YMR- အခန်း ၆၉

အခန်း (၆၉)

နယ်မြို့လေးမှာ လင်းကျန်းမြို့နှင့် မနီးမဝေးတွင် တည်ရှိသည်။ ကပ်ဘေး မဆိုက်ခင်တွင် တစ်နာရီကျော် ကြာရုံသာ မောင်းနှင်ရပြီး ကပ်ဘေး ဖြစ်ပြီးနောက် အမြန်လမ်းမကြီးများကို ပိတ်ထားသည့်အပြင် လျှပ်စစ်အား ပြတ်တောက်မှုကြောင့် ရထားများလည်း ရပ်တန့်နေရပြီး ဘူတာနှင့် ရထားများတွင်လည်း ဖုတ်ကောင်များစွာ ပြည့်နှက် နေမည်ဟု ခန့်မှန်းရနိုင်သဖြင့် အမြန်လမ်းဟောင်းများကို အသုံးပြု၍ ရပေသည်။

အမျိုးမျိုး တိုင်ပင်ညှိနှိုင်း ခဲ့ကြပြီးနောက် ထိုလမ်းကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏အစွမ်းမှာ အကန့်အသတ် ရှိခြင်းကြောင့် ကူညီပေးနိုင်ရန် အတွက် လူများများသွားရန် လိုအပ်သည်။ သို့သော် ယွင်ချဲ့ သည် သူ့ထံတွင် နယ်မြေကွက်လပ် စွမ်းအားရှိကြောင်း မည်သူကိုမှမပြောပြပေ။ နောက်ဆုံးတွင် နယ်မြေအစွမ်းရှိသည့် ယွင်ချဲ့၊ ရှင်းဖုန်းနှင့် ချူးဟောင်လင်း၊ ရေခဲအစွမ်းရှင် ယွီဝမ်းချင်၊ ရွှေသတ္တုအစွမ်းရှင် ရှန်းရွေ့ နှင့် မီးအစွမ်းရှင် ယန်းဟွိုင်အန် တို့အပါအဝင် လူ ၁၀ ယောက်အဖွဲ့တို့ ခရီးထွက်ရာတွင် ပါဝင်ကြလေသည်။

ယခုခရီးစဉ်တွင် ဝေ့မြို့နှင့် နယ်မြို့လေးထဲသို့ သွားရန်ဖြစ်ပြီး နယ်မြို့ကို သွားရာတွင် ဝေ့မြို့ကို ဖြတ်သွားရမည် ဖြစ်သောကြောင့် သူတို့၏ပထမ ဉီးတည်ရာမှာ ဝေ့မြို့ ဖြစ်သည်။

နောက်တစ်နေ့ မနက်တွင် သွားရန် စီစဉ်ထားကြသဖြင့် မသွားမီ ညကတည်းကပင် ၃ ရက်စာ ရိက္ခာများကို ပြင်ဆင်ပေးပြီး အပူခံဘူး သေတ္တာလေးများဖြင့် ထည့်ပေး ထားလိုက်ပြီး ချူးဟောင်လင်းက သူ၏နယ်မြေထဲတွင် သိမ်းထားလိုက်သည်။

“ရှောင်ချဲ့ လမ်းခရီး ဂရုစိုက်ပြီး စောစော ပြန်လာခဲ့နော်”

နောက်တစ်နေ့မနက် ရောက်လေသော် ခရီးထွက်ရန် ပြင်ဆင်ပြီး ခဏနား နေချိန်တွင် ယွင်ယောင်က သူမမောင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် မှာကြားနေသည်။

“ဟုတ် စိတ်မပူပါနဲ့နော်”

ယွင်ချဲ့ ပြုံးပြကာ ကူးမင်ရွှမ်းကို လှည့်ကြည့်လျက် …

“အစ်ကို ကူး .. မမနဲ့ တူလေးကို စောင့်ရှောက် ပေးပါနော်”

စိတ်ပညာ အစွမ်းရှိသော ကူးမင်ရွှမ်းက အိမ်တွင်သာ နေခဲ့ရမည်ဖြစ်သည်။

“အင်းပါ … စောစောသာ ပြန်လာခဲ့ကြ”

စကားအနည်းငယ် ပြောပြီးနောက် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ ခေါင်းညိတ် ပြလေသည်။ တစ်ချိန်တည်းတွင်ပင် သူတို့အရှေ့တွင် လူရှစ်ယောက်စီး တိုယိုတာလန်ခရူစာ ကားတစ်စီး ရှိနေပြီး ကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြလေသည်။ ရှန်းရွေက ကားမောင်း တာဝန်ယူလိုက်ပြီး မိန်းကလေး တစ်ယောက်တည်း ဖြစ်သော ကျန့်ယာဖေးက ဘေးခုံတွင် ထိုင်လိုက်သည်။ ကျန်သော သူများမှာ အနောက်ဘက်တွင် နေရာယူလိုက်ပြီး သုံးယောက်ထိုင်သောခုံတွင် ယောကျ်ားလေးယောက် ထိုင်နေကြသော်လည်း ကျပ်သိပ်ခြင်း မရှိပေ။

၁၀ မိနစ်ကြာပြီးနောက် ကားကြီးမှာ အခြေစခန်း၏ တံခါးဝနားသို့ ရောက်လာလေသည်။ ကားပေါ်တွင် ရှင်းဖုန်း ပါကြောင်း သိသဖြင့် အစောင့်စစ်သားများက မေးမြန်းပြောဆိုခြင်း မလုပ်ကြတော့ဘဲ ထွက်သွားခွင့် ပြုလိုက်ကြသည်။ အထက်လူကြီးများထံမှ ပြင်းထန်သော အမိန့်ရထားသဖြင့် မည်သည့်စစ်သားကမှ ရှင်းဖုန်းကို မနှောင့်ယှက်ရဲကြပေ။

“စခန်း ပတ်ပတ်လည်က ဖုတ်ကောင်တွေ ရှင်းသွားပြီ ဆိုတော့ စခန်းကို ထပ်ချဲ့ရင်ကောင်းမယ်”

အပြင်သို့ ထွက်ရန် အခွင့်အရေး မရခဲ့သဖြင့် ကားပြတင်း မှတစ်ဆင့် အပြင်ဘက်ကို ကြည့်ရင်း ယွင်ချဲ့ ပြောလေသည်။ မီတာအနည်းငယ် ကျော်ပြီးမှသာ ယိုင်တိုင်တိုင် လမ်းလျှောက်နေကြသော ဖုတ်ကောင်အချို့ကို တွေ့ရလေသည်။

“အင်း .. အထက်ကလည်း ဒါကို ဆွေးနွေးနေကြတယ် .. စခန်းပတ်လည်က လယ်ကွက်တွေဆိုတော့ အဲဒါတွေကို ခြုံငုံပြီးတော့မှ အသီးအရွက်တွေ စိုက်ဖို့ စီစဉ်နေကြတယ်”

စင်စစ်မှာ အစည်းအဝေးတွင် ဆွေးနွေးကြပြီး ဖြစ်သော်လည်း သဘော မတူညီမှုများရှိနေသေးသဖြင့် ညှိနှိုင်းနေလျက်ပင်။

“စိုက်ပျိုးမယ်… ဟက် … အသီးအရွက်အတွက် ပျိုးပင်တွေစိုက်မယ်။ ရယ်စရာကောင်းလိုက်တာ။ ဖုတ်ကောင် အများကြီး သေထားတာ သူတို့ရဲ့ ပိုးတွေက မြေထဲ စိမ့်ဝင်နေကြတာ .. အပင်ပေါက်ရင်တောင် တော်တော် ထူးခြားနေပြီလို့ ပြောရမယ်”

ရှင်းဖုန်း ပြန်ပြောသည်ကို ယွင်ချဲ့ လှောင်ရယ် လိုက်သည်။

‘ရေမြေတွေ ညစ်ညမ်းလာမှာကို အထက်က မစဉ်းစားမိဘူးလား’

ယွင်ချဲ့ တွေးလိုက်မိသည်။ သူသိထား ရသလောက်မှာ ကမ္ဘာပေါ်တွင် ရေနက်ပိုင်း သတ္တဝါများမှလွဲ၍ အခြားသော နေရာများတွင် ညစ်ညမ်းနေပြီ ဖြစ်သည်။ နှစ်အနည်းငယ်ကြာပြီးနောက် ကမ္ဘာပေါ်တွင် လူသားတို့သည် အရာရာကို တီထွင်ဖန်တီးရန် ကြိုးစား လာကြလိမ့်မည်ဖြစ်ပြီး သက်ရှိ လောကမှာလည်း ပို၍ကျဉ်းမြောင်း လာမည့်အပြင် မြေဧကများမှာလည်း ကျတ်တီးမြေများ ဖြစ်လာလိမ့်မည်။

“အဲဒါကြောင့်ပဲ ဝမ်းယန်က မြေတွေကိုပိတ်ချ၊ မညစ်ညမ်းသေးတဲ့ မြေကွက်တွေကို ရှာပြီး ကာကွယ်ဖို့ အဆိုပြုခဲ့သေးတယ် အိမ်တွေကို တစ်ဖက်မှာ ဆောက်ဖို့ရောပေါ့ … ဒါပေမယ့် ဝမ်ဝေ့ နဲ့ သူ့လူတွေက သဘောမတူကြဘူး စခန်းကကြီးတဲ့အပြင် အစားအသောက်ကလည်း ဉီးစားပေးလို့ ယူဆခဲ့ကြတာ သူတို့ အတွေးကလည်း မမှားပါဘူး … ဒါပေမယ့်လည်း ကပ်ဆိုက်လာရင် စုထားတဲ့ ရိက္ခာလေးနဲ့ ဘယ်လောက်ကြာကြာ နေနိုင်မှာမလို့လဲ ၅နှစ် ? ၁၀နှစ် ? ဒါမဟုတ် အနှစ် ၂၀လား .. စားနပ်ရိက္ခာတွေကို ပြန်မထုတ်လုပ် နိုင်သရွေ့တော့ လူတွေ အငတ်ဘေး ထပ်ကြုံရပြီး အနှေးနဲ့အမြန် သေကြေကုန်မှာပဲ .. ဒါပေမယ့် အခုလို အခြေအနေတွေကြောင့် မြန်မြန်အောင်မြင်ဖို့ သူတို့လည်း လောနေကြပြီ”

ကပ်ဘေး ဆိုက်ခဲ့သည်မှာ တစ်လနီးပါး ကြာနေပြီ ဖြစ်သော်လည်း စခန်းမှာ ၁၂ ရက်နီးပါးသာ ဖွင့်ထားခဲ့ပြီး ထိုနေ့များတွင် စခန်းရှေ့သို့ အသက်ရှင် ကျန်ခဲ့သူများ များစွာရောက်လာခဲ့ကြသည်။ စခန်း၏ လက်ရှိ အကျယ်အဝန်းနှင့် ပစ္စည်း ကိရိယာများမှာ လတ်တလောအတွက် လုံလောက်သော်လည်း တစ်ချိန်တွင် လူဉီးရေ များပြားလာသဖြင့် လူဝင်ရောက်ခြင်းကို လက်မခံတော့ဘဲ စခန်းကို ပိတ်လိုက်မည် ဆိုပါက လူအများ ဘယ်လို တွေးကြလေတော့မလဲ။ လတ်တလော ပြဿနာပင် မဖြေရှင်း နိုင်သေးပါက ဖြစ်လာမည့် ပြဿနာများကို ဘယ်လို ဖြေရှင်းကြမှာလဲ။

မည်သို့ပင်ဖြစ်ဖြစ် ထိုကိစ္စမှာ စခန်း၏ အထက်လူကြီးများ ဖြေရှင်းရလိမ့်မည်။ ထိုအကြောင်းကို မော့ဝမ်းယန်သို့ အသိပေး အကြောင်းကြားခြင်းက ရှင်းဖုန်း အကောင်းဆုံး လုပ်ပေးနိုင်သော အရာပင်။

“လူအများ အင်အားအများနဲ့ ဆွေးနွေးကြရင်တော့ ဒီလိုပြဿနာက ဖြစ်လာမှာပဲ .. အခြေအနေက အေးချမ်းသလိုနဲ့ အချိန်မရွေး ရန်ပွဲဖြစ်နိုင်တယ်”

ယွင်ချဲ့ အကြည့်ကို ပြောင်းပြီး ခုံပေါ်တွင်မှီကာ မျက်လုံးမှိတ်လျက် မှေးနေလေသည်။

ရှင်းဖုန်းလည်း ယွင်ချဲ့ကို မနှောင့်ယှက်တော့ဘဲ အင်္ဂလိပ်စာအုပ် တစ်အုပ်ယူကာ ဖတ်နေလိုက်သည်။ ကားမှာလည်း မောင်းလာရာ လမ်းတစ်လျှောက် ဖုတ်ကောင်များနှင့် ရင်ဆိုင်ရသည့်အခါ ဖြတ်တိုက်၍သာ မောင်းနှင် လာခဲ့သည်။ ကားအတွင်းရှိ မည်သူကမှ စိတ်ချလက်ချ အနားမယူနိုင်ကြပေ။ စခန်းမှဝေးရာ ရောက်လာသည်နှင့်အမျှ လမ်းမှာလည်း တဖြည်းဖြည်း ဆိုးဝါးလာခဲ့သည်။

“ရောက်တော့မယ်”

ယွင်ချဲ့ ပြောလိုက်ပြီးနောက် …

“ရွှေသတ္တုအစွမ်းရှိတဲ့ သူတွေက ကားအမိုးပေါ် တက်လိုက် .. ကားကို လေအစွမ်းနဲ့ဖျောက်ပြီးရင် ကားကို မာအောင်လုပ်လိုက် ဒါမှ ဖုတ်ကောင်တွေကို တိုက်ဖြတ်ပြီး မြန်မြန်သွားလို့ရမှာ”

အသံပျောက် သွားသည်နှင့် ဖုတ်ကောင်များ အတွက် သားကောင်အဖြစ်မှ ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် ရှင်းဖုန်း၊ ရှန်းရွေ နှင့် လုဟိုင်ရွှမ်း တို့ ကားတံခါးကိုဖွင့်ကာ ကားအမိုးပေါ်သို့ လျင်မြန်စွာ တက်သွား ကြလေသည်။ ယွင်ချဲ့လည်း လေအစွမ်းကို ချဲ့လိုက်ပြီး ကားတစ်လုံးကို လွှမ်းအုပ် ထားလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်း အတွင်းတွင် ကား၏ အနောက်ဘက်မှ လွဲ၍ ဘေးပတ်လည်တွင် တစ်လက်မ အရွယ် သတ္တုပြား ပေါ်လာပြီး အရှေ့မှ ဖုတ်ကောင်များကို တိုက်ထုတ်ကာ ဘေးဘက်သို့ ဖယ်ရှား စေလိုက်သည်။

အမြင်အာရုံ အားနည်းသော ဖုတ်ကောင်များမှာ သူတို့၏ သားကောင်ကို အနံ့နှင့်အသံတို့ကို အာရုံပြု၍ ရှာဖွေကြသည်။ လေထုက ကားကို လွှမ်းခြုံထားသဖြင့် အသံများကို ကြားနိုင်မည်မဟုတ်ပေ။

“လေထုအစွမ်းက အရမ်းမိုက်တာပဲ ”

လာရာလမ်း တစ်လျှောက် စကားမပြောနိုင်အောင် ထိန်းချုပ် နေခဲ့ရသော ချူးဟောင်လင်း က တအံ့တဩနှင့် ရေရွတ်လေရာ အဖွဲ့သားများက သူ့ကို လှည့်ကြည့်ကြသဖြင့် ချူးဟောင်လင်း လည်း ချစ်စဖွယ် အမူအရာဖြင့် ဇက်ပုကျကာ ပါးစပ်ကို ဇစ်ပိတ်လိုက်ဟန်ကို လုပ်ပြလေသည်။ ကားမှာလည်း တစ်ဖန် တိတ်ဆိတ် သွားပြန်သည်။

“လမ်းကို ကားတွေ ပိတ်နေကြသေးတယ် ဒီတိုင်းဖြတ်လို့ မရလောက်ဘူး”

နာရီဝက်နီးပါး ကြာပြီးနောက် ဉီးတည်ရာမြို့သို့ ရောက်ရန် မဝေးတော့ပေ။ ကားမှာလည်း တဖြည်းဖြည်းနှင့် နှေးလာပြီး အဖွဲ့သားများလည်း အပြင်ဘက်ကို ကြည့်လေရာ တိမ်းမှောက် ပျက်စီးနေသော ကားများက လမ်းပေါ်တွင် ပိတ်ဆို့ထားသဖြင့် လမ်းလျှောက် သွားရန်နှင့် ကားများ ဖယ်ရှားရန် ၂ နည်းသာ ရှိတော့သည်။

“ဇယ်ယွီ ကားအမိုးပေါ် တက်လိုက် .. ကားအပျက်တွေနား နီးလာရင် မင်းရဲ့လေအစွမ်းနဲ့ ကားတွေကို သိမ်းကျုံးမတင်ပြီး ချောက်ထဲ ပစ်ချလိုက်”

ယွင်ချဲ့ သေချာ စဉ်းစားပြီးနောက် ပြောလေသည်။ စွမ်းအား အများအပြား သုံးထားရသဖြင့် ရေတစ်ဘူး ယူထုတ်ကာ အားပြန်ပြည့်စေရန် ရေကို အဝသောက် ပစ်လိုက်သည်။

“အင်း”

အခြေအနေကို သိသောကြောင့် ကျိုးဇယ်ယွီ မစနောက်တော့ဘဲ ပြတင်းပေါက်ကို ဆုပ်ကိုင်ကာ ကားပေါ်သို့ လျင်မြန်စွာ တက်သွားလေသည်။ ကပ်ဆိုက်ပြီးသည့် တစ်လအတွင်းတွင် သူတို့၏ အစွမ်းနှင့် စွမ်းရည်များကို လေ့ကျင့်နေခဲ့ကြပြီး ကပ်ဘေးကာလ ကုန်လွန် သွားသည့်အခါ ဟောလိဝုဒ် အက်ရှင် ဇာတ်လမ်းများပင် ရိုက်၍ ရနိုင်လောက်သည်။

“ရှန်းရွေ ဖြည်းဖြည်းမောင်း .. ဇယ်ယွီ က အဆင့် ၂ ပဲရှိသေးတော့ သေချာမထိန်းနိုင်သေးဘူး”

“အိုကေ”

ရှန်းရွေ အနောက်ကိုပင် လှည့်မကြည့်ဘဲ ဖြေလိုက်ပြီး ကားကို အရှိန်အနည်းငယ်လျော့လိုက်သည်။ အရှေ့တွင် ထိုင်နေသော ကျန့်ယာဖေးက ချွေးများ ရွှဲနှစ်နေသော ယွင်ချဲ့ကို နောက်ကြည့်မှန် မှတစ်ဆင့် တွေ့လိုက်ရသည်။ ယွင်ချဲ့မှာ ရုန်းကန်နေပုံရပြီး ကျန့်ယာဖေးသည် ယွင်ချဲ့က နှစ်သိမ့်စကားများကို မကြိုက်ကြောင်း သူမသိထား လက်သီးဆုပ်ကာ အကျိုးမဲ့ စကားများမပြောမိစေရန် စိတ်ထိန်း ထားလေသည်။

“ဆေးလိပ် သောက်ဉီးမလား”

ရုတ်တရက် လန်ယဲ့ဟန် မေးလေသည်။ သူလည်း ယွင်ချဲ့ကို ကြည့်နေခဲ့သော်ငြား မည်သူမှ ကူညီပေးနိုင်မည် မဟုတ်ပေ။

“အင်း ”

ယွင်ချဲ့ ဖြေလိုက်ပြီးနောက် တုန်ယင်နေသော လက်ဖြင့် ရေဘူးကိုယူကာ သောက်ပစ် လိုက်သည်။ ရေဘူးအလွတ်လည်း ပြုတ်ကျ သွားပြီးနောက် လန်ယဲ့ဟန်က ယွင်ချဲ့၏ ပါးစပ်နားသို့ ဆေးလိပ်တေ့ကာ မီးညှိပေးလိုက်သည်။ ယွင်ချဲ့လည်း ဆေးလိပ်ကို ဝအောင်ဖွာလိုက်ရာ သူ၏စိတ်လန်းဆန်း ပေါ့ပါးသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ဝုန်း

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အကြိမ်ပေါင်း များစွာ ကြိုးစားပြီးနောက် ကျိုးဇယ်ယွီသည် သူ၏အစွမ်းဖြင့် လမ်းတွင်ပိတ်နေသော ကားအပျက်များကို သိမ်းယူကာ ချောက်ထဲသို့ ပစ်ချနိုင်လိုက်သည်။ လမ်းကြောင်း ရှင်းသွားပြီးနောက် ကားလည်း လျင်မြန်စွာ မောင်းထွက် သွားလေသည်။

ကားမောင်းနေသော ရှန်းရွေ သည်လည်း ယွင်ချဲ့မှာ သူ၏အစွမ်းကို အချိန်ကြာကြာ မသုံးနိုင်ကြောင်းကို ရိပ်မိနေသည်။ ဖုတ်ကောင် အနည်းငယ်နှင့် တွေ့သည့်အခါ အရှိန်မလျော့တော့ဘဲ ထပ်တိုးကာ ဖုတ်ကောင်များကို တိုက်ပစ်ကာ ဖြတ်မောင်း လိုက်သည်။

မိနစ် ၃၀ ကြာပြီးနောက် ကားမှာ ဝေ့မြို့ထဲသို့ ဝင်ရောက်လာသည် နှင့်အမျှ ဖုတ်ကောင်များမှာလည်း ပို၍ပင် များပြားလာသည်။

“မြေပုံအတိုင်းဆို နောက်မီတာ ၅၀၀ ရောက်ရင် ဘယ်ဘက် ကွေ့လိုက်ရင် သံမဏိစက်ရုံနဲ့ သိပ်မဝေးတော့ဘူး .. စက်ရုံကိုမသွားခင် ယွင်ချဲ့ကို အားပြန်ပြည့်အောင် အနားပေးရင်းနဲ့ တစ်နေရာမှာ ခဏနားရအောင်”

ယန်းဟွိုင်အန်း မြေပုံကို ဂရုတစိုက် ကြည့်ကာ ခေါင်းပင်မမော့ဘဲ ပြောလေသည်။

ရှန်းရွေလည်း လန်ခရူဇာ ကားတစ်စီး ဝင်ဆံ့နိုင်သော လမ်းကို ရှာပြီးနောက် ဘယ်ဘက်သို့ကွေ့ချကာ မောင်းဝင် သွားလေသည်။ မိနစ်အနည်းငယ်ကြာ မောင်းနှင်ပြီးနောက် ဖုတ်ကောင် အနည်းငယ်သာ ရှိသော လယ်ကွင်းများကို တွေ့လိုက်ရသည်။

“ရောက်ပြီ”

စပါးကွင်း၏ ရေကာတာ အနီးသို့ ရောက်လာသောအခါ ရှန်းရွေလည်း ကားဘရိတ် နင်းလျက် ရပ်လိုက်သည်။ ထို့နောက် ကားကို ရစ်ပတ်ထားသော လေထုမှာလည်း ပျောက်ကွယ်သွားပြီး ယွင်ချဲ့လည်း မောပန်း နွမ်းနယ်ကာ ထိုင်ခုံပေါ်သို့ လဲကျသွားလေသည်။ သူ၏အဖွဲ့သားများမှာလည်း တုံ့ဆိုင်းခြင်း မရှိဘဲ တံခါးကို အမြန်ဖွင့်ကာ အနားသို့ လာနေကြသော ဖုတ်ကောင်များကို ရှင်းလင်းရန် ကားပေါ်မှ ဆင်းသွားကြလေသည်။

“ဘယ်လိုနေသေးလဲ”

ယွင်ချဲ့ကို လက်ထဲတွင် ထွေးပွေ့ထားလျက် ရှင်းဖုန်း မေးလိုက်သည်။ သူ၏ နက်ရှိုင်းသော အကြည့်ထဲတွင် စိုးရိမ်ပူပန်ခြင်းနှင့် ဂရုစိုက်လိုခြင်းများကို တွေ့မြင်ရနိုင်သည်။

“အင်း အသက်တော့ ရှိနေပါသေးတယ် … ခဏနားဉီးမယ်”

ယွင်ချဲ့လည်း အားနည်းစွာ ပြုံးပြပြီး ရှင်းဖုန်း လက်ထဲတွင်ပင် မှီလျက် မျက်လုံး မှိတ်ထားလိုက်သည်။ ထို့နောက် ရှင်းဖုန်းလည်း နေရာအနေအထားကို ပြန်ပြင်လိုက်ပြီး ယွင်ချဲ့ ခေါင်းကို သူ၏ပေါင်ပေါ်တွင် ထားကာ အိပ်စေလိုက်သည်။

“ဆရာ ဖုတ်ကောင်တွေ အများကြီးရှိနေတဲ့ ရွာတစ်ရွာတွေ့တယ် .. ဘယ်လိုလုပ်မလဲ အကုန်သတ် လိုက်ရမှာလား”

လုဟိုင်ရွှမ်း ကားပြတင်းပေါက် မှတစ်ဆင့် လှမ်းမေးလေသည်။ အဖွဲ့သားများထဲတွင် လုဟိုင်ရွှမ်း မှလွဲ၍ အခြားသူများ၏ စွမ်းအားမှာ အဆင့် ၂ သို့ ရောက်နှင့်ကြပြီး ဖြစ်သည်။ ခဏလေးအတွင်းတွင် ဖုတ်ကောင်များ အားလုံးနီးပါး သုတ်သင် ရှင်းလင်းခံလိုက်ရပြီး အခြားသူများက အမြုတေများ ယူထုတ်နေကြချိန် ယန်းဟွိုင်အန်း ပြန်လာကာ ရှင်းဖုန်း၏ ညွှန်ကြားချက်ကို လာမေးလေသည်။ ယွင်ချဲ့မှာ အလွန် အားနည်းနေသဖြင့် တစ်နာရီ နှစ်နာရီကြာအောင် အနားယူရမည် ဖြစ်ပြီး အကယ်၍ ဖုတ်ကောင်များ ရွာထဲမှအလုံးအရင်း ပြေးလာကြပါက သူတို့အခက်တွေ့ကြမည် ဖြစ်သည်။

“မလုပ်နဲ့ဉီး .. သူတို့ကို အခုရှိနေရာမှာပဲ သတိကြီးကြီးနဲ့ နားနေကြဖို့ ပြောထားလိုက် … ယွင်ချဲ့ အားပြန်ပြည့်တော့မှ စက်ရုံကို တန်းသွားကြမယ်”

အဝေးမှ ရွာတစ်ရွာကို ကြည့်ကာ ရှင်းဖုန်း ခေါင်းခါပြပြီး အသံတိုးတိုး ပြောလျက် ယွင်ချဲ့ကို ငုံ့ကြည့်လိုက်သည်။ ယခုအချိန်တွင် ဖုတ်ကောင်များကို ရှင်းလင်းခြင်းထက် ယွင်ချဲ့ အားပြည့်စေရေးက ဉီးစားပေး ဖြစ်နေသည်။

“ဟုတ်ကဲ့”

ယန်းဟွိုင်အန်း ဘာမှပြန်မပြောဘဲ လှည့်ထွက် သွားလေသည်။ ကျန်သော အဖွဲ့သားများသည်လည်း အမြုတေများ သိမ်းဆည်းပြီးနောက် ရှင်းဖုန်းတို့ကို နှောင့်ယှက်မိမည်စိုးသောကြောင့် ကားပေါ်သို့ မတက်ကြတော့ဘဲ စပါးကွင်းဘေးတွင် လူစုထိုင်ကာ အစာရေစာများ စားသောက် နေကြလေသည်။ စက်ရုံထဲတွင် မည်သည့်အရာက သူတို့အား စောင့်ကြိုနေမည်ကို မသိနိုင်သဖြင့် သူတို့တတ်နိုင်သမျှ အားပြန်အောင် လုပ်ရမည်ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ရမည်လား၊ ဒါမဟုတ် ဘာမှမဖြစ်ဘဲ အဆင်ပြေစွာ ရောက်ရှိနိုင်မည်လား။ Plan Bကို စီစဉ်ထားရမည်ဖြစ်ပြီး ထိုမှသာ သူတို့အတွက် အသက်ရှင်နိုင်ရန် အခွင့်အရေးပိုရမည်ဖြစ်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset