YMR- အခန်း ၉၈

အခန်း (၉၈)

ဟန်မင်ကျယ်နှင့် ယွင်ချဲ့တို့ ထိုနေရာတွင် တွေ့ကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကံကြမ္မာက ပြန်လည် တွေ့ဆုံ စေခဲ့သည်လား၊ သို့မဟုတ် ဘုရားသခင်က ကျီစားခဲ့သလားပင် မသိရ။

“ခင်ဗျားကိုလည်း တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး လက်ထောက် ပါမောက္ခ ဟန် … ပြန်တွေ့ဖို့ ကံပါလာတာ ထင်တယ်”

ယွင်ချဲ့ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ရှင်းဖုန်း၏ ကြက်သီးထဖွယ် ကောင်းသော အရိပ်အယောင်ကို ခံစားလိုက်ရသဖြင့် ရှင်းဖုန်းကို မှီထားလိုက်သည်။ ဟန်မင်ကျယ်ကို ကြည့်ကာ မရိုးသားစွာ ပြုံးလိုက်သည်။ သူ့ထံသို့ ရောက်သွားလျှင် သူစီစဉ်ထားခြင်း မရှိသော လက်တုံ့ပြန်မှုကို လုပ်မိလိမ့်မည် ဖြစ်သည်။ ထိုဉာဏ်နီ ဉာဏ်နက်များပြီး နှလုံးသားမဲ့သူက ကပ်ဘေး ကာလတွင် အသက်ရှင် ကျန်ရစ်မည်ကို ယွင်ချဲ့ သေချာ တပ်အပ်ပင် ပြောနိုင်သည်။

ယွင်ချဲ့ကို အနည်းငယ်ပင် သိသူတို့က ယွင်ချဲ့၏ ကြောက်မက်ဖွယ် အငွေ့အသက် ခံစားမိကြသော်လည်း ရှင်းဖုန်း အပါအဝင် ကျန်သော အဖွဲ့သားများ အားလုံး အံ့အားသင့် ခဲ့ရသည်။ သူတို့စကား ပြောဆိုပုံအရ ယွင်ချဲ့နှင့် ဟန်မင်ကျယ်တို့သည် ပါမောက္ခနှင့် ကျောင်းသား ဖြစ်ကြပြီး ယွင်ချဲ့က ဘာကြောင့် သူ့ကို သေစေချင်ရတာလဲ။ ကျိုးဇယ်ယွီ မှန်ကန်စွာ ခန့်မှန်း နိုင်ခဲ့သည်လား။ သူတို့ကြား မဖြေရှင်း နိုင်ခဲ့သော ပြဿနာ တစ်ခုခု ရှိခဲ့သောကြောင့်လား။

ပြဿနာ ရှိခဲ့သည် ဆိုသော်လည်း သူတို့ ထင်မြင်နေကြသော အကြောင်းရာ မဟုတ်ပေ။ အကယ်၍ သူတို့ တွဲနေခဲ့ကြသည် ဆိုပါက ဘာကိုမှ အမှုအမှတ် ထားလေ့မရှိသော ယွင်ချဲ့က သူ့ကို သေစေလောက်သည် အထိ ဖြစ်နိုင်မည် မဟုတ်ပေ။

“ဒါပေါ့ .. လင်းကျန်းမြို့မှာ အကြီးဆုံး စခန်းရှိတယ်လို့ ကြားတယ် ပြီးတော့ အဲဒီစခန်းရဲ့ခေါင်းဆောင်က ပါမောက္ခ ယန်းရဲ့ တစ်ဝမ်းကွဲတဲ့ .. ငါတို့ အဲဒီကို သွားကြမှာ ဆိုတော့ မင်းငါတို့နဲ့ လိုက်ခဲ့ပါလား အချင်းချင်း ကူညီပေးလို့ ရတာပေါ့”

ယွင်ချဲ့၏ စကားနှင့် အပြုံးများက မရိုးသားကြောင်းကို ဟန်မင်ကျယ် မြင်လိုက်သော်လည်း ရှေ့ဆက် တောင်းဆိုမှု ပြုလေသည်။ ဟန်မင်ကျယ်က တုံးအသူ တစ်ယောက် မဟုတ်ပေ။ ယွင်ချဲ့ အားအင်ချိနဲ့ပုံ ပေါ်သော်လည်း သူ့ဘေးတွင်ရှိသော လူများက ခွန်အား သန်မာမည့်ပုံပင်။ ထိုသူတို့နှင့် သွားလျှင် သူ၏လုံခြုံရေးကို အာမခံ ပေးနိုင်လိမ့်မည်။ သို့သော် ထိုစခန်းသို့ရောက်သည့်တိုင် သူတို့က သူနှင့်အတူ ရှိပေးနိုင်ဉီးမည်လား။ သူတို့မည်မျှ စွမ်းဆောင်နိုင်ခြင်းနှင့် မည်မျှ တော်သည့်အပေါ် မူတည်သည်။

ဟန်မင်ကျယ်၏ စိတ်ထဲတွင် အစီအစဉ် နည်းလမ်းများကို ချမှတ် နေလေသည်။ သူ၏အမြင်တွင် ယွင်ချဲ့က စာမတော် သော်လည်း ရိုးသားပြီး မာနနည်းသည့် ကျောင်းသား တစ်ယောက် အဖြစ်သာ မြင်နေသေးသည်။ ကပ်ဘေး မတိုင်မီက နောက်ဆုံး တွေ့ခဲ့ရသည့် အချိန်တွင် ယွင်ချဲ့က သူ့ကို ကရုဏာမဲ့စွာ ပြက်ရယ် ပြုခဲ့သည့်အပြင် ယခုပြန်တွေ့ကြသည့် အချိန်တွင်လည်း သူ့ကို သူစိမ်းတစ်ယောက် အဖြစ်သာ သဘောထား နေသည်။ သို့သော် ဟန်မင်ကျယ်က ကိုယ့်ကိုယ်ကိုယ် သူတို့ထက် ပို၍ အတွေ့အကြုံရှိပြီး ထက်မြက်ကြောင်း စိတ်ကြီးဝင်စွာ တွေးထားသဖြင့် စိတ်ထဲတွင် အရေးတယူ မထားတော့ပေ။

“တကယ်လား”

တစ်ဒါဇင်ထက် မနည်းသော လူများကို ယွင်ချဲ့ လှမ်းကြည့် လိုက်သည်။ ဒီလူတွေ အားလုံးက အနောက်တောင် စခန်းကို သွားကြမှာလား။ သူတို့ သေတွင်းကို ကိုယ်တိုင် ဆင်းချင်ကြသည်လား။ ထိုသို့ လူအရေအတွက် ဆိုလျှင် ဖုတ်ကောင်များ အတွက် အစာလုံလောက် သွားပေပြီ။

“သူတို့ထဲက အများစုကတော့ စွမ်းအားရှင်တွေပဲ … ငါတို့ကလည်း တက္ကသိုလ် တစ်ခုထဲဆိုတော့ အချင်းချင်းတွေပဲ … မင်းငါတို့နဲ့ ပူးပေါင်းဖို့ အဆင်ပြေမယ် ထင်တယ်”

ယွင်ချဲ့ ကြည့်နေရာသို့ ဟန်မင်ကျယ်လည်း ကြည့်လိုက်ပြီး သူ၏ကြင်နာသော ကမ်းလှမ်းချက်ကို ပြောပြလိုက်သည်။ သို့သော်လည်း ဟန်မင်ကျယ် ကြိုးစား ဖုံးကွယ်နေသော မာန်တက်နေသည့် လေသံကို ယွင်ချဲ့ သတိပြုမိ လိုက်သည်။ သေချာစဉ်းစား ကြည့်လျှင် ဟန်မင်ကျယ်က သူတို့ကို သနားမိသဖြင့် အဖွဲ့နှင့်ပူးပေါင်း ခွင့်ပြုသည်က သူသဘောထားကောင်းမွန်ကြောင်း ပြသရန် ဖြစ်သည်။ ယွင်ချဲ့ သာမက ကျိုးဇယ်ယွီနှင့် ယွီဝမ်းချင် တို့အပြင် ထိုအခြေအနေကို စောင့်ကြသည့် အရှုံးသမား အဖွဲ့သားများသည်လည်း ခိုးရယ် ကြလေသည်။ တကယ်ကြီးလား၊ သူတို့ကလား၊ သူတို့၏ ရဲရင့်မှုအတွက် ဂုဏ်ပြုပေးသင့်လား ဒါမှမဟုတ် သူတို့ကို အရူးများအဖြစ် သဘောထား လိုက်ရမည်လား။

ဟန်မင်ကျယ် တွန်းထုတ်လိုက်သော ကျန်းယွမ်နှင့် အခြားသူတို့က ယွင်ချဲ့ကို မျက်မှောင်ကြုတ် ပြလျက် ဟန်မင်ကျယ်၏ လှည့်ကွက်တွင် စိတ်မပျော့ ကျသွားရန် အချက်ပေးနေလေသည်။ ယွင်ချဲ့ထက် အခြားသူများကို ပို၍ မျှော်လင့်နေသည့် ဟန်မင်ကျယ်၏ အကြံကို အရူးပင် တန်းသိနိုင်သည်။ ထိုသူတို့နှင့် သိရှိရင်းနှီး သွားပြီဆိုလျှင် ယွင်ချဲ့လည်း သူတို့ကဲ့သို့ ကန်ထုတ်ခြင်း ခံရလိမ့်မည်။ သူတို့၏ ခေါင်းဆောင်က သူတို့အတွက် စတေး မခံပေးခဲ့လျှင် ဟွားတက္ကသိုလ်ထဲတွင် သူတို့ပိတ်မိ နေခဲ့ကြလိမ့်မည်။ ထိုနေရာတွင် ဘာဖြစ်ခဲ့သည်ကို သိရဲ့လား။ ဟန်မင်ကျယ် ဘက်တွင် လူအများအပြား ရနေခဲ့ပြီး အဆောင်အတူနေ ညီအစ်ကိုများက သူ၏ရက်စက် ကြမ်းကြုတ်မှုကို သည်းမခံနိုင်သဖြင့် အဖွဲ့မှ ခွဲထွက်ခဲ့ကြသည်။ ကံကောင်းစွာပင် သူတို့က စွမ်းအားရှင်များဖြစ်နေခဲ့ကြသည်။ မဟုတ်လျှင် အစောကြီး ကတည်းက ထုတ်ပယ် ခံထားရလိမ့်မည်။

“ကပ်မဖြစ်ခင် တစ်ပတ်လောက် ကတည်းက ကျွန်တော်က ဟွားတက္ကသိုလ်ရဲ့ကျောင်းသား မဟုတ်တော့သလို သူတို့ရဲ့ သူငယ်ချင်း မဟုတ်တော့ဘူး … ပြီးတော့ ပါမောက္ခ ဟန် ခင်ဗျားက အစွမ်းမရှိတဲ့ သာမန်လူပဲ မလား။ တခြားသူတွေရဲ့ အကာအကွယ်ကို လိုနေတဲ့ ခင်ဗျားက ဘယ်သူ့ကို အမိန့်လာ ပေးနေတာလဲ။ အာ ဆောရီး ကျွန်တော်က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တော့ အသံက မာကောင်း မာနိုင်ပေမယ့် ခင်ဗျားကို အရှိုက်ထိ သွားစေဖို့ မရည်ရွယ်ပါဘူး”

ယွင်ချဲ့၏ အကြည့်ထဲတွင် စနောက်လိုဟန်များ ပါဝင်နေသည်။ ယွင်ချဲ့ သူ၏စိတ် ပေါ့ပါးသွားစေရန် မည်သို့ ပြောဆိုရမည်ကို တွေးနေရင်း ဟန်မင်ကျယ်အား အရှိုက်ထိ သွားစေရန် ပြောဆိုလိုက်သည်။

“ယွင်ချဲ့ .. မင်း..မင်း ပြောင်းလဲသွားတယ် မင်းအရင်က တိတ်ဆိတ်တဲ့ ကောင်လေးပါ .. အခုတော့ ဘယ်လိုလုပ် …”

စကားကိုကြည့်ပြော …

ယွင်ချဲ့ကို ဟန်မင်ကျယ် မျက်လုံး စွေကြည့်ကာ အလိုမကျသော မျက်နှာနှင့် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ နယ်မြေ စွမ်းအားရှင် ဖြစ်သော ယွင်ချဲ့က ငါ့ထက် အားနည်းပုံ ပေါ်နေတာတောင် ဘာလို့ ငါ့ကို ပြန်ပြောရဲတာလဲ။ အကယ်၍ ယွင်ချဲ့ အနားက လူများ မသန်မာကြလျှင် ယွင်ချဲ့ နှင့် သူ စကားပြောဆိုနေမည် မဟုတ်ပေ။

“လူတွေက ပြောင်းလဲတာပဲ ခင်ဗျားရော မပြောင်းလဲဘူးလား ပါမောက္ခဟန် … ကပ်ကြုံတဲ့ကြားက အသက်ရှင်နေပြီး ချွမ်မြို့ကနေ ထုံယန်းထိ ရောက်လာတဲ့ လမ်းတစ်လျှောက် အတွင်း ခင်ဗျား လက်မှာလည်း သွေးတွေ စွန်းခဲ့တယ်မလား”

ဟန်မင်ကျယ်ကို ထုံအသူ တစ်ယောက်အဖြစ် ကြည့်လိုက်ပြီး ဟန်မင်ကျယ် အကြောင်းကို ခြုံငုံပြောဆို လိုက်သည်။ ယွင်ချဲ့က ဟန်မင်ကျယ်နှင့် ပတ်သက်၍ မည်သည့် ကိစ္စမှ စိတ်မဝင်စားကြောင်း ဖော်ပြလိုက်သည်။ အနားတွင် ကပ်နေသေးလျှင် တောင်မှ ယွင်ချဲ့ ပြန်လည် သက်သာသွားသည့် အချိန်တွင် အာရုံမစိုက် လျစ်လျူရှု ထားမည်ဖြစ်သည်။ သို့သော် ဟန်မင်ကျယ်က စကားပြောဆို နေခြင်းကို လိုလားသူ ဖြစ်နေ၍ ပြောနေခြင်း ဆိုလျှင် လတ်တလောအတွက် ဟန်မင်ကျယ် တုံ့ပြန် ပြောဆိုနိုင်ခြင်း မရှိသဖြင့် ယွင်ချဲ့ အတွက် ကိစ္စမရှိပေ။ မထီမဲ့မြင် ပြုပြီးမှ ရှင်းလိုက်လျှင်လည်း အလွန်ပျော်စရာ ကောင်းလိမ့်မည်။

ယွင်ချဲ့ ပြောင်းလဲ သွားပုံကို ဟန်မင်ကျယ် နားမလည် နိုင်သော်လည်း ယွင်ချဲ့ အနားမှ လူများကို သူနှင့်ပူးပေါင်း စေချင်သည်။ ရှင်းဖုန်းလည်း အခြေအနေတို့ကို နားလည် သွားပြီးနောက် ယွင်ချဲ့ကို လက်တစ်ဖက်နှင့် ဖက်ထားလိုက်ပြီး ကျန်တစ်ဖက်က ယွင်ချဲ့ လက်ကို ကိုင်ကာ ….

“ချဲ့ .. မိတ်ဆက်ပေးဉီးလေ”

ထိုစကားကို ကြားသည်နှင့် ဟန်မင်ကျယ် စိတ်နိုးကြား လာသော်လည်း ရှင်းဖုန်းက သူ့ကိုမနှစ်မြို့စွာ ကြည့်နေလေသည်။

ယွင်ချဲ့လည်း တမင်ကြားဖြတ် လိုက်သော ရှင်းဖုန်းကို ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှား တက်ကြွနေသော ဟန်မင်ကျယ်ကို ပြန်ကြည့်ကာ မဲ့ပြုံးပြုံးကာ ..

“မိတ်ဆက်စရာ မလိုပါဘူး ကျွန်တော့် တက္ကသိုလ်က လက်ထောက် ပါမောက္ခ တစ်ယောက်ပဲလေ သူ့အကြောင်း သေချာမသိပါဘူး”

ယွင်ချဲ့ စကားကြောင့် ယွင်ချဲ့နှင့် ကောင်းကောင်း ရင်းနှီးဟန်ဆောင်နေသော ဟန်မင်ကျယ် မျက်နှာရှုံ့မဲ့ သွားလေသည်။ ဘေးတွင် ရပ်နေသော ကျန်းယွမ်နှင့် သူ၏ သူငယ်ချင်းများကလည်း လှောင်ရယ်ကာ ယွင်ချဲ့ကို တိတ်တဆိတ် လက်မထောင် ပြလေသည်။ ကပ်ဘေး မဖြစ်မီက ထွက်ခဲ့သော ကောလာဟလများနှင့် လူကောင်း တစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့ခြင်း တို့ကြောင့် ဟန်မင်ကျယ်ကို သဘောမကျခဲ့ကြပြီး ကပ်ဘေး ဖြစ်ပြီးနောက် လူများကို စုဆောင်းကာ သူမကြိုက်သော သူများကို ဖယ်ကြဉ်ထားရန် လှုံ့ဆော်ခဲ့သည်။ လူအများစုမှာလည်း ဟန်မင်ကျယ်ကြောင့် နှင်ထုတ်ခံရပြီး ဖုတ်ကောင်များ အတွက် စတေးခံလည်း ဖြစ်ခဲ့ကြရသည်။ သူတို့၏ မိသားစုတို့မှာ လင်းကျန်းမြို့နှင့် နီးသဖြင့် အနောက်တောင် စခန်းသို့ သွားကြလိမ့်မည်ဟု ယုံကြည်ထားသဖြင့် သည်းခံနေခြင်းပင်။ မဟုတ်လျှင် ထိုအယုတ်တမာနှင့် အတူပူးပေါင်းနေမည် မဟုတ်ပေ။

“အော် လက်ထောက် ပါမောက္ခလား … ပါမောက္ခကတောင် မင်းကို သတိတရ ရှိတယ်ဆိုတော့ မင်းက စာတော်တဲ့ သူလား ဘာတော်တာလဲ”

ယွင်ချဲ့က တမင် စောင်းမြောင်း ပြောဆိုနေသည်ကို ရှင်းဖုန်း သိသော်လည်း သဝန်တိုနေလျက် သူ၏လက်ဖြင့် ယွင်ချဲ့ မေးကို ကိုင်ကာ ခေါင်းမော့ စေလိုက်သည်။ အခြားသူ၏ အမြင်တွင် ရှင်းဖုန်းသည် ယွင်ချဲ့၏ ရှူးဂါးဒယ်ဒီ ဖြစ်နေပြီး ထိုရှူးဂါးဒယ်ဒီက အလွန် စိတ်ဆိုးနေပုံပင်။

“ရှောင်ချန် ကမှ လူတော်လေးပါ။ ရှောင်ချန်ကပဲ ကျွန်တော့်ကို ဟွားတက္ကသိုလ် တက်နိုင်ဖို့ လုပ်ပေးခဲ့တာ … သဝန်မတိုပါနဲ့ ကျွန်တော့်ကို သူသတိတရ ဖြစ်နေတာ ဘယ်လိုလုပ် သိမှာလဲ သူ့ကိုပဲ မေးပါလား”

ယွင်ချဲ့ကလည်း အကြံနှင့် ကိုယ်ကို မတ်ကာ ရှင်းဖုန်း၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး မှီထားလိုက်သည်။

“ပါမောက္ခ ဟန်က ချဲ့ကို ရင်းရင်းနှီးနှီး သိတာလဲ”

ရှင်းဖုန်းလည်း ပြောသည့် အတိုင်းပင် အလွန် မှုန်သုန်နေသော ဟန်မင်ကျယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ ရှင်းဖုန်း၏ ကျောက်ရုပ်ကဲ့သို့ အေးစက်စက် နိုင်သော မျက်နှာပေါ်မှ စိတ်မပါတပါ အကြည့်နှင့် ကိုယ်တွင်း စိတ်ဝိညာဉ်ကိုပင် ထိုးဖောက် မြင်နိုင်လောက်သည့် ရှင်းဖုန်း၏ နက်မှောင်သော မျက်လုံးများကြောင့် ဟန်မင်ကျယ် ကြောက်လန့်သွားပြီး သူ၏စိတ်ထဲမှ အကြံဉာဏ်များပင် ပျောက်သွား ရလေသည်။ ထို့နောက် မတ်တပ်ရပ်ကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ….

“မ..မသိပါဘူး .. ငါ..ငါသူနဲ့ အရမ်း မရင်းနှီးပါဘူး ဆောရီး”

ဟန်မင်ကျယ် ထွက်သွားသည်ကို ကြည့်နေရင်း ယွင်ချဲ့ အမြင်ဝေဝါး လာပြီးနောက် မျက်နှာထက်မှ လူသတ် အပြုံးမှာလည်း ပျောက်ကွယ် သွားလေသည်။

“ချီးပဲ … သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး”

ကျန်းယွမ်က ပွင့်လင်းသူပီပီ အသံတိုးတိုးနှင့် ကျိန်ဆဲလိုက်ရာ ကျန်သော ၃ ယောက်တို့က ပခုံးကို ပုတ်ကာ စိတ်ထိန်းရန် နှစ်သိမ့် ပေးနေကြသည်။ သူတို့လည်း ဟန်မင်ကျယ်ကို သဘောမကျကြပေ။ သူ့ကြောင့်ပင် သူတို့၏ ခေါင်းဆောင်မှာ …

“မင်းတို့ကို အိမ်ခဏ ပြန်ကြဖို့ ငါပြောခဲ့တယ်မလား”

ဟန်မင်ကျယ်ကို နှင်ထုတ်ပြီးနောက် ယွင်ချဲ့လည်း ရှင်းဖုန်းအား ဖက်ထားသည်ကို လွှတ်လိုက်ပြီး ထိုလေးယောက်ကို ကူရာမဲ့စွာ ကြည့်လိုက်သည်။ ဟွားတက္ကသိုလ်မှ ယွင်ချဲ့ မထွက်သွားမီ သူ၏အခန်းဖော် သူငယ်ချင်းတို့ကို မိဘများနှင့် သွားတွေ့ရန် ပြောဆိုခဲ့သည့် စကားမှာ အလဟဿ ဖြစ်သွားရသည်။

“ဟင်”

သူတို့လေးယောက် တွေဝေစွာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လျက် ယွင်ချဲ့ ပြောခဲ့သော စကားကို ပြန်စဉ်းစား နေကြသည်။ သို့သော် အံ့ဩတကြီးနှင့် မျက်လုံးပြူးလျက် …

“မင်းကြိုသိနေခဲ့တာလား”

မဖြစ်နိုင်ဘူးမလား။ အကယ်၍ ယွင်ချဲ့က ကပ်ဘေး ဖြစ်မည်ကို ကြိုသိနေခဲ့သည် ဆိုလျှင် သူ၏ သတိပေးချက်များမှာ မှန်ကန် နေနိုင်သည်။ သူတို့ကို ယွင်ချဲ့ ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ….။ သူတို့ အခု နောင်တကြီးစွာ ရနေကြသည်။ ထိုအချိန်က ဘာကိုမှ များများစားစား မတွေးခဲ့သဖြင့် ယွင်ချဲ့ ပြောခဲ့သည်ကို မေ့လျော့ ထားလိုက်သည်။ ကပ်ဘေးကြီးက အချိန်တို အတွင်း ရောက်လာတော့မည်ဟု ဘယ်သူက ကြိုတင် သိရှိခဲ့မှာလဲ။

“ငါက ဘုရားမှ မဟုတ်တာ ကပ်ဘေး ဖြစ်မဖြစ်ကို ငါဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ ..ငါပြောချင်တာက မင်းတို့ ငါ့စကား နားထောင်ခဲ့ရင် အိမ်ကိုလည်း ရက်ပိုင်းလောက် ပြန်သွားခဲ့ရင် အခုချိန် မင်းတို့မိသားစုနဲ့ အတူရှိနေကြမှာလေ .. အနည်းဆုံးတော့ သူတို့ အသက်ရှင်မရှင်ကို အခုလို စိတ်ပူစရာ မလိုတော့ဘူးလေ”

သူတို့၏ အတွေးကို ယွင်ချဲ့ ရိပ်မိလိုက်ပြီး ဖြစ်နိုင်ချေကို ရှင်းပြလေသည်။ အမှန်တရားက ခါးသီးသည် ဆိုသော်လည်း အမှန်တရားက အမှန်တရားပင်၊ မည်သူမှ မပြောင်းလဲနိုင်ပေ။ ကပ်ဘေး ကာလတွင် မိသားစုနှင့် သီးခြား နေပါက မိသားစု၏ သတင်း အစအနများကို ကြားသိနိုင်ရန် မလွယ်ကူတော့ပေ။

“အမှန်ပဲ တော်တော် ဆိုးတယ်နော် … ငါတို့နားမထောင်ခဲ့ကြဘူး”

ဝန်ခံပြောဆိုရလျှင် သူတို့သည် ဟန်မင်ကျယ် ကဲ့သို့ အမြင်ကျဉ်းသူ မဟုတ်သဖြင့် ယွင်ချဲ့ ပြောသည်ကို စိတ်မဆိုးကြဘဲ သက်ပြင်း ချလိုက်သည်။

“မင်းတို့ ၄ ယောက်တည်းလား … ကျန်တဲ့ ၃ ယောက်ရော”

ကျန်းယွမ် တို့ကို သေချာ ကြည့်ပြီးနောက် ယွင်ချဲ့ မေးလိုက်သည်။ ကျန်းယွမ် မှလွဲ၍ ကျန်သော အခန်းဖော်တို့ကို ယွင်ချဲ့ မသိ မရင်းနှီးသော်လည်း လူဉီးရေ ၈ ယောက် ရှိသည်ကိုတော့ ယွင်ချဲ့ သေချာ မှတ်မိသည်။

“ခေါင်းဆောင်နဲ့ ကျန်တဲ့ သူတွေက …”

စကား စလိုက်သည်နှင့် သူတို့ မျက်ရည်ဝဲ လာကြလေသည်။ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ကျန်းယွမ်က ငိုသံနှင့် စပြောလေသည်။

“ခေါင်းဆောင် ညီ ၄ နဲ့ ညီ ၇ တို့ သေသွားကြပြီ .. ငါတို့တွေ ဟွားတက္ကသိုလ်က ထွက်လာနိုင်အောင် သူတို့ ကာပေးခဲ့ကြတာ … သူတို့က ခေါင်းဆောင်က အတော်ဆုံး ဆိုတော့ ပိုပြီး တာဝန်ရှိတယ်လို့ ပြောကြတယ် သောက်ရေး မပါတာ။ ခေါင်းဆောင် သေသွားတာကို သူတို့တွေ ဝမ်းနည်းကြောင်း နည်းနည်းလေးတောင် မပြခဲ့ကြဘူး”

နောက်ဆုံးမှ လိုက်လာခဲ့ကြ သည်မှာ သူတို့ ၃ ယောက်တည်း မဟုတ် လူတစ်ဒါဇင်လည်း ပါခဲ့ကြသည်။ သူတို့၏ ရုပ်အလောင်းများကို ကျန်းယွမ်တို့ ကိုယ်တိုင် မတွေ့ခဲ့ရသော်လည်း ထိုသူတို့က ပူဆွေး ဝမ်းနည်းမှုကို မပြကြသဖြင့် ထိုနေရာတွင်ပင် သူတို့ကို သတ်ပစ် လိုက်သင့်သည်။ ကျန်းယွမ်နှင့် ကျန် ၃ ယောက်မှာ ငယ်ရွယ်ကာ စိတ်ဆန္ဒ ပြင်းပြသည်။

လျင်မြန်စွာ ပြောင်းလဲမှု အတွက် တန်ကြေး ပေးရမည်ဖြစ်ပြီး ထိုတန်ကြေးက ဘေးဒုက္ခ အန္တရာယ်နှင့် သွေးစက်များဖြင့် စတင်ခဲ့သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset