အခန်း (၆၀)
“ဝါး ..!”
“အမေ ..”
အဖြစ်အပျက်တို့ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် ထိုကလေး အလန့်တကြား ဖြစ်ကာ ကြမ်းပြင်ပေါ် ထိုင်ကျသွားပြီး အော်ငိုလေရာ ဘောင်းဘီမှာလည်း စိုရွှဲသွားလေသည်။ ရပ်ကြည့်နေသော သားဖြစ်သူလည်း အမြန်ပြေးလာကာ အထိတ်တလန့်နှင့် သူ၏အမေကို ပွေ့ဖက်လျက် …
“အမေ .. အမေ .. တောင့်ထားဦးနော် တစ်ယောက်ယောက်ကိုခေါ်…”
“ဒေါ်လေးကျန်း ရရဲ့လား ဒေါ်လေးကျန်း ..”
“ဒေါ်လေးကျန်း…”
လူ ၄ယောက် ၅ယောက် အမြန်ပြေးလာကာ သူတို့နှစ်ယောက် ဘေးတွင် ထိုင်လိုက်သည်။ သူမကို စိုးရိမ်နေပုံရပြီး ကြောက်လန့်စွာ ထိုင်ငိုနေသော ကလေးကို ဂရုမစိုက်ကြပေ။
“သတ် အဲဒီကောင်ကို သတ်ပေး .. နင်က ကောင်းကျိုးမပေးတဲ့ သားပဲ အား…”
နာကျင်လွန်းသဖြင့် သတိမေ့မတတ် ဖြစ်နေသော်လည်း သူမ၏သားကို အခြား လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ ယွင်ချဲ့ကို အပိုင်းပိုင်း ခုတ်သတ်ချင်နေသော အမျက်ဒေါသများနှင့် ကြည့်နေသည်။
“အမေ..”
အမေဖြစ်သူ၏ ဒဏ်ရာကိုကြည့်ကာ ထိုသူမျက်လုံးများ နီရဲလာလေသည်။ ငိုချင်၍မဟုတ်၊ အမျက် ထွက်နေခြင်းကြောင့်ပင်။ သူ၏အမေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူမ၏လက်ကို ဖြတ်ပစ်ပြီးနောက် ယွင်ချဲ့ ဘာကြောင့် နှုတ်ဆိတ် နေနိုင်ရတာလဲ။ သူသည် အနောက်တောင် စခန်းဌာန၏ Top Ten အဖွဲ့ထဲမှ တစ်ခုဖြစ်သော ရှန်းယန် အဖွဲ့၏ ခေါင်းဆောင်ပင်။ သူသာ မည်သို့မှ မလုပ်ဘဲ ငြိမ်ခံနေလျှင် သူ၏အဖွဲ့ အတွက် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
“အမေ့ကို ကြည့်ပေးထားပါဦး”
ကျန်းရှန်းယန် တွေးလိုက်ပြီးနောက် မျက်နှာမှာ ပြောင်းလဲ သွားလေသည်။ အမေဖြစ်သူကို အခြားတစ်ယောက်အား စောင့်ကြည့်စေပြီး ကျန်းရှန်းယန် ထရပ်လိုက်သည်။
“မင်းက ငါ့အမေကို နာကျင်အောင် လုပ်တယ်ပေါ့လေ .. မင်းတော့ သေနေ့စေ့ပြီပဲ”
ရုတ်တရက်ပင် ကြက်သီးထဖွယ် ကောင်းသော ငွေရောင် လျှပ်စီးတစ်ခု ယွင်ချဲ့ ထံသို့ ဉီးတည်လာသည်။ ကြည့်နေသူများက ယွင်ချဲ့ သေတော့မည်ဟု တွေးနေကြလေသည်။ စွမ်းအားကြီးသည့် မိုးကြိုးအစွမ်း ပိုင်ဆိုင်ထားသော ကျန်းရှန်းယန်ကြောင့် ရှန်းယန် အဖွဲ့မှာ ရာချီသော အဖွဲ့များကို ကျော်ကာ ထိပ်ဆုံးသို့ ရောက်နေခြင်း ဖြစ်သည်။
“ငါ့အရှေ့မှာ မိုးကြိုးစွမ်းအား သုံးရလောက်အောင် မင်းက တော်တော် တုံးတာပဲ”
ရပ်နေသည့် နေရာမှ အနည်းငယ်ပင် မရွေ့သော ယွင်ချဲ့ကို တွေ့လိုက်ရပြီးနောက် ခန်းမထဲရှိ သူများ အံ့အားသင့် ကုန်လေသည်။ ထိုစကားပြော နေချိန်တွင် မိုးကြိုးမှာ သူ၏အရှေ့တွင် ရှိပြီး ယွင်ချဲ့ လက်ကို အသာဝှေ့လိုက်ရာ မိုးကြိုးမှာလည်း ရုတ်ခြည်း ပျောက်ကွယ် သွားလေသည်။
“ဘယ်လို …!”
“မဖြစ်နိုင်တာ ! မင်းဘာလုပ် လိုက်တာလဲ”
ခန်းမထဲရှိသူများ မှင်သက် ကုန်ကြပြီး ကျန်းရှန်းယန်မှာ ဒေါသကြောင့် မျက်လုံးများ ပို၍နီရဲလာသည်။ ထိုအစွမ်း ရပြီးနောက် သူအလွန် အားကြီးလာကာ ဖုတ်ကောင်များမှာလည်း သူ၏အစွမ်းကြောင့် သေကြေခဲ့ရပြီး တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။ ယခုတစ်ကြိမ်တွင် ပျော့ညံ့သည့် ဟန်ရှိသော လူတစ်ယောက်က ထိုအစွမ်းကို ပျောက်ကွယ် သွားအောင် အသာလေး လုပ်သွားနိုင်ခဲ့သည်။ သူတို့နှစ်ဉီး၏ အစွမ်းက ညီတူညီမျှ ရှိကြောင်းကို မည်သူမှ လက်မခံနိုင်ကြပေ။
“ကျွတ် … သနားစရာ ကောင်းလိုက်တာ မိုးကြိုးအစွမ်း ပိုင်တဲ့သူက အစ်ကိုချဲ့ ရှေ့မှာ မိုးကြိုးနဲ့ လာကစားနေတယ်ပေါ့လေ။ ကိုယ့်ဒုက္ခကိုယ် ရှာနေတာပဲ”
အံ့သြမှင်သက် နေကြသူများကို လျစ်လျူရှုကာ ကျိုးဇယ်ယွီ ပြောလေသည်။
“အစ်ကိုချဲ့က မိုးကြိုးမှာ ဆရာတစ်ဆူပဲကို”
“ဟုတ်တယ် သူကတော့ ဒုက္ခရောက်ပြီ”
ဒီတစ်ခေါက်တွင် ကျိုးဇယ်ယွီ စကားကို လုဟိုင်ရွှမ်း ထောက်ခံလေသည်။ ဓာတ်ကြီးငါးပါး အစွမ်းများနှင့် ယှဉ်လျှင် မိုးကြိုးလျှပ်စီး စွမ်းအားမှာ အလွန်ရှားသည်။ လူတစ်သန်းအနက် တစ်ယောက်ထဲတွင်သာ တွေ့နိုင်သော အလင်းစွမ်းအားနှင့် ယှဉ်လျှင် ရှားပါးခြင်း မဟုတ်သော်လည်း မိုးကြိုးအစွမ်း ပိုင်သူမှာ အလွန်နည်းသဖြင့် ကျန်းရှန်းယန်ကို ထိုလူများအနက်မှ တစ်ယောက်ဟု မထင်ထားခဲ့ပေ။
“ငါမျှမျှတတပဲ ကစားမယ် … မင်းအလှည့်ပြီးပြီ ဆိုတော့ အခုငါ့အလှည့်ပဲ”
မီးလောင်ရာ လေပင့်နေသော ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းကို ယွင်ချဲ့ တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းရှန်းယန် ကိုကြည့်ကာ လက်ကို မြှောက်လိုက်ပြီး လျှပ်စီး အလိမ်ကကောက်ကို ဖန်တီးလိုက်သည်။ ထိုအရာမှာ ကြီးမားသော သတ္တဝါပုံစံသို့ ပြောင်းသွားပြီး ခန်းမ တစ်ခုလုံးကို သူ၏အစွမ်းများ ပြည့်နှက် သွားစေသည်။
“သေစမ်း ! ဒီကောင်လည်း မိုးကြိုးအစွမ်း ပိုင်တာပဲဟ”
“ဘယ်လိုဖြစ်ပြီး မိုးကြိုးအစွမ်းက တွေ့ဖို့ လွယ်လာရတာလဲ”
“မဟုတ်ဘူး ..သူ့အစွမ်းက ရှင်းယန် ထက်တောင် ပိုသန့်စင်ပြီး ကြောက်ဖို့ ကောင်းတယ် ငါတောင် အားငယ်လာပြီ”
“သူကြည့်ကောင်း နေတာလည်း မပြောနဲ့လေ ဒီလိုအစွမ်းမျိုး ပိုင်ထားတာကို”
“လူထူးဆန်း သူက မယုံနိုင်စရာ ကောင်းတဲ့ လူထူးဆန်းပဲ”
ဘေးပတ်ပတ်လည်မှ ကြည့်နေသူများ ယွင်ချဲ့ အစွမ်းကို အံ့အားသင့်ကြလျက် အမျိုးမျိုး မှတ်ချက် ပေးနေကြသည်။ ကပ်ဘေး ဆိုက်နေသော ယခုအချိန်တွင် စွမ်းအားကြီး သူကို မနာလို ဝန်တိုဖြစ်နေခြင်းက အန္တရာယ် ဖြစ်စေရုံကလွဲ၍ မည်သို့မှ ဖြစ်စေမည် မဟုတ်။ စွမ်းအားက ကြီးစိုးနေသော ကာလဖြစ်သောကြောင့် အင်အားကြီး သူကို လေးစားရမည်။
“ဟင့်အင်း ငါတို့အတူ တိုက်ခိုက်ကြစို့”
ကျန်းရှန်းယန် ခံစားချက်တွေ ပြင်းထန်နေပြီး လျှပ်စီး ပတ်လမ်းမှာလည်း စွမ်းအားကြီး လာသည်နှင့်အမျှ သူ၏အဖွဲ့ဝင်များကို အကူအညီ တောင်းသဖြင့် လူအများကလည်း တန်ပြန် တိုက်ခိုက်ရန် ကျန်းရှန်းယန် ဘေးသို့ ရောက်လာကြသည်။ ယွင်ချဲ့၏ စွမ်းအားကို ကြောက်ကြသော်လည်း ယွင်ချဲ့ကို ရန်စပြီးလျှင် တန်ပြန် တိုက်ခိုက်ရုံ မှတစ်ပါး အခြားမရှိတော့ပေ။ မဟုတ်လျှင် သူတို့ သေကျေ ကြရလိမ့်မည်။
ထိုလူ ၆ ယောက်ကို ယွင်ချဲ့ ကြည့်ကာ လှောင်ပြုံး ပြုံးလျက် ကြောက်ရွံ့ခြင်းမရှိစွာ လက်ကို မြှောက်လျက် အစွမ်းကြီးမားသော မြွေသဏ္ဌာန် လျှပ်စီးများကို ထိုလူများသို့ ပစ်လွှတ်လိုက်သည်။
“သူတို့တိုက်ကြ !”
ရှန်းယန် ဦးဆောင်သော အဖွဲ့မှာ ယွင်ချဲ့ကို တန်ပြန် ခုခံရန် ကြိုးစားကြလိုက်သော်လည်း ….
“အား !”
“ဘာဖြစ်တာလဲ ငါအသက်ရှူလို့ မရတော့ဘူး”
ထူးဆန်းသည်က ကျန်းရှန်းယန် မှလွဲ၍ ကျန်သော ၅ ယောက်ကို တစ်ခုခုက သူတို့ကို လည်ပင်း ညှစ်ထားသကဲ့သို့ မျက်နှာများ နီရဲလာကာ လက်များက သူတို့၏ လည်ပင်းများကို ကိုင်ထားကြသည်။
“မင်းတို့တွေ … တောက် !”
ဘုန်း
“အား !”
ကျန်းရှန်းယန် အလန့်တကြား အော်လိုက်ပြီး မည်သို့ ဖြစ်သွားသည်ကို မသိလိုက်ချိန်တွင် ထိုလျှပ်စီးများက သူတို့ထံသို့ နီးကပ် လာလေသည်။ ကျန်းရှန်းယန် အသတ်ခံရတော့မည့် အချိန်တွင် ဘေးမှလူ တစ်ယောက်ကို ဆွဲကာ အကာအဖြစ် သုံးလိုက်သောကြောင့် ကံမကောင်းသော ထိုသူမှာ အော်ရုံသာ တတ်နိုင်ပြီး ရုတ်ခြည်း ပျောက်ကွယ် သွားလေသည်။ အနောက်တွင် ရှိနေသော ကျန်းရှန်းယန် ပင်လျှင် အစွမ်းကြောင့် မီတာများစွာ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများလည်း စီးကျလျက်ပင်။
“မင်း”
မည်သူမှ မသိလိုက်ချိန်တွင် ကျန်းရှန်းယန် အနားသို့ ယွင်ချဲ့ အမြန် ရောက်သွားကာ လည်ပင်းပေါ်တွင် ဓါးနှင့် ထောက်ထား လိုက်သည်။ ကျန်းရှန်းယန် မျက်လုံး ဖွင့်လိုက်ပြီး အမျက်ဒေါသ အစား အကြောက်တရားဖြင့်သာ ယွင်ချဲ့ကို ကြည့်လိုက်သည်။
“မင်း..မင်း .. ငါ..ငါ့ကို သတ်လို့မရဘူး”
သေတော့မည် ဆိုသည်မှာ သေချာနေသဖြင့် ကျန်းရှန်းယန် အားကုန်သုံးကာ အော်ပြောလေသည်။ သူ့ထက် အင်အားကြီးသည်ဟု မထင်ရသော သူ၏လက်တွင် သေရတော့မည်ကို ကျန်းရှန်းယန် မယုံကြည်နိုင် ဖြစ်နေသည်။
“စိတ်ဝင်စားစရာပဲ”
ယွင်ချဲ လက်ထဲတွင် ဓါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ …
“မင်းကငါ့ကို သတ်လို့ရပြီး ငါကတော့ မရဘူးပေါ့ .. ဒီလိုဥပဒေမျိုး ဘယ်သူ ထုတ်ထားတာလဲ”
သူသာ အားနည်းသူဆိုလျှင် ယခုအချိန်ထိ အသက်ရှင် နေဉီးမည် မဟုတ်ပေ။
“ငါ ….”
“ဘာဖြစ်တာလဲ ဌာနမှာ ဘယ်သူ ပြဿနာ ရှာနေတာလဲ”
ယွင်ချဲ့ အကြည့်များကြောင့် ကျန်းရှန်းယန် အလန့်တကြားနှင့် အနီးအနားရှိ သူများကို အကူအညီ တောင်းသော်လည်း သူလူတစ်ယောက်ကို စတေးလိုက်သော အပြုအမူကြောင့် သူ၏အဖွဲ့ဝင်များ အပါအဝင် မည်သူမှ မကူညီကြပေ။ မည်သူမှ မကူညီပေးသောကြောင့် ကင်းလှည့်နေသော စစ်သားများကို တွေ့လိုက်ရာ ကျန်းရှန်းယန် မျှော်လင့်တကြီး ဖြစ်သွားသည်။
“ကယ်ပါဦး ဒီအရူး ကျွန်တော့် အဖွဲ့သားတွေကို သတ်ပြီး အခု ကျွန်တော့်ကိုပါ သတ်ဖို့ လုပ်နေတယ်”
စည်းကမ်းအရ လူတစ်ယောက် သေသည်အထိ ဌာနချုပ်က ဘယ်ကိစ္စကိုမှ ဝင်မပါပေ။
“မသေချင်ဘူးပေါ့ ဟမ်”
“ဟာ ဟေ့ကောင်လေး ရပ်လိုက် !”
“ဘာကြောင့် ရပ်ရမှာလဲ”
“အား !”
အရာအားလုံး တစ်ခဏအတွင်း လျင်မြန်စွာ ဖြစ်ပျက် သွားခဲ့သည်။ စစ်သားများက ညှိနှိုင်းခြင်း မဟုတ်ဘဲ ယွင်ချဲ့၏ ဒေါသကို တိုးအောင် လုပ်လိုက် သကဲ့သို့ပင်။ ယွင်ချဲ့မှာ သူ၏ဓားနှင့် ကျန်းရှန်းယန်၏ ကိုယ်ပေါ်တွင် ထောက်ထားလိုက်ပြီး ကင်းအဖွဲ့မှ တပ်ကြပ်က တားရန် ကြိုးစား လိုက်သော်လည်း ယွင်ချဲ့သည် ကျန်းရှန်းယန်၏ နှလုံးတည့်တည့်ကို ထိုးစိုက်ကာ ကြမ်းပြင်ပေါ် လှဲချလိုက်ရာ ကျန်းရှန်းယန်၏ အော်သံ ထွက်ပေါ်လာပြီး စက္ကန့်ပိုင်း အတွင်းပင် ကြမ်းပြင်မှာ သွေးများဖြင့် ဖုံးလွှမ်း သွားလေသည်။ ကျန်းရှန်းယန် မျက်နှာမဲ့နေပြီး မျက်လုံးမှာလည်း အပြူးသား ဖြစ်နေပုံ သူမသေချင်သေးကြောင်း ပြောနေသကဲ့သို့ပင်။ သို့သော် လူသေတစ်ယောက် ဖြစ်သွားခဲ့သဖြင့် မည်သို့မှ မတတ်နိုင်တော့ပေ။
ခန်းမ တစ်ခုလုံးကို တိတ်ဆိတ်မှုက လွှမ်းခြုံသွားပြီး ယွင်ချဲ့ ဓါးကို ပြန်ထုတ်လိုက်သည့် အသံက အားလုံးကို ထိတ်လန့် သွားစေခဲ့သည်။ သူတို့အားလုံး အသက်ပေါင်း များစွာကို သတ်ခဲ့ပြီးသော်လည်း သွေးနံ့ကြောင့် ကြောက်ဒူး တုန်နေကြသည်။
“ဟာကွာ မင်းတော့ တကယ့်ကောင်ပဲ”
တိတ်ဆိတ်နေသော အခန်းထဲတွင် ကျယ်လောင် ပြတ်သားနေသော အသံကြောင့် လူများမှာလည်း အာရုံစုစည်း လာကြလေသည်။ ကြမ်းပြင်ပေါ်မှ အလောင်းနှင့် စစ်သားများရှေ့တွင်ပင် တည်ငြိမ်နေသော ယွင်ချဲ့ကို ကြည့်ကာ မည်သို့ ဖြစ်ပျက် သွားသည်ကို နားလည် လိုက်ကြသည်။ သူလုပ်လိုက်ပြီ၊ ကင်းတပ်များရှေ့နှင့် လူအများ မျက်မြင် ရှေ့မှောက်တွင် သူ ကျန်းရှန်းယန်ကို သတ်လိုက်ပြီ။
“ငါနင့်ကိုသတ်မယ် !”
ရုတ်တရက်ပင် လက်ပြတ်နေသော သက်လတ်ပိုင်း အမျိုးသမီးက ယွင်ချဲ့ထံသို့ ပြေးလာလေသည်။
“ရပ်လိုက်”
‘အား !”
ထူးခြားစွာ ပြုံးလိုက်ပြီး တစ်ခဏ အတွင်းပင် ယွင်ချဲ့ ထိုမိန်းမ အနောက်သို့ ရောက်သွားကာ တပ်ကြပ်ဖြစ်သူမှ တားချိန်ပင် မရလိုက် မိန်းမကြီး ကျောကို ဓါးနှင့် ထိုးစိုက် လိုက်သဖြင့် သူမအော်ဟစ်ကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
“မင်း…မင်း ဘယ်လိုကြောင့်များ ဌာနချုပ်ထဲမှ လူသတ်ရဲရတာလဲ .. မင်းငါနဲ့လိုက်ခဲ့”
တပ်ကြပ်ဆိုသူက ယွင်ချဲ့ကို ရှောင်လွှဲ မရနိုင်သော အမိန့်ပေး လိုက်သည်။ သူနှစ်ခါ တားသည်ကိုပင် ဂရုမစိုက်ဘဲ ကင်းအဖွဲ့ ရှေ့တွင် လူများကို သတ်လိုက်ခြင်းကြောင့် သူဒေါသ ထွက်နေသည်။ ဘေးတွင် ကြည့်နေသော လူများမှာ စစ်သားများကို သဘောမကျ သော်လည်း ဝင်မပါကြပေ။ ကပ်ဘေးထဲတွင် အာဏာအရှိဆုံး သူများ အုပ်ချုပ်နေသည်က အမှန်တရားပင်။ စစ်သား၊ လက်နက်၊ ဖျတ်လတ်မှု၊ စီစဉ်နိုင်မှုများ အပြင် ပြည်သူ့စစ်သားဆိုသော ဂုဏ်ပုဒ်များစွာ ရှိနေသည့် စစ်တပ်မှာ အာဏာရှိပြီး အများစု၏ ထောက်ခံမှုနှင့် လေးစားမှုကိုပါ ရရှိထားသည်။ ထို့ကြောင့် ဌာနချုပ်ထဲတွင် စစ်သားများမှ မည်သူဖြစ်ဖြစ် အပြစ်လုပ်ထားလျှင် ပြစ်ဒဏ်ခံယူရမည် ဖြစ်သည်။
***