YMR- အခန်း ၁၁၇

အခန်း (၁၁၇)

အနောက်တောင်စခန်းမှာ လူဉီးရေတစ်သိန်းကျော် ရှိနေပြီး နေ့စဉ်နေ့တိုင်း အသက်ရှင် ကျန်သူအများအပြား ရောက်လာလေ့ ရှိသည်။ အသက်ရှင် ကျန်သူများမှာ လင်းကျန်းမြို့မှ သာမက လုံဖျင်၊ ထုံယန်း၊ ရီလင်း မြို့များနှင့် ပြည်နယ်ဒေသ အတွင်းရှိ မြို့များစွာထံမှ ရောက်လာကြခြင်း ဖြစ်သည်။ စခန်းမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာသဖြင့် စစ်တပ်က အုပ်ချုပ်၍ မနိုင်တော့ပေ။ ကာကွယ်ရေး တပ်ဖွဲ့များတွင် စစ်တပ်ဖွဲ့ကြီး သုံးခုမှ တပ်သားများ ပါဝင်ပြီး ရဲတပ်ဖွဲ့များကို အစိုးရက ချုပ်ကိုင် ထားလေသည်။ စစ်တပ်က အဓိက အုပ်ချုပ်ရေးကို တာဝန်ယူထားသော အစိုးရကို ကူညီပေးပြီး စခန်းကို အုပ်ချုပ်ရသည်။ လိုအပ်သော ပစ္စည်းများ စုဆောင်းခြင်းနှင့် တာဝန်များ လုပ်ဆောင်ရတွင်လည်း အဓိက စစ်တပ်ကြီး ၃ ခုက တာဝန်များကို ဝေခွဲယူရသည်။ စွမ်းအားရှင်များကို စုစည်းစေခြင်း ကလည်း ထိုတပ်စု ၃ ခု၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။

အနောက်တောင် စခန်းတွင် စွမ်းအားရှင်အဖွဲ့ ၁၀၀ ကျော်ရှိပြီး စစ်တပ်နှင့် အဖွဲ့တို့ဖြင့် မလုပ်လိုသော တစ်ဉီးတည်း သီးခြားနေသော စွမ်းအားရှင်က အနည်းအကျဉ်းသာ ရှိသည်။ မည်သို့ဖြစ်ဖြစ် မနေ့က ယွင်ချဲ့နှင့် လေတာ့ရှန်တို့ ပြောသကဲ့သို့ စစ်တပ်မှာ စွမ်းအားကြီးသော အဖွဲ့များကိုသာ ရွေးချယ်တတ်ပြီး အားနည်းသော အဖွဲ့များအပေါ်တွင် အနည်းငယ်သာ မျှော်လင့်ထားကြသည်။ အဖွဲ့အားလုံးကို ဖိတ်ခေါ်ထားသည်ဟု ပြောဆိုနေကြသော်လည်း အမှန်မှာ အကောင်းဆုံးသော အဖွဲ့ ၂၀ နှင့် စွမ်းအားကြီးသော သီးခြားစွမ်းအား အချို့ကိုသာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုင် အစည်းအဝေး ခန်းမတွင် အဖွဲ့တစ်ခုစီ၏ ခေါင်းဆောင်နှင့် လက်ထောက် ခေါင်းဆောင်များ အပြင် စစ်တပ် တစ်ဖွဲ့စီ၏ ကိုယ်စားလှယ်များ အပါအဝင် လူဉီးရေ ၇၀ ကျော်ပင် ရှိနေသည်။ ကိုယ်စားလှယ်များမှာ ဗိုလ်မှူးများ ဖြစ်နိုင်ပြီး ထိုထက် မြင့်လျှင်လည်း မြင့်နိုင်ပေသည်။ အစိုးရက ကာကွယ်ရေး ခေါင်းဆောင် ကျန်းဝမ်ရှန် ကို အစည်းအဝေးသို့ တက်ရန် စေလွှတ်ခဲ့သဖြင့် ကြီးမားသော စစ်ဆင်ရေး ရှိနိုင်သည်မှာ အထင်အရှားပင်။

လူ ၃၀ ဆံ့သော စားပွဲနှစ်ခုတွင်လည်း လူများ အပြည့်ထိုင်နေကြပြီး အဖွဲ့များမှ ခေါ်လာခဲ့သော လူအရေအတွက် အလိုက် ထိုင်ခုံများကိုလည်း နေရာချ ထားရသည်။ ထိုထိုင်ခုံများမှာ သာမန် စွမ်းအားရှင် အဖွဲ့များ အတွက်ပင်ဖြစ်သည်။ အစည်းအဝေးမှာ ၉ နာရီတွင် စမည်ဖြစ်ပြီး စွမ်းအားရှင်များလည်း ၈ နာရီ နောက်ပိုင်းမှစ၍ အသီးသီး ရောက်ရှိလာကြသည်။ အချိန်မှာ ၉ နာရီသို့ နီးကပ်နေပြီး စစ်တပ်နှင့် အစိုးရအဖွဲ့တို့၏ ကိုယ်စားလှယ်များ မရောက်လာကြမီ ကတည်းက ခန်းမမှာ လူများ ပြည့်နှက် နေလေသည်။ အချင်းချင်း ရင်းနှီးပြီး သူများက အစုအဖွဲ့နှင့်ထိုင်ကာ အားလုံးကိုယ်စီ မျက်နှာဖုံး တပ်ထားလျက် စကားစမြည် ပြောဆိုနေကြသည်။

“ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့တွေ မရောက်လာသေးဘူးလား”

“မနေ့က ညမမှောင်ခင် အချိန်မှာ ထိပ်ဉီးနဲ့ ချောင်ယန်း တို့က ကားနှစ်စီးနဲ့ အပြင်ထွက် သွားကြတယ်လို့ ကြားတယ် နောက်တော့ ၈ နာရီလောက်မှ ပြန်ရောက် လာကြတယ်တဲ့ .. ဘာတွေဖြစ်တာလဲ သိချင်မိပါရဲ့”

“ဘယ်သိမလဲ .. ထိပ်ဉီးအဖွဲ့နဲ့ ချောင်ယန်းအဖွဲ့ကပဲ အထူး အခွင့်အရေး ရကြတာ စခန်း ကာကွယ်ရေး အဖွဲ့တွေက ကျုပ်တို့ကိုသာ ထွက်ခွင့်ပေးမှာ မဟုတ်ဘူး”

“ဒါတော့ မဟုတ်သေးဘူးလေ။ အထူး အခွင့်အရေးရတော့ ဘာဖြစ်လဲ သူတို့နဲ့ ထိုက်လို့ရကြတာပဲ … သူတို့ တော်တယ်ဆိုရင် ကျုပ်တို့ကို တာဝန်ထမ်းရတဲ့အခါ ခေါ်သွားပြီး ရိက္ခာတွေလည်း ခွဲပေးလေ”

“ဟုတ်တယ် ငါတို့နေခဲ့ရတဲ့ ဘဝကိုပဲ စဉ်းစားကြည့် တစ်နေ့ကို ၂ နှပ်ပဲစားရပြီး အမြဲဆာလောင်နေခဲ့ရတာ … ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့က ကျုပ်တို့ကို ခေါ်သွားပြီးတဲ့ အချိန် ကတည်းက လိုအပ်တဲ့ ပစ္စည်းရိက္ခာတွေ အမြဲစုံစုံလင်လင် ရတယ် .. အနည်းဆုံးတော့ ကျုပ်တို့ မငတ်ကြတော့ဘူးလေ”

“အမှန်ပဲ မြို့ထဲမှာ ရိက္ခာတွေ အများကြီး ရှိတာကို သိပေမယ့် ဘယ်သူ သွားယူရဲလို့လဲ .. သူတို့သာ မခေါ်သွားခဲ့ရင် အဲဒီက စက်ရုံတွေကို ကျုပ်တို့ဝင်နိုင်မှာတောင် မဟုတ်ဘူး”

“ဟိုး ဟိုး တော်ကြပါတော့ ကျုပ်က ဒီတိုင်း ပြောရုံလေးကို … ကျုပ်ပဲတောင်းပန်တယ် ဒီလိုရူးမိုက်မိုက် စကားပြောမိလို့ .. ကျုပ်ကိုခွင့်ပြုပါဉီး”

တစ်ယောက်ယောက်က ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့အကြောင်း စလိုက်သည့်အခါ ခန်းမတစ်ခုလုံး သူတို့အကြောင်းကို ပြောဆိုကြလေသည်။ အဖွဲ့ခေါင်းဆောင် တစ်ယောက်က ထေ့ငေါ့ပြောဆို လိုက်သည်ကို အခြားသူများက ပြန်လည် ဝေဖန်ချေပလေရာ ထိုခေါင်းဆောင်က ပြန်၍ တောင်းပန်ခဲ့ရသည်။ အခြားသူတို့မှာ ထိုလူကိုဆက်၍ မပြောဆိုကြတော့သော်လည်း သဘောကျခြင်းတော့ မရှိကြပေ။ ထိုအချိန်တွင် အစိုးရနှင့် တပ်ဖွဲ့ ၃ ခု၏ ကိုယ်စားလှယ်များ ရောက်ရှိ လာကြသည်။ ထိုစကားသံတို့ကို အခန်းအပြင်ဘက်မှ ကြားလိုက်သည့်အခါ သူတို့မျက်နှာများမှာ ပြောင်းလဲသွားကြပြီး အခန်းထဲ ဝင်လာကြသည့် အချိန်တွင် ပညာရှင်ဆန်စွာ အပြုံးတုများဖြင့် ဝင်လာကြလေသည်။

“ခေါင်းဆောင် ကျန်း”

ထိုသူတို့ ဝင်လာကြသည်နှင့် စွမ်းအားရှင်တို့မှာလည်း စကားပြော ရပ်လိုက်ကြပြီး အရှေ့ဆုံးမှ လမ်းလျှောက် လာသော ကာကွယ်ရေး ခေါင်းဆောင် ကျန်းဝမ်ရှန်ကို နှုတ်ဆက်ကြလေရာ ထိုလူကလည်း ပြန်၍ နှုတ်ဆက်လေသည်။

“အားလုံးပဲ ထိုင်ကြပါ”

ကပ်ဘေး မတိုင်မီ ကျန်းဝမ်ရှန်သည် လင်းကျန်းမြို့ ရှီကျုံး ပြည်နယ်၏ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကြားဆက်ဆံရေး မည်သို့ ဆောက်တည်ရမည်ကို ကောင်းမွန်စွာ သိသော ပါးနပ်သူ တစ်ယောက်ဖြစ်သည်။ စွမ်းအားရှင်များနှင့် မြို့သူမြို့သားများသည်လည်း ကျန်းဝမ်ရှန်ကို အလွန်ပင် လေးစားကြသည်။

“ထိပ်ဉီးနဲ့ ချောင်ယန်း အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ မရောက်သေးဘူးလား”

ဗိုလ်ချုပ်က အသံကိုမြင့်ကာ မေးလိုက်သည်။ ထိုလူအသွင်အပြင်မှာ အသက် ၃၀ အရွယ်ရှိပြီး မမြင့်မပုသော အရပ်နှင့် မျက်နှာမှာလည်း လေးထောင့်ကျ အနေအထား ရှိနေသည်။ တပ်သား တစ်ယောက်၏ အရိပ်အယောင်များ ထင်ရှား ပြည့်နှက်နေသည့် မျက်လုံး တစ်စုံမှလွဲ၍ အခြားသော ထူးခြားချက် မရှိပေ။ လွတ်နေသော ခုံများကို အလိုမကျ အထင်သေးဟန်နှင့် ကြည့်ကာ မေးလိုက်သဖြင့် စွမ်းအားရှင်များက မျက်မှောင်ကြုတ် လိုက်ကြသော်လည်း သူက စစ်တပ်၏ ကိုယ်စားလှယ် ဖြစ်နေသောကြောင့် သူတို့၏ မနှစ်မြို့ခြင်းကို ထိန်းချုပ်ကာ ဘာမှမပြောဘဲနေကြလေသည်။

ထိုသို့မေးပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားသဖြင့် ကျန်းဝမ်ရှန် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ မော့တပ်ဖွဲ့၏ကိုယ်စားလှယ် မော့ဝမ်းယန်က လွတ်နေသော ခုံများ၏ ဘေးတွင်ရှိသော ထိုင်ခုံတွင် ထိုင်လိုက်သည်။

“အဲဒီတော့ ? ကြည့်ရတာ သူတို့ အရေးပေါ် ကိစ္စကြုံနေတာ ဖြစ်နိုင်တယ်လေ ဟုတ်တယ်မလား သေရေးရှင်ရေး ကိစ္စဖြစ်နေရင် ဘယ်လိုလုပ်မလဲ … ဒီလို ဘာမှမဟုတ်တဲ့ အစည်းအဝေးအတွက် သူတို့အရာရာကို ထားရစ်ခဲ့မယ်လို့ မျှော်လင့်နေတာလား ဗိုလ်ချုပ် ဝမ် ?”

လူများအား ပြန်လည် ချေပရခြင်းကို မော့ဝမ်းယန် နှစ်သက်ပြီး ပြဿနာ အစအနဖော်ထုတ်ရာတွင်လည်း အလွန် ပါးနပ်လှသည်။ အထူး လေ့ကျင့်ထားခြင်း မရှိသော သာမန် စစ်သားများဆိုလျှင် သူနှင့် စကားနိုင်လု ပြိုင်ပွဲ လုပ်ရမည်ဆိုပါက အရှုံးပေးသွားကြလိမ့်မည် ဖြစ်သည်။

“ခင်ဗျားက တစ်ခုခု သိထားတဲ့ပုံပါပဲ ဘာကြောင့် အချက်အလက်လေး မမျှပေးရတာလဲ ဗိုလ်ချုပ်ကြီး မော့ .. ကျုပ်တို့ကူညီလို့ရရင် ကူညီပေးမှာပေါ့ … ပြီးတော့ ချောင်ယန်း နဲ့ ထိပ်ဉီးအဖွဲ့ဆိုတာက အနောက်တောင် စခန်းရဲ့ အကောင်းဆုံး အဖွဲ့တွေဆိုတော့ သူတို့အခက်ကြုံရင် စစ်တပ်ကလည်း တတ်နိုင်သလောက် ကူညီရမှာပဲ မဟုတ်လား”

ဗိုလ်ချုပ်ဝမ်ကို မော့ဝမ်းယန် သရော်ဟန်နှင့် ပြောလိုက်သော်လည်း အခြားဗိုလ်ချုပ် တစ်ယောက်က သူတော်စင်ယောင် ဆောင်သည့် အကူအညီကို ကမ်းလှမ်း ပြောဆိုလိုက်သည်။ ဗိုလ်ချုပ်ဝမ် နှင့်ယှဉ်လျှင် ထိုသူက ပို၍ ကြည့်ပျော် ရှုပျော်ရှိသည်။ မျက်မှန် တပ်ဆင်ထားပြီး ကျော်ကြားပုံ ရှိသည့်ဟန်ပန် အပြည့်ပင်။ ထိုသူက ဝေ့ စစ်တပ်၏ ကိုယ်စားလှယ် တစ်ဖြစ်လဲ ဝေ့ခန်၏ အယုံကြည်ရဆုံး လက်ထောက် လင်းရှန့် ဖြစ်သည်။

“မင်းပြောတာ ကျုပ်သဘောကျတယ် .. ကျုပ်တို့ စစ်သားတွေက လူတွေကို ကာကွယ်ရမယ့် တာဝန် ရှိတယ်မလား … ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့က လူတွေ ရောက်လာရင် သူတို့ကို ကိုယ်တိုင်မေးလိုက်ပါ ဗိုလ်ချုပ် လင်း … သူတို့ အခက်ကြုံနေတာ ဆိုရင် သူတို့ပြဿနာကို မင်းဖြေရှင်းပေးနိုင်မှာပဲလေ”

မော့ဝမ်းယန် ကလည်း ခေသူမဟုတ်သဖြင့် ချက်ချင်းပင် တုံ့ပြန်လေသည်။ ဗိုလ်ချုပ် လင်းကို ချီးမွမ်းလိုက်သည်ဟု ထင်ရသော်လည်း တစ်ဖက်လှည့်နှင့် ဖိနှိပ်လိုက်ခြင်းပင်။ ဗိုလ်ချုပ်လင်း အတွက် ဟုတ်သည် မဟုတ်သည် ဆိုသော အဖြေတို့က အထောက်အကူ မဖြစ်ပေ။

“ဟာ ဆရာ မော့ရယ် .. ကျုပ်တို့ တပ်စု ၃ ခုလုံးက မိသားစုတွေလေ ဘယ်သူပဲဖြေရှင်းနိုင် လိုက်ပါစေ အကုန် အတူတူပဲကို”

ဗိုလ်ချုပ် လင်းက တည်ငြိမ်စွာပင် မျက်မှန်ကို ပင့်တင်လိုက်ပြီး သူ၏လူကိုခေါ်ကာ မော့ဝမ်းယန် ဘေးတွင် ထိုင်လိုက်သည်။ ဗိုလ်ချုပ်ဝမ်လည်း သူ၏လူများကို ခေါ်ကာ စားပွဲတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး ကျန်းဝမ်ရှန်မှာ အလယ်တွင် ထိုင်လိုက်သည်။ ၉ နာရီ ၁၅ မိနစ်ကိုပင် ရောက်လာခဲ့သဖြင့် ကျန်းဝမ်ရှန်လည်း စစ်တပ် ၃ စု၏ ကိုယ်စားလှယ်များကို ကြည့်ကာ အသံကိုနှိမ့်လျက် …

“ဗိုလ်ကြီးတို့ အစည်းအဝေး စကြတော့မလား”

“ရပါတယ် ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့ဝင်တွေ မရောက်လာကြသေးဘူး … ငါလည်းမလောပါဘူး ခဏစောင့် လိုက်တာပေါ့”

အခြားသူများ၏ အထင်နှင့် ဆန့်ကျင်စွာ ဗိုလ်ချုပ်လင်းက ကျန်းဝမ်ရှန်၏ အကြံပြုချက်ကို အပြုံးနှင့် ငြင်းဆန်လိုက်ပြီး ခန်းမတစ်ခုလုံး ကြားစေရန် သူ၏အသံကိုမြင့်ကာ ပြောလိုက်သည်။ စစ်တပ်၏ ရာထူးမြင့် သူများမှာ မာနကြီးကာ မောက်မာ တတ်ကြပြီး ဗိုလ်ချုပ်လင်းက သာမန်လူ တစ်ယောက်ကဲ့သို့ နေထိုင်သဖြင့် စွမ်းအားရှင် အများစုက သူ့ကို အလွန်ပင် လေးစား သွားကြပြီး သူနှင့် စကားပြောသည့်အခါ အလွန်ပင် ဂုဏ်ယူဝမ်းမြောက် ကြသကဲ့သို့ ခံစားကြရမည်ဖြစ်သည်။

လူအများထံမှ ထိုသို့ တုံ့ပြန်ခြင်းကို ဗိုလ်ချုပ်ဝမ် လိုလားခဲ့ခြင်း ဖြစ်သည်။ စွမ်းအားရှင်များ၏ထောက်ခံ အားပေးခြင်းကို မကြိုက်သောသူ မရှိပေ။ အကယ်၍ စွမ်းအားရှင်များ အဖွဲ့အစည်းက တပ်စုတစ်ခု အောက်တွင် ရှိနေလျှင် စခန်းတစ်ဝက်ကိုပင် အုပ်ချုပ်ခွင့် ရနိုင်သည်။ သို့သော် တပ်စု ၃ ခုက ထိုကိစ္စနှင့် အချိန်ကြာစွာ ပဋိပက္ခ ဖြစ်ခဲ့ကြသောကြောင့် အစိုးရက ထိုအခွင့်အရေး ယူကာ အုပ်ချုပ်သွားခြင်း ဖြစ်သည်။

“ကောင်းပြီလေ စောင့်ကြတာပေါ့ .. ဘာမှ ထွေထွေထူးထူး လုပ်စရာမှမရှိတာ”

အမှန်မှာ ယနေ့ အစည်းအဝေးသည် သူတို့၏ အစီအစဉ်အရ အရေးကြီးဆုံး ဖြစ်သောကြောင့် မော့ဝမ်းယန် စိတ်ပူ နေခဲ့သော်လည်း ယွင်ချဲ့နှင့် ရှင်းဖုန်း က အခုထိတိုင် မပေါ်လာသေးပေ။ သူဟန်ဆောင် နေသည်ကို အခြားဗိုလ်ချုပ် နှစ်ယောက် မသိစေရန် မော့ဝမ်းယန် ဂရုမစိုက်သကဲ့သို့ နေလိုက်သော်ငြား သူမစောင့်ဆိုင်း နိုင်တော့ပေ။

“မင်းတို့စောင့်နိုင်မှတော့ ငါလည်း စောင့်နိုင်ပါတယ်”

ဗိုလ်ချုပ် ဝမ်မှာ လွန်ခဲ့သော မိနစ်ပိုင်းက စိတ်လော နေခဲ့သော်လည်း သူ၏ကိုယ်ဟန်ကို ထိန်းကာ အေးအေးဆေးဆေး ရှိသကဲ့သို့ နေပြလိုက်သည်။

တပ်စုသုံးခုက စောင့်ဆိုင်းရန် သဘောတူ လိုက်သဖြင့် ကျန်းဝမ်ရှန်လည်း ခန်းမထဲမှ အခြားသူများ စိတ်တက်ကြွစေရန် ရယ်မောကာ စကားပြော လိုက်သော်လည်း စွမ်းအားရှင်များက မည်သို့ဖြစ်နေသည်ကို သိချင်နေကြသည်။ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့မှာ စွမ်းအားကြီးပြီး ပျှမ်းမျှ အခြေအနေထက် သာလွန်သည် ဆိုသော်လည်း လက်ရှိ ရောက်နေကြသူများမှာ စခန်းတွင် ဩဇာရှိသော အထက်တန်းစား ရာထူးမြင့် စစ်တပ်ဖြစ်နေသည်။ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့က စစ်တပ် ၃ စုအတွက် အလွန် အရေးကြီးနေသည်လား။ ယခု အစည်းအဝေးက စင်စစ် ဘာအတွက်လဲဟု စွမ်းအားရှင်များ တွေးမိလာကြသည်။

၉း၃၀ တွင် အစည်းအဝေး ခန်းမ တံခါးပွင့်ကာ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ အတူတူ ဝင်လာကြပြီး ကူးမင်ရွှမ်း၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ အနောက်မှ လိုက်လာကြလေသည်။ သူတို့ ဝင်လာကြသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ် သွားလေသည်။

“ဟင်! လူတွေစုံနေကြပြီပဲ .. ၁၀ နာရီမှ စမယ် ထင်ထားတာ ကျွန်တော် အမှတ်မှား သွားလို့လား”

ယွင်ချဲ့ အံ့ဩတကြီးနှင့် ကြည့်လိုက်ပြီး သူ၏လက်ထဲရှိ ဖိတ်ခေါ်စာကို အမြန်ငုံ့ကြည့်ကာ ရေရွတ်လိုက်သည်။

“မနက် ၁၀နာရီ ပြောထားတော့ နောက်ကျမှာစိုးလို့ စောစောထပြီး အပြေးလာခဲ့တာကို”

သာမန် ရေရွတ်ရုံသာ မဟုတ်ဘဲ တစ်ခန်းလုံး ကြားအောင် ယွင်ချဲ့ ပြောလိုက်ခြင်း ဖြစ်သည်။ ယွင်ချဲ့ ပြောပြီးနောက် ခန်းမထဲရှိ စွမ်းအားရှင်များလည်း သူတို့လက်ထဲမှ စာများကို ကြည့်လိုက်ကြသော်လည်း ၉နာရီဟုသာ တွေ့ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်ကုန်လေသည်။ တစ်ယောက်ယောက်က ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့တို့ကို လှည့်စားခဲ့လေသလား။

“နောက်နေတာလား ခေါင်းဆောင် ယွင် .. ကျွန်တော်တို့က အရေအတွက် အတိအကျ ထုတ်ပြီး လိုက်ဖိတ်ခဲ့တာပါ .. စာစောင်တိုင်းမှာလည်း ၉ နာရီစမယ်ဆိုပြီး ရေးထားပါတယ်”

တပ်စု၃ခုမှ ကိုယ်စားလှယ်တို့၏ အကြည့်များကြောင့် ကျန်းဝမ်ရှန် မတ်တပ်ရပ်ကာ ပြောလိုက်ရသည်။ အားနည်းပုံရပြီး ခင်မင်ရင်းနှီးဖွယ် ကောင်းသော ယွင်ချဲ့မှာ ပရိယာယ်ကြွယ်ဝပြီး သူလုပ်ချင်ရာကို လုပ်တတ်ကြောင်း ကျန်းဝမ်ရှန် ကြားသိထားရသည်။

တစ်ဖက်သတ်တည်း မှန်ကန်ကြောင်း ပြောနေသော ကျန်းဝမ်ရှန်ကြောင့် ယွင်ချဲ့ မျက်မှောင်ကြုတ် သွားသည်။

“ခင်ဗျားပုံစံက ကျုပ်ကပဲ အဓိပ္ပါယ်မရှိတာ ပြောနေတယ်လို့ ထင်မြင်နေသလိုပဲ

‘ဟုတ်တယ် မင်းက အဓိပ္ပါယ် မရှိတာကို ပြောနေတာပဲလေ !’

ကျန်းဝမ်ရှန် စိတ်ထဲက ပေါက်ကွဲ လိုက်သော်လည်း အပြုံးမပျက်လျက်ပင် …။

“မဟုတ်ပါဘူး .. မင်းက …”

“ဒါဆိုလည်း ကိုယ်တိုင်ပဲ စစ်ကြည့်လိုက်လေ”

ကျန်းဝမ်ရှန် စကားမဆုံးမီ ယွင်ချဲ့က စာရွက်ကမ်း ပေးလိုက်သဖြင့် ကျန်းဝမ်ရှန်လည်း ယူဖတ်လိုက်သည်။

“အင်း … ရေးထားတာက .. ဟင် ၁၀ နာရီ”

၁၀ နာရီဟု ရေးထားသည်ကို ဖတ်လိုက် ရပြီးနောက် ကျန်းဝမ်ရှန် အလွန် အံ့အားသင့်ကာ စာရွက်ကို ကိုင်ထားသော လက်များလည်း ပိုမိုတင်းကျပ် သွားလေသည်။ အကြိမ်ကြိမ် အခါခါ ဖတ်သော်လည်း ၁၀ နာရီသာ ဖြစ်နေသောကြောင့် ကျန်းဝမ်ရှန် ခေါင်းကိုက်ခဲ သွားရသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset