YMR- အခန်း ၁၂၈

အခန်း (၁၂၈)

“ဝါး ! ကျန်းရှန်က အစ်ကိုယဲ့နဲ့ အိပ်ခဲ့တာလား .. ငယ်သေးတော့ ကောင်းလိုက်တာ !”

စားပွဲတစ်ဖက်တွင် ထိုင်နေသော ချူးဟောင်လင်းက ယဲ့ရှင်းချန် လည်ပင်းမှ အမှတ်ကို တွေ့သွားသဖြင့် အော်ပြောလိုက်ရာ အခြားသူများလည်း တစ်ပြိုင်နက်တည်း လှည့်ကြည့်ကြလေသည်။ ယဲ့ရှင်းချန်လည်း မျက်နှာမဲ့ကာ ရှက်ရွံ့စွာပင် အင်္ကျီလည်ပင်း ကော်လံကို ဆွဲတင်လိုက်သည်။ အောက်သို့ မဆင်းလာခင် ကတည်းက သူ၏မျက်နှာမှ ညှပ်ရိုးများအထိ မြင်သာသော အမှတ်များ မရှိစေရန် ထပ်တလဲလဲ စစ်ဆေး လာခဲ့သော်လည်း လူမိသွားခဲ့သည်။ ကျန်းရှန် မှာ ယဲ့ရှင်းချန် တစ်ကိုယ်လုံးကို နမ်းရှုံ့ခဲ့သည့်အပြင် အမှတ်အသားများကိုလည်း ချန်ထားခဲ့သေးသည်။

ထိုသို့ တွေးမိပြီးနောက် ကျန်းရှန်ကို ယဲ့ရှင်းချန် စိုက်ကြည့် လိုက်သော်လည်း ကျန်းရှန်၏ စိတ်ထဲတွင် ယဲ့ရှင်းချန် အထွတ်အထိပ် ရောက်ခဲ့သည့် အဖြစ်ကို မြင်ယောင် နေသဖြင့် အခြားသူများ ကြည့်နေကြသည်ကိုပင် သတိမထားမိပေ။ ထို့နောက် ဝက်သားလုံးကို တူနှင့်ယူကာ ယဲ့ရှင်းချန်ကို ခွံ့ကျွေးလေသည်။

“စီနီယာ စားလေ”

ယဲ့ရှင်းချန် ပါးစပ်ကိုဟကာ တစ်ကိုက် ကိုက်လိုက်သည်။ နောက်ထပ် တစ်ကိုက် မကိုက်မီ ပါးစပ်ကို ဟလိုက်စဉ် ကျန်းရှန်က ကျန်သော အပိုင်းကို ခွံ့ကျွေးလိုက်သည်။

“ကြည့်ဉီး ! ကျန်းရှန်လို ကောင်လေး တစ်ယောက်လောက် ရရင်ကောင်းမယ် ! ဝမ်းချင် .. ကျွန်တော့် အတွက် လုပ်ပေးပါလား”

ယွီဝမ်းချင် ပခုံးပေါ် လက်တင်ကာ ချူးဟောင်လင်း မျက်လုံး မှိတ်ပြကာ အီစီကလီ လုပ်ဟန်နှင့် စနောက် လိုက်သည်။ သို့သော် ယွီဝမ်းချင်က လက်ကို ပုတ်ထုတ်လိုက်ပြီး အေးစက်စက်လေသံဖြင့် …

“ပြဿနာ မရှာနဲ့ မင်းလို အစားပုတ်နဲ့ ဘယ်သူမှ အတူမနေနိုင်ဘူး … ငါ့အနားမကပ်နဲ့”

ယွီဝမ်းချင် ပြောလျက် ချူးဟောင်လင်း လက်တင်ခဲ့သော နေရာကို ဖုန်ခါသကဲ့သို့ ခါချလိုက်သည်။

“ယွီဝမ်းချင် .. ကျွန်တော်တို့က ညီအစ်ကိုလို့ မှတ်ထားတာကို ! နာကျင်လိုက်တာ”

ချူးဟောင်လင်း မပျော်မရွှင် ဖြစ်သွားပြီး ယွီဝမ်းချင်က တစ်ချက် စိုက်ကြည့်ကာ …

“အဲဒါက မင်းရဲ့အစ်ကို တစ်ယောက်ကို လုပ်စရာလား”

“ဟားဟားဟား !”

ချူးဟောင်လင်း ပြန်မပြောခင် ရယ်မောသံများ ထွက်လာပြီး လုဟိုင်ရွှမ်း၏ အဘိုးနှင့် အမေပင် ရယ်လိုက်ကြသည်။ မနက်စာ စားပြီးနောက် ချောင်ယန်း အဖွဲ့က သူတို့နေရာသို့ ပြန်သွားပြီး ထိပ်ဉီးအဖွဲ့ကလည်း အပြင်ထွက်ရန် ပြင်လိုက်စဉ် ယွင်ချဲ့က သူတို့ကို တားလိုက်သည်။

“ယဲ့ဟန် ဒီမှာပဲနေ .. ဇယ်ယွီက အဖွဲ့ကို ဉီးဆောင်သွား ဘာတာဝန်မှ မလုပ်နဲ့ အပြင်ထွက်ပြီး ဖုတ်ကောင်တွေပဲ ရှင်းခဲ့ … တကယ်လို့ တစ်ယောက်ယောက်က ငါ့ကိုမေးလာရင် စာတမ်းတွေကြည့်နေရလို့ လတ်တလော ဘာတာဝန်မှ မလုပ်နိုင်သေးဘူးလို့ ပြောလိုက်”

ရှုပ်ထွေးမှုများ ပြည့်နေသော အဖွဲ့သားများ၏ အကြည့်တို့ကို ကြည့်ကာ ယွင်ချဲ့ အမိန့်ပေးလိုက်ပြီး သူ့ကိုမှီနေသော ယွင်ချန် ဆံပင်ကို သပ်ပေးလိုက်သည်။

“ကောင်းပြီလေ .. သွားရအောင်”

ယွင်ချဲ့က သူတို့ကို လုပ်ခိုင်းသည်မှာ အကြောင်းပြချက် ရှိသောကြောင့် အဖွဲ့သားများလည်း ပြန်မမေးတော့ဘဲ ခေါင်းညိတ်ကာ ထွက်လာခဲ့ကြသည်။

“ဘာဖြစ်လို့လဲ”

အရေးကြီးကိစ္စ မဟုတ်ဘဲနှင့် ယွင်ချဲ့က အချိန်ကြာကြာ ခေါ်ထားမည် မဟုတ်သည်ကို လန်ယဲ့ဟန် သဘောပေါက်သည်။

“ညက တစ်ခုခုကို သတိရသွားလို့ .. အပေါ်ထပ်လိုက်ခဲ့”

လန်ယဲ့ဟန် ခေါင်းညိတ်ပြကာ တုံ့ဆိုင်းခြင်းမရှိ ယွင်ချဲ့နှင့် ယွင်ချန်တို့ အနောက်မှ လိုက်သွားသည်။ ယွင်ယောင်လည်း စားပွဲကို ရှင်းလင်းလျက် ခေါင်းခါလိုက်သည်။ သူတို့ကို ဝင်မနှောင့်ယှက်လိုပေ။

“အန်တီ ချန်း … အန်တီနဲ့ အဘိုးက လယ်သမားတွေဆို .. နောက်ကျရင် ဖန်လုံအိမ်ထဲမှာ စိုက်ထားတဲ့ အသီးအရွက်ပင်တွေကို ကြည့်ပေးလို့ ရမလား”

“ရတာပေါ့”

လုဟိုင်ရွှမ်း၏ အမေလည်း ခေါင်းညိတ်လျက် ယွင်ယောင်ကို ကူညီပေးကာ ပို၍ကြိုးစား လုပ်ကိုင်လာသည်။ ကပ်ဘေးကာလတွင် ရှင်သန်ကြိုးစားရန် အလွန်ခက်ကြောင်း သူမသိသည်။ သူမနှင့် သူမ၏ အဖေလည်း ရေသာမခိုဘဲ သူတို့ကူနိုင်သမျှကို ပျော်ရွှင်စွာ ကူညီပေးသည်။

အပေါ်ဆုံးထပ်မှ ယွင်ချန် အခန်းထဲတွင် …

“အစ်ကို ဟေးယွီရော”

အခန်းထဲသို့ ဝင်ပြီးနောက် ဟေးယွီကို အတော်ကြာအောင် မမြင်ခဲ့ရသဖြင့် ယွင်ချန် မေးလိုက်သည်။

“သူနယ်မြေထဲ ခဏပြန်သွားတယ် .. စိတ်မပူနဲ့နော် နောက်တစ်ရက် နှစ်ရက်ဆို သူပြန်ရောက်လာလိမ့်မယ်”

မနေ့က ဟေးယွီ ရောက်လာပြီး ယွင်ချဲ့နှင့် သီးသန့်တွေ့ကာ သူပြန်လည် သက်သာ လာသကဲ့သို့ ခံစားရသော်လည်း စွမ်းအားပြည့်ရန် လိုအပ်သေးသဖြင့် အပြင်လောကတွင် မနေသင့်ဘဲ နယ်မြေထဲသို့ သွားလိုကြောင်း ခွင့်တောင်းခဲ့သဖြင့် ယွင်ချဲ့လည်း ခွင့်ပြုပေးခဲ့သည်။

“ဪ”

ယွင်ချန်လည်း စိတ်ပျက် လက်ပျက်နှင့် မျက်လွှာ ချလိုက်သည်။ ထို့နောက် အိတ်ထဲမှ ပင်ပေါင်ဘောလုံး အရွယ်ရှိ အနီရောင် အမြုတေကို ထုတ်ကာ ကိုက်စားလိုက်သည်။ ထိုအမြုတေမှာ လန်ယဲ့ဟန် အတွက် ယွင်ချဲ့ ပေးခဲ့သည့် အဆင့် ၃ မီးအမြုတေဖြစ်ပြီး လန်ယဲ့ဟန်က ယွင်ချန်ကိုပေးလိုက်သည်။

“ရှောင်ချန် ဘေးနားမှာ ထိုင်ပေးပါ ယဲ့ဟန်”

လန်ယဲ့ဟန်ကို ကြည့်ကာ ယွင်ချဲ့ တောင်းဆိုလိုက်သည်။ ယွင်ချဲ့ကို ယုံကြည်လျက် ယွင်ချန် ဘေးတွင် လန်ယဲ့ဟန် ထိုင်လိုက်ပြီး ပခုံးကို ဖက်ထားလိုက်သည်။ အမြုတေကိုသာ စားနေခဲ့သော ယွင်ချန်က ဘာကိုမှ သတိမပြုမိပေ။ ထို့နောက် ယွင်ချဲ့လည်း ကြက်ဥအရွယ် ပန်းရောင် အပင်နှလုံးသား အမြုတေကို ယူထုတ်ကာ …

“ချန် .. ဒါရော စားကြည့်မလား ဒါက ပိုကောင်းတယ်”

သစ်ပင်၏ပင်မ နှလုံးသားကို လူကသာ စားသုံးနိုင်သဖြင့် ဖုတ်ကောင် တစ်ကောင်အပေါ် မည်သို့ သက်ရောက်မည်ကို ယွင်ချဲ့ မသိပေ။ အမြုတေများနှင့် မတူဘဲ အပင်၏နှလုံးမှာ ချော့ကလက်ကဲ့သို့ မာကျောပြီး ချိုချဉ်အရသာရှိကာ အပင်၏သဘာဝ ခါးသက်သည့် အရသာလည်းကို ခံစားမိစေသည်။ လူများပင် စားသုံးနိုင်ကြသဖြင့် ဖုတ်ကောင်များလည်း စား၍ရနိုင်သည်မလား။ ဖုတ်ကောင်များက အမြုတေများကို သူတို့၏ပါးစပ်တွင်း ထည့်ကာ မျိုချလိုက်သည်က များပေသည်။

“အနံ့လည်းကောင်းတယ် !”

ပြင်းပြသော စွမ်းအားရနံ့က ယွင်ချန်ကို ဆွဲဆောင်နေသဖြင့် ယွင်ချန်လည်း အမြုတေကို လှမ်းယူလိုက်သည်။ ယွင်ချဲ့နှင့် လန်ယဲ့ဟန်လည်း အချင်းချင်းကြည့်ကာ အသက်ပင် မရှူရဲဘဲ ယွင်ချန် ကိုသာ စောင့်ကြည့် နေကြသည်။

“အွတ် အစ်ကို ! အစ်ကို !”

အစတွင် ဘာမှမဖြစ်ခဲ့သော်လည်း မိနစ်အနည်းကြာပြီးနောက် ယွင်ချန် နင်နေခဲ့ပြီး လက်တစ်ဖက်က ရင်ကိုဖိလျက် ကျန်တစ်ဖက်က ယွင်ချဲ့ထံ လက်လှမ်းကာ အကူအညီတောင်းနေသည်။ သူ၏ဖြူစွတ်သော အသားရေမှာ နီမြန်းလာပြီး ဖုတ်ကောင် အနေနှင့် ကိုယ်ခန္ဓာအေးစက်နေရမည် ဆိုသော်လည်း ယွင်ချန်မှာ အဖျားကြီးနေသူ အလား တဖြည်းဖြည်းနှင့် ပူကျစ်လာခဲ့သည်။ ကံကောင်းစွာ လန်ယဲ့ဟန်က တင်းကျပ်စွာ ဖက်ထားလေသည်။ မဟုတ်လျှင် ယွန်ချန် လူးလှိမ့်နေမှာ အသေအချာပင်။

“ဘာမှမဖြစ်ဘူး ချန် .. တောင့်ခံ ထားလိုက်နော် ဒါက စွမ်းအားမြင့်လာလို့ ဒီလိုဖြစ်တာ ခဏနေပြီးသွားလိမ့်မယ် .. ငါ့ကိုယုံနော်”

ယွင်ချဲ့လည်း သူ့ထံလှမ်းနေသော ယွင်ချန်ကို ဖမ်းဆုပ်လျပ် ချော့မြူလိုက်သည်။ ဖုတ်ကောင်များက အသက်ရှင်နေသည့် သတ္တဝါများ မဟုတ်သဖြင့် အပင်နှလုံးသားက အင်အား သာမက အသက်ရှင် ဆဲလ်များကိုလည်း ထောက်ပံ့ ပေးနိုင်သည်။

“လိမ္မာတယ် ချန် .. ငါတို့ရှိတယ် ခဏလောက် တောင့်ခံပေးနော်”

လန်ယဲ့ဟန်လည်း ယွင်ချန်ကို ဖက်လျက် နားနားကပ်ကာ နှစ်သိမ့်ပေးသဖြင့် ရုန်းကန်နေသော ယွင်ချန်လည်း ငြိမ်ကျသွားသည်။

“အ..အင်း”

မချိတင်ကဲ ခံစားနေရသဖြင့် မျက်နှာမဲ့နေသော ယွင်ချန်၏ ပုံစံမှာ ယွင်ချဲ့နှင့် လန်ယဲ့ဟန် တို့ကို နှိပ်စက် နေသကဲ့သို့ပင်။ နောက်ဆုံးတွင် ယွင်ချန်၏ အသားရေမှာ တဖြည်းဖြည်း အေးစက်လာပြီး ပြန်လည် ဖြူစွတ်လာကာ လန်ယဲ့ဟန်ကို မှီထားလျက်

“ဗိုက်ထဲမှာ နွေးနေသလိုပဲ”

ယွင်ချန် ကိုယ့်ဗိုက်ကို စမ်းကာ အားအင်ချိနဲ့စွာ ပြောလေသည်။

“အပင်ရဲ့ နှလုံးသားက ယွင်ချန် အတွက် အလုပ်ဖြစ်ပုံပဲ”

ယွင်ချဲ့ သက်ပြင်းချကာ လန်ယဲ့ဟန်ကို ပြောလိုက်စဉ် သူတို့၏ မျက်လုံးမှာလည်း လင်းလက်သွားသည်။

“ဟုတ်တယ် .. ဒါတွေကို စုနိုင်သမျှ များများစုရမယ်”

ယွင်ချန် အတွက် ကောင်းမွန်သော အရာဆိုလျှင် မည်မျှပင် ခက်ခဲပါစေ လန်ယဲ့ဟန် အစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။ ယွင်ချဲ့လည်း သူနှင့်အတွေးတူ နေသဖြင့် ပြုံးပြလိုက်သည်။

“ဟန် ကျွန်တော် ညစ်ပတ်နေလို့ ရေချိုးချင်တယ်”

ယွင်ချန်လည်း ပြန်လည် ကောင်းမွန် လာသည်နှင့် ကိုယ်ပေါ်မှ ရေစိုဝတ်များကို ဖယ်လိုက်သည်။ ယွင်ချဲ့က ဖုတ်ကောင်လေးကို သေချာသင်ပြပေးခဲ့ ပုံရသည်။

“သူ့ကို သေချာ သန့်ရှင်းပေးပြီး ကိုယ်ပေါ်မှာ ပြောင်းလဲတာရှိမရှိ စစ်လိုက်ပါဉီး .. ရှင်းဖုန်းက ဖုတ်ကောင် သုတေသီအဖွဲ့ကို မြို့တော်ကနေ ဒီကိုခေါ်လာပြီး ကျွန်တော်တို့အတွက် စမ်းသပ်ခန်းတစ်ခု လုပ်ပေးမယ် ပြောတယ် … တခြား ကိစ္စတွေအသာထား ချန်ရဲ့သွေးဆာ လာနိုင်မယ့် အခြေအနေကို တစ်ခုခုလုပ်ဖို့တော့ လိုလိမ့်မယ်”

ယွင်ချန်ကို အလိုလိုက် ခံထားရသော ကလေးတစ်ယောက် ကဲ့သို့ကြည့်ကာ ယွင်ချဲ့ ခေါင်းခါလျက် မတ်တပ် ရပ်လိုက်သည်။

“ကောင်းပြီလေ”

ယွင်ချဲ့ ဆိုလိုရင်းကို လန်ယဲ့ဟန် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ယွင်ချန်ကို ဘယ်သောအခါမှ အန္တရာယ်ဖြစ်စေမည် မဟုတ်သည်ကို သူသိသည်။

“ကျွန်တော့်ကို ရေချိုးပေး ဟန်”

သူဖြစ်ချင်သော အရာကို မလုပ်ပေးသဖြင့် ယွင်ထျန် အသံကိုမြင့်ကာ ပြောလိုက်သည်။ ယွင်ချဲ့လည်း သူ၏ညီလေးက မိသားစုကို မတွယ်ကပ်တော့ဟု ခံစားမိလိုက်ပြီး လန်ယဲ့ဟန် ပခုံးကိုသာ ပုတ်ကာ ခေါင်းခါလျက် ထွက်သွားလေသည်။

“ကျွန်တော် ညစ်ပတ်နေလို့ ရေချိုးချင်တယ် ဟန် .. ရေချိုးချင်တယ်”

“အင်းပါ အင်းပါ ချိုးပေးမယ်နော်”

ယွင်ချဲ့လည်း တံခါးကိုပိတ်ကာ ပြုံးလျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

“မမ ဘာလုပ်နေတာလဲ”

ယွင်ယောင်နှင့် အမျိုးသမီးကြီး ၂ ယောက်က တူးရွင်းပြားများ သယ်နေသည်ကို တွေ့သဖြင့် မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး .. မမ မျိုးစေ့တွေ စိုက်တာ နေရာ အရမ်းကပ် သွားတယ်လို့ အန်တီ ချန်း ပြောတယ် .. မုန်လာထုပ်တွေက အရမ်း များနေတော့ ချောင်ယန်းကန်တင်းဆီ ခွဲပေးမလို့ … ရှောင်ချန်ရော ဘယ်လိုနေလဲ”

သူမ၏မောင်လေးကို တွေ့လိုက်သဖြင့် ယွင်ယောင် မျက်နှာဝင်း သွားသည်။ ဂေါ်ဖီထုပ်များက ရက် ၂၀ အတွင်း ပေါက်ရောက် ကြီးမားလာကာ စားရန် သင့်တော်လည်း အတော်အသင့်သာ ကြီးသေးသည်။

“ဘာအဆင်မပြေစရာ ရှိလို့လဲ .. များများ ယူလိုက်ဉီး ခေါင်းဆောင် ရှင်းက အသီးအရွက်တွေတောင်းနေတာ ခဏခဏပဲ .. သူတို့တွေ ကျွန်တော်တို့ မြေကွက်တွေကို မျက်စပစ်နေတာ ကြာပြီ”

မှန်လုံအိမ်ထဲမှ ကြီးမားသော ဂေါ်ဖီထုပ်များကို ကြည့်ကာ ယွင်ချဲ့ နောက်ပြောင် လိုက်သည်။ ယွင်ယောင် လည်း သူမကိစ္စကို ဆက်လုပ်နေသဖြင့် လုပ်စရာမရှိသော ယွင်ချဲ့က သူ၏နယ်မြေကိုစစ်ဆေးရန်ပြင်လိုက်စဉ် အဘိုးချန်းက ခေါ်လိုက်သည်။ လုဟိုင်ရွှမ်း ပြောခဲ့သည်ကို ယွင်ချဲ့ သတိရသွားပြီး အဘိုးကို ဧည့်ခန်းထဲသို့ ခေါ်ခဲ့သည်။

“ဘာပြောစရာရှိလို့လဲ အဘိုး”

မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ယွင်ချဲ့က လက်ဖက်ရည်ခွက်ကို ငဲ့ပေးလိုက်သည်။

“ခေါင်းဆောင် ယွင် .. အဘိုးလည်း စွမ်းအားရှိတဲ့ သူပါပဲ .. အဘိုးကို တာဝန်တွေအတွက် ခေါ်သွားပေးလို့ မရဘူးလား”

အဘိုးမှာ ထိုင်လိုက်သည်နှင့် သူဖြစ်ချင်သော အရာကို ပြောလိုက်သည်။ သူကိုယ်တိုင်လည်း ကျန်းမာရေး ကောင်းနေသဖြင့် မိသားစုထဲတွင် သူ၏သမီးနှင့် အလကား ခိုကပ်မနေချင်ပေ။ ထို့အပြင် စွမ်းအားရှင် တစ်ယောက် အနေနှင့် အရှေ့မြောက် စခန်းတွင် နေခဲ့စဉ်ကလည်း ဖုတ်ကောင်များကို သုတ်သင် ရှင်းလင်းခဲ့သဖြင့် ယခုတွင်လည်း ထိုသို့လုပ်ရန်သာ သင့်တော်သည်ဟု ယူဆထားသည်။

“အာ .. အဘိုး ချန်း .. အဘိုးက စွမ်းအားရှိတာ ကျွန်တော် သိပါတယ် ဒါပေမယ့် ဖုတ်ကောင် ရှင်းတာက စွမ်းအားတွေ အများကြီး လိုအပ်တယ်”

ယွင်ချဲ့ အသက်ဝအောင် ရှူကာ စကားကို ပြန်ဆက်လိုက်သည်။

“ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ဖုတ်ကောင်တွေက တဖြည်းဖြည်းနဲ့ အဆင့်မြင့် လာကြတယ် .. ကျွန်တော်တို့မှာ စွမ်းအားအပြင် သန်မာတဲ့ ခန္ဓာကိုယ်နဲ့ စိတ်တည်ငြိမ်ရမယ် မျက်စိလျင် နားလျင်ရမယ် .. အဘိုးက စွမ်းအားရှင်လည်းဖြစ်ပြီး သန်မာတယ် ဆိုရင်တောင် အဘိုးက အသက်ကြီးနေပြီလေ အနားယူသင့်နေပါပြီ … အဘိုးနဲ့အန်တီက အလကား မနေချင်ကြတာ ကျွန်တော်သိပါတယ် ဒါပေမယ့် အဘိုးတို့ ကိုယ်စား လုဟိုင်ရွှမ်း ရှိတယ်လေ … ပြီးတော့ ကျွန်တော်တို့က မိသားစုပဲလေ တွက်ကပ်တာမျိုး မရှိပါဘူး အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ပဲ အရေးကြီးတာပါ”

အဘိုးကို စိတ်ပျက် အားလျော့စေရန် မရည်ရွယ်သော်လည်း လုဟိုင်ရွှမ်း အတွက် ယွင်ချဲ့ ထိုသို့ပြောရမည် ဖြစ်သည်။

“အဘိုးက စိတ်ငြိမ်ပြီး မျက်စိလျင် နားလျင်ပါတယ် … ပြီးတော့ အဘိုးက မျက်လုံး အလျင်ဆုံးပဲ”

သို့သော် အဘိုးချန်းက အားမငယ်သည့် အပြင် ပို၍ပင် ယုံကြည်ချက် အပြည့် ဖြစ်သွားသည်။ ယွင်ချဲ့လည်း သံသယဖြစ်စွာ …

“တကယ်လား”

အဘိုးက အလွန် ထက်မြက်သဖြင့် လုဟိုင်ရွှမ်း မည်သို့ လုပ်ရမည်မှာ မထူးဆန်းပေ။

“တကယ်”

အဘိုးချန်းလည်း မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“အရင်ကတည်းက ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်း တို့ကြား ဘာကိစ္စရှိလဲဆိုတာ အဘိုးသိတယ် … အဘိုး မျက်စိလျင်တယ် မလား”

“ဘုရားသခင် !”

ယွင်ချဲ့ အလန့်တကြားနှင့် အိမ်အပြင်ကို လှမ်းကြည့်လိုက်ပြီး ယွင်ယောင် မကြားကြောင်း သေချာတော့မှ ပြန်လှည့်ကာ အားလျော့သော အပြုံးဖြင့် …

“ဘယ်သူ့ကိုမှ မပြောပါနဲ့ အဘိုးချန်း”

မျက်စိလျင်သည်တဲ့လား။ ထိုလူကြီးမှာ အလွန် ကြောက်စရာ ကောင်းသော လော်စပီကာကြီး အလား၊ ယွင်ချဲ့ပင် လန့်ဖျပ် သွားရသည်။

“တာဝန်တွေ စစ်ဆင်ရေးတွေကို ခေါ်သွားပေးပါနော်”

အဘိုးချန်းမှာ ခြိမ်းခြောက် နေသကဲ့သို့ပင်။ ယွင်ချဲ့လည်း မျက်နှာဖျော့တော့စွာ …

“ကျွန်တော် စဉ်းစားလိုက်ဉီးမယ်”

“မလှည့်စားနဲ့နော် ခေါင်းဆောင် ယွင်”

အဘိုးချန်း စိတ်မချ ဖြစ်နေလေသည်။ ယွင်ချဲ့လည်း မတ်တပ်ရပ်ကာ လမ်းလျှောက်နေရင်း …

“အဘိုးက မျက်လုံးလျင်တာကို ကျွန်တော် ဘယ်လိုလုပ်ပြီး လှည့်စားနိုင်မှာလဲ .. ကျွန်တော့်ကို အချိန်ခဏလောက် ပေးပါ”

ယွင်ချဲ့ ပြောပြီးနောက် ဧည့်ခန်းထဲမှ ထွက်သွားလေသည်။ ထိုအခြေအနေကို မကြုံဖူးသဖြင့် ယွင်ချဲ့ ထွက်ပြေးချင်လု နီးပါးပင် ဖြစ်သွားသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset