YMR အခန်း ၁၀၇

အခန်း (၁၀၇)

ထိုညတစ်ညလုံး နယ်မြေထဲတွင် ယွင်ချဲ့ နေခဲ့ပြီး ဟေးယွီ ကလည်း သူ့ကို ပျော်စေရန် အမျိုးမျိုး စနောက်နေသည်။ နောက်တစ်နေ့ မနက် ၅ နာရီ ရောက်ချိန်တွင် ယွင်ချဲ့သည် ၂ နာရီသာ အိပ်ရသေးသော်လည်း စမ်းရေကန် တည်ငြိမ်လာသည်ကို သတိထားမိ လိုက်ပြီး စစ်ဆေးရန် ရေစပ်နားသို့ ရောက်လာခဲ့သည်။ လှိုင်းထခြင်းမရှိ ကြည်လင် တည်ငြိမ်နေသော စမ်းရေထဲသို့ မျက်လုံးပြူးလျက် ရှာဖွေကြည့်နေလေသည်။

“အခုဆို ပြီးလောက်ပြီမလား”

အနည်းငယ် ကြာသည်အထိ ထူးခြားမှု မရှိသောကြောင့် ဟေးယွီကို ယွင်ချဲ့ မေးလိုက်သည်။

“ရပြီ .. အခုရေထဲဆင်းပြီး သူ့ကိုခေါ်လို့ရ ….”

ဗွမ်း

“ကျွန်တော်ပြောလို့ မပြီးသေးဘူးလေ .. ဘာလို့ လောနေတာလဲ”

ဟေးယွီ တတွတ်တွတ် ပြောမည်ကို မကြားလိုသဖြင့် ယွင်ချဲ့ ရေထဲသို့ ဆင်းသွားလိုက်သည်။

၁၀ နာရီကြာ အဝတ်ကင်းမဲ့ကာ မျက်လုံးနီများ ပွင့်လျက်ရှိနေသော ယွင်ချန်ရှိရာ စမ်းရေကန် အောက်ခြေသို့ ယွင်ချဲ့ ကူးခတ်လာခဲ့သည်။ အနားသို့ ရောက်သွားချိန်တွင် ယွင်ချန် လက်ကို ဆန့်ထုတ်လိုက်သဖြင့် ယွင်ချဲ့လည်း မှင်သက်ကာ ကြည့်နေမိချိန် ယွင်ချန် တစ်ခုခုရေရွတ်လိုက်သည်။

“မင်းဘာပြောလိုက် … အွမ်း”

ယွင်ချဲ့မှာ ကိုယ့်ကိုယ်ကို ရေထဲ ရောက်နေသည်ကို မေ့သွားလေသည်။ ယွင်ချန် စကားပြောလိုက်သဖြင့် သူအံ့ဩတကြီး ပြန်မေးလိုက်ရာ ပါးစပ်နှင့် နှာခေါင်းထဲသို့ ရေများဝင်ကုန်လေသည်။ ယွင်ချဲ့လည်း လေထုအစွမ်းကို သုံးကာ သူ၏ပတ်ပတ်လည်ကို လေပူဖောင်း တစ်ခုနှင့် ကာရံလိုက်သည်။ နေရ မသက်မသာ ဖြစ်နေသည်ကို အာရုံမထားဘဲ ယွင်ချန် အနားသို့ ကူးသွားကာ လေပူဖောင်းထဲသို့ ဆွဲယူလိုက်သည်။

“ရှောင်ချန် မင်းတစ်ခုခု ပြောလိုက်တယ်မလား .. အဲဒါကို ထပ်ပြောလို့ ရလား”

ယွင်ချန် ပခုံးကို ကိုင်ထားသည့် ယွင်ချဲ့၏လက်များ အလွန် တုန်ယင်နေသဖြင့် သူမည်မျှ စိတ်လှုပ်ရှားနေကြောင်း သိနိုင်သည်။ အမြင်မှားခြင်း မဟုတ်ပါက ယွင်ချန် နှုတ်ခမ်းက တစ်ခုခုရေရွတ်လိုက်သည်ကို သူအသေအချာ မြင်လိုက်သည်။

“သ..သခင်..”

ယွင်ချဲ့ကို မျက်လုံးနီများဖြင့် မှုန်သုန်စွာ စိုက်ကြည့်နေပြီး ယွင်ချန်၏ နီစွေးနေသော နှုတ်ခမ်း တစ်စုံမှာလည်း လှုပ်ရှားလာကာ သခင် ဆိုသော စကားလုံးကို ပြောလိုက်သည်။ ယွင်ချဲ့လည်း မျက်ရည်များ ကျလာကာ ယွင်ချန်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

“ကောင်းတယ် ရှောင်ချန် .. မင်းစကားပြောနိုင်ပြီ ကောင်းတယ်”

ပျော်ရွှင်ခြင်းတို့ နှင့်အတူ ယွင်ချဲ့ အတွက် မျှော်လင့်ချက်များ ရှင်သန် လာခဲ့သည်။ ထို့နောက် ဖက်ထားသည်ကို လွှတ်ပေးလိုက်ပြီး ယွင်ချန် ပခုံးနှစ်ဖက်ကို ကိုင်လျက် ယွင်ချဲ့ စိုက်ကြည့်လိုက်သည်။

“သခင်မဟုတ်ဘူး အစ်ကို .. ထပ်ပြောကြည့် ရှောင်ချန် .. အစ်..ကို”

ယွင်ချဲ့ ဖြည်းဖြည်းပြောကာ အသံထွက်ကို သင်ပေးလိုက်သည်။ သူပျော်ရွှင် နေသော်လည်း ယွင်ချန်က စကား အထစ်ထစ် အငေါ့ငေါ့ဖြစ်ခြင်း မဟုတ်ဘဲ စကားပြောသင်ကာစ ကလေးတစ်ယောက် စကားလုံးများနှင့် အကျွမ်းတဝင် မရှိသကဲ့သို့ ဖြစ်နေသည်။ အကယ်၍ သူတို့ စိတ်ရှည်ရှည်ထားကာ သေချာသင်ပေးမည် ဆိုလျှင် ယွင်ချန်မှာ သာမန်လူ တစ်ယောက်ကဲ့သို့ ပြောဆိုလာနိုင်မည်ဟု ယွင်ချဲ့ ယုံကြည်သည်။

“အ…အစ်ကို ?”

ယွင်ချန်လည်း ခေါင်းကို စောင်းလျက် အတော်ကြာသည်အထိ စိုက်ကြည့် နေပြီးနောက် မသေချာသော ပုံစံနှင့် ယွင်ချဲ့ကို ခေါ်လိုက်သည်။ ယွင်ချဲ့လည်း အသက်ကိုပင် အောင့်ထားကာ ယွင်ချန် ခေါ်သည်ကို စောင့်နေပြီးနောက် ယွင်ချန်၏ ခေါ်သံကို ကြားလိုက်ရသည်။

“ဟုတ်တယ် အစ်ကို အဲဒါကို မှတ်ထားနော် ရှောင်ချန် … အခုကစပြီး အစ်ကိုလို့ပဲ ခေါ်ရမယ်”

ယွင်ချန်မှာ အရောင်အဆင်းမဲ့သော စာရွက်ဖြူလေး ဖြစ်နေပြီး ထိုစာရွက်ပေါ်တွင် မည်သို့အရောင် ဆင်ပေးရမည်ကို ယွင်ချဲ့တို့ ရွေးချယ် ဆုံးဖြတ်ရမည်ဖြစ်သည်။

“အစ်ကို”

ယခုတစ်ကြိမ်တွင် ယွင်ချန် ယုံကြည်ချက်ရှိရှိ ခေါ်လိုက်ပြီး ဖြူစင်စွာ ပြုံးပြလိုက်သည်။

“ချန် …”

လွန်ခဲ့သော တစ်လက ကြောင်အမ်းအမ်း ဖြစ်ခဲ့ခြင်းနှင့် ခြားနားစွာ ပြောင်းလဲနေသော ယွင်ချန်ကို ကြည့်ကာ ယွင်ချဲ့ မျက်ရည်များ ကျလာရသည်။ သို့သော် သူ့မျက်နှာနှင့် အသားအရေကို ထိလိုက်သည့်အခါ အလွန် အေးစက်နေသဖြင့် ယွင်ချဲ့ မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားလေသည်။ ယွင်ချန်မှာ ကိုယ်အပူငွေ့၊ အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်းတို့ မရှိသော ဖုတ်ကောင် ဖြစ်နေပေသည်။

“ကိစ္စမရှိဘူး ရှောင်ချန် မင်းဖုတ်ကောင်ဖြစ်ဖြစ် လူဖြစ်ဖြစ် ငါနဲ့အတူတူ ရှိပေးနေရင်ကို ကျေနပ်ပြီ”

ကိုယ့်ကိုယ်ကို နှစ်သိမ့်သည်လား ယွင်ချန်ကို နှစ်သိမ့်သည်လားပင် မသိတော့ဘဲ ယွင်ချဲ့ ကိုယ့်ကိုယ်ကို အားပေးကာ ယွင်ချန် လက်ကိုကိုင်လျက် လေထုစွမ်းအားကို အသုံးပြုကာ ရေပြင်အထက်သို့ ကူးသွားလေသည်။

“ရေထဲက အရင် ထွက်ရအောင် ငါ့ကို သေချာကိုင်ထား”

လေပူဖောင်း ရွေ့သွားသည်နှင့် ယွင်ချန်လည်း ယွင်ချဲ့ ပြောသည့်အတိုင်း လက်မောင်းကို တင်းကျပ်စွာ ဖက်ထား လိုက်သဖြင့် ယွင်ချဲ့လည်း သဘောကျစွာ ပြုံးလိုက်သည်။ မကြာလိုက်သည့် အချိန်တွင် လေပူဖောင်းမှာ ရေမျက်နှာပြင်ပေါ်မှ ပေါ်လာလေသည်။

“ဝါး သခင် အရမ်းမိုက်တာပဲ .. ကျွန်တော်လည်း လုပ်ချင်တယ် သခင် .. ကျွန်တော်ရော”

လူနှစ်ယောက်ပါသော လေပူဖောင်းက ရေထဲမှ ထွက်လာပြီး လေပေါ်ပျံတက်ကာ စမ်းရေကန်၏ တစ်ဖက်တွင် ဖြည်းသက်စွာ ဆင်းသွားသည်ကို တွေ့လိုက်ရသည့် ခွေးပေါက် အရွယ်နှင့် ဟေးယွီမှာ အော်ဟစ်လျက် ယွင်ချဲ့ အနား ပြေးလာလေသည်။ သူ၏ဘောင်းဘီကို တစ်ယောက်ယောက်က ဆွဲနေသလို ခံစားရသဖြင့် ယွင်ချဲ့ မသိချင်ယောင် ဆောင်နေလိုက်ပြီး ဟေးယွီကို ပြန်မဖြေပေ။ သို့သော် ဟေးယွီကို အထူးအဆန်း ဖြစ်နေသော ယွင်ချန်က ထိုင်ချလိုက်ပြီး ဟေးယွီကို လည်ဂုတ်မှ ဆွဲမလိုက်သည်။

“အား ! ငါ့ကိုလွှတ် ! ငါကစားလို့ မကောင်းဘူး .. တကယ်ပြောတာ.. ငါ့ကိုမစားပါနဲ့ … သခင် ကယ်ပါဉီး ..သခင်ရဲ့ညီလေးက စိတ်ရိုင်းပေါက်ပြီး ကျွန်တော့်ကို စားဖို့ကြံနေပြန်ပြီ … သခင်”

လေထဲတွင် တွဲလွဲဆွဲ ခံထားရသော ခွေးပေါက်လေးက ငိုတော့မည့်အလား မနားတမ်းအော်ဟစ်နေသည်။ ယွင်ချန်လည်း လန့်သွားပြီး ယွင်ချဲ့ကို ကြည့်လိုက်ရာ ယွင်ချဲ့လည်း အလွန် သရုပ်ဆောင်ကောင်းသော ဒရာမာ ဘုရင်ကြီးကို ကြည့်လိုက်ပြီး ယွင်ချန်ကို ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“လွှတ်ပေးလိုက်”

ဘုတ်

“အား”

ယွင်ချဲ့ ပြောလိုက်သည်နှင့် ယွင်ချန်လည်း လွှတ်ပေးလိုက်ရာ ခွေးပေါက်လေးက မြေပြင်နှင့် ထိသွားလေသည်။ တကယ်ပင် နာသွားသည်လား တမင် လုပ်နေခြင်းလားမသိ၊ မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ညည်းညူနေသည်။

“ထတော့ ညည်းမနေနဲ့ … ဒီလောက် အားကောင်းတဲ့ ခန္ဓာကိုယ်ကြီး ရှိနေတာ ၁၀ မီတာ အမြင့်ကနေ ကျရင်တောင် သေမှာမဟုတ်ဘူး”

ယွင်ချန်မှာ နေရခက် သွားသော်လည်း ယွင်ချဲ့က လမ်းလျှောက် သွားလိုက်ပြီး စကားနားမထောင်သော ခွေးပေါက်လေးကို ကန်လိုက်သည်။ ယွင်ချဲ့က ရက်စက်တတ်သော သခင်မဟုတ်ပေ။ သူပို၍ ဂရုစိုက်မည်ဟု ကြံရွယ်လိုက်သည့် အခါတိုင်း ဟေးယွီက လိုက်လံ စွက်ဖက်ကာ အမျိုးမျိုး တောင်းဆိုတတ်သည်။ အကြိမ်များစွာ ဖြစ်လာသောကြောင့် ဟေးယွီ အပေါ်ထားသည့် သူ၏ချစ်ခြင်းတို့မှာ လျော့နည်း လာရသည်။

“သခင် .. ကျွန်တော့်ကို မချစ်တော့ဘူးပေါ့ …”

လုပ်ပါပြီ။ ထိုခွေးပေါက်လေးမှာ ခြေလက် ၄ ချောင်းတို့ဖြင့် ယွင်ချဲ့ ခြေထောက်ကို ဖက်ထားပြီး ဘောင်းဘီကို ကိုက်ဆွဲလျက် သနားစရာဖွယ် မျက်ရည်ရွှဲနေသော မျက်လုံးများဖြင့် မော့ကြည့်လေသည်။

“ဟင့်အင်း ငါဘယ်တုန်းက မင်းကို ချစ်ဖူးလို့လဲ”

ယွင်ချဲ့ မျက်လုံးလှန်ကြည့်ကာ ကိုယ်ကို ကိုင်းလိုက်ပြီး ဟေးယွီကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

“ဝူး ..! ပျံနေပြီကွ သခင် ကျွန်တော့်ကိုကြည့်ဉီး .. ကျွန်တော်ပျံလို့ ရနေပြီ”

ထိုခွေးပေါက်လေးက လေထဲတွင် လှပစွာ ကွေးကောက်ပြနေသည်။ ထိုမြင်ကွင်းမှာ ရင်ကွဲဖွယ် ကောင်းသော်လည်း သူကဲ့သို့ ဆူညံခေါင်းမာသော ခွေးကို ဘယ်သူက သနားနိုင်မှာလဲ။ ယွင်ချဲ့လည်း ပြန်မပြောချင်တော့သဖြင့် အားကစား ဝတ်စုံတစ်စုံကို ထုတ်ယူလိုက်သည်။ ယွင်ချန်ကို အတွင်းခံ တစ်ထည် အရင် ဝတ်ပေးလိုက်ပြီး V-neck ချည်သားတီရှပ်ကို ဝတ်ပေးကာ အဖြူရောင် ချည်ဘောင်းဘီလည်း ဝတ်ဆင် ပေးလိုက်သည်။ ထို့နောက် အနားစွန်းတွင် အနက်ရောင် ကွပ်ထားသော အဖြူရောင် ဂျာကင်တစ်ထည် ဝတ်ပေးကာ ဆံပင်ကိုလည်း ဖြီးသင် ပေးလိုက်ရာ ယွင်ချန်မှာ အလွန်ချောမောသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

“အင်း .. မင်းက အဖြူနဲ့လိုက်တယ် ပေလွယ်တော့ သန့်သန့်ရှင်းရှင်း နေရမယ် မှတ်ထားနော် ရှောင်ချန်”

ယွင်ချဲ့ လက်ပိုက်ထားပြီး ခြေလှမ်း ၂ လှမ်းဆုတ်ကာ ယွင်ချန်ကို ခေါင်းအစ ခြေအဆုံး သေချာကြည့်လျက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် သူ၏ညီလေးအား အဝတ်အစား ဆင်ယင် ပေးရသည်ကို သဘောကျကြောင်း သိရှိသွားသည်။ ပြောရလျှင် ယွင်ချဲ့သည် ပုံပန်း အသွင်အပြင်ကို ဂရုစိုက်သူ မဟုတ်သဖြင့် သူ၏ဆံပင်ကို စိတ်တိုင်းကျ ရိတ်ပစ်လိုက်ခြင်း ဖြစ်သည်။

“ဟုတ်ကဲ့”

အတော်ကြာအောင် စဉ်းစားပြီးနောက် ယွင်ချန် နှစ်ခြိုက်စွာ ပြုံးလျက် ခေါင်းညိတ်ပြကာ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ယွင်ချဲ့ကို ဖက်လိုက်ပုံမှာ အလွန် တွယ်ကပ်တတ်သော ကလေးတစ်ယောက်ကဲ့သို့ပင်။

“အခု ၆ နာရီကျော်နေပြီ ခဏစောင့်ဉီးနော် ရှောင်ချန် … မမကို သွားပြောရဉီးမှာ မလို့ .. ပြန်လာခဲ့မယ်နော်”

ယွင်ချဲ့ နာရီကို ကြည့်လိုက်ပြီးနောက် ယွင်ချန်ကို ဖက်ထားရာမှ တွန်းလိုက်သော်လည်း ယွင်ချန်က သူနှင့် တစ်စက္ကန့်လေးပင် မခွဲချင်သည့်အလား မျက်မှောင်ကြုတ်လျက် တင်းကျပ်စွာ ဖက်ထားလေသည်။ ထိုအချိန် ဟေးယွီလည်း ယွင်ချဲ့ ပခုံးပေါ်သို့ တက်လာခဲ့သည်။

“ကြည့်ရတာ သခင့်ကို သူ့အမေလို့ မှတ်နေပုံပဲ .. ဒါက သားရဲတောကောင်တွေ အများစု ဖြစ်ကြတာပါပဲ သူတို့မွေးဖွားလာပြီး ပထမဆုံး မျက်လုံးဖွင့်လိုက်တဲ့ အချိန် သူတို့ရှေ့မှာ ရှိတဲ့သူကို သူတို့ရဲ့အမေလို့ မှတ်ယူ လိုက်ကြတယ် … စမ်းရေက သန့်စင်ပေးပြီးတဲ့နောက် သူပထမဆုံး မြင်ရတာက သခင်ဆိုတော့ သခင့်ကို သူ့ရဲ့အမေလို့ မှတ်လိုက်ပြီ ထင်တယ်”

ပုံမှန်အားဖြင့် ဟေးယွီက သူ့ကို စနောက်နေသည်ဟု ယူဆနိုင်သော်လည်း သူကြားဖူးနားဝရှိသော သီအိုရီအရ ဟေးယွီ ပြောသည်ကို သဘောတူ လိုက်သည်။ သို့သော် အမေဆိုသည့် စကားလုံးက မိန်းမဆန်သဖြင့် သူ့အတွက် အဆင်မပြေပေ။

“သူစကားစပြောတုန်းက ငါ့ကို သခင်လို့ ခေါ်တယ်ဆိုတော့ မင်းဆီက သင်ထားပုံပဲ … မင်းပြောတာမှန်ရင် သူက အခုမှ မွေးကာစ ကလေးတစ်ယောက် အရွယ်ပဲ ရှိမယ်”

ယွင်ချန်၏ ခန္ဓာကိုယ်ကိုကြည့်ကာ သူတို့အမြင်နှင့် ခန့်မှန်းပြောဆို၍ မရပေ။

“ဒီတိုင်းထွက်သွားလို့ မရဘူးလား .. ကျွန်တော် ချန်ချန်ကို သတိရနေတာ သူထပ်ဝလာသေးလားဆိုတာ အလေးချိန် ချိန်ကြည့်ရမယ် ဝနေရင် အရွယ် ရောက်လာတဲ့အခါ ကောင်မလေး မရဘဲနေမယ်”

ချန်ချန် မည်မျှပင် အရွယ် ရောက်လာပါစေ ယွင်ချဲ့ အမြင်တွင် ဝကစ်နေသော ကလေးတစ်ယောက်ပင်။ သူ၏အမြင်ကို သဘောမတူ ကြသော်လည်း ယွင်ချဲ့ လက်မလျော့ပေ။

ဧပြီလ ရောက်နေသဖြင့် အနောက်တောင် စခန်းတွင် မနက် ၆ နာရီဝန်းကျင်၌ နေထွက်လေ့ရှိသည်။ ယွင်ယောင်နှင့် ဝမ်စူးဟွာတို့မှာ ပုံမှန် မနက် ၆ နာရီထကြပြီး မနက်စာ ပြင်ဆင်ကြလေသည်။ အခြားသူများမှာ မနက်ခင်း လေ့ကျင့်ခန်း လုပ်ရန်အတွက် ၆ နာရီခွဲတွင် ထကြသည်။ ၇ နာရီတွင် မနက်စာ စားသောက် ကြပြီးနောက် ၈ နာရီတွင် နေ့စဉ် တာဝန်များ လုပ်ဆောင်ရန်အတွက် စွမ်းအားရှင် အဖွဲ့အစည်းသို့ ထွက်သွားကြသည်။ အကယ်၍ သွားရသည့် နေရာက အနည်းသာ ဝေးလျှင် နေ့လယ်အချိန် ထမင်းစား ပြန်လာကြပြီး အလွန်ဝေးဝေးသွားရသည့် ရက်များတွင် ၅ နာရီ ၆ နာရီ ဝန်းကျင်မှသာ အိမ်ပြန် ရောက်တတ်ကြသည်။ လူတိုင်း ထိုလုပ်ငန်းစဉ်အတိုင်း တစ်နေ့တာ ကုန်ဆုံး နေရပေသည်။

“မမ အန်တီ .. သူတို့ပြန်မလာကြ သေးဘူးလား”

ယွင်ချန်ကို အိပ်ပျော်အောင် ကြိုးစား လုပ်ပေးခဲ့ပြီးနောက် ၇ နာရီရောက်သည့်အခါ ယွင်ချဲ့ အောက်ထပ်သို့ ဆင်းလာခဲ့ရာ ချန်ချန်ကို ချီထားသော ယွင်ယောင်နှင့် ချန်ချန်ကို မုန့်ခွံ့ကျွေးနေသော ဝမ်စူးဟွာ တို့ကို တွေ့လိုက်သည်။ မူကြိုမှာ ၈ နာရီစဖွင့်ပြီး ဝမ်စူးဟွာ က ချန်ချန် ကို ၇:၅၀ တွင် မူကြိုသို့ ပို့ပေးသည်။ ဝမ်စူးဟွာမှာ အငြိမ်းစား ယူထားသော အမျိုးသမီး တစ်ယောက်ကဲ့သို့ပင်။ ယွင်ယောင် အိမ်သန့်ရှင်းရေး လုပ်သည့်အခါ ကူညီပေးပြီး မနက်ပိုင်းတွင်လည်း စိုက်ပျိုးမြေများကို ပေါင်းသင် မြေလှန်ပေးသည့်အပြင် နေ့လယ် မတိုင်မီ အစားအသောက်များ ချက်ပြုတ်ကာ နေ့လယ်ခင်း တရေးတမော အိပ်ပြီးချိန်တွင် အိမ်နီးချင်းများသို့ အလည် သွားတတ်သည်။ မူကြိုဆင်းချိန် ရောက်သည့်အခါ ချန်ချန်ကို သွားကြိုတတ်ပြီး အိမ်ပြန်ရောက်လျှင်လည်း ယွင်ယောင် နှင့်အတူ ညနေစာ ချက်ပြုတ် ပေးလေသည်။ သူမ၏ဘဝမှာ ကပ်ဘေး မဆိုက်ခင်ကထက် ပို၍ အလုပ်များလာသည်။

“ဉီးဉီး”

ချန်ချန်လည်း ဉီးလေးဖြစ်သူကို မြင်သည်နှင့် အစားရပ်ကာ ယွင်ယောင် လက်ထဲမှ ဆင်းလိုက်သည်။ ယွင်ချဲ့လည်း ချန်ချန်ကို ကောက်ပွေ့လျက် ဖောင်းကစ်နေသော မျက်နှာလေးကို နမ်းလိုက်သည်။

“မောနင်း ချန်ချန်”

“မောနင်း ဉီးဉီး”

ဝကစ်နေသော လက်လေး နှစ်ဖက်နှင့် ယွင်ချဲ့ လည်ပင်းကို ဖက်ထားပြီး ပြုံးပြကာ ယွင်ချဲ့ ပါးကို နမ်းလိုက်သည်။

“သူတို့တွေ တော်တော် ချစ်ကြတာပဲနော် .. ခဏခဏ တွေ့နေတာ ရိုးတယ်မရှိကြဘူး”

ယွင်ယောင် ဘက်လှည့်ကာ ဝမ်စူးဟွာ ပြောလိုက်သည်။ သူတို့အိမ်ပြောင်း လာခဲ့ခြင်းက ပထမဆုံး ဖြစ်သော်လည်း ထိုမြင်ကွင်းမှာ အလွန် နွေးထွေးဖွယ် ကောင်းလှသည်။

“သိပါတယ် .. သူတို့ကို မနာလိုတောင် ဖြစ်တယ်”

ယွင်ယောင် ပြောလိုက်ရာ သူမတို့ ရယ်မောကြလေသည်။ ဘယ်သူကများ မနာလို အားကျခြင်း မဖြစ်ဘဲ ရှိနိုင်မှာလဲ။

ထို့နောက် ယွင်ချဲ့လည်း ချန်ချန်ကို ဖက်ထားလျက် ယွင်ယောင် ရှေ့တွင် ဝင်ထိုင်လိုက်သည်။ ယွင်ချဲ့ မျက်နှာထက် အပြုံးမှာလည်း တဖြည်းဖြည်း လျော့ကျလာပြီး အတော်အတန် ကြာပြီးမှသာ စကားစပြောလိုက်သည်။

“မမ .. ရှောင်ချန်က ကျွန်တော့်ကို အစ်ကိုလို့ ခေါ်လိုက်တယ်”

“ဘာ”

ယွင်ယောင် မျက်နှာမှ အပြုံးလည်း ပျောက်ကွယ်သွားပြီး ဝမ်စူးဟွာ သည်လည်း အခန်းထဲသို့ လူတစ်ယောက် အမြန် ဝင်လာသည်ကို ခံစားလိုက်ရသည်။ သူမသေချာကြည့် လိုက်သည့်အခါ ထိုလူက လန်ယဲ့ဟန် ဖြစ်နေသည်။ တစ်ချိန်လုံး ပြောင်းလဲခြင်း မရှိသော မျက်နှာထားနှင့် ရှိနေသူက စိုးရိမ်မှုများစွာနှင့် ယွင်ချဲ့ လက်ကို ဆုပ်ကိုင် ထားလေသည်။

“ဘာ…ဘာပြောလိုက်တာလဲ .. ထပ်ပြောဉီး ချန်က ဘာလုပ်လိုက်တာလဲ”

ယွင်ချဲ့ကို ထပ်ပြောရန် တောင်းဆိုနေသော သူ၏ ဩရှသော အသံက အက်ကွဲနေလေသည်။ လန်ယဲ့ဟန်၏ အရပ်မြင့်မားပြီး ထွားကြိုင်းသော ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့ တုန်ယင်နေသည်။ အနောက်မှ လိုက်လာသော လုဟိုင်ရွှမ်းနှင့် ကျိုးဇယ်ယွီတို့လည်း ရပ်လျက် ကြည့်နေကြလေသည်။ သို့သော် နောက်ဆုံးမှ ဝင်လာသော ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့က ဝမ်စူးဟွာ ကဲ့သို့ အခြေအနေကို နားလည်ခြင်းမရှိဘဲ ကြောင်အမ်းအမ်း ဖြစ်နေလေသည်။

***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset