အခန်း (၉၉)
“မင်းတို့စားပြီးကြပြီလား … ဒါ ငါ့အစ်မ ချက်ထားတာ စားကောင်းတယ် စားမလား”
သူ့အဆောင်မှ သူငယ်ချင်းများသည် သူမှလွဲ၍ အချင်းချင်း စည်းလုံး ချစ်ခင်ကြသည်ကို နားလည်သည်။ သူတို့အား မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိသဖြင့် ယွင်ချဲ့လည်း သူတို့အတွက် အစားအသောက်ဘူးများ ထုတ်ပေးလိုက်သည်။ ယွင်ချဲ့ ဘေးတွင်ထိုင်နေသော ရှင်းဖုန်းက ဘူးတစ်ဘူးကို ဖွင့်လိုက်ပြီး ဇွန်းတစ်ချောင်း ယူထုတ်လိုက်သည်။ အဆီကြောင်းများ ပါနေသော ဝက်ဗိုက်သားကင်ကို ယွင်ချဲ့ကို ခွံ့ကျွေးလိုက်ပြီး ထမင်းတစ်ဇွန်း ခွံ့ပေးလိုက်သည်။ ရှင်းဖုန်းမှာ ရှူးဂါးဒယ်ဒီနှင့် မတူတော့ဘဲ အစေခံ တစ်ယောက်နှင့် တူနေလေသည်။
ယွင်ချဲ့ အနည်းငယ် သက်သာ လာသော်လည်း သူ၏လက်နှစ်ဖက်ကို မသုံးချင်ပေ။ ပါးစပ်ဟကာ ရှင်းဖုန်း ခွံ့ပေးသော အသားနှင့် ထမင်းကို ကျေနပ်စွာ စားသောက် နေလေသည်။ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကို စောင့်နေကြသော အဖွဲ့သားတို့မှာလည်း အလိုမကျ ဖြစ်ကုန်သည်။ စိတ်ဝင်စားဖွယ်ရာ အစား ရှင်းဖုန်းနှင့် ယွင်ချဲ့၏ ချစ်ကြည်နူး ကြသည်ကိုသာ တွေ့လိုက်ရသည်။ အစကတည်းက သူတို့၏အစားအသောက်များကိုသာ အာရုံစိုက် ထားသင့်ကြောင်း တွေးမိကြလေသည်။
ကျန်းယွမ်နှင့် အခန်းဖော် သူငယ်ချင်းတို့မှာလည်း စိတ်ရှုပ်ထွေး တွေဝေနေလျက် ဖြစ်နေသော်လည်း ထမင်းဘူးများကို ဖွင့်လိုက်သည့်အခါ သွားရည် ကျလုနီးပါးပင် ဖြစ်သွားကြပြီး တစ်ချိန်တည်းတွင် ဝမ်းနည်းခြင်း များလည်း ပျောက်ကွယ် သွားလေသည်။ တူများကို ကိုင်ယူလိုက်ပြီး နှစ်များစွာ ကြာအောင် ဆာလောင် နေကြသည့် အလား စားသောက် ကြလေသည်။ ကပ်ဘေး ကာလတွင် မည်သည့် အစာနှင့်မဆို ဗိုက်ဖြည့် ရသည်က ကောင်းမွန်သော်လည်း ပူနွေးသော ထမင်းဟင်းများကို စားသောက်ရသည်က ပို၍ အကောင်းမွန်ဆုံး ဖြစ်သည်။ ထိုသို့စားသောက်နေရင်း မျက်ရည် ဝဲလာကြလေသည်။
“ဘယ်လိုကြီးလဲဟ .. မင်းဆီမှာ ပူနွေးအစာတွေ ရှိနေတာ ငါယုံတောင် မယုံနိုင်ဘူး စားသမျှထဲမှာ အကောင်းဆုံးပဲ … ငါမင်းနဲ့ လိုက်ခဲ့မယ် ဝက်သားနဲ့ ထမင်းမစားရတာ တော်တော်ကြာပြီ”
ကျန်းယွမ် စားသောက်နေရင်း မည်မျှ ဝမ်းသာကြောင်း ပြောဆိုနေသဖြင့် ယွင်ချဲ့လည်း ပြုံးလိုက်ပြီး …
“ထမင်းက မင်းပါးစပ်ထဲတောင် မဆံ့တော့ဘူး”
ထိပ်ဉီးအဖွဲ့မှ ကျိုးဇယ်ယွီကြောင့် ယွင်ချဲ့ ခေါင်းကိုက် နေခဲ့ရသည်။ နောက်ထပ်ခေါင်းကိုက်ရမည့် အဖြစ်မျိုး မလိုချင်တော့ပေ။
သူတို့ စားသောက် နေကြသည်ကို ကြည့်ရင်း ဟွားတက္ကသိုလ် ကျောင်းသားများက မကြာခဏ တံတွေး မျိုချနေကြလေသည်။ တစ်လနီးပါး ပေါင်မုန့်ခြောက်နှင့်သာ ဝမ်းဖြည့်နေခဲ့ရပြီး အဆိုးဆုံးသော ရက်များတွင် အငတ်ခံ နေခဲ့ရသည်။ ထမင်းဟင်း စားသောက် ဖွယ်ရာများကို မကြိုက်သည့်သူက ဘယ်မှာရှိနိုင်မလဲ။ ကျောင်းသားများက ကျန်းယွမ်ကို မနာလိုအားကျမှုများနှင့် ကြည့်နေကြလေသည်။
“ကျစ် ! အစားတစ်လုတ်အတွက် ကိုယ့်ကိုယ်ကို ရောင်းစားတဲ့ မိန်းမလျာ ပိုင်းလုံးကောင်ကများ”
လူအုပ်စုထဲမှ ဖျော့တော့နေသော အသားအရည်နှင့် အသက် ၅၀ အရွယ်ရှိ မိန်းမကြီးတစ်ယောက်က ယွင်ချဲ့ကို လှောင်ပြောင် ပြောဆိုလိုက်သည်။ သူမအသံက မကျယ်သော်လည်း ယွင်ချဲ့ တို့အဖွဲ့ ကြားရလောက်သည်အထိ ကျယ်သွားသည်။ ယန်းဟွိုင်အန်း၊ ကျိုးဇယ်ယွီ၊ လေတာ့ရှန် တို့မှာ သူတို့ စားသောက်သည်ကို ချထားလိုက်ပြီး အသံလာရာသို့ လှည့်ကြည့် လိုက်သည်။ ကျန်းရှန် ပင်လျှင် အံ့ဩစွာ ကြည့်လိုက်မိသည်။ အကယ်၍ ယွင်ချဲ့က မိန်းမလျာဆိုလျှင် ကမ္ဘာပေါ်တွင် မည်သည့် ယောကျ်ားကမှ ယောကျ်ားဆန်တော့မည် မဟုတ်ပေ။ တက္ကသိုလ် တစ်ခုထဲက လူတွေပင် မဟုတ်လား။ သူမက ဘာကြောင့် ဆိုးဝါးနေရတာလဲ။
စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခုခု ရှိနေပုံပင်။
“အဲဒီအဘွားကြီးကို အာရုံမထားနဲ့ .. အခုထိ သူ့ကိုယ်သူ ဒုပါမောက္ခလို့ ထင်နေတုန်း ဒါပေမယ့် ကပ်မဖြစ်ခင် တစ်ပတ်အလိုကပဲ အထုတ် ခံလိုက်ရပြီးပြီ … ဒီလိုဖြစ်ခဲ့တာတောင် အခုထိ ဘဝင်လေဟပ်နေတာ အံ့ဩလို့ မဆုံးဘူး .. လူပါးဝချက်ပဲ”
ထမင်းလုတ်ကို မျိုချလိုက်ပြီးနောက် ကျန်းယွမ်က မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။ ယွင်ချဲ့လည်း ကပ်ဘေး မတိုင်မီက သူပြောခဲ့သည်ကို ပြန်မှတ်မိ သွားလေသည်။
“မင်းပြောတော့ အဲဒီဗွီဒီယိုက အရမ်း မိုက်တယ်ဆို”
ယွင်ချဲ့ သူ့အသံကို မထိန်းချုပ် ထားနိုင်သဖြင့် အသံကျယ်သွားရာ အခြားသူများလည်း ကြားသွားလေသည်။ ဘာဗွီဒီယိုမျိုး ဖြစ်ကြောင်း ယွင်ချဲ့ မပြောသော်လည်း ဟန်မင်ကျယ်နှင့် ယန်းပိချင် တို့မှာ မျက်နှာရှုံ့မဲ့ သွားကြပြီး ကျောင်းသား ကျောင်းသူတို့က လှောင်ရယ် ကြလေသည်။ အကြောင်းတစ်ခုကြောင့် သူတို့စည်းလုံး ကြသည် ဆိုသော်လည်း သူတို့မှာ တစ်ကိုယ်ကောင်း ဆန်ကြသည်။ ရှင်းဖုန်းနှင့် အခြားသူတို့က ယွင်ချဲ့ ဘာပြောနေသည်ကို နားမလည်ကြသော်လည်း ဉာဏ်ကောင်း သူများပီပီ အခြေအနေကို အနည်းငယ် သဘောပေါက် လာကြသည်။
“အဲဒီဗွီဒီယိုက ဝါးတောင် မဝါးထားတော့ အရမ်းမိုက်တာပေါ့ဟ … ငါလုပ်ပြောနေတာမဟုတ်ဘူး”
ကျန်းယွမ်သည် မစဉ်းစားဘဲ လုပ်တတ်သူဖြစ်ပြီး အသံမှာလည်း ကျယ်သွားသဖြင့် …”
“ကျန်းယွမ်”
ယန်းပိချင်က ကျန်းယွမ်ကို ဝါးစားတော့မည့် အလား စိုက်ကြည့်နေသည်။ ကျန်းယွမ်လည်း စကားလွန်သွားကြောင်း သိလိုက်သဖြင့် သူ မျက်နှာချင်း မဆိုင်မိရန် မျက်လုံး လွှဲလိုက်သော်လည်း ယွင်ချဲ့က သူမကို လှည့်ကြည့်လိုက်ပြီး လှောင်သော လေသံနှင့် …
“ခင်ဗျားမှာလည်း ပိုင်းလုံး ရထားတာပဲ မလား ထူးထူးဆန်းဆန်း မဟုတ်ဘဲ ဘာကြောင့် စိတ်ဆိုး နေရတာလဲ ပါမောက္ခချုပ် ယန်း”
“နင်က ဘယ်သူလဲ ငါ့ကောင်လေးက နင့်ထက်သန့်တယ် … နင်ကသာ ဖင်ခေါင်း ကျယ်နေတဲ့ ယောက်ျားချင်း ကြိုက်တဲ့ကောင်ပဲ”
အခြေအနေက ငြိမ်သက်သင့်ပြီ ဖြစ်သော်လည်း ယွင်ချဲ့၏ စကားက သူမကို အရှိုက်ထိသွားစေသည်။ ယန်းပိချင်က သူတို့အနား ဒေါသတကြီးဖြင့် လျှောက်လာနေပြီး ပြဿနာ စခဲ့သော ယွင်ချဲ့က သမ်းဝေလျက် အကြောဆန့် နေပြီးနောက် ဖြည်းညင်းစွာ ထလိုက်သည်။
“တော်တော့ ယန်းပိချင် ခင်ဗျားကိုခင်ဗျား ဒုပါမောက္ခချုပ်လို့ ထင်နေတုန်းလား .. သူ့ကို ဘာလို့ ဒီလိုခေါ်ရတာလဲ။ ခင်ဗျားရဲ့ sex tape က လိုင်းပေါ်မှာ ပျံ့လာတာလေ”
ယွင်ချဲ့ မလှုပ်ရှားရသေးမီ ကျန်းယွမ် ထရပ်ကာ သူမရှေ့တွင် ရပ်လိုက်သည်။ သူ၏ငယ်ရွယ်ချောမောသော မျက်နှာမှာ စက်ဆုပ်ရွံရှာမှုနှင့် မကျေနပ်ချက်များ ပြည့်နှက်နေသည်။ ယွင်ချဲ့နှင့် ထိုလူက ရင်းနှီးကြသည် ဆိုသော်လည်း ထိုလူက ယွင်ချဲ့ကို ချစ်ခင်ကြင်နာသော အကြည့်များဖြင့် ကြည့်နေသည်ကို မည်သူမဆို မြင်နိုင်သည်။ သူတို့နှစ်ဉီး အချင်းချင်း ချစ်ကျွမ်းဝင်လို့ မရဘူးလား။ လိင်တူ ချစ်ကြိုက်ခြင်းက ကပ်ဘေး မဖြစ်မီကတည်းက ပုံမှန်ဖြစ်နေသော အရာတစ်ခုပင်။
ယွင်ချဲ့လည်း ကျန်းယွမ် အနောက်မှ ရပ်ကာ ပြုံးလိုက်သည်။ ရှင်းဖုန်းလည်း ယွင်ချဲ့ နှင့်အတူ မတ်တပ် ရပ်လိုက်ပြီး ကျန်းယွမ်ကို ကြည့်လိုက်သည့်အခါ တစ်ခုခု ထူးဆန်းနေကြောင်း သိလိုက်ရသည်။ အခြေအနေ တစ်ခုလုံးက တဖြည်းဖြည်းနှင့် ထူးဆန်းသထက် ပို၍ထူးဆန်းလာသည်။
“နင် … ကောင်းပြီ ကျန်းယွမ် .. နင့်စကားနင် မှတ်ထားလိုက် … အနောက်တောင် စခန်းကိုရောက်တော့မှ ငါနင့်ကို သတ်ပစ်မယ်”
ယန်းပိချင်မှာ ဒေါသစိတ်ကြောင့် အသက်ရှူ မြန်လာပြီး သူမ၏ ရုပ်ဆိုး ရှုံ့မဲ့နေသော မျက်နှာမှာ ပို၍ မနှစ်မြို့ဖွယ် ကောင်းလာသည်။
“ခင်ဗျား အဲဒီကို သွားလို့မရမှာပဲ စိုးမိတယ်”
ကျန်းယွမ် အနောက်မှ ကြက်သီးထဖွယ် ကောင်းသော အသံတစ်သံ ထွက်လာသည်။ ဆေးလိပ်ကို နှုတ်ခမ်းတွင် ကိုက်ထားပြီး လက်နှစ်ဖက်ကို ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ကာ ရပ်နေသော ယွင်ချဲ့ကို အားလုံး ကြည့်လိုက်ကြသည်။ သူကဲ့သို့ အညတရ နယ်မြေ စွမ်းအားရှင်က သန်မာအားကြီးဟန် ဆောင်နေသည်မှာ အလွန်အဓိပ္ပါယ် မရှိလှသဖြင့် ဟွားတက္ကသိုလ်က လူများ ခိုးရယ်လိုက်ကြသည်။
“ဟား ရယ်စရာ ကောင်းလိုက်တာ .. နင်ကလား”
ယန်းပိချင် သရော်လိုက်ပြီး သူမလက်ထဲတွင် သစ်သားအချွန်များ ထွက်ပေါ်လာသည်။
“ဪ သစ်စွမ်းအားရှင်ပဲ”
လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် ယွင်ချဲ့ ရေရွတ်ကာ လမ်းလျှောက် လာပုံမှာ မည်သူ့ကိုမှ အရေးတယူ စကားပြောနေခြင်း မရှိပေ။ ကျိုးဇယ်ယွီက လုဟိုင်ရွှမ်း ပခုံးပေါ်သို့ လက်တင်လိုက်ပြီး ….
“မင်းသိပါလိမ့်မယ် .. ချဲ့ သူ့ကို ကြမ်းပြလိုက်”
ယွင်ချဲ့ကို အပြုံးနှင့် အားပေးလိုက်သည်။
“တကယ်တော့ ငါသစ်စွမ်းအားရှင်နဲ့ တစ်ခါမှ မတိုက်ဖူးဘူး .. ငါပဲသွားလိုက်မယ်”
“ဟား ဒါဆို နင်က … ဟင်”
ယန်းပိချင်က စကားကို အဓိပ္ပါယ် မှားကောက်လိုက်ပြီး ယွင်ချဲ့ကို အားနည်းသူ တစ်ယောက်ဟု ထင်လိုက်သည်။ သို့သော် သူမ စကားပင် မဆုံးလိုက်ချိန် တစ်ခုခုက လူအများ အရှေ့ ဖြတ်သွားသည်။ ယွင်ချဲ့ လှုပ်ရှား လိုက်သည်ကိုပင် မည်သူမှ မမြင်လိုက်ဘဲ သေချာတွေ့ရသည့် အချိန်တွင် ယွင်ချဲ့မှာ ယန်းပိချင်ကို လည်ပင်း ညှစ်ထားပြီး အနောက်သို့ တွန်းထုတ် လိုက်သည်။
ဒုန်း
အား
အလွန် ကျယ်လောင်သော အသံနှင့်အတူ ယန်းပိချင်လည်း ကျယ်လောင်စွာအော်လိုက်သည်။ ယန်းပိချင်ကို ယွင်ချဲ့ အဝေးသို့ ပစ်လိုက်ရာ လွှင့်ပျံသွားပြီး တံခါးကိုထိသွားလေသည်။ ယွင်ချဲ့လည်း တစ်ချက်တည်းနှင့် အနိုင်ယူလိုက်ပြီး လက်နှစ်ဖက်ကို ဖုန်ခါသကဲ့သို့ ရိုက်ခါလိုက်သည်။
“သစ်စွမ်းအားရှင်အတွက် အရမ်း များသွားသလားပဲ”
ယွင်ချဲ့က အဆင့် ၃ ဖြစ်နေပြီး ယန်းပိချင်က အဆင့် ၁ သာ ရှိသေးသဖြင့် ကွာဟမှုနှင့်တင် သူမကို ရှင်းပစ်၍ရနိုင်သည်။
ထိုအဖြစ်ကိုမြင်ပြီးနောက် ကျိုးဇယ်ယွီနှင့် အခြားသူများ သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ ယွင်ချဲ့က အလွန် သရုပ်ဆောင် တော်လှသည်။
မြေပြင်ပေါ်မှ ရုန်းကန်ထလာသော ယန်းပိချင် နာကျင်မှုကြောင့် ညည်းတွား လိုက်သည်။ ယွင်ချဲ့က အားမသုံးဘဲနှင့် ယန်းပိချင်အား အနိုင်ယူ လိုက်ပုံကို မျက်မြင် တွေ့ရပြီးနောက် သူမ၏အတူ အိပ်ဖော် ဟန်မင်ကျယ် အပါအဝင် ဟွားတက္ကသိုလ် ကျောင်းသား များသည်လည်း မှင်သက် သွားကြသည်။ ယွင်ချဲ့၏ ပုံစံမှာ အလွန် ထင်ယောင်ထင်မှား ဖြစ်ပုံရပြီး ကုန်တိုက်သို့ ဝင်လာစဉ် တစ်ယောက်ယောက်က သယ်ပိုးခဲ့ရသဖြင့် အလွန် အားနည်း ပျော့ညံ့သူဟု သူတို့ထင်မှတ်ခဲ့ကြသည်။
သို့သော် သူတို့ မြင်လိုက် ရသည်က အထင်နှင့် တက်တက်စင် လွဲချော်နေသည်။ ပျော့ညံ့သူ တစ်ယောက်က ယန်းပိချင်အား မျက်စိတစ်မှတ်အတွင်း အလွယ်တကူ အနိုင်ယူရန် မဖြစ်နိုင်ပေ။
“ငါနဲ့ ဘယ်သူ လေ့ကျင့်ချင်သေးလဲ .. အာ အားလုံး အတူတူ လာခဲ့ကြပါလား။ ငါလည်း သွေးပူလေ့ကျင့်ခန်း လုပ်လို့ရတာပေါ့”
ယွင်ချဲ့ ဘာကိုမှ မမှုသော မျက်နှာထား လုပ်ပြလိုက်ပြီး ကျောင်းသားများကို ကြည့်နေလျက် လေထုထဲမှာ ဓါးနက်တစ်ချောင်း ယူထုတ်လိုက်သည်။ ညာဘက်လက်တွင် ဓါးကိုင်ထားနေရမှ ယွင်ချဲ့သည် အလွန် ကြောက်မက်ဖွယ် ကောင်းလာပြီး အန္တရာယ်ရှိသော အရိပ်အယောင်များ ပေါ်လာသည်။
“ဒါ…ဒါ ငါတို့နဲ့မှမဆိုင်တာ”
ဟွားတက္ကသိုလ် ကျောင်းသားများက ယန်းပိချင်ကို ကျောပေးလိုက်ပြီး လက်ကိုယမ်းပြကာ သူတို့ ဝင်မပါလိုကြောင်း ပြောလေသည်။ ယွင်ချဲ့၏ ချွန်ထက်နေသော ကြောက်မက်ဖွယ် ဓါးက ရှေ့တိုးလာသူ မည်သူ့ကိုမဆို သွေးထွက်သံယို ဖြစ်စေလိမ့်မည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။
“မင်း …. ယွင်ချဲ့ .. ပါမောက္ခ ယန်းရဲ့ တစ်ဝမ်းကွဲက …”
ဟန်မင်ကျယ်မှာ အခုချိန်ထိ ယန်းပိချင် ဘက်မှ ရပ်တည် ပေးလျက်ပင်။ အကြောင်းမှာ ယန်းပိချင်သည် သေရေးရှင်ရေး ကိစ္စမှလွဲ၍ သူ့ကို စွန့်ပစ်မည် မဟုတ်ကြောင်း၊ အနောက်တောင်စခန်းသို့ ရောက်သည်နှင့် ချက်ချင်း ယန်းပိချင်၏ အကူအညီဖြင့် ကောင်းမွန် ချမ်းသာစွာ နေထိုင်ရနိုင်ပြီး သူ၏ အရည်အချင်းကြောင့် ကျောင်းတစ်ခုခုတွင် နေရာ ရနိုင်ကြောင်းကို ဟွားတက္ကသိုလ် ကျောင်းသားများထက် သူပို၍ သိမြင်နေခြင်းကြောင့် ဖြစ်သည်။ သူ၏အသက်အန္တရာယ်ကိုလည်း စိတ်ပူရန် မလိုအပ်သည့်အပြင် ကောင်းမွန်စွာ နေထိုင်ရနိုင်ပေဉီးမည်။
“အနောက်တောင် စခန်းက စစ်တပ်ရဲ့ဗိုလ်မှူး .. ကျုပ်သိပါတယ် အဲဒီတော့”
ဘုတ်
အ
ဟန်မင်ကျယ်အား ပြောပြီးသည်နှင့် ယွင်ချဲ့ လက်ထဲတွင် ဓါးကိုင်ထားလျက် တံခါးနားသို့ သွားကာ ယန်းပိချင်ကို ခေါ်လာခဲ့ပြီး ဟန်မင်ကျယ် ရှေ့သို့ တွန်းချလိုက်သည်။ ဟန်မင်ကျယ် အရှက်တကွဲ ဒေါသ ဖြစ်နေသော်လည်း ကိုယ်ကိုညွှတ်ကာ ယန်းပိချင်ကို တွဲထူပေးလိုက်သည်။
“ခင်ဗျားရဲ့ အချစ်က ကြည်နူးစရာပဲ … ခင်ဗျားတို့ နှစ်ယောက်လုံးကို သတ်လိုက်ရင် ဘယ်လိုလဲ နှစ်ယောက်အတူတူ ငရဲမှာ စုံတွဲအဖြစ်နဲ့ ပြန်တွေ့ကြပေါ့”
“မလုပ်နဲ့”
ဘုတ်
ယွင်ချဲ့ ပြောသည်ကို ဟန်မင်ကျယ် ကြားလိုက်သည်နှင့် ယန်းပိချင်လည်း သူမကို ထိန်းထားသော အားမရှိသဖြင့် တစ်ဖန် ကျသွားပြန်သည်။ သူမသည် ဟန်မင်ကျယ်၏ ပထမဉီးစားပေး မဟုတ်တော့ပေ။ ဟန်မင်ကျယ်သည် မယုံကြည်နိုင်စွာ ယွင်ချဲ့၏ ကြောက်မက်ဖွယ် မျက်နှာကို ကြည့်လိုက်သည်။
“မင်း … ဘာလို့လဲ ငါတို့ကြားမှာ တင်းမာခဲ့တဲ့ ဆက်ဆံရေးမျိုး မရှိခဲ့ဘူးဆိုတာ ငါပြောရဲပါတယ် မင်းငွေရှာနိုင်အောင် ရုံးတစ်ခုမှာ အလုပ်ရအောင် လုပ်ပေးခဲ့တာပဲလေ … ဘာကြောင့် ငါ့ကို သတ်ချင်နေရတာလဲ သူ့ပါးစပ်က ထွက်လာတဲ့ စကားကြောင့်လား”
ယွင်ချဲ့ ဘာကြောင့် သူ့အား သတ်ချင်နေသည်ကို ဟန်မင်ကျယ် နားမလည်နိုင်ပေ။ သူ၏ အကြံဉာဏ်တို့ကို ယွင်ချဲ့ သိနိုင်သည် ဆိုလျှင်တောင်မှ သူ၏အကြံများမှာ စိတ်ကူးရုံသာရှိသေးသည်။ ယန်းပိချင် ပြောခဲ့သော စကားကြောင့်များလား။ မဖြစ်နိုင်ပေ၊ သူမသည် အခြားသူများကိုလည်း ထိုကဲ့သို့ မကြာခဏ ပြောလေ့ရှိပြီး မည်သူမှလည်း အရေးတယူ စိတ်ဆိုးဒေါသကြီးခြင်း မရှိပေ။
ယွင်ချဲ့သည် အတိတ်ဘဝ ကတည်းက မုန်းတီး နေခဲ့သည်ကို ဟန်မင်ကျယ် လုံးဝ သိနိုင်မည် မဟုတ်ပေ။ ယခုဘဝတွင် သူဘာမှ မလုပ်ရင်တောင် ယွင်ချဲ့ သူ့ကို သေစေချင်သည်။
“ဒီလိုကပ်ပျက်ကြီးမှာ တစ်ယောက်ယောက်ကို သတ်ဖို့အတွက် အကြောင်းပြချက်လိုသေးလား”
ဓါးကို ကိုင်ထားလျက် ယွင်ချဲ့ မဲ့ပြုံးနှင့် တစ်လှမ်းချင်း ရှေ့တိုးလာပြီး တည်ငြိမ်လွန်းသော ကိုယ့်ကိုယ်ကို ယွင်ချဲ့ပင် အံ့ဩသွားရသည်။ ယွင်ချဲ့ မျက်လုံးထဲတွင် ဟန်မင်ကျယ်က သေလူတစ်ယောက်သာ ဖြစ်နေတော့သည်။
ဟန်မင်ကျယ် ဘာကြောင့် သေရမည်ကို ရှင်းဖုန်း အဖွဲ့သားတို့ မသိကြသော်လည်း ယွင်ချဲ့ တွင် ခိုင်လုံသည့် အကြောင်းပြချက် တစ်ခုခုရှိမည်ဟု ယုံကြည်ကြသည်။
“မ…မလုပ်နဲ့ ယွင်ချဲ့ စိတ်အေးအေး ထားဉီး … ဟေ့ မင်းတို့တွေ ကယ်ကြဉီးလေ၊ ယန်းပိချင် မရှိရင် အနောက်တောင်စခန်း ရောက်တဲ့အခါ မင်းတို့ သုံးစားမရ ဖြစ်ကုန်မယ်”
ဟန်မင်ကျယ် ကြောက်လန့်တကြား ခြေစုံကန်နေမိသည်။ ခေါင်းကို ခါယမ်းကာ အသနားခံတောင်းပန်လျက် ကျောင်းသားများကိုလည်း လှည့်ကြည့်ပြီး သူတို့ကို ကူညီရန် ပြောဆိုနေသည်။ ဟန်မင်ကျယ် အလွန်ပင် ကြောက်ရွံ့နေသည်။
***