YMR- အခန်း ၁၁၆

အခန်း (၁၁၆)

“ချန်ရော ဘယ်လို နေသေးလဲ”

အောက်ထပ်ကို ရှင်းလင်းပြီးနောက် ယွင်ချန် ရှိရာ အပေါ်ထပ်သို့ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ တက်လာခဲ့ကြသည်။ ယွင်ချန်၏ ဖုတ်ကောင်ဗီဇက သွေးနံ့ကြောင့် နှိုးထလုနီးပါး ဖြစ်သွားခဲ့ပြီး သူတို့သာ အချိန်မီ မရောက်လာခဲ့လျှင် ယွင်ချဲ့ အလွန်ပင် ဒေါသ ဖြစ်သွားလိမ့်မည်။

“အမြုတေတွေ အများကြီး စားပြီး အခုတော့ ငြိမ်သွားပြီ”

လန်ယဲ့ဟန်က ခုတင် တစ်ဖက်တွင် ထိုင်လျက် အလိုမကျသော မျက်နှာထားဖြင့် …

“သူတို့ကို မင်းဘယ်လို လုပ်လိုက်လဲ”

ယွင်ချန်၏ အမှန်တရားကို သိသွားခဲ့လျှင် ထိုသူတို့ကို လန်ယဲ့ဟန် အစအနဖျောက်ပစ်မည် ဖြစ်သည်။

“မသိဘူး .. ဟိုင်ရွှမ်း ဖြေရှင်းနေတာ .. သူတို့ …”

ယွင်ချဲ့လည်း သူ၏ညီလေး အနား ကပ်သွားကာ မျက်နှာကို ထိကိုင်လိုက်သည်။ လန်ယဲ့ဟန်ကို ကြည့်ပြီးနောက် ယွင်ချန်ထံတွင် အမြုတေ မရှိတော့ကြောင်း သိသွားသဖြင့် သူ၏နယ်မြေထဲတွင် သိမ်းထားသော အမြုတေများကို ထုတ်ပေးလိုက်သည်။ ယွင်ချန်မှာ ငြိမ်သက်သွားပြီ ဖြစ်သော်လည်း တုံ့ပြန်မှုက နှေးကွေးနေပြီး အမြုတေကို စက်ရုပ်ကဲ့သို့ မြန်ဆန်သောလှုပ်ရှားမှုဖြင့် သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည့် မြင်ကွင်းက အလွန် ရင်ကွဲဖွယ်ရာပင်။ ယွင်ချန်ကို သူတို့နှင့်အတူ သာမန်ဘဝတွင် နေနိုင်ရန် အချိန်ယူ ကြိုးစားခဲ့ရသော်လည်း ထိုလူတစ်စုကြောင့် ပျက်စီးလု နီးပါးဖြစ်ခဲ့ရသည်။

“အင်း”

လန်ယဲ့ဟန်လည်း ခေါင်းညိတ်ပြကာ အလွန်ဆာလောင် နေသူကဲ့သို့ အဆက်မပြတ် စားနေသော ယွင်ချန်ကို ငြိမ်သက် သွားစေရန် တားဆီးကာ ထိန်းလိုက်သည်။ ထို့နောက် အဆင့် ၂ အမြုတေကို ယူကာ ယွင်ချန် ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး …

“ထိန်းပါဉီး ဖြည်းဖြည်းစားနော် .. ငါရှိတယ်”

“ဟုတ်”

လန်ယဲ့ဟန်၏ ချစ်ခြင်း အပြည့်နှင့် ဂရုစိုက်ပေးသော အကြည့်တို့ကြောင့် ယွင်ချန်၏ သွေးဆာလောင် နေသော အရိပ်အယောင်များ ပျောက်ကွယ် သွားလေသည်။ ခေါင်းကို အသာညိတ်လျက် လန်ယဲ့ဟန် လက်ထဲမှ အမြုတေကို တစ်ကိုက် ယူစားလိုက်သည်။

သူတို့ကို မနှောင့်ယှက် လိုတော့သဖြင့် ယွင်ချဲ့လည်း လန်ယဲ့ဟန် ပခုံးကိုအသာပုတ်ကာ ရှင်းဖုန်း နှင့်အတူ ထွက်သွားလေသည်။

“မလှုပ်နဲ့ .. ခဏလောက် ဖက်ထားခွင့်ပေး”

တံခါးကို ပိတ်လိုက်ပြီးနောက် ယွင်ချဲ့ အနောက်လှည့်ကာ ရှင်းဖုန်းကို တင်းကျပ်စွာ ဖက်ထားပြီး လက်မောင်းများ ကြားတွင် သူ၏ခေါင်းကို မှီထားလိုက်သည်။ အနားတွင် ယွင်ချန် ရှိနေသရွေ့ အရာရာ အဆင်ပြေကြောင်း ကိုယ့်ကိုယ်ကို ပြောဆို နေခဲ့သော်လည်း အမြုတေကို စားရသည့် အချိန်တိုင်း စက်ရုပ်ကဲ့သို့ ပြုမူနေသည်ကို ကြည့်ရသည်က အလွန် မချိမဆံ့ ခံစားရသည်။ ပြီးခဲ့သော အချိန်များတွင် ယွင်ချန်မှာ နယ်မြေထဲတွင် ရှိနေခဲ့ချိန်က ယွင်ချဲ့ တစ်ယောက်တည်း ဖြစ်နေခဲ့သောကြောင့် မည်သို့ပင်ဖြစ်ဖြစ် စိတ်ခိုင် သန်မာရန် ကိုယ့်ကိုယ်ကို တွန်းအားပေး နေခဲ့ရသည်။ အခုချိန်တွင် ယွင်ချန်မှာ အပြင်ရောက်လာပြီ ဖြစ်ပြီး သူ၏အခြေအနေကိုလည်း အားလုံး သိထားကြသောကြောင့် ယွင်ချဲ့လည်း ရှင်းဖုန်း အရှေ့တွင် သူ၏ အားနည်း အားငယ်ရသည့် အချိန်တို့ကိုလည်း လွတ်လပ်စွာ ဖွင့်ဟခွင့် ပြုထားလိုက်သည်။

“သူအဆင်ပြေသွားမှာပါ”

ယခုကဲ့သို့ နှစ်သိမ့်ခြင်းက အချည်းနှီး ဆိုသော်လည်း သူ၏ကောင်လေးကို ဖက်ထားကာ ရှင်းဖုန်း ပြောပေးနိုင်သည့် တစ်ခုတည်းသေ အရာပင်။ လက်ရှိ အဖြစ်မျိုးကို မည်သူကမှ ရင်ဆိုင်ကြုံတွေ့ဖူးမည် မဟုတ်ပေ။ သူတို့မည်မျှ သန်မာပြီး ယုံကြည်ချက် ရှိသည် ဆိုသော်လည်း အကောင်းမွန်ဆုံးသော ဖြေရှင်းချက်ကို ကြိုးစား ရှာဖွေရန်သာ ရှိပေတော့သည်။

“အင်းပါ”

ယွင်ချဲ့လည်း ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။ သူ၏ညီလေး ကောင်းမွန် နေမည်ကို သူဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ပေ။

ကော်ရစ်တာတွင် တစ်ယောက်ကို တစ်ယောက် ဖက်လျက် အတော်ကြာသည် အထိ ရပ်နေခဲ့ကြသည်။ ကျန့်ယာဖေးနှင့် အခြားသူတို့လည်း ယွင်ချန် အခြေအနေကို ကြည့်လိုကြသဖြင့် အပေါ်သို့ တက်လာခဲ့ပြီး အပေါ်ထပ် လှေကား ရောက်သည်နှင့် ချက်ချင်း ပြန်လှည့် သွားကြသည်။ လန်ယဲ့ဟန်နှင့် ယွင်ချန်တို့ကို ယွင်ချဲ့ မနှောင့်ယှက်သကဲ့သို့ ယွင်ချဲ့နှင့် ရှင်းဖုန်းကိုလည်း သူတို့ မနှောင့်ယှက်လိုပေ။ ယွင်ချဲ့မှာ စွမ်းအားကြီး ဆိုသော်လည်း နတ်ဘုရားမဟုတ်၊ လူသားတစ်ယောက် ဖြစ်သောကြောင့် သူ၏ကိုယ်ပိုင် အချိန်ကို လိုအပ်ပေသည်။

လုဟိုင်ရွှမ်း ပြန်ရောက်လာသည့် အချိန်မှာ ည ၈နာရီပင် ရောက်နေပြီ။ ထိုလူတစ်စုကို မည်သို့ လုပ်ခဲ့ကြောင်း မမေးကြသော်လည်း တွေးဆရိပ်မိ နေကြပေသည်။ ညစာ စားပြီးနောက်တွင် ယွင်ချဲ့ ခွင့်ပြုချက်ဖြင့် လုဟိုင်ရွှမ်း ထသွားကာ သူ၏အမေနှင့် အဘိုးရှိရာ တစ်ဖက်အိမ်သို့သွားလေသည်။ အမှန်တရားက နာကျင်ရသည် ဆိုသော်လည်း သူ၏အမေနှင့် အဘိုးတို့ကို အပြစ်ရှိသကဲ့သို့ မခံစားစေလိုသဖြင့် သူတို့ကို အမှန်တိုင်းပြောပြရန် လုဟိုင်ရွှမ်း ရွေးချယ်ခဲ့သည်။ တစ်ချိန်တည်းတွင်လည်း ကပ်ဘေးကာလတွင် စိတ်ဓါတ် ခိုင်မာရန် လိုအပ်ပြီး သဘောကောင်းခြင်းနှင့် စာနာသနားခြင်းတို့ကို ရပ်တန့် နိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။

ထိုညက မည်သူမှ ကောင်းမွန်စွာ မအိပ်ခဲ့ရပေ။ ယွင်ချဲ့မှာ ရှင်းဖုန်း နှင့်အတူအိပ်ရန် သွားခဲ့သော်လည်း ရှင်းဖုန်းက ယွင်ချဲ့ကို တစ်ညလုံး ဖက်ထားခဲ့ပြီး ညသန်းခေါင် ရောက်တော့မှသာ နှစ်ယောက်လုံး အိပ်ပျော် သွားကြသည်။

အံ့ဩဖွယ် မရှိစွာပင် မနက်စောစောထကာ မိသားစုအတွက် မနက်စာ ပြင်ပေးတတ်သည့် ယွင်ယောင်နှင့် ဝမ်စူးဟွာ အပါအဝင် မိသားစုအားလုံး ပုံမှန်ရက်များထက် နောက်ကျမှ နိုးလာကြသည်။ တစ်ဖက်အိမ်မှ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ပြန်ရောက် လာကြသည့် အချိန်တွင် အကုန်လုံးမှာ အိပ်မောကျ နေလျက်ပင်။ အထူးသဖြင့် လုဟိုင်ရွှမ်းနှင့် သူ၏မိသားစုလည်း ထိုကဲ့သို့ပင်။ လုဟိုင်ရွှမ်း၏ အမေမှာ မျက်လုံးများ နီရဲနေသဖြင့် သူမတစ်ညလုံး ငိုခဲ့သည်ကို တန်းသိနိုင်ပြီး လုဟိုင်ရွှမ်း၏ အဘိုးမှာလည်း မနေ့ကထက် ပို၍ အိုမင်းသွားဟန် ပေါ်နေသည်။ အမှန်တရားက သူတို့၏ ကြင်နာတတ်သော နှလုံးကို အလွန်အမင်း နာကျင်စေခဲ့ပုံ ရသည်။

“ဒီနေ့ စစ်တပ်နဲ့ အစည်းအဝေး တစ်ခုရှိတယ် ရှင်းချန် .. ကျန်းရှန် .. ငါနဲ့လိုက်ကြ … ကျန်တဲ့သူတွေ အိမ်မှာပဲ နားလိုက်ကြ ဒီနေ့တစ်ရက် ဘာတာဝန်မှမလုပ်နဲ့ .. ဟိုင်ရွှမ်းက အမေနဲ့အဘိုးအတွက် အချိန်ပေးလိုက်”

မနက်စာ စားနေချိန် လူစုံခိုက်တွင် ယွင်ချဲ့ သူ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်သည့်အခါ တစ်ရက်ပင် မနားခဲ့သော လန်ယဲ့ဟန်က မျက်မှောင်ကြုတ် သွားသည်။ ယွင်ချန် အတွက် အမြုတေမှာ အမြဲ လိုအပ်နေသဖြင့် ယွင်ချန် လိုအပ်နေသမျှ ကာလပတ်လုံး လန်ယဲ့ဟန် မောပန်းသည်ဟု မခံစားရပေ။ ခေါင်းမော့လျက် ယွင်ချဲ့ကို ကြည့်လိုက်သော်လည်း သူ၏ ကန့်ကွက်ချက်ကို စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။

“စားလို့ပြီးပြီ”

ပန်းကန်လုံးနှင့် တူတို့ကိုချကာ လန်ယဲ့ဟန် အပေါ်ထပ်သို့ တက်သွားလေသည်။ လုဟိုင်ရွှမ်း၏ အမေနှင့် အဘိုးတို့ ထိတ်လန့်မည် စိုးသောကြောင့် ယွင်ချန်ကို အပေါ်ထပ်တွင်သာ နေခိုင်းထားရသည်။ ယနေ့လုပ်ရန် တာဝန်များ မရှိသဖြင့် ယွင်ချန်ကို တစ်နေ့လုံး အချိန်ပေးနိုင်တော့မည်ဖြစ်သည်။ ကုန်လွန်ခဲ့သော ရက်သတ္တပတ်များတွင် ယွင်ချန် အတွက် လန်ယဲ့ဟန် အချိန်မပေးနိုင်ခဲ့ပေ။

“ချဲ့ .. ဘာလို့ ငါ့ကို မခေါ်တာလဲ ကျန်းရှန်က စကားနည်းတယ်နော် .. တစ်ခုခု အငြင်းပွားတဲ့အခါ မင်းပြောလို့ မနိုင်ဘဲနေမယ်”

အခြေအနေကို ပြောင်းလဲရန် ကျိုးဇယ်ယွီက ကျန်းရှန်နှင့် စနောက်လေသည်။ သို့သော် ကျန်းရှန်က ယဲ့ရှင်းချန်ကိုသာ အာရုံစိုက်နေပြီး အခြားသူများအတွက် အချိန်မပေးနိုင်ပေ။

“ကျွန်တော်လည်း သခင်နဲ့ လိုက်ချင်တယ် ကျွန်တော့်ကို ခေါ်သွားပါလား … စစ်တပ်က လူတွေက အရမ်းမိုက်တယ်လို့ ကြားတယ် ဒါပေမယ့် တစ်ခါမှ မတွေ့ဖူးတော့ သူတို့ကို ကြည့်ချင်တယ်”

ဟေးယွီလည်း ဘယ်နေရာမှမသိ ပေါ်လာခဲ့ပြီး ယွင်ချဲ့ ပခုံးပေါ်တွင် ရပ်လိုက်ခြင်းမှာ မနက်စာ စားနေသော ယွင်ချဲ့ အတွက် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ထိုသတ္တဝါလေးမှာ အခြားသူများ မနက်စာ စားနေသည်ကိုလည်း ဖျက်ဆီးလိုက်သည်။ ဟေးယွီ ပြန်ပေါ်လာသည့် နေ့မှစ၍ တစ်ရက်ပင် စိတ်ချမ်းသာစွာ မနေရပေ။ သူတို့ သတိကြီးကြီး ထားကာ နေနေကြပြီး ဟေးယွီ သည်လည်း ပေါ်လာနှင့် ချက်ချင်း ထိုနည်းဖြင့်သာ ရင်ဆိုင်ရသည်။

“ဝိုး ! ထပ်ပျံ နေရပြန်ပြီ ! ဒီလိုခဏခဏ မလုပ်ပါနဲ့။ ကြာရင် ပျံရတာကို ကြိုက်သွားလိမ့်မယ်”

ယွင်ချဲ့က ထိုကောင်လေး၏ ခြေထောက်ကို ကိုင်ကာ အဝေးသို့ ပစ်လိုက်သော်လည်း ထိုမျက်နှာပြောင်လှသော သတ္တဝါလေးက လေထဲတွင် ပျော်စရာ ကောင်းကြောင်း အော်နေလေသည်။ သူကဲ့သို့ အရှက်မဲ့သူ ကမ္ဘာပေါ်တွင် ရှိနိုင်တော့မည် မဟုတ်ပေ။

“ငါတို့ဘယ်သူနဲ့မှ အငြင်းမပွားဘူး … ကျန်းရှန်က တော်ပြီးသား မင်းတိတ်တိတ်နေ”

ဟေးယွီ ကိစ္စကို ဖြေရှင်းပြီးနောက် ကျိုးဇယ်ယွီကို ယွင်ချဲ့ စိုက်ကြည့် လိုက်သည်။ ကျိုးဇယ်ယွီနှင့် ဟေးယွီတို့ကို ယှဉ်လျှင် မကွာခြားကြောင်း သူဘာကြောင့် တွေးမိနေတာလဲ။ သူရှိနေလျှင် သူငယ်ချင်း အချင်းချင်း ပြောဆိုနေရာမှ ရန်ထဖြစ်ရသည့် အခြေအနေသို့ ဖြစ်သွားလေ့ရှိသည်။ စကားနည်းခြင်းက ကောင်းသဖြင့် ကျန်းရှန်က ပြဿနာ ရှာတတ်သည် မဟုတ်သော်လည်း သူ၏အချစ်ကို မကြာခဏ ကြွားတတ်ခြင်းက ပြဿနာပင်။

“ငါ့ကိုဘာလို့ အမြဲ မာရေကျောရေ ပြောနေရတာလဲ ချဲ့ရယ်”

ယွင်ချဲ့ကို စိတ်ဆိုးစွာ ကြည့်လျက် ကျိုးဇယ်ယွီ မျက်နှာကို ဆူပုတ်လိုက်ရာ အခြားသူများ ခေါင်းခါလျက် ရယ်မိကြလေသည်။ ကျိုးဇယ်ယွီနှင့် ဟေးယွီတို့က အခြေအနေကိုပြောင်းလဲ နိုင်ခဲ့သည်။ လုဟိုင်ရွှမ်း၏ အမေနှင့် အဘိုးတို့ မျက်နှာတွင်ပင် အပြုံးများဖြင့် ပြန်လည် လန်းဆန်းလာသည်။

အစည်းအဝေးက ၉ နာရီတွင် စမည်ဖြစ်ပြီး ၈ နာရီခွဲတွင် မနက်စာ စားပြီးကြသော်လည်း ယွင်ချဲ့မှာ အဆောတလျင် မဖြစ်သည့်အပြင် ရှင်းဖုန်းနှင့် ကူးမင်ရွှမ်းတို့လည်း သူ့ကိုအလောတကြီး မလုပ်ကြပေ။ ထိုလူတို့က သူတို့ကို စခန်းအပြင်သို့ ထွက်ရန် ပြောထားကြသဖြင့် သူတို့စောင့်ပေးရမည် ဖြစ်သည်။ သူတို့မည်မျှပင် စိတ်တိုနေပါစေ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့ကို လေးစားသမှုတော့ ပြုရပေလိမ့်မည်။

“မမ .. ယဲ့ဟန်က ရှောင်ချန်နဲ့ တစ်ခန်းတည်း နေလိမ့်မယ် .. အဲဒီအခါ ယဲ့ရှင်းချန်နဲ့ ကျန်းရှန် တို့က ယဲ့ဟန် အခန်းကို ပြောင်းသွားရင် သူတို့အခန်းကို အန်တီ ဝမ်နဲ့ အတူတူ ရှင်းပေးပါဉီး ဒါဆိုရင် အန်တီ ချန်းနဲ့ အဘိုးတို့က ပထမထပ်က အခန်းမှာ နေလို့ရပြီ”

မနေ့ညက နောက်ကျခဲ့သဖြင့် ယဲ့ရှင်းချန်က ကျန်းရှန်ကို သူနှင့်အတူ အိပ်စေပြီး ကျန်းရှန် အခန်းတွင် အဘိုးချန်းကို အိပ်စေလိုက်သည်။ ကျန့်ယာဖေး သည်လည်း ယွင်ယောင်၊ ချန်ချန် တို့နှင့်အတူ အိပ်ကာ သူမအခန်းကို လုဟိုင်ရွှမ်း၏ အမေအား ပေးအိပ်လိုက်သည်။ တစ်ညတာအတွက် အဆင်ပြေသော်လည်း နောက်ရက်များ အတွက် သူတို့အခန်း နေထိုင်ပုံကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်သည်။ လန်ယဲ့ဟန်က သူတို့နှင့်အတူ မရှိသော်လည်း ယွင်ချဲ့ ဆုံးဖြတ်ချက်ကို သူငြင်းဆန်မည် မဟုတ်သည့်အပြင် ယွင်ချန် ပြန်ရောက်လာသည့် အချိန်မှစ၍ လန်ယဲ့ဟန်မှာ သူ၏အခန်းတွင် အိပ်လေ့ မရှိတော့ပေ။ ယဲ့ရှင်းချန်နှင့် ကျန်းရှန် တို့က ရှက်ကိုးရှက်ကန်း ဖြစ်နေကြသော်လည်း ယဲ့ရှင်းချန်က ငြင်းဆန်မပြုဘဲ ကျန်းရှန်မှာ သူ၏ရဲနေသော မျက်နှာကို ဂရုမထားဘဲ မျက်လုံးပြူးလျက်သာ ကြည့်နေလေသည်။

“အဟမ်း ! တစ်ခုခု လုပ်ချင်တယ် ဆိုလည်း ရတယ်နော် .. အသံလုံကာက ကောင်းတယ်လို့ပြောထားတော့ တခြားသူတွေကို နှောင့်ယှက်မိမှာ စိတ်ပူစရာ မလိုဘူး။ ဒါပေမယ့် တံခါးတွေ ပြတင်းပေါက်တွေတော့ လုံအောင် သော့ချထားပေါ့နော် !”

ယွင်ချဲ့ ချောင်းဟန့်ကာ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့၏ မျက်နှာကို ကြည့်လိုက်ပြီး စနောက်လိုက်သည်။

“ယွင်ချဲ့ !”

“ဟုတ်ကဲ့ !”

ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ မျက်နှာရဲတက် သွားသော်လည်း ကျန်းရှန်၏ အဖြေက ပွင့်လင်း လွန်းလှသည်။ အခြားသူများကလည်း သူတို့ကို စနောက်ဟန်နှင့် ကြည့်နေပြီး မိန်းကလေးနှစ်ယောက်ဖြစ်သည့် ယွင်ယောင်နှင့် ကျန့်ယာဖေး တို့လည်း ကျိတ်ရယ် နေကြလေသည်။

“အဘိုးချန်း .. အန်တီချန်း .. ကိုယ့်အိမ်လိုပဲ သဘောထားပြီး နေပါနော် .. အတိတ်မှာ ပြီးခဲ့တာပြီးပါစေတော့ ကျွန်တော်တို့တွေ ဘယ်လောက်ပဲ သတိရနေပါစေ ထွက်သွားတဲ့ သူတွေက ပြန်မလာနိုင်တော့ဘူးလေ … အသက်ရှင်နေတဲ့ သူတွေက ဆက်ရှင်သန်ဖို့ ကြိုးစားရမှာပေါ့ .. အနည်းဆုံးတော့ လုဟိုင်ရွှမ်းနဲ့ အတူတူ ပြန်ရှိနေနိုင်ပြီလေ ဟုတ်တယ်မလား”

စနောက်ပြီးနောက် ယွင်ချဲ့မှာ လုဟိုင်ရွှမ်း၏ အမေနှင့် အဘိုးအနားသို့ သွားလိုက်သည်။ သူတို့က လုဟိုင်ရွှမ်း၏ မိသားစုအရင်း ဖြစ်သောကြောင့် သူ၏မိသားစုလည်း ဖြစ်ပေသည်။

“ကျေးဇူးတင်ပါတယ်ကွယ်”

အန်တီချန်းက မျက်ရည်များ ကျလာပြီး ငိုလျက် ကျေးဇူးတင်စကား ပြောလေသဖြင့် လုဟိုင်ရွှမ်းလည်း သူမကို ဖက်ထားလိုက်သည်။ ယွင်ချဲ့လည်း လုဟိုင်ရွှမ်းကို ကြည့်ပြီးနောက် နောက်လှည့်လိုက်ပြီး ရှင်းဖုန်းကို ခေါင်းညိတ်ပြကာ ထွက်သွားကြသဖြင့် ယဲ့ရှင်းချန်နှင့် ကူးမင်ရွှမ်း တို့လည်း လိုက်သွားကြသည်။ သူတို့ အစည်းအဝေးသို့ သွားကြတော့မည် ဖြစ်သည်။ ထိပ်ဉီးအဖွဲ့က ယနေ့အတွက် နားလိုက်ကြသော်လည်း ချောင်ယန်း အဖွဲ့က သူတို့၏ တာဝန်ကို လုပ်ကြရပေဉီးမည်။ မည်သည့်တာဝန်ကို မလုပ်လျှင်တောင်မှ အဆင့်နိမ့်အမြုတေ ၁၀၀၀ ကို သူတို့၏ခေါင်းဆောင် လက်ထဲသို့ အပ်ရဉီးမည်ဖြစ်သည်။

“အန်တီ ဝမ် .. အန်တီချန်းကို အဖော်လုပ်ပေးပါနော် .. ယာဖေး လာ အခန်းတွေ သွားရှင်းရအောင်”

မနက်စာ မစားမီကတည်းက ချန်ချန်ကို မူကြိုသို့ ပို့ထားလိုက်သဖြင့် ယွင်ယောင် အတွက် အားလပ်ချိန်များ ရနေလေသည်။ လုဟိုင်ရွှမ်း၏ အမေ နေရခက်မည် စိုးသောကြောင့် သူမနှင့် သက်တူရွယ်တူရှိသော ဝမ်စူးဟွာကို အကူအညီ တောင်းလိုက်ပြီး ကျန့်ယာဖေးကို ခေါ်သွားလိုက်သည်။

“အဘိုးချန်း .. ကျွန်တော်က ကျိုးဇယ်ယွီပါ .. ကျွန်တော်နဲ့ ဟိုင်ရွှမ်းတို့ အဘိုးကို ဒီနေရာတစ်ခွင် လိုက်ပြပေးမယ်နော်”

အပြင်တွင် ပျော်သော ကျိုးဇယ်ယွီက အပြင်ထွက် လမ်းလျှောက်ရန် ခေါ်လိုက်သည်။ အဘိုးချန်းလည်း ကျိုးဇယ်ယွီ၏ စိတ်အား ထက်သန်မှုကို မငြင်းလိုသဖြင့် လုဟိုင်ရွှမ်းကိုကြည့်ကာ ခေါင်းညိတ် ပြလိုက်သည်။

“ကောင်း.. ကောင်းပြီလေ ကျေးဇူးတင်ပါတယ် လူလေး”

“ရပါတယ်ဗျ .. ဟိုင်ရွှမ်းရဲ့ အဘိုးက ကျွန်တော်ရဲ့ အဘိုးပဲလေ .. အဘိုးစိတ်ချရင် အဘိုးရဲ့မြေးကိုတောင် ကျွန်တော် ဂရုစိုက်ပေးနိုင်တယ်”

“ကောင်းတာပေါ့ .. တော်လိုက်တဲ့ ကလေးတွေ”

စိတ်ဝင်တစားနှင့် တက်ကြွမှုရှိသော ကျိုးဇယ်ယွီ ကြောင့် အဘိုးချန်းလည်း စိတ်ရွှင်လန်း လာပြီး မျက်ရည်ဝဲလျက် ခေါင်းညိတ် ပြလေသည်။ ထိုနေရာသို့ သူရောက်ခဲ့သည်က တစ်ရက်တောင် မရှိသေးသည့်အပြင် စိတ်မချမ်းမြေ့ဖွယ် ဖြစ်သွားခဲ့သော်လည်း ထိုလူငယ်တို့က ဟိုင်ရွှမ်းကို သူတို့၏ မိသားစုအဖြစ် သဘောထား ဆက်ဆံကြောင်း သူတပ်အပ် သိနိုင်သည်။ ယခုအိမ်လေး အတွင်း နွေးထွေးမှုများ ပြည့်နှက် နေကြောင်းကိုလည်း သူခံစားရသည်။ ယခုကဲ့သို့ ကပ်ဘေး ကာလတွင် နွေးထွေးမှုက တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခုပင်။

“ဟိုင်ရွှမ်း .. သွားရအောင်”

ကျိုးဇယ်ယွီလည်း အဘိုးချန်းကို လက်မောင်းမှ ထူပေးလိုက်ပြီး မထွက်သွားခင် လုဟိုင်ရွှမ်း၏ အမေကို အပြုံးနှင့်ကြည့်ကာ …

“အန်တီချန်း .. ကိုယ့်အိမ်လိုပဲ သဘောထားနော် ပြီးရင် အန်တီဝမ်နဲ့ စခန်းထဲ လမ်းလျှောက် ပတ်ကြည့်လိုက်ပါဉီး .. ဒီကလူတွေက သဘော အရမ်းကောင်းတာ”

“ဟင်? အာ.. ဟုတ်ပါပြီ”

ကျိုးဇယ်ယွီက သူမကို စကားပြောမည်ဟု မထင်ထားသဖြင့် လုဟိုင်ရွှမ်း၏ အမေက ခေါင်းကို အဆက်မပြတ် ညိတ်နေမိသည်။ ဝမ်စူးဟွာက သူမလက်ကို ကိုင်လျက် နှစ်သိမ့်ပေးလိုက်သည်။

“အစ်မချန်း စိတ်လျော့ထားပါ ဒီကလေးတွေက ပြောဆိုရ လွယ်ပါတယ်၊ အစ်မက ယဉ်ကျေးပြနေတော့ သူတို့ အနေခက်တာပေါ့ … ကျွန်မနဲ့ ကျွန်မ ယောကျ်ားလည်း ဒီကိုရောက်တော့ အဲဒီလိုဖြစ်ခဲ့တာပဲ နောက်မှ သူတို့ကို တဖြည်းဖြည်းနဲ့ သိလာတော့ … ”

ဝမ်စူးဟွာက ပွင့်လင်းသူ တစ်ယောက်ဖြစ်ပြီး သူမတို့ ကျော်ဖြတ်လာရပုံ တူညီကြသဖြင့် သူမစကားပြော မရပ်တော့ပေ။ ဆေးခန်း သွားတော့မည့် ကျန့်ထျန်းလုံက နှုတ်ဆက်ရန် ပြင်သည်ကို လက်ဝှေ့ရုံသာ ဝှေ့ယမ်း ပြလိုက်သည်။ ဝမ်စူးဟွာ ကြောင့် လုဟိုင်ရွှမ်း အမေ၏ မျက်နှာမှာလည်း ပြန်လည် ရွှင်လန်း လာလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset