အခန်း (၅၀)
“မဟုတ်ဘူး ဟိုင်ရွှမ်းမှာ စွမ်းအားရှိတယ်”
ယွင်ချဲ့ ရုတ်တရက် ဝင်လာကာ ပြောလိုက်သဖြင့် အခန်းထဲရှိသူ အားလုံး သူ့ကိုလှည့်ကြည့် လိုက်ကြသည်။ လှေကားထောင့်မှ ယွင်ချဲ့ ထွက်လာပြီးနောက် ကျိုးဇယ်ယွီ မနေနိုင်တော့ဘဲ …
“အစ်ကို ချဲ့ မင်းသိလား ဟိုင်ရွှမ်း …”
“သိတယ်”
ယွင်ချဲ့ သူ့ကို လက်နှင့် ကာလျက် တားလိုက်ပြီး ရှင်းဖုန်း အနားသို့ ဦးတည် သွားလေသည်။
“ဟိုင်ရွှမ်းရဲ့ စွမ်းအားက ထူးခြားတယ် .. အဲဒါက သူ့ကိုယ်သူ အတွက်ပဲ ကုသလို့ရတဲ့ အလင်းစွမ်းအား တစ်မျိုးပဲ”
စစ်တပ်က ဘာကြောင့်များ အစွမ်းရှိသူကို သတ်ပြီး အလောင်းကို မီးရှို့ပစ်လိုက်တာလဲ။ ယွင်ချဲ့၏ စကားလုံးများက သူတို့၏ခန့်မှန်းချက်ကို အတည်ပြုလိုက်ပြီး အကြောင်းပြချက် များမှာလည်း တဖြည်းဖြည်းနှင့် ပျက်စီးစ ပြုလာသည်။
“တောင်းပန်ပါတယ် ငါ့အမှားပါ”
ရှင်းဖုန်း သူ့အမှားကို ဝန်ခံရဲသည်။ စစ်တပ်က ယွင်ချဲ့ လူများကို နာကျင်အောင် လုပ်လိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
“ဟင့်အင်း ဒါခင်ဗျားနဲ့ မဆိုင်ပါဘူး ပြီးတော့ ခင်ဗျားလည်း ဘာတတ်နိုင်မှာလဲ”
ရှင်းဖုန်း ဘေးတွင် ယွင်ချဲ့ ထိုင်လိုက်ပြီး အရှေ့တွင် ရှိနေသော ကော်ဖီခွက်ကို ယူလိုက်သည်။
“မင်္ဂလာပါ ငါက ကျောက်ယန်း အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ကူးမင်ရွှမ်း ပါ”
သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို ကြည့်ပြီး ကူးမင်ရွှမ်း လက်ထုတ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက် လိုက်သဖြင့် ယွင်ချဲ့ သူ့လက်ကို ကြည့်လိုက်သည်။ ယွင်ချဲ့လည်း လက်ကိုထုတ်ကာ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် သူ့လက်ကို လေထုအလွှာပါးလေး တစ်ခုနှင့် ပိတ်ကာလိုက်သည်။ အတိတ်ဘဝတွင် ကူးမင်ရွှမ်းကို သိထားသဖြင့် သူ၏ စိတ်ဖတ်နိုင်သော စွမ်းအားကိုလည်း သိနှင့်ပြီးဖြစ်သည်။
“ယွင်ချဲ့ ပါ”
“အင်း”
နှစ်ဉီးသား လက်ဆွဲနှုတ်ဆက် လိုက်ကြပြီးနောက် ကူးမင်ရွှမ်း လက်ကို အမြန် ရုပ်လိုက်သည်။ သူ၏အထက်ဆရာ ရှင်းဖုန်း မှအပ ယွင်ချဲ့မှာ သူ၏စိတ်ဖတ်နိုင်စွမ်းကို တားဆီးနိုင်သော ဒုတိယမြောက် လူဖြစ်သည်။
ယွင်ချဲ့ တိတ်ဆိတ်စွာ နေလိုက်ပြီး ဘာကိုမှ မသိဟန်ဆောင် လိုက်သော်လည်း အမှန်မှာ သူဝမ်းသာနေခြင်းပင်။ ပထမဆုံးအကြိမ် သူတို့နှင့် ပူးပေါင်းရန် ပြောစဉ်က သူ့ကိုအရူးလုပ်ကာ အလကား အလုပ်လုပ် ခိုင်းခဲ့သဖြင့် လက်စားချေရတာ အလွန် ကောင်းလှသည်။
မည်သို့ ဖြစ်သွားသည်ကို ရှင်းဖုန်း ရိပ်မိလိုက်သည်။ မင်ရွှမ်း၏ အစွမ်းကို အတော်ကြာသည် အထိ ယွင်ချဲ့ သိနေပုံရသည်ဟု တွေးဆ လိုက်သော်လည်း ယွင်ချဲ့၏ အောင်မြင်မှုကိုသာ သူစောင့်ကြည့်နေပြီး ထိုအခါမှသာ သူ၏ညီကို တောင်းပန်နိုင်မည် ဖြစ်သည်။
“ရွှမ်း ဘာဖြစ်လို့လဲ”
ချူးဟောင်လင်း တမင် စနောက်ကာ မေးလိုက်သည်။ ကူးမင်ရွှမ်း လက်ကို ဆန့်ထုတ်လိုက်ပြီး မျက်မှန်ကို နှာခေါင်းထက် ပင့်တင်လိုက်သော်လည်း ချူးဟောင်လင်း အနောက် ပြန်ဆုတ်လိုက်ကာ ယန်းဟွိုင်အန်း အနောက်တွင် ပုန်းလိုက်သည်။ ကူးမင်ရွှမ်းကို သူကြောက်ရသည်။ ကူးမင်ရွှမ်း၏ ပုံစံမှာ နွေးထွေးညင်သာ သော်လည်း လက်စားချေရန် အတွက်ဆိုလျှင် မည်သည်ကိုမဆို လုပ်ဆောင်ရန် ဝန်လေးမည် မဟုတ်ပေ။
“ယွင်ချဲ့ ငါမင်းကို မိတ်ဆက်ပေးမယ် .. ဒီတစ်ယောက်က ချူးဟောင်လင်း ၂၂နှစ် ငါတို့ထဲမှာ အငယ်ဆုံး မီးစွမ်းအားနဲ့ လေဟာနယ် စွမ်းအား ပိုင်ထားတယ် .. ဖန်ရွေက မြေထုစွမ်းအား .. ယွီဝမ်းချင်က ရေခဲအစွမ်း .. ရှန်းရွေက ရွှေစွမ်းအား .. ကျန်းရှန် သစ်သားစွမ်းအားနဲ့ အရှိန်မြှင့်နိုင်တဲ့ စွမ်းအားရှိတယ် .. ကျန်တဲ့သူတွေကတော့ ကျောက်ကောင်းနဲ့ ငါပဲ”
ယန်းဟွိုင်အန်းလည်း ချူးဟောင်လင်းကို တွန်းထုတ်ကာ ယွင်ချဲ့ကို ပြုံးလျက် နှုတ်ဆက်လေသည်။ ယွင်ချဲ့က သူတို့၏မရီး ဖြစ်လာနိုင်သဖြင့် အခုချိန်တွင် ကပ်ဖားထားမှ တော်ကာကျလိမ့်မည်၊
“မင်္ဂလာပါ”
ယွင်ချဲ့ လက်ဝှေ့ကာ နှုတ်ဆက် လိုက်သဖြင့် ကျန်သော သူများလည်း ပြန်ခေါင်းညိတ်ပြလေသည်။
“ဟိုင်ရွှမ်း ကိစ္စကို ဘယ်လိုလုပ်မှာလဲ”
ပြောနေသည့် စကားကို ယွင်ချဲ့ ပြန်ဆက်လေသည်။
“မင်းမှာ တခြားအတွေး ရှိနေသလိုပဲ”
“ရှင်းဖုန်း တိုက်ရိုက် မဖြေဘဲ ယွင်ချဲ့ သောက်ထားသော ကော်ဖီခွက်ကို ကိုင်လိုက်သော်လည်း မည်သူမှ သတိမထားမိကြပေ။
“ဒါပေါ့ ဒါပေမယ့် ခင်ဗျား စခန်းကနေ ထွက်လာတာက စစ်တပ်က သုတေသနအတွက် လိုအပ်တဲ့အရာတွေ စုဆောင်းဖို့ဆိုပြီး ပြောတာ မှတ်မိသေးတယ် .. အခုရှိသေးလား”
ရှင်းဖုန်းကို ယွင်ချဲ့ ကြည့်ကာ ပြောလေသည်။
“သုတေသနပစ္စည်း .. မင်းထင်တာ ဒီကိစ္စက သုတေသနအဖွဲ့နဲ့ ပတ်သက် နေတယ်ပေါ့”
ယွင်ချဲ့ မည်သို့ တွေးတောနေသည်ကို ရှင်းဖုန်း သိလုနီးနီး ဖြစ်လာသည်။ သုတေသန အဖွဲ့မှာ စစ်တပ်၊ အစိုးရနှင့် လွတ်ကင်းသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အာဏာ မရှိသော်လည်း မပါမဖြစ် လိုအပ်သော အဖွဲ့တစ်ခုဖြစ်သည်၊။ ကျောက်ယန်း အဖွဲ့က ပညာရှင်များကို ကယ်တင်နိုင်ရန် သူတို့အသက်ကိုပင် စတေးခဲ့ကြသော်လည်း ထိုကိစ္စနှင့် ဆက်နွယ်နေလျှင် ထပ်မပတ်သက်တော့မှသာ သင့်တော်ပေလိမ့်မည်။
“ဒီကိစ္စကသူတို့နဲ့ ဆက်စပ်နေတာ မဟုတ်ဘူး ကျုပ်အထင် သူတို့ကိုက တရားခံပဲ”
ယွင်ချဲ့ စကားကြောင့် ရှင်းဖုန်း မျက်မှောင်ကြုတ် သွားလေသည်။
“မင်းကဘာလို့ အဲဒီလိုထင်တာလဲ”
“စောနကပဲ ခင်ဗျားတို့ ပြောနေတာ ကြားလိုက်တယ် … စစ်တပ်ထဲက တစ်ယောက်ယောက်က ဒီကိစ္စအတွက် တာဝန်ရှိတယ် ဆိုတာကို လက်ခံပုံပါပဲ … ဒါပေမယ့် ဖြစ်နိုင်ချေ နောက်တစ်ခု ရှိသေးတယ် … ခင်ဗျား တွေးမိလား တကယ်လို့များ တစ်ယောက်ယောက်က ဟိုင်ရွှမ်း ကိုရဖို့အတွက် မင်းကို အာခံရလောက်တဲ့အထိ သူ့ကို လိုအပ်နေတယ် ဆိုတာလေ”
ယွင်ချဲ့ ဆေးလိပ်ဖွာရင်း ပြောသည်။ အတိတ်ဘဝမှ သူ့အတွေ့အကြုံနှင့် သုတေသနအဖွဲ့ အကြောင်းကို အခြေခံ၍ ကောက်ချက်ချ ထားခြင်းဖြစ်သည်။ ကမ္ဘာပျက်ကပ် ဆိုက်ပြီးနောက်တွင် စေတနာများ၊ ကိုယ်ကျင့်တရားများ အကြောင်း အမြဲပြောနေခဲ့သော သိပ္ပံပညာရှင်များလည်း ရူးကြောင်ကြောင် ဖြစ်ကုန်ကြလေသည်။ ဖုတ်ကောင် ဖြစ်လာရခြင်းနှင့် ကာကွယ်ဆေးများကို ရှာဖွေဖော်ထုတ် စူးစမ်းကြရမည့်အစား အဓိပ္ပါယ်မရှိသည့် အရာများကိုသာ ရှာဖွေနေကြသည်။
အတိတ်ဘဝတွင် တောင်ဘက်စခန်းမှ စွမ်းအားရှိသူနှင့် ဖုတ်ကောင်တို့ကို ပေါင်းကာ သန္ဓေပြောင်း လူသားအဖြစ် ဖန်တီးခဲ့သည်ကို သူမှတ်မိသေးသည်။ ထိုအရာများမှာ တိုက်ရည်ခိုက်ရည် ကောင်းမွန်သော်လည်း သူတို့တွေ မပျော်ရွှင်ခဲ့ကြပေ။ ထို့ကြောင့် သန္ဓေပြောင်း လူသားများ အားလုံး ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြသည်။ သုတေသီအဖွဲ့မှာ လုဟိုင်ရွှမ်းကို သန္ဓေပြောင်း လူသားအဖြစ် မပြောင်းနိုင် လောက်သော်လည်း သူ့ကို ထပ်ခါထပ်ခါ ခွဲစိတ်စစ်ဆေးကာ ဖျက်ဆီး ပစ်ကြလိမ့်မည်။
“မင်းပြောချင်တာကာ လုဟိုင်ရွှမ်းကို လိုချင်တာ သုတေသီအဖွဲ့ဖြစ်ပြီး သူတို့စစ်တပ်ကို ဖိအားပေးလို့ စစ်တပ်လည်း မတတ်နိုင်ဘဲ ဟိုင်ရွှမ်းကို ဖမ်းလိုက်ရတယ်လို့ ဆိုလိုတာလား … သူတို့လူသားတွေ အပေါ် စမ်းသပ်တာတွေ လုပ်နေပြီး စွမ်းအားရှိတဲ့ သူတွေကို အရေးပေါ် လိုနေတယ်လို့ မင်းသံသယ ရှိနေတာလား”
ထိုအရာမျိုးက မဖြစ်နိုင်တာ မဟုတ်ကြောင်း လူတိုင်းသိသည်။ ကမ္ဘာပျက်ကပ် မတိုင်ခင်ကပင် သုတေသီတချို့ ရူးကြောင်ကြောင်နိုင်သော အလုပ်များ လုပ်နေကြသော်လည်း လူသားများအတွက် အကျိုးရှိသော ကိစ္စများကိုသာ လုပ်ပေးနေသည်ဟု ကြေညာ ထားလေသည်။ အထူးအဖွဲ့ အနေနှင့် သုတေသီအဖွဲ့က မည်မျှယုတ်မာ ညစ်ပတ်ကြောင်း သူတို့လည်း သိသည်။
“ဒါပေမယ့် နေ့တိုင်း လူရာချီလောက် စခန်းကို ရောက်လာကြတာ .. သူတို့ထဲမှာမှ စွမ်းအားရှိတဲ့ သူတွေရှိမှာပဲ .. ငါတို့ နောက်ခံရှိတဲ့ လုဟိုင်ရွှမ်းနဲ့ ယှဉ်ရင် ကျန်တဲ့သူတွေက သာမန်တွေပဲလေ … လုဟိုင်ရွှမ်းထက် သူတို့ကို ရဖို့က ပိုတောင် လွယ်သေးတာကို”
ချူးဟောင်လင်း သံသယ ဝင်သည်မှာ ယုတ္တိရှိပေသည်။ သုတေသီများက ယုတ်ညံ့သည် ဆိုသော်လည်း လူသားများမှာ သူတို့အပေါ် မှီခိုနေရပြန်သည်။ ယခုကိစ္စမှာ သုတေသီများနှင့် မသက်ဆိုင်ရန်ကိုသာ သူတို့မျှော်လင့် နေရသည်။
“စခန်းထဲမှာ စွမ်းအားရှိတဲ့ သူတွေ အများကြီးဆိုတာ ဟုတ်တယ် .. ဒါပေမယ့် ဒီထဲရောက်လာသမျှ သူတိုင်း စာရင်းမှတ် ခံရတယ်လေ အကြောင်းရင်းမရှိဘဲ ပျောက်သွားရင် လူတွေက ပြောလာမှာပဲ … သိပ္ပံပညာရှင်တွေက သုတေသန လုပ်ရင်သာ လူမဆန်ကြပေမယ့် သူတို့ ဂုဏ်သိက္ခာကို တန်ဖိုးထားကြတော့ သူတို့စွန့်စားမှာ မဟုတ်ဘူး … ဒါပေမယ့် သီးသန့် အစစ်ဆေးခံရတဲ့ သူတွေကိုတော့ စာရင်း မမှတ်ထားကြဘူး ဆိုတော့ အဲဒီလူတွေကို သုံးဖို့က ပိုလွယ်တာပေါ့ … ပြီးတော့ ဒီလောကကြီးမှာ မရှိတော့သလို ဖြစ်နေတဲ့ သူတွေကို ဘယ်သူက အာရုံစိုက်မိမှာလဲ သူတို့ကံကြမ္မာက ခွဲစိတ်ခံရမယ် ချုပ်ခံရမယ် ထပ်ပြီး ခွဲစိတ်ခံရမယ် ဒါနဲ့ပဲ သံသရာလည်နေတာ … ပြီးရင်နောက်ဆုံးကျ ခွဲစိတ်ခန်းထဲက ခုံပေါ်မှာပဲ ခံပြင်းရင်းနဲ့ သေသွားရမယ်”
ယွင်ချဲ့ ပြုံးလျက် ပြောနေသော်လည်း သူ့စကားကြောင့် အခြားသူများ ထိတ်လန့် မိနေကြသည်။ တစ်ခါကလည်း သုတေသနအခန်းမှ သုတေသီများကို သိပ္ပံရူးများဟု ယွင်ချဲ့ ပြောခဲ့ဖူးသည်ကို ရှင်းဖုန်း သတိရမိလိုက်သည်။ ယွင်ချဲ့ သူတို့နဲ့များ ပြဿနာ ရှိနေတာလား။
“ငါသိသလောက်တော့ နေ့တိုင်း သီးသန့်အခန်းထဲကို လာတဲ့ ဒဏ်ရာ ရထားတဲ့ သူတွေ အများကြီးပဲ .. ဒါပေမယ့် လူနည်းနည်းလောက်ပဲ အန္တရာယ် ကင်းကင်းနဲ့ ပြန်ထွက်လာကြတာ .. ဒါဆို သူတို့ တကယ်ပဲ သုတေသီတွေ လက်ထဲ ရောက်သွားတာလား”
ကူးမင်ရွှမ်း သံသယ အတွေးနှင့် မေးလိုက်သည်။ ယခု လတ်တလောတွင် ယွင်ချဲ့ ပြောသမျှကို သူယုံကြည်သည်။
“ဟင့်အင်း ဖုတ်ကောင် ရောဂါပိုးကူးပြီး ၁ဝ ရာခိုင်နှုန်း လောက်သော သူတွေပဲ သန္ဓေ မပြောင်းကြတာ ဒါကြောင့် စွမ်းအားရှိတဲ့ သူကနည်းတော့ ဟိုင်ရွှမ်းကို သူတို့ခေါ်သွားကြတာ … သူတို့သာ တွန်းအားပေး မခံရရင် မင်းတို့ကို ရန်စပြီး ဒါကိုလုပ်မှာ မဟုတ်ဘူး”
ယွင်ချဲ့ ရယ်ချင် လာမိသည်။ စွမ်းအားရခြင်းကသာ လွယ်ကူနေလျှင် စွမ်းအားရှိသူများလည်း ရှားနေမည် မဟုတ်သကဲ့သို့ ဖုတ်ကောင်များလည်း ပေါများနေမည် မဟုတ်ပေ။
***