YMR- အခန်း ၇၆

အခန်း (၇၆)

ကပ်ဘေး ဆိုက်သည်မှာ တစ်လပြည့်တော့မည် ဖြစ်သောကြောင့် မြို့ထဲတွင်လည်း လူသူ အလွန် ရှားပါးနေသည်။ ထုံထိုင်းသူပင်လျှင် မြို့ထဲမှ မထွက်ခွာမီ လိုအပ်သော အစားအသောက် ပစ္စည်းများ ယူသွားရမည်ဟု သဘောပေါက် ပေသည်။ ယွင်ချဲ့ သွားလိုသော ဆိုင်ကြီးများသည်လည်း ရှာဖွေမွေနှောက် ခံထားရပုံပင်။ ယန်းဟွိုင်အန်း ကြားသိထားသလောက်တွင် ထိုမြို့၏ လုံခြုံရေး စခန်းများမှာ ပဉ္စမပတ်လမ်း အပြင်ဘက်တွင် ရှိသည်။ အကယ်၍ လိုအပ်သည့် အရာများကို လာယူမည် ဆိုလျှင်တောင် တတိယပတ်လမ်းသို့ ရောက်လာနိုင်တော့မည် မဟုတ်ပေ။

ဉာဏ်ကောင်းသော ရှင်းဖုန်းနှင့် ယွင်ချဲ့တို့လည်း ရှုပ်ပွနေသော ဆိုင်ကြီးများမှ ပစ္စည်းများကို မသိမ်းဆည်းတော့ဘဲ ဆိုင်ကြီးများ အနောက်ရှိ ဂိုထောင်သို့သာ ပြေးသွားလေသည်။ ပုံမှန်အားဖြင့် ဈေးဝယ်စင်တာ ဆိုင်ကြီးများတွင် ပစ္စည်းများကို အချိန်မရွေး ပြန်လည် ဖြည့်တင်းနိုင်ရန် ဂိုထောင်ကြီးတစ်ခု ထားရှိရပေသည်။ ယွင်ချဲ့တို့ ရွေးချယ်မှု မှန်ကန် သွားသည်ဟု ဆိုရမည်။ အခြားပစ္စည်းများမှာ ကောင်းမွန်စွာ ရှိနေပြီး ရေခဲရိုက်ထားသော အရာများသာ ဓါတ်အားပြတ်တောက်မှုကြောင့် ချို့ယွင်း ပျက်စီးကုန်သည်။ လှည့်ပတ်ကာ ရွေးယူမည့်အစား ဂိုထောင် တစ်ခုလုံးကို နေရာအနှံ့ ပတ်သွားကာ ဂိုထောင်ထဲရှိသည့် အရာအားလုံးကို သိမ်းယူကာ နယ်မြေထဲသို့ ပို့ထားလိုက်သည်။

ထို့နောက် ယွင်ချဲ့ သွားလိုသော ပရိဘောဂဆိုင်သို့ သွားရာ လမ်းတွင် ဖုတ်ကောင်များ ပြည့်နေပါလျက်နှင့် မည်သည့်အရာမှ မရှိနေသကဲ့သို့ လမ်းလျှောက် ဖြတ်သွား ကြလေသည်။ ထိုဖုတ်ကောင်များမှာ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က ယဉ်ပါးအောင် လုပ်ထားသကဲ့သို့ ကျိုးနွံနာခံလျက် ရှောင်ထွက် သွားကြပြီး ရန်မမူကြသည့်အပြင် လမ်းကိုလည်း ရှင်းလင်း ပေးကြလေသည်။ ထိုမြင်ကွင်းကို တစ်ယောက်ယောက် မြင်ခဲ့လျှင် ထိုလူသည် အလွန် အံ့ဩနေမည်မှာ အမှန်ပင်။

ပရိဘောဂ ဆိုင်ထဲတွင် ဟိုဟိုဒီဒီ သွားလောနေသော ဖုတ်ကောင်များမှလွဲ၍ လူတစ်ယောက်တောင်ပင် မရှိပေ။ ထိုဆိုင်ထဲရှိ ပရိဘောဂများမှာလည်း သပ်ရပ်စွာ စီရီထားရှိနေပြီး ယွင်ချဲ့ လိုအပ်သည်က ခုတင် တစ်မျိုးတည်း ဖြစ်သည်။ သို့သော် သူ၏အစ်မ၊ တူလေးနှင့် ယာဖေး တို့ကို စဉ်းစားမိလိုက်သည့် အခါ ဆိုင်ထဲရှိသည့် အရာအားလုံးကို သိမ်းဆည်း လိုက်ပြန်သည်။ ထိုမှသာ ကြိုက်နှစ်သက်ရာတို့ကို လွတ်လပ်စွာ ရွေးချယ်နိုင်မည် ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက်တွင် ကျန့်ယာဖေး၏ အိမ်သို့ ဘေးကင်းစွာပင် ပြန်လည်ရောက်ရှိ လာလေသည်။ အဖွဲ့သားတို့မှာ အိမ်ထဲတွင် ဆော့ကစားနေကြပြီး စားပွဲပေါ်တွင် မုန့်များစွာ စုပုံနေသဖြင့် ထိုနေရာတွင် ချူးဟောင်လင်း နေခဲ့သည်ဟု ထင်ရသည်။

“ဆရာ ကျွန်တော်တို့ သိခဲ့ရပြီ .. လုံယန် တောင်ခြေ လုံခြုံရေးစခန်းက လုံယန် ကောင်တီ အစိုးရက ဆောက်ထားတာ ဒီနယ်မြို့ဒေသထဲမှာ အကြီးဆုံးစခန်းပဲ စစ်တပ်လည်း အဲဒီကို အခြေမစိုက် ရသေးဘူးတဲ့ … ကပ်မဆိုက်ခင် လုံယန်ကောင်တီက တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး သစ်သီးရင်းမြစ် ဖြစ်ခဲ့တာ လုံယန် တောင်တစ်ခုလုံးကလည်း သီးပင်တွေ အပြည့်ပဲ … ရေဒီယိုနားထောင်ချက်အရ လုံယန်စခန်းက တောင်ရဲ့ဘေးမှာ ရှိတာတဲ့ တောင်အောက်ကိုဆင်းသွားရင် ကွင်းပြင်ကျယ်ကြီး ရှိသေးတယ်။ တောင်ပေါ်မှာလည်း တစ်နှစ်ပတ်လုံး သီးပင်တွေ အပြည့်ပဲဆိုတော့ အစားအသောက်ကို ကြည့်ရင် လုံယန်က မဆိုးဘူးပြောရမယ်”

မြေပုံကိုကြည့်ကာ အသံလွှင့်သည်ကို နားထောင်ပြီးနောက် ယန်းဟွိုင်အန်း တွေးဆကာ ပြောလေသည်။

ရှင်းဖုန်းနှင့် ယွင်ချဲ့လည်း ယန်းဟွိုင်အန်း အနားလာကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ယန်းဟွိုင်အန်း ရေးထားသော မှတ်စုများနှင့် မြေပုံကိုကြည့်လျက် ရှင်းဖုန်း ခေါင်းညိတ်ကာ …

“လုံယန်တောင်က လုံမန်တောင်တန်းမှာ ရှိတာပဲ တပ်ဖွဲ့အများစုက အနောက်တောင်စခန်းမှာ နေကြတာ တကယ်လို့ တောင်ခြေစခန်းမှာ တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တောင် မြို့ကိုကာကွယ်ပေးတဲ့ အဖွဲ့တွေပဲရှိမှာ .. ဒါပေမယ့်လည်း ဘယ်စခန်းမဆို ရဲတွေကတော့ ရှိနေမှာပဲ အစိုးရက ဆောက်ထားတာ ဆိုတော့ လူတွေလည်း သာတူညီမျှ ဆက်ဆံခံရဖို့ များတော့ ငါတို့ မျှော်လင့်လို့ ရပါသေးတယ်”

အကယ်၍ ကျန့်ယာဖေး မိဘများ သက်ရှိထင်ရှား ရှိနေသေးလျှင် ပြဿနာ ထူးထူးခြားခြား ရှိမည်မဟုတ်ပေ။

“အင်း ညစာစားပြီး စောစော အိပ်ကြရအောင် .. မနက်ဖြန်မနက် စောစောထွက်ကြမယ်”

ယွင်ချဲ့လည်း အသံတိုးသွားသည်နှင့် ထရပ်ကာ ဝရံတာသို့ ထွက်သွားသည်။ လုံယန်တောင်တွင် သီးပင်ပေါများသည် ဆိုသော ယန်းဟွိုင်အန်း၏ စကားကို သူသတိမထား မိလိုက်ပေ။ သူ၏အတိတ်ဘဝတွင် ဖြစ်ခဲ့သည့် အကြောင်းကို ရက်အတိအကျ မမှတ်မိသော်လည်း စခန်းတစ်ခုမှာ ဗီဇပြောင်း အပင်များကြောင့် တိုက်ခိုက် ဖျက်ဆီး ခံခဲ့ရသည်ဟု သူကြားခဲ့သည်။

ထိုစခန်း၏ အုပ်ချုပ်သုများ လျှို့ဝှက်စွာ ထွက်ပြေး သွားခဲ့ပြီး သုံးပုံတစ်ပုံထက် နည်းသော လူဉီးရေ အနည်းငယ်သာလျှင် အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။ ထို့နောက် ထိုလူတို့သည် အခြားစခန်း တစ်ခုသို့ ပြောင်းရွေ့ သွားသည်ဟု ယွင်ချဲ့ တာဝန် ထမ်းဆောင်နေစဉ် ထိုအကြောင်းကို ကြားခဲ့ရသည်။

အကယ်၍ လုံယန်တောင်ပေါ်တွင် သီးပင်များစွာ ရှိနေသည်ဆိုလျှင် ဗီဇပြောင်း ပျိုးပင်များစွာကို ပို၍ကြုံတွေ့ရမည် ဖြစ်သောကြောင့် လုံယန် စခန်းမှာ သူကြားခဲ့ရသော စခန်းဖြစ်ပေလိမ့်မည်။ သို့သော် ယွင်ချဲ့သည် မည်သူကိုမှ ထိုအကြောင်း မပြောရသေးပေ။ ထိုနေရာတွင် ကျန့်ယာဖေး၏ မိဘတို့ ရှိနေနိုင်သဖြင့် သူမကို ကြောက်လန့်စေမည် ဆိုးသောကြောင့် လူကိုအန္တရာယ် ပေးနိုင်သော ဗီဇပြောင်း အပင်များ အကြောင်းကိုပင် သတိမပေးနိုင် ဖြစ်နေသည်။ အကယ်၍ ထိုနေရာတွင် ယွင်ယောင် သို့မဟုတ် ယွင်ချန် ရှိနေလျှင် ယွင်ချဲ့ စိတ်တုန်လှုပ် နေမည်မှာ အသေအချာပင်။

“ဗီဇပြောင်း အပင်တွေကို စိတ်ပူနေတာလား”

ဘယ်သူမှ မသိလိုက်ချိန်တွင် ယွင်ချဲ့ အနောက်မှ ရှင်းဖုန်း လိုက်လာခဲ့ပြီး ဆေးလိပ်ကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် ဝရံတာ လက်တန်းကို မှီကာ အခန်းထဲတွင် ပျော်ရွှင်နေကြသော သူငယ်ချင်းများကို ကြည့်နေလေသည်။

“အင်း ဒါပေမယ့် စိတ်ပူရုံနဲ့လည်း ဘာမှလုပ်လို့မရဘဲ … ဒီညချက်ချင်းအလောတကြီး သွားရင်တောင် ညတွင်းချင်းတော့ မရောက်နိုင်ဘူးလေ .. ပြီးတော့ ဒီလောက်လည်း ကံမဆိုးနိုင်ပါဘူး ကျွန်တော်ကပဲ အရေးမပါတာကို ကြောက်လန့်နေတာလား မသိဘူး”

လက်တန်းပေါ်တွင် တံတောင်နှင့်မှီထားလျက် ယွင်ချဲ့ ပြုံးကာ ပြောလေသည်။

“အင်း… ယာဖေးက မိန်းမကောင်းလေးပါ .. ဒီလို ကပ်ဖြစ်နေတာတောင် ရုန်းကန် ကြိုးစားပြီး သတ္တိရှိရှိ အသက်ရှင် နေတာကိုက တော်တော်လေးစားစရာ ကောင်းနေပြီ”

မျက်လုံးများ မို့မောက်နေသည့်တိုင် သူငယ်ချင်းများကို စိတ်မပူစေရန် ကြိုးစားပြုံးပြနေသော ကျန့်ယာဖေးကိုကြည့်ကာ ရှင်းဖုန်း သက်ပြင်း ချလိုက်သည်။ သူသည် စစ်တပ်ထဲတွင် ကြီးပြင်းခဲ့သည့် အပြင် သန်မာရဲစွမ်း သတ္တိရှိသော အမျိုးသမီး တပ်သားများကို တွေ့ဖူးခဲ့သဖြင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း မရှိပေ။

တစ်ခါတစ်ရံ အလွန်သန်မာသော သူများကိုပင် တွေ့ခဲ့ရသည်။ ခွန်အားနှင့် ယှဉ်လျှင် အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အားနည်းစွာ မွေးဖွား လာကြသည်မှာ အငြင်းပွားဖွယ် မရှိပေ။ သို့သော် အကြောင်းကိစ္စ ကြုံလာလျှင် သူတို့မွေးရာပါ အားနည်းခြင်းနှင့် ကြောက်လန့်ခြင်း ဗီဇများကို အနိုင်ယူ ကျော်လွှားကာ အမျိုးသားများ နည်းတူ သန်မာလာကြပေသည်။

အထူးသဖြင့် ယခုကဲ့သို့ ကပ်ဘေးဆိုက်စဉ် လက်နက်ဆွဲကာ ဖုတ်ကောင်များကို တိုက်ခိုက်သည့် အမျိုးသမီးများက သက်သေပင်။ ကျောက်ယန်း အဖွဲ့တွင်လည်း ထိုကဲ့သို့ အမျိုးသမီး အချို့ရှိပြီး ဖုတ်ကောင်များကို တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့တွင် ယောကျ်ားသားများ နည်းတူ အလွန်ရဲရင့် သန်မာလှသည်။ သူ၏အဖွဲ့တွင် ကျန့်ယာဖေး သည်လည်း ထိုအမျိုးသမီးများကဲ့သို့ ရဲစွမ်းပေသည်။

“ခင်ဗျား သူ့ကိုကြိုက်လို့လား”

ယွင်ချဲ့ မရိုးသားသော အပြုံးများဖြင့် ရှင်းဖုန်းကို စွေစောင်းကြည့်ကာ မေးလိုက်သည်။ အတိတ်ဘဝတွင် ကျန့်ယာဖေးသည် ရှင်းဖုန်း၏ ငယ်သားများထဲမှ အမျိုးသမီးများ၏ တစ်ဉီးတည်းသော ခေါင်းဆောင်ဖြစ်ခဲ့သည်။ ထိုအချက်ကြောင့်ပင် ယွင်ချဲ့တို့ နှင့်အတူ ကျန့်ယာဖေး လိုက်လိုကြောင်း ပြောခဲ့သည့်အချိန်က သူလက်ခံခဲ့ခြင်း ဖြစ်သည်။ ရှင်းဖုန်း၏ ဉာဏ်ကောင်းသော ငယ်သား တစ်ယောက် အနေနှင့် သူမသည် အလွန်ထက်မြက် ပေလိမ့်မည်။

ထို့နောက် အတူတကွ ရင်ဆိုင်ကျော်ဖြတ် လာပြီးနောက် ယွင်ချဲ့နှင့် ကျန့်ယာဖေးတို့ သူငယ်ချင်း ဖြစ်ခဲ့ကြကာ ကျန့်ယာဖေးကိုလည်း သာမန်အကူ တစ်ယောက်ဟု မမှတ်ယူထားတော့ပေ။ ထို့ကြောင့်သာ သူမ၏မိဘတို့ကို ရှာဖွေရန် အသက်ကိုပင် စွန့်စားခဲ့ခြင်း ဖြစ်သည်။

“မင်းသူ့ကိုမကြိုက်ဖို့ပဲ မျှော်လင့်တယ်”

ယွင်ချဲ့ စနောက် ပြောဆိုသည်ကို သိသဖြင့် ရှင်းဖုန်းလည်း ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ ယွင်ချဲ့သည် သူတစ်ယောက်တည်းတွင်သာ ခံစားချက်ရှိရမည်။

“အာ .. ခင်ဗျားကို တစ်ခုခု ပြောဖူးသလားလို့ .. ကျွန်တော်က မိန်းကလေးတွေ စိတ်မဝင်စားဘူးလေ”

ရှင်းဖုန်းကို လှည့်ကြည့်လျက် ယွင်ချဲ့ ထူးဆန်းသော အပြုံးနှင့် သူ၏လိင်စိတ် ခံယူချက်ကို ပြောလေရာ ရှင်းဖုန်း မျက်မှောင်ကြုတ်လျက် ယွင်ချဲ့ နဖူးကို တောက်လိုက်သည်။

“ဘာလို့ငါ့ကို စောစော မပြောတာလဲ”

အကယ်၍ သူသိခဲ့လျှင် အချစ်စစ်ပွဲအတွက် ပြိုင်ဘက် နည်းပါးကြောင်းကိုလည်း သိကာ စိတ်ချနိုင်ခဲ့လိမ့်မည်။

“ပြောပုံက ကျွန်တော်က ယာဖေး ဒါမှမဟုတ် တခြား မိန်းကလေးတွေကို စိတ်ဝင်စားမှာ စိုးရိမ်နေပုံပဲ”

နဖူးတောက် ခံရသော်လည်း ယွင်ချဲ့ စနောက် နေလျက်ပင်။ ကပ်ဘေး ကာလတွင် မကောင်းဆိုးဝါးများကို သတ်ဖြတ် နှိမ်နင်းရသည့် အချိန်က အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။ အချိန်မှာလည်း နေဝင်ချိန် ရောက်ရန် ၃ နာရီပင် လိုသေးသည်။

“မင်းအဲဒီလို ကြည့်တိုင်း ငါဘယ်လို ခံစားရလဲသိလား”

ယွင်ချဲ့ အမေးကို လျစ်လျူရှုလျက် လက်တန်းကို မှီကာ လှည့်ကြည့်လိုက်ပြီး ရှင်းဖုန်း မေးသည်ကို ယွင်ချဲ့ မျက်မှောင်ကြုတ်လျက် ပြန်မေးလေသည်။

“ဘယ်လို ခံစားရတာလဲ”

“ငါ့အထင် မင်းငါ့ကို မြူဆွယ်နေသလိုပဲ”

“သေလေ …”

ထိုအချိန်ကိုက်မှာပင် ဆိုဖာပေါ်တွင် ထိုင်နေသော ကျိုးဇယ်ယွီမှာ ဒရမ်မာဆန်ဆန် ပြုတ်ကျသွားပြီး ချူးဟောင်လင်း၏ ပါးစပ်ထဲမှ ကွတ်ကီးလည်း ပြုတ်ကျ သွားလေသည်။ ယန်းဟွိုင်အန်းလည်း မှတ်စု စာရွက်များကို ယောင်ယမ်းကာ ဖြဲမိလိုက်ပြီး ရေသောက်နေသော ရှန်းရွေလည်း ချောင်းဆိုးသွားလေသည်။ ယွီဝမ်းချင် နှင့်အတူ အခြားအဖွဲ့သားများလည်း အံ့ဩတကြီးဖြစ်ကာ ဆွံ့အကုန်သည်။

သူတို့သိခဲ့လျှင် ခိုးနားထောင်မည် မဟုတ်သောကြောင့် အလွန်ပင် နောင်တရနေကြလေသည်။ ယန်းဟွိုင်အန်းပင် ဘာမှမပြောနိုင်တော့ပေ။ သူတို့၏ဆရာ ရှင်းဖုန်း အလွန်ပင် စည်းကျော်နေသည်။ ယွင်ချဲ့ကမူ သူမည်သူနှင့် စနောက် နေသည်ကို အလေးမထားပုံပင်။ သူအမြဲပင် အခြားသူများကိုလည်း ထိုသို့ ပရောပရီ လုပ်တတ်သည်လား။ ရှင်းဖုန်း အလွန် စိတ်ကူးယဉ် တတ်သည်၊ အလွန်ပင် စိတ်ကူးယဉ်လွန်းသည်။

“သူတို့အပြုအမူကို ကြည့်ရုံနဲ့တင် တော်တော် ရှင်းနေပါပြီ .. ခင်ဗျား အကြောင်းပြောဖို့ ရှက်တောင်ရှက်တယ်”

အခန်းထဲရှိ ကသုတ်ကရုတ် ဖြစ်နေသော အဖွဲ့သားများကို ကြည့်ကာ ရယ်မောနေသည်။ ရှင်းဖုန်းက ထိုသို့ ပွင့်လင်းစွာ ပြောတတ်သည်ကို သူတို့ထက် ယွင်ချဲ့ ပိုသိထားသဖြင့် သူ့အတွက် အံ့ဩဖွယ်မရှိပေ။

“အင်း … သူတို့တွေ အချိန်ဖြုန်းတာ များနေပြီဆိုတော့ ငါတို့ပြန်ရောက်ရင် သူတို့ကို လင်းကျန်းမြို့ထဲက လိုအပ်တာတွေ စုခိုင်းတာမျိုး၊ နယ်မြို့ဒေသတွေကို မကြာမကြာ သွားခိုင်းတာမျိုး ဒီလိုခက်ခဲတာတွေ တာဝန်ခွဲပေးဖို့ မင်ရွှမ်းကို ပြောရမယ်”

ရှင်းဖုန်းလည်း သူတို့စကားကို ဂရုမစိုက်ဘဲ မှေးကိုပွတ်လျက် အခန်းထဲမှ လူများ ကြားနိုင်လောက်သည့် အသံဖြင့် အော်ပြောလိုက်သည်။

သူကထိုသို့သော အကြောင်းလေးနှင့် လက်စားချေ တတ်သည်လား။

ချူးဟောင်လင်းနှင့် သူ၏အဖွဲ့သားတို့ ညည်းတွား လိုက်ကြချိန် ကျိုးဇယ်ယွီနှင့် သူ၏အဖွဲ့သားတို့မှာ ကျောက်ယန်း အဖွဲ့ဝင် မဟုတ်သောကြောင့် ကံကောင်းသည်ဟု ခံစားရကာ ရင်ဘတ်ကို အသာပုတ် လိုက်သည်။

“မင်းရဲ့အဖွဲ့သားတွေက အစွမ်းကြီးကြတယ် ဆိုပေမယ့် လုပ်ဆောင်မှု အားနည်းတော့ ငါတို့အဖွဲ့နဲ့ ပူးပေါင်း သင့်တယ်လို့ ထင်တယ်”

“ဘာ”

ခဏအကြာတွင် ရှင်းဖုန်းက တွေးဆဟန်နှင့် အကြံပေးသကဲ့သို့ ပြန်ပြောလေရာ ကျိုးဇယ်ယွီနှင့် အဖွဲ့သားများ မှင်သက် ကုန်လေသည်။ တကယ်ကြီးလား။ သူဘာကြောင့် ဒီလို လက်စားချေ တတ်ရတာလဲ။

“အင်း … ဟုတ်သား .. သူတို့လည်း များများ ပူးပေါင်းတတ်ဖို့ လိုတယ်”

“ဟို … ချဲ့ စိတ်လိုက်မာန်ပါ လုပ်တာက ဒုက္ခရောက်တတ်တယ်တဲ့ .. စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်”

ထိုအကြံကို ယွင်ချဲ့ သဘောတူတော့မည့် အရိပ်အယောင် ပြလိုက်သဖြင့် ကျိုးဇယ်ယွီ ချက်ချင်း ထလာကာ ပြေးလာခဲ့သည်။ အကယ်၍ သူတို့သာ မြို့တစ်မြို့ သို့မဟုတ် နယ်မြို့သို့ သွားရမည်ဆိုလျှင် နောက်တစ်နှစ်အထိ သူတို့အသက်ရှင် နိုင်ပါဉီးမလား။

“ဘာကိုစိတ်လိုက်မာန်ပါ လုပ်လို့လဲ မင်းတို့တွေ ဒီထက်တောင် ပိုပြီး လုပ်ဆောင်သင့်တာ .. ချဲ့ .. ဒါအကောင်းဆုံးပဲလို့ ထင်တယ် နည်းနည်းလောက် စဉ်းစားကြည့်ပါလား .. စိတ်မပူပါနဲ့ တကယ်လို့ ပူးပေါင်း ဆောင်ရွက်ဖို့ သေချာပြီဆိုရင် သူတို့ကိုငါကိုယ်တိုင် လေ့ကျင့်ပေးမယ် သူတို့ရဲ့ တိုက်ခိုက်ရည်လည်း တစ်နေ့ထက်တစ်နေ့ သာစေရမယ်လို့ အာမခံတယ်”

ထိုအဖြစ်ကို မြင်သောကြောင့် ချူးဟောင်လင်းလည်း အပြေးလာပြီး ရယ်မောကာပြောဆိုလိုက်သည်။

“ဟေ့ ချူး … မင်းမှာ ဝင်ပြောဖို့ စကားတွေ မရှိတော့ဘူးလား”

ချူးဟောင်လင်းမှာ ယွင်ယောင် ချက်ပြုတ်ပေးခဲ့သော စားစရာများကို အာရုံရောက်နေလေသည်။

“အဲဒါက ဘာလဲ စားလို့ရလား မရဘူးဆိုရင် ဘာလို့မေးနေသေးလဲ… အဆင်ပြေသလိုလုပ်လိုက်ပေါ့”

အစားကျူးသူ ရှေ့တွင် စည်းကမ်းအကြောင်း ပြောဆိုနေခြင်းက ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲရာ ရောက်လွန်းသည်။ ချူးဟောင်လင်း သေချာ ပြောလိုက်သဖြင့် ကျိုးဇယ်ယွီ လည်း ထပ်မပြောနိုင်တော့ပေ။ ယွင်ချဲ့ကိုသာ အရာရာ ဆုံးဖြတ်နိုင်စွမ်း ရှိခြင်းကြောင့် လုဟိုင်ရွှမ်း၊ လန်ယဲ့ဟန် နှင့် ကျန့်ယာဖေးတို့ အငြင်းမပွား ကြတော့ပေ။

“အင်း .. ချူးဟောင်လင်းနဲ့ ကျိုးဇယ်ယွီတို့ ရှိနေသရွေ့တော့ ဒီလိုကပ်ဘေးကြီးမှာနေရလည်း ငါတို့တွေ မပျင်းရတော့ဘူး”

ရှင်းဖုန်းကို လှည့်ကြည့်ကာ ယွင်ချဲ့ သူ၏ အနက်ရှိုင်း ခံစားချက်တို့ကို ပြောပြလိုက်သည်။

“အင်း”

ရှင်းဖုန်း လက်ကို ဆန့်ထုတ်ကာ ယွင်ချဲ့ လက်ကို အုပ်ကိုင်လျက် ချူးဟောင်လင်းနှင့် ကျိုးဇယ်ယွီတို့ စနောက် ဆော့ကစားနေသည်ကို တွေ့လိုက်သည်။ ယခုကဲ့သို့ ကပ်ဘေးဆိုက်နေသော်လည်း သူတို့ပျော်ရွှင်စွာ နေထိုင်နိုင်ကြပေသေးသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset