YMR အခန်း ၁၀၆

အခန်း (၁ဝ၆)

“ဟား ဟား ဟား”

အပေါ်ထပ်မှ ချူးဟောင်လင်း အလောတကြီး ဆင်းပြေးလာသဖြင့် ယန်းဟွိုင်အန်းနှင့် သူငယ်ချင်းတို့ လူးလှိမ့်ရယ်မော နေကြသည်။ အကြောင်းမှာ ချူးဟောင်လင်းကို အပေါ်ထပ်သို့ တက်ရန် ဉာဏ်ဆင်ခဲ့သော သူတို့၏ အစီအစဉ်က အောင်မြင် သွားလေသည်။ ခေါင်းဆောင်နှင့် ယွင်ချဲ့တို့၏ ကိုယ်ပိုင်အချိန် သူဝင်နှောင့်ယှက်ခဲ့ခြင်း ဖြစ်မည်။

“ခင်ဗျားကြီးတို့ ကျုပ်ကို အကွက် ချခဲ့တယ်ပေါ့လေ .. ခင်ဗျားတို့ကို သတ်မယ်”

ချူးဟောင်လင်း ဉာဏ်မတုံးသော်ငြား အစားကိုသာ အာရုံရောက် နေခဲ့ခြင်းကြောင့် မစဉ်းစားမိလိုက်ပေ။ အကွက်ချခံရကြောင်း သိလိုက်သည်နှင့် သူတို့အပေါ် ချူးဟောင်လင်း ဒေါသတို့ ဖွင့်ချလိုက်သည်။ အိမ်သို့ ရောက်လာသော ကျိုးဇယ်ယွီနှင့် အခြားသူတို့မှာ ဆိုဖာပေါ်တွင်လျက် ထိုလူတစ်စုကို တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။ မြေခွေးလေးနှင့် ဆော့ကစားနေသော ချန်ချန် ပင်လျှင် ရယ်မော ခုန်ပေါက် နေကြသည့် သူတို့ကိုကြည့်လျက် ဆိုဖာပေါ်တွင်ရပ်ကာ လက်ခုပ်တီး နေသည်။

“ချန်ချန် သတိထား ပြုတ်ကျမယ်”

ယဲ့ရှင်းချန်က ချန်ချန်ကို မပြုတ်ကျအောင် ကြည့်ပေးနေပြီး မြေခွေးလေးက ကျန်းရှန် လက်ထဲသို့ ရောက်သွားသည်။

“ဟုတ်ကဲ့ .. လုပ်ထား ဉီးဉီး ချူး .. ဉီးဉီး ယန် .. ဉီးဉီး ရှန်း …”

တစ်ယောက်စီကို နာမည်ခေါ်ကာ ချန်ချန် အားပေးနေသည်။ သူတို့၏ သတ်ပုတ်ဆူညံနေကြသည်တို့ကို တစ်အိမ်လုံး ကြားနေရပြီး ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ ဆင်းလာသည်အထိ ထိုရန်ပွဲ မပြီးသေးပေ။ ယွင်ချဲ့လည်း ရှင်းဖုန်း လှည့်ကြည့်ကာ ကိုယ့်လူကိုယ်ထိန်းရန် လိုကြောင်း အချက်ပြလိုက်ပြီး မီးဖိုခန်းထဲသို့ ဝင်သွားလေသည်။ ရှင်းဖုန်း သမာဓိစိတ်မဲ့ကာ လုံးထွေးနေသော လူအုပ်ထံ ဉီးတည် သွားလေသည်။

ဘုတ်

ရုန်းကန် သတ်ပုတ်နေရင်း ယွီဝမ်းချင် အပေါ်သို့ ဖက်တက်နေသော ချူးဟောင်လင်း သူ၏နောက်ကျောဘက်မှ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ လှည့်ကြည့်လိုက်ရာ ခေါင်းဆောင်၏ အလွန် ကြောက်မက်ဖွယ် ကောင်းလှသော မျက်နှာထားကြောင့် ချုးဟောင်လင်း ကြောက်လန့်ကာ ပြုတ်ကျသွားသည်။ နာကျင်နေသည်ကို အာရုံမထားနိုင်ဘဲ ချူးဟောင်လင်း သနားစဖွယ် မျက်နှာဖြင့် ရှင်းဖုန်းကို ကြည့်လိုက်သည်။

“ကျွန်တော် မှားပါတယ် ခေါင်းဆောင် … နောက်ထပ် မဖြစ်စေရပါဘူး ကတိပေးပါတယ်”

“ဘယ်သူ့အကြံလဲ”

ချူးဟောင်လင်းကို လျစ်လျူရှုကာ ရှင်းဖုန်း ဘေးမှဖြတ်သွားကာ ထိုင်ခုံပေါ် ထိုင်လိုက်ပြီး သူ၏ချစ်စဖွယ် ညီအစ်ကိုများကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ ကူးမင်ရွှမ်းနှင့် အခြားသူများ ကြက်သီး ထကုန်သည်။ အပြစ်ကင်းသူများ သဖွယ် ဟန်မူပို နေကြသော်လည်း ရှင်းဖုန်းကို မျက်လုံးချင်း မဆုံရဲကြပေ။

ဉာဏ်ထက်ပြီး ထိုးထွင်း သိမြင်နိုင်သော ရှင်းဖုန်းက အကြောင်းရာစုံကို ခဏလေးအတွင်း သဘောပေါက် သွားလေသည်။

“မနက်ဖြန်ကစပြီး အဖွဲ့တိုင်း နေ့စဉ် တာဝန်အနေနဲ့ အဆင့်နိမ့် အမြုတေတစ်ထောင် ရှာလာရမယ်”

“ဘာ”

ရှင်းဖုန်း၏ အမိန့်ကြောင့် အားလုံး ကြောင်အမ်အမ်း ဖြစ်ကုန်သည်။ အဆင့်နိမ့် အမြုတေမှာ အဆင့် ဝ နှင့် အဆင့် ၁ ဖြစ်ကြပြီး သူတို့အတွက် အဆင့် ဝ ဖုတ်ကောင်နှင့် အဆင့် ၁ ဖုတ်ကောင်များကို သုတ်သင်ရန်မှာ တံမြက်စည်း လှဲသည်ထက် ပို၍လွယ်ကူသည်။ သို့သော် ပြဿနာမှာ ရှင်းဖုန်းက အမြုတေ ယူလာရန် ပြောသည့်အပြင် အချို့အဆင့်နိမ့် ဖုတ်ကောင်များမှာ အမြုတေ မရှိကြသည့်အတွက် တစ်နေ့လျှင် အနည်းဆုံး ဖုတ်ကောင် ၁၅ဝဝ ကျော်လောက် သုတ်သင် ရှင်းလင်းရမည် ဖြစ်သည်။ အဖွဲ့ဝင် အရေအတွက် ၁၂ ယောက်ရှိသဖြင့် တစ်ယောက်လျှင် ၇၅ ကောင် တာဝန်ယူရမည်ဖြစ်ပြီး ထိုပမာဏတွင် သူတို့နေ့စဉ် လုပ်ဆောင်ရသည့် တာဝန်အရ ရှင်းလင်းရသည့် ဖုတ်ကောင်များ မပါဝင်ပေ။ အပြစ်ဒဏ်က အလွန် များသွားပြီ မဟုတ်လား။ ရှင်းဖုန်းက သူတို့ကို ပင်ပန်းကြီးလေးစွာ လုပ်စေချင်နေသည်လား။

“တစ်ထောင်က မလုံလောက်ဘူးလား ဒါဆိုရင် နှစ်ထောင်….”

“လောက်တယ် လောက်တယ် .. လောက်တာထက်ကို ပိုနေပါပြီ”

ရှင်းဖုန်း အေးစက်စက်ကြည့်ကာ စကား စလိုက်သည်နှင့် သူ၏အဖွဲ့သားတို့ အသည်းအသန် လက်ခါယမ်းကာ လုံလောက်ကြောင်း ပြောလေသည်။ ထပ်တိုးလျှင် ဖုတ်ကောင်များကို ရှင်းလင်းနေစဉ် အမောဆို့ကာ သေရလိမ့်မည်။ ယခုနေ သူတို့ စကားမဖြတ်ထားလျှင် ခေါင်းဆောင်က ၂ ဆတိုးလိမ့်မည်ကို သိထားကြသည်။ သူတို့၏ ခေါင်းဆောင်ကို နောက်တစ်ကြိမ် စနောက်ခြင်း မပြုမိရန် စဉ်းစားဆင်ခြင် ရတော့မည်။

“ဟို .. ခေါင်းဆောင် .. တကယ်လို့ အဆင့် ၂ အမြုတေရခဲ့ရင် အရေအတွက်လျော့ပေးလို့ရလား”

စွမ်းအားရှင်များလည်း အဆင့်တက် လာသကဲ့သို့ ဖုတ်ကောင် များသည်လည်း ပိုမိုလျင်မြန်စွာ အဆင့်တက် လာကြသဖြင့် အဆင့်နိမ့် ဖုတ်ကောင်များစွာ ရှိကြသည့်အပြင် အဆင့် ၂ ဖုတ်ကောင်များလည်း ရှိလာပြီဖြစ်သည်။

“အဆင့် ၂ အမြုတေဆိုရင် အဆင့်နိမ့် အခု ၅ဝ”

ကံကောင်းစွာပင် သူတို့ကို ရှင်းဖုန်း အခက်ကြုံအောင် မလုပ်ပေ။ အပြစ်ဒဏ် ပေးသည်ထက် ယွင်ချဲ့ အတွက် အမြုတေများစွာ စုဆောင်းနိုင်ရန် ကူညီပေးခြင်း ဖြစ်သည်။

“ဟူး တော်သေးတာပေါ့”

အားလုံး စိတ်သက်သာရာ ရသွားကြသည်။ ထိုတာဝန် လုပ်ဆောင်နေစဉ် အမြုတေ တစ်ဝက်ကို စုဆောင်းနိုင်လျှင် အနားယူရန် အချိန်ပို ရလာမည်ဖြစ်သည်။

“နောက်တစ်ခါ ထပ်ဖြစ်ခဲ့ရင် …”

“မဖြစ်စေရဘူး မဖြစ်စေရပါဘူး .. ကတိပေးတယ်”

ရှင်းဖုန်း စကားဆုံးအောင်ပင် မပြောရသေး တစ်ပြိုင်နက်တည်း ပြောဆိုကတိပေးလိုက်ကြသည်။ သင်ခန်းစာ ရသွားပြီ ဖြစ်သောကြောင့် နောက်ထပ် လုပ်ရဲကြတော့မည်မဟုတ်ပေ။

ရှင်းဖုန်းလည်း သူ၏အဖွဲ့သားများကို သတိပေးဟန်နှင့် ကြည့်လိုက်ပြီး အဝေးကို ပြန်ကြည့်ကာ သူတို့ကို ခဏအနားယူ စေလိုက်သည်။ ချူးဟောင်လင်း နှင့် အခြားသူများမှာ မာရည်ကျောရည် ရှိသော်လည်း ရှင်းဖုန်း ရှိနေသည့်အခါတွင် မခုတ်တတ်သော ကြောင်လေးများ သဖွယ် ငြိမ်ကုပ်နေကြသဖြင့် ရှင်းဖုန်းကို ကျိုးဇယ်ယွီ လေးစားမိသည်။ ခေါင်းဆောင် ရှင်းက အလွန်ပင်လေးစားထိုက်ပေသည်။

“ပြီးပြီလား .. လာကြတော့ ထမင်းစားရအောင်”

ယွင်ချဲ့လည်း လက်ထဲတွင် ဟင်းခွက်များကို ကိုင်ကာ ဧည့်ခန်းကို ဝှေ့ကြည့်လိုက်သည်။ သူ၏မျက်နှာထက်မှ အပြုံးမှာ အနည်းငယ် မရိုးသားယောင် ရှိနေသည်။ စားပွဲက အလွန်သေးသဖြင့် စားသောက်ဖွယ် အချို့ကို အခြား တစ်နေရာတွင် တင်ထားရသည်။ ထို့နောက် စားပွဲငယ်ကို ဖယ်လိုက်ပြီး လူအယောက် ၂ဝ ဆံ့သော စားပွဲကို ယူထုတ်လိုက်သည်။ အဆင်သင့်စွာ မီးဖိုခန်းမှာလည်း ထိုစားပွဲကြီး ဆံ့သည်အထိ အလွန် ကြီးမားနေသည်။

“ကျွန်တော်ကူပေးမယ်”

အနားယူခွင့် ရပြီးနောက် ချူးဟောင်လင်း အမြန်ထကာ ယွင်ချဲ့ကို ကူပေးလိုက်သည်။ အခြားသူများလည်း အဆောတလျင် ထားသွားကြပြီး ချန်ချန်လည်း ရှောင်ပိုင်ကို ခေါ်ကာ ထသွားလေသည်။ ရှောင်ပိုင်ကို ဂရုစိုက်ပေးမည်ဖြစ်ပြီး ရှောင်ပိုင် နှင့်အတူ ရေချိုးစားသောက်မည်ဟု ကတိပေးထားသည်ကို သူ၏စိတ်ထဲတွင် စွဲမြဲစွာ မှတ်သား ထားလိုက်သည်။

ယနေ့ည ညစာသည် စားသောက်ပွဲကြီး ဖြစ်နေသည်မှာ မလွဲဧကန်ပင်။ အသား၊ ငါးများနှင့် ရေခဲသေတ္တာ အအေးခန်းထဲမှ ယွင်ချဲ့ လာခဲ့သော ဂဏန်းများလည်း ပါဝင်သည်။ ယနေ့ညတွင် သူတို့မြိန်ရည်ယှက်ရည် စားသောက်ရပေတော့မည်။ ကပ်ဘေး မဖြစ်စဉ်က ထိုသို့စားပွဲမျိုးကိုလည်း အလွန်ကြီးမားသော စားသောက်ပွဲဟု သတ်မှတ်နိုင်သည်။

“လာစားကြလေ”

စားပွဲတွင် ထိုင်နေကြသူများက ရင်းနှီးထားပြီးသော သူငယ်ချင်းများ ဖြစ်ကြသဖြင့် ယွင်ချဲ့လည်း အမြန်ပင် လောကွတ်ပြုလိုက်ပြီး တူတစ်စုံကို ယူလိုက်လေသည်။

“ပြောရဉီးမယ် ကြက်သားကြော်က စားလို့ အကောင်းဆုံးပဲ .. အစ်ကို ချဲ့ .. ကျွန်တော်ဒီမှာနေ့တိုင်း လာစားလို့ရလား”

ကြက်သားချောင်းကို ပါးစပ်ထဲတွင် ဝါးလျက် လတ်တလောတင် ဖြစ်ခဲ့သည်ကို မေ့သွားပုံရသော ချူးဟောင်လင်းက မျှော်လင့်ချက် အပြည့်တို့နှင့် ယွင်ချဲ့ကို ကြည့်ကာ မေးလိုက်သည်။

“မင်းလား မရဘူး .. ညစာ စားနေချိန်တောင် မင်းတိတ်တိတ်လေး မနေနိုင်ဘူး”

ချူးဟောင်လင်းကို ပြုံးလျက်ကြည့်လိုက်ပြီး ယွင်ချဲ့ စဉ်းစားခြင်းပင် မရှိဘဲ ပြန်ပြောလိုက်သည်။ စကားများ မြည်တွန်တောက်တီးသူ ရှိနေပြီး ဖြစ်သောကြောင့် နောက်ထပ်တစ်ယောက်နှင့် သူမနေနိုင်တော့ပေ။ အခုတစ်ယောက်က အစားအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မည့်ပုံပင်။

အခြားသူများလည်း ခေါင်းတခါခါနှင့် ကြည့်နေကြလေသည်။ အစားကြူး ချူးဟောင်လင်း က လက်မလျော့သေးဘဲ …

“လုပ်ပါ အစ်ကို ချဲ့ … ကျွန်တော် များများစားပြီး စကားနည်းနည်းပဲ ပြောမယ်လေနော်”

“မင်းစကား နည်းနည်းပဲ ပြောတဲ့နေ့ ဓါးမိုး ရွာလာလိမ့်မယ် .. အကုန်လုံးကို ငဲ့ညှာပြီး မင်းကိုယ်မင်း မဖြစ်နိုင်တာလုပ်ဖို့ တွန်းအားမပေးနဲ့”

ရှင်းဖုန်း အခွံခွာကာ သူ့အတွက် ဖယ်ထားပေးသော ပုစွန်ထုပ်ကြီးကို ယွင်ချဲ့ ယူစားလျက် ချူးဟောင်လင်းကို စနောက်လိုက်သည်။

“ဟား ဟား ဟား ..”

တစ်ခန်းလုံး ရယ်မောသံနှင့် ပြည့်နှက် သွားလေရာ ချူးဟောင်လင်းမှာ အနိုင်ကျင့် ခံရသူကဲ့သို့ ယွင်ချဲ့ကို မကျေနပ်စွာ ကြည့်လိုက်သည်။ သို့သော် သူစကားနည်းသည် ဆိုသည်က မဖြစ်နိုင်သဖြင့် သူ့အတွက် သနားစဖွယ် ဖြစ်နေပြန်သည်။

“ပုစွန်ဆီပြန်က တော်တော် စားကောင်းတာပဲ .. မမယောင် လက်စွမ်းထက် လာတယ်နော်”

တစ်ဖက်တွင်လည်း ကျန်းရှန်၏ အကူအညီဖြင့် ယဲ့ရှင်းချန်မှာ ပုစွန်ထုပ်ကြီးများကို ကျေနပ်စွာ စားသောက် နေလေသည်။ ယဲ့ရှင်းချန် စကားကြောင့် ကျန်းရှန်လည်း ပုစွန်ထုပ် ၃ ပုံ ၂ ပုံကို သူ၏ပန်းကန်ထဲသို့ ထည့်လိုက်ရာ ပုစွန်ထုပ်ယူရန် လက်လှမ်းနေသော ကျိုးဇယ်ယွီ ဆွံ့အ သွားရသည်။ သူ၏တူတစ်စုံက လေထဲတွင် တန့်နေရပြီး သူပုစွန်တစ်ကောင်တောင်ပင် မစားလိုက်ရပေ။

“ချန်ချန် ငါးများများစား .. ဒါက ဉာဏ်ကောင်းစေတယ်”

ကျိုးဇယ်ယွီကို သတိမထားမိဘဲ ယဲ့ရှင်းချန်က ငါးအသားလွှာကို ချန်ချန် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဉီးဉီး ယဲ့”

လိမ္မာစွာ ကျေးဇူးတင်လိုက်ပြီး ငါးအသားလွှာကို ချန်ချန် ယူစားလိုက်သည်။ ကျန်းရှန်လည်း ငါးအသားတို့ကို ယဲ့ရှင်းချန် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါရော စားဉီး”

“အင်းပါ မင်းလည်း စားဉီးလေ ကျန်းရှန်”

ကျန်းရှန်ကို ပြုံးပြလျက် ယဲ့ရှင်းချန်လည်း ထိုငါးအသားကို ယူစားလိုက်သည်။

“ဟုတ် ဟုတ်”

ကျန်းရှန် ကျေနပ်စွာ ခေါင်းညိတ်ရင်း ယဲ့ရှန်းချန် အတွက် ပုစွန်များကို အခွံခွာပေးရာ ယဲ့ရှင်းချန်လည်း နှစ်ခြိုက်စွာ စားသောက်နေသည်။

“ကြက်သား စွပ်ပြုတ်လည်း သောက်လို့ကောင်း …”

“အစ်ကိုယဲ့ရာ တော်ပါတော့ .. ဆက်ပြီး ချီးကျူးနေရင် ကျွန်တော်တို့အတွက် ဘာမှမကျန်ဘဲနေမယ်”

ယဲ့ချင်းရှန် စကားမဆုံးမီ ကျိုးဇယ်ယွီ ငိုချင်းချသံနှင့် အော်ပြောလိုက်သည်။

“ကျန်းရှန်ရဲ့ မျက်လုံးတွေက စွပ်ပြုတ်အိုးကို စိုက်ကြည့်နေတာ ပေါက်ထွက်တော့မယ် … အချင်းချင်း တော်တော် ချစ်ကြတာ သိပါတယ် ဒါပေမယ့် ကျွန်တော်တို့ကိုလည်း ပြန်ကြည့်ပါဉီး အစာငတ်ခံ စေချင်လို့လား .. စင်ဂယ်တွေကို ခွဲခြားခွဲခြားလုပ်တာ အပြစ်ပေးခံရမယ်”

“အာ… ဟီး ဆောရီး”

နောက်ဆုံးတွင် ကျိုးဇယ်ယွီ၏ မကျေနပ်ချက်ကို ယဲ့ရှင်းချန် သိသွားပြီး ပြုံးပြကာ ကျန်းရှန် ကို လှည့်ကြည့်လျက် …

“တော်တော့ ကျန်းရှန် ငါမစားနိုင်တော့ဘူး”

ကျန်းရှန်မှာ ချစ်စရာ ကောင်းသည်ထက် ပို၍ချစ်စရာ ကောင်းလာသည်။ သူ့ကို ပစ်မထား နိုင်တော့ကြောင့် ယဲ့ရှင်းချန် သဘောပေါက် လာရသည်။

“ဒါဆိုလည်း ကျွန်တော် စားမယ်”

ကျန်းရှန်မှာ ဘာဖြစ်နေသည်ကို မသိဘဲ စင်ဂယ် ကောင်လေးတို့ကို ထပ်မံ ဖိနှိပ်လိုက်ပြန်သဖြင့် သူတို့ကို အပြစ်ပေးရန်ပင် စဉ်းစားမိလိုက်ကြသည်။

“မင်းတို့ မနာလို ဖြစ်နေကြရင် ချစ်သူတစ်ယောက်လောက် ရှာလိုက်ကြပေါ့ .. ကျန်းရှန် ကိုကြည့် .. ဆွဲဆောင်မှုရှိတဲ့ တစ်ယောက်ယောက်ကို ရှာလိုက်”

စိတ်ဆိုးနေကြသော အုပ်စုကို သတိထား မိလိုက်သဖြင့် ယွင်ချဲ့ စနောက် ပြောဆိုလိုက်သည်။

“ဟုတ်တယ် .. ကျွန်တော့်လို ချောချောလေးမှ ကောင်းတယ်”

မထင်မှတ်စွာ ကျန်းရှန် စကားပြော လာသော်လည်း အဖွဲ့ထဲတွင် ဒေါသလှိုင်းများ ထသွားပြီး စိတ်ထဲမှ ပြောဆိုနေကြလေသည်။

‘မင်းပါးစပ်ပိတ် ထားလို့ မရဘူးလား .. ဘယ်သူမှ မရှိပေမယ့် ယဲ့ရှန်းချန်က မင်းအနားရှိနေပေးလို့ ကံကောင်းတယ်မှတ်’

သူတို့၏ ချိုမြိန်သော အချစ်က စိတ်ဆိုးနေသော သူများအတွက် အလွန်ချဉ်လှသည်။

“ဟုတ်တယ် ကျန်းရှန် က တော်တော်ချောတာ .. သူ့ကို သဘောကျတယ်”

ကျန်းရှန် အပေါ် ကျရောက်နေသော ဒေါသ အကြည့်များကို သတိမထားမိဘဲ ယဲ့ရှင်းချန်က ထပ်လောင်း ဖြည့်ပြောလိုက်သည်။ ကျန်းရှန်၏ မျက်နှာမှာ ဝင်းလက်လာပြီး အမြီးသာ ရှိနေလျှင် ပြုတ်ထွက်မတတ် လှုပ်ယမ်း နေမည်မှာ အမှန်ပင်။

“ဒီနှစ်ယောက်ကို မီးလောင်တိုက်သွင်းလိုက်ရ”

ကျိုးဇယ်ယွီလည်း အတွေးများကို ထုတ်ပြောလိုက်ပြီး ကျန်သော သူတို့မှာလည်း ပန်းကန်ထဲရှိ အစားအသောက်များကို ထိုးဆွကာ ဒေါသဖြေနေကြသည်။

ညစာစားကြပြီးနောက် စကားပြောဆို နေကြပြီး အိပ်ချိန်ရောက်သည့် အခါမှသာ ကိုယ့်နေရာအသီးသီးသို့ သွားကြလေသည်။

“မင်းဒီည ငါနဲ့အိပ်ချင်လား .. ငါစောင့်နေမယ်လေ”

အိမ်ရှေ့တံခါး နားတွင် ယွင်ချဲ့ကို နံရံမှီစေလျက် ရှင်းဖုန်း မေးလိုက်သည်။ ရက်များစွာ ကြာအောင် အလုပ်ပင်ပန်းခဲ့ ရပြီးနောက် အခွင့်အရေးကို လက်မလွှတ်ချင်တော့ပေ။

“ဒီညမရဘူး”

သူတို့နှစ်ဉီး ဆန္ဒမှာ အလွန် ကြီးမားပြီး ယွင်ချဲ့မှာ ရှင်းဖုန်း နှင့်အတူတူ ရှိနေချင်သော်လည်း ယွင်ချန်မှာ စမ်းရေထဲတွင် ရှိနေသေးသဖြင့် ယနေ့ညတွင် နယ်မြေထဲသို့ သူသွားရဉီးမည် ဖြစ်သည်။

“မနက်ဖြန်ညရော”

ရှင်းဖုန်း မေးကာ ခေါင်းငုံ့လိုက်ပြီး ယွင်ချဲ့ နှုတ်ခမ်းကို အသာကိုက် လိုက်သည်။

“အင်း .. ရှောင်ချန်က မနက်ဖြန် နယ်မြေထဲက ထွက်လာမှာ ဟေးယွီရောပဲ .. ကျွန်တော်ခိုးထွက်လို့ ရမယ်ထင်လား”

ရှင်းဖုန်း လည်ပင်းကို လှမ်းဖက်ပြီး ယွင်ချဲ့ သဘောကျစွာ ရယ်လိုက်သည်။ သူ၏လူက သည်းမခံနိုင်တော့ပုံပင်။

“အင်း …”

ရှင်းဖုန်း မည်သို့ပြန်ဖြေရမည်ကို မသိတော့သဖြင့် ယွင်ချဲ့ နှုတ်ခမ်းကိုသာ ပြင်းထန်စွာ စုပ်ယူ နမ်းရှိုက်လိုက်သည်။ သူ၏ကောင်လေး နှင့်အတူ ချစ်စခန်းဝင်ရန် သူ မစောင့်တော့ပေ။ ငါ့ရဲ့ချဲ့ လေးနဲ့ အိပ်ဖို့ရာ ဘာကြောင့် ဒီလောက် ခဲယဉ်းရတာလဲ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset