YMR- အခန်း ၇၀

အခန်း (၇၀)

အချိန်တိုအတွင်း မောပန်းအားနည်း စေနိုင်သည့် အဆင့်နိမ့် နေသေးသော အစွမ်းမှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်တတ်ပြီး အထူးသဖြင့် ယွင်ချဲ့ကဲ့သို့ တိုက်ခိုက်စွမ်းရည် ရှိသူအတွက် ပို၍ ဆိုးဝါးသည်။ ကံကောင်းစွာပင် ယွင်ချဲ့မှာ အားပြည့်မြန်သဖြင့် အချိန်အနည်းငယ်သာ ယူလိုက်ရသည်။ ၁ နာရီ ၂ နာရီနားရုံနှင့်ပင် စွမ်းအားမှာ ၈၀ ရာခိုင်နှုန်းအထိ ပြန်လည် တိုးတက်လာသည်။ ၁၀ နာရီ အချိန်ရောက်လာသည့်အခါ စက်ရုံမှာ အနည်းငယ် လှမ်းနေသေးသဖြင့် ယွင်ချဲ့ အဆင်ပြေကြောင်း အတည်ပြုပြီးမှသာ ကားကို မောင်းထွက် လာခဲ့သည်။

ဝေ့မြို့၏ သံမဏိစက်ရုံမှာ ကပ်ဘေး မဆိုက်မီအချိန်တွင် ပြည်နယ်၏ ပင်မလုပ်ငန်းများ အနက် အပါအဝင်ဖြစ်ခဲ့သည်။ ကပ်ဘေးဖြစ်ပြီးနောက်တွင် စစ်တပ်အင်အားစုများ ရောက်ရှိလာပြီး ထိုလုပ်ငန်းများကို အခြားသူများထက် လက်ဉီးမှုယူကာ သိမ်းပိုက် လိုက်ကြသည်။ သို့သော် ကပ်ဆိုက်သည်က မကြာသေးသဖြင့် အစပိုင်း အချိန်များတွင် သံထည်များမှာ အရေးမပါသေးပုံရသဖြင့် စစ်တပ်က သံမဏိစက်ရုံသို့ မရောက်လာခြင်း ဖြစ်လိမ့်မည်။ စက်ရုံသို့ လာရာလမ်းတစ်လျှောက်တွင် ဖုတ်ကောင်နှင့် အလောင်းများကို မတွေ့ရဘဲ သစ်ငုတ်များ၊ အရိုးစုများနှင့် ခြောက်နေသော သွေးတို့ကိုသာ တွေ့ခဲ့ရသည်။

“မင်းရဲ့နယ်မြေက ဘယ်လောက်ကြီးလဲ”

စက်ရုံအဝင်ဝသို့ ရောက်သည်နှင့် ရှင်းဖုန်းလည်း ယွင်ချဲ့ဘက် လှည့်ကြည့်ကာ မေးလေသည်။

“တော်တော်ကြီးတယ် မီတာ ၁၀၀၀ ပတ်လည်လောက်တော့ ရှိမယ်ထင်တယ်”

သူ၏နယ်မြေမှာ ထိုထက်ပင် ပို၍ ကြီးမားသော်လည်း သူ့ကိုသံသယ မဖြစ်စေရန် အတွက် လက်ခံနိုင်လောက်သည့် အကျယ်အဝန်းကိုသာ ပြောပြလိုက်သည်။

“ဝါး အစ်ကို ချဲ့က တော်တော် ကံကောင်းတာပဲ .. အစွမ်းတွေ ရှိရုံတင်မကဘူး ဒီလောက် နယ်မြေ အကျယ်ကြီးလည်း ရှိသေးတယ်”

ယွင်ချဲ့ ရှိသည်ထက် ပိုလျော့ကာ ကိုယ့်ကိုယ်ကို နှိမ့်ချ၍ သာမန်အတိုင်း နေသော်လည်း အခြားသူများက အားကျ နေကြလျက်ပင်။ နယ်မြေစွမ်းအား ရကာစ လူသားများသည် ကနဉီးပိုင်းတွင် အရွယ်အစား မတူညီသော နယ်မြေအကျယ်ကို ရရှိကြသည်။ အများဖြင့် ၁၂ မီတာပတ်လည်မှ မီတာ ၁၀၀အထိ အများဆုံးရှိသည်။ စွမ်းအား တိုးလာသည် နှင့်အမျှ နယ်မြေမှာလည်း ပို၍ကျယ်ဝန်း လာသည်။ အံ့အားသင့်စွာပင် ယွင်ချဲ့မှာ မီတာ ၁၀၀၀ ကျယ်သော နယ်မြေကို ပိုင်ထားရသဖြင့် အလွန်ကံကောင်းသူ တစ်ယောက်ပင်။

ယွင်ချဲ့ စကားထပ် မပြောတော့ပေ။ မဟုတ်လျှင် သူ၏အဖွဲ့သားများ ဒေါသထွက်ကြလိမ့်မည် စိုးသဖြင့် ရယ်လျက်သာ ကြည့်နေလိုက်သည်။ အတိတ်ဘဝတွင် သူ့ထံ၌ လျှပ်စီးအစွမ်းနှင့် နယ်မြေ အစွမ်းတို့သာ ရှိခဲ့ပြီး သူ၏နယ်မြေကို မီတာ ၁၀၀၀ ဟုပြောခဲ့ခြင်းက ပစ္စည်းအများအပြား သိမ်းဆည်းလိုခြင်းနှင့် သံမဏိများကိုလည်း ထပ်ပေါင်း ထည့်လိုခြင်းကြောင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ နယ်မြေကျဉ်းလျှင် ပစ္စည်းများ ထိန်းနိုင်မည် မဟုတ်သဖြင့် သံသယဖြစ်မည် စိုးသောကြောင့် ပိုပြောလိုက်ခြင်းပင်။

“ကြည့်ရတာ ငါတို့တွေ သူငယ်ချင်းဖြစ်လို့ မရသေးဘူးထင်တယ်”

ချူးဟောင်လင်း ခေါင်းခါကာ သက်ပြင်းချလျက် ပြောလေသည်။ သူ့ထံတွင် နယ်မြေစွမ်းအား ရှိနေသော်လည်း ယွင်ချဲ့က သူ့ကို သိမ်ငယ်စေသည်။ ယွင်ချဲ့ သူငယ်ချင်း ဖြစ်သူ မည်သူမဆို သဝန်တို အားကျမှုများ ခံစားကြရမည်မှာ အမှန်ပင်။

“ဟွိုင်အန်း .. ရှန်းရွေ .. ဟောင်လင်း .. ဇယ်ယွီ ဖွင့်ထားတဲ့ ဂိုထောင်ထဲက သံတွေရသလောက် စုလာခဲ့ .. ဝမ်းချင်နဲ့ ဟိုင်ရွှမ်းတို့က ငါနဲ့ ဝပ်ရှော့ကိုလိုက်ခဲ့ .. ချဲ့ .. ယဲ့ဟန် .. ယာဖေးတို့က ဂိုထောင်ကိုသွား .. ဘယ်လောက်ပဲ ရလာခဲ့ပါစေ တစ်နာရီပြည့်တာနဲ့ ဒီနေရာမှာ လူပြန်စုမယ်”

ရှင်းဖုန်းက တာဝန်အသီးသီး ခွဲပေးလိုက်သည်။

ယွင်ချဲ့၏ နယ်မြေကို ကြိုတင်ခန့်မှန်း ထားနှင့်ပြီး ဖြစ်သောကြောင့် ရှင်းဖုန်း အံ့အားမသင့်တော့ပေ။ မည်သည့် နေရာတွင်မဆို ဂိုထောင်များသည် ပစ္စည်းများကို ကောင်းမွန်စွာသိုလှောင်ထားနိုင်သည်။

လူ ၁၀ ယောက် ပါသောအဖွဲ့ကိုလည်း နယ်မြေစွမ်းအား ရှိသူတစ်ယောက်စီ ပါသော အဖွဲ့ ၃ ဖွဲ့ခွဲ၍ နယ်မြေစွမ်းအား ရှင်များ၏ နယ်မြေအပိုင်းအခြားကို မေးမြန်းတိုင်ပင် ကြပြီးနောက် သံမဏိများ စုဆောင်းရန် ဉီးတည်ရာ တစ်ခုစီသို့ ထွက်သွားရန် စီစဉ်လိုက်သည်။

မသွားကြမီ ရှင်းဖုန်းက မိုက်ပါကြိုးမဲ့ နားကပ် ၁၀ ခုထုတ်ကာ တစ်ယောက်စီကို ပေးလျက် …

“ဒါတပ်ထားလိုက် .. ကိစ္စရှိရင် အချင်းချင်း ဆက်သွယ်လို့ ရအောင်”

ထိုနားကြပ်များမှာ အသံများကို အင်တာနက် မလိုဘဲ ရေဒီယိုလှိုင်းများ မှတစ်ဆင့် ဆက်သွယ်ပေးပြီး အချိန်ကြာရှည်စွာ အသုံးပြု၍ မရသဖြင့် ရှင်းဖုန်းက ထိုနားကြပ်များကို ချက်ချင်း မထုတ်ပေးခြင်းပင်။ တာဝန်အရ ထွက်ရသည့် အချိန်များတွင်လည်း သတ်မှတ်နေရာသို့ မရောက်မချင်း ခေါင်းဆောင်ဖြစ်သူက ထိုနားကြပ်များကို သိမ်းထားရသည်။

ယွင်ချဲ့ ကျန်သော အဖွဲ့သားများကို လှည့်ကြည့်လေရာ တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ပြီးသောကြောင့် အရိပ်အကဲများပင် နားလည်နေကြသော အဖွဲ့သားတို့မှာ ခေါင်းညိတ် လိုက်ပြလိုက်ပြီးနောက် ယွင်ချဲ့ လက်ဖျောက် တစ်ချက်တီးလိုက်ရာ ကားကိုပတ်ထားသော လေထုမှာ ပျောက်ကွယ် သွားလေသည်။

ဂါး

တစ်ချိန်တည်းတွင်ပင် ဖုတ်ကောင်များမှာလည်း လူနံ့ရသဖြင့် ယိုင်တိုင်တိုင်နှင့် အမြန်လျှောက်လာကြသည်။ သူတို့၏ အရှိန်နှုန်းအရ ထိုဖုတ်ကောင်များမှာ အဆင့် ၁ သို့ရောက်နေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ရှင်းဖုန်းနှင့် အခြားအဖွဲ့ဝင်များ ကားပေါ်မှ အမြန်ဆင်းကာ ဖုတ်ကောင်များကို လက်နက်များဖြင့် ရှင်းလင်း လိုက်ကြသည်။

“ငါတို့တွေ အနောက်ဘက်ကို သွားရမယ်”

ဂိုထောင်ကိုရှာဖွေရန် တာဝန်ကျသော ယွင်ချဲ့က သူ၏လေ အစွမ်းနှင့် ဖုတ်ကောင်များကို သတ်ကာ အမြုတေများကို သိမ်းဆည်းရင်း ပြောလေသည်။ ယွင်ချဲ့သည် ကိုယ်တိုင် သတ်ထားသည့် ဖုတ်ကောင်များ၏ အမြုတေများပင် လန်ယဲ့ဟန်နှင့် ကျန့်ယာဖေးတို့ သုတ်သင်ထားသော ဖုတ်ကောင်များ၏ အမြုတေများကိုလည်း ကောက်ယူ သိမ်းဆည်းလေသည်။ သူတို့ ၃ ယောက်၏ စွမ်းဆောင်ပုံမှာ အကောင်းဆုံးဟုပင် ပြောရပေမည်။ ပထဝီမြေ စွမ်းအားတွင် ကျွမ်းကျင်နေပြီဖြစ်သော ကျန့်ယာဖေး ကြောင့် ဖုတ်ကောင်များကို ခွဲထွက် စေလိုက်ပြီးနောက် သူတို့မှာ ဂိုထောင်ရှိရာဘက်သို့ ဉီးတည် သွားကြလေသည်။

“ဂရုစိုက်ဉီး”

ဖုတ်ကောင် အနည်းဆုံးရှိသည့် နေရာမှ ထိုးဖောက်ဝင်ရန် အတွက် ယွီဝမ်းချင်နဲ့ လုဟိုင်ရွှမ်းကို ရှင်းဖုန်း သတိပေး လိုက်သည်။ ရွှေသတ္တုအစွမ်းနှင့် ရေခဲစွမ်းအင် ရှိသူတို့မှာ တိုက်ခိုက်သည့်အခါတွင် အချိန်ကြာကြာ တိုက်ခိုက် နိုင်ကြပေသည်။ သူတို့အဖွဲ့သည်လည်း ဖုတ်ကောင်များကို တိုက်ခိုက်ရာတွင် လျင်မြန် သွက်လက်လှသည်။

“ဒီလိုလုပ်လို့ မရလောက်ဘူး .. ဇယ်ယွီ ဖုတ်ကောင်တွေကို မသတ်နဲ့တော့ မင်းရဲ့လေအစွမ်းနဲ့ အမြုတေတွေကို သိမ်းဖို့ပဲ အာရုံစိုက်တော့”

ယန်းဟွိုင်အန်း တိုက်ခိုက်ရင်းဖြင့် လှမ်းအော်လိုက်သည်။

အဖွဲ့ဝင် ၆ ယောက်သာ ကျန်ခဲ့ပြီး စက်ရုံထဲသို့ ဝင်ရောက် ရှာဖွေရန် တာဝန်ကျလေရာ ဖုတ်ကောင် များစွာကို သုတ်သင်ရှင်းပြီး ဖြစ်သော်လည်း စက်ရုံမှာ အလွန်ကြီးသဖြင့် ဖုတ်ကောင်များမှာ တစ်ကောင်ရှင်းပြီး မကြာလိုက်ပင် နောက်ထပ် ဖုတ်ကောင်များ ထပ်ထွက် လာကြသောကြောင့် အချိန်ကြာကြာ တိုက်ခိုက်နေလျှင် သူတို့အားအင် ကုန်ခန်း လာကြတော့မည်။ ယန်းဟွိုင်အန်း အော်သံကြောင့် ချူးဟောင်လင်းလည်း သူ၏နယ်မြေမှ အိတ်အကြီး တစ်လုံးကို ယူထုတ်ကာ ကျိုးဇယ်ယွီ ထံသို့ ပစ်ပေးလိုက်သည်။ သူတို့ ၃ ယောက် အတူ ရှေ့ဆုံးမှရပ်ကာ ဖုတ်ကောင်များကို တိုက်ခိုက် နေခဲ့ကြပြီးနောက် ကျိုးဇယ်ယွီမှာ အနောက်ဘက်တွင် ကျန်ခဲ့ပြီး သူ၏လေအစွမ်းဖြင့် အမြုတေများကို ကောက်ယူကာ အိတ်ထဲသို့ ထည့်သိမ်း လိုက်သည်။

“ဒါက ငါတို့ရှာနေတာ ဖြစ်မယ်ထင်တယ်”

စက်ရုံ အနောက်ဘက်တွင် သံမဏိချောင်းများ သိမ်းဆည်း ထားမည်ဟု ထင်ရသော အိမ်ငယ်လေးများကို အတန်းလိုက် တွေ့လိုက်ရပြီး အတန်း တစ်တန်းတွင် တံခါးတစ်ချပ်စီသာ ရှိသည်။ ယွင်ချဲ့ သူ၏လျှပ်စီး အစွမ်းဖြင့် တံခါးတွင် အပေါက်ကြီး ဖြစ်အောင် လုပ်လိုက်ကာ လန်ယဲ့ဟန်နှင့် ကျန့်ယာဖေးက အနောက်ဘက်မှနေ၍ တဖြည်းဖြည်း တိုးကပ်လာသော ဖုတ်ကောင်များကို ရှင်းလင်းနေလေသည်။

ဝုန်း

နောက်တစ်ကြိမ် လျှပ်စီးဖြင့် ပစ်ခွင်းလိုက်ရာ တံခါးမှာ တစ်ခြမ်း ကျိုးသွားသဖြင့် ယွင်ချဲ့လည်း အထဲသို့ ကြည့်လိုက်ရာ သံမဏိချောင်းများစွာကို သိုလှောင်ထားသော ဂိုထောင်ဖြစ်နေလေသည်။ ထို့နောက် ယွင်ချဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး သံချောင်းများကို သူ၏ နယ်မြေထဲသို့ သိမ်းလိုက်သည်။

“ကြိုသိထားမိရင် သူတို့ကိုလည်း ဒီကိုတစ်ခါတည်း ခေါ်လိုက်ရမှာ .. အထဲမှာ ရှိတာတွေက ငါတစ်ယောက်တည်း မသိမ်းထားနိုင်လောက်ဘူး”

ယွင်ချဲ့ ညည်းတွား နေလျက်ပင် နောက်ဂိုထောင် တစ်ခုအနားသို့ သွားလိုက်သည်။ အချိန်ခဏလေး အတွင်း အရည်အသွေး ကောင်းကာ အချောမသပ် ရသေးသော သံမဏိ ကုန်ကြမ်းများနှင့် သံမဏိဖြင့် လုပ်ထားသော ဒယ်အိုးတို့ကိုလည်း သိမ်းယူလာခဲ့သည်။ အသက်မဲ့နေသော ဖုတ်ကောင်များသည်လည်း ယွင်ချဲ့တို့ လာခဲ့ရာလမ်း တစ်လျှောက်တွင် ပြည့်နှက်နေလေသည်။

“ချဲ့ .. ငါဝပ်ရှော့ထဲမှာ အဆင့် ၃ ဖုတ်ကောင်တွေကို တွေ့ခဲ့တယ်”

“သေစမ်း.. ခွေးဖုတ်ကောင်တွေ… တစ်..နှစ်..သုံး..လေး..ငါး .. ရှစ်ကောင်တောင်ဟ”

နားကြပ်မှ တစ်ဆင့် လုဟိုင်ရွှမ်းနှင့် ချူးဟောင်လင်းတို့၏ ဆဲဆိုသံများကို ကြားလိုက်ရသည်။ ပစ္စည်းများကို သိမ်းဆည်းပြီးဖြစ်သော ယွင်ချဲ့၏ အဖွဲ့မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး အနောက်သို့ ပြန်ဆုတ် သွားကြလေသည်။

ဂီး

“အဆင့် ၂ ခွေးဖုတ်ကောင်တွေ .. ငါတို့ရဲ့အစွမ်းနဲ့ တိုက်မှရမယ်”

စက်ရုံ၏ လဟာပြင် နေရာတွင် ချူးဟောင်လင်းနှင့် သူ၏အဖွဲ့သား သုံးယောက်တို့မှာ ခွေးဖုတ်ကောင်များနှင့် တိုက်ခိုက်နေပြီး အခြားသော ဖုတ်ကောင်များလည်း ရောက်လာကြလေသည်။ ခဏအကြာတွင် ယွင်ချဲ့တို့ ရောက်လာကြပြီး ယွင်ချဲ့လည်း သူ၏ဓါးထဲတွင် လျှပ်စီးစွမ်းအား ဖြည့်ကာ ခွေးတစ်ကောင်ကို ထက်ပိုင်း ခုတ်ပစ်လိုက်သည်။ ထိုခွေးများမှာ လူများထက် ပို၍ လျင်မြန်သဖြင့် အမျိုးမျိုး လှုပ်ရှားနေကြလေသည်။

ထို့နောက် ခွေးနှင့် ဖုတ်ကောင်များကို ယွင်ချဲ့ ၇ ယောက် ပေါင်းကာ သူတို့၏ စွမ်းအားများကို အသုံးပြု၍ ဝိုင်းထား လိုက်ပြီးနောက် ကြိမ်ဖန်များစွာ ထပ်တလဲလဲ တိုက်ခိုက်ကြသဖြင့် ဖုတ်ကောင်များနှင့် ခွေးများမှာလည်း ကျယ်လောင်စွာ အော်လာကြလေသည်။ နောက်ဆုံးတွင် မီးအစွမ်းရှိသူ ၃ ယောက်က သူတို့၏ မီးတောက်များဖြင့် လောင်ကျွမ်း စေလိုက်ပြီး လေအစွမ်းရှိသော ကျိုးဇယ်ယွီက လေတိုက်စေကာ မီးကို ပို၍တောက်လောင် စေလိုက်သဖြင့် ခွေးနှင့် ဖုတ်ကောင်များမှာ မီးလောင်ကျွမ်း သွားကာ လေထဲတွင်လည်း ပူပြင်းကာ ပုပ်သိုးအနံ့များ ရနေလေသည်။

ဘုန်း

တိုက်ခိုက်ခြင်း ပြီးဆုံးလာသည် နှင့်အမျှ ယွင်ချဲ့လည်း စွမ်းအားဖြင့် တိုက်ခိုက်ခြင်းကို ရပ်လိုက်ပြီး ရှင်းဖုန်း ပေးထားသော သေနတ်နှစ်လက်ကို ထုတ်ကာ ခွေးများကို ပစ်လိုက်သည်။

ယွင်ချဲ့ တစ်ယောက်တည်း ဖြစ်နေသောကြောင့် ကောင်းမွန်စွာပင် မပစ်နိုင်ပေ။ ကြိမ်ဖန်များစွာ ကြိုးစား ပစ်ခတ်သော်လည်း ဖုတ်ကောင် အချို့ကိုသာ ထိပြီး ခွေးများပင် ပစ်မှတ်မထားနိုင် ဖြစ်နေသည်။ ထိုအချင်းအရာကို ယန်းဟွိုင်အန်း တွေ့လိုက်ပြီး ဖုတ်ကောင်များကို တိုက်ခိုက်နေရင်း လှမ်းအော် လိုက်သည်။

“ရှန်းရွေ .. ချဲ့ ကိုကူပေးလိုက် .. ကျန်တာ ငါတို့ လုပ်လိုက်မယ်”

“အင်း”

တုံ့ဆိုင်းခြင်းမရှိ ရှန်းရွေ လှည့်ထွက်သွားကာ သူ၏ရွှေအစွမ်းကို သုံးလျက် သေနတ်နှစ်လက်ကို ဖန်တီးလိုက်ပြီး ဉီးတည်ရာမရှိ ပစ်လေရာ ဖုတ်ကောင်များစွာ သေကြေကုန်သည်။

“အဲဒီအတိုင်း ထိန်းထား .. ခွေးတွေကို ငါရှင်းလိုက်မယ်”

ထိုအဖြစ်ကို မြင်ပြီးနောက် ယွင်ချဲ့လည်း ရှန်းရွေကို စိတ်ချစွာ အပ်ထားကာ ကျည်မရှိတော့သော သေနတ်နှစ်လက်ကို သူ၏နယ်မြေထဲသို့ ပြန်ပို့လိုက်ပြီး ရှန်းရွေ ခါးမှ သေနတ်ကို ယူထုတ်လိုက်သည်။ ယခုတစ်ကြိမ်တွင် ဉီးတည်ရာမရှိ မပစ်တော့ဘဲ သေနတ်ကို ကိုင်လျက် စိတ်ရှည်စွာ စောင့်နေလိုက်သည်။

ဒိုင်း ဒိုင်း

ဒိုင်း

ရှန်းရွေ နှင့်အတူ ပူးပေါင်း လုပ်ဆောင်သည်က ယွင်ချဲ့ အတွက် ပထမဆုံးပင်။ ယွင်ချဲ့၏ ညွှန်ကြားမှု အောက်တွင် ရှန်းရွေလည်း ဖုတ်ကောင်များကို ချိန်၍ ပစ်နေလေသည်။ တစ်ဖက်တွင်လည်း ယွင်ချဲ့မှာ အချိန်ကြာစွာ စောင့်ပြီးနောက်မှ ခွေးဖုတ်ကောင် တစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရသည်။ သေနတ်ပစ်သံ တစ်ချက်နှင့်အတူ ထိုခွေးမှာ ညည်းလျက် လဲကျသွားပြီး တစ်ကိုယ်လုံးမှာလည်း မီးလောင် ကျွမ်းရာများနှင့် အရိုးများလည်း မည်းနေလေသည်။

တစ်ဖက်တွင်လည်း ဖုတ်ကောင်များကို အစွမ်းသုံးကာ တိုက်ခိုက် နေခဲ့ကြသူများလည်း မောပန်းလာကြသည်။

“ဒီမှာ ခွေးဖုတ်ကောင်တွေ အများကြီးပဲ”

ယွင်ချဲ့နှင့် ရှန်းရွေကို ကျောပေးထားသော ချူးဟောင်လင်း ကျယ်လောင်စွာအော်လိုက်သည်။ ထို့နောက် သေနတ်တစ်လက် ထုတ်ကာ သူ့ထံ အမြန်လာနေသော ခွေးကို ပစ်သတ်လိုက်သည်။

“နေရာပြောင်းရအောင်”

ချူးဟောင်လင်း ပစ်မှတ် ချော်သွားသဖြင့် ယွင်ချဲ့နှင့် ရှန်းရွေလည်း နေရာရွေ့လိုက်ပြီး သူတို့နေရာတွင် ယန်းဟွိုင်အန်း ရောက်လာခဲ့သည်။ ထိုသို့နေရာ ပြောင်းပြီး နောက်တွင် ခွေးရှစ်ကောင်မှာ သေလုနီးပါး ဖြစ်နေကြပြီး ဖုတ်ကောင်များမှာလည်း သေကြေကုန်လေသည်။

ဖုတ်ကောင်များကို ရှင်းလင်းပြီးနောက် ခွေးသုံးကောင် ကျန်နေပြီး အစွယ်များမှလည်း သွားရည်များ စီးကျလျက် မာန်ဖီနေပုံမှာ လူများကို ချက်ချင်း ကိုက်ဖြတ်တော့မည့် ဟန်ပင်။

“ရှန်းရွေ .. ဟွိုင်အန်း .. ငါနဲ့အတူ လာတိုက်ကြတော့ .. ကျန်တဲ့သူတွေ မီးငြိမ်းပြီး အမြုတေတွေရှာကြ”

ယွင်ချဲ့လည်း ခွေးများကို တည်ငြိမ်စွာ ကြည့်လျက် တာဝန်ခွဲ ပေးပြီးနောက် သေနတ်နှစ်လက် ကိုင်ကာ အရှေ့ဆုံးမှ ထွက်လာပြီး ရှန်းရွေနှင့် ယန်းဟွိုင်အန်းက အနောက်မှ ကပ်လျက် လိုက်လာသည်။ ထိုအချိန်တွင် ခွေးသုံးကောင်မှာလည်း တစ်ပြိုင်နက်တည်း သူတို့ထံသို့ ပြေးလာသဖြင့် တစ်ကောင်ကို ယွင်ချဲ့ သေနတ်နှင့် ပစ်လိုက်သော်လည်း လွဲချော် သွားခဲ့သည်။ အကွာအဝေးမှာ နီးကပ်နေပြီ ဖြစ်သောကြောင့် ခွေးကို ကန်ထုတ် လိုက်ပြီးနောက် သူ၏ဓါးကို ယူထုတ်ကာ ခုန်လိုက်လေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset