YMR- အခန်း ၇၃

အခန်း (၇၃)

“ဘာအစွမ်းလဲ မင်းကိုကြည့်ရတာ တစ်ခုခု ထူးခြားတာ ရထားပုံပဲ”

ယွင်ချဲ့ စကားကြောင့် ရှင်းဖုန်း စိတ်ဝင်စား သွားသည်။ ယွင်ချဲ့သည် သာမန်ကိစ္စများကို စိတ်ဝင်စားခြင်း မရှိသော်လည်း ညစာစားရန် အလွန် စိတ်သန်နေပြီး တစ်နေရာကိုလည်း စိတ်ဝင်တစား စိုက်ကြည့်နေသည်။

“ခဏလေး .. စစ်ကြည့်လိုက်ဉီးမယ်”

ယွင်ချဲ့ စကားပြော ပြီးနောက် သူ၏ဝေစုကို ရှင်းဖုန်းထံ ပေးထားခဲ့ပြီး လမ်းလျှောက် ထွက်လာခဲ့သည်။ ကျန်သော သူများလည်း စားသောက်ခြင်းကို ရပ်လိုက်ပြီး ယွင်ချဲ့ကိုသာ ကြည့်နေကြသည်။ ခြံတွင် ယွင်ချဲ့ ထပ်ခါထပ်ခါ လမ်းလျှောက်ပြီးနောက် တံတိုင်းကို ကျော်ကာ အပြင်သို့ ထွက်သွားလေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ယွင်ချဲ့ တံတိုင်းကို ကျော်ကာ ပြန်ဝင်လာခဲ့ပြီး ကိုယ်ပေါ်တွင်လည်း သွေးအနည်းငယ် စွန်းနေသဖြင့် သူထွက်သွားစဉ်က ဖုတ်ကောင်များနှင့် တိုက်ခိုက်ခဲ့ပုံပင်။

“အင်း .. ယွင်ချဲ့ သူ့ဓါးကို ဘယ်က ရခဲ့တာလဲသိချင်နေတာ .. အသီးတွေ လှီးဖြတ်ဖို့အဆင်ပြေမယ့်ပုံပဲ”

ယွင်ချဲ့ လက်ထဲမှ သွေးစွန်းများ မရှိသော ဓါးကိုကြည့်ကာ ချူးဟောင်လင်း အံ့အားတကြီးနှင့် စနောက် ပြောလေသည်။

ဘေးတွင်ရပ်နေသော လန်ယဲ့ဟန်က ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်သည်။

“ပြီးတော့ အဲဒါတွေကို စားမလို့လား”

“အမ် …”

ချူးဟောင်လင်း တစ်ကိုယ်လုံး တောင့်သွားလေသည်။ အခြားသူများကို မကြာခဏ စနောက်နေသော်လည်း ယခုတစ်ကြိမ်တွင် သူခံလိုက်ရတော့သည်။ ယွင်ချဲ့က သူ၏ဓါးဖြင့် ဖုတ်ကောင်များကို သတ်ဖြတ်ပြီးနောက် ထိုဓါးဖြင့်ပင် အသီးအရွက်များ ခုတ်ထစ်နေပုံကို ချူးဟောင်လင်း မြင်ယောင် ကြည့်လေရာ အလွန်ရွံ့ရှာဖွယ် ဖြစ်သွားသဖြင့် ချူးဟောင်လင်း အနေနှင့် အစားအစာများကို ပထမဆုံး ကြောက်ရွံ့မိခြင်းပင်။

“အာ …”

ကျန်သော အဖွဲ့သားများ မနေနိုင်ဘဲ ထရယ်မိကြပြီး လန်ယဲ့ဟန်ကို လက်မထောင်ပြသော်လည်း လန်ယဲ့ဟန်က နေမြဲအတိုင်း တည်နေလျက် ယွင်ချဲ့ကို လှည့်ကြည့်လေသည်။

“သေချာပြီလား”

ရှင်းဖုန်း မျက်ခုံးပင့်ပြကာ ပြုံးလျက် မေးလေသည်။

“အင်း”

ယွင်ချဲ့ ခေါင်းညိတ်ပြကာ သူ၏ဓါးကို အခြားတစ်နေရာတွင် ထားကာ ရှင်းဖုန်း အနားတွင် ထိုင်လိုက်ပြီး ညစာကို စားလေသည်။ စောင့်နေကြသော အဖွဲ့သားများက အနားသို့ ရောက်လာကြပြီး …

“အစ်ကိုချဲ့ ဘာအစွမ်း ရသွားတာလဲ ပြောပြလေ !”

“တော်တော်ကို ပြုံးနေတယ်ဆိုတော့ ကောင်းတာ တစ်ခုခုပဲဖြစ်ရမယ် … ငါတို့ကို မခန့်မှန်းခိုင်းနဲ့လေ”

“အင်းလေ ပြောပြလေနော်”

ယွင်ချဲ့ ရလိုက်သော စွမ်းအားကို သိလိုကြသဖြင့် ပြောပြရန် တောင်းဆိုနေကြလေသည်။ ယွင်ချဲ့လည်း ရယ်မောကာ တူတို့ကို ချလိုက်ပြီး ရှင်းပြလေသည်။

“ရှင်းရှင်းပြောရရင် ဇယားကွက်လိုမျိုး စောင့်ကြည့်မြေပုံ တစ်ခုကိုမြင်ရတာပဲ။ ဒါက လေထုအစွမ်းနဲ့ ဆက်စပ်မယ်လို့ ထင်တယ် .. အဲဒီအကွက်ပေါ်မှာ ရောင်စုံ အစက်လေးတွေ ရှိတယ်။ ငါစမ်းသပ်ကြည့်တော့ အနီရောင်က ဖုတ်ကောင်တွေကို ပြပြီး အစိမ်းရောင်က စွမ်းအားရှိတဲ့ လူသားတွေကိုပြတာ … တခြားအရောင်တွေက ဘာကို ပြတာလဲတော့ မသိရသေးဘူး။ သူတို့နဲ့သက်ဆိုင်တာ တစ်ခုခု ပေါ်လာမှပဲ ခွဲကြည့်ရတော့မယ်။ အစက်ရဲ့ အရွယ်အစားက အဲဒီသူရဲ့ စွမ်းအား အဆင့်တွေကိုပြတာ … တိုက်ခိုက်ရမှာတော့ အသုံးမဝင်ပေမယ့် အတော်တော့ အထောက်အကူဖြစ်တယ်။ ညဘက်တွေ စောင့်ကြည့်တဲ့အခါ ငါတို့အနားကို ဖုတ်ကောင်တွေ ကပ်မကပ် ကြည့်လို့ရပြီ … ဒါမှမဟုတ် ငါတို့တစ်နေရာကို မသွားခင် ဖုတ်ကောင်၊ သာမန်လူနဲ့ အစွမ်းရှိတဲ့သူ ဘယ်လောက် ရှိတယ် ဆိုတာကိုလည်း စစ်ဆေးလို့ရတဲ့ အပြင် သူတို့ရဲ့စွမ်းအား အဆင့်တွေကိုပါ သိနိုင်တယ် … လက်တွေ့ ကျပေမယ့် ငါ့ရဲ့မီတာ ၂၀၀ ပတ်လည် အကွာအဝေးထိပဲ ရတာတော့ နှမြောစရာကောင်းတယ်။ အကွာအဝေးထပ်ချဲ့ဖို့ စစ်ဆေး ကြည့်ရဉီးမယ့်ပုံပဲ”

ယွင်ချဲ့သည် အတိတ်ဘဝတွင် လေထုစွမ်းအား အကြောင်း သေချာမသိခဲ့သည့် အပြင် မည်သူ့တွင်လည်း ထိုအစွမ်း ရှိကြောင်းကို မသိခဲ့ရပေ။ လူအများ ရရှိထားသော စွမ်းအားများမှာ အခြေခံ စွမ်းအားများမှ ဆင့်ကဲပြောင်းလဲ ရလာခဲ့ကြောင်းကို နောက်ပိုင်းမှသာ သိရှိခဲ့ရသည်။ ကျန့်ယာဖေး၏ သဲရှင်စွမ်းအားမှာ မြေထုစွမ်းအား မှတစ်ဆင့် ဆင့်ကဲရလာခဲ့ပြီး ယွီဝမ်းချင်၏ ရေခဲအစွမ်းမှာလည်း ရေစွမ်းအားမှ ဆင့်ကဲပြောင်းလဲ ရရှိခဲ့ခြင်း ဖြစ်သကဲ့သို့ သူ၏လေထု စွမ်းအားမှာလည်း လေစွမ်းအား မှတစ်ဆင့် ပြောင်းလဲ ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်ဖြစ် အလင်းစွမ်းအား ထက်ပင် အလွန်ရှားပါးသော စွမ်းအားတချို့ ရှိနေသေးသည်။ ထို့ကြောင့်ပင် လေထုစွမ်းအားကို ရခဲ့စဉ်က ယွင်ချဲ့ အလွန် အံ့အားသင့်ခဲ့ရသည်။

“ချဲ့ .. မင်းတဖြည်းဖြည်းနဲ့ ထူးဆန်းလာတာ သိလား”

ချူးဟောင်လင်း စကားမှာ အခြားသူများကိုပင် မနာလို ဖြစ်စေသည်။ အလွန်ကောင်းမွန်သော စွမ်းအားများကို ဘာကြောင့် ယွင်ချဲ့ တစ်ယောက်တည်းသာ ရနေတာလဲ။ ချူးဟောင်လင်း ပြောသကဲ့သို့ ယွင်ချဲ့ ပြိုင်ဘက်ကင်း ဖိုးကံကောင်း တစ်ယောက်ပင်။ ထိုသို့ မဟုတ်လျှင် ဘာကြောင့်များ ဒီလောက် ကံကောင်းပြီး အစွမ်းတွေ ရနေမှာလဲ။

“မင်းတို့လည်း ထူးဆန်းချင်ရင်ရတာပဲ … အခုတော့ ငါထမင်းစားပါရစေဉီး”

ယွင်ချဲ့လည်း နေသားကျစွာ လက်ကို ဝှေ့ယမ်း ပြလိုက်ပြီး ထမင်းကိုသာ ဆက်စားနေလေသည်။ ကျန်သော သူများမှာ ကိုယ့်ကိုယ်ကို သနားစရာ ကောင်းသည်ဟု တွေးကာ မှိုင်နေကြလေသည်။

“မင်းနဲ့အလုပ် အတူတူ လုပ်ရတာ ပိုလွယ်မယ့်ပုံပဲ .. မင်းအတွက် အလုပ်လုပ် ပေးမယ်ဆိုရင် ငါ့ကို ကာကွယ်ပေးမလား”

အခြားသူများနှင့် မတူဘဲ ရှင်းဖုန်းက ပို၍ တည်ငြိမ်နေပြီး စနောက် လိုက်သေးသည်။ ယွင်ချဲ့မှာ အမြဲတမ်း ထူးဆန်းနေခဲ့သဖြင့် မည်သည့် ထူးဆန်းသော ကိစ္စပင် လုပ်နေပါစေ ရှင်းဖုန်း အံ့ဩခြင်းမရှိပေ။ မိသားစု ဖြစ်နေကြပြီ ဆိုသောကြောင့် မည်သူက မည်သို့သော စွမ်းအားရှိသည်မှာ အရေးမပါလှပေ။

“ခင်ဗျားက ကိုယ့်အစွမ်းတွေကို မထုတ်ပြချင်ဘူးမလား”

ယွင်ချဲ့ စားသောက်နေလျက် မေးလိုက်သည်။

ထိုအကြောင်းကို ယွင်ချဲ့ သိချင်နေခဲ့သော်လည်း အစတွင် ရင်းနှီးကာစ ဖြစ်နေသောကြောင့် မမေးခဲ့ရခြင်းဖြစ်ပြီး အကယ်၍ သူမေးခဲ့လျှင်တောင် ယွင်ချဲ့ ဖြေလိမ့်မည် မဟုတ်ပေ။ အခုချိန်တွင် စကားတိုက်ဆိုင် နေသဖြင့် ယွင်ချဲ့ မေးလိုက်သည်။

“အင်း အဲဒါက လူစွမ်းကောင်း ဖြစ်ချင်တာမျိုးလေ သိလား … ဒါပေမယ့် ငါက ဒီခေတ်ပျက်ကြီးထဲမှာ ငါ့အပေါင်းအပါတွေနဲ့ပဲ အတူတူ အသက်ရှင်နေချင်တယ်”

ရှင်းဖုန်း သာမန် ပြုံးရုံပြုံး လိုက်သော်လည်း သူ့မျက်လုံး၏ အနက်ရှိုင်းဆုံး နေရာတွင် နာကျင်ခြင်း အရိပ်အယောင် ဖြတ်ပြေးသွားသည်ကို ယွင်ချဲ့ သတိမထား မိလိုက်ပေ။

“ဪ”

ရှင်းဖုန်း အမှန်တိုင်း ပြောခြင်း မဟုတ်သည်ကို ယွင်ချဲ့ သိသော်လည်း ဆက်မမေးတော့ပေ။ ယောကျ်ားသားများတွင် လျှို့ဝှက်ချက် များစွာရှိပြီး မည်မျှပင် ရင်းနှီးနေပါစေ အကုန်မပြောပြလိုပေ။ ယွင်ချဲ့တွင် လျှို့ဝှက်ချက် ရှိသကဲ့သို့ ရှင်းဖုန်းသည်လည်း ထိုကဲ့သို့ပင်။

ညစာ စားပြီးနောက် ယွင်ချဲ့လည်း အိပ်ရာခင်းများကို ယူထုတ်လိုက်သည်။ အဖွဲ့သားများမှာ တစ်နေ့လုံး တိုက်ခိုက်ခဲ့ခြင်းနှင့် ခရီးထွက် ရခဲ့ခြင်းတို့ကြောင့် မောပန်းနေကြပြီ ဖြစ်သည်။ အိပ်ရာခင်းများကို တွေ့လိုက်ကြသဖြင့် အဖွဲ့သားများ ပျော်ရွှင်သွားကြပြီး ယွင်ချဲ့ကို မျက်နှာချိုသွေးကြလေသည်။ ယွင်ချဲ့နှင့် လန်ယဲ့ဟန်တို့က ပထမညဉီးပိုင်းအထိ ကင်းစောင့်ကြပြီး ရှင်းဖုန်း ကလည်း မအိပ်ဘဲ ယွင်ချဲ့ကို အဖော်ပြု ပေးလေသည်။

“အိပ်မပျော်ဘူးလား”

ကျန့်ယာဖေး နိုးထလာခဲ့ချိန်တွင် သုံးယောက်သား စကားစဖြတ် လိုက်ပြီး သူမကိုမော့ကြည့်ကာ မေးလေသည်။ ကျန့်ယာဖေးလည်း သူတို့အနား သွားကာ လန်ယဲ့ဟန် ဘေးတွင် ခြေချိတ် ထိုင်လိုက်သည်။ ထို့နောက် အားတင်းစွာ ပြုံးလိုက်ပြီး …

“မျက်လုံး မှိတ်လိုက် အဖေအမေတို့ကိုပဲ မြင်ယောင်နေတယ် .. သူတို့ အသက်ရှင်နေသေးရဲ့လားမသိဘူး”

သူမ၏ မိဘတို့ကို နောက်ဆုံး တွေ့ခဲ့ရသည်မှာ တက္ကသိုလ် စဖွင့်သည့် အချိန်ကတည်းက ဖြစ်ခဲ့သောကြောင့် ကျန့်ယာဖေး ဝမ်းနည်းစိတ်တို့ဖြင့် ဆို့နင့်နေသည်။ ၂ လ ၃ လသာရှိသေးသော်လည်း အရာရာ ပြောင်းလဲ သွားခဲ့ပေသည်။ သူမ၏မိဘတို့ သေဆုံးသွားခဲ့လျှင် ဆိုသည့် အကြောင်းကို သူမ တွေးပင်မတွေးဝံ့ပေ။

“ငါနားလည်ပါတယ် … ငါလည်း မမနဲ့ ချန်ချန်ကို ရှာဖို့ ဟွိုင်မြို့ကို သွားခဲ့တုန်းက ဒီလို ခံစားခဲ့ရတာပဲ အဲဒီတုန်းက တော်တော် ဒုက္ခရောက်ခဲ့ရတာ .. ပြန်လာတော့ လမ်းမှာ မမက အသည်းအသန် ဖျားပြီး ကိုမာဝင်တဲ့အထိ ဆိုးဝါးခဲ့တာ။ ဒါပေမယ့် အစွမ်းနိုးထကာစဆိုတော့ ကံကောင်း သွားတယ်ပဲ ပြောရမယ် … ကျိုးဇယ်ယွီသာ မကူညီပေးခဲ့ရင် ငါတော်တော်ဗျာများခဲ့ရမှာ”

ကံမကောင်းစွာပင် ယွင်ချဲ့ နောက်ကျ နေသေးသည်။

ယွင်ချဲ့ ၏ညီလေး ဘယ်မှာ ရှိသည်ကို ရှင်းဖုန်း မမေးတော့ဘဲ ယွင်ချဲ့ ပခုံးကိုသာ ဖက်လျက် တိတ်ဆိတ်စွာ နှစ်သိမ့် ပေးလေသည်။ ရှင်းဖုန်း မှလွဲ၍ အခြားသူများသည် ယွင်ချန်ကို ဖုတ်ကောင်အဖြစ် ပြောင်းလဲ သွားခဲ့ပြီဟု တွေးဆနေကြသည်။ ယွင်ချန်မှာ ကျန့်ယာဖေးနှင့် မသိခဲ့သောကြောင့် သူမမည်သို့မှ မခံစားရသော်လည်း လန်ယဲ့ဟန် အတွက် ယွင်ချန်မှာ အလွန်အရေးပါသူ ဖြစ်သောကြောင့် သူအလွယ်တူ လက်လျော့မည် မဟုတ်ပေ။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset