YMR- အခန်း ၅၁

အခန်း (၅၁)

“ဒါပေမယ့် မင်းပြောခဲ့တယ်မလား ဟိုင်ရွှမ်းရဲ့ အစွမ်းက သိပ်မထင်ရှားဘူး သူကိုယ်တိုင်တောင် သတိမထားမိဘူးဆို … ဒီလူတွေက ဘယ်လို သိသွားတာလဲ”

ယွင်ချဲ့ စကားမဆုံး သေးချိန်တွင် ယန်းဟွိုင်အန်း မေးလိုက်သည်။ ယွင်ချဲ့လည်း သက်ပြင်း တစ်ချက်ချကာ ..

“ဖြစ်နိုင်တာက သူ့ရဲ့အရင် စွမ်းအားက အရည်အသွေး ပြောင်းလဲလာတာမျိုး ဒါမှမဟုတ် ထူးခြားစွမ်းရည် အသစ်တစ်ခ ုရလာတာမျိုး ဖြစ်နိုင်တယ်”

“ယွင်ချဲ့ ပြောတာလည်း မှန်တယ် .. ဒါပေမယ့် စစ်တပ်ထဲက တစ်စုံတစ်ယောက်က ပြဿနာ ရှာလိုက်တာလည်း ဖြစ်နိုင်တယ် … အဲဒါက လက်ရည် စမ်းသပ်ချင်တာလည်း ဖြစ်နိုင်သလို တစ်နည်းအားဖြင့် တစ်ဖက် တစ်လမ်းကနေ သတိပေးချင်တာမျိုးလည်း ဖြစ်နိုင်တယ် .. ငါတို့ ဒီအကြိမ်မှာ ဘာမှမလုပ်ဘူး ဆိုရင် နောက်တစ်ခါဆို သူတို့ သေနတ်ပြောင်းတွေက ငါတို့ အသင်းသားတွေဘက် လှည့်လာမှာပဲ”

ယွင်ချဲ့ ပြန်သွားရန်အတွက် တလှုပ်လှုပ် ဖြစ်နေပြီး အမြန် အဆုံးသတ်စေလို နေသည်ကို ရှင်းဖုန်း သတိထားမိ လိုက်သည်။ စခန်းတွင် လွှမ်းမိုးထားသော တပ်မိသားစု သုံးစုသည် မြို့တော်တွင် အင်အား တောင့်တင်းသော မိသားစုများ၏ အစွယ်အပွားများ ဖြစ်သည်။ သူ၏ ကျောက်ယန်း အဖွဲ့မှာ မော့ မိသားစုနှင့် ပေါင်းစည်း ထားသည်ဟု ထင်ရသော်လည်း အခြား အင်အားစုများနှင့် အဆင့်အတန်း အတူတူတွင်သာ ရှိသည်။

မြို့တော်အတွင်းတွင် ရှိသော ရှင်း မိသားစု နောက်ခံကို စဉ်းစားကြည့်လိုက်လျှင် ရှင်းဖုန်း သည် အနောက်တောင်ပိုင်း စခန်း၏ မမြင်နိုင်သော ပဉ္စမမြောက် အင်အားစု တစ်ခုနီးပါး ဖြစ်သည်။ ထို့အပြင် သူ၏အဖွဲ့သည် လူဦးရေ ထောင်နှင့်ချီရှိသော ကျောက်ယန်း ပြည်နယ် တစ်ခုလုံးအား ထိန်းချုပ် ထားသဖြင့် မနာလို အားကျဖွယ် ဖြစ်နေသည်မှာ သံသယ ဖြစ်နိုင်စရာ မရှိပေ။

“ငါတို့အားလုံး အနည်းဆုံး ဖြစ်နိုင်ချေလေး တစ်ခုကိုတောင် လွတ်သွားလို့ မဖြစ်ဘူး .. ဟွိုင်အန်းနဲ့ ကျောက်ကောင်းက စစ်တပ်ကို စုံစမ်း စစ်ဆေးနေတယ် လူကြီးမင်း မော့နဲ့လည်း အဆက်သွယ် မပြတ်ပါစေနဲ့ .. ငါ ဟွိုင်ရွှမ်းကို ရှာဖို့လသုတေသနအသင်းဆီ သွားလိုက်ဉီးမယ်”

ကူးမင်ရွှမ်း ခေါင်းညိတ် ပြလိုက်ပြီး ရှင်းဖုန်း အတွက် ဆုံးဖြတ်ချက် တစ်ခု ပြုလုပ်စေကာ လုပ်ငန်း တာဝန်များလည်း ခွဲဝေပေးလိုက်သည်။

“မဟုတ်ဘူး ဟွိုင်ရွှမ်း က ငါ့သူငယ်ချင်း ငါသူ့ကို သွားကယ်မယ် မင်းတို့အားလုံး ဟွိုင်ရွှမ်းကို ခေါ်သွားတဲ့ သူတွေကို လိုက်ရှာသင့်တယ် .. ငါခဏ လမ်းသွား လျှောက်လိုက်ဉီးမယ်”

ယွင်ချဲ့ မတ်တပ် ရပ်လိုက်ပြီး အခြားသူများ စိတ်ရှုပ်ထွေးလျက် အပြင်ဘက်ရှိ ညကောင်းကင်ပြင်ကြီးကို မော့ကြည့် ကြလေသည်။ ညသန်းခေါင်ကြီး လမ်းသွား လျှောက်မယ်တဲ့လား။ သုတေသန အသင်းထံသို့ တစ်ယောက်တည်း အလျင်စလို သွားမှာများလား။ သူအလွန် မိုက်ရူးရဲ ဆန်သည်လား သို့မဟုတ် တစ်ဖက်လူကို လျော့တွက် နေသည်လား။

“ငါတို့ အတူသွားကြရအောင်”

စကားပြောနေကြသည့် တစ်လျှောက် တိတ်ဆိတ် နေခဲ့သော လန်ယဲ့ဟန် တုံ့ဆိုင်းခြင်း မရှိဘဲ ယွင်ချဲ့ အနောက်မှ လိုက်ပါလာသည်။ ကျိုးဇယ်ယွီ သည်လည်း ထိုနည်းတူစွာပင်။ ယွင်ချဲ့ လမ်းလျှောက် ထွက်ခဲသည်ကို သူတို့အားလုံး သိကြသည်။ သူတို့မှာ တစ်ဖွဲ့တည်းသားချင်း ဖြစ်သည့်အတွက် အတူတူ ရင်ဆိုင် တိုက်ခိုက်ကြရမည်။

“ဘာလဲ .. ငါတို့လူ အများကြီး စုနေရင် မကောင်းဘူး ငါမကြာခင် ပြန်လာမှာပါ .. သွားအိပ်နေကြတော့ မင်းတို့နိုးလာရင် ဟိုင်ရွှမ်းလည်း ရောက်နေလောက်မှာ”

ယွင်ချဲ့သည် စိတ်ရှုပ်စရာ ကောင်းသော ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လက်ကို ဝှေ့ယမ်း လိုက်သည်။

“ယွင်ချဲ့”

လန်ယဲ့ဟန် ဆက်မရွေ့လျားတော့ဘဲ ယွင်ချဲ့အား စိုက်ကြည့် နေခဲ့သည်။ ကျိုးဇယ်ယွီ လည်း တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ယွင်ချဲ့ ဟန့်တားလိုက်ပြီး …

“ငါ့ကို ယုံပါ”

သူတို့နှစ်ယောက် တွန့်ဆုတ်လျက် ရှိနေသည်။ ရှင်းဖုန်းလည်း ယွင်ချဲ့ အရှေ့မှ ဝင်ကာ သူတို့ကို ဖျောင်းဖျလေသည်။

“ငါသူနဲ့ လိုက်သွားမယ် မင်းတို့နှစ်ယောက် သွားအိပ်တော့”

ထို့နောက် ယွင်ချဲ့ကို ရှင်းဖုန်း ဆွဲခေါ်သွားသဖြင့် လန်ယဲ့ဟန်နှင့် ကျိုးဇယ်ယွီတို့မှာ အမှောင်ထုကို ငေးမောလျက် ကျန်နေခဲ့ကြသည်။

“ဘာ”

ခေါင်းဆောင် နှစ်ယောက်သည် ခေါင်းကြီး သွားကြပြီး ချက်ချင်း ထထွက်သွားကြသဖြင့် ယန်းဟွိုင်အန်းလည်း ခေါင်းရှုပ် သွားရသည်။

“အဲဒါမှ ငါတို့ ခေါင်းဆောင်ပဲ သူက အမြဲ ခေါင်းမာတယ် ဒါပေမယ့် ယွင်ချဲ့ … သူက စိတ်ဝင်စားစရာ ကောင်းသား သူတို့နှစ်ယောက်ကို ကြည့်ရတာ ချစ်မိနေကြသလိုပဲ”

ကူးမင်ရွှမ်း သူ၏မေးစေ့ကို ပွတ်ကာ တွေးဆလျက် ပြောလိုက်သည်။ ရှင်းဖုန်းသည် အခြားသူများ အပေါ် ယခုကဲ့သို့ ဂရုစိုက်ခြင်း မရှိသည့်အပြင် တောင်းပန် ပြောဆိုခြင်းလည်း မရှိပေ။ ယွင်ချဲ့ အား သူ ချစ်နေခြင်းသာ ဖြစ်လိမ့်မည်။

“ငါတို့ လိုက်သွားသင့်လား”

သူတို့၏စကားကို ကျိုးဇယ်ယွီ ကြားလိုက်သော်လည်း တုံ့ပြန်ခြင်း မရှိဘဲ လန်ယဲ့ဟန် ဘက်သို့ လှည့်လိုက်သည်။

“မလိုက်နဲ့”

လန်ယဲ့ဟန်လည်း လမ်းလျှောက် ထွက်သွားပြီး ကူးမင်ရွှမ်း ဘေးမှ ကျော်တက် သွားပြီးလျှင် ခြေလှမ်းများကို ရပ်လိုက်ပြီး သူ၏ပါးလွှာ ဖျော့တော့သော နှုတ်ခမ်းတစ်စုံ လှုပ်ရှားလာသည်။

“ကိုယ့်အလုပ် ကိုယ်လုပ် နောက်တစ်ခါ ဘယ်တော့မှ ယွင်ချဲ့ အကြောင်း လျှောက်မပြောနဲ့”

“ဟမ်”

သူတို့ အဆူခံ လိုက်ရသည်လား။

ကူးမင်ရွှမ်းနှင့် သူ၏ အပေါင်းအသင်း များသည်လည်း အလွန် အံ့အားသင့် သွားကြလေသည်။ သူတို့ကို သူတို့၏ အထက်လူကြီးဖြစ်သူ ရှင်းဖုန်းက လွဲ၍ မည်သူမှ မဝေဖန်ရဲပေ။

“လန်ယဲ့ဟန် တဲ့လား သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ”

ကျိုးဇယ်ယွီနှင့် လန်ယဲ့ဟန်တို့ နှစ်ဦးစလုံး အပေါ်ထပ်သို့ တက်သွားသည့် အချိန်တွင် ကူးမင်ရွှမ်း တွေးကာ ပြောလိုက်သည်။ လန်ယဲ့ဟန်ကို သူမြင်ဖူးနေသကဲ့သို့ ခံစားရသော်လည်း တိတိကျကျ စဉ်းစား၍ မရပေ။ သူသည် မှတ်ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်ပါလျက် အကယ်၍ မြင်ဖူးခဲ့သည် ဆိုလျှင် သူ့အား မမှတ်မိနိုင်စရာ မရှိပေ။

“ငါမသိဘူး … ဒါပေမယ့် သူအရမ်းတော့ မမောက်မာပါဘူး ငါတို့ မာန်တက်ခဲ့ သလောက်ပါပဲ”

ချူးဟောင်လင်း ပင်ပန်းနွမ်းနယ်စွာ ပြော၍ လှဲအိပ်လိုက်လေသည်။ သူ၏မျက်ဝန်းများတွင် သဘောကျမှုများဖြင့် ပြည့်နှက်နေသည်။

ချူးဟောင်လင်း စကားမှာ မှန်ကန်သောကြောင့် အခြားသူများလည်း နှစ်သက်စွာ ပြုံးလိုက်ကြသည်။ သူတို့အားလုံးသည် တစ်ချိန်က လန်ယဲ့ဟန် ကဲ့သို့ မာနကြီးခဲ့ကြဖူးသည်။

အဆောက်အအုံကြီး တစ်ခုလုံးမှာ လအလင်းရောင် အောက်တွင် ဖုံးကွယ်ကာဆီးခြင်း ခံထားရသည်။ ရှင်းဖုန်း နေထိုင်သော စံအိမ်၏ဘေးတွင် မည်သူမှ မရှိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး တစ်ချိန်တည်းတွင် လေပြေလေညင်းများမှာ ညင်သာစွာ တိုက်ခတ်လျက် တိတ်ဆိတ် ခြောက်ကပ်ခြင်း၏ ရနံ့တို့ကို ယူဆောင် လာလေသည်။ ယွင်ချဲ့ နှင့် ရှင်းဖုန်းတို့သည် စံအိမ်ကို အနောက်တွင် ချန်ထားခဲ့ပြီး အုံ့မှိုင်းနေသော လရောင်အောက်သို့ ထွက်ပြေး သွားကြလေသည်။ အဆောက်အအုံမှ ဝေးရာသို့ ရောက်သောအခါတွင် သူတို့အား သတိထားမိခြင်းမှ ရှောင်ကြဉ်နိုင်ရန် သူတို့ကိုယ်သူတို့ ပုန်းကွယ်ရန် လိုအပ်လာသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အဆောက်အအုံ တစ်ခု၏ ထောင့်တွင် ရပ်လိုက်ကြလေသည်။ သူတို့ရောက်ရှိနေသော နေရာ၏ ဆန့်ကျင်ဘက် ညာဘက်အခြမ်းတွင် အစောင့်များ တင်းကျပ်စွာ စောင့်ကြပ်နေသော ခြံဝင်းတစ်ခု ရှိသည်။ ထိုနေရာသည် သုတေသန အသင်း၏ စခန်းဌာန ဖြစ်သည်။ ရှင်းဖုန်းလည်း လည်ပင်းကို ဆန့်ကာ ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး တိတ်တိတ်နေရန် ခြေဟန်လက်ဟန် ပြလိုက်သည်။

“ဟိုင်ရွှမ်း ဒီမှာ ရှိတာသေချာလား”

ထိုနေရာကို အလွယ်တကူ ချိုးဖောက်ဝင်ရောက် နိုင်သော်လည်း အကယ်၍ လုဟိုင်ရွှမ်းသည် ထိုနေရာတွင် မရှိလျှင် သူတို့ကြိုးစားခဲ့သမျှ အချည်းနှီးသာ ဖြစ်ကုန်လိမ့်မည်။

“ငါတို့အထဲကို မဝင်ဘဲနဲ့ သူရှိမရှိဆိုတာ ဘယ်လို သေချာသိရမှာလဲ”

ယွင်ချဲ့လည်း မျက်နှာဖုံးနှစ်ခုကို ထုတ်ကာ ရှင်းဖုန်းကို တစ်ခု လှမ်းပေးလိုက်သည်။ ထို့နောက် ကျန်သော မျက်နှာဖုံး တစ်ခုကို တပ်လျက် ဦးထုပ်ကို ဆောင်းလိုက်သည်။ ခဏ စဉ်းစားလိုက်ပြီးနောက် ဦးထုပ် တစ်ခုကို ယူထုတ်လိုက်ပြီး ခြေဖျားထောက်ကာ ရှင်းဖုန်း ဝတ်ဆင် ပေးလိုက်သည်။

“ရပြီ အခုသွားကြစို့”

“အမ်”

ညအမှောင်ကို အခွင့်ကောင်း ယူကာ တံခါးတွင်ရှိသော အစောင့်များကို လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့သည်။ သူတို့နှစ်ဦး အဆောက်အဦး အတွင်းသို့ ဝင်လာသော အခါတွင် ရှင်းဖုန်း၏ အနောက်တွင် အမြဲနေခဲ့သော ယွင်ချဲ့မှာ ယခုတစ်ခါတွင် အရှေ့မှ လျှောက်၍ သူ့အနောက်မှ လိုက်လာရန် ရှင်းဖုန်းအား မျက်စိမှိတ်ပြ လိုက်သည်။ သူသည် ပတ်ဝန်းကျင် တစ်ခုလုံးနှင့် အသားကျ ရင်းနှီးပြီးသူ တစ်ယောက်ကဲ့သို့ မြေအောက်တွင် ရှိသော ဓာတ်ခွဲစမ်းသပ်ခန်းသို့ ဦးတည်သော ဓာတ်လှေကားအတွင်း ရောက်အောင် တိုက်ရိုက် ပြေးဝင်သွားသည်။

အနောက်တောင် စခန်းဌာနချုပ်သည် အကြီးဆုံး လုံခြုံရေး ဌာနချုပ်အဖြစ် ခေါ်ဆိုထိုက်ပေသည်။ ယခုကဲ့သို့ နေရာတိုင်း၌ စွမ်းအား လျော့နည်းနေသည့် အချိန်မှာပင် ဓာတ်လှေကားသည် ယခုထိပင် အသုံးပြု၍ ရနေသေးသည်။ စစ်တပ်သည် ဌာနချုပ်အား ဆောက်လုပ်ခဲ့သည့် အချိန်တွင် အစိုးရသည် လင်းကျန်း မြစ်ကြောင်း တစ်လျှောက်တွင် ရဲတပ်ရင်းများကို နေရာဖြန့်ကြက် ချထားပြီးလျှင် စွမ်းအင်ဌာန စခန်းတစ်ခုစီကို ဆောက်လုပ်စေခဲ့သည်။ ယခုအချိန်တွင် ရုံးဌာနများနှင့် အချို့သော အထူးဌာနများတွင်သာ ရရှိနိုင်တော့သည်။

ယွင်ချဲ့ကို ရှင်းဖုန်း အလုံးစုံ ရှင်းပြခဲ့သည်။

“ဟမ် .. ငါတို့က အရင်းရှင် စနစ်ဆီ နောက်ပြန် သွားနေကြတာလား .. တကယ်လို့ အခြေခံ လူတန်းစား တော်လှန်ရေးသမားတွေ ဒီအကြောင်းကို သိခဲ့ရင် ဒေါသဖြစ်လွန်းလို့ အုတ်ဂူထဲက ပြန်ထွက်လာကြလိမ့်မယ်”

ဘုန်း

သူတို့ ဓာတ်လှေကား အတွင်းသို့ ဝင်ရောက်သည့် အချိန်တွင် ယွင်ချဲ့သည် ဓာတ်လှေကား အတွင်းရှိနေသော စောင့်ကြည့်ရေး ကင်မရာကို ချက်ချင်း ဖျက်ဆီး လိုက်သည်။ ဓာတ်လှေကား အတွင်းတွင် ရှိနေသော ခလုတ်များသည် မြေအောက် ဓာတ်ခွဲ စမ်းသပ်ခန်းတွင် အထပ်သုံးထပ် ရှိသည်ကို ဖော်ပြနေသည်။ ဒါကိုကြည့်ခြင်းဖြင့် လူသားများ၏ ဆန်းသစ် တီထွင်မှုများသည် အလွန်သင့်တင့် ကောင်းမွန်လှသည် ဟူ၍ မဆိုနိုင်ပေ။

တင်း

သူတို့ ရောက်လာခဲ့ကြသော်လည်း ဓာတ်လှေကား အတွင်းမှ မထွက်ခင် ထိုနေရာတွင် မည်သူမှ မရှိသည်ကို သေချာစေရန် ခေတ္တ စောင့်ကြည့်လိုက်သည်။ အချိန်မှာ မနက်ခင်း သုံးနာရီဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်ခန်း သည်လည်း မှောင်မည်းနေသဖြင့် စောင့်ကြည့်ရေး ကင်မရာများကို ရှောင်တိမ်းနိုင်ရန် အတွက် အခြေအနေ ကောင်းပင်။ ယခုအကြိမ်တွင် ကင်မရာများကို ယွင်ချဲ့ မဖျက်ဆီးတော့ဘဲ ရှောင်တိမ်း၍ သတိကြီးစွာဖြင့် လျှောက်လာခဲ့သည်။

တိတ်ဆိတ် ငြိမ်သက်နေချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်သည် ရှိုက်၍ ငိုကြွေးလာပြီး ထိုအသံကို တဖြည်းဖြည်း ပြတ်သားစွာ ကြားလာရသည်။ သူတို့နှစ်ဦး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အသံကို နားစွင့်လျက် လာခဲ့ရာ သံတံခါးမကြီး တစ်ခုသို့ ရောက်လာကြလေသည်။

“ဉီးလေး ရှင်း ဒီတစ်ခါ ခင်ဗျားအလှည့်”

ယွင်ချဲ့ အနောက်ကို အနည်းငယ် ဆုတ်ကာ ကြွပါဟူသော ခြေဟန်လက်ဟန်နှင့် လုပ်ပြလေသည်။ ရွှေအစွမ်းကဲ့သို့ ထူးခြားစွမ်းရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက်သည် အခြားသော သတ္တုပစ္စည်း အဟန့်အတားများကို လွယ်ကူစွာပင် ဖျက်ဆီးနိုင်သည်။ ရှင်းဖုန်းသည် သူ၏ ထူးခြားစွမ်းရည်အား စတင် အသုံးပြု လိုက်သည့်အခါ သံတံခါးမကြီးမှာ တဖြည်းဖြည်းချင်း အရည်ပျော် ကျလာပြီး လက်ရန်းတစ်ခုကို ဆွဲယူလိုက်သည့် အခါတွင် ကြီးမားသော ဝင်ပေါက်တစ်ခု ပေါ်ပေါက်လာသည်။

ယွင်ချဲ့လည်း လက်မထောင် ပြလိုက်ပြီးနောက် သူတို့နှစ်ဦး ဝင်ပေါက် အတွင်းသို့ ဝင်ခဲ့ကြသည်။ တံခါး၏ အတွင်းဘက်တွင် အခန်းသေးသေးလေးများ များစွာရှိနေပြီး အခန်းတစ်ခုစီသည် သံဖြင့်ပြုလုပ်ထားပြီး လက်ဗွေစနစ် သော့များကိုသာ အသုံးပြုထားသည်။

တံခါးတစ်ခုစီတွင် A4 စာရွက်အရွယ် မှန်ချပ်များရှိနေပြီး ထိုမှန်များမှတဆင့် အတွင်းဘက်သို့ ကောင်းစွာ မြင်နေရသည်။ အတွင်းဘက်သို့ ဝင်ရောက် လာသည်နှင့် ပို၍ဒေါသ ထွက်လာကြရသည်။ ထိုနေရာတွင် ဒဏ်ရာများနှင့် ပတ်တီး စည်းထားရသော လူများအပြင် ဒေါသပြင်းထန် ဆာလောင်နေကြသော ဖုတ်ကောင်များ ရှိလေသည်။ ဖုတ်ကောင်များ၏ မျက်လုံးများမှာ သူတို့သည် အဆင့် ၁ သို့မဟုတ် အဆင့် ၂ ရှိသော ဖုတ်ကောင်များ ဖြစ်သည်ကို ပြသနေသည်။ သူတို့ကို အဆင့်မြှင့်တင် ပြီးသည့်အခါတွင် ထိုဖုတ်ကောင်များကို ဓာတ်ခွဲ စမ်းသပ်ခန်းတွင် ဆက်လက်၍ ချုပ်နှောင် ထားနိုင်မည် မဟုတ်တော့ပေ။

“သေစမ်း”

ကြောက်စရာ ကောင်းသော ဖုတ်ကောင်များ၏ မျက်လုံးများကို မြင်လိုက်ရသည်နှင့် ရှင်းဖုန်း ချက်ချင်းပင် ဆဲဆိုလိုက်သည်။ ယွင်ချဲ့ စကားများ အားလုံး မှန်ကန်နေခဲ့သည်။ အမည်ခံ သိပ္ပံပညာရှင်များမှာ အသိဉာဏ် ကင်းမဲ့လွန်းလှသည်။

ယွင်ချဲ့ ဘာမှမပြောတော့ပေ။ သူ၏ အတိတ်ဘဝတွင် ထိုအရာများနှင့် ကျင့်သားရနေပြီးသား ဖြစ်သည်။

“ဟိုင်ရွှမ်း”

သူတို့သည် နောက်ဆုံး အခန်းသို့ ရောက်တော့မှသာ လုဟိုင်ရွှမ်းကို ရှာတွေ့သွားလေသည်။ လုဟိုင်ရွှမ်းမှာ အခန်းထဲရှိ အိပ်ရာ တစ်ခုပေါ်တွင် ချည်နှောင်ခြင်း ခံထားရပြီး ကိုယ်ကို လူးလှိမ့်ကာ လွတ်မြောက်စေရန် ရုန်းကန်နေသည်။

လုဟိုင်ရွှမ်းလည်း သူတို့ကို မြင်လိုက်သဖြင့် ပို၍ ပြင်းထန်စွာ ရုန်းသော်လည်း သူ၏ ပါးစပ်တွင် တိတ်များဖြင့် ပိတ်ထားသဖြင့် အသံကျယ်စွာ အော်၍မရပေ။ ရှင်းဖုန်းမှာ သတ္တုတံခါးကို တစ်ဝက်လောက်ထိ ဆွဲဖောက်လိုက်ရာ ယွင်ချဲ့သည် ပြေးဝင်သွားပြီး တိတ်များကိုဖြဲ၍ ကြိုးများကို ဖြတ်ပေးလိုက်သည်။

“အစ်ကို ချဲ့ … ဒီတစ်ခါ ငါတကယ် အသတ်ခံရပြီ ထင်တာ ဒီခွေးကောင်တွေက ငါ့ခေါင်းကို ဖွင့်ပြီး ငါ့ဦးနှောက်ကို ဆေးထဲမှာ ထည့်ဖော်ကြမှာ … ဒါပေမယ့် ကြည့်ရတာ သူတို့ကြားထဲမှာကို ပြဿနာ ဖြစ်နေကြတဲ့ပုံပဲ မဟုတ်ရင် ငါသေတာကြာပြီ”

လုဟိုင်ရွှမ်းသည် ငရဲမှ ပြန်လည် ကယ်တင်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားရကာ ယွင်ချဲ့ကို ဝမ်းသာအားရ ဖက်လိုက်သည်။

“အရင်ဆုံး ငါတို့ သွားကြစို့”

ရှင်းဖုန်း သည်လည်း ယွင်ချဲ့ လက်ကို ဆုပ်ကိုင်ထားသော လုဟိုင်ရွှမ်း၏ လက်ကို စိုက်ကြည့်ကာ မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ယွင်ချဲ့ကို အပြင်သို့ ဆွဲခေါ်လာသည်။

“ဟေ့ ! နေကြပါဉီး ! ငါ့ကို တစ်ယောက်တည်း မထားခဲ့နဲ့လေ !”

လုဟိုင်ရွှမ်းလည်း အော်ဟစ်ငိုကြွေးကာ အနောက်မှ လိုက်လာလေတော့သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset