YMR အခန်း ၁၁၃

အခန်း (၁၁၃)

“မမယောင် အဆင်ပြေရဲ့လား”

“ချန်ချန် ဘာဖြစ်သွားသေးလဲ .. သားကိုထိခိုက်အောင် လုပ်သေးလား”

“ချန် …”

ကျန့်ယာဖေးနှင့် အဖွဲ့သားတို့မှာ လူတစ်စုကို အာရုံပင် မထားဘဲ ယွင်ယောင် အနားသို့ အမြန်ပြေး သွားကြသည်။ လန်ယဲ့ဟန် သည်လည်း ထူးဆန်းစွာ ပြုမူနေသော ယွင်ချန်ကို သူ၏ပခုံးပေါ်တွင် မှီစေလိုက်သည်။

“ယွင်ချဲ့ .. ချန်ကို ငါအပေါ်ထပ် ခေါ်သွားလိုက်မယ်”

“အင်း”

သူတို့ကို စိတ်ချစွာဖြင့် ယွင်ချဲ့ ခေါင်းညိတ် ပြသော်လည်း သူ၏မျက်နှာ ထက်တွင် အေးစက်ခြင်းက ပြည့်နှက်နေသည်။ ထိုကလေးမက သူ၏အစ်မကို သတ်ပစ်မည်ဟု စူးဝါးစွာအော်လိုက်သည်ကို အိမ်အပြင်မှ ကြားလိုက်ရသည့် အချိန် ယွင်ချဲ့မှာ ကားရပ်သည်အထိ မစောင့်ဘဲ တံခါးကိုဖွင့်ကာ အမြန်ဝင်လာခဲ့သည်။ ယွင်ချဲ့ ကိုယ်တွင်းမှ ဓါးနက်ကိုလည်း မဆင့်ခေါ်ပါဘဲနှင့် ယွင်ချဲ့ လက်ထဲသို့ အလိုလို ရောက်လာပြီး သွေးဆာသည့် အရိပ်အယောင်များဖြင့် အနည်းငယ် တုန်ယင် နေ

“နင်ကရော ဘယ်သူလဲ! ဒါ ငါ့အစ်ကိုဝမ်းကွဲရဲ့ အိမ် .. ထွက်သွား!”

ဆူညံစွာ ပြောဆိုတတ်သော ထိုမိန်းကလေးက ယွင်ချဲ့ထံသို့ မီးလုံးများ ပစ်လိုက်ရာ သူမ၏ အပြုအမူကို ယွင်ချဲ့ လှောင်ရယ်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို ကျွမ်းကျင်စွာ လှည့်လျက် ထိုမီးလုံးများကို ပိုင်းဖြတ် ပစ်လိုက်သည်။ ထိုမိန်းကလေးက အံ့ဩမှင်သက်နေစဉ် ယွင်ချဲ့မှာ မျက်စိတစ်မှိတ် အတွင်း သူမအရှေ့ ရောက်လာပြီး ဓါးနက်မှာလည်း လျှပ်စီး စွမ်းအားများစွာ ပြည့်နှက်နေသည်။

“ဒါက မင်းရဲ့စွမ်းအားကို သုံးတဲ့ပုံစံပေါ့”

“အား !”

ယွင်ချဲ့၏ အေးစက်စက် အသံကို ကြားလိုက်ရပြီးနောက် ထိုမိန်းကလေးမှာ သူမ၏ဘယ်ဘက် ပခုံးမှ နာကျင်စွာ ဖြတ်တောက်ခြင်းကို ခံစားလိုက်ရသည်။ အလွန်စူးဝါးကျယ်လောင်သောအသံ နှင့်အတူ ထိုမိန်းကလေး၏ ပခုံးမှ သွေးများ အဆက်မပြတ် စီးကျလာလေသည်။ သန်မာသော လျှပ်စီးစွမ်းအားကလည်း ဒဏ်ရာမှ တစ်ဆင့် သူမကိုယ်ထဲ ဖြတ်သန်းနေသဖြင့် မိန်းကလေးမှာ ကြမ်းပြင်တွင် တဆန့်ဆန့် ဖြစ်နေပြီး ကော်ဇောမှာလည်း သူမ၏သွေးကြောင့် အရောင်ပြောင်း သွားလေသည်။

“ယင်းဇီ !”

“ယင်းဇီ !”

ဇနီးမောင်နှံဟု ယူဆရသော သက်လတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးတို့က မိန်းကလေး အနားသို့ ပြေးလာကာ ဆွဲထူ လိုက်ကြသည်။ ထိုမိန်းကလေးမှာ နာကျင်မှုကြောင့် သတိပင် မရှိတော့ပေ။ အခြားသူများလည်း ပြေးလာကြပြီး ယွင်ချန် ဆွဲပစ်လိုက်သော သူကလည်း ထရပ်ကာ သူ၏ခါးကို ကိုင်လျက် မျက်လုံးရဲကြီးများဖြင့် စိုက်ကြည့်နေသည်။

“ဘယ်လိုတွေ …”

“ဟိုင်ရွှမ်း !”

ကားပါကင် ထားပြီးနောက် အိမ်ထဲသို့ လုဟိုင်ရွှမ်း ဝင်လာရန် ထိုပြဿနာ ရှာသော လူတစ်စု၏ အာရုံက သူ့ထံသို့ ကျရောက်လာသည်။ သူတို့၏ မျက်နှာထက်တွင်လည်း အံ့ဩခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ ရှင်းဖုန်းနှင့် ကူးမင်ရွှမ်းလည်း လုဟိုင်ရွှမ်း နှင့်အတူ ဝင်လာခဲ့ရာ အိမ်ထဲမှ အခြေအနေကြောင့် မျက်မှောင်ကြုတ် သွားကြသည်။

“ဟိုင်..ဟိုင်ရွှမ်း … ဟိုင်ရွှမ်း …”

ခေါင်းတွင် အနာဖြစ်နေသော အမျိုးသမီးမှာ သွေးထွက်နေခြင်းကြောင့် သတိမရတရ ဖြစ်နေသော်လည်း လုဟိုင်ရွှမ်း နာမည်ကို ကြားလိုက်သည့်အခါ ကိုယ့်ကိုယ်ကို အားတင်းလျက် လုဟိုင်ရွှမ်းကို ခေါ်လိုက်သည်။ လုဟိုင်ရွှမ်းလည်း သတိလွတ်ကာ ရပ်ကြည့်နေမိပြီး သူမမျက်နှာကို မြင်သောအခါမှ အပြေးသွားကာ သူမကို ပွေ့ထားလိုက်သည်။

“အမေ .. အမေ ! ဘယ်လိုဖြစ်ရတာလဲ အမေ !”

သူမမှာ လုဟိုင်ရွှမ်း၏ အမေဖြစ်ကြောင်း ကြားလိုက်ရစဉ် ထိုလူတစ်စုကို သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေသော ယွင်ချဲ့ မျက်မှောင်ကြုတ် သွားလေသည်။ ထိုအမျိုးသမီးက လုဟိုင်ရွှမ်း၏ အမေဆိုလျှင် သူတို့က ….

“ဟိုင်ရွှမ်း … ဟိုင်ရွှမ်း …”

သူမ၏သား ဖြစ်ကြောင်း သေချာသည်နှင့် လုဟိုင်ရွှမ်း လက်ထဲတွင်ပင် ငိုကြွေးလေသည်။ အသက်ကြီးသည့် ယောကျ်ား တစ်ယောက်က ဆိုဖာပေါ်မှထကာ သူတို့အနားကပ် လာလျက် တုန်ယင်နေသော လက်များဖြင့် လုဟိုင်ရွှမ်း၏ မျက်နှာကို ထိကိုင်လိုက်သည်။

“ဟိုင်ရွှမ်း .. နောက်ဆုံးတော့ ပြန်တွေ့ခဲ့ပြီပဲ”

“ဘိုးဘိုး !”

လုဟိုင်ရွှမ်းလည်း အမေဖြစ်သူကို ပွေ့ထားလျက် မော့ကြည့်လိုက်သည်။ သူ့ကို အချစ်ဆုံးဖြစ်သော အဘိုးမှာ ဆံပင်များပင် ခဲရောင်နှင့် အဖြူရောင်သို့ ပြောင်းလဲ သွားခဲ့သည်။ သူတက္ကသိုလ် တက်ရန် ထွက်လာခဲ့စဉ်က သူ့အဘိုး၏ ဆံပင်များ မည်းနက် နေသေးသည်ကို သူအသေအချာ မှတ်မိသည်။ လုဟိုင်ရွှမ်း မျက်ရည်ကျလာပြီး သူ၏ရင်ထဲတွင်လည်း ဝမ်းနည်း စိတ်မကောင်းခြင်းများ ပြည့်ကျပ် လာသကဲ့သို့ ခံစားလိုက်ရသည်။

“တော်သေးတာပေါ့ .. ကောင်းတယ် အခုလိုရှိနေပေးတာ”

ထိုလူကြီးက သူ၏တုန်နေသော လက်များဖြင့် လုဟိုင်ရွှမ်း၏ ပခုံးကို ပုတ်ကာ မျက်ရည်ဝဲလျက် ကြည့်နေလေသည်။ လုဟိုင်ရွှမ်း၏ အမေမှာ ထိုလူကြီး၏ တစ်ဉီးတည်းသော သမီးဖြစ်ပြီး တစ်မိသားစုလုံးကလည်း အလွန် ချစ်ကြသည်။ ကပ်ဘေး ကျရောက်သည့်အခါ ထိုလူကြီး၏ဇနီး၊ သားမက်နှင့် မြေးမလေးတို့ ဆုံးပါးခဲ့ကြသည်။ လု မိသားစုက သူနှင့် သူ၏သမီးက သူတို့ကိုသတ်ခဲ့သည်ဟု ယူဆကာ မကြာခဏ ရိုက်နှက်ကန်ကျောက် တတ်ကြသည်။ လုဟိုင်ရွှမ်း ကြောင့်သာ သူတို့စိတ်ကို အားတင်း နေခဲ့ရသည်။ မဟုတ်လျှင် သူတို့သေခဲ့ကြမည်မှာ မလွဲပင်။

ကပ်ဘေးကာလတွင် ကြာကြာ နေလာသည် နှင့်အမျှ လုဟိုင်ရွှမ်းကို ရှာတွေ့နိုင်ရန် မျှော်လင့်ချက်လည်း လျော့နည်း လာခဲ့သည်။ သို့သော် သူတို့ လက်လျော့ကြတော့မည့် အချိန်တွင် အရှေ့မြောက်တပ်စုက သူတို့ကို တွေ့ရှိသွားပြီး လုဟိုင်ရွှမ်း အသက်ရှင် နေသေးကြောင်းနှင့် အနောက်တောင် စခန်းတွင် သူတို့ကို စောင့်နေကြောင်း ပြောပြလေသည်။ သို့သော် မထင်မှတ်ထားခြင်းတို့က ရုတ်တရက် ဖြစ်ပေါ်လာသည်။ အခြားသော လု မိသားစုများက လုဟိုင်ရွှမ်းသည် စစ်တပ်နှင့် ပူးပေါင်း ထားသည့်အပြင် သူ၏အဘိုးနှင့် အမေကိုလည်း အနောက်တောင်စခန်းသို့ ခေါ်သွားနိုင်သည်က လုဟိုင်ရွှမ်းမှာ အာဏာ အနည်းအကျဉ်း ရှိနိုင်သည်ဟု တွေးကာ သူတို့လည်း အတူလိုက်ပါခဲ့ရမှ ယခုကဲ့သို့ ပြဿနာ ဖြစ်လာခဲ့ရသည်။

“လုဟိုင်ရွှမ်း .. ဒီခွေးမသားတော့ ! နင်က အဲဒီမျိုးမစစ် အမေနဲ့ သေခါနီး အဘိုးကြီးကိုပဲ ဂရုစိုက်နေ .. ဒီမှာ နင့်ညီမဝမ်းကွဲ ဒဏ်ရာရနေတာ မမြင်ဘူးလား”

သက်လတ်ပိုင်း အမျိုးသား တစ်ယောက်က သွေးများ ပေပွနေသော မိန်းကလေးကိုပွေ့ထားပြီး လုဟိုင်ရွှမ်းနှင့် သူ၏အမေ၊ အဘိုးတို့ကို ဒေါသများဖြင့် ကြည့်နေလေသည်။ ဘေးတွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသမီးက လုဟိုင်ရွှမ်းကို လက်ညှိုး ထိုးလျက် ကျိန်ဆဲနေလေသည်။

“နင်က သူတို့ကို ချစ်သေးတာလား သူတို့ကြောင့် နင့်အဖေနဲ့ ညီမတို့ သေခဲ့ရတာ! လုဟိုင်ရွှမ်း .. နင့်ကိုယ်နင် လု မိသားစုဝင်လို့ သတ်မှတ်သေးရဲ့လား .. သူတို့က နင့်အဖေနဲ့ ညီမကို သတ်ခဲ့တာဟဲ့! အခု အဲဒီလူတွေက ယင်းဇီကို ထိခိုက်အောင် လုပ်ကြပြန်ပြီ .. မြန်မြန် သူတို့ကို သတ်လိုက်! သူ့အတွက် လက်စားချေပေးလိုက် !”

သူတို့စိတ်ထဲတွင် လုဟိုင်ရွှမ်း သာလျှင် အောင်မြင်သူ ဖြစ်ကြောင်း မဟုတ်လျှင် အရှေ့မြောက်တပ်စုက သတင်းပေးပြီး လေယာဉ်နှင့် လိုက်ပို့မည် မဟုတ်ဟု တွေးနေကြသည်။ လုဟိုင်ရွှမ်းက သူ၏အမေနှင့် အဘိုးကိုသာ ဂရုစိုက်နေသဖြင့် ထိုအမျိုးသမီးက ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ယင် လာသည်။ အခြား လု မိသားစုဝင်များလည်း ထိုကဲ့သို့ပင်၊ သူတို့အားလုံး ယွင်ချဲ့ကို မကျေမနပ် ဖြစ်နေကြသည်။

“ဘယ်သူ့ကို သတ်စေချင်တာ ?”

မိသားစု ပြန်လည် ဆုံစည်းရချိန်တွင် ပျော်ရွှင်ခြင်း မရှိဘဲ ဝမ်းနည်းခြင်းနှင့်သာ ကြုံကြိုက်နေရသည့်အပြင် သူတို့က လုဟိုင်ရွှမ်းကို ဒေါသဖြစ်စေရန် နှိုးဆွနေကြသည်။ ထိုမိန်းမ ညွှန်ပြရာသို့ လုဟိုင်ရွှမ်း ခေါင်းမော့ ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အေးစက်ခြင်းများ ပြည့်လျှံလာပြီး ထိုအေးစက်ခြင်းများ နောက်ကွယ်တွင် သူတို့အပေါ် စိတ်ပျက်ခြင်းများလည်း ဖြစ်ပေါ်လာသည်။ သူတို့သည် လုဟိုင်ရွှမ်းနှင့် မျိုးရိုးတူသော်လည်း မရင်းနှီးသည့်အပြင် ဆွေမျိုးများဟုလည်း လုဟိုင်ရွှမ်း မမှတ်ယူထားပေ။ ကပ်မဆိုက်ခင်က ထိုမိသားစုတို့မှာ မြို့ပေါ်တွင် အိမ်များစွာ ဝယ်ယူနိုင်သော လူချမ်းသာများ ဖြစ်နေကြချိန် လုဟိုင်ရွှမ်း၏ မိဘများမှာ ဆင်းရဲပင်ပန်းစွာ နယ်စပ်ဒေသရှိ လယ်ယာ လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရသည်။ ထိုဆွေမျိုးများက သူတို့အတွက် စဉ်းစားပေးခြင်း မရှိသည့်အပြင် လုဟိုင်ရွှမ်း၏ ဝမ်းကွဲမောင်နှမ များကလည်း လုဟိုင်ရွှမ်းကို မောင်နှမအဖြစ် မသတ်မှတ် မခေါ်ဝေါ်ကြပေ။ သူ၏ဒုတိယမြောက် အဒေါ်ကို လုဟိုင်ရွှမ်း သေချာမှတ်မိသည်။ သူ၏အဘိုးအဘွားတို့က နယ်ကျေး ဒေသတွင် နေကြသဖြင့် နှစ်သစ်စားပွဲသို့ရောက်သည့်အခါ မြို့ပေါ်မှ ဆွေမျိုးများ ရောက်လာကြပြီး သူတို့၏ကလေးများကို လုဟိုင်ရွှမ်းတို့ မောင်နှမနှင့် အတူမဆော့ရန် ပြောတတ်သည်။ သူ၏အဒေါ်ပြောသည်ကို ကြားပြီးသည့် အချိန်ကတည်းက လုဟိုင်ရွှမ်းသည် သူမကို မနှစ်သက်ခဲ့ပေ။ ယခုတွင်လည်း သူမပြောသော စကားကို သူလုံးဝ ယုံကြည်မည် မဟုတ်ပေ။

“သူလေ .. သူက ယင်းဇီကို ထိခိုက်အောင် လုပ်တာ .. သူ့ကို လက်စားချေပေး”

ရူးသွမ်းကာ ဒေါသစိတ် မွှန်နေသော ထိုမိန်းမက လုဟိုင်ရွှမ်း၏ ပုံမှန်မဟုတ်သော အနေအထားကို သတိမမူမိဘဲ မနီးမဝေးတွင် ရပ်နေသော ယွင်ချဲ့ကိုသာ လက်ညှိုး ထိုးလျက် သူမ၏ အကြည့်များတွင် မုန်းတီးမှုများ ပြည့်နှက် နေသည်။

“သူ့ကိုသတ်ရမယ်? သူက ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိရဲ့လား! သူနဲ့ယှဉ်ရင် ခင်ဗျားတို့က ကျုပ်အတွက် ဘာမှ မဟုတ်တာကို သိထားသင့်တယ်!”

လုဟိုင်ရွှမ်း ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။ သူတို့ဘာကြောင့် ဒီနေရာထိရောက်လာ ရသည်ကို သူမသိသော်လည်း သူမတုံးပေ။ အခြေအနေကို သုံးသပ်ကြည့်ရုံဖြင့် သူတို့ဘာကြောင့်ရောက်လာရသည်ကို ခန့်မှန်း၍ ရနိုင်ပေသည်။ သူတို့ကို သနားသော အားဖြင့် လွှတ်ပေးထားသည်ကို အခွင့်ကောင်းယူကာ ကပ်ဘေးအတွင်း သူ၏မိသားစုဝင် အစစ်အမှန် ဖြစ်ခဲ့သော ယွင်ချဲ့ကို သတ်ခိုင်း နေကြသည်လား။

“န..နင်..နင်…”

“လုဟိုင်ရွှမ်း မင်း ဒါဘာပြောတာလဲ .. ငါတို့က လု မိသားစုက လူကြီးတွေနော် .. ဒါမင်းထက် အကြီးတွေကို ပြောဆိုတဲ့ပုံစံလား”

အမျိုးသမီးက အလွန် ဒေါသထွက်နေပြီး တစ်ကိုယ်လုံး တုန်ယင်ကာ လုဟိုင်ရွှမ်းကို လက်ညှိုးထိုးလျက် စကားမပြောနိုင်သည့် အချိန်တွင် ကျန်သော လု မိသားစုများက ရှေ့တက်လာပြီး လုဟိုင်ရွှမ်းကို ဆူပူကြသည်။ သူတို့အားလုံး လု မျိုးရိုး မဟုတ်သော်လည်း အချို့က လု မိသားစုဝင်နှင့် လက်ဆက် ထားကြခြင်း ဖြစ်သည်။

“အကြီးတွေ ? အကြီးဆိုလည်း လူကြီး ပီသအောင်နေလေ .. ခင်ဗျားတို့ ကိုယ်ခင်ဗျား ပြန်ကြည့်ဉီး ဘယ်လို အကြီးတွေလဲလို့”

တစ်ယောက်ချင်းကို ကြည့်ကာ လုဟိုင်ရွှမ်း သရော်လိုက်သည်။

“မင်း…မင်းက ငါတို့ မိသားစုအတွက် အရှက်ရစရာပဲ .. ငါ့အစ်ကိုကြီး အတွက် မင်းကိုသေတဲ့အထိ ရိုက်ပစ်မယ် !”

“မလုပ်နဲ့ .. ငါ့သားကိုမထိနဲ့ !”

ယွင်ယောင်ကို ထိကပါးရိကပါး လုပ်ခဲ့သော ယောကျ်ားကြီးက လုဟိုင်ရွှမ်းကို ထိုးရန် ပြင်လိုက်စဉ် လုဟိုင်ရွှမ်း အမေ ရောက်လာပြီး သူမ မျက်နှာထက် လက်သီး ကျရောက်လာမည်ကို စောင့်နေခဲ့သော်လည်း အတော်ကြာသည်အထိ မထူးခြား လာသောကြောင့် မျက်လုံး ဖွင့်ကြည့်လိုက်ရာ လုဟိုင်ရွှမ်းက ထိုလူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားသည်ကို တွေ့လိုက်ရသည့် အခါ သူမ သတိလစ်လုနီးပါး ဖြစ်သွားသဖြင့် ကျန့်ယာဖေး အပြေးလာကာ သူမကိုဖက်ထားလိုက်သည်။

“အဲဒီလူက သူ့ရဲ့ညစ်ပတ်တဲ့ လက်နဲ့ မမယောင်ကို အသားယူခဲ့တယ်လို့ ဟေးယွီ ပြောတယ် .. ဟိုင်ရွှမ်း ဒီကိစ္စတွေကို ဒီနေ့ အပြီးရှင်းသင့်တယ် .. အမေနဲ့ အဘိုးကို စိတ်မပူနဲ့ ငါကြည့်ထားပေးမယ်”

ထိုလူကြီးကို ကျန့်ယာဖေး စူးစိုက် ကြည့်ပြီးနောက် သွေးထွက်လွန်ကာ သတိလစ်သွားသော လုဟိုင်ရွှမ်း၏ အမေကို ထိန်းကိုင်ထားပြီး ကျန်တစ်ဖက်က ဆိုဖာပေါ်တွင် ထိုင်နေသော အဘိုးကို ဆွဲထူလိုက်သည်။ ဟေးယွီ စကားကြောင့် ထိပ်ဉီး အဖွဲ့သားများ ဒေါသသွေး ဆူသွားကြသည်။ အကယ်၍ ထိုသူများက လုဟိုင်ရွှမ်းနှင့် မပတ်သက်နေလျှင် သူတို့အားလုံး ဇီဝိန်ချုပ် သွားကြမည်မှာ မလွဲပင်။ ထိပ်ဉီးအဖွဲ့မှာ တစ်ခါမှပင် ထိုသို့ကိုယ်ထိ လက်ရောက် စော်ကားခံရခြင်း မရှိခဲ့ပေ။

“အ ! ငါက မင်းရဲ့ဉီးလေးနော် .. မင်းဘာလုပ်တာလဲ အား!”

ယွင်ယောင် ကိုယ်ထိလက်ရောက် စော်ကားခံရသည်ဟု ကြားလိုက်သောအခါ လုဟိုင်ရွှမ်းက ထိုလူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ထိုလူက နာကျင်လွန်းသဖြင့် စူးဝါးစွာအော်လိုက်ပြီးနောက် သူ၏လက်အရိုးများမှလည်း ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ရှင်းဖုန်းနှင့် ကျန့်ယာဖေးက လုဟိုင်ရွှမ်း၏ အမေနှင့် အဘိုးကို တစ်ဖက်အိမ်သို့ ရွေ့ပေးလိုက်ပြီး ရှုကျဲကို ရှာစေလျက် လုဟိုင်ရွှမ်း၏ အမေကို ကုသပေးရန် ကျန့်ယာဖေးကို မှာလိုက်သည်။ သူနှင့် ကူးမင်းရွှမ်းက ယွင်ချဲ့ အိမ်တွင် ရှိနေကြကာ မျက်နှာပျက်နေကြသည်။ ယွင်ချဲ့မှာ မခံမရပ်နိုင်စွာ ဒေါသဖြစ်နေပြီး သူ၏လူသတ်ချင်သော စိတ်မှာလည်း အနည်းငယ်ပင် မလျော့သွားခဲ့ပေ။ ထိုလူတစ်စုကို လူသေများကဲ့သို့သာ စိုက်ကြည့် နေလေသည်။

“တောင်းပန်ပါတယ် .. ငါ့အမှားပါ”

ကူးမင်ရွှမ်း ရှက်ရွံ့ အားနာစိတ်တို့ဖြင့် ယွင်ချဲ့ အနားသို့ လျှောက်လာခဲ့သည်။ သူနှစ်သက် သဘောကျသော မိန်းကလေးက ကိုယ်ထိလက်ရောက် စော်ကား ခံရသည်ဟု ကြားလိုက်သည့်အခါ သူမကို မကာကွယ် ပေးနိုင်ခဲ့သဖြင့် ကူးမင်ရွှမ်း ကိုယ့်ကိုယ်ကို အပြစ်တင် နေမိသည်။ တာဝန်အတွက် ယွင်ချဲ့ မနက်စောစော ထွက်သွားစဉ် အရှေ့မြောက် တပ်စုစခန်းမှ ရုတ်တရက် အဆက်အသွယ် ရလာပြီး လုဟိုင်ရွှမ်း၏ မိသားစုက အနောက်တောင် စခန်းသို့ itလေယာဉ်နှင့် လာနေကြောင်း ကူးမင်ရွှမ်းထံသို့ ပြောဆိုခဲ့သည်။ ဖုန်းချပြီးသည်နှင့် မော့ဝမ်းယန် ထံမှ စာရောက်လာ၍ လေယာဉ်ကွင်းသို့ သွားကာ ထိုသူတို့ကို သွားရောက် ကြိုဆိုခဲ့ရသည်။ ထို့နောက် အိမ်ပြန်ရောက်သည်နှင့် အရေးပေါ်ကိစ္စ ကြုံရပြန်သဖြင့် ထိုလူတစ်စုကို ယွင်ယောင်နှင့် မိတ်ဆက်ပေးကာ ကူးမင်ရွှမ်း အဆောတလျင် ထွက်သွားခဲ့ရသည်။ သူ၏ကိစ္စရပ်များ မည်သို့မည်ပုံ ဖြစ်နေမည်ကို စစ်ဆေးရန် ထွက်သွားခြင်း စ်သော်လည်း အခြေအနေကို ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

“ခင်ဗျား အပြစ် မဟုတ်ပါဘူး … ကျုပ်မိသားစုကို ထိတဲ့သူမှန်သမျှ တစ်ယောက်ချင်းစီကို သေချာရှင်းပစ်မယ်”

ယွင်ချဲ့ ခေါင်းကိုလှည့်ကာ အေးစက်မှုနှင့် ခါးသီးခြင်းတို့ ပြည့်နေသော အကြည့်များဖြင့် ကူးမင်ရွှမ်းကို စိုက်ကြည့် လိုက်သည်။ ထိုအချိန်တွင် ရှင်းဖုန်းက ရှေ့တက်လာပြီး ယွင်ချဲ့ကို ဖက်ကာ နှစ်သိမ့်လိုက်သည်။

“ဒီကိစ္စကို ဟိုင်ရွှမ်းပဲ ဖြေရှင်းပါစေ .. ရလဒ်ကိုမကျေနပ်မှ ငါတို့ စိတ်တိုင်းကျ လုပ်ကြတာပေါ့”

ထိုသူတို့မှာ လုဟိုင်ရွှမ်း၏ ဆွေမျိုးများဖြစ်ပြီး လုဟိုင်ရွှမ်းက သူတို့ကို ဂရုမစိုက်ဟုဆိုသော်လည်း သူတို့ကြောင့် ယွင်ချဲ့နှင့် လုဟိုင်ရွှမ်း တို့ကြား အချေအတင် ဖြစ်ကြမည်ကို ရှင်းဖုန်း မလိုလားပေ။

“ကောင်းပြီလေ”

ယွင်ချဲ့မှာ အလွန်ဒေါသ ထွက်နေသော်လည်း ဆင်ခြင်တုံတရား ရှိနေသေးသည်။ မဟုတ်လျှင် ထိုလူတစ်စုကို သူသတ်ပြီးနေပြီ ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset