အခန်း (၅၉)
“မင်း အခုချက်ချင်း ထွက်သွားတော့”
စွမ်းအားရှင် အစည်းအရုံး၏ ရုံးခန်း တစ်နေရာတွင် ယွင်ချဲ့ အရှေ့တွင် ရှိသော စားပွဲကို မှောက်လှန် ပစ်လုနီးပါး ပေါက်ကွဲ နေလေသည်။
“အဟမ်း ဇယ်ယွီ ဖင်ဆောင့် ကန်သူများ ဆိုတဲ့ နာမည်က ငါတို့အဖွဲ့အတွက် မသင့်တော်ဘူးလို့ ထင်တယ်နော်”
ယွင်ချဲ့ရော လုဟိုင်ရွှမ်းပါ သည်းမခံ နိုင်တော့ပေ။ သူတို့ ဇီဇာကြောင်နေခြင်း မဟုတ်ဘဲ ကျိုးဇယ်ယွီ ပြောသမျှ နာမည်များမှာ အလွန် ရူးကြောင်ကြောင် နိုင်လှသည်။ ဥပမာ အနေဖြင့် ကမ္ဘာ့အင်အားကြီး အဖွဲ့၊ လွှမ်းမိုးသူများ၊ အာဏာရှင် စသော နာမည်များမှာ ရူးကြောင်ကြောင် ဆန်လွန်းသည်။ နောက်ဆုံး ပေးထားသော နာမည်ပင်လျှင် ‘ဖင်ဆောင့်ကန်သူများ’ ဟုပေးထားသဖြင့် ယွင်ချဲ့ ယခုအချိန်ထိ စိတ်လျော့ သည်းခံ ထားနိုင်သည်က အလွန်ကံကောင်းနေသည်။
“ဘာလို့လဲ နာမည်တွေက အမိုက်စားပဲကို .. အစ်ကိုချဲ့က တခြားသူတွေ အစ်ကို့ရဲ့ တိုက်ခိုက် စွမ်းရည်ကို သိမှာ ကြောက်နေတာလား”
ယွင်ချဲ့၏ အကြည့် စူးစူးများကြောင့် ကျိုးဇယ်ယွီ ကိုယ်လေး ကျုံသွားကာ အခြားကို လျှောက်ကြည့်နေပြီး ပါးစပ်မှလည်း သူပြောသော နာမည်များ မိုက်ကြောင်း တိုးတိုးလေး ရေရွတ်နေသည်။ ထိုနာမည်များကို ဂိမ်းထဲတွင် သုံးခဲ့သဖြင့် လက်တွေ့တွင်လည်း အသုံးချနိုင်သည် မဟုတ်လား။ သာမန် နာမည်များက ယွင်ချဲ့၏ စွမ်းရည်အတွက် သုံးရန် မသင့်တော်သောကြောင့် ထိုနာမည်များကို သူတို့အတွက် တွေးကာ ကျိုးဇယ်ယွီ ရွေးပေး ထားသည်ကို ယွင်ချဲ့ မသိတတ်ပေ။
“မင်းက အားလုံးကို သိစေချင်လို့လား”
ယွင်ချဲ့ ဒေါသစိတ်ကြောင့် သက်ပြင်း ချလိုက်ပြီး အကြည့် လွဲလိုက်သည်။ ချန်ချန်လည်း တစ်ခုခုကို စဉ်းစားမိသွားပုံဖြင့် ပါးစပ်ထဲမှ သကြားလုံးကို ထုတ်ကာ ယွင်ချဲ့ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“မငိုပါနဲ့ဦးဦး ဦးလေးကျိုးက တော်တော်ဆိုးတာပဲ”
“အမ်…”
ချန်ချန်က ဘယ်လိုလုပ်များ သူငိုတော့မည်ဟု ပြောရတာလဲ။
ယွင်ချဲ့ ဆွံ့အသွားရပြီး သူ၏ဒေါများကို အပြစ်ကင်းသော ချန်ချန် အပေါ် မပုံချလိုသောကြောင့် ချန်ချန် ခေါင်းကို အသာပုတ် လိုက်သည်။
“ဦးဦးမငိုပါဘူး ခဏစောင့်ဦးနော် စျေးကို ခေါ်သွားပေးမယ်”
“ကောင်းတယ် ဦးဦးလိမ္မာတယ်”
ချန်ချန် ခေါင်းညိတ်ကာ ယွင်ချဲ့ လက်မောင်းကို ပုတ်လျက် နှစ်သိမ့် ပေးပြီးနောက် အနောက်ပြန် လှည့်ကာ သကြားလုံးတစ်လုံး ယူထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
မကမ်းမလှမ်းတွင် အသက် ၅ နှစ် ၆ နှစ်အရွယ် အသားညိုသော ကလေးတစ်ယောက် ချန်ချန်ကို စိုက်ကြည့်နေသဖြင့် ချန်ချန်လည်း လှည့်ကြည့်ကာ သကြားလုံး စားနေလျက် ချိုသာစွာ ပြုံးပြလေသည်။ သို့သော် ထိုကလေးက မျက်နှာမဲ့ကာ လှည့်ထွက် သွားသဖြင့် ချန်ချန်လည်း ကြံရာမရ ဖြစ်သွားလေသည်။ ကလေးများသည် ထိုပုံစံအတိုင်းဟု ဆိုသော်လည်း ချန်ချန်မှာ သူတစ်ယောက်တည်း ဖြစ်သောကြောင့် ရွယ်တူ သူငယ်ချင်း တွေ့ရန် အလွန်ရှားသဖြင့် သူ့ကို မနှစ်သက်ဟန် လုပ်ပြသောကြောင့် ချန်ချန် စိတ်မကောင်း ဖြစ်သွားလေသည်။
“ဘွားဘွား သားသကြားလုံး စားချင်တယ် … သူ့ဆီက သကြားလုံးတွေ အကုန်ယူပေး”
လှည့်ပြန်သွားသော ကလေးမှာ သက်လတ်ပိုင်း မိန်းမကြီး တစ်ယောက်အား ဂျီကျနေပုံကို ချန်ချန် မမြင်လိုက်တော့ပေ။ ထိုကလေး၏ အပြုအမူမှာ မကြာခဏ ဂျစ်တိုက်နေပုံပင်။ မဟုတ်ပါက ၅ နှစ် ၆ နှစ်အရွယ် ကလေး တစ်ယောက်က ပုံစံမပျက် လုပ်နိုင်ပါမလဲ။
“သကြားလုံး ဟုတ်လား”
ထိုကလေး လက်ညှိုး ညွှန်ရာသို့ ကြည့်လိုက်သည့်အခါ ယွင်ချဲ့ မြင်ပြီးနောက် ရုတ်တရက် မနာလို ဖြစ်သွားလေသည်။
“အမေ ဘာတွေ ကြည့်နေတာလဲ”
ထွားကျိုင်းသော ကိုယ်နှင့် အသက်နှစ်ဆယ် ဝန်းကျင် ယောကျ်ား တစ်ယောက်က လှမ်းခေါ်လိုက်သဖြင့် ထိုမိန်းမကြီးက သူ့ထံ လှည့်ကြည့်ကာ …
“နင်ပြောတော့ နင်က Top Ten ဝင်တဲ့ အဖွဲ့တစ်ဖွဲ့ထဲကဆို … အခုတော့ ကြည့်ဉီး အဲဒီကောင်တွေကမှ နင့်ထက် သာသေးတယ် မောက်ကျစ်က နင့်သား ဖြစ်နေတာ သနားစရာပဲ သကြားလုံးတောင် မစားနိုင်ရှာဘူး … နင်က တကယ်ကို ညံ့တဲ့အဖေပဲ နင့်ကို ပျိုးထောင်ခဲ့ရတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်”
အမေနှင့် သားက တစ်ယောက်ကို တစ်ယောက် အော်ပြောနေသည့် အပြင် အမေ ဖြစ်သူကလည်း အသံကို မလျော့သောကြောင့် လူအများ၏ အာရုံက သူတို့ထံ ကျရောက်လာသည်။ မိမိဘာသာ အဖွဲ့နာမည် ရွေးနေသော ယွင်ချဲ့ အပါအဝင် ချန်ချန်လည်း လန့်ကာ ကြောက်လန့်သွားပြီး ယွင်ချဲ့ထံသို့ ကပ်သွားလေသည်။
“အမေရာ သကြားလုံးလေးပဲကို .. နောက်တစ်ခါ အဖွဲ့နဲ့ အပြင်သွားရင် ဝယ်လာခဲ့ပေးမယ်”
ထိုသူမှာ အဆင့်မြင့်သူ တစ်ယောက် ဖြစ်သောကြောင့် အမေဖြစ်သူ ယခုကဲ့သို့ အော်ပြောနေခြင်းက သူ့ကို အရှက်ရစေသည်။ ယွင်ချဲ့တို့ အသွင်အပြင်ကြောင့် မနာလိုဖြစ်သော်လည်း သကြားလုံးလေး အတွက် တောင်းဆိုရသည်မှာ သူ့အတွက် မျက်နှာ ပျက်စရာပင်။
“မရဘူး အခုလိုချင်တာ သားမှာကျမရှိဘဲ သူ့မှာ ဘာလို့ ရှိနေရတာလဲ … ဘွားဘွား”
အဖေဖြစ်သူ အရှက်ရမည်ကို နားမလည်သဖြင့် အဘွားဖြစ်သူ၏ လက်ကို ကိုင်လျက် ဂျီကျနေလေသည်။ ကပ်ဘေး မတိုင်ခင်က အလွန် အလိုလိုက်ခံ ထားရသဖြင့် သူလိုချင်သည့် မည်သည့် အရာမဆို အလွယ်တကူ ရနိုင်မည်ဟု ထင်နေပုံပင်။
“ဟုတ်ပါပြီ မြေးလေးရဲ့ ယူပေးမှာပေါ့”
ထိုအမျိုးသမီးမှာ သားဖြစ်သူကို ခက်ထန်စွာ ကြည့်တတ်သော်လည်း မြေးလေးကိုမူ အလွန် ချစ်ပြလေသည်။ သူမ၏မြေးကို ဖက်ကာ ချော့မြူလိုက်ပြီး သားဖြစ်သူကို စိုက်ကြည့်ကာ ကလေးလက်ကို ဆွဲလျက် ယွင်ချဲ့တို့ထံ သွားလေသည်။
ထိုအဖြစ်ကို မြင်လိုက်သော ခန်းမထဲမှ လူများ ကျေနပ် နေကြလေသည်။ ယခုကဲ့သို့ ကပ်ဆိုးကာလတွင် သူတို့မှာ သူတောင်းစားပုံ ဖြစ်နေကြသော်လည်း ယွင်ချဲ့တို့မှာ သန့်ပြန့်ကာကြည့်ကောင်း နေသဖြင့် သူတို့မခံမသာ ဖြစ်နေကြသည်။ ကပ်ဘေး ဆိုက်သည်ဖြစ်စေ မဆိုက်သည်ဖြစ်စေ လူတို့မှာ သူတို့ထက် ကောင်းမွန်စွာ နေနိုင်ကြသူများကို မြင်လျှင် မစ္ဆရိယ ပွားကြသည်မှာ လူတို့၏ သဘာဝပင်။
“မင်းဆက်ဆိုတဲ့ နာမည်ကို ဖယ်လိုက်တော့ .. မင်းပြောတဲ့ ထဲကပဲ ရွေးချင်တယ်ဆိုရင် ငါ့အထင်တော့ …”
ယွင်ချဲ့ ဘာမှမဖြစ်ဟန်နှင့် ချန်ချန်ကို ချီလိုက်ပြီး ကျိုးဇယ်ယွီ၊ လုဟိုင်ရွှမ်း တို့နှင့် နာမည်ကိစ္စ ဆွေးနွေးနေသည်။ သို့သော် ယွင်ချဲ့ စကားဆုံးအောင် မပြောရချိန်တွင် ထိုအမျိုးသမီးက သူတို့အနား ရောက်လာလေသည်။
ဘုန်း
“ဟဲ့ကောင် ငါ့မြေးကို သကြားလုံး နည်းနည်း ပေးလိုက်စမ်း !”
ထိုအမျိုးသမီးက စားပွဲကို ဘုန်းခနဲ ထုလိုက်ပြီး ခက်ထန်စွာ ပြောလိုက်သဖြင့် ချန်ချန် လန့်သွားကာ ယွင်ချဲ့ လက်မောင်းများကို ဆုပ်ကိုင်လိုက်ချိန် ထိုအမျိုးသမီးနှင့် ပါလာသော ကလေးမှာ တခစ်ခစ် ရယ်မောနေသည်။
ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့မှာ စားပွဲပေါ် မေးထောက်ကာ အသာကြည့် နေလိုက်ကြသည်။ ထိုမိန်းမကြီး ကိုယ့်သေတွင်းကို တူးမိလေပြီ။ မည်သူကမှ သူတို့၏ အစ်ကိုချဲ့ ထံတွင် တစ်ခုခုကို ယခုကဲ့သို့ မာမာထန်ထန် မတောင်းရဲကြပေ။ ပိုဆိုးသည်မှာ သူမ လိုချင်နေသည်က ယွင်ချဲ့၏ အသည်းကျော်လေး ပိုင်ဆိုင်သော အရာဆိုလျှင် ထိုမိန်းမကြီး ရှုမြင်မကောင်းစွာ သေရတော့မည်ဟု သူတို့တပ်အပ် ပြောနိုင်သည်။
“ဦးဦး”
ဉီးလေးဖြစ်သူမှာ ဖုတ်ကောင်များအား ရှင်းလင်းခဲ့ပုံကို မြင်ခဲ့ရပြီ ဖြစ်သော်လည်း ချန်ချန် ကြောက်လန့် နေမိသည်။ ဖုတ်ကောင်များမှာ လူများကို လိုက်ကိုက် တတ်သော လူဆိုးများဖြစ်သဖြင့် ဦးလေးက သတ်ဖြတ် ရှင်းလင်းခြင်း ဖြစ်သည်ဟု မှတ်ယူထားသည်။ သို့သော် ယခုမှာ လူဆိုးပုံ မဟုတ်သော ကလေးတစ်ယောက် ဖြစ်နေခြင်းကြောင့် ချန်ချန် အနည်းငယ်ကြောက်ရွံ့နေမိသည်။
“ဘာမှမဖြစ်ဘူးနော် သူတို့ကလည်း လူဆိုးတွေပဲလေ … လူဆိုးတွေကို ဉီးဉီး အပြစ်ပေးတာ ချန်ချန် ကြည့်ချင်မယ်မလား”
နားပူနာဆာ လုပ်နေသော မိန်းမကြီးကို လျစ်လျူရှုလျက် ယွင်ချဲ့ ပြုံးကာ ချန်ချန်ကိုချီလိုက်သော်လည်း အကြည့်များမှာ ခက်ထန် နေလျက်ပင်။
“ဒါပေမယ့် ဒီကိုကိုက ….”
ထိုကလေးကို ကြည့်ကာ ချန်ချန် ခေါင်းရှုပ် သွားလေသည်။ သူနှင့် မတိမ်းမယိမ်း ရှိသော ကောင်လေးက ဘယ်လိုကြောင့် လူဆိုးဖြစ်နိုင်မှာလဲ။
“လူဆိုးဆိုတာ အရွယ်မျိုးစုံပဲ .. အဘွားအိမ်က ချန်ချန်ကို အနိုင်ကျင့်တဲ့ ကိုကို မမတွေကို မှတ်မိသေးလား .. သူတို့တွေကရော လူကောင်းတွေ ဟုတ်လို့လား”
ချန်ချန် ခေါင်းရှုပ် နေပုံရသဖြင့် ကျိုးမိသားစု အကြောင်း ယွင်ချဲ့ ပြောပြလိုက်သည်။ ထိုအခါမှ ချန်ချန် တွန့်ဆုတ်ခြင်း မရှိတော့ဘဲ …
“သား ကိုကိုနဲ့ မမတွေက ဆိုးတယ် မေမေနဲ့သားကို အနိုင်ကျင့်ကြတယ် သားကို ရိုက်လည်း ရိုက်တယ်”
နှိုင်းပြလိုက်သည့် အခါမှ ချန်ချန် နားလည်သွားကာ ထိုကောင်လေးကိုလည်း ဖော်ရွေစွာ မကြည့်တော့ပေ။ သူတို့အားလုံး လူဆိုးများဖြစ်ကြပြီး သူတို့ကို ချန်ချန် ဘယ်သောအခါမှ ကြောက်တော့မည် မဟုတ်။
“နောက်မှသူတိူ့ကို ဦးဦး လက်စားချေပေးမယ် … ဦးဦးကျိုးဆီ ပြန်သွားနော်”
ချန်ချန် တင်လေးကို အသာပုတ်ကာ ကျိုးဇယ်ယွီထံ ပြန်သွားခိုင်းလိုက်ရာ လိမ္မာသော ချန်ချန်က သူပြောသမျှကို တစ်သဝေမတိမ်း နားထောင်လေသည်။
“ကောင်စုတ် … နင်က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
လျစ်လျူရှု ခံထားရသော အမျိုးသမီးက ရုတ်တရက် ထအော်ကာ ယွင်ချဲ့ကို လက်သီးနှင့် ထိုးရန် ရွယ်လိုက်သော်လည်း ယွင်ချဲ့ ရှောင်တိမ်း လိုက်သဖြင့် ထိုမိန်းမကြီးမှာ ဆိုဖာပေါ်သို့ ကျသွားလေသည်။ အခြားသူများ အမြင်တွင် ယွင်ချဲ့ ကံကောင်းသဖြင့် ရှောင်တိမ်း နိုင်လိုက်သည်ဟု ထင်ကြသော်လည်း အလွယ်တကူ ရှောင်နိုင် လိုက်သည်ကို သူကိုယ်တိုင်နှင့် ကျိုးဇယ်ယွီ၊ လုဟိုင်ရွှမ်း တို့သာ သိကြလေသည်။
“ခင်ဗျားက အင်အားဆိုတဲ့ အစွမ်းရှိနေတာကြောင့် မောက်မာနေတာပဲ”
လက်ကို ပြန်ဆွဲထုတ် မရတော့သည်ကို ကြည့်ကာ ယွင်ချဲ့ ပြောလိုက်ပြီး လှောင်ပြုံးပြုံးကာ အခန်းအလယ်သို့ လျှောက်သွားလေသည်။
“ရွှီး”
“အစ်ကိုချဲ့က အရမ်းတော်တာပဲ”
ချန်ချန်ကိုချီလျက် ကျိုးဇယ်ယွီ လေချွန် လိုက်သဖြင့် ထိုမိန်းမကြီးက သူ့ကိုသတ်စား အလား ကြည့်လိုက်သော်လည်း ဖင်ဆောင့်ကန်သူများ ဆိုသော အမည်ကိုပင် ပေးနိုင်သူ ဖြစ်သောကြောင့် ထိုအကြည့်ကို သူမဖြုံပေ၊ ကြည့်နေသူက ယွင်ချဲ့ မဟုတ်ခဲ့လျှင်ပေါ့။ အခြားသူများ မည်သို့သော အကြည့်နှင့် စိုက်ကြည့်နေပါစေ သူဂရုမစိုက်စွာ လှောင်ရယ် ပစ်လိုက်မည်။
“ဘွားဘွား သားသကြားလုံး လိုချင်တယ်”
အဘွားဖြစ်သူက သကြားလုံး ယူရန် တွန့်ဆုတ် နေသဖြင့် ထိုကလေးက သူမလက်ကို ဆွဲကာ ဂျီကျလေတော့သည်။
“အင်းပါ ဘွားဘွား အခုချက်ချင်း ယူပေးမယ်နော်”
သူမမြေး၏ အော်သံကို သည်းမခံနိုင်တော့သဖြင့် ထိုမိန်းမကြီးက ချန်ချန်ကို ခက်ထန်စွာ ကြည့်လိုက်သည်။
“ဟေ့ ကလေး .. နင့်ရဲ့ …”
ဝှီး
ဓါးတစ်ချောင်းမှာ လေထုကို ခွင်းကာ ဖြတ်သန်းလာပြီး လူအများ အာရုံစိုက် နေစဉ်ပင် ဓါးရှည် တစ်ချောင်းက မိုးကြိုး အလျင်ကဲ့သို့ ထိုမိန်းမကြီးဆီ ဦးတည် သွားလေသည်။ မတွေးဆနိုင်သော အရှိန်နှင့် မျက်စိတစ်မှိတ် အတွင်းပင် ဓါးမှာ သူ၏ ဉီးတည်ရာသို့ ရောက်သွားလေသည်။
“အား ..”
“အား ! ငါ့ … ငါ့လကျ အား !”
ပတ်ဝန်းကျင်မှ မယုံကြည်နိုင်ဟန် အံ့ဩနေဟန် အသံများ ထွက်ပေါ်လာပြီး မိန်းမကြီး၏ အော်သံနှင့်အတူ လက်တစ်ဖက် ပြတ်သွားကာ သွေးများလည်း ပန်းထွက် လာလေသည်။ ခန်းမထဲရှိ သူများ တိတ်ဆိတ်သွားပြီး လက်ကိုပင် ဖြတ်ပစ်လိုက်သူ၏ ရက်စက်မှုကို မယုံနိုင်ဖြစ်နေကြလေသည်။
ယွင်ချဲ့ကို မနာလိုဖြစ်စွာ ကံဆိုးပါစေဟု ဆုတောင်း နေကြသူများလည်း အရိုးထဲ စိမ့်အောင် ကြောက်သွားကြသဖြင့် ခြေလှမ်းများ အလိုလို ဆုတ်သွားကြသည်။ အားကျ နေကြသူများသည်လည်း အသိစိတ် ရှိနေကြကာ ယွင်ချဲ့ စွမ်းအားနှင့် ပတ်သက်၍ စိုးရိမ်နေကြလေသည်။ တိုက်ဆိုင်ခြင်း ဖြစ်သည်ဟု အများက တွေးကြသော်လည်း တိုက်ဆိုင်မှုများမှာ လိုအပ်၍ ဖြစ်လာရသည်ကို လူအနည်းငယ်သာ သတိထားမိကြသည်။
“ကျုပ်ကလေးကို ထိရင် ခင်ဗျားသေရမယ် !”
ပြတ်သွားတဲ့ လက်ကိုဖိပြီး မြေပေါ်လှိမ့်ကာ အော်နေသော မိန်းမကြီးကို ဓားနှင့်ရွယ်လျက် ယွင်ချဲ့ သတိပေးသည်။ ယွင်ချဲ့ အသံက နူးညံ့နေသော်လည်း ထူးဆန်းနေပြီး သူ၏အသံက အားလုံး၏ နားစည်ထဲထိ ထိုးဖောက် ဝင်ရောက် သွားလေသည်။
***