YMR- အခန်း ၆၆

အခန်း (၆၆)

ယွင်ချဲ့သည် လူအများ သိထားသကဲ့သို့ သဘောထားကြီးသူ မဟုတ်သဖြင့် ကျန်းရှန်၊ ယဲ့ရှင်းချန်တို့နှင့် အတူ ပြန်လာခဲ့ကြသည့်အခါ အခြားသူဆို့မှာ မှင်သက် သွားကြပြီး ယွင်ချဲ့ကို အခြား တစ်ယောက်က ရုပ်ဖျက်ဟန်ဆောင် ထားသည်ဟုပင် သံသယ ဝင်လာကြသည်။ သို့သော် ယွင်ချဲ့က ဂရုမစိုက်ဘဲ ထိုလူနှစ်ယောက်ကို ကျန့်ယာဖေး ထံသို့သာ လွှတ်ပေးလိုက်သည်။

“သူတို့မှာ မင်းလိုချင်နေတာ ရှိလို့လား”

ရှင်းဖုန်း မေးလိုက်သည်။ ချန်ချန်မှာ ဈေးထဲမှ အဖြစ်အပျက်များကို မေ့ထားလိုက်ပြီး ခြံဝင်းထဲတွင် စက်ဘီး စီးသင်နေလေသည်။

ဆိုဖာပေါ်တွင် ယွင်ချဲ့ လဲချကာ ခြေချိတ်နေလိုက်ပြီး လက်ထဲတွင်လည်း ဆေးလိပ်ကို ကိုင်ထားလေသည်။

“အင်း .. အာနိသင်မဲ့ အဆင့် ၂ အမြုတေ”

ဆေးလိပ်ငွေ့များ မှတစ်ဆင့် ရှင်းဖုန်းကို ယွင်ချဲ့ လှမ်းကြည့် လိုက်ကာ အမှန်ကို မဖုံးကွယ် ထားလိုသဖြင့် ခပ်ပြတ်ပြတ်ပင် ဖြေလိုက်သည်။ မည်သို့ပင်ဖြစ်ဖြစ် အမြုတေကို သူ့အတွက် မလိုအပ်ပေ။

သူ၏စွမ်းအားကို မြှင့်တင်ရန်အတွက် အာနိသင်မဲ့ အမြုတေများစွာကို သူလိုအပ်ခဲ့သည်။ အမြုတေများမှ စွမ်းအားကို စုပ်ယူခြင်းထက် တိုက်ခိုက်ခြင်းဖြင့် စွမ်းအား မြင့်စေသည်ကို ယွင်ချဲ့ ပို၍ လိုလားသည်။ တိုက်ခိုက်ကာ စွမ်းရည် တိုးတက်လာခြင်းက အမြုတေမှ ရရှိလာသော စွမ်းအားထက် ပို၍ သန်မာအားကောင်း ပေသည်။ ယှဉ်ပြိုင် တိုက်ခိုက်ခြင်း မရှိပါက အဆင့်မည်မျှ မြင့်မားနေပါစေ စွမ်းအားမှာ မိမိအတွက် အထောက်အကူ ဖြစ်မည် မဟုတ်ပေ။

သီအိုရီအရ အာနိသင်မဲ့ အမြုတေကို ယွင်ချဲ့ လိုအပ်သည်က မများပြားလှပေ။ သူ၏ သူငယ်ချင်း တစ်ယောက်ဖြစ်သူ လုဟိုင်ရွှမ်းမှာ တိုက်ခိုက်ခြင်းမှ သူ၏အစွမ်းကို မြှင့်တင်ပေးနိုင်မည် မဟုတ်ပေ။ လုဟိုင်ရွှမ်းမှာ သန်မာပြီး အနာတရ ဖြစ်လျှင်လည်း လျင်မြန်စွာ ပျောက်ကင်း လွယ်သည်။ ထိုစွမ်းအားရှိသူက တိုက်ခိုက်ခြင်းဖြင့် သူ၏အစွမ်းကို မည်သို့မြင့်တင် ပေးနိုင်မှာလဲ။ မည်သို့ပင်ဖြစ်ဖြစ် အမြဲတမ်း သူတစ်ယောက်တည်းသာ အရှေ့ထွက်ကာ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

လုဟိုင်ရွှမ်းမှာ အန္တရာယ်များသော စွမ်းအား ၂ ခုပိုင်ရှင်ဟုပင် သတ်မှတ်၍ ရနိုင်သည်။ အခြားသော အစွမ်းကို အမြုတေမှ စွမ်းအား စုပ်ယူကာ မြင့်တင်နေချိန်တွင် သတ္တုစွမ်းအားကို မြင့်တင်ရန် မခက်ခဲပေ။ အကယ်၍ အမြုတေ အစွမ်းကို စုပ်ယူမည် ဆိုလျှင်တောင် သူ၏စွမ်းအားမှာ လျော့နည်းသွားမည် မဟုတ်ပေ။

“အော် ဒီလိုကိုး”

ယွင်ချဲ့ ဘာကြောင့် ရုတ်တရက် သဘောကောင်း သွားသလဲဟု ရှင်းဖုန်း အံ့ဩနေချိန်တွင် အကြောင်းရင်းမှန်ကို သူသိလိုက်ရပြီ ဖြစ်သည်။

လုဟိုင်ရွှမ်း၏ အခြေအနေကို ရှင်းဖုန်းလည်း သိထားပြီး ဖြစ်သည်။ သူသေချာ လုံလောက်စွာ သိရှိထားပြီး ဖြစ်သော်လည်း လုဟိုင်ရွှမ်း၏ အစွမ်းကို သူယခုအချိန်ထိ ပြောစရာစကား မရှိသေးပေ။ တစ်နည်း ပြောရလျှင် ထိုသို့အစွမ်း ရှိနေသူမှာ အလွန် ကံမကောင်းဟု ဆိုနိုင်သည်။

“မင်းရဲ့အစ်မကို ညစာချက်ပေးဖို့ အကူအညီ တောင်းလို့ ရမလား”

ရှင်းဖုန်း အစားကြီးသည် မဟုတ်သော်လည်း အကောင်းတကာ့ အကောင်းဆုံးရှိနေသည်ဆိုလျှင် ထိုအကောင်းဆုံးသော အရာကိုသာ သူရွေးချယ်မည်။

“ကျွန်တော့်အစ်မ အဆင်ပြေတယ်ဆိုရင် ကိစ္စမရှိဘူး .. ဒါပေမယ့် လိုအပ်တဲ့ အမယ်တွေတော့ ရှာပေးရမယ်”

“ဟောင်လင်းနဲ့ မင်းအစ်မ ဘယ်သူက ပိုစွမ်းတယ်လို့ထင်လဲ .. ငါအသားတွေပေးမယ် မင်းက အသီးအရွက်ထုတ်ပေး”

“ဟောင်လင်းပဲပေါ့ တစ်ခုခု စားရမယ်ဆိုရင် ကမ္ဘာပေါ်မှာ သူလုပ်နိုင်သမျှ အကုန်လုပ်လိမ့်မယ် .. ကောင်းပြီလေ ကျွန်တော် အသီးအရွက် ထုတ်ပေးမယ်”

“မင်းပြောတာ အမှန်ပဲ … တစ်ခါတုန်းက ငါတို့တွေ တောင်အာဖရိက တောနက်ကြီးထဲမှာ မစ်ရှင်တစ်ခုရှိလို့ သွားကြတုန်းက တစ်ခုခု လွဲချော်သွားလို့ ငါတို့ရဲ့ရိက္ခာတွေကို စားလိုက်ရတယ် .. ဒါပေမယ့် ချူးဟောင်လင်းက တစ်ယောက်တည်း ထွက်ပြီး ဝံပုလွေ တစ်ကောင် ဖမ်းလာတာ … ငါတို့က ဗိုက်မဆာတော့ပေမယ့် ဖြစ်ချင်တော့ ဝံပုလွေအုပ်က ငါတို့ကို လက်စားချေဖို့ လာတိုက်ကြတော့ အဲဒီမှာတင် အသတ်ခံရတော့မလို ဖြစ်သွားကြတာ … အဲဒီတုန်းက သူ ၁၆ နှစ်ပဲရှိသေးတယ်”

“ဟားဟား … အစားနဲ့ဆိုရင် သူ့အသက်ကိုတောင် ဂရုမစိုက်တော့ပါလား”

ရှင်းဖုန်း ပြောပြသည်ကို ယွင်ချဲ့ ရယ်မောကာ ပြောလိုက်သည်။ သူတို့ စကား ပြောနေရင်းဖြင့် ညစာအတွက် မည်သည့် စားသောက်ဖွယ်ကို ပြင်ဆင်ရန် တိုင်ပင် ဆုံးဖြတ် ထားလိုက်ကြသည်။ ချူးဟောင်လင်း၏ ခမ်းနား အမှတ်ရဖွယ် အတိတ်ဖြစ်ရပ်ကို ရှင်းဖုန်း ပြောပြလေရာ ယွင်ချဲ့ အားရပါးရ ရယ်မောမိလေသည်။ ကမ္ဘာပေါ်တွင် အစားကျူး သူများစွာရှိသော်လည်း ချူးဟောင်လင်းမှာ ထိုလူများအနက် အကောင်းဆုံးသော သူတစ်ယောက်ပင်။ သူ၏ ဟေးယွီ ကဲ့သို့ အလွန် အစားကြီးလှသည်။

ယွင်ယောင်ကို အသီးအရွက်များ ပေးပြီးသည်နှင့် ယွင်ချဲ့ တစ်ဖက်အခန်းသို့ လာခဲ့လေသည်။ ရှင်းဖုန်း၏ အိမ်မှာ လူများပြားလွန်း သဖြင့် အခြားသူတို့ကို ထပ်တင်ထားရန် မလွယ်ကူသောကြောင့် ကျန်းရှန်နှင့် ယဲ့ရှင်းချန်တို့မှာ ယွင်ချဲ့၏ ဘေးအခန်းတွင် နေကြရလေသည်။

“သူဘယ်လိုနေသေးလဲ”

ယွင်ချဲ့ မေးသည်ကို ကျန့်ယာဖေး လှည့်ကြည့်ကာ …

“ကျွန်မက အနောက်တိုင်း ဆေးကိုပဲ အဓိက ရထားတော့ ပစ္စည်းကိရိယာ မပါဘဲ မဆုံးဖြတ်ရဲဘူး ဒါပေမယ့် တော်တော်ပြင်းတဲ့ အဆုတ်ရောဂါ ရထားတာလို့ ထင်တယ် .. သူဆေးသွင်းဖို့လိုတာ အစ်ကိုကူးက လိုအပ်တဲ့ ဆေးတွေ သွားယူနေတယ်”

ယခုအချိန်တွင် သူမ တတ်နိုင်သည်ကို အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။

“အင်း … အခွင့်သာရင် ဆေးပစ္စည်း ကိရိယာတွေ စုဆောင်းထားရဉီးမယ် .. မင်းနဲ့ ရှောင်ချန်က ဆေးတက်တာ အတူတူပဲ သူက ဆေးပညာကို လေ့လာရတာ ဝါသနာပါတာ .. သူနေပြန်ကောင်းလာရင် သူလေ့လာချင်တာတွေ လုပ်လို့ရအောင် ဓါတ်ခွဲခန်းတစ်ခု ဆောက်ပေးထားဉီးမယ်”

ယွင်ချဲ့ စနောက်နေခြင်း မဟုတ်ဘဲ အတည်ပြောနေခြင်းပင်။ ထိုအခန်းထဲတွင် ရှိနေသော လန်ယဲ့ဟန်လည်း ထိုစကားကို စိတ်ထဲ မှတ်ယူထားလိုက်သည်။

“သူက ကြည့်ကောင်းသားပဲ .. အဲဒါကြောင့် နာမည်ကြီးနေတာ မထူးဆန်းပါဘူး”

သန့်စင်နေပြီး ဖြစ်သော ယဲ့ရှင်းချန် လဲနေသော ခုတင်နားသို့ ယွင်ချဲ့ လျှောက်သွားကာ ကြည့်လျက် ပြောလေသည်။ မျက်လုံး မှိတ်ထားသည်တောင်မှ သူ၏ ရုပ်ရည်မှာ အလွန်ပင် ခန့်ညားနေသည်မှာ အထင်အရှားပင်။ ချို့တဲ့နေသည့် တစ်ခုတည်းသော အရာမှာ ယဲ့ရှင်းချန် မျက်နှာနီရဲနေပြီး မျက်တွင်းများလည်း ချောင်ကျနေသည့် အပြင် မကြာခဏ ချောင်းဆိုး ထားသဖြင့် နှုတ်ခမ်းသားတို့မှာလည်း အလွန်ပင် ခြောက်သွေ့ နေလေသည်။

ယွင်ချဲ့ လှည့်လိုက်ရာ ခုတင်ဘေးတွင် ထိုင်နေသော ကျန်းရှန်ကို တွေ့လိုက်သည်။ ထို့နောက် အားကစား ဝတ်စုံအသစ်တစ်စုံကို ထုတ်ကာ …

“ရေချိုးသန့်ရှင်းလိုက်ဉီး .. ငါ့အခန်းကို မညစ်ပတ်စေနဲ့”

‘မြို့မျက်နှာဖုံးလည်း ပြောသေးတယ် ငါ့ထက်တောင် စုတ်ပြတ်နေတာပဲ’

ယွင်ချဲ့ ထုတ်မပြောဘဲ စိတ်ထဲမှ တွေးလိုက်သည်။

“ဟမ် ?”

ကျန်းရှန် တွေဝေမှု အပြည့်ဖြင့် မော့ကြည့်သောကြောင့် ယွင်ချဲ့ ပြောစကားတို့ ပျောက်ဆုံး သွားရလေသည်။ ထို့နောက် ကိုယ့်နဖူးကို ပြန်ရိုက်ကာ လက်ယမ်း ပြလိုက်ပြီး …

“ရေသွားချိုးတော့ .. ယဲ့ရှင်းချန်က နေမကောင်း ဖြစ်နေတာ မင်းကိုယ်ပေါ်က ဘက်တီးရီယားတွေနဲ့ သူ့ကို ပိုဆိုးစေချင်လို့လား”

ထိုအရပ်ရှည်ရှည်နှင့် လူကို ချစ်စရာ ကောင်းသည်ဟု ယွင်ချဲ့ မသုံးနှုန်း လိုသော်လည်း တစ်ခါတစ်ရံတွင် ကျန်းရှန်မှာ ပေါတောတောနှင့် ချစ်စရာ ကောင်းလှသည်။

“အာ …”

ဘက်တီးရီးယားများက ယဲ့ရှင်းချန်ကို ထိခိုက် စေနိုင်သည်ဟု ကြားရတော့မှသာ ကျန်းရှန် တုံ့ပြန်လာသည်။ ထို့နောက် ယဲ့ရှင်းချန် လက်ကို လွှတ်ကာ အသာပြန် ထားလိုက်ပြီး ရေချိုးခန်းထဲသို့ အမြန်သွားလေသည်။

“သူတို့ကို ကုသပေးရုံပဲမလို့ တော်သေးတယ် .. ငါတို့အဖွဲ့ထဲ ဝင်ခိုင်းရင် သူတို့တော့ ထိုင်ငိုမလားမသိဘူး”

အခန်းထဲတွင် ကျန့်ယာဖေး၊ လန်ယဲ့ဟန်နှင့် လဲလျောင်းနေသော ယဲ့ရှင်းချန်တို့သာ ကျန်ခဲ့သောအချိန်တွင် ယွင်ချဲ့ သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။ ကျန်းရှန်မှာ အတတ ပုံစံပေါ်သော်လည်း ယဲ့ရှင်းချန် မှလွဲ၍ မည်သူ့ကိုမှ ဂရုစိုက်သည့်ပုံ မပေါ်ပေ။ ထိုအချက်ကပင် သူနှင့်ပြောဆိုဆက်ဆံရန် ခက်ခဲစေသည်။

ကျန့်ယာဖေး ခိုးခစ်ခစ်ရယ်ကာ ယွင်ချဲ့ကို လှည့်ကြည့်လိုက်ပြီး ….

“ဇယ်ယွီ ပြောတာမှန်တယ် .. ရှင်က အနုပညာပိုင်းကို ဘာမှမသိဘူးပဲ ကျန်းရှန် အတွက် ဒီလမ်းကြောင်းက အခက်ခဲဆုံးလို့တောင် ပြောလို့ရတယ် .. ဘယ်မီဒီယာကမှ သူ့ကို အင်တာဗျူး မဖိတ်ကြဘူး ယဲ့ရှင်းချန်နဲ့ ဘယ်လိုလုပ်ပြီး ရင်းနှီးသွားကြလဲ မပြောတတ်ဘူး”

ယနေ့ခေတ် လူငယ် အများစုမှာ အနုပညာရေးရာထဲ ဝင်လာကြပြီး လူအများ၏ အာရုံစိုက်ခံလိုကြသည်။ ယွင်ချဲ့ တစ်ယောက်တည်းက သာလျှင် ချွင်းချက် ဖြစ်နေသည်မှာ သံသယ ဖြစ်ဖွယ်ရာမရှိပေ။

“ငါတို့လည်း ကပ်မဆိုက်ခင်က အချင်းချင်း မသိခဲ့ကြဘူးလေ .. ဒါပေမယ့် သူက စကားပြောရတာ မကြိုက်ရင် သူဘယ်လိုလုပ်ပြီး သီချင်းဆို သရုပ်ဆောင်မှာလဲ .. သူက နာမည်ကြီးတယ်ဆို”

ယွင်ချဲ့ သိချင်စိတ်ပြင်းပျသည် မဟုတ်သော်လည်း ကျန်းရှန် အကြောင်းတော့ သူသိချင်မိသည်။

“ကျန်းရှန်က အဆိုတော် သရုပ်ဆောင်လို့ ဘယ်သူ ပြောတာလဲ”

“နာမည်ကျော် တစ်ယောက်က သီချင်းဆို သရုပ်ဆောင်တာက လွဲပြီး ဘာလုပ်ရလို့လဲ .. သူက သိပ္ပံသုတေသန လုပ်နိုင်လို့လား”

ယွင်ချဲ့ ခေါင်းရှုပ် သွားလေပြီ။ သူမ ဘာကို ဆိုလိုတာလဲ။

“ကျန်းရှန်က ရှင်ထင်နေတဲ့ နာမည်ကျော် မဟုတ်ဘူး။ သူက တရုတ်နိုင်ငံရဲ့ ဆယ်စုနှစ် တစ်ခုက အတော်ဆုံး ဇာတ်ညွှန်းရေး၊ တေးရေးဆရာ တစ်ယောက်လို့ လူသိများခဲ့တာ … သူက ရုပ်ရည် ချောမောတဲ့အပြင် အချိုးကျတဲ့ ခန္ဓာကိုယ်ကြောင့်လည်း တကယ့် နာမည်ကျော်စတားတွေထက် ပိုပြီး နာမည်ကြီးခဲ့တယ်”

ယွင်ချဲ့ မသိသည်ကို ကျန့်ယာဖေး သက်ပြင်းချကာ ရှင်းပြလေသည်။

များစွာသော မိန်းမအများစုမှာ ကျန်းရှန် နှင့် လက်ထပ်လိုကြပြီး သူ့အတွက် ကလေးများ မွေးပေးချင်ကြသည် အထိပင် ရည်ရွယ်နေကြသည်။ သို့သော် ယွင်ချဲ့ တစ်ယောက်တည်းသာ ထိုအကြောင်းများကို မသိပေ။

“မိုက်သလိုလိုတော့ ရှိသား .. ဒါပေမယ့် သူက အိမ်တွင်းပုန်းပဲ မလား”

ကျန့်ယာဖေး တစ်ဖန် ဆွံ့အကာ မည်သို့ ပြန်ပြောရမည်ပင် မသိတော့ပေ။ ကျန်းရှန်က ဇာတ်ညွှန်း ရေးသည့်အချိန်နှင့် သီချင်းရေးသည့် အချိန်တွင် တိတ်ဆိတ်သော နေရာတွင် နေရန် လိုအပ်သဖြင့် အိမ်ထဲတွင် အနေများသည်။ အိမ်တွင်းပုန်း ဆိုသည့် စကားမှာလည်း မမှားလှပေ။

“အင်း … အိမ်တွင်းပုန်းကလည်း ဘယ်လိုကြောင့် နာမည်ကြီး လာလဲဆိုတာ သိလာသလိုပဲ”

အားကစားဝတ်စုံ ဝတ်ကာ ရေချိုးခန်းထဲမှ ထွက်လာသော ကျန်းရှန်ကို ကြည့်လျက် ယွင်ချဲ့ ပြောလေသည်။

သူ၏ကိုယ်ပေါ်တွင် ဝတ်ထားသော ပြောင်ဝတ်စုံမှာ နိုင်ငံခြားမှ နာမည်ကြီး တံဆိပ်ဝတ်စုံဟုပင် ထင်ရသည်။ ဖြောင့်တန်းသော မျက်ခုံး၊ စူးရှသော မျက်ဝန်း ပေါ်လွင်သော နှာတံနှင့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းတို့မှာ ချောမော ခန့်ညားသော မျက်နှာကျကို ပုံဖော်ထားပြီး သွယ်လျသော ခန္ဓာကိုယ် အချိုးအစားမှာ ကျွမ်းကျင်မော်ဒယ် တစ်ယောက်ဟု ထင်မှား ရလောက်သည်။ သူ အလွန်ပင် ကြည့်ကောင်း လွန်းပေသည်။

ကျန်းရှန်မှာ ဆံပင်များ ရေစိုနေလျက်ပင် ခုတင်အနားသို့ လမ်းလျှောက် လာကာ သူ့အား ကြည့်နေကြသည်ကို ဂရုမစိုက်ဘဲ ယဲ့ရှင်းချန်၏ လက်ကိုကိုင်လျက် ထိုင်လိုက်သည်။

“ယဲ့ဟန် … ဒီလိုကျလည်း မင်းကမှ သူ့ထက် စကားပိုပြောဉီးမယ်”

ယခုဘဝတွင် သာမက အတိတ်ဘဝတွင်လည်း ယွင်ချဲ့ ယခုကဲ့သို့ လျစ်လျူရှုခြင်း မကြုံခဲ့ရဖြင့် အလွန်ပင် စိတ်ဓါတ် ကျနေမိသည်။ ကျန်းရှန်မှာ သူတို့ကို နံရံကပ် စက္ကူဟုပင် ထင်နေပုံရသည်။

လန်ယဲ့ဟန် တိတ်တဆိတ်ပင် မော့ကြည့် လိုက်သည်။ သူသည် မျက်နှာတည်ခြင်းနှင့် စကားနည်းခြင်းမှာ သူ၏ပင်ကိုဗီဇ မဟုတ်သော်လည်း ရှောင်ချန် အကြောင်း စဉ်းစား လိုက်သည့်အခါ စကားပြောလိုစိတ် မရှိတော့သဖြင့် စကားနည်းသည်ဟု ထင်ရခြင်းဖြစ်ပြီး ယွင်ချန် အကြောင်းကို မစဉ်းစားဘဲနှင့်လည်း မနေနိုင်ပေ။ ထို့ကြောင့် လန်ယဲ့ဟန် ကို စကားနည်းသော ကျောက်တုံးကြီးဟု ထင်မြင်နေကြသည်။

“ထားပါတော့ ငါတို့ ဘေးအခန်း သွားတော့မယ် … ယာဖေး ပြီးရင် ညစာစားဖို့ဆင်းလာခဲ့ .. ကျန်းရှန် မင်းရဲ့ညစာကိုတော့ ခဏနေ လာပို့ပေးလိမ့်မယ်”

ကျန်းရှန်ထံမှ တုံ့ပြန်သည်ကို မစောင့်တော့ဘဲ ယွင်ချဲ့ ပြောပြီးသည်နှင့် လန်ယဲ့ဟန် နှင့်အတူ ထွက်လာခဲ့လေသည်။ သို့သော် မထင်မှတ်စွာပင် …

“ကျေးဇူးတင်ပါတယ် !”

ကြည်လင် ပြတ်သားသော အသံကြောင့် ယွင်ချဲ့ ခြေလှမ်းများ ရပ်သွားပြီး သဘောကျစွာ ရယ်လိုက်မိသည်။ အနည်းဆုံးတော့ သူတို့မှာ နံရံကပ် စက္ကူထက် ပို၍အရေးပါ သွားပုံသဖြင့် ယွင်ချဲ့ စိတ်သက်သာရာ ရသွားသည်။

ကျောက်ယန်း အဖွဲ့အိမ်ရာများ၏ အပြင်ပန်း သွင်ပြင်မှာ တူညီကြသော်လည်း အတွင်းပိုင်း အပြင်အဆင်မှာ ကွာခြားပေသည်။ ယွင်ချဲ့မှာ ရှင်းဖုန်း၏ ဘေးအိမ်ကို ရွေးချယ်ခဲ့သဖြင့် အိမ်၏ အပြင်အဆင်မှာလည်း တစ်မူထူးခြားနေသည်။

ယွင်ချဲ့ကို အတုယူကာ ရှင်းဖုန်းသည် သူ၏အိမ်ရာ အပေါ်တွင် သံဆူးကြိုးများနှင့် ကာရံထားလေသည်။

“လယ်စိုက်တော့ မလို့လား ဖန်လုံအိမ်ကရော ဘာလုပ်ထားတာလဲ .. ရှင်းဖုန်း ဘယ်ချိန်တုန်းကများ ဒီလိုလုပ်ရတာကို ကြိုက်သွားတာလဲ”

ယွင်ချဲ့ အိမ်ရာခြံတံခါးဝ နားတွင် အရပ်ရှည်ရှည်နှင့် ပိန်သွယ်သွယ် ရုပ်ရည်ကြည့်ကောင်းသူ တစ်ယောက်က ခြံတွင်းသို့ ချောင်းကြည့်ကာ ညည်းတွားလေသည်။ ခြံဝင်းကိုကြည့်ကာ ရေရွတ်နေချိန် ယွင်ချဲ့နှင့် လန်ယဲ့ဟန်တို့ ထွက်လာကာ ထိုလူကို မြင်သည်နှင့် တွေဝေလျက် ရပ်သွားကြလေသည်။ လျှပ်တစ်ပြတ် အတွင်း ထိုလူအနောက်သို့ ယွင်ချဲ့ အမြန်ပြေးသွားကာ ထိုလူမပြေးစေရန် အနောက်တွင်ရပ်နေလိုက်သည်။

“ဝိုး ငါဘာဖမ်းမိလိုက်လဲ ကြည့်ပါဉီး … သူခိုးလား .. ကျောက်ယန်း အဖွဲ့ထဲမှာတောင် လာခိုးတာ တော်တော် အတင့်ရဲပါလား”

ရှင်းဖုန်း၏ လက်အောက် ငယ်သားများနှင့် မိသားစုများကို ယွင်ချဲ့ နှံ့စပ်စွာ သိထားပြီးဖြစ်သော်လည်း ထိုသူမှာ မျက်နှာစိမ်းတစ်ယောက်ဖြစ်နေသည်။ အကယ်၍ ထိုသူကို ယွင်ချဲ့ မသိလျှင်တောင်မှ တစ်ခါ တွေ့ဖူးပြီးသည်နှင့် ထိုသူကို လုံးဝမေ့မည် မဟုတ်ပေ။ အကယ်၍သူသာ သူခိုးမဟုတ်လျှင် မည်သူဖြစ်နိုင်မှာလဲ။

ကပ်ဘေး ဆိုက်ကပ်စဉ်တွင် လူအများမှာ ခိုးယူလုယက် လာကြတော့သည်။

“သူခိုး? ငါက? မင်းမျက်လုံး ကောင်းသေးရဲ့လား .. ငါ့ပုံစံက ဘယ်လိုလုပ်ပြီး သူခိုးဖြစ်နိုင်မှာလဲ”

ထိုသူဒေါသတကြီး အော်ကာ အသက်ရှူ မြန်လာလေသည်။ ယွင်ချဲ့ သည်လည်း …

“ဘယ်သူခိုးကများ သူက သူခိုးပါလို့ ဝန်ခံလို့လဲ .. မင်းဘာသာ ဘယ်သူဖြစ်ဖြစ် ငါစိတ်မဝင်စားဘူး မင်းကို အရင်ဖမ်းရမှာပဲ”

ထိုလူသည်လည်း သူခိုးဟု စွပ်စွဲခံရသဖြင့် အော်လိုက်လေသည်။

“သေစမ်း … ငါတို့ရန်မဖြစ်ခင် တစ်ခုခုတော့ ပြောရဉီးမယ်လေ။ ငါသူခိုးမဟုတ်ပါဘူးဆို … ငါကစစ်တပ်ကပဲ ရှင်းဖုန်းနဲ့ ပြောစရာရှိလို့ လာခဲ့တာ”

ယွင်ချဲ့က ဘာမှမပြောဘဲ တိုက်ခိုက်ရန် ပြင်နေသောကြောင့် ထိုလူက ကျိန်ဆဲလိုက်ကာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် ထုတ်ပြောလိုက်သည်။ သို့သော် ယွင်ချဲ့က ….

“စစ်တပ်ကလား ဒါဆို အရင်တိုက်ခိုက်ပြီးမှ ပြောကြတာပေါ့”

“ဘာ”

ထိုသူ ကြံရာမရတော့သဖြင့် အော်လိုက်မိသည်။ ယွင်ချဲ့ ဘာကြောင့် စစ်တပ်ကို မုန်းတီးနေရသည့်အကြောင့် ထိုသူတွေးမရ ဖြစ်နေချိန်တွင် သတိလက်လွတ် ဖြစ်နေသဖြင့် ယွင်ချဲ့က ထိုလူ၏မျက်နှာကို ထိုးနှက်လိုက်သည်။

ထိုသူ နောက်ပြန် ယိုင်သွားကာ ပြန်ထိန်းရန် မမီလိုက်သေးဘဲ ယွင်ချဲ့ ထပ်အော်လိုက်လေသည်။

“စစ်သားတစ်ယောက်ကို အပြင်ဝတ်စုံနဲ့ တွေ့ဖို့က တော်တော်ရှားတယ် .. ယဲ့ဟန် လာခဲ့လိုက် သူ့ကို ပညာပြကြရအောင်”

“သေစမ်း … မင်းတို့က ဘယ်လိုလုပ်ပြီး အဖွဲ့နဲ့ အနိုင်ကျင့်ရတာလဲ နာလိုက်တာ … မင်းတို့ရပ်ရင်ရပ် မဟုတ်ရင် ငါအစွမ်း သုံးရလိမ့်မယ်”

လန်ယဲ့ဟန်မှာ ရန်ပွဲကို မတားလိုသဖြင့် မည်သို့မှ မတုံ့ပြန်ဘဲ ယွင်ချဲ့ နှင့်အတူ ထိုသူကို ဘက်ပေါင်းစုံမှ တိုက်ခိုက်လေသည်။ အစပိုင်းတွင် ထိုလူမှာ တိုက်ခိုက်လိုခြင်း မရှိသော်လည်း ပြန်လည် တိုက်ခိုက်ချိန်တွင် သူရှုံးနိမ့်ခဲ့သည်။ မိနစ်အနည်းငယ် အကြာ ထိုလူ၏ မျက်နှာမှာလည်း ဖောယောင် သွားလေသည်။

“သူ့တစ်ယောက်တည်း အစွမ်းရှိတာကျလို့”

ယွင်ချဲ့ ပြောပြီးနောက် ရပ်လိုက်ကာ ခရမ်းနှင့် အဖြူရောင် လျှပ်စီးကို ဖန်တီးလိုက်ကာ လန်ယဲ့ဟန် သည်လည်း လက်ဖဝါး တစ်ဖက်စီပေါ်တွင် မီးဘောလုံး နှစ်လုံးကို ထုတ်လွှတ်လိုက်သည်။

ထိုလူလည်း အံ့ဩမှင်သက်လျက် ရပ်နေကာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ….

“ဟာ … မင်းတို့တွေက သားရဲတွေလို တော်တော် ရက်စက်ကြမ်းတမ်းတာပဲ”

“ကျေးဇူးပဲ … ဒါပေမယ့် ….”

“ဝမ်းယန် လား”

ယွင်ချဲ့ စကားမဆုံးခင် အချိန်တွင် ရှင်းဖုန်း အသံကို ကြားလိုက်ရသည်။ ဆူညံသံများကြားရသဖြင့် စစ်ဆေးရန် ရှင်းဖုန်း ထွက်လာကာ အနောက်မှ ကူးမင်ရွှမ်းနှင့် အခြားသူများလည်း လိုက်လာခဲ့ကြသည်။

မော့ဝမ်းယန်၏ ဖောယောင်နေသော မျက်နှာကိုကြည့်ကာ ကျန်သောသူများ ခေါင်းအသာ ငုံ့သွားကြပြီး ပခုံးများ တုန်ခါနေပုံကို ကြည့်ခြင်းဖြင့် ခိုးရယ် နေကြသည်က အထင်အရှားပင်။

“ငါ့နှယ် … ရှင်းဖုန်း .. ဒီလို အိမ်စောင့်သားရဲတွေ မင်းဘယ်က ရှာလာတာလဲ .. နာလိုက်တာ !”

မော့ဝမ်းယန် အားကုန်သုံးကာ အော်လိုက်သည်။

‘ဒီကောင်တော့ သူတို့လို ကြမ်းကြုတ်တဲ့ သူတွေကို ခေါ်ထားရင်လည်း ကြိုအသိမပေးဘူး .. ငါတော့ ကံဆိုးလိုက်တာ’

မော့ဝမ်းယန် မချိတင်ကဲဖြစ်ကာ စိတ်ထဲမှ တွေးမိလေသည်။

“အိမ်စောင့်သားရဲတဲ့ .. ဟား ဟား ဟား ”

“ဟား ဟား ဟား ….”

မရယ်မိရန် ချုပ်တီးထားကြသော သူများမှာ ချူးဟောင်လင်း ပြန်ထောက် ပြောသောစကားကြောင့် ရယ်မောမိကြကာ ရှင်းဖုန်းပင် ပြုံးသွားလေသည်။ မော့ဝမ်းယန်၏ ဖောယောင်နေသော မျက်နှာနှင့် ညိုမည်းနေသော မျက်လုံးတစ်ဖက်က သူတို့ကို အရယ် ရပ်သွားစေသည်။

အိမ်စောင့်သားရဲဟု သမုတ်ခံရသော ယွင်ချဲ့မှာ ဘာမှမဖြစ်ခဲ့သကဲ့သို့ အေးဆေး တည်ငြိမ်လျက်ပင်။ ထို့အပြင် လန်ယဲ့ဟန် အနားကပ်ကာ ရှင်းဖုန်းတို့ ထွက်လာကြသဖြင့် မော့ဝမ်းယန်ကို အနည်းငယ် ကြာအောင်ပင် ပညာမပြ လိုက်ရကြောင်းကို တီးတိုးပြောဆိုနေလိုက်သည်။

အိမ်စောင့်သားရဲကြီး မာန်ထလာလျှင် မော့ဝမ်းယန် မီတာများစွာ အကွာတွင် နေမိလိမ့်မည်။ ယွင်ချဲ့ အနားကပ်သည်ထက် အသေခံခြင်းကသာ ပို၍သက်သာ လိမ့်မည်ဟုလည်း တွေးထားလိုက်တော့သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset