာပြီး စကားနည်းနည်းဖြင့် အကြောင်းအရင်းကို မေးလိုက်လေသည်။ ထိုအခါမှ သူသည် ကျေးဇူးရှင်ကို သူခိုးဟု အထင်မှားမိမှန်း သိသွားတော့သည်။ ချက်ချင်းပင် သူက ကျန်းချိန်ကို တောင်းပန်လိုက်၏။

“မလိုပါဘူး၊ ဒီနေရာကနေ မြန်မြန်ထွက်သွားရအောင်”

ကျန်းချိန်က အနီးနားက အရိပ်များကို သတိထားမိလိုက်ပြီး သတိကြီးကြီးဖြင့် ပြောလိုက်၏။

အားလုံးက ချက်ချင်း ခရီးဆက်ဖို့ပြင်လိုက်ကြပြီး ရွာမှာ ထွက်လာခဲ့တော့သည်။ သူတို့သည် မြို့ငယ်လေးတစ်ခု အစွန်သို့ ရောက်လာချိန်တွင်တော့ ဘယ်သူမှ သူတို့နောက် မလိုက်လာကြတော့ပေ။ အားလုံးက စိတ်အေးသွားပြီး စကားစပြောလိုက်ကြတော့သည်။

အဖေရွှီနှင့် ရွှီချင်ရှန့်တို့သည် အနီးနားက စီရင်စုမြို့နယ်မှ ဖြစ်လေသည်။ သူတို့သည်လည်း တောင်ဖက်သို့ ထွက်ပြေးလာကြခြင်းပင်။ သို့သော် သူတို့တွင် လုပြည်နယ် ဝူလင်စီရင်စုမြို့နယ်ထဲက ချန်းရှိရွာသို့ သွားမည့်ရည်ရွယ်ချက်ရှိကြသည်။ ထိုနေရာတွင် အဖေရွှီသည် အမျိုးဝေးသည့် ဝမ်းကွဲတစ်ယောက် ရှိလေသည်။ သူတို့သည် ဆွေမျိုးများထဲ အလည်အပတ်သွားကြလိမ့်မည်။

သို့သော် အဖေရွှီ၏ စကားအရ သူသည် ဆွေမျိုးများနှင့် အဆက်အသွယ် မရှိတော့သည်မှာ လေး ငါးနှစ် ကြာသွားပြီဟု ဆိုသည်။ ထို့ကြောင့် သူသည် ထိုနေရာက အခြေအနေကို မသိပေ။

ပိုပြီး ကောင်းမလာမှာကို စိုးရိမ်နေ၏။ ကျန်းယွင်ကျူးက နားထောင်ရင်း သူမကိုယ်သူမ စဥ်းစားနေလိုက်သည်။ ရွှီချင်ရှန့် အခုလေးတင် ရွာထဲက ထွက်လာတာကို မြင်လိုက်တုန်းက သူ့ကို ရင်းနှီးနေတယ်လို့ ခံစားနေရတယ်။ ဒါပေမဲ့ သူ့ကို မမှတ်မိဘူး။ ဒါပေမဲ့ အခုတော့ သူ ဖြစ်နေမှာ သေချာလောက်ပဲ။

ရွှီချင်ရှန့်။ အိပ်မက်ထဲမှာ သူက ကျန်းယွင်ရှို့ရဲ့ယောက်ျား။ သူမရဲ့ မတ်လေးဆိုလည်း ဟုတ်တယ်။ သူတို့တွေကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကံကြမ္မာက တကယ် အံ့ဩစရာကောင်းတဲ့ပုံပဲ။

အိပ်မက်ထဲမှာ သူနဲ့ ကျန်းမိသားစုက လုပြည်နယ် လုအန်းစီရင်မြို့ရဲ့ ချင်းဟယ်ရွာမှာ နေတာကို မှတ်မိနေတယ်။ ဝူလင်စီရင်စုမြို့ရဲ့ ချန်းရှီရွာ မဟုတ်ပါဘူး။ သဘောက သူတို့ရဲ့ ဆွေမျိုးတွေဆီ အလည်သွားတာက အဆင်မပြေခဲ့ဘူးဆိုတာ့ အဓိပ္ပာယ်ပဲ။

အင်းပေါ့။ တခြားအကြောင်းအရင်းလည်း ရှိချင်ရှိနေမှာပဲ။ ဒီလောကမှ မတူတဲ့အရာ သေးသေးလေးတစ်ခုနှင့် ကိစ္စတွေက လုံးဝမတူတဲ့လမ်းကြောင်းတွေကို ရောက်သွားစေတာပဲ။ အိပ်မက်ထဲတွင် ကျန်းယွင်ကျူးသည် ကျန်းမိသားစုနှင့် ခုနှစ်ကြာမှ ပြန်တွေ့ခဲ့ရပြီး ရွှီချန်ရှန့်ကို နှစ်ကြိမ် သုံးကြိမ်သာ တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် သူမသည် သူ့အတိတ်အကြောင်း များများစားစား မသိပေ။

မျှော်လင့်မထားဘဲ သူတို့က သည်နေရာတွင် သူ့ကို အရင်လာတွေ့ခဲ့သည်။ အဖေရွှီက ကျန်းချိန်နှင့် တခြားသူများက တောင်ပိုင်းသို့ သွားမည်ဟု ကြားလိုက်သောအခါ သူက သူတို့ကို ခရီးအတူတူသွားရန် ချက်ချင်း ဖိတ်ခေါ်လိုက်သည်။ သည်နည်းဖြင့် သူတို့သည် အပြန်အလှန်စောင့်ရှောက်နိုင်လေသည်။

အဖေရွှီတို့နှင့် ခရီးသွားရမည်ဆိုလျှင် ကျန်းချိန်တို့က အကျိုးပိုများသေးသည်။ သူတို့သည် ယောက်ျားနှစ်ယောက်နှင့် မြည်းလှည်းတစ်စီးရှိသည်။ ကျန်းချိန်တို့မှာ လူအို၊ လူငယ်များ ပါသည်။ သူတို့တွင် လှည်းငယ်လေးတစ်ခုသာ ရှိသည်။

အစပိုင်းတွင် ကျန်းချိန်က သူတို့ကို ဆွဲမထားချင်ခဲ့ပေ။ သို့သော် အဖေရွှီက အတင်းတိုက်တွန်းနေ၏။ ထို့ကြောင့် မိသားစုနှစ်ခုက အတူတူပေါင်းလိုက်ကြတော့သည်။

ကျန်းချိန်က လှည်းငယ်လေးကို ဆက်တွန်းသွားသည်။ သူသည် ငယ်ရွယ်ပြီး သန်မာလေသည်။ မြည်းလှည်းက ဖြည်းဖြည်းလေးသွားနေသဖြင့် အမီလိုက်ဖို့ရာ ပြဿနာမရှိပေ။

အမျိုးသမီးချန်နှင့် တခြားလူများက မြည်းလှည်းပေါ်တွင် ခဏလောက် တစ်လှည့်စီထိုင်ကာ လိုက်လာနိုင်သည်။ ဒါက သူတို့အတွက် အများကြီး ပိုလွယ်ကူသွားစေလေသည်။

မိသားစုနှစ်ခုသည် မကြာခဏဆိုသလို စကားစမြည်ပြောကြပြီး တစ်ယောက်နှင့် တစ်ယောက် ပိုသိလာကြသည်။

ကျန်းယွင်ကျူး၏ စိတ်ထဲတွင် ရွှီချင်ရှန့်သည် အရပ်မြင့်သော်လည်း မကြာခဏဆိုသလို လက်ပြင်ကုန်းထားတတ်သည်ကို တွေ့ရသည်။ သူသည် စကားနည်းပြီး ကျန်းယွင်ရှို့စကားအားလုံးကို နားထောင်တတ်ပုံရသည်။

အခု သူ့ကို ကြည့်လိုက်တော့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်တစ်ခု၊ ကြမ်းတမ်းတဲ့မျက်နှာနဲ့ စူးရှတဲ့မျက်လုံးတစ်စုံ ရှိတာပဲ။ သူ ၇နှစ် ကြာသွားပြီးနောက်ပိုင်းမှာ ဘယ်လိုလုပ် အဲလိုပုံ ဖြစ်လာလဲ စဥ်းစားလို့ကိုမရဘူး။

ကျန်းယွင်ကျူးက ရွှီချင်ရှန့်ကို စိုက်ကြည့်နေပြီး ရွှီချင်ရှန့်က အာရုံခံမိဟန်တူသည်။ သူက သူမကို လှည့်ကြည့်လိုက်၏။

သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားကြသည်။ ကျန်းယွင်ကျူးက မရှောင်လိုက်ဘဲ သူ့ကို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်လေသည်။

ကျန်းမိသားစု၏ ကလေးများအားလုံးသည် ချောမောကြသော်လည်း အချောဆုံးမှာ ကျန်းယွင်ကျူးနှင့် ကျန်းယွင်ရှို့တို့ ဖြစ်သည်။ သူတို့အားလုံးသည် ချောမွတ်သည့်အသားအရေ၊ မိုးမခရွက်များနှင့်တူသည့် မျက်ခုံးရှည်ရှည်၊ မက်မွန်သီးသဏ္ဍန်မျက်လုံးများနှင့် နှင်းတောထဲက ဆီးသီးများလို နီရဲသည့်နှုတ်ခမ်းများ ပိုင်ဆိုင်ကြသည်။

ကျန်းယွင်ကျူး၏ အလှက ပိုပြီးသိမ့်မွေ့သည့်ဘက်သို့သွားပြီး နွေဦးမက်မွန်ပွင့်လေးတစ်ခုနှင့် တူလေသည်။ ကျန်းယွင်ရှို့ကတော့ ပိုပြီး နှစ်လိုဖွယ်ရှိပြီး ပျော့ပြောင်းသည့် ခေါင်ရမ်းပန်းတစ်ပွင့်နှင့် တူသည်။

သူမ၏အပြုံးက နူးညံ့သိမ်မွေ့ပြီး ရွှန်းလက်တောက်ပသည့် အလင်းတစ်ခုနှယ်။ စာမဖွဲ့တတ်အောင် စိတ်လှုပ်ရှားဖွယ်ပင်။

ရွှီချင်ရှန့်က ချက်ချင်း ရှက်သွားပြီး သူ့မျက်လုံးများကို မြန်မြန်ပြန်ရုပ်သိမ်းလိုက်၏။ သူသည် သူမထက်ပိုလှသည့် မိန်းကလေးကို တစ်ခါမှ မမြင်ဖူးပေ။ အထူးသဖြင့် ထိုမျက်လုံးများပင်။ အနက်နှင့် အဖြူကြားတွင် သိသိသာသာခြားနားနေသည်။ မျက်လုံးထဲတွင် ကြယ်များ တောက်ပနေသည့်နှယ်။

ကျန်းယွင်ကျူးက လုံးဝ ဂရုမစိုက်ပေ။ သူမသည် သူမ၏အိပ်မက်ထဲက အဖြစ်အပျက်လောက်နှင့်တော့ လူတစ်ယောက်ကို မဆုံးဖြတ်ချင်ပေ။

နှစ်ရက်ကြာပြီးနောက် သူတို့သည် ကျူးတင်း စီရင်စုမြို့စွန်သို့ ရောက်လာကြသည်။ ချန်ယွမ်စီရင်စုမြို့သည် ဝေးကွာလှသေးသည်။ အလယ်တွင် လူမနေသည့် မြေရိုင်းအကွက်ကြီးတစ်ခု ရှိနေပြီး သောက်သုံးရေပြန်ဖြည့်ရန် နေရာက မရှိပေ။ ထို့ကြောင့် သူတို့သည် လမ်းဘေးဆိုင်လေးတစ်ခုတွင် အနားယူရန် ရပ်လိုက်ကြသည်။ ပထမအချက်မှာ ခြေထောက်များကို အနားပေးရမည်။ ဒုတိယအချက်မှာ ရေနည်းနည်းဝယ်ပြီး လမ်းတွင် ယူသွားရမည်။

အရင်က မိုးခေါင်ရေရှားမှု မဖြစ်ချိန်ကဆိုလျှင် အိမ်တိုင်းတွင် ရေတောင်းသောက်နိုင်သည်။ သို့သော် အခုတော့ လုံးဝမဖြစ်နိုင်တော့ပေ။ ရေတစ်ပုံးက ဆယ်ဝမ်ပေးရသည်။ ရေဝယ်ဖို့ကလည်းလည်း လိုအပ်လေသည်။

ငွေချေလိုက်ပြီးနောက် ဆိုင်က သူတို့အတွက် ရေတစ်ပုံးယူလာပေးသည်။ ရေကလည်း ရွှံ့နှစ်ရောင်ဝါထိန်နေ၏။

ကျန်းယွင်ကျူးက သူမ၏ ရိုးရှင်းလှသည့် ရေစစ်ပုလင်းလေးကို ထုတ်လာလိုက်သည်။ ခဏကြာပြီးနောက်တွင် ရေသန့်အနည်းငယ်က ကရားထဲမှာ စီးကျလာလေသည်။

သူတို့သည် ထိုအရာကို ဘယ်နှစ်ကြိမ်ကြိမ်ပင် ကြည့်နေပါပစေ ရွှီချင်ရှန့်နှင့် ကျန်းချိန်တို့အဖွဲ့သည် သူမ၏ရေစစ်ပုလင်းကို အလွန်အထူးတဆန်းဖြစ်သည်ဟု ထင်နေကြသည်။ ထည့်လိုက်တဲ့ ညစ်ပတ်တဲ့ရေက ဒီလိုသာမန်ရေကရားတစ်ခုကနေ ဘာလို့များ ဒီလောက်သန့်သန့်ရှင်းရှင်း ထွက်လာတာလဲ။

သူတို့သည် ခရီးမဆက်ခင် လမ်းဘေးက စားပွဲတစ်လုံးတွင် ထိုင်ကာ လက်ဖက်ရည်သောက် မုန့်ခြောက်စားရင်း ရေစစ်နေသည်ကို စောင့်နေကြလိုက်တော့သည်။

သည်အခိုက်တွင် လူနှင့် မြင်းတစ်စုသည် မိုးကြိုးသဖွယ် အနောက်ဘက်မှ ရုတ်တရက် ထွက်လာကြလေသည်။

လူဆယ့်နှစ်ယောက်မကသည့် အဖွဲ့သားအားလုံးသည် အရပ်မြင့်ကာ တုတ်ခိုင်ကြသည်။ မြင်းပေါ်တွင် ထိုင်နေသူများအားလုံးကလည်း အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး အဝတ်အစားပေါ်တွင် ရွှေရောင်ချီလင် ပုံစံကို ထိုးထားသည်။

ခါးတွင် ဓားရှည်များကို ချိတ်ထားပြီး အားလုံးက လူသ-တ်လိုသည့်အရောင်အဝါ အပြည့်ဖြစ်နေ၏။

အထူးသဖြင့် အဖွဲ့ကို ခေါင်းဆောင်လာသူပင်။ သူသည် အနည်းငယ်စွေစောင်းသည့် ဖီးနစ်ငှက်မျက်လုံးတစ်စုံ ရှိပြီး ထိုမျက်လုံးများသည် ရေခဲတောင်များပမာ အေးစက်လေသည်။

ဆိုင်လေးထဲက လူများသည် သည်လူများ၏မူလဇာစ်မြစ်ကို မသိကြသော်လည်း သူတို့အားလုံးသည် သည်လူများမှာ သွားရှုပ်လို့မရသည့်သူမှန်းတော့ အားလုံးက သိကြလေသည်။ အမှတ်တမဲ့ သူတို့သည် ငြိမ်ကျသွားပြီး ထိုနေရာသို့ သတိဖြင့် လှမ်းကြည့်လိုက်ကြသည်။

ထိုလူကို မြင်လိုက်သည်တွင် ကျန်းယွင်ကျူး၏နှလုံးမှာ ထိန်းမရအောင် ခုန်သွားတော့သည်။ ဘာလို့ သူဖြစ်နေတာလဲ။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset