အခန်း (၆၇)
မော့ဝမ်းယန်မှာ မထွက်သွားခင်အထိ မနားတမ်းပင် ကျိန်ဆဲနေပြီး အိမ်စောင့်သားရဲ ဆိုသော အကြောင်းကိုသာ အတွန့်တက် နေခဲ့သဖြင့် ယွင်ချဲ့ အပြစ်ရှိသကဲ့သို့ ခံစားမိလာသည်။ ချူးဟောင်လင်းနှင့် ကျိုးဇယ်ယွီမှာ အရယ်မရပ် ကြတော့ပေ။ နေ့စဉ်နေ့တိုင်း ဖုတ်ကောင်များနှင့် တိုက်ခိုက်ကာ အမြုတေများကို စုဆောင်း နေကြရသဖြင့် အခုကဲ့သို့ ဟာသနှင့် လွတ်လပ်စွာ ရယ်မောနိုင်သည့် အခွင့်အရေးမှာ အလွန် ရှားပါးသဖြင့် ပျော်ရွှင်ရခြင်းကို အလွန်ပင် နှစ်သက်ကြလေသည်။
မော့ဝမ်းယန်ကို သိသူများက မော့ဝမ်းယန်မှာ ပို၍ ကျိန်ဆဲလာသည့် အခါ မည်သည်ကိုမှ ဂရုမစိုက်တော့ပေ။ ကပ်ဘေး ဆိုက်စဉ်တွင် စစ်သား တစ်ယောက်အဖြစ်မှ ဗိုလ်အဖြစ်သို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသော်လည်း စစ်သား တစ်ယောက်နှင့် လုံးဝမတူဘဲ ပျင်းရိကာ တစ်ခါတစ်ရံ မထိမဲ့မြင်ပင် ပြုတတ်သည်။ အကယ်၍ မော့ဝမ်းယန်မှ တပ်မိသားစုမှ မမွေးဖွား လာခဲ့လျှင် စစ်တပ်ထဲသို့ ဝင်နိုင်လိမ့်မည် မဟုတ်ဟု ကူးမင်ရွှမ်း ပြောခဲ့ဖူးသည်။
သို့သော် ဗိုလ်ကြီးဖြစ်ရန် မထိုက်တန်ဟု တွေးမိလျှင် မှားလိမ့်မည်။ မော့ဝမ်းယန်မှာ စစ်သား တစ်ယောက်ကဲ့သို့ ပြုမူခြင်း မရှိသော်လည်း အရေးကြီး ကိစ္စရပ်များကို သူသိသည်ထက် ပို၍ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်သည်။ လွန်ခဲ့သော ၁၀ နှစ်၊ မော့ဝမ်းယန် အသက် ၁၄ နှစ်အရွယ်ကပင် စစ်တပ်ထဲသို့ ဝင်ရောက် လာခဲ့ပြီး တစ်ခါမှပင် အမှားမလုပ်ဖူးပေ။ မည်သည့် ကိစ္စမဆို ခက်ခဲသည်ဖြစ်စေ လွယ်ကူသည်ဖြစ်စေ၊ အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့သည်။
အသက်အရွယ် တူညီမှုကြောင့် ရှင်းဖုန်းကို မော့ဝမ်းယန်နှင့် နှိုင်းယှဉ်ကြပြီး ရှင်းဖုန်းက မော့ဝမ်းယန်ထက် ပို၍ သာလွန်သည်က သံသယဖြစ်ရန် မလိုပေ။ သို့သော် လူတစ်ယောက်က လူမြင်ကွင်းထဲတွင် မော့ဝမ်းယန်ကို မလေးမစား လုပ်ကာ ရှင်းဖုန်းကို မျက်နှာချို သွေးခဲ့သဖြင့် ရှင်းဖုန်းက ထိုသူကို မော့ဝမ်းယန်အား မြင်ဖူးသလားဟု မေးကာ ပညာပြပေးခဲ့သည်။ စင်စစ်ပင် လူအများမှာ မော့ဝမ်းယန် ဖော်ပြသော သူ၏ပုံစံ တချို့ကိုသာ သိကြပြီး ဖုံးကွယ် ထားသည်များကို မသိကြပေ။ ထိုအရာမှာ သူ၏ကိုယ်ရေးကိုယ်တာ အကြောင်းပင်။
ညနေစာ စားပြီးချိန်တွင် ဒုတိယအထပ် ဝရံတာနားရှိ ခုံပေါ်တွင် လဲနေသော မော့ဝမ်းယန်ကို ယွင်ချဲ့ တွေ့လိုက်သည်။
“ဝမ်းယန်က ဝေ့ခန်နဲ့ ဝမ်ဝေ့တို့နဲ့ မတူဘူး .. သူ့ကို အမြဲတော့ မကောင်းစိတ်နဲ့ မကြည့်သင့်ဘူးလေ”
ယွင်ချဲ့ ဘေးတွင် ရှင်းဖုန်း ထိုင်လိုက်ပြီး ဆေးလိပ်ကို ယူထုတ်လျက် ပြောလိုက်သည်။
“ခင်ဗျားက သူ့ကို ကာကွယ် ပေးနေတာလား”
iPadကို ကြည့်နေရာမှ ယွင်ချဲ့ လှည့်ကြည့်ကာ ပြောလေသည်။
“တစ်မျိုးမတွေးနဲ့ ငါပြောတာကို မင်းသဘောပေါက် တာပဲလေ”
မည်သည့် နေရာတွင်မဆို လူကောင်းလူဆိုး အမြဲယှဉ်တွဲလျက် ရှိနေတတ်ကြသည်။ ယွင်ချဲ့ကို ရှင်းဖုန်း အဆိုးမြင်ဝါဒီ မဖြစ်စေချင်ပေ။ စိတ်မတည်ငြိမ်လျှင် မည်သည့်အရာကိုမှ ကောင်းမွန်စွာ မခွဲခြား မဆုံးဖြတ်နိုင်တော့ပေ။
“သင်ပေးစရာ မလိုပါဘူး ကျွန်တော်လုပ်တာ ကျွန်တော်သိတယ် .. သူပြန်တဲ့အခါ သစ်သီးတွေ ထည့်ပေးလိုက်ဖို့ ကျွန်တော့် အစ်မကိုလည်း ပြောထားပြီးသား … သူကမှ အချိန်မတော်ကြီးပေါ်လာပြီးတော့ …”
လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလျက် ယွင်ချဲ့ ဆေးလိပ်တစ်လိပ် ထပ်ယူကာ မီးညှိလေသည်။ အကယ်၍ မော့ဝမ်းယန်သာ ယနေ့ နေ့လယ်မတိုင်မီ ရောက်လာခဲ့လျှင် ယခုကဲ့သို့ ရိုက်နှက်ခံရမည် မဟုတ်ပေ။ ပို၍ ကံဆိုးစေသည်မှာ စစ်တပ်က ယွင်ချဲ့ကို စိတ်ဆိုးဒေါသထွက်စေခဲ့သည့်အပြင် အနောက်တောင် အခြေစခန်း၏ ဗိုလ်ကြီး မော့ဝမ်းယန်ကို ယွင်ချဲ့ မသိသောကြောင့် ယခုကဲ့သို့ ဖြစ်သွားရခြင်းပင်။
“မင်းကတော့ မင်းကြိုက်တာ မကြိုက်တာကိုကြည့်ပြီး စိတ်ရှိရာ လုပ်နေတာပဲ .. ငါတို့နဲ့ ပူးပေါင်းပြီးရင် မင်းဘယ်လို လုပ်မလဲဆိုတာ သိချင်မိပါရဲ့”
“ဒါတော့ ခင်ဗျား စိတ်ပျက်မိမယ် ထင်တယ် .. ကျုပ်ရဲ့အဘိဓါန်မှာ ပူးပေါင်းတယ် ဆိုတာ မရှိဘူး”
“ဪ…”
ရှင်းဖုန်း ရယ်လိုက်မိသည်။ ယွင်ချဲ့၏ မာနကြီးခြင်း၊ ယုံကြည်မှု ရှိခြင်းနှင့် လျစ်လျူရှု တတ်ခြင်းတို့ကို သူနှစ်သက်မိသည်။
“ဒါနဲ့ … မင်းနဲ့ ကျိုးကျစ်ကျွင်းက ဘယ်လို ပတ်သက်တာလဲ”
ယွင်ချဲ့ မျက်နှာပေါ်မှာ အပြုံးမှာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး အေးစက်စက် အကြည့်နှင့် လှည့်ကြည့်ကာ ….
“ဘာဖြစ်လို့လဲ”
“ဒီနေ့ နေ့လယ်ကပဲ မြို့တော်က လူတွေနဲ့ ဆက်သွယ်လိုက်တော့ ကျိုး မိသားစုနဲ့ ကျိုးကျစ်ကျွင်းက ဆုငွေတွေ အများကြီး ထုတ်ပြီး လူပျောက် ရှာနေတယ်လို့ ကြားလိုက်တယ် .. ယွင်ယောင် ယွင်ချဲ့ ယွင်ချန်နဲ့ ကျိုးဇစ်ချန်တို့ကို ရှာနေတယ်လို့ ပြောပြီး မင်းတို့နဲ့ ဘယ်လို ပတ်သက်လဲ ဆိုတာတော့ မကြော်ငြာထားဘူးတဲ့ … တခြားမေးတာ မဟုတ်ပါဘူး”
ယွင်ချဲ့ တစ်ခုခု မူမမှန်ဖြစ်ကြောင်း သိလိုက်သည်နှင့် ရှင်းဖုန်း ရှင်းပြလေသည်။ ကျိုး မိသားစုက လျင်မြန်စွာ တိုးတက်ကြီးပွား လာသည် ဆိုလျှင်တောင် တစ်ခေတ် တစ်ချိန်က အရှိန်အဟုန် ကြီးမားခဲ့သော ရှင်း မိသားစုကြီးနှင့် ယှဉ်လျှင် မပြောပလောက်သဖြင့် ထိုသို့ အရေးမပါသော ကိစ္စများကို ရှင်းဖုန်း ဂရုမစိုက်ပေ။
ယွင်ချဲ့နှင့် ယွင်ယောင် အကြောင်း ပါသောကြောင့် မေးခြင်းသာဖြစ်သည်။
“ကျုပ်တို့ရှိတဲ့ နေရာကိုတော့ ခင်ဗျား မပြောခဲ့ဘူးလား”
ယွင်ချဲ့ မျက်နှာထား မပြောင်းဘဲ ဆက်မေးလေသည်။
အတိတ်ဘဝမှ ဖြစ်ရပ်အတိုင်း တစ်ဖန် ဖြစ်နေပြန်ပြီ။ ကျိုးကျစ်ကျွင်းသည် သူတို့ကိုရှာဖွေရန် စာစောင်များစွာ ထုတ်ခဲ့သဖြင့် မြို့တော်သို့ ယွင်ချဲ့ အမြန်ပြေး သွားခဲ့ပြီးနောက် အသက်ဆုံးရှုံးခဲ့ရသည်။
“ငါအဲ့လောက် မတုံးပါဘူး ဟုတ်ပြီလား။ မင်းအကြောင်းလည်း ဘယ်သူ့ကိုမှ မပြောဖူးဘူး … ဘာတွေဖြစ်လို့လဲ”
ကျိုးကျစ်ကျွင်းမှာ သူတို့မိသားစုနှင့် တစ်ခုခု ဆက်နွှယ် နေပေလိမ့်မည်။ တစ်ချိန်တည်းပင် ရှင်းဖုန်း စိတ်ထဲ အတွေးများစွာ ပေါ်လာပြီးနောက် အကြောင်းစုံကို ရိပ်မိသွားသကဲ့သို့ မျက်လုံးမှေးကာ ကြည့်လိုက်သည်။ ကျိုးဇစ်ချန် … ထိုတစ်ယောက်မှာ ချန်ချန် ဖြစ်နိုင်သည် မဟုတ်လား။ ထိုသို့ဆိုလျှင် ယွင်ယောင်မှာ ကျိုးကျစ်ကျွင်း၏ ဇနီးမယား ဖြစ်လိမ့်မည်။
ထိုသို့ တွေးမိပြီးနောက် ရှင်းဖုန်း ကိုယ့်ကိုယ်ကို သတိလက်လွတ် နိုင်လှသည်ဟု ကျိန်ဆဲနေမိသည်။ ထင်ရှားလွန်းသော သဲလွန်စကို သူဘာကြောင့် သတိမထား မိရတာလဲ။
သို့သော် သူ့ကို အပြစ်ပြော၍လည်း မရပေ။ သူတို့တွေ့ခဲ့သည် မှစ၍ ယခုအချိန်ထိ ချန်ချန် သို့မဟုတ် ဖက်တီးလေးဟု ခေါ်ခဲ့ကြသဖြင့် ကျိုးဇစ်ချန် ဖြစ်ကြောင်း မည်သူမှ မသိကြပေ။ မည်သို့ပင်ဖြစ်ဖြစ် စာစောင်ကို ဖတ်၍ ကျိုးဇစ်ချန်မှာ ကလေးတစ်ယောက် ဖြစ်ကြောင်း မည်သူမှမပြောနိုင်။
“အခုပဲ ခင်ဗျားသိသွားပြီ မဟုတ်လား”
ရှင်းဖုန်း၏ ပြောင်းလဲ သွားပုံကြောင့် အမှန်ကို သိသွားပြီဟု ယွင်ချဲ့ သိလိုက်သဖြင့် မေးလိုက်သည်။ ယွင်ချဲ့လည်း iPad ကိုချကာ အနောက်ကို မှီလိုက်ပြီး စားပွဲပေါ်တွင် ခြေနှစ်ဖက်ကို ယှက်လျက် တင်လိုက်သည်။
“ကျိုးကျစ်ကျွင်းက ကျွန်တော့်ယောက်ဖ … ချန်ချန်ရဲ့ အဖေပေါ့ .. ကျွန်တော့် မိဘတွေက ကျွန်တော့်အသက် ၁၀ နှစ်မှာ ဆုံးသွားကြတာ မမ ယွင်ယောင်က ၁၆နှစ်ပဲ ရှိသေးတယ် … ကျွန်တော်တို့ အမြွှာမောင် နှစ်ယောက်ကို ပျိုးထောင်ပေးဖို့ မမ ကျောင်းထွက် လိုက်တယ် .. ဉီးလေးက ကျွန်တော်တို့ ငယ်သေးတယ်ဆိုပြီး အဖေ အမေ ချန်ခဲ့တဲ့ အိမ်ကို မတရား သိမ်းဖို့လုပ်ပေမယ့် မမက ရွာလူကြီးတွေကို အနိမ့်ဈေးနဲ့ ရောင်းဖို့ တောင်းဆိုလိုက်တယ် .. အဘိုးအဘွားတွေက ငွေတွေယူကြမှာ စိုးလို့ မမက ကျွန်တော်တို့ကို မြို့ပေါ် ခေါ်လာခဲ့တယ် … အဲဒီကတည်း ကစပြီး ကျွန်တော်တို့တွေ မြို့မှာပဲ အခြေချလိုက်တာ။ မမက ငယ်သေးတော့ အလုပ်ကြမ်းတွေ သူမလုပ်နိုင်ဘူး .. ရတဲ့အလုပ်က လစာနည်းတော့ ညဘက် အိမ်ပြန်ရောက်ရင် လက်မှုပစ္စည်းတွေ လုပ်တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ ရှောင်ချန်ကို မြေတောင် မြှောက်ပေးခဲ့တာ … မမပြောနေကျ စကား မှတ်မိသေးတယ် ကျွန်တော်တို့ ကြီးပြင်းလာရင် မမကို ပြန်ပြီး လုပ်ကျွေးကြတဲ့အခါ မမစိတ်ချမ်းချမ်းသာသာ နေရတော့မယ်တဲ့ .. ခင်ဗျားသိလား မမက လှပပြီး အားနည်းပုံ ပေါ်ပေမယ့် သူက စိတ်ဓါတ် အသန်မာဆုံးပဲ … ကျွန်တော်တို့ အရွယ်မရောက်ခင်ဘဲ မမက သူ့ထက် ၂ နှစ်ကြီးတဲ့ ကျိုးကျစ်ကျွင်း နဲ့ တွေ့တယ်။ သူက မမကို မင်းသမီးလေး တစ်ယောက်လို ဂရုစိုက်ပေးတော့ မမကို တကယ် ချစ်တာပဲလို့ ကျွန်တော်နဲ့ ရှောင်ချန် ထင်မိခဲ့တာပေါ့ … ကျွန်တော်တို့ ညီအစ်ကို ကောလိပ် တက်ပြီးတော့ မမက သူနဲ့လက်ထပ်ဖို့ စီစဉ်လိုက်တယ် .. ကျွန်တော်နဲ့ ရှောင်ချန် ကလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်မယ်လို့ မမကို ထပ်တလဲလဲ ကတိပေးပြီး မြို့နဲ့ အလှမ်းမဝေးတဲ့ ကောလိပ်မှာပဲ တက်ဖြစ်သွားတယ် .. နောက်တော့ ကျိုးကျစ်ကျွင်း လက်ထပ်ခွင့် တောင်းတဲ့အခါမှာ မမက လက်ခံလိုက်တယ်တဲ့ … ဒါပေမယ့် …”
ယွင်ချဲ့ ပြောနေသည်ကို ရပ်လိုက်ပြီး အသက်ကိုဝအောင် ရှူလိုက်ကာ ဆေးလိပ်ကို ယူလျက် မီးညှိလိုက်သည်။ ရှင်းဖုန်းလည်း ယွင်ချဲ့ လက်ကို အသာကိုင်ရာ ယွင်ချဲ့ မရုန်းသဖြင့် လက်ချောင်းများကို ယှက်ထားလိုက်သည်။ ရှင်းဖုန်းက နှစ်သိမ့် ပေးလိုကြောင်း သိသဖြင့် ယွင်ချဲ့လည်း မရုန်းတော့ဘဲ ပြန်လည် ဆုပ်ကိုင် ထားလိုက်ပြီး ကျန်လက် တစ်ဖက်ဖြင့် ဆေးလိပ်ကိုယူကာ …
“ကျိုး မိသားစုက မြို့ထဲမှာ ချမ်းသာပြီး အင်အားလည်း ရှိတော့ ကျွန်တော်တို့လို မိဘမဲ့တွေမပြောနဲ့ အလယ်လတ် အဆင်ပြေ ကောင်းမွန်နေတဲ့ မိသားစုတွေကိုတောင် မတူမတန်သလို သဘောထားတာ … သူတို့က ကျိုးကျစ်ကျွင်းကို မမနဲ့ လက်မထပ်စေချင်ဘူး .. ကျွန်တော်တို့ကို ငွေနဲ့ဖြားယောင်းပြီး ခြိမ်းခြောက် ကြသေးတယ် .. ကျွန်တော့်အထင် အဲဒီအချိန်တုန်း ကတော့ ကျိုးကျစ်ကျွင်းက မမကို တကယ်ချစ်ခဲ့ပုံပဲ .. ဒီလောက် ဖိအားများနေတဲ့ ကြားကနေ မမနဲ့ လက်ထပ်ရဖို့ ကြိုးစားခဲ့တယ်။ လက်ထပ်ပြီးရင်လည်း မမကို သူ့မိသားစုတွေက အနိုင်ကျင့်မှာ စိုးလို့ တိုက်ခန်းတစ်ခန်း ဝယ်ပေးထားခဲ့တယ် … ဒါပေမယ့် သူက မိသားစုနဲ့ဆိုတော့ မမက သူတို့နဲ့ အဆက်အသွယ် မဖြတ်စေချင်ဘူး .. ကျိုးကျစ်ကျွင်း စစ်ထဲကနေ နားရက်ရပြီး ပြန်လာရင်တော့ ကျိုး အိမ်ရာမှာပဲ ရက်အတော်ကြာအောင် နေရတာ .. ကျိုး မိသားစုက သူ့ကို လက်ခံပေးတယ်လို့ မမ အမြဲပြောပေမယ့် အဲဒီမှာ သူက အမြဲသနားစရာ ဖြစ်နေရတာ ကျွန်တော်တို့ သိတယ် … နှစ်တွေ ကြာပြီးတော့ ချန်ချန်လည်း ရောက်လာတယ်။ ဘယ်တုန်းကလဲတော့ မသိပေမယ့် ကျိုးကျစ်ကျွင်းက သူ့မိသားစုဆီ ပြန်သွားတယ် .. မြို့တော်ကို ပြောင်းရတော့မှာ ဆိုတော့ သူက မမကိုပါ ခေါ်မလို့ စီစဉ်ထားတာ ကျိုး မိသားစုက ချန်ချန် ငယ်သေးတာကို အကြောင်းပြပြီး တပ်ထဲမှာနေထိုင်ရ ခက်ခဲမယ်လို့ ပြောပြီး မခေါ်ခိုင်းဘူး .. အဲဒီအချိန်မှာ မမကလည်း ကျွန်တော်တို့နဲ့ ဝေးရာမှာ မနေချင်တော့ ကျိုးကျစ်ကျွင်းလည်း မိသားစုကို မလွန်ဆန်နိုင်တာနဲ့ မမကိုခေါ်မယ့် ကိစ္စ လက်လျော့လိုက်တယ် … ကပ်ဘေး မဆိုက်ခင် ထိတော့ မမကို ကျိုးကျစ်ကျွင်း တကယ် ချစ်တယ်လို့ ယုံခဲ့မိတယ်”
ယွင်ချဲ့ ပြန်လည် မမွေးဖွားဘဲ အတိတ်မှ သင်ခန်းစာ မရခဲ့ပါက ထိုကဲ့သို့ ထင်နေဉီးမှာ အသေအချာပင်။ ဇနီးမယားကို ရှာရန်အတွက် လက်ကမ်းစာစောင်များ ထုတ်နေသည်က အလွန် ချစ်တတ်သော ခင်ပွန်းတစ်ယောက်နှင့် တူနေသည် မဟုတ်လား။
ယွင်ချဲ့ ဆက်၍ ပြောပြလေသည်။
“ဒါပေမယ့် သူ့ကို မမ လိုအပ်ချိန်တိုင်း သူမရှိခဲ့ဘူး။ ဆက်သွယ်လို့လည်း မရခဲ့ဘူး … အဲဒါထက် မမတို့အိမ်ကို ရောက်သွားတော့ ကျွန်တော့်ထက် အရင်ရောက်နေတဲ့ သူ့မိသားစုက တံခါး မဖွင့်ပေးသလို မမကိုလည်း တံခါးမဖွင့်ခိုင်းခဲ့ဘူး … ကျွန်တော် ရပ်နေတော့ ကျိုးကျစ်ကျွင်းရဲ့ အမေက မမကို ဆဲဆိုပြီး ခဏခဏ ရိုက်နှက်နေတာကို ကြားလိုက်ရတယ် .. ကျွန်တော့်ဆီ မမပြေးလာတော့ ချန်ချန်က မမနှိပ်စက်ခံရတဲ့ အကြောင်း ပြောပြပြီး မမရဲ့ရောင်ကိုင်းနေတဲ့ မျက်နှာကိုတွေ့တော့ သူတို့ကို ချက်ချင်းတောင် သတ်ပစ်ချင်ခဲ့တာ။ ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး .. မမက ဒီလိုကပ်ဘေးဖြစ်တာ မကြုံဖူးတော့ ကျိုး မိသားစုကို သူ့အရှေ့မှာ သတ်လိုက်ရင် တော်တော်ဒေါသထွက်သွားမှာ .. ကျိုး မိသားစုက ဘာမဟုတ်တဲ့ ဟာတွေကြောင့် မမ ကျွန်တော့်ကို မုန်းသွားမှာမျိုး မဖြစ်ချင်ဘူး။ နောက်တော့ ကျွန်တော်လည်း မမနဲ့ ချန်ချန်တို့ကို ခေါ်လာခဲ့တာ .. ယောကျ်ား တစ်ယောက်က သူ့ကိုလည်း ချစ်တယ် မိသားစုကိုလည်း ဂရုစိုက်တယ်ဆိုရင် အခုလို အရေးပေါ် အချိန်မှာ အပြေး ရောက်လာသင့်တယ် မလား … မမပြောတော့ ကပ်မဖြစ်ခင်က ကျိုးကျစ်ကျွင်းက သူ့မိသားစုကို ဆက်သွယ်ခဲ့တယ်တဲ့။ ဒါဆိုရင် မမကိုကျ ဘာလို့ မခေါ်တာလဲ .. သူ့မိန်းမနဲ့ သားကို ဖုတ်ကောင်တွေ သတ်ပစ်မှာ မစိုးရိမ်ဘူးလား မသိဘူး .. သူ့အမေကတော့ မမကို အမြဲဆဲဆိုနေပြီး ချန်ချန်ကိုလည်း တခြားလူနဲ့ ရထားတာဆိုပြီး စွပ်စွဲသေးတယ် .. ကျိုးကျစ်ကျွင်း ကလည်း သူ့မိန်းမကို ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် ဘာလို့ချစ်တယ် ပြောနေသေးလဲ .. မမဘာပဲတွေးတွေး ကျွန်တော်ကတော့ အဲဒီလိုလူကို မမနား လုံးဝ အကပ်မခံတော့ဘူး .. ကျွန်တော် အင်အားရလာပြီ ဆိုရင် မြို့တော်သွားပြီး သူတို့တင်နေတဲ့ အကြွေးတွေ ပြန်ဆပ်စေရမယ်”
ယွင်ချဲ့ စကားကို အဆုံးသတ်ပြီးချိန်တွင် သူ၏နဖူးနှင့် နားထင်နားတွင် သွေးကြောများထင်းကာ မျက်ဝန်းထဲတွင်လည်း နာကျည်း မုန်းတီးခြင်များ တောက်လောင်နေသည်။ အတိတ်ဘဝတွင် ဖြစ်ခဲ့သည့် အကြောင်းများကို မပြောပြသော်လည်း ထိုအကြောင်းရာများကို ယွင်ချဲ့ လုံးဝမမေ့ပေ။ သူ့ကိုသတ်ခဲ့သော ကျိုးထင်နှင့် ဟန်မင်ကျယ် အပါအဝင် အခြားသော ကျိုး မိသားစုဝင်များကိုလည်း လက်စား ပြန်ချေမည်ဖြစ်သည်။
“မင်းသိလား .. ငါ့ကိုကူညီပေးဖို့ ပြောရင်တော့ ငါလည်း ဝမ်းသာစွာပဲနော်”
ယွင်ချဲ့၏ ပခုံးပေါ်ကို ရှင်းဖုန်း လက်တင်ကာ စနောက်ခြင်း မရှိ တည်ကြည်စွာပြောလေသည်။
ယွင်ချဲ့ကို သိပြီးချိန်မှစ၍ ရှင်းဖုန်းသည် ယွင်ချဲ့ စကားများ၏ တစ်ဝက်ကိုသာ ယုံကြည်သော်လည်း ယခု အကြောင်းရာကိုတော့ သူအကြွင်းမဲ့ ယုံကြည်သည်။ ကျိုး မိသားစုကို လက်စားချေလိုလျှင်လည်း သူကူညီပေးမည်ဖြစ်သည်။ ယွင်ချဲ့ သူ၏လူပင်၊ ကျိုး မိသားစုက ဘယ်လိုကြောင့်များ ယွင်ချဲ့ကို အနိုင်ကျင့် ရဲရတာလဲ။
ရှင်းဖုန်း စကားတို့ကြောင့် ယွင်ချဲ့လည်း ရင်ထဲ ထိသွားကာ အဆိုးမြင် အတွေးများမှာလည်း ချက်ချင်း ပျောက်ကွယ် သွားကာ စနောက်လျက် …
“ဘယ်လို .. ခင်ဗျားက သက်တော်စောင့် သားရဲဖြစ်ချင်လို့လား”
“ဒါပေါ့ .. မင်းလိုချင်ရင် အချိန်မရွေးပဲ”
အိမ်စောင့်သားရဲနှင့် သက်တော်စောင့်သားရဲ၊ လိုက်ဖက်ညီသည့် အတွဲပင် မဟုတ်လား။
“ပြီးရော .. စဉ်းစားလိုက်ဉီးမယ်”
ယခုတစ်ကြိမ်တွင် ယွင်ချဲ့ မငြင်းတော့ပေ။ သူစနောက်နေဟန် ရှိသော်လည်း ရှင်းဖုန်းမှာ အတည်ပြော နေသဖြင့် တစ်ယောက်လက်ကို တစ်ယောက် တင်းကျပ်စွာ ဆုပ်ကိုင် ထားလိုက်သည်။
ယွင်ချဲ့ တို့စကားပြောနေစဉ် ဝရံတာထောင့်တွင် ရပ်ကာ မျက်ရည်ကျနေသော ယွင်ယောင် ရှိနေသည်ကို မသိလိုက်ကြပေ။ တစ်ဖက် အခန်းတွင် ရှိနေသော သူများအကြောင်း မေးရန် လာခဲ့ခြင်း ဖြစ်သော်လည်း ယွင်ချဲ့တို့၏ စကားကိုသာ ကြားခဲ့ရသည်။ ယွင်ချဲ့က သူမကို အမြဲစိုးရိမ် စိတ်ပူနေကြောင်း သိခဲ့ရပြီး အစ်မတစ်ယောက် အနေနှင့် သူ့ကိုမည်သို့မှ မကူညီပေးနိုင်သည့် အပြင် မောင်ဖြစ်သူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့ရသည်။ ထို့အပြင် ကျိုးကျစ်ကွျင်း ကလည်း သူမကိုမချစ်တော့သည်ကို သူမယုံကြည် လက်ခံစ ပြုလာပြီဖြစ်သည်။
ထိုညတွင်ပင် ယွင်ယောင်သည် ကျိုးကျစ်ကျွင်းနှင့် ပတ်သက်သော အရာမှန်သမျှကို ဖျက်ဆီး ပစ်လိုက်ပြီး သူမနှလုံးသားထဲရှိ မျှော်လင့်ချက်ကိုလည်း စွန့်လွှတ် လိုက်လေသည်။ သူမ၏ အချစ်နှင့် ခင်ပွန်းကို ဆုံးရှုံးခဲ့ပြီ၊ သို့သော် မောင်နှစ်ယောက်နှင့် သားလေးတစ်ယောက် ရှိနေသဖြင့် သူတို့သာလျှင် သူမဘဝ၏ ရတနာများသာ ဖြစ်ပေသည်။ ကျိုးကျစ်ကျွင်း ကတော့ သေလိုက်ပေတော့ !။
***