YMR- အခန်း ၁၀၀

အခန်း (၁၀၀)

“တစ်ခုသတိပေးလိုက်မယ် .. ခင်ဗျား မသေချင်ရင် လှုပ်ဖို့မစဉ်းစားနဲ့ ယွင်ချဲ့ ဘာတွေ လုပ်နိုင်လဲဆိုတာ ခင်ဗျား စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး”

ထိုအဖြစ်ကို မြင်ပြီး ကျိုးဇယ်ယွီနှင့် အဖွဲ့သားတို့မှာ ရှေ့တက် လာပြီး ကျန်းရှန် ကတော့ ထုံးစံအတိုင်း မပြောင်းလဲ နေနေလျက်ပင်။ ရှင်းဖုန်း ပြောရန်ပင် မလိုအပ်ဘဲ ချောင်ယန်း အဖွဲ့သားတို့လည်း မတ်တပ် ရပ်လိုက်ကြပြီး အရှုံးသမားအဖွဲ့လည်း ထိုနည်းတူစွာပင်။ ယွင်ချဲ့ ကြောင့်သာ မဟုတ်လျှင် သူတို့ သေကြေခဲ့ကြမည်မှာ အသေအချာပင်။ ကျန်းယွမ်နှင့် ယွင်ချဲ့၏ အခန်းဖော် ဟောင်းများကလည်း ဟန်မင်ကျယ်ကို မနှစ်သက်ကြပေ။

စွမ်းအားရှင်များ အဖွဲ့လိုက် ရှေ့တိုး လာသည့်အခါ ဟွားတက္ကသိုလ် ကျောင်းသားများက နောက်ဆုတ် သွားကြလေသည်။ ယခုအချိန်တွင် အနာဂတ်က အရေး မကြီးတော့ဘဲ သူတို့အသက်ရှင် နိုင်ရန်သာ အရေးကြီးဆုံး ဖြစ်သည်။ ကပ်ဘေး ကာလဖြစ်ပြီး ချိန်မှစ၍ အသက်ရှင်နိုင်ရန် မည်သို့ နေထိုင်ရမည်ကို သိရှိထားခဲကြသည်။

“ကြည့်ရတာ ခင်ဗျားဘာသာ ခင်ဗျား အားကိုးရတော့မယ် ထင်တာပဲ”

ဟွားတက္ကသိုလ် ကျောင်းသားများကို ယွင်ချဲ့ ကြည့်လိုက်ပြီးနောက် ယန်းပိချင်နှင့် ဟန်မင်ကျယ် တို့ကို ငုံ့ကြည့်လေသည်။ ယန်းပိချင်လည်း သူမ၏ နာကျင်မှုကို လျစ်လျူရှု ထားပြီး ဟန်မင်ကျယ်နှင့် တစ်ယောက်ကို တစ်ယောက်ကို ဖက်ထားကြလေသည်။ ကြည့်ရသည်မှာ သူတို့ အလွန် ကြောက်ရွံ့နေပုံပင်။

“မလုပ်ပါနဲ့ ယွင်ချဲ့ .. စကားနဲ့ပဲ ပြောရအောင် .. မင်းကို ဒူးထောက် တောင်းပန်အောင် ငါပြောမယ် .. ငါတို့ကို မသတ်ပါနဲ့”

ယန်းပိချင်ကို ဟန်မင်ကျယ် တွန်းထုတ်လိုက်ပြီး ယွင်ချဲ့ ခြေထောက်အနားသို့ တွားသွားလျက် တည်ကြည်သော ပါမောက္ခ အသွင်အစား သနားစရာ ကောင်းသော လူကြောက်ပမာ လုပ်ပြနေသည်။

“ဟန်မင်ကျယ် နင် …”

အဝေးသို့ တွန်းထုတ် ခံလိုက်ရသော ယန်းပိချင်မှာ ဟန်မင်ကျယ်ကို လက်ညှိုးငေါက်ငေါက်ထိုးလျက် သူမ၏ရှုံ့မဲ့နေသော မျက်နှာမှာ နာကျည်းမှုများ ပြည့်နှက်လာသည်။ မည်သို့ပင်ဖြစ်ဖြစ် လက်ရှိအချိန်တွင် ဟန်မင်ကျယ်က အသက်ရှင် လိုသည်ဖြစ်၍ ယန်းပိချင်၏ မုန်းတီးမှုကိုလည်း အရေးမစိုက်တော့ပေ။ ယွင်ချဲ့ အေးစက်စက် အကြည့်များနှင့် သူတို့ကို စိုက်ကြည့်လိုက်သည်။ ထိုအချိန် ရှင်းဖုန်း ရှေ့တက်လာပြီး ယွင်ချဲ့ လက်ကိုဆွဲကာ …

“ဒီကိစ္စအတွက် မင်းလက်တော့ အပေမခံပါနဲ့ … မတန်ဘူး”

ထို့နောက် ရှင်းဖုန်း လက်ထဲတွင် ပစ္စတိုသေနတ် ပေါ်လာလေသည်။ မောင်းခလုတ် မဆွဲမီ ယွင်ချဲ့က ရှင်းဖုန်း လက်ကို ကိုင်လိုက်ရာ ရှင်းဖုန်း မျက်မှောင်ကြုတ် သွားသော်လည်း ယွင်ချဲ့က ခဏစောင့်နေရန် အချက်ပေး လိုက်သည်။ ထို့နောက် အနောက် လှည့်လိုက်ပြီး ဟန်မင်ကျယ် အရှေ့သို့ ဓါးကို ပစ်ချလိုက်သည်။

“သူ့ကိုသတ်လိုက် ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ် ပိုပြောရရင် အနောက်တောင်စခန်းကို ခေါ်သွားမယ်”

သို့သော် ဟန်မင်ကျယ် အန္တရာယ်ကင်းစွာ ရောက်သွားနိုင်မည်ဟု သူအာမ မခံခဲ့ပေ။

“မင်း ..”

“နင် ရူးနေလား ငါတို့ကြားမှာ ဘာပြဿနာမှ မရှိတာကို ငါ့ကိုဘာလို့ ဒီလိုလုပ်ရတာလဲ”

ဟန်မင်ကျယ်က အံ့အားသင့်ကာ ဆွံ့အနေပြီး သူ၏ အနောက်ဘက်ရှိ ယန်းပိချင်က ခေါင်းမော့လျက် အော်ပြောလေသည်။ အစောပိုင်းက ယွင်ချဲ့အား အသရေ ဖျက်ပြောဆိုခဲ့ခြင်းကို သူမ မမေ့သွားခဲ့သည်။ ယွင်ချဲ့က အားနည်းသည့် နယ်မြေ စွမ်းအားရှင်ဆိုပါက သူမပင် အလွယ်တကူ အနိုင်ယူနိုင်သည်။

“ခင်ဗျား မေ့သွားပြီလား အဘွားကြီး စောနလေးတင် ချဲ့ကို စော်ကားပြောဆို လိုက်တာ ဘယ်သူလဲ”

သူမ မေ့သွားခဲ့သော်လည်း တစ်ယောက်ယောက်က သတိပေး အော်ပြော လိုက်သည်။

“ငါ …”

ယန်းပိချင် အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလေသည်။

“ငါ…ငါ အမှားလုပ်ခဲ့မိတယ် တကယ်လို့ စိတ်မကျေမနပ် ဖြစ်သွားခဲ့ရင် ငါတောင်းပန်နိုင် အား … နင်…”

ယန်းပိချင် စကားမဆုံးမီ သူမ၏ ရင်ဘတ်ပေါ်တွင် နာကျင်သွားသဖြင့် ငုံ့ကြည့်လေရာ ဓါးအဖျားမှာ သူမ ကိုယ်ထဲသို့ စိုက်ဝင်နေပြီး သွေးများလည်း အဝတ်ပေါ်မှ စိမ့်ထွက်လာသည်။ သူမအား ထိုးစိုက်ထားသူကို ကြည့်ရန် အားယူ မော့လိုက်လေရာ မျက်လုံး တင်းကျပ်စွာ ပိတ်ထားသော ဟန်မင်ကျယ်ကို တွေ့လိုက်ရသဖြင့် လွန်စွာ အံ့ဩသွားသည်။ ဟန်မင်ကျယ်က သူမကို တကယ် သတ်ပစ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“တောင်းပန်ပါတယ် ပါမောက္ခ ယန်း .. ကျွန်တော် အသက်ရှင်ချင်လို့ ….”

စွက်

အား

ယန်းပိချင်၏ မျက်လုံးများကို စိုက်ကြည့် လိုက်ပြီး ဟန်မင်ကျယ် ဓါးကို အဆုံး ထိုးသွင်းလိုက်သည်။ အသားထဲသို့ ချွန်ထက်သော အရာတစ်ခု စိုက်ဝင်သွားသော အသံနှင့်အတူ ဓါးမှာလည်း သူမ၏ နှလုံးသားကို ထိုးဖောက် သွားလေသည်။ အော်သံ နှင့်အတူ ယန်းပိချင် လဲကျသွားပြီး သူမ၏ မျက်လုံးများတွင်လည်း မကျေနပ်မှုများ ရောထွေးနေသည်။

ကုန်တိုက်၏ အောက်ဆုံး အထပ်မှာ တိတ်ဆိတ် သွားပြီး ကျောင်းသားများနှင့် အဖွဲ့သားတို့ မှာလည်း သွေးများ ရွှဲနေသော ဟန်မင်ကျယ် အရှေ့တွင် လဲကျသွားသည့် ယန်းပိချင်ကိုသာ ကြည့်နေကြသည်။ လူသားသဘာဝ၏ အကျည်းတန်မှုက သိသာစွာ ထင်ရှားလာခဲ့သည်။ ယွင်ချဲ့က သူတို့ကို သတ်ပစ်မည်ဟု ပြောသည့်အချိန် ဟန်မင်ကျယ် အနူးအညွှတ် တောင်းပန်ခဲ့သော်လည်း ရွေးချယ်ရန် ဖြစ်လာခဲ့သည့် အခါတွင် သူ၏ချစ်သူအား သတ်ရန်ကိုသာ တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်ခဲ့သည်။ အဖြစ်မှာ ယွင်ချဲ့က လုပ်ခိုင်းစေခဲ့သည် ဆိုသော်လည်း သေချာ တွေးကြည့်လျှင် ဟန်မင်ကျယ်ကို လူသတ်ရန် သူ၏ မကောင်းစိတ်က လှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီး ယန်းပိချင်က ဓါးနှင့် အထိုးခံရသည့်တိုင် အသက်ရှင်ရန် ကြိုးစားနေခဲ့သည်။

“မင်းအခုကျေနပ်ပြီလား .. မင်းရဲ့စကားအတိုင်း ငါသူ့ကို သတ်လိုက်ပြီ”

ဟန်မင်ကျယ် ယိမ်းယိုင် နေသော်လည်း ယွင်ချဲ့ ခြေထောက် အနားသို့ ရောက်လာပြီး သူအရဲစွန့် ထားရသကဲ့သို့ လုပ်ပြနေသဖြင့် ယွင်ချဲ့ လှောင်ပြောင် လိုက်သည်။

“ရိုးသားသလို ဟန်ဆောင်မနေနဲ့ ဟန်မင်ကျယ် … ခင်ဗျားသာ အသိတရား ရှိတဲ့လူကောင်း တစ်ယောက်ဆိုရင် ခင်ဗျားကို ဘေးမှာ နှစ်တွေ အကြာကြီး ခေါ်ထားတဲ့သူကို စဉ်းစားပေးပြီး သူ့ကို သတ်မယ့်အစား ကိုယ့်ကိုယ်ကို သတ်သေသင့်တာ … ခင်ဗျား ရွေးချယ်ခဲ့တာ ခင်ဗျားကိစ္စလေ ကျုပ်နဲ့မှ မဆိုင်တာ .. ခင်ဗျားက ဒီကိစ္စကို ကျုပ်အပေါ် အပြစ်ပုံချင်တာလား”

ဉာဏ်ကောင်းလှသည်။ ထိုလူအုပ်ထဲမှ လူအချို့က အနောက်တောင် စခန်းသို့ ချောမွေ့စွာရောက်သွားလိမ့်မည်။ အကယ်၍ ယန်းပိချင်၏ တစ်ဝမ်းကွဲ အမျိုးက အနောက်တောင် စခန်းစစ်တပ်၏ ဗိုလ်မှူးဆိုသူ အမှန်တကယ် ဟုတ်ခဲ့လျှင် တစ်ယောက်ယောက်က သတင်းပေးလိုက်သည့်အခါ သူသည် ဟန်မင်ကျယ်ကို အလွှတ်ပေးမည် မဟုတ်ပေ။ မည်သို့ဖြစ်ဖြစ် ယန်းပိချင်၏ တစ်ဝမ်းကွဲက ဗိုလ်မှူး ဖြစ်နေချိန် ဟန်မင်ကျယ်က သာမန် နိုင်ငံသား တစ်ယောက်ပင်။ ယွင်ချဲ့၏ အစီအစဉ်မှာ ဗိုလ်မှူးဆိုသူက သူ့အစား ဟန်မင်ကျယ်အား သတ်ပေးရန်ဖြစ်သည်။

“မင်း …”

ယွင်ချဲ့က သူ့အား ဖောက်ထွင်းသိမြင် နိုင်လိမ့်မည်ဟု မထင်ထားသဖြင့် ဟန်မင်ကျယ် အလွန် အံ့ဩသွားသော်လည်း ကိုယ်ဟန်ကို ပြန်ထိန်းကာ ယွင်ချဲ့နှင့် အကြည့်လွှဲရန် ကြိုးစားလေသည်။

“ဘယ်သူ့ကို အပြစ်တင် ရမှာလဲ မင်းဘာပြော နေတာလဲ … မင်းပဲငါ့ကို အနောက်တောင် စခန်းဆီ ခေါ်သွားမယ်လို့ ကတိပေး ထားတယ်လေ”

ငြင်းဆန်ရုံမှ လွဲ၍ သူဘာမှ မလုပ်နိုင်တော့ပေ။ သူဂုဏ်ယူ နေခဲ့သော သူ၏ထက်မြက်သော ဉာဏ်ကပင် ယွင်ချဲ့နှင့် တွေ့သည့်အခါ ကြံရာမရပင် ဖြစ်နေသည်။

“ဒါပေါ့ ကျုပ်စကားကျုပ် တည်ပါတယ်”

ယွင်ချဲ့ မျက်နှာလက် သွားပြီး ဓါးကို ပြန်သိမ်း လိုက်သည်။

“ယုံယိ မင်းရဲ့နယ်မြေထဲက ဆေးတွေ အကုန်ထုတ်လိုက် … ဒီမှာ ကုန်တိုက်ကြီးပဲ လိုအပ်လောက်တာတွေ အကုန်သိမ်းသွား”

“ဟင် အဆင်ပြေတာပေါ့ ခေါင်းဆောင် ယွင်”

အနည်းငယ် တွေဝေ သွားပြီးနောက် ယွင်ချဲ့ထံမှ အမိန့်ရသွားသည့် ဟယ်ယုံယိက သူ၏နယ်မြေထဲက ဆေးများကို အပြင်သို့ အကုန်ထုတ် လိုက်သည်။ ဆေးများတွင် တရုတ်ရိုးရာဆေးများနှင့် အနောက်တိုင်းဆေး များစွာလည်း ပါဝင်သည်။ ယွင်ချဲ့ လက်တစ်ချက် အဝှေ့တွင် ထိုဆေးများ ပျောက်ကွယ် သွားလေသည်။

“ငါတို့ လိုအပ်နိုင်တာတွေ သွားရှာရအောင်”

အခြားသူများကို မကြည့်ဘဲ ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြကာ ကုန်တိုက်ထဲရှိ ဆိုင်များသို့ သွားလိုက်ကြသည်။ အရှုံးသမား အဖွဲ့သည်လည်း ပထမအထပ်ရှိ စားသောက် ကုန်တန်းသို့ ဝင်သွားကြသည်။ သူတို့အတွက် အစားအစာက ဉီးစားပေးအရာပင်။

ကုန်တိုက်တွင် အထပ် ၅ ထပ်ရှိပြီး ပထမအထပ်မှာ ကုန်ပစ္စည်း များစွာရှိသည်။ ယွင်ချဲ့မှာ အရှုံးသမား အဖွဲ့နှင့် စားစရာများကို ပြိုင်မယူဘဲ အလှကုန်နှင့် စက်ပစ္စည်း ဆိုင်ရာများ ရှိသည့်နေရာကိုသွားကာ လပ်တော့၊ ဆဲလ်ဖုန်းနှင့် တက်ဘလက် အချို့ကိုသာ ယူလာခဲ့သည်။

သူတို့ကို မည်သူမှ မတားရဲသဖြင့် ဟွားတက္ကသိုလ် ကျောင်းသားများ ရပ်လျက်သာ ကြည့်နေကြသည်။

ဒုတိယ အထပ်တွင် ရွှေ၊ ပလက်တီနမ်၊ ကျောက်စိမ်း အစရှိသော ကျောက်မျက် ရတနာများ ရောင်းထားသည်။ သူတို့အတွက် အများအပြား မလိုအပ်သဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ အသေးအမွှား အချို့ကိုသာ ယူခဲ့သည်။ တတိယ အထပ်တွင် မိန်းမဝတ်အင်္ကျီ၊ ဖိနပ်၊ ဖန်စီအိတ် အစုံအလင်နှင့် ခရီးဆောင်များ ရောင်းထားရာ အချို့ အနည်းအကျဉ်းသာ ယူလာကြသည်။ ၄ ထပ်မြောက်တွင် သူတို့အတွက် အလိုအပ်ဆုံး ဖြစ်သော ယောက်ျားဝတ်များ ရောင်းထားသည်။ ရှိသမျှ ဆိုင်အားလုံးမှ ဂျာကင် အင်္ကျီမှအစ အတွင်းခံများပင် မကျန်အောင် အကုန်သိမ်း လာခဲ့ပြီး အတွင်းခံဆိုင်များပင် မချန်ပေ။ အပေါ်ဆုံး အထပ်တွင် ကလေးဝတ်နှင့် အားကစား ဝတ်စုံများ အရောင်းတင်ထားကိုလည်း အဝတ်တစ်စပင် မကျန်အောင် သိမ်းလာခဲ့ကြသည်။ ထိုသို့ လုပ်ရသည်မှာ မြို့တွင်းရှိ ကုန်တိုက်များသို့ နောက်တစ်ကြိမ် ထပ်မသွားလိုတော့သဖြင့် ရောက်စဉ် အခိုက်တွင် အားလုံး တစ်ပါတည်း သယ်သွားကြမည် ဖြစ်သည်။

တစ်နာရီနီးပါး ကြာအောင် ရှာဖွေပြီးနောက် အောက်ထပ်သို့ ပြန်ဆင်းလာရာ အချိန်မှာ ၅ နာရီပင် တီးတော့မည်။ မမှောင်ခင် စခန်းသို့ အမြန်ပြန်မှသာ နောက်တစ်နေ့ မနက်တွင် စွမ်းအားရှင် အဖွဲ့အစည်းထံ တင်ပြနိုင်မည် ဖြစ်သည်။

ကျန်းယွမ် .. အနောက်တောင် ခန်းကို ငါတို့နဲ့လိုက်ခဲ့”

ဆွေးနွေး ကြပြီးနောက် ချက်ချင်း အမြန်ထွက်သွားရန် ဆုံးဖြတ်လိုက်ပြီး ကျန်းယွမ် တို့ကို သူတို့နှင့်အတူ လိုက်ရန် ခေါ်လိုက်သည်။ သူတို့မှာ ၂ နှစ်ကြာအောင် ယွင်ချဲ့၏ အခန်းဖော်များ ဖြစ်ခဲ့ပြီး ကျန်းယွမ် မှာလည်း ကပ်ဘေး မဖြစ်မီကတည်းက သူ၏တစ်ဉီးတည်းသော သူငယ်ချင်း ဖြစ်ခဲ့သဖြင့် သူတို့ကို ခေါ်သွားရန် ဝန်မလေးပေ။

“အိုကေ”

ကျန်းယွမ်နှင့် သူ၏သူငယ်ချင်းတို့က သူတို့ကို အဖွဲ့ဝင်အဖြစ် သတ်မှတ်သည်ဟု ယူဆသဖြင့် မငြင်းဆန်တော့ပေ။ ကပ်ဘေး မတိုင်မီက သူတို့သည် သူငယ်ချင်းများ ဖြစ်ခဲ့သော်လည်း ယွင်ချဲ့က တိတ်ဆိတ်နေလျက် အလုက်များ နေခဲ့သဖြင့် သူငယ်ချင်း ဖြစ်ခဲ့သည်ဟုလည်း မဆိုနိုင်။ သူတို့ကို အတုလိုက်ခွင့် ပေးသည်ကပင် သူတို့အတွက် အလွန်ကြင်နာရာ ဖြစ်ပေသည်။

“သွားကြစို့ .. အမီလိုက်ခဲ့ ပါမောက္ခ ဟန် .. ဒီမှာ ခင်ဗျားကို ကာကွယ်ပေးနိုင်တဲ့ သူမရှိဘူး”

ဟန်မင်ကျယ်ကို သတိပေးဟန် ကြည့်ပြီးနောက် ရှင်းဖုန်းကို ခေါင်းညိတ် ပြလိုက်သည်။ လုဟိုင်ရွှမ်းမှာ တံခါးကိုဖျက်ရန် ရှေ့ထွက်လာသည်။

“ခဏလေး”

တံခါးကိုမဖွင့်မီ တစ်ယောက်ယောက်က တားဆီးလိုက်ပြီး များစွာသော ခြေသံတို့ကိုလည်း ကြားလိုက်ရသည်။ ဟွားတက္ကသိုလ် ကျောင်းသား ကျောင်းသူများ စုဝေး ရောက်လာကြပြီး ….

“ကျွန်တော်တို့ကို ခေါ်သွားပေးပါ၊ ကျွန်တော်တို့မှာ ကားရှိပါတယ်။ ကာကွယ်ပေးစရာမလိုဘူး .. ကျွန်တော်တို့ကို လိုက်ခွင့်ပြုပါနော်”

“ကျေးဇူးပြုပြီး သနားပေးပါနော် ….”

“ကျေးဇူးပြုပြီး ….”

ကျောင်းသားများ သနားစဖွယ် တောင်းဆို နေကြသည်။ ထိုသူများသည် အနောက်တောင်စခန်းမှ လူများ ဖြစ်ကြသည်မှာ အသိသာပင်။ သူတို့နောက်ကိုသာ လိုက်သွားလျှင် လမ်းမမှား နိုင်တော့ဘဲ စခန်းသို့ လျင်မြန်စွာ ရောက်လိမ့်မည်ကို သူတို့သိသည်။

“အားနာပေမယ့် မင်းတို့ရဲ့ လုံခြုံရေးအတွက် မနက်ဖြန် မနက်မှ ထွက်ကြာတာ ပိုပြီး ဘေးကင်းလိမ့်မယ်”

ယွင်ချဲ့ သွေးအေးစွာ ပြုမူရသည်ကို မုန်းတီးသော်လည်း လူဉီးရေမှာ အလွန် များပြားသဖြင့် သူတို့သွားလျှင် အနည်းဆုံး ကား ၁၀ စီး လိုအပ်လိမ့်မည်။ သူ၏လေထု အလွှာက သူတို့၏ကား တစ်စီးတည်းကိုသာ ကာကွယ်နိုင်သည်။ လေထု အကာအကွယ် မရှိလျှင် ထိုကျောင်းသားများ သူတို့အနောက်မှ လိုက်လာခဲ့သည် ဆိုလျှင် လမ်းတွင် ဖုတ်ကောင်များ ကြားဖြတ် တိုက်ခိုက်ကြမည် ဖြစ်ပြီး တစ်ယောက်တောင် မကျန် ဖုတ်ကောင်များ၏ အစာ ဖြစ်သွားလိမ့်မည်။

“ဘယ်…ဘယ်လိုကြောင့် ဒီလောက် သွေးအေး နိုင်ရတာလဲ ငါတို့တွေ တောင်းပန်နေကြတာကို”

“အင်းလေ ကာကွယ်ပေးဖို့ မလိုပါဘူး။ အနောက်ကပဲ လိုက်ခဲ့ပါရစေ နော်”

“နင်လူမဟုတ်ဘူး မကောင်းဆိုးဝါးပဲ .. ဖုတ်ကောင်တွေ ထက်တောင် ဆိုးသေးတယ်”

“မင်းကျေနပ်အောင် ဘာလုပ်ရမလဲ ဒူးထောက် တောင်းပန် ရမလား”

လူသားတိုင်း ထိုသို့ ပြုမူကြသည်။ ကိုယ့်ကိုယ်ကို နှိမ်ချခြင်း လုံလောက်သွားပြီဟု ထင်လျှင် စိတ်ဆိုး တတ်ကြပြီး သင်က မာန်တက်နေသကဲ့သို့ ဖြစ်နေလျှင် သင်က အဆိုးဝါးဆုံး သူဟု ထင်ကြလိမ့်မည်။ ထိုသို့ အဓိပ္ပါယ်မရှိသော အရာများအတွက် ယွင်ချဲ့ အချိန် မပေးလိုသဖြင့် လုဟိုင်ရွှမ်းကို တံခါးဖွင့်ရန် မျက်လုံး မှိတ်ပြလိုက်သည်။

ဂါး

တံခါးဖွင့် လိုက်သည်နှင့် ဖုတ်ကောင်များ စုရုံး ရောက်လာကြသည်။ အသွေးအသားနံ့များရနေသဖြင့် အချိန်ကြာအောင် ဆာလောင် နေကြပုံပင်။ အဖွဲ့သားတို့လည်း အချင်းချင်း ပြန်စုကာ ဖုတ်ကောင်များထံသို့ သူတို့၏ အစွမ်းများ ပစ်ခတ်ကာ လမ်းရှင်း လိုက်သည်။

“ငါ့ကို စောင့်ဉီးလေ… စောင့်ကြဉီး”

အဖွဲ့၏ နောက်ဆုံးတွင် ခြေလှမ်းများကို အမီလိုက်နိုင်အောင် ကြိုးစားရင်း ဟန်မင်ကျယ် အော်လိုက်သည်။ ဖုတ်ကောင်များကို ရှင်းလင်း ထားလိုက်သဖြင့် ကံကောင်းသွားပြီး မဟုတ်လျှင် ဖုတ်ကောင်အစာ ဖြစ်ပေတော့မည်။

“ဒီစင်္ကြံကို မသိမ်းနဲ့ဉီး ဆက်သွားနေ .. ငါပုဂ္ဂိုလ်ရေး ကိစ္စ ရှင်းစရာ ရှိသေးတယ်”

အဖွဲ့ကို ဉီးဆောင် သွားနေရင်း ယွင်ချဲ့လည်း အလွန် မောပန်းနေသော ဟန်မင်ကျယ်ကို လှည့်ကြည့် လိုက်ရာ သွေးများလည်း ဆူပွက်လာသည်။ ရှန်းရွေနှင့် လေတာ့ရှန်က ယွင်ချဲ့ ဘာလုပ်မည်ကို သိသဖြင့် အချင်းချင်း ခေါင်းညိတ်ပြကာ ကျန်ခဲ့သော လမ်းကို တစ်ဖြောင့်တည်း တန်းထားလိုက်သည်။ အစတွင် ဟန်မင်ကျယ် အမီ ပြေးနိုင်သော်လည်း တဖြည်းဖြည်းနှင့် မောပန်းလာခဲ့သည်။ သူသည် သာမန်လူ ဖြစ်သောကြောင့် အခြားသော စွမ်းအားရှင်များ ကဲ့သို့ အစွမ်းမရှိပေ။

“မလုပ် .. ယွင်ချဲ့ ကယ်ပါဉီး အား.. မင်းငါ့ကို စခန်းကို ခေါ်သွားမယ်လို့ ကတိပေးခဲ့တယ်လေ။ အား”

မိနစ်ပိုင်းများစွာ ပြေးပြီးနောက် ဟန်မင်ကျယ် အားလျော့လာကာ သူ့ကို လိုက်နေခဲ့သော ဖုတ်ကောင်က ခုန်ဖမ်းလိုက်ပြီး ပခုံးကို ကိုက်လိုက်သည်။ နာကျင်ခြင်းကြောင့် ကယ်ဆယ်ပေးရန် ဟန်မင်ကျယ် အော်ဟစ် နေသော်လည်း သွေးနံ့ကြောင့် အနီးအနားမှ ဖုတ်ကောင်များ စုအုံလာကြပြီး အသားများကို တစ်စစီ ဆွဲပစ်ကြလေသည်။

“စင်္ကြံလမ်း အသင့်ပြင်ထား ခဏနေ လာခဲ့မယ်”

အခြားသူများ မတုံ့ပြန်မီ ယွင်ချဲ့ လေအလွှာနှင့် ကာလိုက်ပြီး ပြန်လှည့်ကာ ဖုတ်ကောင်များ၏ ဆုတ်ဖြဲ ခံနေရသော ဟန်မင်ကျယ်ကို ကြည့်နေလိုက်သည်။ ဟန်မင်ကျယ် အသက်ရှူ ရပ်သွားသည့် အချိန်တွင် ဖုတ်ကောင်များ ကြားသို့ ယွင်ချဲ့ ဝင်သွားပြီး ဟန်မင်ကျယ်၏ အကြွင်းအကျန်များကို ကြည့်ကာ …

“ဟန်မင်ကျယ် ခင်ဗျားက ဒါနဲ့ပဲတန်တယ်”

ထို့နောက် ယွင်ချဲ့လည်း ဖုတ်ကောင် အုပ်ထဲမှထွက်ပြီး မျက်လုံးမှိတ်လျက် အသက်ကိုဝအောင်ရှူကာ သူ၏ အဖွဲ့သားများထံသို့ ပြေးသွားလေသည်။ သူ၏ရန်သူ တစ်ယောက် ကျရှုံးသွားပြီ။ နောက်အလှည့်မှာ ကျိုး မိသားစု တစ်ခုလုံး ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset