အခန်း (၇၅)
“ငါတို့ အခြားလမ်းကြောင်းကနေ သွားမှရမယ် .. ငါတို့တိုက်ခိုက် လိုက်ရင် တကွဲတပြားဖြစ်ပြီး လမ်းကြောင်း ထပ်ဖွဲ့ဖို့ ခက်ခဲသွားလိမ့်မယ် … လမ်းအလယ်ကို သွားပြီး ဘယ်ဘက်ကို ထပ်ရွေ့ကြရအောင်”
ယွင်ချဲ့လည်း စောင့်ကြည့်မြေပုံကို သေချာကြည့်လျက် ရှုထောင့် အဘက်ဘက်မှ တွေးကာ လမ်းကြောင်း အသစ်ကို ရွေးချယ်လိုက်သည်။ သူတို့၏ဉီးစားပေး အချက်မှာ အချိန်တိုတိုနှင့် ကျန့်ယာဖေး၏ အိမ်သို့ အမြန်ရောက်ရန် ဖြစ်သည်။
“အင်း”
ရှန်းရွေလည်း ဆိုင်းတွခြင်းမရှိ ယွင်ချဲ့ လမ်းညွှန်ရာ အတိုင်း လိုက်နာလေသည်။ ထို့နောက် ယွင်ချဲ့ အသံတိုးတိုးဖြင့် ညည်းတွား လိုက်သည်။
“ကပ်ဖြစ်တာ တစ်လတောင် မရှိသေးဘူး။ အဆင့် ၃ ဖုတ်ကောင်တွေက ဘယ်လိုလုပ်ပြီး များလာရတာလဲ”
အတိတ်ဘဝတွင် အဆင့် ၃ ဖုတ်ကောင်များမှာ ကပ်ဘေးကြုံရပြီး ၁ လ ၂ လအကြာမှ ပေါ်ပေါက် လာခဲ့သည်ကို ယွင်ချဲ့ အသေအချာ မှတ်မိသည်။ ပြန်လည် မွေးဖွားခဲ့ခြင်းက တစ်ခုခုပြောင်းလဲ သွားစေခဲ့တာလား၊ ဒါမှမဟုတ် အတိတ်ဘဝတွင် ယခုကဲ့သို့ မလုပ်ဖူးခဲ့ခြင်းကြောင့်လား။
“မထူးဆန်းပါဘူး ဒါက နယ်မြို့ဆိုတာလည်း မမေ့နဲ့ဉီး … လူသေအလောင်းတွေ အထူးသဖြင့် အစွမ်းရှိတဲ့ လူ့အလောင်းတွေက ဖုတ်ကောင်တွေအတွက် စွမ်းအားမြင့်ဖို့ ပိုထိရောက်စေတယ် … လူဉီးရေများတဲ့ ဒီလိုနယ်မြို့တွေမှာ အဆင့် ၃ ဖုတ်ကောင်တွေ များနေတာက ပုံမှန်ပဲကို”
သာမန် လူများထက် စွမ်းအားရှိသူများက ပို၍ အကြားကောင်းကြသဖြင့် ယွင်ချဲ့၏ တီးတိုးရေရွတ်သံကြောင့် ရှင်းဖုန်းလည်း လှည့်ကြည့် လိုက်သည်။ ရှင်းဖုန်းမှာ အကြောင်းကိစ္စ တစ်ခုခုကြောင့် အဆင့် ၄ ဖုတ်ကောင်များကို ရင်ဆိုင်ရလျှင်တောင် သူ့အတွက် မထူးဆန်းပေ။ အကယ်၍ တွေ့ခဲ့မည်ဆိုလျှင် လူသားများ ရှုံးနိမ့်လာပြီဟု သဘောရပြီး အလွန်ကြီးမားသော ပြဿနာ ဖြစ်ပေလိမ့်မည်။
“အင်း ငါတို့ ပိုကြိုးစားမှရမယ်”
ယွင်ချဲ့ ခေါင်းညိတ် ပြလိုက်သည်။ ဖုတ်ကောင်များ အဆင့် ၆ သို့ ရောက်လာသည်နှင့် ဉာဏ်ရည်သွေး ထက်မြက် လာလိမ့်မည့် အကြောင်းကိုတော့ ရှင်းဖုန်းကို ယွင်ချဲ့ မပြောပြသေးပေ။ ထိုသို့ဖြစ်လာလျှင် ထိုဖုတ်ကောင်များသည် လူသားများကို အမဲလိုက်ကြမည့် အပြင် အခြားဖုတ်ကောင်များ၏ အမြုတေများကိုလည်း စုပ်ယူကာ အဆင့် တိုးတက်လာအောင် လုပ်ကြလိမ့်မည်။ အဆင့် ၇ ဖုတ်ကောင်သည် ဆယ်ကျော်သက်ရွယ် တစ်ယောက်ကဲ့သို့ ဉာဏ်ထက် လာမည်ဖြစ်ပြီး ပါးနပ်သည့်အပြင် စွမ်းအားများကိုလည်း ကျွမ်းကျင်စွာ အသုံးပြုလာနိုင်သည့် ဖုတ်ကောင်များမှာ အလွန်ပင် ပြဿနာ ကြီးလိမ့်မည်။
ယွင်ချဲ့၏ စောင့်ကြည့် မြေပုံကြောင့် အဆင့် ၃ ဖုတ်ကောင်များကို ကောင်းမွန်စွာ ရှောင်တိမ်း သွားနိုင်ပြီး တတိယပတ်လမ်းသို့ ရောက်လာရန် ၃ နာရီကျော် ကြာမြင့်ခဲ့သည်။ ကံကောင်းစွာပင် ကျန့်ယာဖေး၏ အိမ်သည် တတိယပတ်လမ်း၏ အလယ်တွင် မဟုတ်ဘဲ နာရီဝက် အချိန်မျှကြာပြီးနောက်တွင် ကျန့်ယာဖေး နေအိမ်တိုက် အရှေ့သို့ ရောက်လာခဲ့သည်။
မြင်လိုက်ရသော တိုက်ကြီးမှာ အထပ် ၃၀ ကျော် ရှိမည်ဟု တွေးဆမိသည်နှင့် သူတို့၏ခြေထောက်များ ပျော့ခွေလာ သကဲ့သို့ ခံစားလိုက်ရသည့် အပြင် တိုက်ဆိုင်စွာပင် ဓါတ်လှေကားမှာလည်း သုံး၍မရပေ။ မည်မျှပင် စွမ်းအားကြီးမား သန်မာနေပါစေ ၆ နာရီ ကျော်ကြာအောင် မရပ်မနားဘဲ လမ်းလျှောက် လာခဲ့ရသောကြောင့် သူတို့၏ ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံး တုန်ယင် လာသကဲ့သို့ ဖြစ်သွားလေသည်။
“ယာဖေး .. မင်း ဘယ်အထပ်မှာ နေတာလဲ”
လမ်းကြောင်း ရပ်တန့်လိုက်ပြီး ရှန်းရွေနှင့် လုဟိုင်ရွှမ်းတို့ကို သံများ ထောက်ပံ့ ကူညီနေသော ချူးဟောင်လင်း လှမ်းမေးလိုက်သည်။ သေချာကြည့်လျှင် ချူးဟောင်လင်း၏ နှုတ်ခမ်းမှာ မသိမသာ တုန်ယင်နေသည်ကို တွေ့ရပေလိမ့်မည်။ သူသည် စွမ်းအားများ ကုန်ဆုံးနေသည့်အပြင် အချိန်ကြာစွာ လမ်းလျှောက် ခဲ့ရသဖြင့် မောပန်း နေခြင်းကြောင့်ပင်။
“၈ ထပ်မှာ …”
၈ ထပ်မြောက်တွင် နေရသည်ကို ကျန့်ယာဖေး ပျော်ရွှင်မိသည်မှာ ပထမဆုံးပင်။
“တော်သေးတာပေါ့”
ချူးဟောင်လင်းလည်း ရင်ဘတ်ကို အသာပုတ် လိုက်သည်။ သူတို့သည် မည်သည့် အရာကိုမဆို တာဝန်ယူ ဖြေရှင်းနိုင်သော်လည်း အထပ် ၂၀ – ၃၀ တို့ကို သည်းမခံနိုင်ပေ။ ရှစ်ထပ်မြောက်ကို သူတို့၏လက်ကျန် အင်အားများဖြင့် တောင့်ခံ တက်လာလျှင် ရောက်နိုင်ပေသည်။
“အရေးပေါ် လှေကားကနေ တက်ကြမယ်”
ထို့နောက် အဆောက်အအုံ ထဲသို့ ဝင်လာကာ မြေညီထပ် ခန်းမကိုဖြတ်လျက် အရေးပေါ် လှေကား အဝင်ဝသို့ ရောက်လာခဲ့သည်။
“လမ်းကြောင်းကို သိမ်းသင့်ပြီ ထင်တယ် လှေကားထဲတော့ ဖုတ်ကောင်တွေ အရမ်း မများနိုင်ဘူမလား … ငါတို့မြန်မြန် သွားကြမယ် စွမ်းအားသုံး ထားရတဲ့ သူတွေက ခဏနားလိုက်ကြဉီး”
“အင်း”
မည်သူမှ မကန့်ကွက်ကြသဖြင့် လမ်းကြောင်းနှင့် လေထုအလွှာမှာ ရုတ်ခြည်းပျောက်ကွယ် သွားသည်။ လာရာလမ်း တစ်လျှောက် စွမ်းအားများ မသုံးခဲ့ကြသော လန်ယဲ့ဟန်နှင့် သူ၏တွဲဖက်များက အဖွဲ့ ၂ ဖွဲ့ခွဲကာ အရှေ့ဘက်မှ လမ်းရှင်းခြင်းနှင့် အနောက်တွင် ဖုတ်ကောင်များပြေးလိုက်ခြင်းမှ ကာကွယ်ပေးရန် တာဝန်ယူကြလေသည်။ အစွမ်းများစွာ သုံးထားရသော ယွင်ချဲ့နှင့် ကျန်သော သူများသည် အလယ်တွင် စုလျက် လမ်းလျှောက် သွားကာ အားပြန်ပြည့်ရန် အတွက် အနားယူကြသည်။
ဂါး
တတိယအထပ်သို့ ရောက်သည့်အခါ ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိပြီး လက်ဖြင့် ကုတ်တွယ် သွားလာနေသော ဖုတ်ကောင်များနှင့် ရင်ဆိုင်ရလေသည်။ သေဆုံးပြီးသော်လည်း သွေးသားကို ဆာလောင် နေသေးသဖြင့် ကပ်ဘေးကြီးက အလွန်ပင် ရက်စက် လွန်းလှသည်။
ဝုန်း
လန်ယဲ့ဟန်က မီးမြားများကို ဖန်တီးလိုက်ပြီး ဖုတ်ကောင်များ၏ ခေါင်းများကို ပစ်ခွင်းလျက် ကျိုးဇယ်ယွီက သူ၏ လေအစွမ်းဖြင့် ဖုတ်ကောင် အမြုတေများကို သိမ်းဆည်း လိုက်သည်။ ဖုတ်ကောင် တစ်ကောင်အတွက် အသက်ညှာဆုံးသော နည်းမှာ သူ့ကို သတ်ပစ်ခြင်းပင်။
တိုက်ပေါ်သို့ တက်လာရာ လမ်းတစ်လျှာက် ဖုတ်ကောင် အကောင်၂၀ နီးပါး ရှင်းလင်းခဲ့ပြီးနောက် ရှစ်ထပ်မြောက်သို့ ရောက်လာခဲ့လေသည်။ ကျန့်ယာဖေးလည်း လှေကားထဲမှ အမြန်ထွက်လာပြီး ဖုတ်ကောင် တစ်ကောင်ကို ရင်ဆိုင်ရသည်နှင့် ဓါးဖြင့် လှမ်းပစ် လိုက်ပုံမှာ ယောကျ်ား တစ်ယောက်ထက် ပို၍လျင်မြန် သန်မာလှသဖြင့် အနောက်ဘက်တွင် ကျန်နေခဲ့သော ယောကျ်ားသားများပင်လျှင် အံ့ဩရသည်။ ယွင်ချဲ့ မိသားစု၏ မိန်းကလေး ၂ ယောက်တို့မှာ အလွန်လှပကာ သိမ်မွေ့သော်လည်း တစ်ခါတစ်ရံတွင် ကြောက်စရာ ကောင်းလှပေသည်။
ဒုန်း ဒုန်း
“ဖေဖေ .. မေမေ …”
ကျန့်ယာဖေး မျက်ရည်များ ကျလျက် သူမအိမ်တံခါးကို ထုရိုက်နေသဖြင့် ယွင်ချဲ့ သူမအနားလာက ပခုံးပေါ်လက်တင်လျက် …
“မအော်နဲ့တော့ အထဲမှာ လူရော ဖုတ်ကောင်ရော မရှိကြဘူး။ ဟိုင်ရွှမ်းကို တံခါးဖွင့်ခိုင်းလိုက် ပြီးရင် အထဲဝင်ကြရအောင် .. မင်းရဲ့မိဘတွေဖြစ်ဖြစ် ဖုတ်ကောင်တွေဖြစ်ဖြစ် မရှိရင် မျှော်လင့်ထားလို့ ရသေးတယ်မဟုတ်လား”
“အင်း”
ကျန့်ယာဖေး ဝမ်းနည်းစွာပင် ပြန်ဖြေကာ ဘေးတွင် ရပ်နေပေး လိုက်သဖြင့် လုဟိုင်ရွှမ်းလည်း တံခါးလက်ကိုင်ကို အရည်ပျော်စေကာ တံခါးကို ဖွင့်လိုက်ရာတွင် အပြင်ဘက်တွင် ရှိသူများ အသက်ရှူပင် ရပ်ကြကုန်လေသည်။ ဧည့်ခန်းမှာ ပစ္စည်းများဖြင့် ရှုပ်ပွနေပြီး ကံကောင်းစွာ သွေးများ ပေကျံနေခြင်း မရှိပေ။ အဖွဲ့သားများ အခန်းထဲသို့ ဝင်သွားကြပြီး နောက်ဆုံးမှ လုဟိုင်ရွှမ်း ဝင်လာကာ တံခါးကို ပြန်ပြင်လိုက်သည်။
ရှုပ်ပွနေသော အိမ်ခန်းကြောင့် ကျန့်ယာဖေး မျက်ရည်များကို မထိန်းနိုင်တော့ပေ။ သူမ၏မိခင်မှာ အလွန် စည်းကမ်း ရှိသူဖြစ်သည့် အလျောက် အိမ်ကို အမြဲသန့်ရှင်းသပ်ရပ်စွာထားလေ့ရှိသည်။
“ဘာမှမဖြစ်ခဲ့ဘူးဆိုရင် ဘာကြောင့် ဒီလို ရှုပ်ပွနေရမှာလဲ .. ငါ့မိဘတွေ အသက်ရှင်လျက်မှ ရှိသေးရဲ့လားမသိဘူး”
ကျန့်ယာဖေး အလွန်စိတ်တုန်လှုပ် လာသဖြင့် ကျန်သော သူများလည်း ဘာမှမပြောဘဲနေကြလေသည်။ အဖွဲ့သားများသည် တိတ်ဆိတ်စွာ နေလျက်ပင် ထိုတိုက်ခန်းရှိ အိပ်ခန်း ၃ခန်း၊ ဧည့်ခန်း ၁ ခန်းနှင့် မီးဖိုခန်းတို့ ရှာဖွေလေရာ မီးဖိုခန်းသည်လည်း ဧည့်ခန်းကဲ့သို့ ရှုပ်ပွနေလေသည်။
ကျန့်ယာဖေး အခန်းတစ်ခန်းကို ဖွင့်လိုက်ရာ သန့်ရှင်း သပ်ရပ်ကာ စနစ်တကျ ရှိနေသော သူမ၏အိပ်ခန်းကို တွေ့လိုက်ရသဖြင့် စိတ်မထိန်းနိုင်ဘဲ ငိုမိလေသည်။ သူမနှင့်အနီးဆုံးတွင် ရှိနေသော ယန်းဟွိုင်အန်းက ကျန့်ယာဖေးကို သူ့အနားသို့ ဆွဲယူကာ လက်မောင်းထဲတွင် ဖက်ထားပေးလိုက်သည်။
ကျန့်ယာဖေးမှာ ငိုသံမထွက်စေရန် သူမပါးစပ်ကို လက်ဖြင့် အုပ်ထားပြီး မျက်ရည်များမှာ အထိန်းအချုပ်မရှိ ကျဆင်း နေလေသည်။ ရှုပ်ပွနေသော ဧည့်ခန်းနှင့် မီးဖိုခန်းတို့ကို ကြည့်ခြင်းဖြင့် သူမ၏မိဘတို့ အလောတကြီး ထွက်သွားခဲ့ကြသည်ဟု ယူဆရနိုင်သည်။ သို့သော် သူမ၏အခန်းမှာ ဖုန်အနည်းငယ် ကပ်နေသည်ကလွဲ၍ ကပ်ဘေး မဆိုက်မီ အချိန်ကကဲ့သို့ သန့်ရှင်း သပ်ရပ်လျက်ရှိနေပုံမှာ သူတို့၏သမီးကို မည်မျှဂရုစိုက်ကြောင်း ထင်ရှားနေသည်။
“မငိုပါနဲ့ မင်းမိဘတွေ စာချန်ထားခဲ့တယ် … ကြည့်ရတာ သူတို့အသက်ရှင် နေသေးပုံပဲ”
ကျန့်ယာဖေး၏ အခန်းထဲသို့ ဝင်လာသော ယွင်ချဲ့မှာ ခုတင်ဘေးရှိ ဗီရိုမှ စာရွက်ကို ယူဖတ်လိုက်ရာ ကျန့်ယာဖေး၏ မိဘတို့မှာ သူတို့၏ သူငယ်ချင်းများ နှင့်အတူ ပဉ္စမပတ်လမ်း အပြင်ဘက်ရှိ လုံယန် တောင်ခြေတွင် ရှိသော လုံခြုံရေးစခန်းသို့ ထွက်သွားကြောင်း ရေးထားသည်ကို တွေ့လိုက်ရသည်။ ကျန့်ယာဖေး မရောက်လာဟု မပြောနိုင်သဖြင့် စာစုတစ်ရွက် ချန်ထားပေးခဲ့ပြီး ထိုစာရွက်၏အောက်နားတွင် ခက်ခက်ခဲခဲရေးထားသည်ဟုထင်ရသော စာတစ်ကြောင်းလည်း ရှိနေသည်။
ထိုစာမှာ မည်မျှပင် ခက်ခဲပါစေ သူတို့၏သမီးကိုရှာရန် ဟွိုင်မြို့သို့ သွားမည့်အကြောင်း ရေးထားသည်။ ထိုစာကြောင်းမှာ သူတို့သမီးအတွက် ချန်ထားခြင်း မဟုတ်ဘဲ သူတို့နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာမှ မျှော်လင့်ချက်လေး ဖြစ်သည်။ ထိုစာသည် ကပ်ဆိုက်ပြီး ၃ ရက် အကြာတွင် ရေးထားခဲ့ခြင်း ဖြစ်သောကြောင့် ကျန့်ယာဖေး၏ မိဘများထွက်သွားခဲ့သည်မှာ ရက် ၂၀ ပင် ကျော်လွန်သွားခဲ့သည်။
“ဒါက ဖေဖေ့လက်ရေးပဲ ….”
စာရွက်လေးကို ကိုင်ကာ သူမ၏ဝမ်းနည်း စိတ်မကောင်း ဖြစ်ခြင်းတို့ကြောင့် ခုတင်ပေါ်သို့ လဲချ လိုက်ပြီးနောက် သူမမျက်ရည်များလည်း ကျဆင်း လာတော့သည်။ ထိုသို့ ဖြစ်နေသောကြောင့် ရှင်းဖုန်းနှင့် ကျန်သော သူများ အခန်းထဲမှ တိတ်တဆိတ် ထွက်သွား ကြလေသည်။ ယွင်ချဲ့မှာ သူမ၏ခံစားချက်ကို နားလည်သဖြင့် နှစ်သက်ပေးရန် ကျန်ခဲ့လေသည်။ ကျန့်ယာဖေး၏ မိဘတို့မှာ သူမကို အလွန် ချစ်ကြသည်မှာ အထင်အရှားပင်၊ မဟုတ်လျှင် ဘာကြောင့် စာချန်ခဲ့မှာလဲ။
“ဟင့် … ဖေဖေ .. မေမေ ….”
ယွင်ချဲ့ ခါးကိုဖက်ကာ ကျန့်ယာဖေး ပို၍ငိုကြွေးလာပြီး တုန်ယင် လာလေသည်။ ထိုအခိုက်မှာပင် သူမ၏ မိဘတို့နှင့် ပျော်ရွှင်ခဲ့ရသော အမှတ်တရများကို ပြန်လည် မြင်ယောင် လာသည်။ သူမကို မိဘများက အလွန်ချစ်ကြပြီး အလိုလိုက်ကြသဖြင့် အလွန်ကံကောင်းသော ကလေး တစ်ယောက် ဖြစ်ခဲ့သည်။ သူမကလေး အရွယ်တွင် သူမနှင့်ရွယ်တူ သူငယ်ချင်းတို့၏ မိဘများက ကလေးများကို အပြင်သင်တန်းများကို တက်ရန် ဖိအားပေးကြစဉ် သူမ၏မိဘတို့က တစ်ခုခုကို မဆုံးဖြတ်ကြခင် သူမကို တိုင်ပင် ပြောဆိုကြသဖြင့် မိဘတို့မှာ သူမအတွက် သူငယ်ချင်းများသဖွယ် ဖြစ်နေကြပြန်သည်။
အရွယ်ရောက်သော အခါတွင် သူမကိုယ့်လမ်းကြောင်းကို တွေးဆရွေးချယ် ရတော့မည့် အချိန်သို့ ရောက်လာသည်။ နယ်မြို့လေးထဲတွင် အလွန်ကောင်းမွန်သော ဆေးတက္ကသိုလ် တစ်ခုရှိသည်။ ကျန့်ယာဖေးမှာ ဟွိုင်မြို့မှ တက္ကသိုလ်ကို ရွေးချယ်ခဲ့ရာ မိဘတို့က သူမကိုမထွက်သွားစေချင်သော်လည်း မကန့်ကွက်ခဲ့ကြပေ။ ကျောင်းသွားသည့်အခါတိုင်း အဖေက နေ့စဉ် ကားမောင်းပို့ပေးခဲ့ပြီး အမေဖြစ်သူက သူမ မသွားခင် စားကောင်း သောက်ဖွယ်များ ချက်ပြုတ်ပေးသဖြင့် ကျန့်ယာဖေးမှာ သူမသူငယ်ချင်းများ နှင့်အတူ မျှစားကြသည်။ ပိတ်ရက်များတွင် သူမ အိမ်ပြန်လာသည့်အခါ မိဘတို့က စားကောင်းသောက်ဖွယ် စုံလင်စွာ ချက်ပြုတ် ကျွေးမွေးသဖြင့် သူမက ဝိတ်တက်လာမည် စိုးသောကြောင့် အတွန့်တက်ရန် လုပ်ခဲ့ဖူးသည်။ ထိုအကြောင်းကို စဉ်းစားမိသည့်အခါ သူမကိုယ့်ကိုယ်ကို ကျေးဇူးမသိတတ်သော သမီးမိုက်ဟု ခံစားမိလေသည်။
“ငိုချလိုက် ဒါမှစိတ်ပေါ့ပါးသွားမှာ”
ယွင်ချဲ့လည်း သူမကျောကို ပုတ်လျက် နှစ်သိမ့်ပေးလေသည်။ အနည်းဆုံးတော့ သူတို့တွင် မျှော်လင့်ချက် ရှိနေသေးသည်။
“အင်း”
ယွင်ချဲ့ကို ဖက်ထားလျက် ခေါင်းညိတ်ကာ ကျန့်ယာဖေး သူမစိတ်ကို ပြန်ထိန်းကာ ပို၍စိတ်ခိုင် သန်မာစေရန် အားပေးလိုက်သည်။ သို့သော် ဝမ်းနည်းစိတ်မှာ ထိန်းမရသဖြင့် အငိုတိတ်ရန် ခက်ခဲလှသည်။
ကျန်သော အဖွဲ့သားများက ဧည့်ခန်းကို ရှင်းလင်းလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ကာ အနားယူကြကာ တွေးတောနေပြီး အချို့မှာ မြေပုံကို ကြည့်နေကြလျက် သူတို့၏ အလုပ်ကိုယ်စီကို တိတ်ဆိတ်စွာ လုပ်နေကြသည်။ အချိန်မှာ နေ့လယ် ၁ နာရီကျော်ပြီ ဖြစ်သောကြောင့် ဗိုက်ဆာနေကြသော်လည်း အစားသရဲ ချူးဟောင်လင်း အပါအဝင် မည်သူကမှ မမေးနိုင်ကြပေ။ ကျန့်ယာဖေးမှာ သူတို့၏ သူငယ်ချင်းဖြစ်ပြီး သူတို့တွေ့မြင် လိုက်သည်က စိတ်မကောင်းဖြစ်စေခဲ့သည်။
“စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်”
မည်မျှကြာ သွားသည်ပင် မသိလိုက်ရသော အချိန်တွင် ယွင်ချဲ့ နှင့်အတူ ကျန့်ယာဖေး ထွက်လာခဲ့ပြီး သူမ၏ မျက်ဝန်းများမှာလည်း နီရဲနေလေသည်။
“ဘာတွေ ပြောနေတာလဲ … ဘယ်သူမဆို အကုန်အခက် တွေ့နေကြတာပဲကို အသက်ရှင်နေသရွေ့တော့ အဆင်ပြေတယ်လေ”
“အခုတော့ အကျိုးအကြောင်း သင့်တာ ပြောဖြစ်ပြီပေါ့ … စိတ်မပူနဲ့ ယာဖေး .. မင်းရဲ့မိဘတွေ အသက်ရှင် နေဉီးမှာ ငါတို့အတူ ရှာကြမယ်နော်”
“ဒါပေါ့ ဒါပေါ့ … မင်းလို သမီးချောလေးကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူးလေ .. ငါ့မှာသာ သမီးရှိခဲ့ရင် ငါလည်း မလုပ်ဘူး”
“ဒါဆို မင်းမှာ သမီးတစ်ယောက် ရှိဖို့လိုတာပေါ့ … အာ မေ့လို့ .. မင်းမှာ မိန်းမလည်း မရှိဘဲ..”
“သေလိုက်လေ .. ရှန်းရွေ .. ကျုပ်ကို ရန်စနေတာလား”
“လေးစားသမှုတော့ ရှိဉီး ကောင်လေး .. ငါက မင်းထက် ၃ နှစ်ကြီးတာနော် … ငါ မင်းနဲ့ရန်မဖြစ်ရဲဘူး ထင်နေလား … တပ်ထဲမှာ လေ့ကျင့်ခဲ့ရတုန်းက ငိုနေတာ ဘယ်သူလဲမေ့သွားပြီလား”
“အတိတ်ကဟာ အတိတ်မှာထားလိုက် …”
“ဟော ဟော …”
သူတို့အငြင်းပွားရာမှ စကားလမ်းကြောင်း ပြောင်းသွားလေသည်။ ဘာမဟုတ်သော အကြောင်းနှင့် ငြင်းခုံနေကြသော ချူးဟောင်လင်းနှင့် ရှန်းရွေ တို့ကြောင့် ကျန့်ယာဖေးပင် ပြုံးလာလေသည်။ မွန်းကျပ်သော ခံစားချက်တို့ ပျောက်ကွယ် သွားပြီးနောက် ထမင်းစားသောက် ကြချိန်မှာ ၃ နာရီသို့ ရောက်နေခဲ့လေပြီ။ မနက်ပိုင်းတွင် ထွက်လာခဲ့သည့် အရှိန်နှုန်းအရ ပဉ္စမပတ်လမ်းကိုကျော်လွန်ရန် ၄ နာရီ ၅ နာရီကျော် ကြာလိမ့်မည်ဖြစ်ပြီး ထိုအချိန်သည် ည ၈ နာရီကိုပင် ရောက်နေပေလိမ့်မည်။ ဖုတ်ကောင်များ နေ့ဘက်ထက် ညဘက်တွင် ပို၍ဆိုးဝါး ကြသောကြောင့် ရှင်းဖုန်းနှင့် ယွင်ချဲ့တို့ တိုင်ပင်ကြကာ ကျန့်ယာဖေး အိမ်တွင်သာ နားနေ အိပ်စက်ကြပြီး မနက်ရောက်သည့် အခါမှသာ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
“ဘယ်သွားမလို့လဲ”
ခရီးဆက်ရန် အလောတကြီး မဟုတ်သောကြောင့် အေးဆေးစွာ အနားယူ နိုင်ပြီဖြစ်သည်။ ယွင်ချဲ့လည်း ဆေးလိပ် သောက်ပြီးနောက် လမ်းထွက် လျှောက်ချင်သည်ဟု ပြောသဖြင့် ရှင်းဖုန်းလည်း လိုက်လာခဲ့ရာ အဖွဲ့သားများက ယွင်ချဲ့ကို တွေဝေစွာ ကြည့်နေလေသည်။ ဖုတ်ကောင် အလွန်များပြား နေသည်ကို သူက ဘာကြောင့် လမ်းလျှောက် ထွက်ချင်ရတာလဲ။
“ဒီအနီးအနားမှာ စင်တာကြီးတွေရော ပရိဘောဂ ဆိုင်တွေရော ရှိတယ် အဲဒီနေရာကို ခဏသွားကြည့်မလို့”
ယွင်ချဲ့လည်း ရိုးရှင်းစွာ ဖြေပြီး လှည့်ထွက် လာခဲ့သည်။ ပြီးခဲ့သော တစ်ရက်က ယွင်ချဲ့သည် အိမ်ပတ်ဝန်းကျင်ကို သူ၏စောင့်ကြည့် မြေပုံမှတစ်ဆင့် ကြည့်ခဲ့သည်။ အကယ်၍ လျှပ်စစ်စက်ဘီးကို စီးသွားလျှင် သူ၏လေထု အလွှာကို အသုံးပြုနိုင်ပေသည်။
“ငါမင်းနဲ့လိုက်မယ်”
ရှင်းဖုန်းလည်း မဆိုင်းမတွပင် ချက်ချင်း လိုက်သွားလေသည်။
“ချဲ့ …”
“ဆရာ ..”
အဖွဲ့သားများ စိုးရိမ်တကြီး ထရန်ပြင်လိုက်စဉ် ယွင်ချဲ့က …
“ငါသူနဲ့ သွားလိုက်မယ် မင်းတို့ အကုန်လုံးကို ခေါ်သွားလို့ အဆင်မပြေဘူးလေ … စိတ်မပူပါနဲ့ ငါတို့ပြန်လာခဲ့မယ်”
ပြောပြီးနောက် ရှင်းဖုန်းကို ကြည့်လိုက်ပြီး တံခါးဖွင့်ကာ နှစ်ယောက်အတူ ထွက်သွားကြလေသည်။ ကျန်သော သူများလည်း ပြန်ထိုင်လိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ယွင်ချဲ့ ပြောသည်ကလည်း အမှန်ပင်၊ သူတို့အားလုံး အတူတကွသွားခြင်းက အဆင်မပြေနိုင်ပေ။
***