အခန်း (၁၂၉)
၃ ရက်ကြာပြီးနောက် စစ်တပ်နှင့် ပြည်သူတို့၏ ပူးပေါင်း စစ်ဆင်ရေး ပထမဆုံးနေ့သို့ ရောက်လာခဲ့သည်။ ထိပ်ဉီး အဖွဲ့ဝင်များ စောစောထကာ တက်ကြွရဲရင့်မှု အပြည့်နှင့် ထမင်းစားခန်းထဲတွင် စောင့်နေကြလေသည်။ သာမန် အချိန်များကဲ့သို့ အသက်ဝင်နေခြင်း မရှိဘဲ တိတ်ဆိတ်နေသည်။ အထူးသဖြင့် ယွင်ယောင်မှာ စကားပြောရန် တုံ့ဆိုင်းနေပြီး ရှင်းဖုန်းနှင့် ယွင်ချဲ့ တို့ကို တစ်လှည့်စီ ကြည့်နေလေသည်။ အာရုံလျင်လျင် ထားလျက် အရာရာ ပုံမှန်ဖြစ်နေသကဲ့သို့ ပြုမူနေသည်။ စားပွဲတွင် စားသောက်နေကြပြီး အစားအစာများကိုလည်း တစ်ယောက် ပန်းကန်ထဲ တစ်ယောက် ထည့်ပေး နေကြသည်။
“ချဲ့ !”
စခန်းဂိတ်တံခါးသို့ သွားမည့် ဘတ်စ်ကားပေါ်သို့ ယွင်ချဲ့တို့ တက်ခါနီးအချိန်တွင် ယွင်ချဲ့ကို ယွင်ယောင် လှမ်းခေါ်လိုက်သည်။
“ခင်ဗျား အရင်သွားနှင့်လိုက်”
ရှင်းဖုန်းနှင့် ပြောပြီးနောက် ယွင်ယောင်ကို ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်သည်။
“မမ .. မမအတွက် လက်ခံဖို့ ခက်ခဲတာ ကျွန်တော် သိပါတယ် ဒါပေမယ့် ကျွန်တော်တို့ မောင်နှမတွေကိုပဲ ကြည့်လေ .. ကျွန်တော်က အပျော်ရွှင်နိုင်ဆုံးသူ တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရှိတယ် ဒါပေမယ့် အခြားသူတွေပေးတဲ့ ကြင်နာမှုထက် ပျော်ရွှင်မှုကို ပိုလိုချင်တယ် ရှင်းဖုန်းက အဲဒီလိုပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ သူတစ်ယောက်ပဲ … ကျွန်တော်တို့ရဲ့ မျိုးဆက်အတွက် မမ စိတ်ပူနေတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ချန်ချန် ရှိနေတယ်လေ ကျွန်တော့်မှာ ကလေးမရှိတာ အရေးကြီးလို့လား … ဒီလို ကပ်ဘေးမှာ ကလေး တစ်ယောက်ကို ပျိုးထောင်ဖို့ ဆိုတာ မလွယ်သလို ကျွန်တော့် ကလေးကို ဒီလိုကာလမှာ မမွေးလာစေချင်ဘူး။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မမ နားလည်ပြီး လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
သေချာ တွေးတောပြီးနောက် အခြားသူများ မနက်ခင်း လေ့ကျင့်ခန်း လုပ်ရန် ထွက်သွားသည့် အချိန်တွင် သူနှင့် ရှင်းဖုန်း အကြောင်းကို ယွင်ယောင်အား ပြောပြတော့မည်ဟု ယွင်ချဲ့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ယွင်ယောင်မှာ တစ်မနက်လုံး ပုံမှန်မဟုတ်ခဲ့ခြင်း ဖြစ်သည်။
“မမနားလည်ပါတယ် .. ဒါပေမယ့် ဘာလို့ ရုတ်တရက်ကြီး ပြောတာလဲ တစ်သက်လုံး ဖုံးကွယ်ထားလိုက်တာ မဟုတ်ဘူး”
သူတို့ နှစ်ယောက်ကြားမှ အခြေအနေကို မရိပ်မိခဲ့ရသည်မှာ ယွင်ယောင်သည် အလွန်တုံးသူ ဖြစ်နေခြင်းကြောင့်လား။ သူမပြောသည့် အခါတိုင်း ယွင်ချဲ့က တိတ်တိတ်သာ နေခဲ့သဖြင့် သူမအနေနှင့် ခံစားမိခဲ့သော်လည်း ထိုအကြောင်းကို အခုချိန်တွင် ဝန်ခံလိမ့်မည်ဟု မထင်ခဲ့ပေ။ သူမအနေနှင့် လက်မခံခြင်း မဟုတ်သော်လည်း ရုတ်တရက် ဖြစ်သွားခြင်းကြောင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိခဲ့ပေ။
“ဒီနေ့ ကျွန်တော် အိမ်ကနေ ထွက်ရတော့မှာလေ ပြန်လာဖို့ကလည်း တော်တော် ကြာဉီးမယ် … မမလည်း အချိန်ယူပြီး စဉ်းစားနိုင်အောင်လို့ပါ”
ယွင်ယောင်၏ စိတ်ခံစားချက်ကို အလေးထားသောကြောင့် ယွင်ချဲ့ အများအပြား မပြောတော့ပေ။ ထို့ကြောင့် သူမအတွက် လက်ခံပေးနိုင်မည့် အချိန်တစ်ခု ရစေရန် တွက်ဆခဲ့ခြင်း ဖြစ်သည်။
“သူ့ကို အဲ့လောက်တောင် သဘောကျတာလား”
ဘတ်စ်ကား ပြတင်းပေါက် မှတစ်ဆင့် လှမ်းကြည့်နေသော ရှင်းဖုန်းကို လှည့်ကြည့် လိုက်ပြီး သူမမောင်လေး၏ လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ သူမ၏ ခေါင်းမှာ ရှုပ်ထွေးနေပြီး ဘာမှပင် မတွေးတောဘဲ ထိုသို့ မေးလိုက်သည်။
“ဟုတ် သဘောကျတယ် … ကြည့်ရတာ ကျွန်တော် အရင်ဘဝ ကတည်းက သူ့ကိုချစ်နေခဲ့သလိုပဲ တွေ့တာ နောက်ကျ သွားခဲ့ပေမယ့် ဒီဘဝတော့ ဘုရားသခင်က ပြန်လည် ပေါင်းစည်းပေးခဲ့တယ်”
