YMR- အခန်း ၇၁

အခန်း (၇၁)

ဂါး

အကန်ခံလိုက်ရသော ခွေးဖုတ်ကောင်မှာ ရုတ်တရက် ခုန်အုပ်ကာ ချွန်ထက်သော လက်သည်းများဖြင့် ကုတ်ရန် ကြိုးပမ်းလေသည်။ ယွင်ချဲ့လည်း ဒူးထောက်ကာ ရှောင်တိမ်း လိုက်ပြီး သူ၏ဓါးဖြင့် ထိုခွေးကို ထိုးစိုက်လိုက်ရာ ခွေးမှာ စူးရှစွာ အော်လိုက်သည်။

ဝုန်း

ယွင်ချဲ့လည်း လေတစ်ဝက်ထဲတွင်ပင် ဓါးကို ဝှေ့ယမ်းကာ ဒိုင်ဗင်ထိုးဆင်းကာ လျှပ်စီးအစွမ်း စီးဆင်းနေသော ဓါးဖြင့် ထက်ပိုင်း ခုတ်ချ လိုက်ပြန်သည်။

ဝေါင်း

ခွေးထဲမှ အမြုတေကို ထုတ်လိုက် ပြီးနောက် ယန်းဟွိုင်အန်း နှင့်အတူ အခြားကျန်သော ခွေးများကို ထပ်တလဲလဲ တိုက်ခိုက်လေရာ တစ်ကိုယ်လုံး မီးလောင်ကျွမ်း နေပြီဖြစ်သော ခွေးမှာလည်း ကြိမ်ဖန်များစွာ အော်ဟစ်ပြီးနောက် သေဆုံးသွားလေသည်။ ထိုအချိန်တွင် ရှန်းရွေ သည်လည်း နောက်ဆုံး ကျန်သော တစ်ကောင်ကို သူ၏အစွမ်းဖြင့် သုတ်သင်လိုက်သည်။

ထို့နောက် နှစ်ဉီးသား အံ့အားတကြီးဖြင့် လက်ဝါးချင်း ရိုက်လိုက်ကြလေသည်။ သူတို့တွင် အဆင့် ၂စွမ်းအား ကိုယ်စီရှိသော်လည်း များပြားလှသော အဆင့် ၂ ဖုတ်ကောင်များနှင့် ခွေးများကို တိုက်ခိုက်ရသဖြင့် မောပန်းနေကြပြီ ဖြစ်သည်။

“သေစမ်း… ဝပ်ရှော့မှာ အဆင့် ၃ ဖုတ်ကောင် ရှိသေးတယ်”

ထိုအချက်ကို သတိရမိလိုက်သဖြင့် ယွင်ချဲ့ နားရန်အချိန်ပင် မယူတော့ဘဲ ဝပ်ရှော့သို့ ချက်ချင်း ပြေးသွားလေသည်။ အမြုတေများကို သိမ်းဆည်းနေသော ကျိုးဇယ်ယွီနှင့် ရှန်းရွေ မှလွဲ၍ ကျန်သောသူများ ယွင်ချဲ့ အနောက်သို့ အပြေးလိုက် သွားကြလေသည်။

ဝုန်း ဝုန်း

ဝပ်ရှော့ အတွင်းတွင် ရှင်းဖုန်း၊ ယွီဝမ်းချင်နှင့် လုဟိုင်ရွှမ်း တို့မှာ ဖုတ်ကောင်နှင့် အဝေးမှရပ်ကာ သူတို့လက်နက် စွမ်းအားများဖြင့် တိုက်ခိုက်နေလေသည်။ သေချာကြည့်လျှင် လုဟိုင်ရွှမ်းနှင့် ယွီဝမ်းချင် တို့မှာ အခြားသော ဖုတ်ကောင်များကို ရှင်းလင်းနေကြပြီး ရှင်းဖုန်းမှာ အဆင့် ၃ ဖုတ်ကောင်ကို အားလျော့စေရန် တိုက်ခိုက်နေခြင်းပင်။ ထိုဖုတ်ကောင်မှာ သန်မာရုံမျှသာ ရှိသဖြင့် လင်းကျန်းမြို့တွင် တွေ့ခဲ့ရသော မီးအစွမ်းရှိသည့် ဖုတ်ကောင်ထက် တိုက်ခိုက်ရန် ပို၍လွယ်ကူ သွားလေသည်။

“သူတို့သေချာ ကိုင်တွယ်နေနိုင်တော့ ငါတို့စိတ်ပူစရာ မလိုဘူးပဲ”

ဝပ်ရှော့ထဲ ဝင်လာကြသော ယွင်ချဲ့နှင့် ကျန်သောသူတို့ ခြေလှမ်းများ ရပ်တန့်ကုန်သည်။ သို့သော် မကူညီလိုခြင်းကြောင့် မဟုတ်ပေ။ ထိုဖုတ်ကောင်များမှာ အလုပ်သမားများ မရှိသည့် ညဘက်အချိန်တွင် အသွင်ပြောင်း ခဲ့ကြသဖြင့် ဝပ်ရှော့ထဲတွင် ဖုတ်ကောင် အနည်းအကျဉ်းသာ ရှိသည်။ ရှင်းဖုန်း၊ ယွီဝမ်းချင်နှင့် လုဟိုင်ရွှမ်း တို့မှာ ပေါ့ပါးသော စွန်ရဲများကဲ့သို့ ရှောင်တိမ်း တိုက်ခိုက်နေကြသည်။ သို့သော် အဆင့် ၃ ဖုတ်ကောင်နှင့် ရင်ဆိုင်ကြလိမ့်မည်ဟု မထင်ထားခဲ့ကြပုံ ရသဖြင့် သူတို့တွင် ဒဏ်ရာ အနည်းငယ် ရထားပေလိမ့်မည်။

“မင်းတို့ နားလို့ဝရင် ငါတို့ကိုကူဖို့ မမေ့နဲ့ဉီး”

နားကြပ်ထဲမှ ရှင်းဖုန်း အသံကို ကြားလိုက်ကြရသည်။ ရှင်းဖုန်းသည် အဆင့် ၃ ရှိသော ဖုတ်ကောင်ကို အားလျော့စေရန် တိုက်ခိုက်နေခြင်း ဖြစ်သော်လည်း သတ်ရန် မလွယ်ကူသည့် အပြင် အချိန်ကြာသည်နှင့် ပို၍ဆိုးဝါး သွားပေလိမ့်မည်။

“အင်းပါ .. ကူပေးကြရအောင်”

ယွင်ချဲ့ လှည့်ကာ ပြုံးပြပြီး သူ၏ဓါးကိုဆွဲကိုင်လျက် အဆင့် ၃ ဖုတ်ကောင်ထံ ဉီးတည်ကာ တစ်ဟုန်ထိုး ပြေးသွားပြီး အခြားသူများက ကျန်သော ဖုတ်ကောင်များထံသို့ ပြေးသွားကြလေသည်။ လျှပ်စီးအစွမ်းရှိသော ယွင်ချဲ့ အတွက် အဝေးမှဖြစ်စေ အနီးမှဖြစ်စေ တိုက်ခိုက်ရန် လွယ်ကူပြီး ရွှေသတ္တု အစွမ်းရှိသည့် ရှင်းဖုန်းကို ပင်လျှင် ထိုဖုတ်ကောင် အနိုင်မတိုက်နိုင်ပေ။

ယွင်ချဲ့ အနားရောက် လာသည်ကို ခံစားမိသဖြင့် ထိုဖုတ်ကောင်လည်း အားကုန် ထိုးခွင်းလိုက်ရာ ၁၀ စင်တီမီတာ အထူရှိသော စတီးသံမဏိပြား ပေါ်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်သွားလေသည်။ ထိုမျှအားနှင့် လူကိုထိခိုက်မိပါက ထိုလူ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပေလိမ့်မည်။ ကံကောင်းစွာပင် ယွင်ချဲ့တွင် လေစွမ်းအား ရှိနေသဖြင့် ထိုအစွမ်းကိုသုံးကာ ရှောင်ကွင်း နိုင်လိုက်သည်။

“မင်းကိုမထိစေနဲ့… ငါတို့ဆီကို တခြားဖုတ်ကောင်တွေ လှမ်းပစ်ရင် ငါတို့ လဲကျကုန်မယ် .. ငါသူ့ကို လမ်းလွှဲထားမယ် မင်းအနောက်ကနေ ဝင်တိုက်ပြီး တစ်ချက်တည်းနဲ့ ရှင်းလိုက်တော့”

ယွင်ချဲ့ အနောက်မှ ရှင်းဖုန်း အသံထွက်လာခဲ့သည်။ ယွင်ချဲ့ ဘေးကင်းကြောင်း မြင်ရသည်နှင့် သူ၏အစွမ်းဖြင့် ကျည်ဆန်များကို ဖြည့်စေလိုက်ပြီး ထိုအဆင့် ၃ ဖုတ်ကောင်ထံသို့ မနားတမ်း ပစ်ခတ်ကာ ဖုတ်ကောင်ကို အာရုံလွှဲ ထားလိုက်သည်။ ထိုအချိန်တွင် ယွင်ချဲ့မှာ ကိုယ့်ကိုယ်ကို လေထုနှင့် ရစ်ပတ်ထားလျက် ရှောင်ထွက်ကာ ဖုတ်ကောင် အနောက်သို့ တဖြည်းဖြည်း သွားနေလေသည်။

ဂါး

အနားကပ်ရန် ရှုံးနိမ့်သွားသဖြင့် ဖုတ်ကောင်က စူးရဲစွာ အော်လိုက်သည်။ ထိုအချိန် ရုတ်တရက်ပင် ကျည်ဆန်များကို အမှုမထားဘဲ လျင်မြန်စွာ ပြေးလာလေသည်။

ထိုအချင်းအရာကို မြင်လိုက်သဖြင့် ရှင်းဖုန်း အနောက်သို့ အမြန်ဆုတ်ကာ စက်များကြားမှ လျင်မြန်စွာ ရှောင်ပြေး သွားလေသည်။ ဖုတ်ကောင် အနောက်တွင် ရှိနေသော ယွင်ချဲ့မှာ ဓါးကိုကိုင်လျက် အားကုန်သုံးကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။ ဖုတ်ကောင်နှင့် တစ်မီတာပင် မကွာတော့သည့် နေရာအရောက်တွင် လျှပ်စီးစွမ်းအား ထည့်ထားသော ဓါးဖြင့် ဖုတ်ကောင်ကို ခုတ်ပိုင်းလိုက်လေသည်။

ဒိုင်း

ဝုန်း

လျှပ်စီးအစွမ်း ရှိနေသော ဓါးမှာ ဝှေ့ယမ်းသွားပြီး အရှေ့သို့ ပြေးသွားသော ဖုတ်ကောင်ကို ခေါင်းဖြတ် ပစ်လိုက်သည်။ တစ်ဖက်တွင်လည်း ရှင်းဖုန်းက သူ၏သေနတ်ဖြင့် ဖုတ်ကောင်၏ခေါင်းကို ပစ်လိုက်ရာ ဖုတ်ကောင်လည်း ဇီဝိန်ချုပ် သွားလေသည်။

“ဘာဖြစ်လို့လဲ”

အမြုတေကို ထုတ်ယူရန် တွန့်ဆုတ်နေသော ယွင်ချဲ့ကို ကြည့်ကာ ရှင်းဖုန်း မေးလိုက်သည်။ ထိုအချိန် ယွင်ချဲ့ ထိုင်ချကာ ဓါးတိုကို ထုတ်လျက် ဖုတ်ကောင်၏ ခေါင်းထဲမှ အမြုတေကို ယူထုတ်လိုက်သည်။ အဆင့် ၃ အမြုတေမှာ သူတို့စုဆောင်းခဲ့သမျှ အမြုတေများ အနက် ပထမဆုံးပင်။ ပြီးခဲ့သော အကြိမ်တွင် မီးအစွမ်းရှိသော ဖုတ်ကောင်၏ အမြုတေကို ဟေးယွီ ဖျက်ဆီး ပစ်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး … အခုကျွန်တော့်ရဲ့အစွမ်းက အဆင့် ၃ ဖြစ်သွားပြီ”

ယွင်ချဲ့ လက်ကို မြှောက်လိုက်လေရာ သူ၏လက်အနားတွင် ပေါ်နေသော လျှပ်စီးမှာ ပိုသန့်စင်သွားပြီး အရောင်လည်း အနည်းငယ် နက်လာသည်။ ဖုတ်ကောင်ကို သတ်ပြီးသည်နှင့် သူအသုံးပြုခဲ့သော အစွမ်းမှာ ပြန်လည် ပြည့်တင်း လာသည်ဟု ခံစားမိခဲ့ခြင်းမှာ အစွမ်း အဆင့်တက်သွားသည့် လက္ခဏာပင်။ လူတစ်ယောက်က စွမ်းအား နိုးထကာစနှင့် အဆင့်တိုးတက်မည့် အချိန်တွင် မည်မျှပင် ပြင်းထန်သော ဒဏ်ရာ ရထားသည်ဖြစ်စေ၊ အစွမ်းမည်မျှ သုံးလိုက်သည်ဖြစ်စေ၊ ခန္ဓာကိုယ်မှာ ပြန်လည် အားပြည့်လာပြီး ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပျောက်ကင်း သွားသည်။ ထိုသို့ဖြစ်လျှင် သူ၏အစွမ်း အဆင့်တိုး သွားသည်ဟု ယူဆရနိုင်သည်။

စုပေါင်း ဖွဲ့စွမ်းအားများကို အစွမ်းမြင့်တင်ခြင်းက ပို၍ရှုပ်ထွေး လှသည်။ မည်သို့ လုပ်ရမည်ကို မသိပါက မည်သည့်အခါမှ သူ၏အစွမ်းကို မြင့်တင်နိုင်မည် မဟုတ်ပေ။ ယွင်ချဲ့မှာ သူ၏နယ်မြေထဲရှိ စမ်းချောင်းရေထဲတွင် သန့်စင်ပြီးနောက် အခြားသူ တစ်ယောက်ကဲ့သို့ ပြန်လည် သန့်စင်လာသဖြင့် အဆင့် ၃ သို့ရောက်ရန် ယွင်ချဲ့ အတွက် အချိန်ကြာကြာ မလိုအပ်ပေ။

“ဂုဏ်ပြုပါတယ် .. ကြည့်ရတာ ငါတော့ အစွမ်းကုန် ကြိုးစားရတော့မယ် ထင်တယ်”

ရှင်းဖုန်းမှာ သူ၏ချစ်သည်းလေးက အဆင့် ၃ သို့ ရောက်နေပြီ ဖြစ်သောကြောင့် အကယ်၍ သူသာ အဆင့်မတိုးတက် လာခဲ့လျှင် နောက်ပိုင်းတွင် သူ၏ချစ်ရသူလေးက သူ့ကိုကာကွယ်ပေးနေရမည် စိုးသောကြောင့် ရှင်းဖုန်း ဖိအားများ နေရသည်။

သို့သော် သူ၏အစွမ်းများမှာ သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာပင်။ အကြောင်းရာ အချို့ကြောင့် ရှင်းဖုန်းသည် သူ၏အစွမ်းကို လူအများ ရှေ့တွင် မထုတ်ပြချင်ပေ။ သူစိမ်းများ သာလျှင် ရှင်းဖုန်းတွင် နယ်မြေစွမ်းအား တစ်ခုတည်း ရှိသည်ဟု သိကြပြီး သူ၏သူငယ်ချင်းများ သာလျှင် ရှင်းဖုန်းတွင် နယ်မြေ စွမ်းအားနှင့် ရွှေသတ္တု အစွမ်းရှိကြောင်း သိထားကြသည်။

သူကိုယ်တိုင်နှင့် ကူးမင်ရွှမ်း အပါအဝင် သူ၏အနီးစပ်ဆုံး လုပ်ဖော်ကိုင်ဖက် များသာလျှင် သူ့တွင် အစွမ်း ၃ မျိုး ရှိကြောင်း သိကြသည်။ နောက်ဆုံး အစွမ်းတစ်ခုမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားဖြစ်ပြီး အတိအကျ ပြောရလျှင် စိတ်ညှို့ခြင်း ဖြစ်သည်။ နယ်မြေစွမ်းအားနှင့် ရွှေသတ္တု အစွမ်းတို့မှာ အဆင့်တိုးမြှင့်ရန် လွယ်ကူသော်လည်း စိတ်ညှို့ခြင်းက အလွန်ခက်ခဲလှသည်။ ထိုအစွမ်းကို အခြားသူများအပေါ် အိပ်မွေ့ချခြင်းဖြင့် အဆင့်တိုးစေရန် လေ့ကျင့်နိုင်သော်လည်း စိတ်ညှို့ခြင်းကို အသုံးပြုခဲသည်။ ထိုအစွမ်းကို အဆင့်မြင့်တင်မည် ဆိုပါက အဆင့် ၂ အထက်ရှိသော အာနိသင်မဲ့ အမြုတေများကို စုဆောင်းခြင်းနှင့် အခြားသူများ အပေါ် မကြာခဏ စိတ်ညှို့ခြင်း ထိုနည်း ၂ ခုသာရှိသည်။

“ကျေးဇူးတင်ပါတယ်လို့ ပြောရမလား … မပြောနဲ့တော့ ပစ္စည်းတွေ သွားသိမ်းမယ်”

ရှင်းဖုန်းကို ပြုံးပြကာ ရင်ဘတ်ကို အသာပုတ် သွားပြီးနောက် ယွင်ချဲ့ အခြားသူများကို ကူပေးရန် လှည့်ထွက် သွားလေသည်။

ရှင်းဖုန်းလည်း ခေါင်းခါကာ ရယ်မော လိုက်ပြီးနောက် လက်ကို မြှောက်လျက် သံမဏိ အများအပြားကို သူ၏နယ်မြေထဲသို့ သိမ်းဆည်း လိုက်သည်။ အခြားကောင်းမွန် အသုံးဝင်နိုင်သော စက်ပစ္စည်း များကိုလည်း တွေ့လိုက်ရသဖြင့် ထိုစက်များကို သိမ်းလိုက် လေသည်။ အသုံးမလိုတော့သည် ဆိုလျှင်တောင် သူ၏အစွမ်းဖြင့် ထိုစက်များကို အရည်ဖျော်ကာ အခြားတစ်ခု အတွက် တီထွင်လို့ရနိုင်သည်။

တစ်နာရီကြာ ပြီးနောက်တွင် ရှင်းဖုန်းနှင့် ချူးဟောင်လင်း တို့မှာ သူတို့၏ နယ်မြေများ ပြည့်လုနီးပါး ဖြစ်သည်အထိ သိမ်းဆည်းခဲ့ကြသည်။ ထို့နောက် သူတို့၏ လူစုရပ်နေရာသို့ ပြန်လာခဲ့ကြပြီး ဒဏ်ရာ အနာတရ မရှိသော လန်ယဲ့ဟန်က ကားကို မောင်းနှင်ရန် တာဝန်ယူလိုက်သည်။ ကျန်သော အဖွဲ့ဝင်များက တစ်ယောက် ဒဏ်ရာကို တစ်ယောက်က ဆေးထည့်ပေးကာ အပြန်အလှန် ကူညီပေးနေကြသည်။ စက်ရုံအတွင်းသို့ ဝင်သွားခဲ့သည်မှာ ၄ နာရီ ၅ နာရီ ကြာခဲ့ပြီ ဖြစ်သောကြောင့် အချိန်မှာ ညနေ ၄ နာရီသို့ ရောက်နေပြီဖြစ်သည်။

“မင်းတို့တွေ ခွေးဖုတ်ကောင်တွေနဲ့ တွေ့ခဲ့တာလား .. အဲဒီကောင်တွေ ဘယ်လောက်သန်လဲ”

“အမလေး… ဆရာမသိလို့ .. အဲဒီကောင်တွေက အရမ်း ကြမ်းကြုတ်တာ ကျွန်တော်တို့ ကြုံခဲ့တဲ့ ဝံပုလွေတွေ ထက်တောင် ပိုကြောက်စရာ ကောင်းတယ် ဖျတ်လတ်လွန်းပြီး သန်မာလွန်းလို့ ရိုးရိုး လက်နက်တွေနဲ့တောင် တိုက်လို့မရဘူး … အဲဒီကောင်တွေရှိမယ် မထင်ထားလို့ ကျွန်တော်တို့တွေ ဒဏ်ရာရ ကုန်ကြတာ .. တကယ်လို့ ချဲ့သာ မရောက်လာခဲ့ရင် ကျွန်တော်တို့တွေတော့ သေနေကြလောက်ပြီ”

ထိုအကြောင်းကိုပြောလျှင် ချူးဟောင်လင်းမှာ အလွန် တက်ကြွ လာလေသည်။

“အရွယ်ကြီးတဲ့ တိရစ္ဆာန်တွေက လူတွေထက် သန်မာပြီး လျင်မြန်ကြတာပဲလေ၊ သန္ဓေပြောင်းပြီးတော့ ပိုပြီး သန်မာလာကြတယ် .. ခွေးတွေလည်း ဖုတ်ကောင်ဖြစ်နေပြီ ဆိုတော့ အခြား အကောင်တွေလည်း အနှေးနဲ့အမြန် ဖြစ်လာကြမှာ ဆိုတော့ ငါတို့သတိကြီးကြီးထားဖို့ လိုတယ် .. ပြီးတော့ အရင်တစ်ခေါက်က တွေ့ခဲ့တဲ့ အဆင့် ၃ ဖုတ်ကောင်က ထိန်းချုပ်သူက ပျိုးထောင်ခဲ့ပေမယ့် အခု တစ်ကောင်ကတော့ ဘာမှ လေ့ကျင့်ပေးခဲ့တာမျိုး မရှိဘူး … ဒီမြို့ထဲက ဖုတ်ကောင်တွေ အဆင့်တိုးလာကြပြီလို့ ထင်တယ် ငါတို့လည်း စွမ်းရည်တွေကို အဆင့်မြန်မြန် မြင့်နိုင်ဖို့ လိုအပ်တယ်”

ယွင်ချဲ့လည်း ရှင်းဖုန်း၏ အနာကို ဆေးထည့်ကာ ပတ်တီးစည်း ပေးနေလျက်ဖြင့် စကားကို အတိုချုံ့ကာ ပြောလေသည်။ စက်ရုံအတွင်းမှ ဖုတ်ကောင် ၃ ချိုး ၂ ချိုးကို သူတို့ သုတ်သင်ခဲ့ပြီး စက်ရုံမှ ထွက်လာစဉ်တွင်လည်း ဖုတ်ကောင်များက သူတို့ကို တားဆီး ပိတ်ပင်ခဲ့ကြသည်။

ယွင်ချဲ့ စကားကြောင့် အခြားသူများလည်း တည်ငြိမ်လျက် ခေါင်းညိတ် လိုက်ကြလေသည်။ သူတို့၏ စွမ်းအားကို မြင့်တင်ရန်မှာ အရေးတကြီး လိုအပ်နေခြင်း ဖြစ်သည်။ ယနေ့ တိုက်ပွဲတွင် ခွေးများမှာ ဖုတ်ကောင် ဖြစ်နေကြသည်ကို ကြုံတွေ့ခဲ့ရသဖြင့် လူသားများအတွက် ဂေဟနယ်ပယ်မှာ ပို၍ ကျဉ်းမြောင်း လာသည်ကို နားလည် လိုက်ကြသည်။ အကယ်၍ သူတို့ မသန်မာလာလျှင် ကပ်ဘေးကာလတွင် ကြာရှည်စွာ အသက်ရှင်နိုင်မည် မဟုတ်ပေ။

“ပြီးတော့ သိသေးလား .. အကောင်ကြီးတာတွေပဲ ကြောက်စရာ ကောင်းတာ မဟုတ်ဘူး သေးတဲ့ အကောင်တွေရောပဲ .. သူတို့က အရမ်းသေးတဲ့ အခါဆိုရင် သတိပြုမိဖို့တောင် ခဲယဉ်းတော့ သူတို့ကို ရှင်းလင်းဖို့က ခက်တယ် … အာ ပြီးတော့ သန္ဓေပြောင်းသွားတဲ့ အပင်တွေကိုလည်း သတိမထားလို့ မရဘူး”

ရှင်းဖုန်း အနာကို ဆေးထည့်ပေးလျက် ယွင်ချဲ့ ပြုံးကာ ထပ်လောင်း ပြောလေသည်။ ထိုသို့ပြောရခြင်းမှာ တစ်ချိန်တွင် သတိထားရမည့် အရာများကို မေ့လျော့ နေကြမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ အစွမ်းရှိနေသည် ဆိုသော်လည်း သတိတစ်ချက် လျော့သည်နှင့် အသက်ပင် ဆုံးရှုံးရနိုင်သော ကပ်ဘေး ကာလတွင် မည်သည့်အရာကိုမှ လျော့တွက် မထားသင့်ပေ။

“ငါတို့ အိမ်ပြန်ရောက်မှ အဲဒီအကြောင်း ပြောကြတာပေါ့”

ရှင်းဖုန်းက ယွင်ချဲ့ကို စူးစိုက်ကာ ကြည့်လိုက်သည်။ သူတို့ ကြိုတင်ပြင်ဆင် ထားသည့်ကို ယွင်ချဲ့ ဘာကြောင့် သတိမပေးခဲ့တာလဲ။

“သန္ဓေပြောင်း အပင်တွေနဲ့ တိရစ္ဆာန်တွေ ဖုတ်ကောင် ဖြစ်လာမယ့် အကြောင်း ခင်ဗျားကိုပြောပြပြီးပြီလေ … ခင်ဗျားဘာသာ ဂရုမစိုက်ဘဲ နေနေတာ ကျွန်တော်နဲ့ မဆိုင်ဘူး”

ဘယ်သူကများ စကားအရှည် ပြောချင်မှာလဲ။ တစ်ခုခု ဖြစ်ပြီးမှသာ သတိပေးရန်ဆုံးဖြတ်ခဲ့ခြင်းမှာ သူတမင် ရည်ရွယ်ခြင်း မဟုတ်ဘဲ မဖြစ်လာသေးသည်ကို အကြောင်းကုန်စင် မပြောပြနိုင်ခြင်းကြောင့်ပင်။ သို့မဟုတ်ပါက သူ့ကို ထူးဆန်း အံ့ဖွယ်ကဲ့သို့ သဘောထားကြပေလိမ့်မည်။ ကြိုမြင်နိုင်သော အစွမ်းရှိကြောင်း လိမ်လည် ဖန်တီးခြင်းမှာလည်း မဖြစ်နိုင်ပေ။ သူ့ကို အကြွင်းမဲ့ ယုံကြည်သော ယွင်ယောင် တစ်ယောက်တည်း သာလျှင် ယွင်ချဲ့ ပြောသည်များကို ဟောကိန်း ထုတ်သည်ဟု ယုံကြည်လေသည်။

ရှင်းဖုန်း တွေးပြီးနောက်တွင် ယွင်ချဲ့ ပြောသည်က အကျိုးအကြောင်း ဆီလျော်ကြောင်း တွေးမိလိုက်သဖြင့် ယွင်ချဲ့ကို ထပ်မပြောတော့ဘဲ အခြားသူများကိုသာ ကြည့်နေသဖြင့် ကျန်သောသူများမှာ ကြောက်လန့် လာကြလေသည်။ အမှန်ဆိုလျှင် သူတို့သည် ရန်သူတို့ကို လျော့တွက်ခဲ့ခြင်းကြောင့် အခုကဲ့သို့ ဒဏ်ရာများ ရခဲ့ခြင်းဖြစ်သည်။ ယွင်ချဲ့က အမှန်ကိုပြောဆိုခဲ့သဖြင့် အဖွဲ့ဝင်များမှာ ရှင်းဖုန်း၏ အကြည့်များကြောင့် ရှက်ရွံ့ နေမိကြလေသည်။

ထို့နောက် သူတို့စုဆောင်း ရရှိခဲ့သော အမြုတေများကို ခွဲဝေယူကြလေရာ ရှင်းဖုန်းက အဆင့် ၃ အမြုတေ တစ်ခုကိုသာ ယူခဲ့ပြီး အဆင့် ၁ နှင့် အဆင့် ၂ အမြုတေ အနည်းငယ်ကိုသာ ယူသဖြင့် ယွင်ချဲ့ ကန့်ကွက်ခြင်း မလုပ်တော့ပေ။ ထို့နောက် စက်ရုံထဲမှ မောင်းထွက် လာခဲ့ကြပြီး ရွှေအစွမ်းရှိသူများက ကားအမိုးပေါ်တွင် ထိုင်လျက် ယွင်ချဲ့လည်း သူ၏လေထု စွမ်းအားဖြင့် ကားကို ရစ်ပတ်ထားလိုက်ပြီး သူတို့၏ဉီးတည်ရာ ဖြစ်သော နယ်မြို့ထံသို့ မောင်းနှင် လာခဲ့ကြသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset