နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက အမျိုးသမီးချန်ကို ပြောင်းဆန်မုန့်များ ဆက်လုပ်ကူလိုက်သည်။ ပေါင် ၅၀ရှိသည့် ပြောင်းဆန်များကို ဆန်အမှုန့်ဖြစ်အောင် ကျိတ်လိုက်ပြီးနောက် ဆန်မုန့်များ လုပ်လိုက်ကြသည်။ အချိန်တော်တော် ကုန်သွားလေသည်။
ဆွေးနွေးတိုင်ပင်လိုက်ကြပြီးနောက် ကျန်ချိန်နှင့် အမျိုးသမီးချန်တို့သည် အသီးသီးလမ်းခွဲလိုက်ကြ၏။
ကျန်းချိန်သည် ရွာမြောက်ပိုင်းသို့ တည့်တည့်သွားလိုက်ပြီး ရွာအနောက်ဘက်ရှိ အနီရောင်တံခါးတစ်ခုရှေ့တွင် ရပ်လိုက်ပြီး တံခါးခေါက်လိုက်သည်။
ခဏအကြာတင် လူတစ်ယောက် ထွက်လာ၏။ သူသည် ကျန်းချိန်ကို မြင်လိုက်ရသောအခါ တံခါးရွက်ကို ချက်ချင်း ကိုင်ထားလိုက်ပြီး
“ ငါ့အိမ်မှာလည်း စားစရာ မရှိတော့ဘူး၊ ငါတို့အမေဆို မနေ့ညက အစားတောင်မစားရဘူး၊ သူ အခုထိ ဗိုက်ဆာခံနေရတုန်းပဲ”
ထိုကိုယ်နေဟန်ထားကို ကြည့်လိုက်ရုံဖြင့် ကျန်းချိန်က တံခါးမှဝင်လာပြီး သူ့ဆီက အစားအသောက် ချေးငှားတော့မည်ဟု ထင်လိုက်လေသည်။
သည်လူသည် ကျန်းချိန်၏အစ်ကိုဖြစ်သူ ကျန်းဟိုင် ပင်။
ကျန်းချိန်က မသိမသာ ထိုးထွက်နေသည့် ဝမ်းဗိုက်ကို ကြည့်လိုက်၏။ သူ စိတ်မပျက်သွားပါဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ ကျန်းဟိုင်သည် အဖေကျန်းထားခဲ့သည့် နေရာကို ဆက်ခံလိုက်ပြီး မြို့က စားသောက်ဆိုင်တစ်ခုတွင် တာဝန်ခံတစ်ယောက်အဖြစ် အလုပ်လုပ်နေသူဖြစသည်။ လူနေမှုပုံစံက ပေါများကြွယ်ဝသည်။ ပြီးခဲ့သည့် နှစ်နှစ် မိုးခေါင်သည့်အချိန်က ဆိုးဝါးခဲ့လျှင်တောင် သူပြောသည့်အခြေအနေအထိတော့ မရောက်သေးချေ။
“ဘယ်သူလဲ”
ခြံထဲက အမျိုးသမီးတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။
“ ဘယ်သူပဲ ဖြစ်ဖြစ် အစားအသောက် ချေးငှားတာမျိုး မလုပ်ဘူး၊ ငါတို့ကိုယ်တိုငတောင် စားဖို့မလောက်တာကို”
“ ကျွန်တော် သိပါတယ်”
ကျန်းဟိုင်က ပြန်ဖြေလိုက်ပြီး ကျန်းချိန်ကို ကြည့်လိုက်လေသည်။ ငါတို့မိသားစုမှာ စားစရာမလောက်တာ မင်းကြားတယ်နော် ဟူသည့်အကြည့်။
ကျန်းချိန်က သည်လိုဖြစ်လာမည်မှန်း သိထားပြီးသားပင်။
“ ကျွန်တော် အမေနဲ့ တွေ့ချင်တယ်” သူက မသဲမကွဲ ပြောလိုက်၏။
သူ မကြာခင် ထွက်သွားတော့မှာလေ။ သူ ထွက်ပြီဆိုတာနဲ့ ဒီဘဝမှာ သူတို့တွေ ပြန်တွေ့ပါအုံးမလားဆိုတာ ဘယ်သူသိမှာလဲ။ သူသည် သခင်မကြီးကျန်းနှင့် တွေ့ပြီး ပြောပြသင့်သည်ဟု စဥ်းစားနေမိသည်။
“ အမေ့ကို တွေ့မလို့ ဟုတ်လား”
ကျန်းဟိုင်က နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချိန်သည် လက်ဗလာနှင့် ရောက်လာသဖြင့် သခင်မကြီးကျန်းထံမှ ငွေချေးတော့မည်ဟု ယူဆလိုက်လေသည်။
“အမေရေ ဒုတိယညီလေးက အမေ့ကို တွေ့ချင်တယ်လို့ ပြောနေတယ်” သူ့လက်က တံခါးကို ကိုင်ထားဆဲဖြစ်ပြီး အထဲဘက်သို့ လှမ်းအော်ပြောလိုက်၏။
“ အခုမှ နင်က ငါ့ကိုလာတွေ့ဖို့ သိတယ်၊ မင်း အဲဒီမိသားစုက ပျက်စီးနေတဲ့မိန်းမနဲ့ လက်ထပ်တုန်းကတော့ ဒီအမေကို ဘာလို့ တွေးပေးခဲ့တာလဲ” သခင်မကြီးကျန်းသည် အထဲမှ ဒေါသတကြီး ပြန်ပြောလိုက်လေသည်။
အစပိုင်းတွင် ကျန်းချိန်သည် အမျိုးသမီးချန်နှင့် လက်ထပ်စဥ်က သခင်မကြီးကျန်းက အပြင်အထန် ကန့်ကွက်ခဲ့သည်။ နောက်ဆုံးတွင် ကျန်းချိန်သည် အမျိုးသမီးချန်နှင့် လက်ထပ်လိုက်ပြီး သခင်မကြီးကျန်းက သူတို့ကို ချက်ချင်း အမွေဖြတ်လိုက်ကာ ဘာတစ်ခုမှ မပေးလိုက်ချေ။ ပုံမှန်အားဖြင့် သူမသည် သူမသည် အမျိုးသမီးချန်နှင့် ကျန်းချိန်တို့ကို သွားမရှာခဲ့ချေ။
“အမေ”
ကျန်းချိန်က တံခါးအပြင်မှ လှမ်းခေါ်လိုက်၏။
“ မိန်းမတစ်ယောက်ယူပြီး အမေကို မေ့ထားတဲ့ဟာ၊ ငါ့မှာ နင့်လိုသားမျိုးမရှိဘူး” သခင်မကြီးကျန်းက ဝေဖန်ပြစ်တင်လိုက်လေသည်။
သူမ၏စကားများက အလွန်ရက်စက်လှပေသည်။ ကျန်းချန်သည် သူမကို ဘယ်တုန်းကမှ မေ့ထားခဲ့ခြင်း မရှိခဲ့ပေ။ လက်ထပ်ပြီး သည်နှစ်များတွင် သူသည် ကျန်းမိသားစုက အရသာရှိတာ တစ်ခုခုလုပ်တိုင်း သူမကို အမြဲတမ်း သတိတရရှိခဲ့သည်။
ကျန်းချိန်သည် မခံချိမခံသာဖြစ်သွားပြီး ဒူးထောက်ချလိုက်ကာ သခင်မကြီးကျန်းကို ဦးချကန်တော့လိုက်တော့သည်။
ကျန်းဟိုင်က တံခါးနားတွင်ရပ်ပြီး ဟာသတစ်ခုနှယ် သူ့ကို ကြည့်နေလိုက်လေသည်။
သုံးကြိမ် ဦးချကန်တော့လိုက်ပြီးနောက် ကျန်းချိန်က ခေါင်းမော့လိုက်ပြီး
“ အမေ ကျွန်တော် သွားပြီနော်”
သူဆိုလိုသည်မှာ ချန်ဖုန်းမှာ ထွက်သွားတော့မည် ဟူ၍။
“ ထွက်သွား”
သခင်မကြီးကျန်း၏ ပြန်ပြောလိုက်သံပင်။ သူမသည် အစမှ အဆုံးအထိ ကျန်းချိန်ကို လုံးဝ ထွက်မတွေ့ခဲ့ပေ။
ကျန်းချိန်က ခြံဝင်းထဲကို ဖြည်းဖြည်းမှန်မှန် ကြည့်လိုက်ပြီး ထရပ်လိုက်ကာ လမ်းလျှောက်ကာ ထွက်သွားတော့သည်။
ရွာတောင်ပိုင်းက ယိုယွင်းနေသည့် ခြံဝင်းငယ်လေးတစ်ခုထဲတွင် နောက်ထပ်မြင်ကွင်းတစ်ခု ရှိနေသည်။
အမျိုးသမီးချန်က တံခါးကို ပိတ်လိုက်ပြီး သူတို့ ထွက်သွားတော့မည့်အကြောင်းကို အဘိုးချန်ကို လေသံတိုးတိုးဖြင့် ပြောပြလိုက်ပြီး နောက်ဆုံးမှာ ထပ်ပြောလိုက်လေသည်။
“ အဖေ သမီးတို့နဲ့ လိုက်ခဲ့နော်”
အစက အဘိုးချန်နှင့် အဘွားချန်တို့သည် သည်နေရာတွင် ကပ်ဘေးလာရှောင်ကြခြင်းဖြစ်သည်။ နောက်ပိုင်း အမျိုးသမီးချန်က ကျန်းချိန်နှင့် လက်ထပ်လိုက်ပြီး အဘိုးချန်က တစ်ချိန်လုံး တစ်ယောက်ထဲ နေလာခဲ့သည်။ ပြီးခဲ့သည့်နှစ်နှစ်က သူ့တွင် မျက်လုံးမှာ ပြဿနာဖြစ်ပြီး ကောင်းကောင်း မမြင်ရတော့ချေ။ ပုံမှန်ဆိုလျှင် အမျိုးသမီးချန်က သူ့ကို စောင့်ရှောက်ပေးရလေသည်။ အမျိုးသမီးချန် ထွက်သွားသည်နှင့် သူသည် တစ်ယောက်ထဲ ကျန်ခဲ့ကာ သေခြင်းကို စောင့်ဆိုင်းနေရလိမ့်မည်။ ထို့ကြောင့် အမျိုးသမီးချန်က ထိုသို့ပြောလိုက်ခြင်းပင်.။
“ ဟင့်အင်း သမီးတို့ပဲ သွားကြပါ၊ အဖေက တစ်ယောက်ထဲ၊ ပြီးတော့ တစ်ယောက်တည်း နေနိုင်တယ်”
အဘိုးချန်က ခေါင်းခါပြလိုက်လေသည်။
သူက အိုပြီလေ။ သူ့မျက်လုံးတွေကလည်း မကောင်းတော့ဘူး။ အမျိုးသမီးချန်နောက် လိုက်သွားရင် သူမကို ဆွဲထားသလိုပဲ ဖြစ်နေလိမ့်မယ်။
“အဖေ….” အမျိုးသမီးချန်သည် စိတ်ထဲတွင် အစီအစဥ်ရှိပြီးသား ဖြစ်သဖြင့် ဘာမှ ထပ်မပြောလိုက်တော့ပေ။
သို့သော်ငြား အဘိုးချန်က တစ်ခုခုကို သတိရသွားသည့်နှယ် အနောက်ဘက်ခန်းထဲသို့ ဝင်သွားခဲ့သည်။ မကြာမီတွင် သူသည် အဝတ်အိတ်တစ်ခုနှင့် ပြန်ထွက်လာပြီး အမျိုးသမီးချန်ဆီ လှမ်ပေးလိုက်လေသည်။
အမျိုးသမီးချန်က အဝတ်အိတ်ကို ဖွင့်လိုက်ရာ အထဲတွင် ငွေဆံထိုးတစ်ခုနှင့် ငွေစနည်းငယ် တွေ့လိုက်ရသည်။
သူမသည် သည်ဆံထိုးက သူမ၏အမေ ပစ္စည်းမှန်း မှတ်မိနေသည်။
“ ဒါကို အစောကြီးကတည်းက သမီးကို ပေးလိုက်သင့်တာ၊ အဖေ့ဆီမှာပဲ အမြဲသိမ်းထားပြီး ပြန်ပြန်ကြည့်ချင်နေမိတယ်လေ သမီးအမေ ရှိနေသေးသလိုပေါ့၊ အခုတော့ သမီးက ထွက်သွားတော့မယ်ဆိုတော့ ဒါကို သမီးနဲ့အတူ ယူသွားလိုက်ပါ” အဘိုးချန်က ပြောပြလိုက်သည်။
အမျိုးသမီး၏မျက်ရည်များသည် ထိန်းမရတော့ဘဲ စီးကျလာတော့သည်။ သူမက အဝတ်အိတ်ကို သိမ်းထားလိုက်ပြီး အစီအစဥ်နှင့် ပတ်သက်ကာ ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားသွားတော့သည်။
ညနေခင်းတွင် ကျန်းမိသားစုသည် အားလုံးပြင်ဆင်ပြီးသွားတော့သည်။ နေဝင်သွားပြီး အားလုံးကလည်း အိပ်ရာဝင်လိုက်ကြသည်။
နောက်တစ်နေ့ မနက်နှစ်နာရီ ထိုးပြီးနောက်တွင် ကျန်းမိသားစုက အိပ်ရာထကာ သူတို့၏ပစ္စည်းများကို ယူပြီး အိမ်မှ တိတ်တိတ်လေး ထွက်လာကြလေသည်။
အမျိုးသမီးချန်သည် တံခါးကို သော့ခတ်လိုက်သော အခိုက်အတန့်တွင် မျက်ရည်များက ထပ်ကျလာလုနီးနီးပင်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူမက ထိန်းထားလိုက်ပြီး မငိုနိုင်တော့ပေ။
ကျန်းချိန်လည်း ဝမ်းနည်းသလို ခံစားလိုက်ရသည်။ ရှေ့က ခရီးသည် ရှည်လျားပြီး သူ့ပခုံးပေါ်က ဝန်က ပိုပြီး လေးလံလာခဲ့သည်။
တဒင်္ဂအတွင်း သူသည် နောက်ပြန်လှည့်ပြီး အမှန်ပင် နေခဲ့ချင်တော့သည်။ နောက်နှစ် ပိုကောင်းလာခဲ့ရင်ကော။ သို့သော် သူသည် အရှုံးမခံနိုင်တော့သဖြင့် လောင်းကြေး မထပ်နိုင်တော့မှန်းလည်း သိနေသည်။
…
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းလင်နှင့် ကျန်ကလေးသုံးယောက်တို့မှာ စိတ်ဝင်စားမှုအပြည့် ဖြစ်နေတော့သည်။ သူတို့အတွက်တော့ ဒါသည် ခရီးရှည်ကြီးတစ်ခုဟု ထင်နေလေသည်။
“ သွားကြမယ်”
ကျန်းချိန်က ပြောလိုက်၏။
မိသားစုသည် ရွာတောင်ပိုင်းက အဘိုးချန်၏ နေအိမ်ရှိရာသို့ တိတ်တိတ်လေး သွားလိုက်ကြသည်။
ကျန်းလင်က တံတိုင်းနိမ့်လေးပေါ်ကို ပေါ့ပေါ့ပါးပါး ကျော်တက်ပြီး ဝင်သွားကာ တံခါးဖွင့်ပေးလိုက်သည်။ ကျန်းချိန်နှင့်တခြားသူများက ခြံဝင်းထဲသို့ တန်းဝင်လာလိုက်ကြသည်။
“ဘယ်သူလဲ”
အဘိုးချန်သည် အမြင်အာရုံ မကောင်းသော်လည်း သူ့နားများက အလွန်မှ ပါးလေသည်။ သူသည် အသက်ကြီးလာသောကြောင့်လည်း အအိပ်ဆတ်လာသည်။ အပြင်ဘက် ဆူညံသံများကို ကြားလိုက်ရပြီး တအံ့တဩနှင့် မေးလိုက်တော့သည်။
“ အဖေ ကျွန်တော်ပါ” ကျန်းချိန်က ပြန်ဖြေလိုက်၏။
အဘိုးချန်မှာ အရမ်းအံ့ဩသွားတော့သည်။ ဒီအချိန်ကြီးမှာ ဘာဖြစ်ကြတာပါလိမ့်။
မသက်မသာ ခံစားချက်ဖြင့် သူက မြန်မြန် အိပ်ရာမှ ထလိုက်ပြီး တံခါးဖွင့်ပေးလိုက်၏။
“အဖေ ကျွန်တော်တို့နဲ့ မြန်မြန်လိုက်ခဲ့ပါ” ကျန်းချိန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ထိုအခါမှ အဘိုးချန်သည် အမျိုးသမီးချန်၏ အစီအစဥ်ကို နားလည်သွားတော့သည်။ သူမက အစကတည်းက သူ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်နေတာပဲ။ မနေ့က ဘာမှပြောမသွားခဲ့တာကလည်း သူ ငြင်းလိုက်မှာ စိုးရိမ်နေခဲ့တာမလို့ကိုး။ တစ်ချိန်ထဲတွင် ဝမ်းသာဝမ်းနည်း ဖြစ်သွားပြီး အဘိုးချန်သည် အမျိုးသမီးချန်တို့နှင့် မထွက်သွားလိုတော့ပေ။ သူက ချက်ချင်း ထွက်သွားခိုင်းလိုက်တော့သည်။ နောက်မှ တခြားသူများ တွေ့သွားလျှင် အခြေအနေ ဆိုးကုန်လိမ့်မည်။
အမှန်ပင်။ အမျိုးသမီးက ထွက်သွားဖို့ ငြင်းဆန်လိုက်ပြီး အဘိုးချန်ကို သူမနှင့်လိုက်ခဲ့ရန်သာ တိုက်တွန်းနေတော့သည်။
အဘိုးချန်က သဘောမတူပေ။
လူနှစ်ယောက်မှာ သည်ကိစ္စကြောင့် အခြေအတင် ဖြစ်နေကြတော့သည်။
ကျန်းယွင်ကျူးက ဘေးမှ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေလိုက်သည်။ သူတို့သည် အဘိုးချန်ကို အတူခေါ်သွားသင့်သည်ဟု သူမ ခံစားလိုက်မိသည်။ အဘိုးချန်ရဲ့မျက်လုံးက မကောင်းပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ အရမ်းကို သန်မာပါတယ်။ အတူတူသွားလည်း ပြဿနာမရှိပါဘူး။
နောက်နှစ်များ မိုးခေါင်တာ ပိုဆိုးလာခဲ့တာနဲ့ သူသာ နေခဲ့ရင် အစာငတ်ပြီး သေမှာပဲ။
“ အဘိုး အဘိုးမသွားရင် သမီးတို့လည်း မသွားတော့ဘူး”
သူမသည် အဘိုးချန်ကို စိတ်ရင်းနှင့် ပြောလိုက်တော့သည်။
“အဖေနဲ့အမေက အဘိုးကို သမီးတို့နဲ့အတူတူ ခေါ်သွားမှကို ဖြစ်မှာ၊ သမီးတို့လည်း အဲလိုပဲ တွေးပါတယ်”
“ဟုတ်တယ် အဘိုး၊ အဘိုး သားတို့နဲ့ လိုက်ခဲ့ပါ၊ သား အဘိုးကို တွဲပေးပါ့မယ်”
ကျန်းလင်နှင့် တခြားသူများကလည်း ချက်ချင်း ဝင်ပြောကြလေသည်။ စကားပြောပြီးသွားသည်နှင့် သူတို့သုံးယောက်က အဘိုးချန်ကို ဝိုင်းထားလိုက်ကြသည်။ တစ်ယောက်က သူ့လက်ကို တွဲပေးပြီး တစ်ယောက်က သူ့ခြေထောက်များကို ဆွဲကာ သူ့ကို အပြင်သို့ အတင်းဆွဲခေါ်လာကြတော့သည်။
အဘိုးချန်၏လည်ချောင်းမှာ ဆို့နင့်သွားပြီး
“ လိမ္မာလိုက်တဲ့ကလေးတွေ အဘိုး ကိုယ့်ဟာကိုယ် သွားပါ့မယ်”
သူသည် အမျိုးသမီးချန်နှင့် ကျန်လူများဖြစ်စေချင်သည့်အရာကို နောက်ဆုံးတော့ နားလည်ပေးလိုက်ပြီး သူတို့နှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။
သူ့တွင် ထုပ်ပိုးစရာတစ်ခုမှ မရှိပေ။ အဖိုးအတန်ဆုံးပစ္စည်းကိုလည်း မနေ့က အမျိုးသမီးချန်ကို ပေးလိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် သူက သူ့အဝတ်အစားများကို ယူကာ အမျိုးသမီးချန်နှင့် တခြားလူများနှင့်အတူ ထွက်လာခဲ့လိုက်တော့သည်။
မိသားစုက တောင်ဖက်သို့ ဦးတည်သွားပြီး ရွာမှ တောင်ပိုင်းသို့ သွားရန် ရည်ရွယ်လိုက်ကာ တောင်ပိုင်းသို့ သွားသည့်လမ်းကို ဦးတည်သွားလိုက်တော့သည်။
မနက် ၃နာရီတွင် အမှောင်အတိကျနေဆဲ။ လမ်းပေါ်တွင် လူတစ်ယောက်မှ မရှိပေ။
သူတို့က ရွာမှ ထွက်သွားတော့မည်ကို မြင်လိုက်သဖြင့် အမျိုးသမီးတစ်ယောက်၏အသံက တုံ့ဆိုင်းကာ ထွက်လာလေသည်။
“ ယောက်မချန် ရှင်တို့လား”
အမျိုးသမီးချန်သည် အလန့်တကြားဖြစ်သွားပြီး
“ ဘယ်သူလဲ”
သူမက အထိတ်တလန့်ဖြင့် ပြန်ပြောလိုက်၏။
အမျိုးသမီးတစ်ယောက်က ရေပုံးတစ်ပုံးဖြင့် ထောင့်တစ်နေရာမှ ထွက်လာခဲသည်။
မြူနှင်းကြားထဲတွင် အမျိုးသမီးချန်က သူမကို မှတ်မိသွားပြီး စိတ်အေးသွားကာ အလုံးကြီး ကျသွားတော့သည်။ သူမ ဖြစ်နေသည်ကိုး။
သည်မိန်းမ၏မျိုးရိုးနာမည်မှာ လျိုဖြစ်သည်။ သူမသည် အမျိုးသမီးချန်နှင့် တစ်ချိန်တည်းနီးပါး ကျင်းနျိုရွာသို့ လက်ထပ်ပြီး ရောက်လာခဲ့သည်။ သို့သော် သူမသည် အမျိုးသမီးချန်ထက် များစွာဒုက္ခရောက်ခဲ့ရသည်။
သူမသည် ဆောင်ကြာမျိုင်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်ဟု ဆိုကြသည်။ ရွာသားများက နားမလည်ကြပေ။ လုမိသားစုရဲ့ ဒုတိယသားက ရုပ်ချောပြီး မိသားစုကလည်း ချမ်းသာတယ်လေ။ သူက အပြင်ထွက်ပြီးမှ ဒီလိုမိန်းမတစ်ယောက်ကို လက်ထပ်ပြီး ပြန်ခေါ်လာတာလဲ။
ဒီမိန်းမက ဒီလိုကိစ္စတွေမှာ ကောင်းကောင်း ကျွမ်းကျင်လို့ပဲဖြစ်ရမယ်။ နောက်ဆုံး သူမက အဲလိုနေရာမျိုးက လာခဲ့တာလေ။ အားလုံးက ရန်လိုစွာ ခန့်မှန်းချက် ထုတ်နေကြလေသည်။
ထိုအကြောင်းကြောင့်ပင် ရွာထဲက ဘယ်သူမှ အမျိုးသမီးလျိုကို စကားမပြောချင်ကြပေ။ အမျိုးသမီးလျိုကလည်း အိမ်ထဲတွင်သာ နေလေ့ရှိပြီး အိမ်တံခါးအပြင်သို့ ဘယ်တော့မှ လမ်းထွက်မလျှောက်ခဲ့ပေ။
ထိုနေ့ရက်များသည် အစောပိုင်းတွင် အေးချမ်းနေခဲ့လေသည်။
မနှစ်က လုမိသာစု၏ ဒုတိယသားမှာ ဖျားနာမှုကြောင့် ဆုံးသွားပါးတော့သည်။ အမျိုးသမီးလျိုသည် ကလေးတစ်ယောက်နှင့် မုဆိုးမ ဖြစ်လာတော့သည်။
မုဆိုးမဟု ဆိုလိုက်လျှင် အတင်းစကားအများအပြားက ကြားရစမြဲ။ အထူးသဖြင့် သည်မုဆိုးမက ရုပ်ချောပြီး ထိုသို့သော အတွေ့အကြုံရှိသူ ဖြစ်နေရာ သူမသည် သိမ်ဖျင်းသူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့သည့်နှယ်ပင်။
သည်လိုအချိန်မှ ရေထခပ်နေသည်က မဆန်းပေ။ အမျိုးသမီးချန်မှာ သက်ပြင်းချလိုက်မိသည်။ သူမသည် အမျိုးသမီးလျိုနှင့် အခင်အမင် မရှိခဲ့ပေ။ သည်ကာလအတွင်းတွင် အိမ်၌ ချက်စရာဆန်က မရှိတော့ပေ။ သူမသည် သိသမျှလူအားလုံးထဲ ချေးငှားခဲ့သော်လည်း ဆန်တစ်စေ့ပင် မရခဲ့ပေ။ အိမ်အပြန်လမ်းတွင် အမျိုးသမီးလျိုနှင့် မထင်မှတ်ဘဲ တွေ့ခဲ့ပြီး သူမက ချေးငှားပေးလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။
အမျိုးသမီးချန်သည် အမျိုးသမီးလျိုကို ကျေးဇူးတင်မိသွားပြီး ထိုကောလာဟလများကို နားထောင်ခဲ့မိကာ သူမကို အချိန်ပေးမခေါ်ပြောခဲ့မိသည့်အတွက် နောင်တရသွားတော့သည်။
သူမသည် တမြန်နေ့ အစားအသောက်ဝယ်ပြန်လာခဲ့ပြီး သူမကို အစားအသောက် အရင်ဆုံး ပြန်ပေးခဲ့လိုက်သည်။ လူမမည်လေးနှင့် မုဆိုးမအတွက် မလွယ်ကူခဲ့ပေ။
“ ယောက်မချန် ရှင်တို့တွေ….”
အမျိုးသမီးလျို၏အသံက ချိုသာပျော့ပြောင်းလေသည်။
အမျိုးသမီးချန်က သူမက ဘေးသို့လှမ်းဆွဲလိုက်၏။ သူတို့သည် ရွာမှ ထွက်သွားတော့မည်ကို မြင်ပြီးသွားပြီဖြစ်ရာ သူမသည် မဖုံးကွယ်ထားချင်တော့ဘဲ သူတိ့၏အစီအစဥ်ကို ပြောပြလိုက်တော့သည်။ နောက်ဆုံးတွင် သူမက အမျိုးသမီးချန်က သူမကို ပြောလိုက်တော့သည်။
“ ညီမ နင်လည်း စောစောစီးစီး အစီအစဥ် ချထားသင့်တယ်၊ တကယ်လို့များ နောက်နှစ်က ငတ်မွတ်ခေါင်းပါးတဲ့နှစ် ဖြစ်ခဲ့ရင်….”
အမျိုးသမီးလျို၏မျက်နှာသည် ဖြူဆုတ်သွားမည်မှာ ပြောရန်ပင် မလိုချေ။
အေးချမ်းသည့်ကာလတွင်ပင် သူမအတွက် မလွယ်ကူခဲ့ပေ။ အငတ်ဘေးကြုံရမည့်နှစ်တွင်တော့ သူမတွင် ငွေရှိလျှင်တောင် ဘဝကိုရင်ဆိုင်ရင်း သူမသည် ချွတ်ခြုံကျသွားပေလိမ့်မည်။
အမျိုးသမီးချန်သည် စကားပြောပြီးနောက် လှည့်ထွက်သွားကာ ကျန်းချိန်နှင့် တခြားသူများ နောက်သို့ လိုက်သွားလေတော့သည်။
“ကျွန်မကို သတိပေးတဲ့အတွက် ယောက်မကို ကျေးဇူးတင်ပါတယ်၊ ယောက်မရဲ့ အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ယွမ့်အာ နဲ့ကျွန်မ နောက်ဘဝကျရင် သေချာပေါက် ပြန်ဆပ်ပါ့မယ်” အမျိုးသမီးလျိုက နောက်မှ ပြောလိုက်လေသည်။
အမျိုးသမီးချန်က လက်ပြနှုတ်ဆက်လိုက်၏။ သူမကဖြင့် ဘာမှမကူညီပေးနိုင်တာပဲ။ ဒါနဲ့များ အသက်ကယ်ပေးတဲ့ ကျေးဇူးဆိုတာ ဘယ်လောက်များမှာလဲ။
ကျင်းနျိုရွာမှ ထွက်လာပြီးနောက် ရှေ့တွင် လမ်းကြမ်းတစ်ခုက ရှိနေလေသည်။ အချိန်တော်တော်ကြာအောင် လျှောက်လာခဲ့ပြီးနောက် အမျိုးသမီးချန်က ကျန်းချိန်ကို ရုတ်တရက် မေးလိုက်၏။
“ ပြောစမ်းပါရှင့် ယွင်ရှို့လေ၊ ရှင် ထင်လား…..”
ကျန်းချိန်သည် အမျိုးသမီးချန်က အမျိုးသမီးလျိုနှင့် တွေ့ဆုံပြီးနောက်တွင် ကျန်းယွင်ရှို့အကြောင်းကို တွေးမိပြီး သူမလည်း သည်နေလိုရာမျိုးသို့ ရောက်သွားမှာကို သေချာပေါက် စိုးရိမ်နေလိမ့်မည်မှန်း သိနေသည်။
“ သူ အဲလိုဖြစ်မှာ မဟုတ်ဘူး” ကျန်းချိန်က သူမကို နှစ်သိမ့်ပေးလိုက်၏။
အမျိုးသမီးချန်က ခေါင်းညိတ်လိုက်လေသည်။
ကျန်းမိသားစုက ထွက်သွားတော့သည်။ သူတို့သည် ကျန်းယွင်ရှို့၏ ခေါင်းအုံးအောက်တွင် စာတစ်စောင် ထားခဲ့ပြီး သူတို့သွားမည့်နေရာကို ရှင်းပြထားခဲ့သည်။ အမှန်တွင်တော့ အိပ်မက်ထဲတွင် သူတို့သည် ထိုစာကို ကျန်းယွင်ကျူးအတွက် ထားခဲ့ခြင်းပင်။ သို့သော် ကံတရားလွဲချော်မှုတချို့ကြောင့် သူမသည် ထိုစာကို လုံးဝမတွေ့ခဲ့ရပေ။
…