YMR- အခန်း ၁၅၀

အခန်း ၁၅၀

တည်ဆောက်ခြင်း

“ဟေးယွီက အပြင် ပြန်ထွက်လာတဲ့အချိန် မင်းကို ပိုပြ ပုန်ကန်မှာကို မစိုးရိမ်ဘူးလား” အစကနေ အဆုံးအထိ ရှင်းဖုန်းသည် သူ့ကို ရွှတ်နောက်‌နောက် အမူအရာဖြင့် ကြည့်နေလေ၏။ ကုမင်ရွှမ်းနှင့် ကျန်သည့်သူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ညီအစ်ကိုချဲ့၏ လှုပ်ရှားမှုများက ထက်မြက်လွန်း၏။

“ဟားဟား သူက လူလိမ်တစ်ယောက်ပဲလေ။ ဒါပေမဲ့ သူ့ရဲ့သခင်အတွက် ရင်နာပေးနေသေးတာ။ ကျွန်တော်က တကယ် ဒဏ်ရာရသွားတာ မဟုတ်လို့လား”

ယွင်ချဲ့သည် သူဒဏ်ရာရထားသည့်အချက်ကို အားကိုးပြီး ဘာမှကြောက်စရာမရှိဟု ဆိုနိုင်သည်။ သို့သော်ငြား အပေါ်ယံတွင် တည်ငြိမ်နေသည့်အတိုင်း သူအမှန်တကယ် တည်ငြိမ် မငြိမ်တော့ မည်သူမှမသိပေ။

“မောင်လေး ဒဏ်ရာရထားတာလား”

ဖြစ်ချင်တော့ ဘေးကနေ သန့်ရှင်းရေးလုပ်ပြီးနောက် ဖြတ်သွားစဉ် ယွင်ယောင်က ကြားသွားလေ၏။ ပြောရန်မလို ချက်ချင်းဆိုသလို ယွင်ယောင်က သူ့ဆီပြေးလာလေ၏။ ယွင်ချဲ့က သူမကို ချက်ချင်း နှစ်သိမ့်ရတော့သည်။ “ဘာမှမဟုတ်ပါဘူး ဖုတ်ကောင်တွေကြောင့် ကျွန်တော့်လက်ကို မီးနည်းနည်း ဟပ်သွားရုံပဲ ကြည့်လေ ပျောက်ခါနီးပြီ”

ယွင်ချဲ့က ပြောပြီးနောက် သူ၏လက်မောင်းလေးကို ပြလိုက်၏။ ယင်းက ချောမွေ့ပြီး ဖြူဖွေးနေကာ ဒဏ်ရာရထားသည့် အရိပ်အယောင်မရှိပေ။

“ဘာမှမဖြစ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အစ်မကို သိခွင့်ပေးသင့်တယ်လေ။ နောင်ကျ တာဝန်ထမ်းဆောင်ရင် ဂရုစိုက်ဦး ချန်းချန်း၊ ငါရယ်၊ မူလေးရယ်က မောင်လေးကို အားကိုးဖို့ လိုအပ်တယ်။ မင်းတစ်စုံတစ်ခုဖြစ်သွားခဲ့ရင် ငါတို့ဘာတွေဖြစ်သွားမလဲ”

သူမက သူ့လက်ကိုကိုင်ပြီး ထပ်ခါတလဲလဲ စစ်ဆေးလိုက်တော့၏။ ဘာမှမမှားယွင်းကြောင်း အတည်ပြုပြီးနောက် ယွင်ယောင်သည် နောက်ဆုံး၌ စိတ်အေးသွားတော့သည်။ သို့သော်ငြား တဂျီဂျီ လုပ်နေဦးမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ သူမ၌ မောင်နှစ်ယောက်သာရှိပြီး မူလေးက ယခုအတိုင်း ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ရှောင်ချဲ့ မည်သည့်မတော်တဆမှုမှ မဖြစ်စေရန် သေချာပေါက် ဂရုစိုက်ရမည်။

“နောက်ကျနေပြီမလား အစ်မ ကျွန်တော်က နေ့တိုင်း တာဝန်သွားလုပ်နေရတာ ဒဏ်ရာရတာ ဘာများထူးဆန်းလို့လဲ ကျွန်တော် သေတော့မယ့်ပုံမျိုး မပြောနဲ့လေ ကျွန်တော့်အသက်ကို ယူနိုင်တဲ့ဖုတ်ကောင်က မမွေးသေးဘူး”

ယွင်ချဲ့သည် သူ့အစ်မကို ဖက်ထားလျက် စနောက်မှုတစ်ဝက်ဖြင့် နှစ်သိမ့်လိုက်၏။

“တည်တည်နေ ငါတကယ်ပြောနေတာ”

ထိုအတိုင်း ဖြစ်နေမှန်းသိသောကြောင့် ယွင်ယောင်သည် တည်တင်းမျက်နှာထားကို တမင်တကာ ဆင်မြန်းထား၏။ သူမအကြောင်းကို ယွင်ချဲ့က ကောင်းကောင်းသိနေသောကြောင့် လူရမ်းကားပမာ ပြုမူသေးသည်။ “ဘာကြောင့် အိမ်မှာ ဒီလောက်ထိ အတည်ကြီး ဖြစ်နေမှာတုန်း။ နှစ်နာရီထိုးတော့မယ်အစ်မ ဘာကြောင့် တစ်ရေးမအိပ်တာလဲ”

“ထားလိုက်တော့.. နင့်ကိုပြောနေရင်း ငါဒေါသထွက်ပြီးသေမှာ နောင်ကျ မစ်ရှင်သွားလုပ်တဲ့အချိန် ဂရုစိုက်ရမယ် ဟုတ်ပြီလား”

“အင်းပါ အင်းပါ”

“ဒါဆို မောင်လေးတို့တွေ စကားပြောလိုက်ဦး အစ်မယာဖေးကို ရှာဖို့ အပေါ်တက်လိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် ယွင်ယောင်သည် ကျန်သည့်သူများကို ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားကာ အပေါ်သို့ လှည့်တက်သွားတော့၏။ မောင်နှမနှစ်ယောက်လုံးက ယွင်ချဲ့ကြောင့် ရှင်းဖုန်းအပေါ်၌ အငြိုးအတေး မရှိကြချေ။ မည်သူကမှ အရူးမဟုတ်ချေ။ ယွင်ယောင်သည် သူတို့ကို လက်ခံပြီးဖြစ်ကြောင်း လူတိုင်းမြင်နိုင်၏။ အရာအားလုံး ဘာမှ မပြောင်းလဲသွားသည့်ပမာ ပြုလုပ်ရန် သူမက အကောင်းဆုံး ကြိုးစားနေသည်။ သူမက သူမ၏မောင်လေး ယွင်ချဲ့ကို အမှန်တကယ် ဂရုစိုက်ပေး၏။

“ယွင်ယောင်က ကောင်းနေသေးတာပဲ”

ယွင်ယောင်ကို အမြဲတမ်း တန်ဖိုးထားသော ယဲ့ရှင်းချန်သည် စိတ်ရင်းအမှန်ဖြင့် သက်ပြင်းချလိုက်၏။ သူ့ဘေးရှိ ကျန်းရှန်က သဝန်တိုသွားကာ သူ့ကိုဆွဲပြီး တီးတိုးပြောလိုက်၏။

“စီနီယာ ကျွန်တော်လည်း ကောင်းတာပဲလေ”

“ဒါပေါ့ ရှောင်ကျန်းကလည်း သိပ်တော်တာပဲ ရှောင်ကျန်းကို အကြိုက်ဆုံးပဲ”

တစ်ဖက်သို့လှည့်ပြီးနောက် ယဲ့ရှင်းချန်က ပြုံးကာ သူ၏ချစ်သူလေးကို နှစ်သိမ့်လိုက်သည်။ ဧည့်ခန်းထဲ၌ ချိုမြိန်သည့်ရနံ့တို့ ပြည့်လာလေ၏။ ၎င်းကို သည်းမခံနိုင်တော့ဘဲ ယွင်ချဲ့က မှီကာ ရှင်းဖုန်းနားကပ်ပြီး ပြောလိုက်တော့၏။

“အဖွဲ့အစည်းထဲမှာ အိမ်အပိုလေးဘာလေး မရှိဘူးလား”

သူတို့၌ လူများ ပိုမိုများပြားလာပြီး နေထိုင်ရန် နေရာမလုံလောက်တော့ပေ။ တိုးကြိတ်ပြီး နေရသည်က အဆင်ပြေသေးသော်ငြား သက်သောင့်သက်သာမရှိပေ။ နောင်ကျ ကျန်းယွီနှင့် ဟိုင်ရွှမ်းကနေ သူတို့နှစ်သက်သည့်သူများ ရလာနိုင်၏။ ထို့ကြောင့် သူတို့အတူတူ တိုးကြိတ်မနေနိုင်ပေ။ ဝံပုလွေဘုရင်အတွက်လည်း နေစရာတစ်နေရာ ရှိရမည်။ ဟေးယွီက သူ့ကို သူ၏နယ်မြေကို သိမ်းပိုက်ခွင့်ပေးမှာ မဟုတ်။ ယဲ့ရှင်းချန်သည် နောင်ကျ သားရဲများကိုလည်း ထပ်မံ ခေါ်လာဦးမှာပဲဖြစ်သည်။

ရှင်းဖုန်းက သူ့ကို မဖြေခဲ့ပေ။ သို့သော် ကုမင်ရွှမ်းဘက် လှည့်ကြည့်လိုက်ရာ ကုမင်ရွှမ်းက ပြောပြလာသည်။

“အိမ်နည်းနည်းရှိသေးတယ်။ ချောင်ယန်းခရိုင်က အစတုန်းက နိုင်ငံအထောက်အကူပြု ပရောဂျက်တစ်ခု ပြုလုပ်ခဲ့ပြီး သူတို့အိမ်တွေနဲ့ မြေနေရာတွေအတွက် လဲလှယ်ဖို့ လူတွေကို ခွင့်ပြုခဲ့တယ်လေ။ ရွာသူရွာသားတွေကို အနီးအနားက ရွာတွေဆီ ရွေ့ပြောင်းပေးနိုင်အောင် စီစဉ်ပေးထားတာကြောင့် ဒီမြေဧရိယာကလည်း ကြီးမားတယ်။ ဗီလာတစ်ဒါဇင်‌လောက် တည်ဆောက်ထားတဲ့ ဓာတ်လှေကားပါတဲ့ ခုနစ်ထပ်တိုက် အဆောက်အဦးတွေလည်း ပါတယ်။ ဒီပရောဂျက်ရဲ့ သုံးပုံလောက်တော့ ပြီးသွားပြီ။ ပြန်လည်တည်ဆောက်ဖို့ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်လိုက်မယ်။ ဒါပေမဲ့ ငါတို့နားက ဗီလာက လူပြည့်နေပြီ ညီအစ်ကိုချဲ့ လိုချင်တယ်ဆိုရင် တစ်ဖက်ခြမ်းက ဗီလာကို နေခွင့်ပေးရင်ကော ဘယ်လိုလဲ”

ချောင်ယန်းအဖွဲ့အစည်း၏ ဧရိယာသာလျှင် အခြေစိုက်စခန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ သူတို့နေထိုင်သည့် ဧရိယာသည် ပရောဂျက် ပထမအဆင့် ပြုလုပ်သည့်နေရာပဲဖြစ်သည်။ ပရောဂျက်၏ အဆင့်နှစ်နှင့် အဆင့်သုံးကို မထိရသေးပေ။ ဓာတ်လှေကားပါသည့် ခုနစ်ထပ်တိုက် အဆောက်အဦးအချို့သည် လျှပ်စစ်ချွေတာရန် အထပ်အလွတ်ထားခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က သုတေသနပညာရှင်များကို သူတို့၏ခေါင်းဆောင်က မြို့တော်ကနေ ခဏထွက်သွားခိုင်းသောကြောင့် သူတို့သည် နေထိုင်ရန်အတွက် အဆောက်အဦးတစ်ခု ယာယီရှိနေ၏။

“တစ်ဖက်ခြမ်းက အိမ်နီးချင်းတွေကရော”

ယွင်ချဲ့က မေးပြီးနောက် မေးစေ့ကို ခနသာပွတ်သပ်လိုက်သည်။

“စိတ်ရှိသလို နေလို့ရတယ် သူတို့တွေက ငါတို့လူတွေဖြစ်နေသရွေ့ နှုတ်ဆက်နိုင်တာပဲ”

“ကောင်းပြီလေ ဒါဆို သူတို့ကို လျော်ကြေးအနေနဲ့ ဘာလိုချင်လဲဆိုတာ မေးလိုက်”

သူတို့ ဆန္ဒရှိနေသောကြောင့် မြန်မြန်ဆန်ဆန် ပြောင်းရွေ့ရမည်။ အချိန်သုံးလကနေ လေးငါးလ ချွေတာနိုင်၏။

“အစ်ကိုချဲ့ ပြင်ဆင်ကြမလား”

မူလက သူသည် အခြေချရန် နေရာတစ်နေရာ ချို့တဲ့နေသည်ဟု ထင်ခဲ့၏။ သို့သော် သွင်ပြင်အရ အခက်တွေ့နေသည့်ပုံ မပေါ်ပေ။

“နှစ်ဖက်လုံးက ဗီလာတွေ ဖယ်ပြီးသွားရင် ဗီလာအားလုံးက နံရံတွေ ဖြိုလိုက်ပြီ တံတိုင်းနဲ့ ဆက်လိုက်မယ် အလယ်က လွတ်နေတဲ့နေရာကိုတော့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့အတွက် နေလှောင်ခန်းအဖြစ် သုံးကြမယ်။ တိရစ္ဆာန်တွေအတွက် အိမ်တချို့ကိုလည်း အရှေ့ဘက်ခြံ‌ဝန်းရဲ့ ဘယ်ညာမှာ တည်ဆောက်ထားလိုက်မယ်လေ။ ကျန်တဲ့နေရာတွေကို အလွတ်ထားလိုက်မယ် အားလပ်ရက်ကျ လှုပ်လှုပ်ရှားရှားလေး လုပ်လို့တာပေါ့ ရာသီဥတု ပူပြင်းတဲ့အချိန် လူတိုင်းက မိုးခိုနိုင်မယ် ဘာမှလုပ်စရာမရှိရင် ဘာဘီကျူးပါတီ ဒါမှမဟုတ် တစ်ခုခုလုပ်လို့ရတာပေါ့ အနောက်ဘက်ခြံဝန်းက ဟင်းသီးဟင်းရွက်တွေနဲ့ ပြည့်နေပြီ အပေါ်တက်ဖို့ နယ်မြေလည်း ရှင်းပြီးသွားလိမ့်မယ် နေရောင်လည်း ထိန်းထားနိုင်မှာ ချန်းချန်းအတွက် ကလေးခန်းလေးတစ်ခု လုပ်ပေးလို့ရတယ် အလုပ်သမားတွေအတွက်ကတော့ ကျေးဇူးပြုပြီ အစ်ကိုကုပဲ စီစဉ်ပေးပါဦး အတွင်းပိုင်းစီရင်မှုက မလိုဘူး ဘာလိုအပ်လဲဆိုတာကိုပဲ သိခွင့်ပေး နေရာကကျယ်တော့ ဘယ်လိုပဲစီစဉ် စီစဉ်ရတာပဲ”

ပစ္စည်းများ ထောက်ပံ့ရုံသာ ဖြစ်သည်။

“ဖြစ်နိုင်မယ်ဆိုရင် ငါ့ကို စီစဉ်ခွင့်ပေး”

ကုမင်ရွှမ်းသည် မိသားစုနှစ်စုက တစ်စုတည်းဖြစ်လာပါက သူနှင့် ယွင်ယောင်ကြားရှိ အကွာအဝေး ပိုနီးကပ်လာမည်ဆိုတာ သိနေသောကြောင့် ထောက်ခံလိုက်သည်။

“ငါတို့နေတဲ့ ဗီလာနှစ်ခုကို တိုက်ရိုက် ဆက်လိုက်ရင်ရော”

“မလုပ်နဲ့ ကျွန်တော့်လူတွေက ခင်ဗျားတို့နဲ့မတူဘူးလေ။ ခင်‌ဗျားတို့တွေက စစ်တပ်ကလူတွေကို မကြာခဏ တွေ့ဆုံနေရတာမလား အိမ်ကို ဒီတိုင်းပဲထား အပြင်ပိုင်းကိုတော့ ပြန်တည်ဆောက်တာပေါ့”

ယွင်ချဲ့က ငြင်းလိုက်၏။

သူက စဉ်းတောင်မစဉ်းစားဘဲ ငြင်းလိုက်တာဖြစ်သည်။ သူတို့နှင့် စစ်တပ်ကြားရှိ ဆက်ဆံရေးက မရှင်းမလင်း ဖြစ်နေ၏။ သူ့အသင်းဖော်များကို နောက်ကျိသော ရွံ့ရေထဲ ဝင်မပါစေချင်ပေ။

“ဟုတ်ပြီ ဒါဆို ငါစီစဉ်လိုက်မယ်”

စီမံစရာက များပြားလွန်းနေသောကြောင့် ကုမင်ရွှမ်းက ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်၏။ သူက ထရပ်ကာ ထွက်သွားသည်။ သို့သော် ရှင်းဖုန်းက သူ့ကို မတားလိုက်ပေ။ ခနတာ စဉ်းစားပြီးနောက် ပြောလိုက်လေ။

“နေရာက ကျယ်တယ်ဆိုမှတော့ ဗီလာရဲ့ဘေးက ဧည့်ခန်းကို ပြင်လိုက်ရင်ရော ပိုရိုးရှင်းအောင် လုပ်လိုက်မလား။ ဒါဆိုရင် နောင်ကျ ကျန်တဲ့စွမ်းအားရှင်အဖွဲ့တွေ လာလည်တဲ့အချိန် သူတို့ကို အဲဒီမှာ လက်ခံတွေ့ဆုံလို့ ရမယ်လေ”

သူကိုယ်တိုင် ဤအိမ်ထဲသို့ အပြင်လူများကို ခြေမချစေချင်ပေ။

“ဟုတ်ပြီလေ မုန့်ရွှီရဲ့မျက်လုံးဒဏ်ရာ ပျောက်သွားတဲ့အချိန် စွမ်းအားနယ်မြေထဲ ထားဖို့အတွက် သူ့ကို ပရိဘောဂတချို့ ထုတ်ခိုင်းလိုက်မယ် အဲဒီမှာ နေလို့ရတာပဲ ဒါပေမဲ့ အပေါ်ထပ်ကတော့ ငါတို့ရဲ့ ကိုယ်ပိုင်ဧရိယာ.. ဒါကြောင့် ပိုနွေးအောင် လုပ်ထားရင်ကောင်းမယ် အလှဆင်တာတွေပြီးသွားရင် တစ်ချက်ကြည့်ကြည့်တာပေါ့။ ပြီးတော့ မစ်စတာချန်း ဦးလေးနဲ့ ဒေါ်လေးတို့ကို ဒီနေရာကို ရွေ့ပြောင်းလာစေချင်တယ် လူငယ်တွေက ဒီမှာနေလိုက်မယ် ဒါဆို သူတို့ ဒုက္ခမရောက်တော့ဘူး”

ယွင်ချဲ့ကလည်း ကိုယ်ပိုင်နယ်မြေ သတိပြုမှုရှိပြီး ယဲ့ရှင်းချန်း၏အကြံပြုချက်က သူ့အတွက် သင့်တော်ပေ၏။

“အင်း နောက်ထပ်နှစ်ရက်လောက် မစ်ရှင်သွားလုပ်ဦးမှာ မဟုတ်ဘူး ဝံပုလွေဘုရင်ရဲ့ အိမ်တည်ဆောက်မှုကို ကြီးကြပ်ပေးလိုက်မယ်။ မင်ရွှမ်းက လုပ်စရာတွေများနေတာ ဒီတော့ ဒီလိုအသေးအမွှားကိစ္စနဲ့ သူ့ကို ဒုက္ခမပေးတော့ဘူး”

သူ၏ အထူးစွမ်းအားက အနည်းငယ်ထူးခြားသည်။ သူက မတိုက်ခိုက်နိုင်သော်ငြား တောရိုင်းတိရစ္ဆာန်များနှင့် သန္ဓေပြောင်းသတ္တဝါများကို ထိန်းချုပ်နိုင်၏။ အရေအတွက်က မများသေးပေ။ အိမ်တွင်နေပြီး ထိုအရေးကိစ္စကို ဖြေရှင်းပေးဖို့ သင့်တော်သူက သူ့ထက်ပိုမရှိပေ။

“ဒါဆို မင်းကို ဒုက္ခပေးရတော့မှာပဲ။ တစ်ချိန်တည်းမှာပဲ မင်းရဲ့ကျန်းရှန်ကို နှစ်သိမ့်ပေးရဦးမယ်။ ငိုတော့မယ့်အချိန်ရောက်ပြီလေ”

ကိစ္စများ စီမံပြီးနောက် ယွင်ချဲ့သည် ပြိုလဲနေသော ကျန်းရှန်ကို မေးငေါ့‌ပြလိုက်ရာ သူ့ကို လှည့်ကြည့်လာစေ၏။ သူက ခေါင်းခါကာ ရယ်မောလိုက်‌တော့သည်။ ကလေးက ကပ်လွန်း၏။ သို့သော် တိုက်ပွဲအတွင်း သူက ထိပ်ဦးတွင်ရှိသော ယွင်ချဲ့မှ လွဲလျှင် အသန်မာဆုံးဖြစ်လောက်သည်။

“မေ့တော့မလို့.. ငါ့ရဲ့ စွမ်းအားနယ်မြေထဲမှာ သန္ဓေပြောင်း ဝံပုလွေတွေ အများကြီးရှိသေးတယ် ရှင်းတနဲ့ငါနဲ့ ကန်တင်းကို သွားမလို့.. ငါ့အစ်မ နောက်ကျမှ ရောက်လာတဲ့အချိန် ညဘက် မချက်ပြုတ်ခိုင်းနဲ့ဦး ဒီည ကန်တင်းမှာ သွားစားကြမှာ”

သူက တွဲပြီးကာစပုံဖြင့် ယွင်ချဲ့သည် ရှင်းဖုန်းကို ဆွဲခေါ်ကာ ထရပ်လိုက်၏။ ပြောပြီးနောက် ထွက်သွားကာ သူတို့၏ပုံရိပ်က အမြင်အာရုံရှေ့မှ ပျောက်ကွယ်သွားသည်။ ယဲ့ရှင်းချန်က လှည့်လာပြီး ကျန်းရှန်၏မျက်နှာကို အုပ်ကိုင်လိုက်တော့သည်။

“ဒီရက်တွေထဲ မင်းနဲ့ အပြင်မသွားဖြစ်ဘူး ဒါကြောင့် ရှုံ့မဲ့နေတာလား”

“စီနီယာသာ သွားချင်တယ်ဆိုရင် အမြဲတမ်း အတူရှိနိုင်ပြီ”

ကျန်းရှန်က အနားပိုကပ်လာပြီး သူ၏နှုတ်ခမ်းကို ကိုက်လိုက်လေ၏။ ယဲ့ရှင်းချန်၏ရှေ့၌ သူက စကားတကယ်များသည်။ သူသည် သာမန်လူများ၏ စံသတ်မှတ်ချက် ပြည့်မီခြင်း မရှိသော်ငြား အနည်းဆုံးတော့ သူဆိုလိုသည့်အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြ၏။

“ဒီရက်တွေမှာ အိမ်မှာနေမယ်လို့ အစ်ကိုချဲ့ကို ဘာကြောင့် မပြောလိုက်တာလဲ”

သူ၏ ချောမောခန့်ညားသော မျက်နှာသည် သုံးရာ့ခြောက်ဆယ်ဒီဂရီ လှည့်သွားပြီး စိတ်ပျက်သွားတာကို အမှန်တကယ် မမြင်ချင်ပေ။ ယဲ့ရှင်းချန်၏အကြံပြုချက်က အလိုလိုက်ရာမြောက်သော်ငြား ကျန်းရှန်သည် ခေါင်းခါလိုက်။

“မရဘူး ဖုတ်ကောင်တွေကို သတ်လိုက်ရမယ် တလင်းအမြုတေရယ် မူလေးရယ်နဲ့”

သူ့ပြောပြီးနောက် တစ်စုံတစ်ခု လွဲ‌ချော်နေတာကို ခံစားမိလိုက်၏။ ထို့ကြောင့် ယဲ့ရှင်းချန်က ပြောလိုက်၏။

“ဒီတော့ မင်းပြောချင်တာက ဖုတ်ကောင်တွေကိုသတ်ပြီး မူလေးစားဖို့အတွက် တလင်းအမြုတေတွေ စုဆောင်းချင်တာပေါ့”

မည်သူကမှ နားမလည်နိုင်ပေ။ နောက်ကျ ယဲ့ရှင်းချန်က ကျန်းရှန်၏ဘာသာပြန်သူ ဖြစ်လာရုံသာရှိမည်။

“ဟုတ်တယ် ဟုတ်တယ်”

သူ ဆိုလိုတာကို စီနီယာနားလည်သွားတာကို မြင်သောအခါ ကျန်းရှန်သည် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။ စီနီယာက အသန်မာဆုံးဆိုတာ သူသိနေ၏။

“ဟားဟား မင်း..”

သူ့မိသားစု၏ ကျန်းရှန်လေးက သတိထားတတ်လာပြီး အဖွဲ့လိုက်ဆောင်ရွက်ချက် ထိုမျှမြင့်မားလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိချေ။ ယဲ့ရှင်းချန်က သူ့ကို ပိုတောင် အလိုလိုက်ချင်လာ၏။

“စီနီယာ စီနီယာကို ကျွန်တော် သဘောကျတယ် ကျွန်တော်ချစ်တယ်”

အခွင့်အရေးရသောအခါ ကျန်းရှန်က ထပ်မံဝန်ခံပြန်၏။ ထိုစကားများသည် သူ ချောချောမွေ့မွေ့ ပြောအထွက်ဆုံး စကားများဆိုတာ သူ သံသယဖြစ်ဖွယ်မရှိပေ။ ယဲ့ရှင်းချန်က သူ၏မျက်နှာကို အပြုံးလေးဖြင့် ထိလိုက်သည်။

“အင်း ငါလည်း ရှောင်ကျန်းကို သဘောကျပါတယ် သိပ်သဘောကျတယ်”

ဒီလို မလုပ်လို့မရဘူးလား ဒါက တစ်လောကလုံးထဲမှာ တစ်ယောက်ပဲရှိတာလေ။

“စီနီယာ”

“ဟမ်”

ကျန်းရှန်က စိတ်လှုပ်ရှားသွားပြီး ရှေ့ကိုသွားကာ သူ့ကို ဆိုဖာပေါ် တွန်းလှဲချပြီး ပါးစပ်ဟလျက် နမ်းလိုက်တော့သည်။ ယဲ့ရှင်းချန်က သူ့ကို တွန်းထုတ်ချင်၏။ သို့သော်ငြား သူ၏လက်က ဆွဲချုပ်ခံလိုက်ရပြီး ခေါင်းပေါ် မြောက်တင်ခံထားရကာ သူ၏သွားဖြူဖြူတို့သည်လည်း လျှာဖြင့် တွန်းထိုးခံလိုက်ရ၏။ ယဲ့ရှင်းချန်က ဘာမှမတတ်နိုင်တော့ဘဲ သူ့ကို ယာယီစိတ်ကြိုက် ပြုလုပ်ခွင့် ပေးထားလိုက်သည်။

ယွင်ချဲ့သည် ကန်တင်းသွားမည်ဟု ပြောခဲ့သော်ငြား အမှန်တကယ်တွင် ရှင်းဖုန်းနှင့် ဘေးအခန်းသို့သွားတာ ဖြစ်သည်။ သူသည် ညက ကန်တင်း၌ စားသောက်ခဲ့၏။ ဟေးယွီကို ငါးဖမ်းပြီး ကင်စားလျှင် အကောင်းဆုံးပဲ ဖြစ်သည်။ နှစ်ခေါက်သွားစရာ မလိုတော့ပေ။ မည်သည့်နည်းနဲ့မဆို ချောင်ယန်းရှိ ကန်တင်းများသည် ခြောက်နာရီမခွဲခင်အထိ ဖွင့်မှာမဟုတ် အချိန်လုံလောက်ပေ၏။

“မင်းရောက်လာပြီလား အားလုံးစီမံပြီးပြီ ချောင်ယန်းရဲ့ နယ်မြေစွမ်းအားရှင် ပြန်ရောက်လာတဲ့အချိန် ရွေ့ပြောင်းဖို့ ကူညီပေးနိုင်မယ် အလုပ်သမားတွေကလည်း ငါ့ကို ဆက်သွယ်ထားတယ် သူတို့တွေ မနက်ဖြန်မနက်လာမှာ နံရံတချို့ကိုဖြိုဖို့ ယာဖေးကို မေးလိုက်မယ် ဝံပုလွေဘုရင်နဲ့ တခြားသူတွေ နေမဲ့နေရာကို တည်ဆောက်ပေးမယ်”

သူတို့ဝင်လာတာကို မြင်သောအခါ ကုမင်ရွှမ်းက ဖုန်းချပြီးနောက် ချောင်ယန်းနယ်တွင် ရှင်းဖုန်း၏နေရာက လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း ပြောလိုက်သည်။ သူတို့မည်သည့်တောင်းဆိုချက် ပြုလုပ်စေကာမူ ကျန်သည့် သူများက ငြင်းပယ်မှုမရှိ။ အိမ်နီးချင်းများကို ရွေ့ပြောင်းခိုင်းသည်ကို ဥပမာယူနိုင်ပေ၏။ သူက အကြောင်းအရင်းကို မရှင်းပြရသေးပေ။ သို့သော် နှစ်ယောက်လုံးက လျင်မြန်စွာ သဘောတူလိုက်၏။ အလုပ်သမားများကိုလည်း ရှာဖွေရ လွယ်ကူသည်။ အခြေစိုက်စခန်းထဲရှိ အများစုက သဘာဝလွန်စွမ်းအားမရှိသည့် သာမန်လူများဖြစ်၏။ လက်မှုပညာရှင်များ ရှာတွေ့ရန် မခက်ခဲပေ။ ချောင်ယန်းသည် ကမ္ဘာပျက်ကပ်မတိုင်မီက အိမ်ခြံမြေလုပ်ငန်း၌ ဝင်ရောက်ဆောက်ရွက်ခဲ့ဖူးသောကြောင့် သူ့လက်ထဲ၌ ကျွမ်းကျင်သည့်ဆောက်လုပ်ရေး အဖွဲ့တစ်ခုကို ထားရှိသည်။ အားလုံးစီမံပြီးသည့်အချိန်၌ အိမ်ကို ပြန်လည်တည်ဆောက်ရန် လူအနည်းအကျဉ်း ရှာဖို့က အချိန်အတိုင်းအတာ တစ်ခုသာ လို‌တော့၏။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset