YMR- အခန်း ၁၄၁

အခန်း ၁၄၁

ကြောက်မက်ဖွယ်ကောင်းသည့်ည၊ လှုပ်ရှားရန် အချိန်ကျရောက်။
အခန်း ၁၄၁ ကြောက်မက်ဖွယ်ကောင်းသည့်ည၊ လှုပ်ရှားရန် အချိန်ကျရောက်။
“အား..”
ဖုတ်ကောင်များထံမှ ဆူညံသံထွက်နေသည့်အပြင် အသံရှုသံသဲ့သဲ့သာ ရှိနေသည့် အချိန်၌ ညနေစောင်းတွင် လူတိုင်းက သဟဇာတဖြစ်မှုကို ဖြိုခွဲမည့် စူးရှသည့်အသံတစ်သံ မပေါ်ထွက်လာခင်အထိ အိပ်မောကျနေကြ၏။
“ဘာလဲ ဘာဖြစ်တာလဲ”
“ဘာဖြစ်တာလဲဟ”
“လုပ်စမ်းပါ ငါ ဒီမှာ အိပ်ဖို့ ကြိုးစားနေတယ်လေ”
“ဘာလဲကွာ ငါအိပ်ပျော်ကာစကို..”
အိပ်ငိုက်နေသော လူအုပ်ကြီးက စိတ်ဆတ်လာကြ၏။ လူတိုင်းက ကျိန်ဆဲနေကြပြီး မျက်လုံးမဖွင့်ဘဲ ဆဲဆိုနေကြ၏။ သူတို့ဆီသို့ ယွင်ချဲ့သယ်လာသည့် သတင်းကို ကြားပြီးနောက် လူတိုင်းက အနည်းနှင့်အများ သန်းခေါင်ယံအချိန်ထိ အိပ်ရန် ခက်ခဲနေလေသည်။ ဤနည်းဖြင့် အနိုးခံလိုက်ရပြီးနောက် မည်သူမဆို ဒေါသထွက်ကြမှာပဲ ဖြစ်သည်။
“ဒါက..”
မီးစွမ်းအားရှင်များက နေရာကို လင်းထိန်သွားစေရန် မီးလုံးများ ထုတ်ဖော်လိုက်ရာ သူတို့ မြင်လိုက်ရသည့်အရာကြောင့် ခေါင်းက ချက်ချင်း ကြည်လင်သွားတော့သည်။ ထောင့်ကျဉ်းလေးထဲ၌ ဗိုလ်ချုပ်ကျန်းက နံရံကို မှီထားလျက် မျက်နှာ၌ သွေးများ ပေနေလေ၏။ သူ၏ဦးခေါင်းခွံကလည်း ဖိချေခံထားရပြီး ဗိုက်၌ အပေါက်တစ်ပေါက် ရှိနေသည့် အလယ်အလတ် အရွယ်အစားခန့်ရှိသော ကြောင်တစ်ကောင်က ကျန်း၏ခေါင်းကို ကိုက်ခဲနေကာ ဦးနှောက်ဖောက်စားနေပြီး ရွံရှာဖွယ်မြင်ကွင်းမျိုး ဖြစ်နေစေ၏။ ဗိုလ်ချုပ်ကျန်းကလည်း သေနေပြီဖြစ်သည်။
“မြောင်..”
ကောင်းစွာလေ့ကျင့်ပေးခံထားရသည့် သူများကတောင် ထိုမြင်ကွင်းကြောင့် မှင်တက်ကြက်သေ သေသွားကြလိမ့်မည်။ ဖုတ်ကောင်ကြောင်သည် တစ်ဝတပြဲ စားသောက်နေရာမှ ခေါင်းမော့လာပြီး စွမ်းအားရှင်များကို ကြည့်လိုက်၏။ ၎င်း၏ မျက်နှာ၌ အနီရောင်နှင့်အဖြူရောင် အကျိအချွဲများဖြင့် ပြည့်နေလေပြီး သူ၏ ချွန်ထက်သော အစွယ်ကနေ စေးကပ်သည့် အရည်များ တတောက်တောက်ကျနေပြီး လူအများကို ပျို့တက်လာစေ၏။
လူသားများကို မာန်ဖီနေလေ၏။
“မင်းတို့ ဘာစောင့်နေတာလဲ သတ်လိုက်လေ..”
“ဟုတ် ဟုတ်..”
မော့ဝမ်ယန်က သတိပြန်ဝင်လာပြီး သုန်မှုန်သော မျက်နှာထားဖြင် အော်ဟစ်လိုက်လေ၏။ ဗိုလ်ချုပ်ကျန်း၏ အလောင်းနားတွင် ရှိသည့် ဝေ့စစ်သားများကလည်း ကြောင်ကို စွမ်းအားများဖြင့် ပစ်ထုတ်ကြတော့သည်။
“မြောင် မြောင်..”
သူတို့က ကြောက်လန့်နေချိန်၌ ကြောင်ကို ထိအောင် ပစ်နိုင်လျှင် အံ့ဩဖွယ်ကောင်းမှာပဲ ဖြစ်သည်။ ကြောင်ဖုတ်ကောင်က အတားအဆီးနေရာကနေ ထွက်သွားလိုက်ပြီး အနီးဆုံးလူကို ခုန်အုပ်လိုက်၏။ ၎င်းက ချွန်ထက်သော လက်သည်းဖြင့် လူတစ်ယောက်၏မျက်နှာကို ကုပ်ခြစ်ကာ မျက်လုံးကျွတ်ထွက်လုနီးပါး ဖြစ်သွားစေ၏။ သို့သော် ကျန်သည့်သူများကလည်း သူတို့က ရုပ်တုများသဖွယ် ရပ်နေမိကြလေသည်။
ဖုန်း..
သနားစဖွယ်လူကမူ မျက်စိကန်းတော့မည့် အချိန်၌ လေထဲ၌ အနက်ရောင်ဓားသွားက ပေါ်လာပြီး ကြောင်ဖုတ်ကောင်၏ ခေါင်းကို ချက်ချင်းထိုးစိုက်သွားကာ ၎င်းကို နံရံပေါ်၌ စိုက်နေစေ၏။ ဓားပိုင်ရှင်ကမူ ကြောင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ဓားသွားကို ဆွဲထုတ်သည့် အချိန်၌ သလင်းအမြုတေကို ထုတ်လိုက်လေ၏။
“ဒါက အဆင့်နှစ်ကြောင်ဖုတ်ကောင်ပဲ မင်းတို့တွေက တကယ်ကြီး ကြောက်နေတာလား”
ယွင်ချဲ့က အညိုရောင် သလင်းအမြုတေကို သန့်ရှင်းပြီးနောက် လှည့်ကြည့်လိုက်ကာ သူ့မျက်နှာထက်တွင် အထင်သေးသည့် အမူအရာဖြင့် ပြောလိုက်လေ၏။ လူတိုင်းက ရှက်ရွံ့သွားကြပြီး ခေါင်းငုံ့ထားကြသော်ငြား ယွင်ချဲ့ကို ပြန်မပြောခဲ့ကြပေ။ အမှန်တကယ်တွင် ယခုအချိန်ထိတိုင် သူတို့ ခန္ဓာကိုယ်များ တောင့်တင်းနေသေးဆဲ ဖြစ်သည်။ ယင်းက အဆင့်နိမ့်ဖုတ်ကောင်တစ်ကောင်မဟုတ် သူတို့ကို ခြောက်လန့်နိုင်သည့် ကျောချမ်းဖွယ် မြင်ကွင်းသာ ဖြစ်သည်။ သို့သော် သူတို့အိပ်နေရာမှ မျက်လုံးပွင့်လာပြီးနောက် သူတို့ မြင်တွေ့လိုက်ရသည့် ပထမဆုံး မြင်ကွင်း ဖြစ်နေလေရာ မည်သူမဆို ထိုသို့ တုံ့ပြန်ကြမှာပဲ ဖြစ်သည်။
“ခေါင်းဆောင်..”
“ခေါင်းဆောင်..”
ဝေ့တပ်ဖွဲ့က သူတို့ခေါင်းဆောင် သေပြီးသည့်အချိန် နောက်ဆုံးမှ ပေါ်လာလေ၏။ ကျန်း၏ လက်အောက်ငယ်သားများက သူ့အလောင်းနားတစ်ဝိုက်၌ ဝမ်းနည်းပက်လက် ငိုကြွေးနေကြလေ၏။ ဝေ့စစ်သားများက သူတို့ဦးထုပ်ကို ချွတ်ပြီး အရိုအသေပေးကာ တိတ်တဆိတ် ရေရွတ်နေလေ၏။ မည်သူကမှ အထူးတလည် ခံစားမနေကြပေ။ ကမ္ဘာပျက်ကပ်က ဤသို့သာ ဖြစ်သည်။ နေ့စဉ်နေ့တိုင်း လူများ သေဆုံးနေကြပြီး တာဝန်တိုင်း၌ အသက်ရှင်နိုင်မည်ဟူသည့် အာမခံချက် မရှိပေ။ သေခြင်းတရားသည် အထူးသဖြင့် ရှေ့တန်းရှိ စစ်သားများ တွေ့ကြုံနေကျ ဖြစ်၏။
“ဒီလူတွေကို ကြိုးဖြည်ပေးလိုက် သူတို့တွေက ဆယ်နာရီကျော်‌ လေ့လာခံထားရပြီးသား ဖုတ်ကောင်အဆိပ်က အခုချိန်မှ ဘာမှမရှိလောက်တော့ဘူး”
ယွင်ချဲ့က ဝေ့စစ်သားများ၏ ပူဆွေးဖွယ် အခမ်းအနားတွက် အချိန်မရှိပေ။ သူက မော့ဝမ်ယန်ကို ဖြတ်ကျော်သွားပြီးချိန် ရပ်တန့်လိုက်ကာ ဒဏ်ရာရထားသည့် စစ်သားများကို ကုသပေးရန် အချက်ပြလိုက်၏။ မော့ဝမ်ယန်က ဘာမှမပြောတော့ဘဲ လက်ဝေ့ယမ်းကာ သူတို့ကို ကြိုးဖြည်ပေးရန် လက်ထောက်ကို ညွှန်ကြားလိုက်၏။ ယွင်ချဲ့က ညလယ်ခေါင်၌ စကားပြောချင်စိတ် ရှိမနေပေ။ သူတို့၏ထောင့်နေရာသို့ ပြန်လျှောက်သွားလိုက်သည်။
“ဒါ မင်းတို့တွေ လုပ်တာလား”
သူတို့အဖွဲ့ကို လေအကာအရံဖြင့် သိုင်းရစ်ပြီးနောက် ယွင်ချဲ့သည် အိပ်ရာလိပ်ထဲသို့ ပြန်ရောက်လာသည့် အချိန်တွင် ရှင်းဖုန်းကို မေးလိုက်လေ၏။ သူ့မျက်လုံးက တစ်ဝက်ပွင့်လျက်သာ ဖြစ်နေ၏။ ထို့ကြောင့် သူက ထပ်အိပ်ရန် ပြင်ဆင်နေပုံပေါ်သည်။ ထိုလေးနက်သည့် မေးခွန်းကို သူ မေးနေသည်မှန်း မည်သူမျှ မသိနိုင်ပေ။
“မင်း ဘယ်လိုလုပ် သိလဲ”
ကျိုးဇယ်ယွီက တအံ့တဩဖြင့် မျက်လုံးဖွင့်လိုက်လေ၏။
“ဘာ ချဲ့ကားစိတ်ဖတ်သူလား..”
“ဒီတော့ လူတွေအားလုံးထဲမှာ ကြောင်က ဗိုလ်ချုပ်ကျန်းကို ဘာကြောင့်ရွေးရတာလဲ.. ငါ့ကို အရူးတစ်ယောက်လို့များ ထင်နေလား၊ ဒါ မင်းတို့ကြောင့်ပဲ ဖြစ်ရမယ်”
ကြောင်ကို ယဲ့ရှင်းချန် ထိန်းချုပ်ထားကြောင်း ယွင်ချဲ့ သိပေ၏။ မဟုတ်လျှင် ထိုမျှ မည်ကဲ့သို့ တိကျမည်နည်း။ ‘ကောင်းလိုက်ကြတဲ့ ကောင်တွေ ငါ့နောက်ကွယ်မှာ လက်စားချေတယ် ဟုတ်လား မင်းတို့ကောင်တွေကို ထပ်ကြည့်ပေးဖို့ မလိုတော့တဲ့ပုံပဲ’ ယွင်ချဲ့က တွေးလိုက်၏။
“သူ့ကို မှန်မှန်ကန်ကန် ခစားတာပဲလေ။ သူက ဘယ်လိုလုပ် အကောက်ကြံရဲရတာလဲ။ ထိပ်ဦးအဖွဲ့ခေါင်းဆောင်က လေးစားမှုအချို့ ထိုက်တန်တယ်”
ကျိုးဇယ်ယွီက ရေရွတ်ပြောနေလျက် သူက မှန်ကန်သည့်ကိစ္စကို ပြုလုပ်ခဲ့သည့်တိုင် သူ့လုပ်ရပ်ကို ယွင်ချဲ့ အသိအမှတ်မပြုမှာ စိုးရိမ်နေလေ၏။ ယဲ့ရှင်းချန်က တောင်းပန်လိုက်၏။
“တောင်းပန်ပါတယ်။ ငါတို့..”
ယွင်ချဲ့က လက်မြောက်ပြပြီး သူတို့ကို ရပ်တန့်ရန် အချက်ပြလိုက်သည်။ ပြီးနောက် သူက ခေါင်းလှည့်ကာ သူတို့ကို ကြည့်ရန် မျက်လုံးအနည်းငယ် ဖွင့်ပြီး ပြောလိုက်တော့၏။
“မင်းတို့ကို အပြစ်မတင်ဘူး ကမ္ဘာပျက်ကပ်မှာ မင်းတို့ ရှင်သန်ရမဲ့ပုံစံပဲ။ ငါတို့တွေက အချိန်တိုင်း ရန်လိုမှုတွေကို ကြုံရပြီး ပြန်တိုက်ခိုက်နေခဲ့မယ် ဆိုရင် သေကုန်ကြမှာပဲ။ သူ့ဘဝ အဆုံးမသတ်သွားရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ဆန်ကုန်မြေလေးအသက်ကို ငါ ရှင်သန်ခွင့် ပေးမှာ မဟုတ်ဘူး။ မင်းတို့ လုပ်ခဲ့တာ ကောင်းတယ်။ မှတ်ထား ရန်သူအပေါ် သက်ညှာမှု ပြလိုက်တာက နောက်ဆုံးမှာ မင်းတို့ သေခြင်းတရားကို ဖြစ်စေမှာပဲ။ သက်ညှာတာက ကမ္ဘာပျက်ကပ်မှာ နောက်ဆုံးမှ လုပ်သင့်တဲ့အရာမျိုးပဲ”
ဗိုလ်ချုပ်ကျန်းသည် ဤနေ့လည်၌ အနှေးနှင့်အမြန် ယွင်ချဲ့ကို ဖြေရှင်းမည်မှန်း လူတိုင်း ပြောနိုင်၏။ ယွင်ချဲ့ကို ရင်ဆိုင်တော့မှာပဲ ဖြစ်သည်။ ယွင်ချဲ့က အဓိပ္ပာယ်မရှိသည့် အရာများအတွက် အချိန်မရှိသော်ငြား စိတ်ပြင်ဆင်ပြီးသား ဖြစ်ကာ မနက်ဖြန် တိုက်ပွဲဖြစ်ပွားနေသည့် အချိန်၌ ကျန်းကို သတ်ရန် စီစဉ်ထားခဲ့သည်။ ယခု ပြဿနာ ဖြေရှင်းပြီးပြီဖြစ်၍ သတ်ရန် မလိုအပ်တော့ပေ။
“ဟုတ်ပြီ”
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြ၏။ ယွင်ချဲ့၏ထောက်ခံချက်ကို ရရှိသည့် အချိန်၌ သူတို့ စိတ်သက်သာရာ ရသွားသည်။ ဆိုရလျှင် ယင်းက သူတို့ ယခင်က မလုပ်ဖူးသည့် အရာဖြစ်သည်။
“အိပ်ကြတော့ မနက်သုံးနာရီရှိနေပြီ။ ပြင်းထန်တဲ့ တိုက်ပွဲက ငါတို့ရှေ့မှာပဲ”
ယွင်ချဲ့က ခေါင်းခါပြီး ပြုံးလိုက်တော့သည်။ သူက လေအရံအတားကို ဖယ်ရှားလျက် ရှင်းဖုန်း၏လက်ထဲ တိုးဝင်ကာ အိပ်ပျော်သွားတော့၏။ ရှင်းဖုန်းက တစ်ချိန်လုံး ဘာမှမပြောခဲ့ဘဲ အိပ်မပျော်သွားခင် ယွီဝမ်ချင်းကို ခွင့်ပြုသည့် အကြည့်တစ်ချက်သာ ကြည့်လိုက်၏။ သူတို့အားလုံးက တစ်လှေတည်းစီး ဖြစ်ရာ ဗိုလ်ချုပ်ကျန်းက ပြဿနာများစွာသာ ပိုဖြစ်စေလိမ့်မည်။ သို့မဟုတ် ကပ်ဘေးတစ်ခုတောင် ဖြစ်နိုင်၏။ ထိုခွေးမသားကို အမြန်ဆုံး ဖြေရှင်းတာက သူတို့၏အကောင်းဆုံး အခြေအနေသာ ဖြစ်သည်။
၇နာရီထိုးသွားချိန်၌ ကြမ်းတမ်းသည့် တစ်ညတာ ကုန်လွန်ပြီး လူတိုင်း တစ်ယောက်ပြီးတစ်ယောက် နိုးလာ၏။ ဝေ့တပ်ဖွဲ့က ဗိုလ်ချုပ်ကျန်း၏အလောင်းကို ဖယ်ရှားခဲ့၏။ မည်သူမျှ မမေးခဲ့ကြပေ။ လူတိုင်း၏ အာရုံစိုက်မှုက လာမည့်တိုက်ပွဲပေါ်တွင်သာ ရှိနေပြီး လူတိုင်းက သွားတိုက်ပြီးနောက် စက်ရုပ်များသဖွယ် မနက်စာစားလိုက်လေ၏။ နေ့စဉ်တိုက်ပွဲတစ်ပွဲ မဟုတ်ပေ။
“အဆင့်သုံးစွမ်းအားရှင်တွေနဲ့ မင်းကိုပါ ရေတွက်လိုက်မယ် ဆိုရင် စုစုပေါင်း လူ၁၀၁ယောက် ရှိတယ်။ အခု ပြဿနာက အပြင်ဘက်က ဖုတ်ကောင်တွေကို မနှောင့်ယှက်ဘဲ ဒီနေရာကနေ ဘယ်လိုထွက်မလဲ ဆိုတာပဲ”
မော့ဝမ်ယန်က ယွင်ချဲ့တို့၏မနက်စာကို အခမဲ့ထပ်လာစားပြန်၏။ သူတို့၏ပူပူနွေးနွေး စားစရာများက အစာခြောက်ရိက္ခာများထက် ပိုပြီး စားချင်စဖွယ်ကောင်းသည်။
“မနက်စာစားနေချိန် အဲဒီအကြောင်း မပြောရင် မရဘူးလား”
ယွင်ချဲ့က ရှင်းဖုန်း သူ့အတွက် လုပ်ထားပေးသည့် ပေါက်စီကို တစ်ကိုက်ကိုက်လိုက်၏။ ပြီးနောက် မော့ဝမ်ယန်ကို ကြည့်ကာ ဝါးနေလျက် သူ့ဇွန်းနှင့် အရွက်ဆန်ပြုတ်ကို ခပ်လိုက်၏။
“အဆင့်သုံးစွမ်းအားရှင် ၁၀၁ယောက် ရှိတာလား။ ကောင်းပြီလေ။ ဒါက သတင်းကောင်းပဲ။ ပြောရရင် ဒီလောက် မဆိုးပါဘူး”
သူက တွေးလိုက်လေ၏။
“မင်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ မရဘူးလား။ ငါ မနက်စာတောင် နှစ်နှစ်ခြိုက်ခြိုက် မစားနိုင်ဘူး”
မော့ဝမ်ယန်သည် ထိုသို့ပြောနေစဉ် ပေါက်စီကို မမျိုချနေခဲ့လျှင် ပိုယုံကြည်စရာ ကောင်းပေလိမ့်မည်။ လူတိုင်းက သူ့ကို ပြန်ပြောမည့်အစား နံနက်စာကိုသာ အာရုံစိုက်ထားကြ၏။ မော့၏ဝမ်းကွဲ ရှင်းဖုန်းကတောင် သူ့ကို တစ်ချက်မျှ မကြည့်ခဲ့ပေ။ သူက ယွင်ချဲ့ကိုက်ထားသည့် ကျန်သည့် ပေါက်စီတစ်ခုလုံးကို စားပစ်လိုက်၏။ ဆန်ပြုတ်သောက်ပြီးနောက် သူက နောက်ထပ် ပေါက်စီတစ်လုံးကို ယူလိုက်၏။ ပြီးနောက် ယွင်ချဲ့ကို ပထမဆုံး ကိုက်ခိုင်းသေးသည်။
“စီနီယာ စားလေ ပိုစားလေ”
ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က စုံတွဲတစ်တွဲအနေဖြင့် သိုသိုသိပ်သိပ် ပြုမူနေကြစဉ် ကျန်းရှန်းကမူ တစ်လောကလုံးအား သိစေချင်သည့်ပမာ သူတို့၏ဆက်ဆံရေးကို ကြွားလုံးထုတ်နေ၏။ သူက ယဲ့ရှင်းချန်ကို ဆန်ပြုတ် ခပ်တိုက်လိုက်သည်။ ထိုသို့ ပြုလုပ်နေပြီး ယဲ့ရှင်းချန်ကတောင် ရှက်လာလေ၏။ စက်ရုပ်ကဲ့သို့ပင် ရယ်ကာ သူ့အသင်းသားများ၏ စိမ်းဖန့်သော မျက်ဝန်းများကို အမှုမထားဘဲ သူ့ပါးစပ်ထဲ ရောက်လာသမျှ အားလုံးကို မျိုချလိုက်သည်။
မနက်စာစားဖို့ သူတို့ နာရီဝက်ခန့် အချိန်ယူလိုက်ကြပြီး အားလုံး အသင့်ဖြစ်ပြီးနောက် ၈နာရီ ထိုးနေပြီဖြစ်သည်။
ယွင်ချဲ့နှင့် ရှင်းဖုန်းက ဦးဆောင်လျက် ၁၀၁ယောက်သော အဖွဲ့က ထိပ်ဆုံးအလွှာသို့ သွားလိုက်၏။ မော့ဝမ်ယန် မထွက်သွားခင် သူ၏လက်အောက်ငယ်သားများကို စောင့်ကြပ်ခိုင်းထားပြီး ဒဏ်ရာရသူများကို ဂရုစိုက်ပေးရန် မှာကြားခဲ့၏။ ဂုဏ်ယူဝင့်ကြွားသည့် လူများက နောက်တွင် ကျန်နေခဲ့ရခြင်းကို ခံစားချက် သိပ်မကောင်းပေ။ အကြောင်းမှာ သူတို့က လုံလောက်အောင် မတော်ဘဲ ဒဏ်ရာရနေသောကြောင့် ဖြစ်၏။
ကံကောင်းသည်မှာ ကေတီဗီမှာ ကျယ်ဝန်းလှသည်။ အဖွဲ့က ထိပ်ဆုံးအလွှာသို့ သွားချိန် လူပြည့်ကျပ်နေသည်ဟု မခံစားရပေ။ ယွင်ချဲ့သည် တစ်ချက် စစ်ဆေးရန် လေဇယားကွက်ကို ထုတ်လိုက်၏။ အဆင့်သုံးဖုတ်ကောင်များနည်းသည့်နေရာကို ရွေးချယ်လိုက်သည်။ သူတို့က ငုံ့ကြည့်ပြီးနောက် အဆင့်သုံးဖုတ်ကောင်နှစ်ကောင်ကို မှတ်ထားပြီးနောက် လှည့်ပတ်သွားကာ ဟေးယွီနှင့် ဝံပုလွေဘုရင်ကို တီးတိုးပြောလိုက်သည်။ သူတို့ သူ ညွှန်ကြားတာကို နားလည်ကြောင်း အတည်ပြုပြီးနောက် ယွင်ချဲ့သည် စွမ်းအားနယ်မြေထဲကနေ မတပ်ဆင်ရသေးသည့် တွဲလှည်းစီးစွန်များစွာကို ထုတ်လိုက်၏။
“မင်းတို့တွေက စစ်သားတွေပဲ ဒီတော့ ပစ္စည်းတွေ ဘယ်လို တပ်ဆင်ရမလဲဆိုတာ သိမှာပဲ။ နှစ်ယောက်တစ်ဖွဲ့.. ဒါပေမဲ့ လေစွမ်းအားရှင်တွေက အဆင့်သုံးနဲ့ ပါတနာဖွဲ့ရမယ်။ ငါတို့တွေ အဲဒီကို ဆင်းသက်ရမယ်။ မှတ်ထားကြ။ ဒါတွေက ငါ့မှာရှိတဲ့ တွဲလှည်းစီးစွန် အကုန်ပဲ။ မင်းတို့ မြေပြင်ပေါ် ရောက်ပြီးတာနဲ့ အနီးဆုံး သိုလှောင်စွမ်းအားရှင်ကို တွဲလှည်းစီးစွန်တွေပေးလိုက်။ ပြီးရင် သူတို့က ပြန်ဆုံတဲ့အချိန် ငါ့ဆီ ပြန်ပေးလိမ့်မယ်”
တွဲလှည်းစီးစွန်များက သေးငယ်ပြီး လက်တွေ့အသုံးတည့်ပေ၏။ သူက ထိုအရာများအားလုံး တစ်ပြိုင်နက်တည်း ဆုံးရှုံးမှာကို မမြင်လိုပေ။ ကမ္ဘာပျက်ကပ်၌ သူတို့ ရှေ့ဆက်သုံးရမည့် နေရာများစွာ ရှိနေသေးပြီး ထိုတွဲလှည်းစီးစွန်များ အသုံးတည့်မည့် နေရာများစွာ ရှိနေသေး၏။ လူတိုင်းက ယွင်ချဲ့သည် ကိရိယာကို တွန့်တိုမှန်းသိ၏။ ထို့ကြောင့် မည်သူကမျှ သူ့ကို ပြန်မပြောကြပေ။ သူတို့က တွဲလှည်းစီစွန်ကို ရသည်နှင့် စတင်တပ်ဆင်ကြတော့သည်။ မော့ဝမ်ယန်က ယွင်ချဲ့ဆီ လျှောက်သွားပြီးနောက် ထိုနေရာရှိ အခြေအနေကို စစ်ဆေးလိုက်၏။
“အဆောက်အဦးက သိပ်မမြင့်ဘူး။ တွဲလှည်းစီးစွန်တွေက လေထဲမှာ ဝဲနိုင်မှာမဟုတ်ဘူး။ ဖုတ်ကောင်တွေထဲ ကျသွားမှာ စိုးရိမ်မိတယ်”
“ခင်ဗျားက ကျုပ်ရဲ့လေစွမ်းအားကို မေ့နေတာလား”
ယွင်ချဲ့သည် ယခုအချိန်တွင် လူအများကို ဆက်ပြီး မခန့်မှန်းခိုင်းတော့ဘဲ ပြောလိုက်၏။
“ပြီးရင် လေစွမ်းအားနဲ့ မင်းတို့ကို အောက်ပို့ပေးမယ် အဲဒီမှာ ဖြတ်လမ်းရှိလားဆိုတာ ကြည့်ကြည့် ဖုတ်ကောင်တွေအားလုံး ဒီမှာပဲ အဲဒီနေရာက ရှင်းနေတာ ငါတို့တွေ အဲဒီနေရာကို ဆင်းမယ်။ ဒါပေမဲ့ မြန်မြန် လုပ်ဖို့ လိုတယ်။ ဖုတ်ကောင်တွေ ငါတို့ကို လိုက်မမီခင် မြေပြင်ပေါ် ဆင်းမှရမယ် အချိန်ဖြုန်းနေလို့ မရဘူး”
ယွင်ချဲ့သည် သူတို့နှင့် မီတာ၆၀၀ အကွာတွင် ရှိသော လမ်းဆုံကို လက်ညှိုးထိုးပြလိုက်သည်။ မနေ့ညက ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ လမ်းဆုံကို ဘယ်ချိုးပြီးနောက် မကြာမီ၌ သူတို့သည် သုတေသန သင်တန်းကျောင်းကြီးကို တွေ့လိမ့်မည်။
“ဟုတ်ပြီ”
ယွင်ချဲ့သည် အားလုံး ပြင်ဆင်ထားပုံပေါ်၏။ မော့ဝမ်ယန်က မေးခွန်းများ ထပ်မမေးချင်တော့ပေ။ သူက ယနေ့စစ်ဆင်ရေးအတွက် ဦးဆောင်မှုကို ယွင်ချဲ့နှင့် ရှင်းဖုန်းတို့အား ထားရန် ဆုံးဖြတ်လိုက်၏။
“အားလုံး အဆင်ပြေလား”
“အားလုံး အဆင်ပြေပါတယ်”
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် သူတို့၏ အရည်အချင်းရှိသော စစ်သားများက တွဲလှည်းစီးစွန်အားလုံးကို တပ်ဆင်ပြီး အဖွဲ့ခွဲလိုက်ကြသည်။ ယွင်ချဲ့က အဖွဲ့များကို သူ့လူနှင့်သူ ဖွဲ့ခိုင်းထားပြီး မော့ဝမ်ယန်ကို ရှေ့တိုးခိုင်းလိုက်၏။ ကျန်သည့်သူများက တန်းစီပြီး ရပ်နေကြသည်။
“ဟေးယွီ ဝံပုလွေဘုရင် လာခဲ့.. ဒီအဆင့်သုံးကို ဆွဲသွားလိုက်..”
“သေချာတာကတော့ နောက်ကနေ ကန်ရုံကန်ပြီး စောင့်ကြည့်နေ..”
“ဘယ်အချိန်တုန်းကများ ကျရှုံးဖူးလို့လဲ ဝံပုလွေ ငါ့နောက်က လိုက်ခဲ့”
ဖောက်..
ဟေးယွီပြောတာ မပြီးသေးခင် သူက အဆင့်သုံးဖုတ်ကောင်များထဲမှ တစ်ကောင်ရှိသည့်နေရာကို ခုန်ဆင်းလိုက်သည်။ ဝံပုလွေဘုရင်က နောက်ထပ် အဆင့်သုံးကို ခုန်အုပ်လိုက်၏။ ဖုတ်ကောင်အုပ်ကြီးသည် သူတို့ပေါ် ဗုံးနှစ်လုံး ပြုတ်ကျလာသည့်ပမာ မွေနှောက်ခံလိုက်ရ၏။
“အခုပဲ သွားမယ်”
ယွင်ချဲ့က အမိန့်ပေးလိုက်၏။ လူဆယ်ယောက်သားက တန်းပေါ်ကနေ ခုန်ချလိုက်သည်။ သူတို့က ဖုတ်ကောင်၏ မျက်နှာပေါ် ကျရောက်ခံနီးအချိန်၌ စွမ်းအားသဲ့သဲ့သည် သူတို့ကို ထိန်းထားပေးပြီး ရှေ့သို့ လေဟုန်ဆက်စီးနိုင်အောင် ကူညီပေး၏။ တွဲလှည်းစီးစွန်ကို ထိန်းချုပ်သူများက ခပ်နိမ့်နိမ့် ပျံသန်းနေလေ၏။ ပြီးနောက် တွဲလှည်းစီးစွန်များက ရှေ့ဆက်ပျံသန်းနေပြီး ဖုတ်ကောင်များကြားထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွား‌စေ၏။
…..

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset