YMR- အခန်း ၆၁

အပိုင်း (၆၁)

“ဟဲဟဲ … ခင်ဗျား လာနောက်နေတာလား၊ ဒါမှမဟုတ် အပျော် လာပြောနေတာလား .. သူ့ကိုသတ်ပြီးတော့မှ ခင်ဗျားက ရှေ့တက်လာပြီး ဌာနမှာ လူသတ်ခွင့် မရှိဘူး ပြောနေတယ်။ ဒါပေမယ့် သူတို့ ကျုပ်ကို အသည်းအသန် တိုက်ခိုက်တုန်းက ခင်ဗျားတို့ ဘယ်ရောက်နေကြလဲ … ကိုယ့်ကိုယ်ကို ကာကွယ်တာက ဒီကာလ မတိုင်ခင် ကတည်းက ဘယ်နေရာမဆို ခွင့်ပြုထားပြီးသား .. ဘယ်တုန်းကများ ရာဇဝင် ဖြစ်သွားရတာလဲ”

ယွင်ချဲ့ မဲ့ပြုံးပြုံးကာ သူ၏စကားများမှာလည်း မုန်းတီးခြင်းများ ပြည့်နှက်နေသည်။ အကယ်၍ အခြားသူများ သူ့ကိုရန်မစခဲ့လျှင် ယွင်ချဲ့လည်း လက်ဉီးမှုယူကာ တုံ့ပြန်ခဲ့မည် မဟုတ်ပေ။ အကြောင်းပြချက်မရှိ ရန်စခဲ့သည်က ထိုသက်လတ်ပိုင်း အမျိုးသမီးကြီးပင်။ သူမ၏ အစွမ်းကြောင့် မာန်တက်နေကာ ယွင်ချဲ့ကို ပညာချင်ခဲ့သော်လည်း ယွင်ချဲ့မှာ မိမိ အနာတရ ဖြစ်မည်ကို ထိုင်စောင့်နေမည့်သူ မဟုတ်ပေ။

ကျန်းရှန်းယန်မှာ သူ၏လျှပ်စီးအစွမ်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင် သော်လည်း ယွင်ချဲ့က ပို၍ ကျွမ်းကျင်နေသဖြင့် ကျန်းရှန်းယန်၏ အစွမ်းက သူ့ကို နာကျင်စေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ မိမိထက် အစွမ်းကြီးသူကို သတ်ချင်ခဲ့သော ကျန်းရှန်းယန်၏ ရလဒ်ပင်။ အဓိကအချက်မှာ ကျန်းရှန်းယန်နှင့် သူ၏မိခင်သည် မည်သည့် အခါမှ သနားကြင်နာစိတ် မရှိသည့်အပြင် အလွန်သေးငယ်သော မကျေနပ်ချက်ကိုပင် ကြီးမားစွာ လက်တုံ့ပြန် တတ်ကြသဖြင့် အကယ်၍ ယနေ့လွှတ်ပေးလိုက်လျှင် တစ်ချိန်တွင် ထိုလွှတ်ပေး လိုက်သူမှာ ဆိုးဝါးစွာ ခံစားရလိမ့်မည်။ ရန်သူကို သနားလျှင် မိမိပင် ဒုက္ခတွင်း နက်တတ်ကြောင်း ယွင်ချဲ့ အတိတ်ဘဝမှ နားလည်ခဲ့သဖြင့် ယခုဘဝတွင် နောင်တရစေမည့် ကိစ္စများ ထပ်လုပ်တော့မည် မဟုတ်ပေ။

“မင်း … လူသတ်တာ သတ်တာပဲ .. ဒီမှာ ဘယ်သူမှ စည်းကမ်း ချိုးဖောက်ခွင့် မရှိဘူး”

ယွင်ချဲ့ကို အာသွက်လျှာသွက် ဖြစ်လိမ့်မည်ဟု တပ်ကြပ်ကြီး မထင်ထားခဲ့သဖြင့် ဒေါသဖြစ်လာကာ ညာဘက်လက်ကို မြှောက်လိုက်ပြီး အနောက်ဘက်တွင် တပ်သားများကို ရှေ့တက်လာရန် အချက်ပြ လိုက်သော်လည်း ….

“ဟင် …. ဘယ်လိုဖြစ်တာ …. အသက်ရှူလို့… မရတော့ဘူး”

“အ… ကယ်..ကယ်ကြပါ …”

လတ်တလော ဖြစ်စဉ်က တစ်ဖန် ဖြစ်ပေါ်လာကာ စစ်သားများမှာလည်း မိမိတို့လည်ပင်းများကို ကိုင်လျက် မြေပြင်ပေါ် လဲကျကုန်လေသည်။ ထိုအဖြစ်ကို မျက်မြင် တွေ့ခဲ့ကြသော လူအများမှာ အနောက် ဆုတ်သွားကြပြီး သူတို့၏ မျက်လုံးထဲတွင်လည်း အကြောက်တရားများ ပြည့်နှက် လာလေသည်။ အခြားသူ တချို့မှာ မည်သို့ ဖြစ်ပျက်နေသည်ကို ခွဲဖြာမရသဖြင့် ကြောင်အစွာ ကြည့်နေကြလေသည်။

“ပြောစမ်း ! မင်းဘာလုပ်လိုက်တာလဲ !”

ထိုတပ်ကြပ်ကြီးက ပစ္စတိုသေနတ်ကို ထုတ်လျက် ယွင်ချဲ့ကို ချိန်ရွယ် ထားလိုက်သည်။

“ခင်ဗျား နောက်နေတာလား ကျုပ်ကို ထိတောင်မထိရသေးဘဲ သူတို့ လဲကျသွားတာကို ဘာလို့ ကျုပ်ကြောင့်လို့ ထင်နေတာလဲ … ခင်ဗျားဘာသာ ဘယ်လောက်ပဲ ကိုယ်ကျင့်သိက္ခာ မှန်ကန်တဲ့ စစ်သား ဖြစ်နေပါစေ တွေ့ရာလူကို ကြုံသလို အပြစ်ပုံလို့ မရဘူးလေ ဟုတ်တယ်မလား”

ယွင်ချဲ့ မျက်မှောင်ကြုတ် ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်လာကာ တပ်ကြပ်ကို ခနဲ့ကာ ပြောလိုက်သည်။ ထိုအဖြစ်တို့ကို ကြည့်နေခဲ့သော ကျိုးဇယ်ယွီ မှာ လုဟိုင်ရွှမ်း ထံသို့ ချန်ချန်ကို ချီစေလိုက်ပြီး သူ၏ခြေတံရှည်များနှင့် လျှောက်သွားကာ …

“ရော် ! စစ်သားက လူတွေကို အနိုင်ကျင့်နေပါလား။ ငါ့ရဲ့အစ်ကိုချဲ့နဲ့ သူတို့က မိုးနဲ့မြေလို ကွာခြားနေတယ ဆိုပေမယ့်လည်း နည်းနည်းလေးမှ အနားမကပ် နိုင်ကြပါလား။ ဒီလိုနဲ့များ ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ … ဒီကအစ်ကိုကြီး .. သူ့ရဲ့ အစွမ်းလို့တော့ မပြောနဲ့နော် သူ့အစွမ်းက လျှပ်စီးဆိုတာ အားလုံး သိနေကြတာပဲ။ အခုလည်း သူအစွမ်းသုံးတာ မြင်မှမမြင်ရတာ သူ့ကြောင့်လို့ ဘယ်လို ပြောလို့ရမှာလဲ … ခင်ဗျား ရုတ်တရက် လဲကျသွားရင် ကျွန်တော့်ကို သေနတ် မချိန်ထားနဲ့နော် မဟုတ်ရင် ကျွန်တော် ဓါးစာခံ ဖြစ်သွားလိမ့်မယ်”

ကျိုးဇယ်ယွီ၏ အကြောက်အလန့် ကင်းပုံမှာ တပ်ကြပ်ကြီးကို သေနတ်မောင်း ဆွဲလုနီးပါး ဖြစ်သွားစေပြီး ပတ်ဝန်းကျင်မှ လူအများလည်း ထိုစကားကြောင့် ရယ်မော ကြလေသည်။ ကပ်ဘေး ဆိုက်ပြီးသည့် အချိန်မှစ၍ စစ်သားများမှာ နိုင်ထက်စီးနင်း လုပ်ကာ အထက်စီးဆန် လာကြသဖြင့် လူများ ဝမ်းနည်းနေသော်လည်း အာမခံရဲခဲ့ကြသဖြင့် ယခုကဲ့သို့ ပြောဆိုရဲသူ ရှိလာသောအခါ စိတ်ပေါ့ပါး သွားကြလေသည်။

“ပေါက်ကရတွေ ! ရှန်းယန် အဖွဲ့ကို မင်းတို့ တိုက်ခိုက်ကြတုန်းက ကျန်းရှန်းယန် ကလွဲလို့ အကုန်လုံး ဒီလိုတစ်ပုံစံတည်း ဖြစ်ခဲ့ကြတာ .. သူ့ကြောင့် မဟုတ်ရင် ဘယ်သူ့ လက်ချက်ဖြစ်မှာလဲ”

တပ်ကြပ်ကြီးမှာ ဒေါသတကြီး ဖြစ်ကာ လက်တစ်ဖက်တွင် သေနတ် ကိုင်ထားလျက် ကျန်တစ်ဖက်မှာ ရှန်းယန် အဖွဲ့ကို လက်ညှိုးထိုးပြပြီး သူ၏စစ်သားများကိုလည်း တစ်ဖန် လက်ညှိုးထိုးကာ ပြောလေသည်။

“ခင်ဗျားက ဒီကို ရောက်လာတာ ခဏလေးပဲ ရှိသေးတယ်၊ ဒီလူတွေ ကျုပ်ကို အနိုင်ကျင့်ကြတယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ် သေချာသိမှာလဲ … ဒါပေမယ့် ကျုပ်စဉ်းစားလို့ မရတာတစ်ခုက ဒီမိန်းမကြီးနဲ့ သူ့သားက ကျုပ်ကလေးရဲ့ သကြားလုံးကို အရှက်မရှိ လုယူချင်ပြီး ကျုပ်ကိုသတ်ဖို့ လုပ်နေတုန်းက ခင်ဗျား ဘာလို့မပေါ် လာရတာလဲ … အာ .. အစမှာတော့ ခင်ဗျားလည်း သူတို့နဲ့တစ်ဖွဲ့တည်း ဖြစ်နိုင်တယ်မလား။ ဒီလိုမဟုတ်ရင် ကျုပ်အနိုင်ဖြစ်နေတော့မှ ဘာလို့ ပေါ်လာတာလဲ … ကျုပ်မသိတာကိုတော့ သည်းခံပေးပါ။ ဒါပေမယ့် ဒုတပ်ကြပ်ကြီးက ဘယ်တုန်းကများ ရှန်းယန် အဖွဲ့ရဲ့ လူယုံတော် ဖြစ်သွားရတာလဲ … ကျုပ်နယ်ဘက်မှာ နေတုန်းက ရုပ်သံလွှင့်တွေထဲ ကြားရတာကတော့ ကျုပ်တို့နိုင်ငံရဲ့ စစ်တပ်က သူတို့နိုင်ငံနဲ့ ပြည်သူပြည်သားတွေအပေါ် သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင် နေကြတာဆို … အခုမြင်နေပုံ အရတော့ ရုပ်သံလွှင့်ကပဲ လိမ်ညာတာလား စစ်သားတွေကပဲ အကျင့်စာရိတ္တ ပျက်ပြားကုန်တာလား မသိတော့ပါဘူး”

အစပိုင်းတွင် ယွင်ချဲ့ သံသယရှိသဖြင့် တပ်ကြပ်ကို ထေ့ငေါ့ပြောဆို လှုံ့ဆွလေရာ တပ်ကြပ်ကြီးမှာ အမှန်ကို ပြောဆိုမိသည်အထိ တုံးအလိမ့်မည်ဟု ယွင်ချဲ့ မထင်ထားခဲ့ပေ။ ယွင်ချဲ့၏ စိတ်နေဟန်ထားအရ လက်တုံ့ပြန်ရန် အခွင့်အရေး ရထားလျက်နှင့် အလွယ်တကူလွှတ်ပေးမည့်သူ မဟုတ်ပေ။

“တောက် !… စစ်တပ်က အဖွဲ့ပြဿနာတွေမှာ ဝင်မစွက်ဖက်ဘူးလို့ ကြော်ငြာထားတာ မဟုတ်ဘူးလား .. သူတို့စိတ်ထဲ ရှန်းယန် တစ်ဖွဲ့ပဲ အစွမ်းရှိတယ် ထင်နေကြလား မသိဘူး”

“ရှန်းယန်က စစ်တပ်နဲ့ သဘောတူညီတာတွေ လုပ်ထားတော့ Top Ten အဖွဲ့ထဲ ဝင်ထားတာ ဘယ်ထူးဆန်းတော့မလဲ”

“ကွာ ..! ဒီကောင်တွေကို ငါသဘောမကျတာ တော်တော်ကြာပြီ”

“ဟုတ်တယ် .. စစ်တပ်က ဒါကို ဖြေရှင်းပေးသင့်တယ်။ မဟုတ်ရင် ငါတို့အဖွဲ့တွေ အကုန်ပေါင်းပြီး ဒီအခြေစိုက် စခန်းကို ပုန်ကန်မှာ”

“တောက် … ဖုတ်ကောင်တွေကြောင့် ရတက်မအေးရတဲ့ ကြားထဲ စစ်တပ်ကပါ မီးစာ ထပ်ထည့်ချင်နေတယ် … ငါတို့ဘာကိုမှ အသာတကြည် မလုပ်နိုင်တော့ဘူး စစ်တပ်က ဖြေရှင်းချက် ထုတ်ပေးသင့်တယ်”

ယွင်ချဲ့ စကားက အဖွဲ့များစွာ၏ အတွေးကို ထိရိုက် သွားစေသည်။ ကပ်ဘေး ကာလတွင် အသက်ရှင် နေထိုင်ရန် အလွန်ခက်ခဲပြီး စစ်တပ်နှင့် ဆက်နွှယ် သူများကိုသာ ဘက်လိုက်၍ အခြားသူများကို အလွယ်တကူ ရှင်းလင်း ပစ်နိုင်လေသည်။ ပြည်သူများသည်လည်း မိမိတို့ကို ထိပါးလာပါက တိတ်ဆိတ်နေပြီး ကြည့်နေတော့မည် မဟုတ်ပေ။ ထိုကိစ္စကို ဖြစ်စေခဲ့သည့် ယွင်ချဲ့မှာ ကျိုးဇယ်ယွီ နှင့်အတူ ထွက်သွားလေသည်။

“မင်းပြောတဲ့နာမည် ‘ထိပ်ဉီး’ နဲ့ပဲ စာရင်းသွင်း ထားလိုက်”

ယွင်ချဲ့ စာရွက်ကိုယူကာ ကျိုးဇယ်ယွီထံ ကမ်းပေးလိုက်ပြီး စူးစိုက်ကြည့်ကာ ပြောလေသည်။ ထူးချွန်သူ တစ်ယောက်က ရန်ရှာ တိုက်ခိုက်ခြင်းကို အမြဲကြုံတွေ့ရမည် ဖြစ်သည်။ အစပိုင်းတွင် ယွင်ချဲ့မှာ သာမန်လူ တစ်ယောက်ကဲ့သို့ နေထိုင် လိုသော်လည်း အဆင့်ရှိရှိ နေမှသာ သင့်တော်မည်ဟု မထင်ခဲ့သဖြင့် ထိုအခွင့်အရေးကို အရယူကာ အဆင့်မြင့်သူ တစ်ယောက်၏ အသွင်အပြင်ကို ပြသရမည်ဟု ယူဆလိုက်သည်။

“ရတာပေါ့”

ထိပ်ဉီးအဖွဲ့၊ ထိုအမည်နာမမှာ ကျိုးဇယ်ယွီ၏ အကြိုက် ဖြစ်သောကြောင့် တုံ့ဆိုင်းခြင်းမရှိ အမြန်ပြေး သွားလေသည်။

“ထိပ်ဉီးဆိုတဲ့ နာမည်က နာမည်ကောင်း တစ်ခုပဲ .. ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေပေမယ့် တခြားသူတွေ စိတ်ရှိတိုင်း ငါတို့ကို အနိုင်ကျင့်လို့ မရဘူး .. ဒီနေ့ဖြစ်ထားတာတွေကြောင့် စခန်းမှာ ငါတို့အဖွဲ့တော့ နာမည်ကြီး လာတော့မယ်”

ချန်ချန်ကို ချီထားလျက် လုဟိုင်ရွှမ်းမှာ ယွင်ချဲ့ကိုသာ တည်ကြည့်နေသည်။ ဘုရင်နှင့် ထိပ်ဉီးဆိုသော နာမည်များမှာ အလွန်မြင့်မားကြောင်း ခံစားမိသော်လည်း သူတို့ကို ချောင်ပိတ်ကာ အနိုင်ကျင့်ကြသဖြင့် ငြင်းခုံခြင်း မလုပ်တော့ဘဲ လူအများ၏ ဆန္ဒအတိုင်း ငြိမ်သက် နေပေးကြလိုက်သည်။ အနည်းဆုံးတော့ အနာဂတ်တွင် သူတို့ကို မည်သူမှ ရန်ပြုရဲကြတော့မည် မဟုတ်ပေ။

“ဟဲဟဲ …. နာမည်ကြီးတာကလည်း စစ်တပ် ဒါမဟုတ် အစိုးရ အဖွဲ့အစည်းတွေ အပြင် အခြားအဖွဲ့တွေရဲ့ ပစ်မှတ် ဖြစ်လာနိုင်တယ်လေ .. အခုရော ဘယ်လို ခံစားရလဲ စိတ်လှုပ်ရှားနေတာလား ကြောက်နေတာလား”

အတူလမ်းလျှောက်လာပြီး ယွင်ချဲ့မှာ ကလေးကို ချီထားလျက် ပြုံးကာ ပြောလေသည်။ သို့သော် ခန်းမထဲ ကျန်ခဲ့သော သူများမှာ ဆူပူထကြွ နေလေသည်။

“သူတို့ရဲ့ ပစ်မှတ် ဖြစ်လာပြီးရင် ဘယ်လိုတွေ ဆက်ဖြစ် လာနိုင်မှာလဲ”

လုဟိုင်ရွှမ်းလည်း တုန်လှုပ်သွားကာ သူ၏လက်နှစ်ဖက်ကို ခေါင်းအနောက်တွင် ချိတ်ထားလိုက်သည်။

“အခြားအဖွဲ့တွေရဲ့ ပစ်မှတ်ထား ခံရပြီဆိုရင် ငါတို့ဘယ်သွားသွား နိုင်ငံရဲ့ ရတနာလို တန်ဖိုးထား ခံရလိမ့်မယ် .. စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်သွားခဲ့ရင် စစ်တပ်အတွက် အသုံးဝင်မယ့် သူကိုပဲ ရှာဖွေလိုက်ပြီး အဲဒီလူက ဘယ်တော့မှ လွတ်လပ်မှု ခံစားရမှာ မဟုတ်တော့ဘူး။ ငါတို့တွေ ရှုံးနိမ့်ပြီး အသက်ဆုံးရှုံးရတဲ့ အထိ တာဝန်တွေကို မနားတမ်း လုပ်နေရတော့မှာ … အဖွဲ့အစည်းတွေကိုတော့ ငါပြောနေစရာတောင် မလိုဘူး။ သူတို့အတွက် ငါတို့က ပါမွှားသားကောင် သာသာပဲရှိတာ ငါတို့အဖမ်းခံရပြီ ဆိုတာနဲ့ တစ်နှစ်ပတ်လုံး စမ်းသပ် စားပွဲပေါ်မှာ ချုပ်နှောင် ခံထားရပြီး နေ့နေ့ညည ခွဲစိတ်ခံနေရမယ့်အပြင် သွေးတွေလည်း အများကြီး ယူထုတ်ကြလိမ့်မယ်”

ထိုစကားမှာ ဟာသများ ပြည့်နေသော်လည်း လုဟိုင်ရွှမ်းမှာ အဖွဲ့အစည်း တစ်ခုသို့ ရောက်ခဲ့ဖူးသောကြောင့် ယွင်ချဲ့ အမှန်အတိုင်း ပြောနေသည်ဟု သူယုံကြည်သည်။

“ကြောက်စရာကြီး … ချန်ချန်ရော ကြောက်လား”

လုဟိုင်ရွှမ်း ကောင်းကင်ကို ကြည့်လျက် သက်ပြင်းချကာ မျက်လုံးကိုမှေးကာ ချန်ချန်ကို မေးလိုက်သည်။ ထိုကလေးမှာ သူတို့ထက်ပင် ပို၍ သန်မာနေသည်။ သူ၏စိတ်ထဲတွင် လူတစ်ယောက်က လူဆိုးဖြစ်သည်ဟု မှတ်လိုက်လျှင် ထိုသူကို တန်ပြန် ရင်ဆိုင်ရန် မကြောက်တတ်ပေ။ တစ်ခါတရံ သူ၏သတ္တိကို လုဟိုင်ရွှမ်း အားကျမိသည်။

“မကြောက်ဘူး .. ဉီးဉီးက သားနဲ့ ဉီးလေးလု တို့ကို ကာကွယ်ပေးမှာလေ”

မျှော်လင့်ထားသကဲ့သို့ ထိုကလေးမှာ ယွင်ချဲ့ကို သူ၏နှလုံးသား နှင့်အမျှ ယုံကြည်အားကိုးသည့်အပြင် ယွင်ချဲ့၏ ကာကွယ်မှု အရိပ်အောက်တွင် လုဟိုင်ရွှမ်းလည်း နေရာပေးရန် လုံးဝမမေ့

“အာ … ဉီးလေးလုကို သားရဲ့ဉီးဉီး ကာကွယ်ပေးစရာ မလိုပါဘူး .. ဉီးဉီးက သန်မာအောင်ကြိုးစားပြီး သားကို အမြဲတမ်း ကာကွယ် ပေးနေမှာလေ”

ချန်ချန်၏ ပါးဖောင်းဖောင်းလေးကို အသာဖျစ်ညှစ်ကာ လုဟိုင်ရွှမ်း ချိုသာစွာ ပြောလေသည်။ အခြားသူများ မည်သို့ ထင်မြင်ကြပါစေ ကိုယ်ကိုယ့်ကို သန်မာရန် စွမ်းအား မြင့်ရန်အတွက် ကြိုးစားရမည် ဖြစ်သည်။ လူတစ်ယောက်က အလွန် စွမ်းအားကြီးနေလျှင် ထိုသူကို မည်သူကမှ မနာလိုဝန်တို မဖြစ်ရဲကြသည့်အပြင် မည်သူကမှလည်း ရန်မစရဲကြပေ။

“ဟုတ်ကဲ့”

ချန်ချန် သည်လည်း ယွင်ချဲ့ကို ယုံကြည်သကဲ့သို့ လုဟိုင်ရွှမ်းကိုလည်း ယုံကြည်လေသည်။

“အစ်ကို ချဲ့ .. စာရင်းသွင်းပြီးပြီ .. စာရင်းသွင်းထားတဲ့ အဖွဲ့သစ်က တရားဝင်အဖွဲ့ ဖြစ်ဖို့အတွက် တာဝန်တစ်ခုတော့ ပြီးအောင် လုပ်ရမယ်တဲ့ … ငါတော့ အဆင့်နိမ့် ဖုတ်ကောင်တွေရဲ့ အမြုတေ ၁၀၀ကို စုဖို့ ရွေးခဲ့တယ် ဆုကြေးက ၂ ကီလိုခွဲ ဆန်အိတ်တဲ့ အမယ်လေး …”

သူတို့အနောက်မှ ကျိုးဇယ်ယွီ အမီလိုက်လာကာ စာရွက်ကို ယွင်ချဲ့ထံ တာဝန်အတွက် လက်မှတ်ထိုးရန် ကမ်းပေးလိုက်သည်။ အဆင့်နိမ့် အမြုတေ ၁၀၀ စုရသည်မှာ အဆင့်နိမ့်သော ဖုတ်ကောင် ၁၀၀ ကို သတ်ရမည်ဖြစ်ပြီး အလဲအလှယ် အနေနှင့် ၂ ကီလိုခွဲသာ ရှိသော ဆန်အိတ်ကိုရမည် ဖြစ်သည်။

“အမြုတေတွေက ငါတို့အတွက်တောင် မလောက်တာ .. ဘာလို့ ဒါကို ရွေးလိုက်တာလဲ”

ယွင်ချဲ့ မျက်မှောင်ကြုတ်ကာ မေးလေသည်။ အမြုတေ ၁၀၀ ကို ဘာမဟုတ်သော အကြောင်းကြောင့်နှင့် သူမလဲနိုင်ပေ။ ကျိုးဇယ်ယွီမှာ အလွန် ဖြုန်းတီးနိုင်သူပင်၊ အမြုတေ ၁၀၀မှာ ယွင်ချန် အတွက် နေ့တစ်ဝက်ကျော်ပင် အသုံးတည့်နိုင်သည်။

“ငါတို့တွေ နယ်မြို့ကို သွားကြတော့မှာပဲလေ .. အမြုတေ စုဆောင်းတာက အလွယ်ဆုံးနည်းပဲ ဆိုတော့ မနက်ဖြန်ကို ငါရယ် ယဲ့ဟန် .. ဟိုင်ရွှမ်း တို့နဲ့ အတူသွားရင် အမြန်ရနိုင်တာပဲကို”

ကျိုးဇယ်ယွီက ရိုးအစွာ ရှင်းပြလေသည်။ အမြုတေက သူတို့အရေးတာကို သူဘာကြောင့် မသိရတာလဲ။

“ထားလိုက်တော့ .. မင်းက ယုံကြည်လို့တောင် မရဘူး”

ကျိုးဇယ်ယွီ အပြစ်မဟုတ်မှန်း သိသော်လည်း ယွင်ချဲ့ စနောက်ကာ ဆူပူလိုက်သည်ကို ကျိုးဇယ်ယွီက အမှားလုပ်မိသည်ဟု ထင်ကာ မျက်ရည်ကျလုမတတ် ဖြစ်လာသည်။

“ဉီးဉီး လည်လည်သွားမယ် … သား လည်လည်ထွက်ချင်တယ်”

ကားပါကင်နေရာသို့ သွားတော့မည်ကို သိလိုက်သောအခါ ချန်ချန်မှာ ယွင်ချဲ့က အပြင်လိုက်ပို့မည်ဟု ပြောခဲ့သည်ကို မှတ်မိသွားကာ ဂျီကျလေသည်။

“သိပါတယ် .. ကားထဲမှာ တစ်ခုခုသွားယူမယ်လေ”

“ဪ”

ချန်ချန် ရုတ်တရက် ငြိမ်ကျသွားသဖြင့် ယွင်ချဲ့ သဘောကျစွာ ရယ်မိလေသည်။ ဖြူစင်သော ကလေးတစ်ယောက်၏ မျက်ဝန်းများမှာ လမ်းသွားလမ်းလာများကို ကြည့်နေပြီး စိတ်လှုပ်ရှားမှုများလည်း ပြည့်နှက်နေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset