YMR- အခန်း ၁၁၈

အခန်း (၁၁၈)

“ကျွန်တော်တို့မှာလည်း ၁၀နာရီပဲ ရေးထားတယ်”

ယွင်ချဲ့၏ စာရွက်က ကျန်းဝမ်ရှန်ကို အံ့ဩစေသည့်အပြင် ကူးမင်ရွှမ်းလည်း ရှင်းဖုန်း အချက်ပြသည်နှင့် သူတို့ရထားသော စာရွက်ကိုလည်း ကမ်းပေးလိုက်သည်။ စာရွက် ၂ ရွက်တည်းသာ မှားယွင်းခဲ့ပြီး ထိုစာရွက်တို့ကို ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ ရခဲ့ကြောင်းကို ကျန်းဝမ်ရှန် ကြံရာမရ ဖြစ်နေလေသည်။ ကာကွယ်ရေးတပ်၏ တံဆိပ်သာ မပါခဲ့လျှင် ထိုစာရွက်တို့ကို ယွင်ချဲ့တို့ ပြင်ဆင်ခဲ့သည်ဟု သူထင်ကောင်း ထင်မိလိမ့်မည်။

“ဒါဆို ကျွန်တော် တမင်လုပ်ပြောတာ မဟုတ်ဘူးမလား”

သာမန် စာရွက်တစ်ရွက်သာ ဖြစ်သဖြင့် ယွင်ချဲ့ အနေနှင့် သူစိတ်တိုင်းကျ ပြင်ဆင်နိုင်ပြီး တံဆိပ်ကိုလည်း နမူနာ ပုံစံသာရလျှင် အလွယ်တကူ ပုံတူကူး၍ ရနိုင်သည်။ လိုအပ်သော ပစ္စည်းများရှိသော သူတစ်ယောက်အတွက် ထိုသို့ လုပ်ရသည်မှာ အလွယ်ကူဆုံးပင်။

“ဒီ..ဒီစာရွက် ထုတ်တဲ့သူက အမှားလုပ်မိခဲ့တာ ဖြစ်လီမ့်မယ် … တောင်းပန်ပါတယ် ကာကွယ်ရေးအဖွဲ့က လိုအပ်သွားတာပါ”

စာရွက် ၂ ရွက်ကို ကိုင်လျက် ကျန်းဝမ်ရှန် မျက်နှာပျက် နေသဖြင့် ယွင်ချဲ့လည်း သူ့အနားသွားကာ ပခုံးကို ပုတ်လိုက်ပြီး သူ၏ သဘောထားကြီးမှုကို ပြလေသည်။

“ရပါတယ် တစ်နာရီပဲ နောက်ကျတာ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ လူတိုင်းက အမှားလုပ်တတ်တာပဲ ကာကွယ်ရေး တပ်ဖွဲ့က ကိစ္စအစုံနဲ့ အလုပ်များနေကြတာ .. စိတ်မပူပါနဲ့ ကိုယ့်ရဲ့လူတွေကို ဂရုစိုက်ဖို့ပဲ ပြောလိုက်ပါ”

ယွင်ချဲ့ အကြောင်းကိုသာ သေချာမသိခဲ့လျှင် သူ၏ နှစ်သိမ့်ပေးမှုတွင် မျောပါသွားနိုင်သော်လည်း အကြောင်းသိနေသော ကူးမင်ရွှမ်းနှင့် ယဲ့ရှင်းချန်တို့က စိတ်ထဲတွင် ကျိတ်ရယ်နေကြလေသည်။ ယွင်ချဲ့ထက် ပို၍ မျက်နှာပြောင် အတိုက်နိုင်ဆုံး သူကို အနောက်တောင် စခန်းတွင် ရှာတွေ့မည် မဟုတ်ပေ။ ဟေးယွီက လူမဟုတ်သောကြောင့် သူ့ကို စဉ်းစားရန်မလိုပါ။

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အကျိုးအကြောင်း မဆီလျော်သော်လည်း စာလုံးများကို တမင် ပြောင်းလဲခဲ့ခြင်းကို ကျန်းဝမ်ရှန် သိသော်လည်း သူတို့နှင့်ထိပ်တိုက် မငြင်းဆန်နိုင်ရုံ သာမကပဲ သူ့ဘက်ပင် အပြုံးနှင့် ပြန်လည် တောင်းပန်ခဲ့ရသဖြင့် ကျန်းဝမ်ရှန် ကိုယ့်ကိုယ်ကို အယုံလွယ်သူ တစ်ယောက်အဖြစ် ခံစားလိုက်ရသည်။

“ရပါတယ်”

ယွင်ချဲ့လည်း ကျန်းဝမ်ရှန် ပခုံးကို ထပ်ပုတ်လိုက်ပြီး ရှင်းဖုန်း လှည့်ကြည့်လျက် အရှေ့သို့ လှမ်းသွားကြသည်။ ကူးမင်ရွှမ်း၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့လည်း ကျန်းဝမ်ရှန် ဘေးမှဖြတ်သွားပြီး သူမည်မျှ ဆိုးဝါးစွာ ခံစားရနေမည်ကို တွေးကာ ကရုဏာသက်စွာ ကြည့်သွားကြသည်။

“ခေါင်းဆောင် ရှင်း .. မတွေ့ရတာ ကြာပြီနော်”

အရှေ့သို့ အနည်းငယ် လှမ်းပြီးနောက် ဝေ့ စစ်တပ်အဖွဲ့၏ ကိုယ်စားလှယ် ဗိုလ်ချုပ်လင်းက အရှေ့တွင် ကာရပ်လိုက်သည်။ ထို့နောက် ဝမ် စစ်တပ်အဖွဲ့၏ ကိုယ်စားလှယ် ဗိုလ်ချုပ်ဝမ် ရောက်လာပြီး လက်ကမ်း နှုတ်ဆက်လေသည်။

“ထပ်တွေ့ရတာ ဝမ်းသာပါတယ် ခေါင်းဆောင် ရှင်း”

စစ်တပ်အတွင်း လူများဖြစ်သည့် အလျောက် ရှင်းဖုန်းကို ကောင်းမွန်စွာ သိကြသည်။ ရှင်းဖုန်းက အခြားသော ကိစ္စများကြောင့် စစ်တပ်မှ မထွက်ခဲ့လျှင် ယခုအချိန်တွင် ဘွဲ့ဆုတံဆိပ်များစွာ ရရှိနေမည် ဖြစ်သည်။ ရှင်းဖုန်းက ဗိုလ်ချုပ် တစ်ယောက် မဟုတ်တော့သော်လည်း စစ်သား အများအပြားက သူ့ကိုလေးစားလျက်ပင်။

“သာမန် အစည်းအဝေးလေးပဲ မှတ်နေတာ ခင်ဗျားတို့တောင် ရောက်လာတယ် ဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်မယ် ထင်မိတယ်”

ကိုယ်စားလှယ် ဗိုလ်ချုပ်များနှင့် လက်ဆွဲ နှုတ်ဆက်ပြီးနောက် ရှင်းဖုန်းမှာ လိုအပ်သော အချက်အလက်များကို သေချာသိထားပြီး ဖြစ်သော်လည်း ဘာမှမသိသူ တစ်ယောက် ကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်သည်။ ခန်းမထဲရှိ အခြားစွမ်းအားရှင်များ ယုံကြည်ကောင်း ယုံနိုင်သော်လည်း ထိုဗိုလ်၂ ယောက် အတွက်တော့ ယုံကြည်ဖွယ်ရာ မရှိခဲ့ပေ။ ရှင်းဖုန်းနှင့် မော့ဝမ်းယန် တို့၏ ပတ်သက်မှုကို သူတို့သိထားသဖြင့် မော့ဝမ်းယန်က အစည်းအဝေး အကြောင်း မပြောပြထားကြောင်းဆိုသည်မှာ ဖြစ်နိုင်ချေမရှိပေ။

“နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားမှာပေါ့”

ဗိုလ်ချုပ် ဝမ်က တိတ်ဆိတ်နေစဉ် လင်းရှန့်က သောင်မတင်ရေမကျ ပြောလိုက်ပြီးနောက် ယွင်ချဲ့ကို ကြည့်ကာ စိတ်ထက်သန်စွာ လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်း လိုက်သည်။

“ဒီဘက်က ထိပ်ဉီးအဖွဲ့ခေါင်းဆောင် ယွင်ချဲ့ ဖြစ်မယ် ကြားထားတာနဲ့ နည်းနည်းလေးတော့ ကွာတယ်နော် .. ဒါနဲ့ ကျုပ်က ဝေ့စစ်တပ်က လင်းရှန့်ပါ”

မျက်မှန်မှတစ်ဆင့် လင်းရှန့်၏ မျက်လုံးတို့က အရှေ့တွင် ရပ်နေသော ပိန်သွယ်သည့် လူငယ်တစ်ယောက်ကို အသေးစိတ် ကြည့်လိုက်သည်။ စစ်တပ်၏ လက်ထဲတွင် အတော်ဆုံးသော စွမ်းအားရှင် အဖွဲ့ ၂၀ မှ အဖွဲ့ဝင်များ၏ ကိုယ်ရေး အချက်အလက်များကို ရရှိထားပြီး ထိပ်ဉီးအဖွဲ့က ဒုတိယ ဖြစ်သောကြောင့် ယွင်ချဲ့၏ ကိုယ်ရေး ရာဇဝင်ကိုလည်း ရရှိထားသည်။ သို့သော် ယွင်ချဲ့၏ အချက်အလက်များမှာ အသေးစိတ် မဟုတ်သည့်အပြင် ထိပ်ဉီးအဖွဲ့ဝင်များ၏ ကိုယ်ရေးမှာလည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ အချက်အလက် အတိအကျ ရရှိရန် စစ်တပ်က အမျိုးမျိုး ကြိုးစားခဲ့သော်လည်း ထိပ်ဉီးအဖွဲ့မှာ ခပ်လျှိုလျှိုသာ နေသဖြင့် ကြိုးစား၍ မရခဲ့ပေ။ ထိပ်ဉီး အဖွဲ့ဝင်တို့မှာ နေ့စဉ်လုပ်ငန်း တာဝန်များကို လုပ်ဆောင်သည်က လွဲ၍ လူအများကြား သူတို့မျက်နှာကို မထုတ်ပြခဲ့သော်လည်း ထိုအဖွဲ့က အလွန် နာမည်ကြီးလှသည်။ လျှို့ဝှက်နေခြင်းက အကျော်ကြားဆုံး ဖြစ်နေသည်ဟု ထင်ရသည်။

“ဪ ဘယ်လို ကွာတာလဲ”

သာမန် သူများဆိုလျှင် တွေ့ရတာ ဝမ်းသာကြောင်း သို့မဟုတ် အခြားတစ်ခုခုပြောလိမ့်မည် ဖြစ်သော်လည်း ယွင်ချဲ့က သာမန်နှင့် မတူဘဲ တစ်ဖက်လူ စကားထဲမှ ချက်ကောင်းကို ရှာကာ ပြန်ချေပ ပြောဆိုတတ်သည်။ မယဉ်ကျေးရာ ကျမည် စိုးသောကြောင့် လင်းရှန့်နှင့် ယွင်ချဲ့ လက်ဆွဲ နှုတ်ဆက်လိုက်သည်။

“ဘယ်လိုလဲဆိုတော့ … ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်ယွင်က ဒီလိုချောမောတဲ့ ရူပကာရှိမယ်လို့ မထင်ထားဘူး .. ဒီလို ကပ်ဘေးသာ မဖြစ်ရင် အနုပညာနယ်ပယ်မှာ အောင်မြင်နေမယ်ထင်တယ်”

အမြန်စဉ်းစားပြီးနောက် လင်းရှန့်က အလွယ်တကူပင် လွတ်လမ်းကို ရွေးချယ် နိုင်လိုက်သည်။

“ချောတယ် ? ကျွန်တော်တို့အဖွဲ့က လူချောတွေ များပါတယ်။ ကျွန်တော့်ရဲ့ အဖွဲ့သား ၂ ယောက်ကို ကြည့်လိုက် မချောဘူးလား … ကျွန်တော်တို့ မိဘတွေက အခြားသူတွေ အားကျလောက်တဲ့ ရုပ်ရည်မျိုးနဲ့ မွေးဖွားပေးခဲ့တော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလေ … ရထားတဲ့ အချက်အလက်တွေထဲ အရည်အချင်း မလုံမလောက် ဖြစ်ခဲ့တာတော့ အားနာပါတယ် .. ဗိုလ်ချုပ် လင်း”

လွတ်လမ်းကို မည်မျှပင် တွေးတော ရွေးချယ်ပြောဆို နိုင်ခဲ့ပါစေ သူဆန္ဒရှိလျှင် တစ်ဖက်လူကို သရော်ချက်ဖြင့် တိုက်ခိုက်ရန် ရှုထောင့်တစ်ခုကို လွယ်ကူစွာပင် ရှာဖွေနိုင်သည်။ အခွင့်အရေး ကြုံခိုက်တွင် ယွင်ချဲ့က ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့ကိုလည်း ထုတ်ကြွားလိုက်ရာ လင်းရှန့်ကဲ့သို့ သမ္ဘာရင့်ဝါရင့် လူတစ်ယောက်ပင် ယွင်ချဲ့၏ မျက်နှာပြောင် တိုက်မှုက အလွန်များသည်ဟု ခံစားလိုက်ရသည်။

သို့သော် ထိပ်ဉီးအဖွဲ့ဝင်၂ ယောက်က သူတို့၏ ခေါင်းဆောင်အတွက် ဂုဏ်ယူသွားလေသည်။

ယွင်ချဲ့နှင့် သိသူများက တိတ်တဆိတ် ချီးကျူးလိုက်ကြပြီး အနားပင် မကပ်လိုသော မော့ဝမ်းယန် သည်လည်း ဂုဏ်တက် သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယွင်ချဲ့ကို ရက်စက်ကြမ်းကြုတ်သူဟု မော့ဝမ်းယန် ထင်ခဲ့သော်လည်း ယနေ့ တွေ့လိုက်ရသည့် အဖြစ်ကြောင့် ယွင်ချဲ့၏ စကားများမှာ အညှာအတာ ကင်းမဲ့ကြောင်း သူသိခဲ့ရသည်။ ရှင်းဖုန်း၏ အိမ်စောင့် သားရဲဆိုသော နာမည်နှင့် အလွန် လိုက်ဖက်ပေသည်။

“ဒါနဲ့ ဒီဘက်က …”

ဗိုလ်ချုပ်လင်းကို ယွင်ချဲ့ အံ့အားသင့် စေခဲ့ပြီးနောက် အခြားဗိုလ် တစ်ယောက်ထံသို့ အာရုံပြောင်းလိုက်သည်။ ဗိုလ်ချုပ်ဝမ်က လင်းရှန့် ကဲ့သို့ အပြောမခံလိုသောကြောင့် စကားကို ဖြစ်နိုင်သမျှ အနည်းဆုံးကိုသာ ပြောဆိုလေသည်။

“ဝမ် စစ်တပ်ကိုယ်စားလှယ် ဝမ်ကွော်အန်း ပါ”

“အာ ဗိုလ်ချုပ်ဝမ် တွေ့ရတာ ဝမ်းသာပါတယ် .. ဗိုလ်ချုပ်တွေက အရပ်လူတွေနဲ့ အတော် ခြားနားတာပဲနော် ခင်ဗျားရဲ့ပုံစံနဲ့ အသွင်အပြင်ကို ကြည့်ရုံနဲ့တင် အတော် အရေးပါတယ်လို့ ထင်ရတယ် .. တခြားသူတွေကတော့ ကိုယ့်ကိုယ်ကို စစ်သား တစ်ယောက်လို့သာ ပြောတယ် ဟန်ပန်နဲ့ မျက်မှန်ကြီးတွေ တပ်ပြီးတော့ ရှိုးထုတ်နေကြတာ”

ယွင်ချဲ့က မျက်နှာလို မျက်နှာရပုံစံဖြင့် ဗိုလ်ချုပ်ဝမ်ကို လက်နှစ်ဖက်ဖြင့် လက်ဆွဲ နှုတ်ဆက် လိုက်သော်လည်း သူ၏ နောက်ဆုံးစကားက တစ်ယောက်ယောက်ကို နှိပ်ကွပ် လိုက်သကဲ့သို့ပင်။ သို့သော် မသင့်တော်သော အကြောင်းရာ တစ်ခုခုကို ယွင်ချဲ့ သတိထားမိ လိုက်သကဲ့သို့ ပြောဆိုသံလည်း ပြောင်းသွားလေသည်။

“အာ တောင်းပန်ပါတယ် ဗိုလ်ချုပ်လင်းကို ပြောတာ မဟုတ်ပါဘူး ခေါင်းဆောင် ရှင်း အနောက်မှ ရပ်နေတဲ့သူကို ပြောတာပါ … သူ့ကိုကြည့်လိုက်လေ ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ တခြားသူတွေကို မျက်စောင်းနဲ့ လိုက်ကြည့်နေတာ အဲဒီမျက်မှန်နဲ့လည်း ကြည့်ဉီး ကြောင်သူတော်နဲ့ မတူဘူးလား”

ယွင်ချဲ့က ကူးမင်ရွှမ်းကိုသာ ပြောဆိုနေသည်ဟု ထင်ရသော်လည်း အမှန်တကယ် ယွင်ချဲ့ ပြောနေသည်က ကူးမင်ရွှမ်း မဟုတ်ကြောင်း ဗိုလ်ချုပ်လင်း သိသည်။ သို့သော် အများရှေ့တွင် လင်းရှန့်က ဟန်မပျက် စေရန်သာ ကိုယ့်ကိုယ်ကို ထိန်းလျက် နေလိုက်သည်။

‘ငါ့ရုပ်က ဉာဏ်နီဉာဏ်နက် များသလို ဖြစ်နေတာတော့ ငါလည်း မတတ်နိုင်ဘူးလေ ဘာကိစ္စ ငါ့မျက်မှန်ကို ရန်ရှာရတာလဲ’

ကူးမင်ရွှမ်း အလိုမကျစွာ စိတ်ထဲမှ တွေးလိုက်သည်။

မဆီမဆိုင် ပြောဆိုခံလိုက်ရသော ကူးမင်ရွှမ်း အတွက် မျှတမှုမရှိပေ။ ကပ်ဘေး မဆိုက်ခင်ကတည်းက ကူးမင်ရွှမ်းမှာ အဝေးမှုန်သူ ဖြစ်ပြီး ကပ်ဆိုက်ပြီးနောက် စွမ်းအား ရလာချိန်တွင် အမြင်များ ပြန်လည် ကောင်းမွန် လာသော်လည်း မျက်မှန်မပါလျှင် အနေရခက်သဖြင့် မျက်မှန်ကို တပ်ဆင် ထားခဲ့သည်။ သူ့ကို ကြောင်သူတော်ဟု ပြောဆိုသည်က မရက်စက်ပေဘူးလား။ ထို့အပြင် သူသည် မျက်ရစ်မရှိသ ဖြစ်သောကြောင့် မျက်စောင်းနှင့် ကြည့်သကဲ့သို့ ဖြစ်နေသည်။ မျက်ရစ်ဖော်ခြင်းကို ခွဲစိတ်ရန် မတတ်နိုင်သဖြင့် မျက်ရစ်မရှိ ဖြစ်နေသည်က အပြစ်များ ဖြစ်သွားလေသလား။

“မင်ရွှမ်းကို မင်းဆက်ပြောနေရင် သူအော်ငိုတော့မယ်”

ရှင်းဖုန်းလည်း သူ၏အစ်ကိုကြီးအတွက် စိတ်မကောင်းဖြစ်နေပြီး စနောက်ကာ စကားဖြတ် လိုက်ရသည်။ သူ့အတွက် ကံမကောင်းသော နေ့ဖြစ်သွားပုံပင်၊ ယွင်ချဲ့က စစ်သားများ အထူးသဖြင့် ဗိုလ်ချုပ်များကို ထိုသို့ ပြောဆိုတတ်သည်။ အချိန်အားလျော်စွာဖြင့် ဗိုလ် ၃ ယောက်နှင့် သူတွေ့ဆုံနေရပြီး အကယ်၍ ပြဇာတ်ဆန်သည့် အနေအထား တစ်ခုခု မလုပ်ခဲ့ရလျှင် ယွင်ချဲ့ စိတ်ငြိမ်သက်နေမည်မဟုတ်ပေ။

“ဟီး .. စစ်တပ် ၃ ခုလုံးက ကိုယ်စားလှယ်တွေ လွှတ်လိုက်တယ် ထင်တာ နောက်တစ်ယောက်ကရော”

ယွင်ချဲ့ ကျိတ်ရယ်လျက် နှာခေါင်းကို ပွတ်လိုက်သည်။ ဝမ်ကွော်အန်းနှင့် လင်းရှန့်တို့ကို ချေပပြီး ဖြစ်သောကြောင့် အခန်းထဲတွင် ရှိနေနိုင်မည့် မော့ဝမ်းယန်ကို ရှာဖွေလေသည်။ မော့ဝမ်းယန်နှင့် ယွင်ချဲ့တို့ အချင်းချင်း မရင်းနှီးဟု လူအများက သိထားကြသဖြင့် ထိုအခွင့်အရေးကို သုံးကာ ပျော်စရာ ကောင်းသည်တို့ကို ယွင်ချဲ့ ဖန်တီးလိုက်ဉီးမည် ဖြစ်သည်။

ပုန်းကွယ်လျက် ခိုးရယ်နေခဲ့သော မော့ဝမ်းယန်မှာ အိမ်စောင့် သားရဲကြီးက သူ၏နာမည်ကိုခေါ်လိုက်သဖြင့် ရုတ်တရက် ကြောက်လန့် သွားလေသည်။ သို့သော် ဘာမှမဖြစ်သကဲ့သို့ ယွင်ချဲ့ တို့ထံ လက်ဝှေ့ယမ်း ပြလိုက်သည်။

“ကျုပ်ကို ရှာနေတာလား ခေါင်းဆောင် ယွင်”

မော့ဝမ်းယန်မှာ ဖြစ်နိုင်လျှင် ယွင်ချဲ့ မီတာ ၂၀ အကွာတွင် နေချင်သော်လည်း လက်တွေ့တွင် အခွင့်မသာသောကြောင့် အနားကပ်လာသော ယွင်ချဲ့နှင့် အဖွဲ့ကိုသာ ကြည့်နေလိုက်ရသည်။

“အဟမ်း ! မော့တပ်ဖွဲ့က မော့ဝမ်းယန် ပါ”

ယွင်ချဲ့၊ ရှင်းဖုန်းတို့နှင့် မျက်လုံး စုံသွားချိန်တွင် သူတို့ မျက်နှာထက်မှ လူမိုက်အပြုံးများကြောင့် မော့ဝမ်းယန် မျက်နှာမဲ့ သွားသော်လည်း ချောင်းဟန့်ကာ လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်။ ယွင်ချဲ့လည်း လက်ဆွဲ နှုတ်ဆက်လိုက်ပြီး ရှင်းဖုန်းကို လှည့်ကြည့်ကာ …

“စစ်သားတွေအပေါ် ကျွန်တော့်ရဲ့ နားလည်သိထားမှုက ပြောင်းပြန်ဖြစ်သွားပြီ စစ်တပ်ထဲကလူတွေက ဗိုလ်ချုပ်ဝမ် လိုမျိုး ဖြစ်မယ် ထင်ထားတာ … ဗိုလ်ချုပ် မော့ကို ချောမောတဲ့ သူတစ်ယောက်ဖြစ်မယ် မထင်ထားဘူး ခင်ဗျားက မိန်းမချောချောတာပဲ !”

“အဟမ်း !”

ရှင်းဖုန်း ရယ်မိမည် စိုးသောကြောင့် ချောင်းသာ ဟန့်လိုက်ရသည်။ သူ၏ ယွင်ချဲ့က အလွန်ဟာသ ပြောတတ်သည်။ ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင်ပင်မချန် ဗိုလ်ချုပ် ၃ယောက်ကိုလည်း အနိုင်ပိုင်း နိုင်ခဲ့သည်။

“ခေါင်းဆောင် ယွင် .. ကျုပ်လက်ကို လွှတ်ပေးလို့ ရပြီလား”

ယွင်ချဲ့ ဆုပ်ကိုင် ထားသော သူ၏လက်ကို ရုန်းကန်လျက် မော့ဝမ်းယန် မျက်နှာမဲ့ကာ သတိပေးလိုက်ပြီး ယွင်ချဲ့နှင့် သူ၏ဆွေစဉ်မျိုးဆက် ဘိုးဘွားတို့ကိုလည်း တိုင်တော ကျိန်ဆဲနေမိသည်။

‘ရှင်းဖုန်းရေ မင်းမြင်လား .. သူက အိမ်စောင့်သားရဲ မဟုတ်ရင် တခြား ဘာဖြစ်ဉီးမှာလဲ သားရဲတွေထက် သူက ပိုပြီး ရက်စက်တယ်’

“အာ အားနာပါတယ် ကျွန်တော်လည်း သတိလွတ်သွားလို့”

မော့ဝမ်းယန်ကို လွှတ်ပေးပြီးနောက် ယွင်ချဲ့လည်း သူ၏ကိစ္စ ပြီးသွားသဖြင့် ယဲ့ရှင်းချန်နှင့် ကျန်းရှန် ခေါ်ကာ သူတို့ အဖွဲ့အတွက် စီစဉ်ထားသော ထိုင်ခုံများတွင် ထိုင်လိုက်သည်။

“မင်းရဲ့မိန်းမက တော်တော် လူမဆန်တာပဲ !”

ရှင်းဖုန်းနှင့် လက်ဆွဲ နှုတ်ဆက်လျက် အနားကပ်ကာ မော့ဝမ်းယန်မှာ ငိုချင်သော အသံနှင့် တီးတိုး ပြောလိုက်သည်။ သူ၏လုံခြုံရေးအတွက် ထိုအိမ်စောင့်သားရဲနှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် သူရှောင်ပုန်း နေရမည်ဖြစ်သည်။

“ဟား ဟား”

ရှင်းဖုန်းလည်း ရယ်လိုက်ပြီး အစ်ကို ဝမ်းကွဲဖြစ်သူကို ပခုံးပုတ်ကာ ထွက်သွားလိုက်သည်။ ယွင်ချဲ့က အခြားဗိုလ်၂ယောက်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ချေပခဲ့ပြီးဖြစ်သောကြောင့် မော့ဝမ်းယန် ကို တမင်နှိပ်ကွပ်လိုစိတ်မရှိသည်ကို ရှင်းဖုန်း သိထားသည်။ အကယ်၍ ယွင်ချဲ့က မော့ဝမ်းယန်ကို တစ်ခုခု မပြောခဲ့လျှင် အများအမြင်တွင် ထူးဆန်း နေလိမ့်မည်။ အမှန်မှာ ယွင်ချဲ့သည် မော့ဝမ်းယန် အပေါ် သဘောထား ကောင်းစွာ ရှိပေသည်။

ဒရာမာဆန်ဆန် နှုတ်ဆက်ခြင်းကို ယွင်ချဲ့က လွဲ၍ ကမ္ဘာပေါ်တွင် မည်သူမှ လုပ်ကြမည် မဟုတ်ပေ။ ထိုသို့လုပ်ခဲ့သည်က အစိုးရနှင့် ကျန်သော စစ်တပ် ၂ ခုက သူ့အပေါ် ပို၍ အာရုံစိုက် လာကြမည်ဖြစ်သည်။

“စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ် .. အစည်းအဝေး ၉ နာရီ စမယ်မှန်း သိရင် အိမ်မှာ ဘာမှလုပ်စရာ မရှိတာကို ဒီတိုင်း ထိုင်မနေခဲ့ပါဘူး”

ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် ယွင်ချဲ့က အခြားသော စွမ်းအားရှင်များကို လက်ပြကာ နှုတ်ဆက် လိုက်သည်။ ယွင်ချဲ့ ထိုသို့ ပြောလိုက်သည်က အပြစ်မြင် ခံနေရသော ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ကျန်းဝမ်ရှန်ကို ထပ်မံ ထိုးနှက် လိုက်ခြင်းပင်။

“မကြာပါဘူး .. မင်းတို့လည်း တမင် နောက်ကျပြီး လာတာမှ မဟုတ်တာ”

“ဟုတ်တယ် ဒါကာကွယ်ရေး တပ်ရဲ့အပြစ်ပဲ .. တောင်းပန်စရာ မလိုပါဘူး ခေါင်းဆောင် ယွင်”

“ကာကွယ်ရေး အဖွဲ့က တာဝန်ရှိတဲ့ သူကို ရှာသင့်တယ် … တစ်ယောက်ယောက်က ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်းတို့ကို ချောက်ချခဲ့တာလား ငါတို့မှာတော့ မှန်ပြီး သူတို့ ၂ ဖွဲ့ပဲ မှားရတယ်လို့”

“ဟုတ်တယ် ခေါင်းဆောင် ကျန်း .. ဒါကို မျက်ကွယ် မပြုထားသင့်ဘူး သေချာ စစ်ဆေးပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”

“ဟုတ်တယ်”

လေတာ့ရှန် ဉီးဆောင် လိုက်ပြီးနောက် စွမ်းအားရှင်များက ယွင်ချဲ့နှင့် ရှင်းဖုန်း တို့ဘက်မှ ကာ၍ ပြောပေးလေသည်။ ထို့နောက် ကိုယ့်သဘောနှင့်ကိုယ် ပြောင်းလဲ ခဲ့သူကိုလည်း ရှာဖွေမည်ဟု ထပ်တလဲလဲ ကတိပေးနေသော ကျန်းဝမ်ရှန်ကိုလည်း ပြောဆို နေကြပြီးနောက် လူအုပ်မှာ တိတ်ဆိတ် သွားလေသည်။ အုတ်အော်သောင်းတင်း ဖြစ်နေချိန် ထိုလုပ်ရပ်ကို ဖန်တီးခဲ့သူနှင့် ရှင်းဖုန်းတို့ တစ်ခုခု တီးတိုးပြောဆိုနေကြသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset