အခန်း (၁၀၈)
“ယွင်ချန်က အစ်ကိုချဲ့ရဲ့ အမြွှာညီပါ … သူက …”
ကျန့်ယာဖေး အသံတိုးတိုးနှင့် ရှင်းပြသော်လည်း ယွင်ချန်က ဖုတ်ကောင် ဖြစ်သည့် အကြောင်းကိုတော့ သူမ မပြောနိုင်ပေ။ သူမကိုယ်တိုင် မျက်မြင် မတွေ့ရသေးသော်လည်း လန်ယဲ့ဟန်၏ အပြုအမူနှင့် လုဟိုင်ရွှမ်း၏ ဝမ်းနည်းနေသည့်ပုံကို ကြည့်ကာ သူတို့ မည်မျှစိတ်ဖိစီးနေကြောင်း သူမပြောနိုင်သည်။ ကျန့်ယာဖေးလည်း မျက်ရည်များကျကာ သူမအမေ၏ ရင်ခွင်ထဲတွင် ငိုနေလေသည်။
“ရှောင်ချန်က ဒီနေ့ အစ်ကိုလို့ ခေါ်လိုက်တယ်”
တစ်ဖက်တွင် လန်ယဲ့ဟန်၏ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားခြင်းတို့ ပြည့်နေသော မျက်ဝန်းများကို ကြည့်ကာ ယွင်ချဲ့က ပြန်ပြောပြလေသည်။ ယွင်ချဲ့ လက်မောင်းကို ဆုပ်ကိုင်ထားသော လန်ယဲ့ဟန်၏ လက်များ တင်းကျပ်လာသဖြင့် ယွင်ချဲ့ နာကျင်လာသော်လည်း အသံမပြုသည့်အပြင် မျက်နှာပင်မပျက်။ သူလည်း လန်ယဲ့ဟန် နှင့်အတူ ထပ်တူ ခံစားနေရသည်။
လန်ယဲ့ဟန် မျက်လုံးမှိတ်ကာ အသက်ဝအောင် ရှူလိုက်ပြီး စိတ်ကိုငြိမ်အောင် ထားလိုက်သည်။ မျက်လုံး ပြန်ဖွင့် လိုက်သည့်အခါ သူဆုပ်ထားသော လက်မှာလည်း တဖြည်းဖြည်းပြေလျော့လာသည်။
“သူ … သူ ပုံမှန်ပဲလား”
“ဟင့်အင်း .. သူဖုတ်ကောင် ဖြစ်နေပေမယ့် တွေ့နေကျ ဖုတ်ကောင်တွေလိုတော့ မဟုတ်ဘူး ပြောင်းလဲတာလည်း မြန်တယ် .. အခုတော့ မွေးကာစ ကလေး တစ်ယောက်လို ဖြစ်နေတော့ သင်ပေးရမှာတွေ ရှိတယ်”
အမှန်တရားမှာ ရင်လေးဖွယ် ဖြစ်သော်လည်း ယွင်ချဲ့ မဖုံးကွယ်ထားချင်ပေ။ သူတို့၏မျှော်လင့်ချက်များ ပျက်စီး သွားခဲ့လျှင် ပို၍ စိတ်ထိခိုက် သွားကြလိမ့်မည်။
“ဒါ ကျွန်တော်တို့ ရနိုင်တဲ့ အကောင်းဆုံး ရလဒ်ပဲ”
လန်ယဲ့ဟန်လည်း ယွင်ချဲ့ လက်ကို လွှတ်ကာ ဆိုဖာပေါ်သို့ ထိုင်လျက် ကျသွားသည်။ သူအနည်းငယ် စိတ်ပျက် သွားသော်လည်း ရလဒ်မှာ အံ့ဩစေခြင်းလည်း မရှိပေ။ အနည်းဆုံးတော့ ရှောင်ချန်မှာ အသက်ရှင် နေသဖြင့် သူစကားပြောသံကို လန်ယဲ့ဟန် ကြားနိုင်ခွင့်ရှိသေးသည်မဟုတ်လား။
“ကိစ္စမရှိပါဘူး .. သူ မမှတ်မိတော့တာတွေ ပြန်သတိရလာအောင် ကျွန်တော် ကူညီပေးမယ် .. သူပြန်သင်ဖို့ လိုတာတွေ ရှိရင်လည်း ကျွန်တော်တို့တွေ ပြန်သင်ပေးလို့ ရတာပဲလေ .. လုပ်နိုင်ပါတယ် ကြီးကြီးမားမားမှ မဟုတ်တာ”
ယွင်ချန်၏ အနီးဆုံး သူငယ်ချင်းဖြစ်သူ လုဟိုင်ရွှမ်းမှာ လန်ယဲ့ဟန် ပခုံးပေါ် လက်တင်ကာ နှစ်သိမ့်ပေးလိုက်သည်။ ယွင်ချန် သေပြီဟု သူတို့ထင်ထားခဲ့ချိန်က ယွင်ချဲ့ ရောက်လာခဲ့ပြီးနောက် ယွင်ချန်မှာ ထိုင်းမှိုင်းကာ မှိုင်တွေတွေ ဖြစ်သွားခဲ့သည်။ ထို့နောက် သေချာခိုင်မာခြင်း မရှိသော်လည်း သူတို့၏ မျှော်လင့်ချက်ကို အကောင်းဆုံးထား မျှော်လင့်ခဲ့ကြသည်။ ယနေ့တွင် ယွင်ချန် စကားပြောနိုင်သည်ဟု ယွင်ချဲ့ အသေအချာ ပြောဆိုနေသဖြင့် အခြေအနေကောင်းသော သတင်းဟု ပြော၍ရနိုင်သည်။
“ဟိုင်ရွှမ်း ပြောတာမှန်တယ် .. ချဲ့ .. ယဲ့ဟန် .. မမယောင် .. ငါတို့ အရှုံးမပေးသရွေ့ တစ်နေ့တော့ ယွင်ချန် ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာပါ .. အချိန်အများကြီး ရပါသေးတယ်”
ထူးဆန်းစွာပင် ကျိုးဇယ်ယွီလည်း စကားကို ခပ်ပေါ့ပေါ့ စနောက်ခြင်းမပါဘဲ ပြောလိုက်သည်။ ယွင်ချန်က သူတို့အတွက် မည်မျှ အရေးပါကြောင်း အခြားသူများထက် သူပို၍သိထားသည်။
“ဟုတ်တယ် .. မမယောင် .. အစ်ကိုချဲ့ .. အစ်ကို ယဲ့ဟန် .. ကျွန်မတို့က မိသားစုပဲလေ ယွင်ချန် ကလည်း မိသားစုဝင် တစ်ယောက်ပဲ .. သူ့အတွက် အတူတူ ကြိုးစားကြရအောင်”
ယွင်ချဲ့ တို့ကို ကြည့်ကာ ပြောလိုက်သည့် ကျန့်ယာဖေးမှာ မျက်ခမ်းတွင် မျက်ရည်များ တွဲခိုလျက်ပင်။ ယဲ့ရှင်းချန်လည်း အနည်းငယ် သဘောပေါက်လာပြီး ကျန်းရှန် နှင့်အတူ ရှေ့တက်လာကာ …
“ငါတို့လည်း ကူပေးမယ် .. ဘာဖြစ်နေလဲဆိုတာ သေချာ မသိပေမယ့် ယာဖေး ပြောသလို ငါတို့က မိသားစုပဲလေ .. ဖြစ်လာမှာတွေကို အတူတူ ရင်ဆိုင်ကြမယ်”
“ဟုတ်တယ် .. ကျွန်တော်တို့ အားလုံးအတူတူ”
ကျန်းရှန်ပင် ထောက်ခံလာသည်။ မိသားစုလေးထဲတွင် တစ်ယောက်နှင့် တစ်ယောက် နှလုံးသားများ ရင်းနှီး ဆက်နွှယ် လာကြသည်၊
“မေမေ .. ဉီးဉီး …”
သူတို့ ပြောနေကြသည်ကို ချန်ချန် နားမလည် သေးသော်လည်း အသက် ၃ နှစ် အရွယ်ဖြစ်နေသဖြင့် သူတို့၏ မျက်နှာကို ကြည့်တတ်သည်။ စိတ်ဓါတ်ကျနေသော မျက်နှာများကို မြင်လိုက်ရသဖြင့် ချန်ချန် စိတ်ဆိုးဟန်နှင့် မျက်နှာကို တင်းထားလိုက်သည်။
“ချန်ချန် ဘာမှမဖြစ်ဘူးနော် .. ဉီးငယ်လေး ပြန်လာတော့မှာ ဆိုတော့ မေမေပျော်လို့ပါ တကယ်ပြောတာ”
သားဖြစ်သူ၏ စိုးရိမ်နေသော မျက်နှာလေးကြောင့် ယွင်ယောင် အမြန်ပြုံးကာ ပြန်ဖြေလိုက်သည်။ သူတို့အားလုံး မှန်သည်။ ယွင်ချန် စကားပြော လာနိုင်သည်မှာ အကောင်းဆုံး အခြေအနေတစ်ခုပင်။ ရှေ့ဆက်ရန် အချိန်များစွာ ရှိသေးသဖြင့် သူတို့ ကူညီပေးရန် အချိန်များစွာ ရသေးသည်။ တုံ့ဆိုင်းနေရန်ပင် မလိုအပ်ပေ။
“မေမေ …”
ချန်ချန်လည်း သူ၏အမေကို ဖက်ကာ အတူတူ ငိုလိုက်သည်။ ယွင်ယောင် အနေနှင့် စိတ်ထွက်ပေါက် လိုအပ်သဖြင့် သူတို့ကို မည်သူမှ မတားကြပေ။
“ဒီလိုပါ ကျွန်တော့်မှာ ယွင်ချန် လို့ခေါ်တဲ့ အမြွှာညီ တစ်ယောက်ရှိတယ် သူ့ကို အချိန်မီ မကယ်နိုင်ခဲ့လို့ သူဖုတ်ကောင် ဖြစ်သွားရတယ် ဒါပေမယ့် ကျွန်တော် လက်မလျော့ချင်ခဲ့ဘူး … သူက ကျွန်တော့် နယ်မြေထဲမှာနေပြီး ကျွန်တော်တို့ စုလို့ရခဲ့တဲ့ အမြုတေတွေ သူ့ကို ကျွေးလိုက်တယ် အခု သူသာမန်လူ တစ်ယောက်လို ဖြစ်သွားပြီဆိုတော့ သူ့ကိုအပြင်ကို ခေါ်ထုတ်ချင်တယ် .. တကယ်လို့ သူ့ကို ကြောက်တယ်ဆိုရင် ပြောပါ ကိစ္စမရှိပါဘူး။ ထွက်သွားတဲ့အခါ ရက်တို အတွက်တော့ နေထိုင်စားသောက်ဖို့ ပြင်ဆင် ပေးလိုက်ပါ့မယ်”
သူတို့နှင့် အတူ ရှိနေသူ တချို့က အကြောင်းစုံကို မသိကြသေးသဖြင့် ယွင်ချန်ကို မခေါ်ထုတ်မီ အမှန်တိုင်း ပြောပြထားချင်သည်။ ယွင်ချန်ကို လက်ခံနိုင်လျှင် သူတို့နှင့် မိသားစုအဖြစ် ဆက်ရှိနေနိုင်သည်။ မဟုတ်လျှင် ယွင်ချန်ကို မစွန့်လွှတ်ဘဲ ထိုသူတို့နှင့်သာ အဆက်အသွယ် ဖြတ်တောက် လိုက်မည်ဖြစ်သည်။ သူ့ကို နှလုံးသားမဲ့သူ၊ တစ်ကိုယ်ကောင်း ဆန်သူဟု ပြောပါစေ၊ သူ၏ဒုတိယမြောက် ဘဝတွင် သူ၏အစ်မ၊ ညီလေးနှင့် တူလေးတို့ကို အရာရာထက် ပို၍ဂရုစိုက် ပိုဉီးစားပေးမည် ဖြစ်သည်။ သူတို့အတွက်သာ ဆိုလျှင် မည်သည့် အရာကိုမှ စွန့်လွှတ်ရန် ဝန်မလေးပေ။
“မင်းက ထိပ်ဉီးအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ မင်းလုပ်ချင်တာကိုပဲပြော ငါတို့ရဲ့ ထင်မြင်ချက်တွေ မလိုပါဘူး … ချဲ့ .. ငါတို့သိတာ မကြာသေးဘူး ဆိုပေမယ့် ဒီမိသားစုလေးကို ငါသဘောကျပြီး ဒီမိသားစုထဲက လူတွေကိုလည်း ငါဂရုစိုက်တယ် .. ယွင်ချန်က မင်းရဲ့ညီဆိုရင် သူကလည်း ငါတို့ရဲ့ညီလေးပဲ ဖုတ်ကောင် ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ဖယ်ထားလိုက်”
ယဲ့ရှင်းချန် တည်ငြိမ်စွာ အလေးအနက် ထားပြောလေသည်။
အကြောင်းစုံ၏ ၉၀ % ကို သူသိလိုက်ပြီး ဖြစ်သည်။ ကျန်းရှန် ကလည်း ယဲ့ရှင်းချန် လက်ကို တိတ်ဆိတ်စွာ ကိုင်ထားလျက် သူတို့မည်မျှ စိတ်ပိုင်းဖြတ် ထားသည့်ပုံစံဖြင့် ယွင်ချဲ့ကို ကြည့်နေကြသည်။
“ဟုတ်တယ် ဒီလိုလုပ်စရာ မလိုပါဘူး ချဲ့ … သားကြောင့်သာ မဟုတ်ရင် ဖေးဖေးနဲ့ အန်တီတို့ လင်မယားလည်း အသက်ရှင်နေမှာ မဟုတ်ဘူး အန်တီတို့ မိသားစုတောင် အကောင်းအတိုင်း ရှိနေရင် သားတို့ရော ဘာလို့ မဖြစ်ရမှာလဲ .. အန်တီက အိမ်ထောင် မကျခင်က မိဘက အလိုလိုက် အိမ်ထောင် ကျပြီးတော့လည်း ယောက်ျားက အလိုလိုက်ထားတော့ အန်တီစကား အကောင်း မပြောတတ်ပေမယ့် အခုက မိသားစုဖြစ်လာကြပြီ ဆိုတော့ ကောင်းလည်းအတူ ဆိုးလည်းအတူ ရင်ဆိုင်ကြရမှာပဲလေ .. မစိုးရိမ်ပါနဲ့ ချဲ့ .. အန်တီလည်း ယောင်ကို ကူညီပြီး ရှောင်ချန်ကို ဂရုစိုက်ပေးမယ်နော် သူတစ်ခုခု ခြားနားနေတယ်လို့ မထင်ရလောက်အောင် အန်တီ ကူညီပေးမယ်”
သူမ၏ခင်ပွန်း ဖြစ်သူနှင့် မျက်လုံးချင်း စကားပြောပြီးနောက် သူ၏လက်ကို ဆုပ်ကိုင်လျက် ဝမ်စူးဟွာလည်း ယွင်ချဲ့ကိုကြည့်ကာ သူမ ကူညီပေးမည့် အကြောင်း ပြောလေသည်။ သူမတို့ဇနီးမောင်နှံမှာ ယခုမိသားစုလေး အတွက် အဖေအမေ သဖွယ်ဖြစ်နေပြီး မည်သည့် မိဘကမှ သူတို့၏ ကလေးများကို စက်ဆုပ် မုန်းတီးခြင်း မရှိပေ။
“မင်းပြောတာကို ငါတို့ နားထောင်ပါ့မယ် ချဲ့ .. ငါတို့ကို မင်းနှင်လို့ မရပါဘူး”
ကျိုးဇယ်ယွီ မျက်နှာပြောင်စွာ ယွင်ချဲ့ ကားအနောက်ခုံပေါ် တက်ခဲ့သည်မှစ၍ သူတို့၏ သူငယ်ချင်းဘဝ စတင်လာခဲ့သည်။ ထိုအချိန်မှစ၍ ကျိုးဇယ်ယွီက သူ၏ဘဝ တစ်လျှောက် ယွင်ချဲ့ နောက်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။
လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်းတို့ ဘာမှမပြောသော်လည်း သူတို့မှာ ယွင်ယောင်နှင့် ယွင်ချဲ့ ပြီးလျှင် ယွင်ချန်နှင့် ဒုတိယ အနီးစပ်ဆုံး သူများဖြစ်ကြသဖြင့် သူတို့၏ ဆုံးဖြတ်ချက်ကို ပြောထုတ်ရန်ပင် မလိုတော့ပေ။ ယွင်ချဲ့လည်း အားလုံးကို ဝှေ့ကြည့်ကာ ပြုံးလိုက်ပြီး …
“ကောင်းပါပြီ .. ဒါဆို ရှေ့လျှောက် ရှောင်ချန်ကို ဂရုစိုက်ပေးကြပါဉီး .. ဇယ်ယွီ တံခါးပိတ်လိုက် .. သူ့ကို ခေါ်ထုတ်တော့မယ်”
“အိုကေ”
ကျိုးဇယ်ယွီ ဆိုဖာမှထကာ အမြန်ပြေးသွားပြီး ခဏလေးအတွင်း ပြန်ရောက်လာခဲ့သည်။
“အဆင်သင့်ပဲလား”
ယွင်ချဲ့လည်း နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး သူတို့အားလုံးလည်း ခေါင်းညိတ်ကာ အသက်ပင် မရှူရဲဘဲ အာရုံစိုက် နေကြလေသည်။ ယွင်ချဲ့ လက်ကို ဝှေ့လိုက်ရာ သူတို့၏မြင်ကွင်းရှေ့တွင် ပိန်သွယ်သော ပုံရိပ်တစ်ခု ပေါ်လာပြီး ဝတ်ထားသော အဖြူရောင် ဝတ်စုံက ပို၍ပိန်သယောင် မြင်စေသည်။ ယွင်ချဲ့နှင့် မျက်နှာကျချင်း တူညီသော်လည်း သူ၏မျက်ဝန်းများက အနီရောင် ဖြစ်နေပြီး ဖန်လုံးသဖွယ် တောက်ပနေသည်။ အသားအရေမှာ ပို၍ ဖျော့တော့နေပြီး မျက်နှာမှာလည်း နူးညံ့ချောမွေ့ကာ ချွေးပေါက်များကိုပင် မမြင်ရပေ။ သူ၏ နှုတ်ခမ်းမှာလည်း အနီဆုံးသော အရောင် ဆိုးထားသည့်အလား နီစွေးပြောင်လက်နေသည်။ ကြိုမပြောထားခဲ့လျှင် သူ့ကိုဖုတ်ကောင် ဖြစ်နေကြောင်း မည်သူမှ သိလိမ့်မည် မဟုတ်ပေ။ အပြင်ပန်းအသွင်ကို ကြည့်လျှင် ကောင်းမွန်သော မျက်နှာထားနှင့် နီရဲသော နှုတ်ခမ်းရှိသည့် သာမန်လူ တစ်ယောက်အဖြစ်သာ မြင်ကြလိမ့်မည်။
“ချ…ချန် ..”
သားဖြစ်သူကို ဆိုဖာပေါ် ချလိုက်ပြီး ယွင်ချန်ထံသို့ ယွင်ယောင် မျက်ရည် ဝဲနေလျက် အမြန်ပြေးကာ သူမ၏ တုန်ယင်သော လက်များဖြင့် ယွင်ချန် မျက်နှာကို ထိကိုင်ရန် လုပ်လိုက်သော်လည်း ယွင်ချန် ရှောင်တိမ်းလိုက်ပြီး ယွင်ချဲ့ကိုသာ ဖက်ထားလိုက်သည်။ သူမ၏စိတ်ကို သေချာပြင်ဆင် ထားပြီးသည်ဟု တွေးထားသော်လည်း သူမမောင်ဖြစ်သူ၏ မျက်လုံးထဲမှ သူစိမ်းဆန်ခြင်းနှင့် ငြင်းဆိုခြင်းတို့ကို မြင်လိုက်ရာ သူမနှလုံးက အချိန်မရွေး ရပ်တန်သွားတော့မည့် အလား နာကျင်ကာ မျက်ရည်များလည်း ကျဆင်းလာသည်။ သူတို့ ၃ ဉီး တစ်ယောက်နှင့် တစ်ယောက် အလွန်နီးကပ်ခဲ့သော်လည်း …
ယွင်ယောင် ပိုတွေးလေ မျက်ရည်များလည်း ပိုကျလာလေ ဖြစ်နေသောကြောင့် ကျန့်ယာဖေး သူမအနားသွားကာ ယွင်ယောင်ကို ဖက်ထား ပေးလိုက်သည်။ ယွင်ချဲ့လည်း ယွင်ချန် လက်ကိုယူကာ သူတို့အစ်မ လက်ပေါ် တင်ပေးလိုက်သည်။
“ရှောင်ချန် ဒါငါတို့ရဲ့ အစ်မ ငါတို့နဲ့ အနီးကပ်ဆုံးသူပဲ … အခုကစပြီး သူ့ကို မမလို့ ခေါ်ရမယ် ဟုတ်ပြီလား”
ယွင်ချဲ့ မကြာခဏ စိတ်ဖိစီးခဲ့ရသဖြင့် အစ်မဖြစ်သူလည်း ထိုသို့ ခံစားရနိုင်သော်လည်း မည်သို့မှ လုပ်၍မရပေ။ ယွင်ချန် သူတို့ရှေ့ ရပ်နေသည်က အကောင်းဆုံး အခြေအနေ တစ်ရပ်ပင်။
“မမ ?”
ယခုတစ်ခေါက် ယွင်ချန် လက်ကို ပြန်မရုပ်တော့ဘဲ တွေဝေနေသည့်ပုံဖြင့် ယွင်ချဲ့ကို ကြည့်လိုက်ရာ ယွင်ချဲ့လည်း သေချာပြန်ကြည့်လိုက်ပြီး …
“ဟုတ်တယ် .. မမ .. အစ်ကိုလိုပဲပေါ့။ သူက မင်းမိသားစုရဲ့ အရေးကြီးတဲ့ သူတစ်ယောက်ပဲ .. နောက်တစ်ခါ သူ့ကို ထပ်မငြင်းရဘူးနော် မဟုတ်ရင် သူဝမ်းနည်းလိမ့်မယ် ဟုတ်ပြီလား … မမငိုနေတာမြင်ရင် စိတ်မကောင်း မဖြစ်ဘူးလား”
ယွင်ချန်လည်း မျက်ရည် စိုနေသော မိန်းကလေး တစ်ယောက်၏ မျက်နှာကို ပြန်ကြည့်လိုက်ရာ ရုတ်တရက် သူ၏စိတ်ထဲတွင် သူမသိလိုက် နားမလည်နိုင်သော ပုံရိပ်ယောင် တချို့ကို မြင်လိုက်ရသည်။ ထိုအရိပ်အယောင်တို့ကြောင့် ယွင်ချန် မျက်ခုံးတို့ တွန့်ချိုးသွားသော်လည်း ခဏအကြာ ပြန်လည် တည်ငြိမ်လာပြီး သူ၏အနီရောင် နှုတ်ခမ်းမှလည်း တစ်ခုခုကိုရေရွတ်လိုက်သည်။
“မမ”
ယွင်ချဲ့နှင့် အခြားသူများက ယွင်ချန်၏ ပြောဆို လှုပ်ရှားမှုများကို သေချာ စောင့်ကြည့်နေကြသော်လည်း သူ့ထံမှ ထွက်လာသော စကားကြောင့် အနည်းငယ် စိတ်ပျက် သွားကြလေသည်။ ထို့နောက် ယွင်ချန်တွင် တစ်ခုခု မူမမှန်သော အခြေအနေကို သတိထားမိ လိုက်ကြသော်လည်း ကံမကောင်းစွာ သူတို့မျှော်လင့်ထားသည့် ဆန်းကြယ်မှုက မဖြစ်လာခဲ့ပေ။
“ဟုတ်တယ် ရှောင်ချန် .. မောင်လေး ရှောင်ချန်”
မည်သို့ပင်ဖြစ်ဖြစ် သူမ မောင်လေးက မမဟု ခေါ်သည်ကို ကြားရသောကြောင့် ယွင်ယောင် အနေနှင့် ပျော်ရွှင်မိသဖြင့် မျက်ရည်များ ဝဲလျက် ယွင်ချန်ကို တင်းကျပ်စွာ ဖက်ထားလေသည်။
“အစ်ကို”
ကိုယ်ခန္ဓာ ထိတွေ့မှုကို နေရခက်နေသော ယွင်ချန်က လက်ဆန့်ကာ ယွင်ချဲ့ကို အကူအညီတောင်းလေသည်။ ယွင်ချဲ့လည်း လက်ကိုသာ ကိုင်ထားလိုက်ပြီး ဘာမှမပြောဘဲ ကြည့်နေလိုက်သည်။ ယွင်ချန်မှာ နယ်မြေထဲမှ ထွက်လာကာစ ဖြစ်သောကြောင့် အပြင်ဘက်မှ အခြေအနေများကို နေသားကျဉီးမည် မဟုတ်ပေ။
“ဉီးငယ် ချန်”
ချန်ချန်က ယွင်ချန်၏ အင်္ကျီအစကိုဆွဲကာ မော့ကြည့်နေသည်။ သူ၏ဉီးလေး နှစ်ယောက်မှာ ရုပ်ချင်း အလွန်တူသဖြင့် ယွင်ချန်ကို ချန်ချန် သေချာမှတ်မိသည်။ သူ၏ဉီးငယ် ယွင်ချန်ကို အတော်ကြာသည်အထိ မတွေ့ခဲ့ရသော်လည်း သူ၏ဉီးငယ်က သူ့ကို ဘယ်လောက်ချစ်ကြောင်း ချန်ချန် မှတ်မိနေသည်။ အခုချိန်မှာ အနည်းငယ် ပြောင်းလဲ သွားသဖြင့် ချန်ချန် သူလုပ်နေကျကဲ့သို့ ယွင်ချန် ပေါ်ကို မခုန်တက်ရဲတော့ပေ။ သူ၏မျက်လုံးရွဲများနှင့်သာ ကြည့်လျက် သူ၏ဉီးငယ် လုပ်နေကျအတိုင်း သူ့ကိုဖက်ကာ နမ်းလိမ့်မည်ဟု မျှော်လင့်နေလေသည်။
“ဉီးငယ် ချန် ?”
ကလေးငယ်ကို ငုံ့ကြည့်လျက် ယွင်ချန် ဘာမှ နားမလည်သဖြင့် ယွင်ချဲ့ကို လှည့်ကြည့်ကာ အကူအညီ တောင်းပြန်သည်။ ယွင်ချဲ့လည်း ချန်ချန်ကို ချီကာ ယွင်ချန်၏ လက်ထဲ ထည့်ပေးလိုက်ပြီး …
“ဒါက ချန်ချန် .. ငါတို့မမရဲ့သား ငါတို့ရဲ့ တူလေးပဲ ချစ်စရာ မကောင်းဘူးလား .. ငါတို့တွေ သူ့ကို ချစ်ပေးပြီး အတူတူ ဂရုစိုက်ကြမယ်နော်”
“ဟုတ်ကဲ့”
“ဝါး !! ဉီးငယ် !!”
ယွင်ချန် ပြုံးလျက် ခေါင်းညိတ်လိုက်ရာ ချန်ချန်လည်း ယွင်ချန် လည်ပင်းကို ဖက်ကာ ငိုချလိုက်သည်။ သူ၏အတွေးထဲတွင် သူ၏ဉီးငယ် ယွင်ချန်က အနည်းငယ်ပင် မပြောင်းလဲသွားပေ။
***