အခန်း (၇၂)
ဖုတ်ကောင်များနှင့် စွမ်းအားများမှာ အဆင့် ၁၀ အထိ ရှိကြပြီး အဆင့်တစ်ဆင့် တိုးလာသည်နှင့် တိုက်ခိုက် စွမ်းရည်များလည်း တိုးတက်လာသည်။ ထို့ကြောင့်ပင် စွမ်းအားအဆင့် ၂ ရှိသည့် သူတို့၏ အဖွဲ့မှာ လင်းကျန်းမြို့တွင် ရင်ဆိုင်ခဲ့ရသည့် အဆင့် ၃ ရှိသော ဖုတ်ကောင်ကို အနည်းငယ်သာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဆင့် ၃ ဖုတ်ကောင်နှင့် မတိုက်ခိုက်မီတွင် ခွန်အားများစွာ သုံးခဲ့ရခြင်းနှင့် ထိုအဆင့် ၃ ရှိသော ဖုတ်ကောင်မှာ လူဖြစ်ခဲ့စဉ်က စွမ်းအား ရှိခဲ့ပုံရသည်။ ထို့အပြင် အဆင့် ၃ နှင့် အဆင့် ၂ မှာလည်း အလွန် ကွာဟလှပေသည်။
ဥပမာအနေနှင့် ယွင်ချဲ့ ဆိုလျှင် အဆင့် ၂ ရှိနေပြီး စခန်းမှ ဝေ့မြို့အထိ သူ၏လေထုအစွမ်းကို အားကုန်သုံးကာ ကားကို ရစ်ပတ်လာခဲ့သဖြင့် မောပန်းကာ မျက်လုံးကိုပင် ခက်ခဲစွာ ဖွင့်ခဲ့ရသည်။ ယခုအခါ ယွင်ချဲ့၏ စွမ်းအားမှာ အဆင့် ၃ သို့ ရောက်သွားပြီဖြစ်သည်။ ဝေ့မြို့မှ နယ်မြို့အထိ သွားရာတွင် သူ၏အစွမ်းကို သုံးထားရသော်လည်း အခုထိတိုင် အဆင်ပြေနေလျက်ပင်။
“နယ်မြို့ ပတ်လည်မှာ ဒေသအစိုးရက ဆောက်ထားတဲ့ လုံခြုံရေးစခန်းတွေ အများကြီးရှိသေးတယ် ငါတို့သွားကြည့်မှပဲ သူတို့အစွမ်းတွေကို သိရတော့မယ် … အာ ဟိုမှာ စခန်းငယ်လေးတွေရှိသေးတာပဲ။ တချို့ဖုတ်ကောင် မုန်းတီးရေးအဖွဲ့က လူတွေ ဒါဇင်ကျော် ရှိကြတော့ အရေအတွက်ကို ခန့်မှန်းဖို့ မလွယ်ဘူး … ငါတို့ ဘယ်ကို အရင်သွားသင့်လဲ”
နယ်မြို့သို့ ရောက်လာကြသည်နှင့် ယန်းဟွိုင်အန်းက ရေဒီယိုကိုဖွင့်ကာ စခန်းများ၏ လိပ်စာကို သေချာရေးမှတ် နေလေသည်။
“အခုတော့ နောက်ကျနေပြီ တစ်နေရာမှာ နားကြရအောင် … မနက်ဖြန်မှ ယာဖေး အိမ်ကို သွားကြမယ်။ တကယ်လို့ သူ့မိသားစုဝင်တွေ ဆုံးသွားကြပြီဆိုရင် ငါတို့ရှာစရာ မလိုတော့ဘူး .. ဒါမဟုတ် အသက်ရှင်လျက် ထွက်သွားကြတယ် ဆိုရင် ခြေစလက်စတော့ ကျန်ခဲ့ဉီးမှာပဲ”
အုံ့မှိုင်းနေသော ရာသီဥတုကို ကြည့်လျက် ယွင်ချဲ့ ပြောလေသည်။
သေဆုံးသည် ဆိုသော စကားကို ကြားလိုက်သည်နှင့် အရှေ့ခုံတွင် ထိုင်နေသော ကျန့်ယာဖေး တစ်ကိုယ်လုံး တောင့်သွားပြီး လက်သီးများ တင်းကျပ်စွာ ဆုပ်ထား လိုက်သည်ကို ယွင်ချဲ့ မြင်လိုက်သော်လည်း သူမကို နှစ်သိမ့်ပေးခြင်း မရှိပေ။ သူမမည်သို့ ခံစားနေရကြောင်းနှင့် သူမစိတ်ကို ဖြေသိမ့် သက်သာစေရန် မည်သည့်နည်းမှ မရှိကြောင်းကိုလည်း သူသိထားသည်။ အကယ်၍ သူမကို နှစ်သိမ့်ပေးလိုက်မည် ဆိုပါက ပို၍ဆိုးဝါး သွားစေလိမ့်မည်။
“အင်း … သူတို့အိမ်မှာ နေနေကြတာလည်း ဖြစ်နိုင်တာပဲ”
ကပ်ဘေး ဖြစ်သည်မှာ တစ်လ မပြည့်သေးသဖြင့် ရှင်းဖုန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ သာမန် မိသားစုတစ်ခုတွင် အစားအသောက် လုံလောက်စွာ မရှိလျှင်တောင်မှ ဆန်တော့ ရှိသင့်သည်။ ကျန့်ယာဖေး၏ မိသားစုဝင်တို့မှာ စွမ်းအားမရှိဟု မည်သူမှ တပ်အပ်မပြောနိုင်။ တိကျသေချာခြင်းမရှိဘဲ ဖြစ်နိုင်ချေ ရှိသည်တို့ကို ခန့်မှန်းပြောဆို နေကြသည်။
“ဒီနားမှာ စခန်းတစ်ခု ရှိတယ်ထင်တယ် … အဲဒီမှာနားကြမလား”
ယန်းဟွိုင်အန်းသည် သူရေးချထားသော အချက်အလက်များကို ကြည့်ကာ ရှင်းဖုန်း၏ ညွှန်ကြားချက်ကိုမေးလေသည်။
“မလိုပါဘူး ရိုးရိုးအိမ်မှာပဲ နားကြမယ်”
ရှင်းဖုန်း မဟုတ်ဘဲ ယွင်ချဲ့က ပြန်ဖြေလေသည်။ ထိုစခန်းငယ်လေးများမှာ အလွန်စိတ်ရှုပ်ဖွယ် ကောင်းသည်ကို ယွင်ချဲ့ သိထားပြီး ဖြစ်သည်။ ထိုစခန်းမှာ သူတို့ကို ဝင်ခွင့်ပေးမည် မဟုတ်သည့်အပြင် ဝင်နိုင်ခဲ့လျှင်လည်း ပြန်ထွက်ရာတွင် အချက်ကြုံ ရပေဉီးမည်။ ပိုဆိုးသည်က စခန်းထဲသို့ ဝင်လျှင် အခကြေးများစွာ ပေးရမည်ဖြစ်သည်။
ယွင်ချဲ့ ပြောသည်ကို ရှင်းဖုန်း လက်ခံသဖြင့် ကျန်သောသူများ မဆန့်ကျင်ရဲတော့ပေ။ မြို့လမ်းအနားသို့ တဖြည်းဖြည်း နီးလာသည်နှင့် နှစ်ထပ်အိမ် အရှေ့သို့ ရောက်သည့်အခါ လန်ယဲ့ဟန်လည်း ထိုအိမ်ရှေ့တွင် ကားရပ်လိုက်သည်။ ထို့နောက် ကားပေါ်မှဆင်းပြီး တံတိုင်းပေါ်မှ ကျွမ်းကျင်စွာ ခုန်ကျော်သွားကြရာ သုတ်သင်ထားပြီးဖြစ်သော ဖုတ်ကောင်များကို တွေ့လိုက်ရသည်။
“အင်း .. ကြည့်ရတာ အဆင်ပြေမယ့်ပုံပါပဲ”
ပထမအလွှာတွင် ရှိသော ခန်းမကြီးထဲတွင် စုဝေးလိုက်ကြပြီး ယွင်ယောင် ချက်ပေးလိုက်သော စားဖွယ်ရာများကို ယူထုတ်ကာ နေရာချလိုက်သည်။ သံသယဖြစ်ဖွယ် မရှိ ချူးဟောင်လင်းက အလွန်ပင် ဆာလောင်နေသည်။
“ဗိုက်မဆာဘူးလား”
ရှင်းဖုန်းက တွေဝေစွာ မေးလိုက်သည်။ အစားအသောက် အတွက်ဆိုလျှင် မည်သည့် အရာကိုမဆို စွန့်လွှတ်မည်ဖြစ်သော ချူးဟောင်လင်း လျစ်လျူရှု ထားပြီးနောက် ညစာကို ခက်ခဲစွာ စားနေသော ယွင်ချဲ့ကို တွေ့သဖြင့် မေးလိုက်သည်။ သူတို့နောက်ဆုံး စားသောက်ခဲ့ကြသည့် အချိန်မှာ စက်ရုံသို့ ထွက်လာရာ လမ်းထက် ၉ နာရီက စားခဲ့ပြီး စက်ရုံမှ ထွက်လာခဲ့သည့် အချိန်မှာ ၄ နာရီကျော်နေပြီ ဖြစ်သည်။ ကားပေါ်တွင် ပေါင်မုန့်အချို့သာ အဆာပြေ စားခဲ့ရသောကြောင့် သူတို့အားလုံး ဗိုက်ဆာနေကြသည်။
“ဆာတယ် .. ဒါပေမယ့် အစွမ်းအဆင့် တိုးလာပြီးတော့ နောက်စွမ်းအားတစ်ခု ထပ်ရသွားပုံပဲ”
ယွင်ချဲ့ သတိပြန်ကပ် လိုက်ပြီးနောက် အရှေ့တည့်တည့်ကိုသာ စိုက်ကြည့် နေသည်။ အဖွဲ့သားများအတွက် ယွင်ချဲ့မှာ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း ရှေ့တည့်တည့်တွင် ရှိသော ဘာမှန်းမသိရသည့် ကားချပ်ကြီး တစ်ခုကို စိုက်ကြည့်နေကြောင်း ယွင်ချဲ့ တစ်ယောက်တည်းသာ သိသည်။ ထိုကားချပ်ပေါ်တွင် ရောင်စုံ အစက်အပြောက် များစွာရှိနေပြီး အနီရောင်နှင့် အစိမ်းရောင်က အရေအတွက် အများဆုံး ဖြစ်နေသည်။ အခြားသော အရောင်များမှာ ဆန့်ကျင်ဘက်ဖြစ်စွာ အလွန် နည်းပါးနေပြီး အချို့သော အစက်များမှာ နှေးကွေးစွာ ရွေ့လျားနေသည်။ ပုံစံမှာ စောင့်ကြည့် စစ်ဆေးရေး မြေပုံကဲ့သို့ပင်။
***