အခန်း (၁၁၂)
၃ ရက်ကြာပြီးနောက် တာဝန်ရှိသူများက စွမ်းအားရှင် အဖွဲ့များနှင့် တစ်ဉီးတည်း သီးသန့်နေသော စွမ်းအားရှင်များကို ဖိတ်ခေါ်ကာ စုဝေး စေလိုက်သည်။ ရည်ရွယ်ချက်ကို ဖော်ပြထားခြင်း မရှိဘဲ နယ်မြေ A ရှိ စစ်တပ်ပိုင် ဌာနသို့ လာရောက်ရန်သာ ပြောဆိုထားသည်။ ဖိတ်ခေါ်ရသူများသည် အကြောင်းရင်းကို မသိကြသော်းလည်း ငြင်းဆန်ခွင့် မရှိကြောင်းကို သိရှိထားပြီး ဖြစ်သည်။ စစ်တပ်က စခန်းကို ထောက်ပံ့ထားပြီး လူအများ၏ လုံခြုံရေးကိုလည်း တာဝန်ယူစောင့်ကြပ် ပေးထားသည်။ စွမ်းအားရှင်များက စစ်တပ်မှ ချမှတ်ထားသော တာဝန်များကို အောင်မြင် ပြီးမြောက်နိုင်လျှင် သူတို့ လိုအပ်သည်ကို တောင်းဆိုခွင့် ရနိုင်သည်။
“ခေါင်းဆောင် ယွင် ဒီနေ့အများကြီး သိမ်းယူလာခဲ့တယ်လို့ ကြားတယ်နော်”
စွမ်းအားရှင်များ အဖွဲ့အစည်းတွင် သူတို့၏ လုပ်ဆောင်ရပ်များကို တင်ပြရန် အချိန်ပင်ဖြစ်သည်။ အရှုံးသမား အဖွဲ့မှာ ထိပ်ဉီးအဖွဲ့နှင့် လွန်စွာပင် ခင်မင်ရင်းနှီးကြပြီး အရှုံးသမား အဖွဲ့ခေါင်းဆောင် လေတာ့ရှန်က အဖွဲ့ကို ဉီးဆောင် လာနေသော ယွင်ချဲ့ကို အော်ပြောလိုက်သည်။ သူတို့မှာ ဝမ်အန်း ဒေသရှိ စက်မှုဇုံမှ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ လင်းကျန်းမြို့မှ ထိုဒေသတွင် အပင်နှင့်စက်ရုံများ များပြားစွာရှိပြီး ဆင်ခြေဖုံးဒေသ ဖြစ်သော်လည်း လိုအပ်သော ပစ္စည်းအများအပြားကို သိမ်းယူလာနိုင်ခဲ့သည်။
“ခင်ဗျားလည်း သိပ်မဆိုးပါဘူး ခေါင်းဆောင်လေ … ခင်ဗျား ဝင်ဖောက်ခဲ့တာ ဘီယာချက် စက်ရုံမလား ကျုပ်တို့ အနည်းအကျဉ်း ဖလှယ်ကြရင်ရော ဘယ်လို သဘောရလဲ”
ယွင်ချဲ့မှာ သာမန် အနေအထားဖြင့် တည့်မတ်စွာ လျှောက်သွားပြီး လေတာ့ရှန်နှင့် ပြောဆိုလေသည်။
“ဟား ငါ့လူရာ .. ငါက မေးသင့်လားပဲ တွေးတုန်းရှိသေး .. တွေ့လား ငါ့အဖွဲ့သားတွေက အသားကို လိုချင်နေကြတာ”
လေလုံအိတ်များဖြင့် ထည့်ထားသော ဝက်အူချောင်းများနှင့် အသားများကို သိမ်းယူရရှိခဲ့သည် ဆိုလျှင်လည်း ထိုအရာတို့မှာ အသားများပင်။ လတ်ဆတ်သော အသားများကို ရရန်ပင် မဆိုထားနှင့်၊ ဓါတ်အား ပြတ်တောက်မှုကြောင့် ရေခဲရိုက်ထားသော အသားစိမ်းများပင်လျှင် ပျက်စီး သွားနိုင်သည်။
“ဟီးဟီး …”
ယွင်ချဲ့ လှမ်းကြည့်လိုက်ရာ ယိုသုန်း၊ ရှုရိဖန်နှင့် အခြားသူများက ခေါင်းကုတ်လျက် ရယ်ပြလိုက်သည်။ သို့သော် သူတို့၏ ခေါင်းဆောင် ပြောသည်က အမှန်ပင်။ ထုံယန်း မြို့မှယူလာခဲ့သော အသားများမှာ စားသောက်၍ ကုန်သွားပြီ ဖြစ်သည်။
“နှစ်ဖွဲ့လုံးက လိုအပ်တာချင်း အတူတူပဲလေ ဒါကြောင့် ကျွန်တော်တို့ ကလည်း အခုလို ရင်းနှီးနေကြတာပဲမလား … ခေါင်းဆောင်က ဝိုင်ပြင်းပြင်းတွေ သောက်ခွင့် မပေးထားတော့ ဘီယာလောက်ရင် အဆင်ပြေတယ်မလား ချဲ့”
ကျိုးဇယ်ယွီက ယိုသုန်း ပခုံးပေါ် လက်တက်လိုက်ပြီး သူတို့၏ စနိုးစနှောင့် ဖြစ်နေခြင်းတို့ကို လျော့ပေးလိုက်သည်။ ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့မှာ အခြားအဖွဲ့များကို ဉီးဆောင်ရသော်လည်း ထိုအဖွဲ့များနှင့် ကင်းကင်းရှင်းရှင်း နေကြပြီး အရှုံးသမား အဖွဲ့တစ်ဖွဲ့တည်းနှင့်သာ နီးကပ်စွာ ပြောဆိုကြသည်။ လေတာ့ရှန်နှင့် သူ၏ အဖွဲ့သားများမှာ ပွင့်လင်းသူများ ဖြစ်ကြပြီး ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့ကိုလည်း မကြာခဏ ချီးကျူး ပြောဆိုလေ့ရှိသည်။
“အေးပါ .. ခေါင်းဆောင် လေ ဝက်အူချောင်းတွေတော့ ထားလိုက် .. အအေး ရိုက်ထားတဲ့ အသားတွေ ရှိတယ် ဘီယာနဲ့လဲလို့ လောက်လား”
ယွင်ချဲ့က ကောင်းမွန်သော အရာတစ်ခုခုကို ကမ်းလှမ်း လိုက်ပြီးသည်နှင့် စားပွဲပေါ်တွင် အအေးရိုက်ထားသော ဝက်သားတုံးများ စားပွဲပေါ် ကျလာခဲ့သည်။
“ငါအမြင်မှားနေတာ မဟုတ်ဘူးလို့ ပြောကြဉီး .. ဒါက ဝက်သားတွေလား”
“ငါဝက်သားတွေကို မမြင်ရတာ တော်တော်ကြာနေပြီ .. သူတို့တွေ ဝက်သားကို ဘယ်ကရခဲ့တာလဲ”
“ငါတို့တွေ ဝက်သားနဲ့ တစ်ခုခု လဲကျရင်ရော
“ဝက်သား တစ်ဖတ်လေး စားရရုံနဲ့တင် ငါသေပျော်ပါပြီကွာ .. ဒီလိုခေတ်ပျက်ကြီး ကြုံပြီး ကတည်းက ဝက်သားကို တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးဘူး”
ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်ကာ စွမ်းအားရှင်များ အဖွဲ့အစည်းမှာ ပရမ်းပတာ ဖြစ်သွားရသည်။ လူအများ၏ အကြည့်မှာလည်း စားပွဲပေါ်ရှိ ဝက်သားများကိုသာ အာရုံရောက်နေပြီး မကြာခဏ တံတွေး မျိုချနေကြသဖြင့် အရှုံးသမားအဖွဲ့၏ နယ်မြေ စွမ်းအားပိုင်ရှင် ဟယ်ယုံယိက ချက်ချင်းပင် ဝက်သားများကို သိမ်းဆည်း လိုက်သည်။
“ဟိုး ဟိုး ခေါင်းဆောင် ယွင် .. ဒါတွေကို သိမ်းထား လိုက်မယ်နော် ဟိုမှာ သွားရည်တများများနဲ့ ချောင်းနေတဲ့ အမဲလိုက်သမားတွေကို တွေ့လား .. ဘယ်သူမှ တားလို့မမှီရင် ဒီဝက်သားတွေကို ခုန်အုပ်နေကြမယ်”
“ဟားဟားဟား”
“သေလိုက်လေ ဟယ်ယုံယိ”
“ငါတော့ လက်မခံနိုင်ဘူး .. ခေါင်းဆောင် .. ဟယ်ယုံယိကို ကျွန်တော် စိန်ခေါ်ချင်တယ်”
“ဟေ့ မင်းကသစ် ငါကနယ်မြေလေ မျှတအောင် လုပ်ပါဉီး အိုကေလား”
“ဟားဟားဟား”
ဟယ်ယုံယိ ပြောပြီးသည်နှင့် ထိပ်ဉီးအဖွဲ့နှင့် အရှုံးသမား အဖွဲ့တို့မှာ ရယ်မောလိုက်ကြပြီး အခြားအဖွဲ့များမှာလည်း ဟယ်ယုံယိကို ကြိမ်းဝါးပြီးနောက် ရယ်မောကြကုန်သည်။ ယွင်ချဲ့ ဘာမှမပြောသော်လည်း ဝက်သားများကို ပေးလိုက်ရသဖြင့် ဝက်အူချောင်းနှင့် လေလုံပိတ် အသားများသာ ကျန်တော့သည်။
“ကောင်းပြီလေ အသားမရှိတာထက် စာရင်တော့ တော်သေးတာပေါ့”
ထိုအချက်ကို သဘောတူ လိုက်ကြသည်။ အခြား ခေါင်းဆောင်များနှင့် လဲလှယ်ပြီးနောက် လေတာ့ရှန်က ဟယ်ယုံယိကို ဘီယာများ ယူထုတ်စေလိုက်ရာ ဘီယာသေတ္တာ တစ်ရာ ပေါ်လာခဲ့သည်။ ယွင်ချဲ့လည်း ရယ်လိုက်ပြီး …
“အရမ်းများတယ် ၅၀ လောက်ဆို ရပြီ”
လေတာ့ရှန် အတင်းအကြပ် တိုက်တွန်းမည်ကို သိသောကြောင့် ယွင်ချဲ့လည်း သေတ္တာ ၂၀ ဟုမပြောဘဲ ၅၀ ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ယွင်ချဲ့သည် အရက်ဘီယာ ကြိုက်သူမဟုတ်သော်လည်း လေတာ့ရှန်ကို သဘောကျ လေးစားသောကြောင့် အသားနှင့် ဘီယာလဲရန် ပြောခဲ့ခြင်းဖြစ်သည်။
“ကောင်းပြီလေ ဒါဆိုလည်း အတင်းအကြပ် မပြောတော့ပါဘူး .. ယုံယိ ကျန်တာတွေ ပြန်သိမ်းလိုက်တော့”
ယွင်ချဲ့က အလွန် လိုအပ်ခြင်း မဟုတ်သည်ကို လေတာ့ရှန် သိသဖြင့် တစ်ဇွတ်ထိုး မလုပ်တော့ပေ။ ယွင်ချဲ့လည်း အမြန် တွေးလိုက်ပြီးနောက် ဝက်အူချောင်းများကို ယူထုတ်လိုက်သည်။
“ခင်ဗျားအဖွဲ့မှာ ကလေးတွေရှိတာ ကျွန်တော် သိပါတယ် ရော့ ဒါတွေယူသွားလိုက် ဉီးလေးယွင် ပေးလိုက်တဲ့ မုန့်တွေ .. အချိန်ရရင် ကလေးတွေကို ဒီဘက်ခေါ်လာပါဉီး ချန်ချန်က သူငယ်ချင်းတွေ လိုနေတာ”
ယွင်ချဲ့က ကလေးများ အကြောင်း ပြောလိုက်သဖြင့် လေတာ့ရှန်လည်း ဝက်အူချောင်းများကို လက်ခံလိုက်ပြီး ဟယ်ယုံယိကို နယ်မြေထဲသို့ သိမ်းခိုင်းလိုက်သည်။ သူ၏စိတ်ထဲတွင်လည်း ယွင်ချဲ့၏ ကြင်နာမှုကို မှတ်ယူ ထားလိုက်သည်။
“ခေါင်းဆောင် ယွင် .. စစ်တပ်က ရုတ်တရက်ကြီး ဒီလိုတွေခေါ်တာ မင်းဘယ်လို သဘောရလဲ”
အဖွဲ့သားများ အချင်းချင်း စကားပြော နေကြစဉ် လေတာ့ရှန်က ယွင်ချဲ့ကို ထောင့်တစ်နေရာသို့ခေါ်ကာ တိတ်တဆိတ် ပြောလေသည်။ ယနေ့တွင် စစ်တပ်က ရုတ်တရက် စုဝေးပွဲခေါ်ရခြင်းမှာ အရေးကြီး တာဝန်ရှိလာခြင်း သို့မဟုတ် အန္တရာယ်နှင့် သေခြင်းတို့ နီးကပ် လာသဖြင့် စစ်ကူခေါ်ခြင်း ဖြစ်ကြောင်း တန်းသိနိုင်သည်။ ထိပ်ဉီးအဖွဲ့နှင့် ချောင်ယန်း အဖွဲတို့မှာ အဖွဲ့ဝင်နည်းပါးပြီး သန်မာကြသဖြင့် အထူးတလည်အရေးမထားကြသော်လည်း အရှုံးသများအဖွဲ့မှာ အဖွဲ့ဝင် ၂၀ ပင် မပြည့်သော်ငြား တာဝန်ယူ စောင့်ရှောက်ရသည်က အယောက် ၁၀၀ ကျော်သဖြင့် တစ်ခုခု မှားယွင်းခဲ့လျှင် လူအို၊ လူငယ်နှင့် အမျိုးသမီးများ အသက်ရှင်နိုင်ရန် ခဲယဉ်းသွားလိမ့်မည်။
“စိတ်ပူစရာမရှိပါဘူး .. စစ်တပ်ရဲ့ တာဝန်တွေ တပ်နဲ့ပြည်သူ ပေါင်းစည်း လုပ်ရမှာတွေပဲနေမှာပါ .. တကယ်လို့ ခင်ဗျားတို့ အားနည်းနေရင် သူတို့တွေ ခေါ်ဖို့ စဉ်းစားကြမှာ မဟုတ်ဘူးနော် .. စောင့်ကြည့်လိုက်ပါဉီး”
လေတာ့ရှန်၏ စိတ်ကိုကောင်းစွာ မြင်ပြီးနောက် ယွင်ချဲ့က ပခုံးကိုပုတ်လျက် ပြောလေသည်။
“မျှော်လင့်ရတာပါပဲ … ငါဒီညလုပ်စရာတွေ ရှိသေးတယ် ခေါင်းဆောင်ယွင် တကယ်လို့ ငါတို့တစ်ဖွဲ့လုံး တာဝန်အတွက် သွားရတော့မယ်ဆိုရင် ငါတို့ကို ဂရုစိုက်ပေးပါဉီး”
လေတာ့ရှန် အားယူကာ ပြုံးလိုက်ပြီး သူ၏စိတ် အခြေအနေကို ယွင်ချဲ့ ရှေ့တွင်သာ ဖော်ပြလိုသည်။ အကယ်၍ သူ၏အဖွဲ့သားများရှေ့ ထုတ်ပြမိလျှင် အဖွဲ့ဝင်များ မငြိမ်မသက် ဖြစ်သွားမည်ကို သူစိုးရိမ်မိသည်။
“ဟုတ်ပါပြီ .. ကျုပ် ဂရုစိုက်ပေးမယ်”
ယွင်ချဲ့လည်း ပြုံးပြပြီးနောက် စကား အနည်းငယ် ပြောဆိုကာ သူတို့၏ တာဝန်များကို တင်ပြပြီးသည်နှင့် ယွင်ချဲ့ အဖွဲ့ကိုခေါ်၍ အိမ်ပြန်လာခဲ့ရာ မနှစ်မြို့ဖွယ်ရာ အဖြစ်က အိမ်တွင်စောင့်ကြိုနေလေသည်။
ချောင်ယန်း နယ်မြေရှိ ယွင်ချဲ့ အိမ်တွင် …
“ရှင်တို့ဘာလုပ်တာလဲ .. ဒါကျွန်မတို့အိမ် နည်းနည်းတော့ လေးစားမှု ရှိသင့်တယ်”
“နင်လိုမိန်းမက ငါတို့ကို ဘာလုပ်ဖို့ ပြောနေတာလား .. ငါ့တူကြောင့်သာ မဟုတ်ရင် နင်တို့တွေ ဒီလိုအိမ် ကောင်းကောင်းမှာ နေလို့ရမယ် ထင်နေလား”
“မေမေ သူတို့နဲ့ပြိုင် ပြောမနေနဲ့ မောင်းထုတ်လိုက် .. ဒါက အစ်ကိုဝမ်းကွဲ အိမ်ဆိုတော့ သမီးတို့ရဲ့ အိမ်ပဲလေ”
“သေလေ မင်းကရော ဘယ်သူလဲ မင်းအစ်ကို ဝမ်းကွဲရဲ့အိမ် ? ငါ့သခင်ကြောင့်သာ မဟုတ်ရင် မင်းရဲ့အစ်ကိုက လူတစ်လုံး သူတစ်လုံး ဖြစ်မှာတောင် မဟုတ်ဘူး … ဒုက္ခမဖြစ်ချင်ရင် အခုထွက်သွား သခင်ပြန်လာရင် နင်တို့တွေ အလောင်းပဲ ကျန်လိမ့်မယ်”
“တော်ပါတော့ ကျေးဇူးပြုပြီး တော်ကြပါတော့”
ယွင်ချဲ့ အိမ်၏ ဧည့်ခန်းထဲတွင် ဘယ်က လာမှန်း မသိသော လူတစ်စု ရောက်လာပြီး ဆိုဖာပေါ်တွင်ထိုင်ကာ စားပွဲပေါ်မှ သစ်သီးနှင့် မုန့်များကို ယူစားနေလေသည်။ ယွင်ယောင်က ချန်ချန်ကို ချီလျက် ရဲဝံ့စွာ ပြောဆိုသော်လည်း သူမက ကလေး တစ်ယောက်နှင့် အိမ်မွေး ၂ ကောင်ကို စောင့်ရှောက် နေရသဖြင့် ထိုလူတစ်စုကို တန်ပြန် မပြောဆိုနိုင်ပေ။
“ဖယ်စမ်း !”
“အား !”
အသက် ၃၀ အရွယ် အရပ်ရှည်ရှည်နှင့် ခန္ဓာထားသော ယောကျ်ား တစ်ယောက်က အငြင်းပွားနေခြင်းကို တားလိုက်သည့် သက်လတ်ပိုင်း အမျိုးသမီးကို တွန်းလိုက်ရာ လဲကျသွားပြီး စားပွဲဆောင့်ကာ သွေးများ ထွက်လာသည်။ ယွင်ယောင်လည်း ချန်ချန်ကို ချက်ချင်းချကာ ထိုအမျိုးသမီး နားသွားလျက် ချီမထားလိုက်သည်။
“အန်တီ အဆင်ပြေရဲ့လား .. သမီး ဆေးဘူး သွားယူ လိုက်ဉီးမယ်နော်”
ယွင်ယောင်လည်း သူမကို ဆိုဖာပေါ် တင်ပေးလိုက်ပြီး သွေးများ စီးကျနေသည်ကိုတွေ့လိုက်သဖြင့် ဆေးဘူးယူရန် ထသွားလေသည်။
“ဘာလုပ်တာလဲ ကျွန်မကိုလွှတ် ! ဟိုမှာ သွေးထွက်နေတာ မမြင်ဘူးလား .. သူ့ကိုသေသွားစေချင်လို့လား”
သို့သော် ယွင်ယောင်ကို အရပ်ရှည်ရှည်နှင့် လူကောင်ကြီးသော သူက သူမလက်မောင်းမှ ဆွဲချုပ်ထားလိုက်ရာ ယွင်ယောင်လည်း ဒေါသတကြီးနှင့် ရုန်းကန်လေသည်။ ထိုလူက သူ၏ညစ်ပေသော လက်များဖြင့် ယွင်ယောင် မျက်နှာကို ထိကိုင်နေသည်။
“ဟိုးဟိုး ကောင်မလေး ဟန်ဆောင်မနေနဲ့ … မင်းက ငါ့တူလေးရဲ့ ကောင်မပဲမဟုတ်လား”
“ရှင် …!”
“တော်တော့
“ငါ့အစ်မကို မထိနဲ့ !”
ဝုန်း
ရုတ်တရက် အသံများက လူတစ်စုကို အံ့ဩသွားစေသည်။ ဖြူလျလျ အရိပ်တစ်ခုက အပေါ်မှကျလာပြီး ထိုလူ၏လက်ကို ဖမ်းဆုပ်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။ အရိပ်က သန်မာလွန်းသည်လား၊ ထိုလူက အားနည်း လွန်းသည်လားပင် မသိရသော်လည်း ထိုလူမှာ စက္ကူစသဖွယ် လွှင့်သွားပြီး နံရံကို ထိရိုက်တော့မှသာ ကြမ်းပေါ်သို့ ကျလာသည်။
“အား !”
“အစ်ကို .. အစ်ကို”
“ဉီးလေး”
ထိုလူတစ်စုလည်း ရုတ်ရုတ်သဲသဲဖြစ်ကာ အသက်ကြီးကြီး အဘိုးတစ်ယောက်မှ လွဲ၍ အခြားသူများ ဆိုဖာပေါ်မှ ထကာ ထိုသူကို ပြေးထူကြလေသည်။
“ရှောင်ချန် ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ .. အန်တီဝမ်ရော”
ယွင်ယောင်လည်း အမြန် လှည့်ကြည့်ရာ သူမ၏ မောင်လေး ဖြစ်နေသဖြင့် အမြန်သွားကာ သူ၏မျက်လုံးနီများကို အခြားသူများ မမြင်စေရန် တွန်းထုတ် နေသော်လည်း ယွင်ချန်မှာ တုတ်တုတ်ပင် မလှုပ်ပေ။ ယွင်ချန်၏ အကြည့်တို့က တစ်နေရာထဲသို့ စူးစိုက်နေသဖြင့် ယွင်ယောင် လှည့်ကြည့်လိုက်ရာ သူမစိတ်ထဲမှ ဘုရားတ မိသွားသည်။ ယွင်ချန် ကြည့်နေသည်က လဲကျသွားသည့် အမျိုးသမီးခေါင်းမှ စီးကျနေသည့် သွေးများကို စိုက်ကြည့်နေသည်။ ထိုအရာမှာ ဖုတ်ကောင်တို့ သဘာဝ လတ်ဆတ် သွေးသားကို တောင့်တလာခြင်းပင်။ ယွင်ယောင်လည်း သူမအားရှိသမျှ သူမ၏ မောင်လေးကို တွန်းဖယ် နေသော်လည်း ယွင်ချန်က အနည်းငယ်ပင် မလှုပ်သောကြောင့် သူမငိုချင်လာမိသည်။
“သေစမ်း ! နင်တို့တွေ ငါ့ဉီးလေးကို ထိခိုက်ရဲတယ်ပေါ့လေ! နင်တို့ကို သတ်ပစ်မယ်!”
တစ်ယောက်ယောက်က ပြဿနာကို မီးထွန်း ရှာနေလျက်ပင်။ ယွင်ယောင်တို့ကို အိမ်ပေါ်မှ နှင်ချရန် ပြောဆိုနေသည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးက ယွင်ချန်တို့ကို ကြည့်နေရင်း လက်နှစ်ဖက်ထဲတွင် မီးတောက်လုံးများ ပေါ်လာခဲ့သည်။
“ငါ့အိမ်ထဲမှာ ဘယ်သူ လူသတ်ရဲလဲ ကြည့်ချင်မိသေးရဲ့”
ထိုအချိန် ယွင်ချဲ့ အသံပေါ်လာပြီး ရုတ်တရက်ပင် သူ၏ပိန်သွယ်သော ခန္ဓာကိုယ်က ယွင်ချန်နှင့် ယွင်ယောင် ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုအခိုက် သူ၏ ကိုယ်တွင်းတွင်လည်း လူသတ်လိုသည့် ဆာလောင်စိတ်များ တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။
***