ယွင်ယောင် ပခုံးပေါ်မှ ကျော်ကာ လှမ်းကြည့်လိုက်စဉ် ရှင်းဖုန်းနှင့် အကြည့်ဆုံ သွားပြီးနောက် ယွင်ချဲ့ ပြုံးလိုက်သည်။ သူအပို ပြောနေခြင်း မဟုတ်ပေ။ အရင်ဘဝမှ လေးနှစ်တာ အတွင်းတွင် စခန်းတစ်ခုနှင့်တစ်ခုကို ယွင်ချဲ့ ပြောင်းရွေ့ သွားလာနေခဲ့ပြီး လူအများအပြားနှင့် တွေ့ကြုံခဲ့ရသော်လည်း ရှင်းဖုန်း အပေါ်ကိုသာ ဘာကြောင့် ယူဆချက် ခိုင်မာခဲ့ရတာလဲ။ အရင်ဘဝ ကတည်းက ရှင်းဖုန်း အပေါ် စိတ်ဝင်စားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအချိန်က ဟန်မင်ကျယ်နှင့် တွဲနေခဲ့သဖြင့် ယွင်ချဲ့လည်း ရှင်းဖုန်းနှင့် ဝေးဝေးနေကာ အခြား တစ်ယောက်အား ချစ်နေသည့် အချက်ကို
“အင်းပါ”
ယွင်ယောင်လည်း ဘာပြောရမှန်း မသိသဖြင့် သက်ပြင်း ချလိုက်သည်။ ယွင်ချဲ့လည်း ရှင်းဖုန်းကို အကြည့်လွှဲ လိုက်ပြီး လက်နှစ်ဖက်ကို ယွင်ယောင် ပခုံးပေါ်တင်ကာ ကိုယ်ကိုကိုင်းလျက် သူမ မျက်လုံးတို့ကို ကြည့်လိုက်သည်။
“စိတ်အေးအေးထားပါ စဉ်းစားဖို့ အချိန်ရပါသေးတယ် … မမ .. ကျွန်တော် မလိမ်ချင်ဘူး အမှန်က ကျွန်တော် ရှင်းဖုန်းနဲ့မတွဲရင်တောင် ကျွန်တော်က မိန်းကလေးတွေကို စိတ်မဝင်စားတော့ မမမှာ ယောက်မရှိလာမှာ မဟုတ်ဘူး … တကယ်လို့ ကျွန်တော်သူ့ကို မတွေ့ခဲ့ရင် ကျွန်တော့် ဘဝကို တစ်ယောက်တည်းပဲ နေသွားတော့မှာမလို့ မမအနေနဲ့ ပျော်ပေးသင့်တယ် .. အဲဒီလိုလုပ်မှ မမကျေနပ်မှာလား”
“ဒီလိုပြောနေမှတော့ မမလည်း ဘာပြန်ပြောရမှာလဲ”
ယွင်ချဲ့ ပုံစံ ခြိမ်းခြောက်နေပုံ ရသဖြင့် ယွင်ယောင် ဘာရမှန်း မသိသော်လည်း စူးစိုက်ကြည့် လိုက်သည်။
“မမက ကျွန်တော့်ကို ချစ်တာကိုး”
သူမ အချစ်အပေါ် ယွင်ချဲ့ အခွင့်ကောင်း ယူခဲ့သည်ကို ဝန်ခံပါသည်။ ယွင်ယောင်လည်း ဒေါသတကြီးနှင့် လက်ကို ုတ်ထုတ်လိုက်ပြီး …
“အေးပါ သွားတော့ ! မြင်နေရင် ပိုစိတ်ဆိုး မိလိမ့်မယ် .. အစ်မကို အမြဲစိတ်ဆိုးအောင် တော်တော်လုပ်တယ်”
“ဟီး !”
ခပ်ဆိုးဆိုးအပြုံးနှင့် ယွင်ချဲ့ ထွက်လာပြီး ဘတ်စ်ကားပေါ် တက်သွားသည်။
“ဟန် !”
ယွင်ချန်မှာ လန်ယဲ့ဟန် လက်ကို ဆွဲထားပြီး မသွားစေချင်သည့် မျက်နှာထားနှင့် ကြည့်ကာ သူ၏နီရဲသော နှုတ်ခမ်းမှာလည်း တစ်တောင်လောက် ဆူထွက်နေသည်။ လန်ယဲ့ဟန်နှင့် ယွင်ချဲ့တို့ ရက်အတော်ကြာအောင် အဝေးသို့ သွားရမည်ကို သိရပြီးနောက် ယွင်ချန် ကလေး တစ်ယောက်ကဲ့သို့ စိတ်ဆိုးကာ အော်လျက် သူတို့အနောက် တကောက်ကောက် လိုက်နေခဲ့သည်။
“လိမ်လိမ်မာမာနော် .. ငါတို့ မကြာခင် ပြန်လာခဲ့မယ်”
ကိုယ်ကို တစ်ဝက်လောက် ပြတင်းပေါက် အပြင်သို့ထုတ်ကာ ယွင်ချန်ကို လန်ယဲ့ဟန် ဖက်ကာ နမ်းလိုက်သည်။ သူလည်း မခွဲချင်ပေ။ ယွင်ချန်မှာ ပို၍ပင် တွယ်ကပ် လာခဲ့သည်။ အပင်၏ ပင်မနှလုံးသားကို စားသောက်ပြီးသည့် အချိန်ကတည်းက လန်ယဲ့ဟန်၏ အနမ်းများကို ယွင်ချန် မည်သို့မှ မခံစားရတော့ပေ။ ယွင်ချန်မှာ အဆင့်ဆင့် ပြောင်းလဲနေပြီး အချိန်တိုအတွင်း လူငယ် တစ်ယောက်အဖြစ် စိတ်ရင့်ကျက် လာခဲ့သည်။
“လိမ်နေတာ .. အစ်ကိုပြောတော့ ရက်အများကြီး ကြာမယ်ဆို”
လန်ယဲ့ဟန် ပြန်မပြော လိုက်ရသေးဘဲ ယွင်ချဲ့ ရောက်လာပြီး ချော့မြူလိုက်သည်။
“ဟုတ်ပါပြီ ချန်ရဲ့ ငါတို့က မင်းစားဖို့ အတွက် သွားရှာမှာလေ .. အငတ်မနေချင်ဘူးမလား”
သူ၏ညီလေးမှာ တစ်ခါတစ်ရံတွင် ချန်ချန် ထက်ပင် ချော့ရခက် သေးသည်။ သို့သော် အဓိက အကြောင်းရာကို ပြောလျှင် သူနားထောင်လိမ့်မည်။
“အဆာမခံချင်သလို အစ်ကိုတို့ကိုလည်း မသွားစေချင်ဘူး”
သူ၏အစ်ကို ရောက်လာသည်နှင့် ယွင်ချန်မှာ လန်ယဲ့ဟန်ကို တွန်းဖယ်လိုက်ပြီး ယွင်ချဲ့ လက်ကို ကိုင်လျက် နှုတ်ခမ်းစူကာ ကြည့်သဖြင့် ယွင်ချဲ့လည်း သူ၏ခေါင်းကို ပုတ်ပေးကာ …
“ငါတို့ မထွက်သွားပါဘူး အလုပ် သွားလုပ်မှာလေ .. အလုပ်ပြီးလို့ ပြန်လာတဲ့အခါ မင်းအတွက် အစားအသောက်တွေ ယူလာခဲ့မယ် အိမ်မှာ လိမ်လိမ်မာမာ နေခဲ့နော် ဟုတ်ပြီလား … မမနဲ့ တူလေးတို့ကို ကာကွယ် ပေးမယ်လို့ ကတိပေးထားတာ မေ့နေလား ငါတို့မရှိတဲ့ အချိန် မင်းက အိမ်မှာ အားအကြီးဆုံးပဲ အဲဒါကြောင့် သတ္တိရှိရှိ သန်မာဖို့လိုတယ် !”
‘ကလေးကို ချော့တဲ့အခါ အဲ့လိုပြောရလား !’
ကားပေါ်မှလူများ ထိုသို့တွေးကာ ယွင်ချဲ့ကို မျက်စောင်းနှင့် ကြည့်ကြလေသည်။
“ဟုတ် ကျွန်တော်က သန်မာတယ် .. မမနဲ့ ချန်ချန်ကို ကျွန်တော် ကာကွယ်မယ်”
သို့သော် ယွင်ချန်မှာ ပြောဆို၍ ရသွားသည်။ ယွင်ချဲ့ လက်ကိုလွှတ်လိုက်ပြီး ယွင်ချန် ခေါင်းညိတ်ပြသည်။ ထို့နောက် ယွင်ယောင် ရောက်လာကာ အလိုမကျဟန် ကြည့်လိုက်ပြီး …
“သူ့ကို ကလေးလိုပဲ ဆက်ဆံနေ .. သူပုံမှန်ပြန်ဖြစ်သွားရင် နင့်ကို ဘယ်လို လုပ်မလဲဆိုတာ စောင့်ကြည့်နေဉီး”
ကပ်ဘေး မတိုင်ခင်က ယွင်ချန်သည် သူ၏အစ်ကိုကို နည်းလမ်းမျိုးစုံနှင့် ကလိမ်ကျကာ စနောက်ခဲ့သည်။ အတော်ဆုံး ကျောင်းသား တစ်ယောက်ကို သူ၏ဉာဏ်ရည်နှင့် အကဲမဖြတ်သင့်ပေ။
“မမကလည်း ကျွန်တော်က သူ့ကိုအိမ်ကို စောင့်ရှောက်ဖို့ မှာနေရုံလေးဟာ”
ယွင်ချဲ့လည်း စိတ်ဆိုးဟန်နှင့် ပြန်ဖြေလိုက်သည်။
ယွင်ယောင် တွန်းပို့လိုက်သဖြင့် ယွင်ချဲ့ ကားပေါ်တက် သွားသည်။ ယွင်ယောင်လည်း သူမမောင်ငယ်လေး၏ လက်ကို ဆုပ်ကိုင်လျက် …
“နယ်မြို့တွေက စခန်းအပြင်ဘက်နဲ့ မတူဘူး အားလုံး သတိနဲ့နေကြဉီး .. အိမ်ကိုလည်း စောစောပြန်လာကြနော်”
သူမ မပါဝင်ချင်သော်လည်း တုံးအသူ မဟုတ်သဖြင့် ထိုစစ်ဆင်ရေးက မည်မျှ ခက်ခဲမည်ကို သူမမှန်းဆနိုင်သည်။
“စိတ်မပူပါနဲ့ မမ”
“အစ်မယောင် .. ချန်ကို ဂရုစိုက်ပေးပါနော်”
“ကျွန်တော်တို့ ပြန်လာရင် ဟင်းချက် ကျွေးနော်”
ပျော်ရွှင်စွာ နှုတ်ဆက်ကြလျက် ဘတ်စ်ကားမှာ ထွက်ခွာသွားခဲ့သည်။ ယွင်ယောင်လည်း အတော်ကြာအောင် ကြည့်နေပြီး မြင်ကွင်းထဲမှ ပျောက်ကွယ် သွားတော့မှသာ ယွင်ချန်ကို ခေါ်လျက် အိမ်ထဲသို့ ဝင်လာခဲ့သည်။ ကျန့်ယာဖေး၏ မိဘ၊ လုဟိုင်ရွှမ်း၏ အဘိုးနှင့် အမေအပြင် ကူးမင်ရွှမ်းလည်း သူမတို့ မောင်နှမနှင့် အတူကျန်ခဲ့ကြသည်။
စခန်းဂိတ်တံခါးတွင် စစ်ကားအစီး ၂၀ မှာ တန်းစီလျက် ရပ်ထားကြသည်။ စစ်တပ် ၃ ဖွဲ့မှာ ရဲရင့်သော စွမ်းအားရှိ စစ်သား ၃၀၀ မှာ သေနတ်ကိုင်လျက် ပုံစံ ၃ မျိုးနှင့် အစီအစဉ်တကျ ရပ်နေကြသည်။ စစ်သားများမှာ စည်းကမ်းတကျနှင့် ဆင်တူဝတ်စုံများဖြင့် အလွန် ရင်သပ် ရှုမောဖွယ်ရာပင်။ သို့သော် စွမ်းအားရှင်များမှာ ဆန့်ကျင်စွာ အစုစု ကွဲနေကြလေသည်။ အရပ်ရှည်သူ၊ ပုသူ၊ ပိန်သူ၊ ဝသူများဖြင့် အမျိုးမျိုးသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ အချို့က အဖွဲ့ငယ်များဖွဲ့၍ အချို့က သီးခြား ရပ်နေကြလေသည်။ စစ်တပ်မှ တည်ဆောက် အုပ်ချုပ်သော စခန်းများသာ ကပ်ဘေး ကာလတွင် ကောင်းမွန်စွာ ရပ်တည်နေနိုင်သည်က မထူးဆန်းတော့ပေ။
“ခေါင်းဆောင်ရှင်းနဲ့ သူ့လူတွေ ရောက်လာပြီ !”
တစ်ယောက်ယောက်က အော်လိုက်သဖြင့် စွမ်းအားရှင်များ အားလုံး လှည့်ကြည့် လိုက်ကြသည်။ လူအယောက် ၂၀ ဆံ့သော ကားက တဖြည်းဖြည်းနှင့် နီးကပ်လာသဖြင့် စွမ်းအားရှင်များလည်း ကြိုဆိုကြလေသည်။
“အားလုံးတောင် ရောက်နေပြီပဲ .. ကျွန်တော်တို့ နောက်ကျပြန်ပြီလား”
တံခါးဖွင့် လိုက်သည့်အခါ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ ဆင်းလာကြပြီး ကျန်သော သူများလည်း အနောက်မှ လိုက်လာကြကာ အချို့က ပြုံးလျက် အချို့ကာ တိတ်ဆိတ်စွာ နေကြသည်။ ယွင်ချဲ့ လက်ထဲတွင် အမည်းရောင် ခွေးလေးတစ်ကောင် ရှိနေသည်။ ဟေးယွီ ဘယ်လိုရောက်တာလဲ သိချင်သွားသလား။ ဝိဉာဉ်စွမ်းအား မှတစ်ဆင့် သူအပြင် ထွက်လိုကြောင်း ယွင်ချဲ့ကို ဟေးယွီ ပြောသဖြင့် တံခါးနားနှင့် နီးလာသောကြောင့် ယွင်ချဲ့လည်း ခွင့်ပြုပေး လိုက်ရသည်။
“မဟုတ်ပါဘူး ကျွန်တော်တို့ စောသွားတာ … စစ်တပ်နဲ့ ပူးပေါင်းရတော့မှာ ဆိုတော့ သေချာပြင်ဆင်ထားဖို့ လိုတယ်လေ ဟုတ်တယ်မလား”
“ဒါပေါ့ .. ခေါင်းဆောင် ယွင် ခေါင်းဆောင် ရှင်း .. ကျွန်တော်ဆို အရုဏ်ကတည်းက နိုးနေတာ သေချာအိပ်လို့ မရဘူး”
“ခံပေါ့”
“ဟားဟားဟား”
အချင်းချင်း စနောက် နေကြသဖြင့် ယွင်ချဲ့ ဝတ်ကျေတန်းကျေသာ ပြုံးလိုက်သည်။ သို့သော် သူတို့ကို အမှန်တကယ် နှုတ်ဆက်လိုခြင်း မဟုတ်ဘဲ အခြားသော အကြောင်းရင်း ရှိသည်ကို ယွင်ချဲ့ သိသည်။
“ဝါး ! ဒီမှာ ပျော်စရာကြီးပဲ သခင် ! ဟိုမှာ စွမ်းအားရှိ စစ်သားတွေလား .. ဝါး အရမ်းမိုက်တာပဲ ကျွန်တော့် လောက်တော့ မဟုတ်ဘူးပေါ့ … ဟေ့ ရဲဘော်တို့ ဒီကိုကြည့် ဒီကိုကြည့် .. ငါ သားရဲနတ်ဘုရားက မင်းတို့ကို လာတွေ့နေပြီ”
“ဘာ”
ထိုခွေးပေါက်လေး စကားပြောကာ ယွင်ချဲ့ ခေါင်းပေါ်တက်ပြီး သူ၏လက် သေးသေးလေးဖြင့် စစ်သားများကို ဝှေ့ယမ်းပြတော့မှ သူ့ကို သတိထားမိ လိုက်ကြသည်။ အားလုံးလည်း ပါးစပ်ဟကာ ကြောင်ကြည့် နေကြပြီး ပါးစပ်ထဲသို့ ကြက်ဥ အလုံးလိုက်ပင် ထည့်၍ ရလောက်သည်။
ယွင်ချဲ့နှင့် သူ၏အဖွဲ့မှာ ရှက်ကိုးရှက်ကန်းနှင့် တောင့်ခဲ သွားလေသည်။
“ဟမ် ဘာဖြစ်လို့လဲ စကားဆက် ပြောကြလေ ဘာလို့ ရပ်လိုက်တာလဲ … မပြောဘူးလား ကောင်းပြီလေ .. ဒါဆိုလည်း ကိုယ့်ကိုယ်ကို မိတ်ဆက်ရမှာပေါ့ ငါက ဟေးယွီ .. ငါ့သခင်ရဲ့ သစ္စာအရှိဆုံး အသင့်တော်ဆုံး အပြည့်စုံဆုံး အချစ်ဆုံး … ဟင် ? လာပြန်ပြီလား .. ဝါး ! ပျော်စရာကြီး !”
ယွင်ချဲ့ သည်းမခံနိုင်တော့သဖြင့် ထိုအကောင်လေး၏ ခြေထောက်ကို ကိုင်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။ ဟေးယွီက စိတ်မဆိုးသည့်အပြင် ပို၍ ပျော်နေပုံရသည်။
“အဟမ်း .. ဟို ခေါင်းဆောင် ယွင် .. အဲဒါက မင်းရဲ့ ခွေးလား”
လေတာ့ရှန်လည်း သတိပြန်ကပ် လာပြီး မေးလိုက်သည်။ စကားပြောသော ခွေး၏ပုံရိပ်မှာ သူ၏စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်နေလေသည်။
“ဘာ စကားပြောတဲ့ခွေး”
“ငါက ငါရူးသွားပြီပဲ ထင်ခဲ့တာ .. ခွေးက တကယ် စကားပြောတယ်လား !”
“အဲဒီစကားပြောနိုင်တဲ့ ထူးဆန်းတဲ့ခွေးကို ဘယ်က ရှာတွေ့ခဲ့တာလဲ”
“အဲဒါ အိမ်စောင့်ခွေးလား .. အိမ်စောင့် ခွေးပေါက်စလေးပေါ့”
“ဘာအိမ်စောင့်ခွေးလဲ .. သူက စကားပြောတယ်ဟ ! စကားပြောသွားတယ် !”
စွမ်းအားရှင်များ၏ သိလိုစိတ်နှင့် မေးခွန်းများက ယွင်ချဲ့ကို လွှမ်းမိုးသွားသည်။ သူတို့သိထားပုံ အရ ခွေးများမှာ စကားမပြောနိုင်ပေ။ သို့သော် ထိုခွေးမှာ စကားပြောသွားပြီး သူ၏ပြောဆိုပုံကြောင့်လည်း အားလုံး အံ့ဩတကြီး ဖြစ်သွားရသည်။
“အဲဒါ ကျွန်တော့်ရဲ့ သန္ဓေပြောင်း မျိုးစပ်ခွေးပါ .. အားလုံးကို တောင်းပန်ပါတယ်”
ယွင်ချဲ့လည်း ထိတ်လန့် သွားသဖြင့် မျက်နှာမဲ့သွားပြီး အားလုံးကို တောင်းပန် လိုက်ရသည်။ ဟေးယွီမှာ သူသွားသည့် နေရာတိုင်းကို ဗြောင်းဆန်အောင် လုပ်သည်ကို ယွင်ချဲ့ သိသည်။ အိမ်မှ ဘတ်စ်ကား ထွက်ပြီးသည့်အချိန် အပြင်သို့ ထွက်လာရန် ထိုအကောင်လေး တမင်စောင့်နေခဲ့ခြင်း ဖြစ်မည်ဟု ယွင်ချဲ့ ယူဆလိုက်သည်။
ထိုစစ်ဆင်ရေးမှာတော့ အလွန်ပင် ပျော်စရာ ကောင်းပေတော့မည်။
***