YMR- အခန်း ၄၃

အခန်း (၄၃)

ယွင်ချဲ့ တို့အဖွဲ့မှာ အလွန် အင်အားကြီးသဖြင့် အချိန်ခဏလေး အတွင်းတွင် လမ်းဆုံအလယ်သို့ ရောက်လာကြပြီး အနောက်တွင် အလောင်းများနှင့် ခန္ဓာကိုယ် အပိုင်းအပြတ်များသာ စုပုံနေလေသည်။

သို့သော်လည်း သူတို့ မသတ်ဖြတ်နိုင်ခဲ့သော ဖုတ်ကောင်များစွာလည်း ရှိနေသေးသည်။ ဖုတ်ကောင်များမှာ နာကျင်ခြင်းနှင့် ကြောက်လန့်ခြင်း ကင်းမဲ့သော်လည်း လူသားများ၏ အသွေးအသားနံ့များကို ကောင်းစွာ ခံစားနိုင်ကြသဖြင့် မကြာခင်တွင် စွမ်းအားနည်းလာတော့မည်ဖြစ်သော ယွင်ချဲ့နှင့် အခြားသူများ နောက်သို့ အပြေးလိုက် နေကြလေသည်။

မြင့်မားသော အဆောက်အအုံတစ်ခု၏ ထိပ်တွင် သာမန်မဟုတ်သော ဖုတ်ကောင် တစ်ကောင်ရှိနေပြီး ဘေးတွင်လည်း လူတစ်ယောက် ရပ်နေသည်။ ထိုလူမှာ ဖုတ်ကောင်၏ ပခုံးကို ထိကိုင်လိုက်ပြီး …

“သွားတော့ .. သူတို့ရဲ့ခန္ဓာကိုယ်က အားရှိစေတော့ မင်းကို အဆင့်တိုးတက်အောင် လုပ်ပေးလိမ့်မယ်”

ထိုလူ၏အသံမှာ ကျိုးပဲ့နေသော မောင်းကဲ့သို့ ကွဲအက်နေပြီး သူ၏ စကားများမှာ ပို၍ရင်ထိတ်ဖွယ် ဖြစ်နေလေသည်။ အသက် ၃ဝ ဝန်းကျင်အရွယ်ဟု ယူဆရပြီး ရုပ်ရည်မှာလည်း ကြည့်ပျော်ရှုပျော် မဟုတ်သည့်အပြင် မျက်နှာမှာလည်း အသက်မဲ့နေ သကဲ့သို့ အေးစက်တည်ငြိမ် လွန်းလှသည်။ အကယ်၍ သူသာ စကားမပြောခဲ့လျှင် ဖုတ်ကောင်ဟု အထင်မှားမိလိမ့်မည်။

ထိုဖုတ်ကောင်လည်း အမိန့်ကို နာခံပြီးနောက် ဟိန်းဟောက်ကာ အောက်သို့ ဒိုင်ဗင်ထိုးဆင်း သွားလေသည်။

“အစ်ကို ချဲ့ … ငါတို့အစွမ်းတွေ ကြာကြာ မတောင့်ခံနိုင်လောက်ဘူး”

ကျိုးဇယ်ယွီနှင့် အခြားသူများလည်း ပင်ပန်းနွမ်းနယ်ကာ ချွေးစေးများ ကျနေလေသည်။ သူတို့၏ အစွမ်းများ အားလျော့လာလျှင် ဖုတ်ကောင်များ၏ အစာဖြစ်လာမည်မှာ မလွဲပင်။

“ဟိုမှာ လာနေပြီ !”

“ဘာကြီးလဲ”

ဝုန်း

သူတို့ သတိမထားမိ လိုက်ချိန်တွင်ပင် ဘောလုံးအရွယ်ရှိ မီးလုံးကြီး တစ်လုံး ကျလာသော်လည်း ဖျတ်လတ်သော ယွင်ချဲ့မှာ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ထိုမီးလုံးကြီးကို ထက်ပိုင်း ပိုင်းချလိုက်သည်။

“ဟင် …”

“အဆင့် ၃ ဖုတ်ကောင် ? ငါမင်းကို စောင့်နေတာကြာပြီ”

မီးဘောလုံးကို ပိုင်းဖြတ် လိုက်ပြီးနောက်တွင် မီးတောက် လောင်နေသော ဖုတ်ကောင် တစ်ကောင်ကို တွေ့လိုက်ရသည်။ သူ၏မျက်လုံးမှာ တိမ်မစွဲနေတော့ဘဲ အဖြူနှင့်အနက် ဖြစ်နေသောကြောင့် သူ၏အဆင့်ကို ယွင်ချဲ့ ခန့်မှန်း နိုင်လိုက်သည်။

ယွင်ချဲ့မှာ အတိတ်ဘဝတွင် ထိုသို့သော ဖုတ်ကောင်များစွာနှင့် တွေ့ကြုံခဲ့ဖူးသည်။ ယွင်ချဲ့ လက်ကောက်ဝတ်ကို အသာ ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်နှင့် အဖြူရောင် ရောနေသော လျှပ်စီးတန်း တစ်ခုက ဖုတ်ကောင်ထံသို့ တန်းတန်းမတ်မတ် ရောက်သွားလေသည်။

“ဟမ် !”

ဖုတ်ကောင်မှာ အော်ဟစ်လိုက်ပြီး ကိုယ်ပေါ်တွင် တောက်လောင်နေသော မီးတို့မှာလည်း မျက်စိတစ်မှိတ် အတွင်းတွင် ဖြတ်ပြေးသွားကာ ယွင်ချဲ့၏ လျှပ်စီးစွမ်းအားကို အန်တု ထားနိုင်လိုက်သည်။

ဖုန်း

လျှပ်စီးဓါးနှင်း မီးတို့ ပွတ်တိုက် မိကြချိန်တွင် မီးပွားစွာ စင်ထွက် ကုန်လေသည်။ ရှင်းဖုန်းလည်း အဖွဲ့သားများကို ကြိုတင်စုစည်း ထားလိုက်ပြီး ရွှေရောင် အကာအရံ တစ်ခုဖြင့် ထိုမီးပွားများကို ကာပေးလိုက်သည်။ သူ၏အဖွဲ့သားများ လုံခြုံစွာ ရှိနေသည်ကို သိထားသဖြင့် ယွင်ချဲ့ ပြန်လှည့်ကာ သူ၏ လေစွမ်းအားကို ထုတ်သုံးလေလျက် ပျံသန်းသွားလေသည်။

အဆင့် ၃ ရှိသော ဖုတ်ကောင်မှာ စွမ်းအားကို အသုံးပြု နိုင်သော်လည်း သူတို့မှာ ခံစားချက် မရှိသည့်အပြင် တွေးခေါ်နိုင်စွမ်းလည်း မရှိပေ။

ယွင်ချဲ့ ပျံသွားရာ နောက်သို့ ဖုတ်ကောင် အမီလိုက်ကာ မီးလုံးဖြင့် ပစ်ခတ်သော်လည်း ယွင်ချဲ့က ပို၍ လျင်မြန်သည့်အပြင် ထိုမီးများကိုလည်း ရှောင်ကွင်း နိုင်လိုက်သည်။ တစ်ချိန်တည်းတွင် ယွင်ချဲ့ သူ၏ညာလက်ကို ဝှေ့ယမ်းနေပြီး ဓါးသွားမှာလည်း တလက်လက်ဖြစ်နေသည်။

အဆင့်နိမ့်သော ဖုတ်ကောင်များမှာ သူတို့၏ခေါင်းကို ဓါးနှင့် မထိုးစိုက် ရသေးချိန်တွင်ပင် ပေါက်ကွဲ သွားတတ်ကြသည်။ ထိုအချိန် တိုက်တစ်တိုက်ပေါ်မှ တစ်စုံတစ်ယောက် ခုန်ချလာပြီး များစွာသော ဖုတ်ကောင်မှာလည်း ထိုသူအနောက်မှ လိုက်လာခဲ့ကြလေသည်။

“ခေါင်းဆောင်က ပေါ်လာပြီပဲ .. ကိုယ့်ခေါင်းကို မြေကြီးထဲ သွားစိုက်နေပါလား”

ယွင်ချဲ့လည်း အလောင်းကောင်တွင် ထိုးစိုက်နေသော သူ၏ဓါးကို ပြန်ခေါ်ယူလိုက်ပြီး ထိုသူကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ခြေဖနောင့်ကို ဆောင့်နင်းလိုက်ပြီး လေအဟုန်ကို စီးကာ ရှင်းဖုန်း တို့ထံ ပျံသန်းသွားလေသည်။

ထိုလူသည် အဆင့် ၃ ရှိသော ဖုတ်ကောင်သို့ ဉီးတည် သွားလိုက်ရာ အနောက်မှလည်း ဖုတ်ကောင်များစွာက ကိုယ်ရံတော်သဖွယ် လိုက်လာကြလေသည်။ ထူးဆန်းစွာပင် ဖုတ်ကောင်များမှာ ယွင်ချဲ့နှင့် အခြားသူများ၏ အသွေးအသားများကို ဆာလောင် နေသော်လည်း ယွင်ချဲ့ တို့အပေါ် ခုန်အုပ်ခြင်း မရှိဘဲ ယဉ်ပါးနေသကဲ့သို့ အော်ဟစ်နေရုံသာ လုပ်နေကြလေသည်။

ထိုအဖြစ်မှာ ထူးဆန်းနေသဖြင့် ယွင်ချဲ့တို့ အဖွဲ့လည်း စိတ်မလွတ်စေရန် သတိကပ်စွာ စောင့်ကြည့် နေကြလေသည်။ မယုံနိုင်ဖွယ်ရာ ဆိုသော်လည်း ဖုတ်ကောင်များမှာ ထိုလူ၏ထိန်းချုပ်မှု အောက်တွင် ရှိနေသည်မှာ အထင်အရှားပင်။

“ဟေးယွီ .. ချန်ချန် ကို ဂရုစိုက်ထားဉီး”

ယွင်ချဲ့လည်း ကြိုးကို ဖြေလျော့လိုက်ပြီး ဟေးယွီ ကျောပေါ်တွင် ချန်ချန်ကို မြဲမြံစွာ ချည်နှောင် ထားလိုက်သည်။ ထို့နောက် တစ်ဖက်လူကိုသာ အာရုံစူးစိုက် ထားလိုက်သည်။

“ဟွိုင်အန်း .. ရှောင်ချဲ့ကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးလိုက် ပြီးတော့ ဖုတ်ကောင်တွေကိုလည်း သတိထားဉီး … သူတို့က အတော်လျင်တယ်”

ရှင်းဖုန်း၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မရှိဘဲ အရှေ့ကိုသာ စိုက်ကြည့်နေလေသည်။ ယန်းဟွိုင်အန်းနှင့် အခြားကျန်သော ၃ ယောက်မှာလည်း တိတ်ဆိတ်စွာ ရှေ့တိုးလာကြပြီး ရှင်းဖုန်း ဘေးတွင် ရပ်နေကြလေသည်။ ယွင်ချဲ့လည်း တစ်ဖက်လှည့်ကာ ….

“ဇယ်ယွီ .. မင်းတို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြဉီး”

ယွင်ချဲ့၏ ခန့်မှန်းချက်အရ ထိုလူအနောက်မှ လိုက်လာကြသော ဖုတ်ကောင်များမှာ အဆင့် ၂ နှင့်အထက် ရှိကြလိမ့်မည်။ ကျိုးဇယ်ယွီနှင့် အခြားသူများ၏ အစွမ်းမှာ အဆင့် ၂ရောက်နှင့်ကြပြီး ဖြစ်သော်လည်း ဖုတ်ကောင်များနှင့် ရင်ဆိုင်တိုက်ခိုက် ထားရသဖြင့် စွမ်းအားများ လျော့ကျနေလေသည်။

“အင်း ကောင်းပြီ”

“မင်းတို့အားလုံး သေရမယ်”

ထိုလူမှာ ဖုတ်ကောင်ကို ခေါင်းအစ ခြေအဆုံး ပွတ်သပ်လိုက်ပြီး အနာတရရှိမရှိ စစ်ဆေးလိုက်သည်။ ထို့နောက် ယွင်ချဲ့ကို လှည့်ကြည့်ကာ မှုန်ကုပ်စွာ ကြည့်လိုက်ပြီး သူ၏ မျက်နှာမှာလည်း ပြောင်းလဲ သွားလေသည်။

“လာစမ်းပါ !”

ယွင်ချဲ့လည်း အချိန်မဖြုန်း လိုသဖြင့် လက်ကိုမြှောက်ကာ ဓါးကို ထိုလူသို့ ချိန်ရွယ်ထားလေသည်။

“သွားကြ”

ထိုလူမှာ စကားနည်းပုံ ရသည်။ လက်ယပ်ကာ အချက်ပြ လိုက်သည်နှင့် အနောက်မှ ဖုတ်ကောင်များမှာ အုံကြွလာလေသည်။ အဆင့်နိမ့်သော ဖုတ်ကောင်များထက် အဆင့် ၂ ရှိသော ဖုတ်ကောင်များမှာ ပို၍သန်မာ မြန်ဆန်ကြသဖြင့် သူတို့၏ ဉီးတည်ရာကို အမြန်ပင် နီးကပ်လာလေသည်။

“ပစ်တော့”

ဒိုင်း ဒိုင်း

ရှင်းဖုန်း သေနတ် ပစ်လိုက်သည်နှင့် ယန်းဟွိုင်အန်းနှင့် ကျန်သော နောက်လိုက်တို့မှာလည်း သူတို့၏ စက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်လေသည်။ သို့သော် ဖုတ်ကောင် အများစုမှာ အလွန် မြန်ဆန်လှသဖြင့် လွတ်မြောက်သွားပြီး သူတို့နှင့် ပို၍ နီးကပ်လာသည်။

“သေစမ်း !”

ဝုန်း

ယွင်ချဲ့ သူ၏စွမ်းအားများကို ဓါးပေါ်တွင် စုစည်းလိုက်ပြီး လက်တစ်ချက် အဝှေ့တွင် ဓါးမှာ အရှိန်ဖြင့် လေထဲတွင် ဖြတ်ပြေး သွားလေသည်။

“ဟမ် …”

ယွင်ချဲ့၏ ဓါးရှည်မှာ ဖုတ်ကောင် နှစ်ကောင်ကို ခါးမှပိုင်းဖြတ် လိုက်ပြီး ကိုယ်တစ်ပိုင်းစီ ဖြစ်သွားသည့်အပြင် ရှင်းဖုန်းလည်း ချက်ချင်းပင် သေနတ်များနှင့် ပစ်ခတ်လေသည်။

“ဟေးယွီ မင်းအရင်သွားနှင့် … ကျန်တဲ့သူတွေ ပြန်ဆုတ်ကြ”

ဖုတ်ကောင်များစွာ ဝိုင်းရံလာသဖြင့် ယွင်ချဲ့ ဓါးကို မြဲစွာဆုပ်ကိုင်ပြီး အော်ပြောလေသည်။ ဟေးယွီလည်း အခြေအနေကို သဘောပေါက်ကာ သူ၏ လက်သည်းကြီးများဖြင့် ဖုတ်ကောင်များအား ကုတ်ဖဲ့လေသည်။ ကျိုးဇယ်ယွီနှင့် အခြားသူများလည်း ပူးပေါင်းကာ နောက်ဆုတ်ရင်းဖြင့် ဟေးယွီကို ကူညီတိုက်ခိုက် ပေးကြလေသည်။

ဝုန်း

“သေစမ်း ဒီကောင်တွေက သံနဲ့ လုပ်ထားတာလား”

ဖုတ်ကောင်များ၏ အသံများနှင့် သေနတ်သံများ ရောနှောနေသည်။ ပစ်မှတ်များ နီးကပ်လာလေ သေနတ်များမှာလည်း အလုပ်မဖြစ်တော့ သောကြောင့် ယန်းဟွိုင်အန်းတို့ ဓါးများထုတ်ကာ တိုက်ခိုက် ကြသော်လည်း ဓါးများမှာ ဖုတ်ကောင်များကို မနှိမ်နင်းနိုင်ပေ။

“ဒါတွေက အဆင့် ၂ ဖုတ်ကောင်တွေ ရုပ်ရှင်တွေထဲကလို သန်မာကြတယ် … ရိုးရိုးသာမန် ဓါးလောက်နဲ့ သူတို့ကို မသတ်နိုင်ဘူး ငါတို့ရဲ့ အစွမ်းတွေ ထည့်သုံးမှ သတ်နိုင်မှာ”

ယွင်ချဲ့လည်း ဖုတ်ကောင် တစ်ကောင်၏ ခေါင်းကို ဖြတ်လိုက်ပြီး လေအစွမ်းဖြင့် ဖုတ်ကောင်ခေါင်းထဲမှ အမြုတေကို ယူထုတ်လိုက်သည်။ အဆင့် ၂ ရှိသော ဖုတ်ကောင်၏ အမြုတေမှာ ဖန်ဘောလုံး အရွယ်ရှိနေပြီး အခုတစ်ကြိမ်တွင် မသိမ်းဆည်းတော့ဘဲ ယန်းဟွိုင်အန်းကို ပစ်ပေးလိုက်သည်။

“ဒါ မီးအစွမ်းအမြုတေပဲ .. မင်းလက်ထဲ ကိုင်ထားပြီး အစွမ်းကို ထုတ်ထားလိုက် … မင်းရဲ့အစွမ်းကို ပိုတိုးတက် လာစေလိမ့်မယ်”

“အစ်ကိုယွင် .. ဘာလို့ စောစောက မပြောတာလဲ”

အမြုတေကို ကိုင်ထားလျက်ဖြင့် ယန်းဟွိုင်အန်း မျက်ရည် ကျလုမတတ် ဖြစ်လာသည်။ သူတို့ ကြိုသိခဲ့လျှင် အမြုတေများကို ကြိုတင်စုစည်း နိုင်ခဲ့လိမ့်မည်။ ထို့အပြင် သူတို့၏ စွမ်းအားများ ကုန်ဆုံးသွားမည် စိုးသောကြောင့်လည်း စွမ်းအားများကို အသုံးမပြုခဲ့ကြပေ။

“မင်းတို့ကို ပြောလိုက်ရင် ငါတို့က ဘယ်လိုလုပ် စုလို့ရတော့မှာလဲ”

ထိုအဖြေမှာ အနည်းငယ် ကသိကအောက် နိုင်လှသဖြင့် ယန်းဟွိုင်အန်း ခွန်းတုံ့ပြန်ရန် စကားပင် ရှာမရတော့ပေ။ ရှင်းဖုန်းလည်း ပြုံးကာ လက်လျော့ လိုက်ရသည်။ ယွင်ချဲ့ ခေါင်းမာမှုမှာ သူ့အတွက် မထူးဆန်းတော့သည့် အပြင် သူကိုယ်တိုင်လည်း ယွင်ချဲ့ ကဲ့သို့ ခေါင်းမာသူ တစ်ယောက်ပင်။

အဆင့် ၂ဖုတ်ကောင်များကို မည်သို့ အနိုင်ယူနိုင်ကြောင်း သိပြီးနောက် စွမ်းအား ကုန်ခန်းမည်ကိုလည်း မစိုးရိမ်ကြတော့ပေ။ သူတို့ ယုံကြည်ချက်ရှိရှိ တိုက်ခိုက်ကြသဖြင့် ဖုတ်ကောင်များစွာကို ရှင်းပစ် နိုင်လိုက်သည်။ ယခုတစ်ကြိမ်တွင် ဖုတ်ကောင်များ၏ ခေါင်းများကို ဖောက်ထုတ်ရခြင်းကို အတွန့်မတက် ကြတော့ဘဲ ဖုတ်ကောင် တစ်ကောင် သေပြီးလျှင် ခေါင်းထဲမှ အမြုတေများကို ဖောက်ထုတ် ယူကြလေသည်။ အမြုတေ အားလုံးမှာ အသုံးပြု၍ မရသော်လည်း သူတို့၏အစွမ်းနှင့် သက်ဆိုင်သော အမြုတေများကို သာလျှင် စုပ်ယူစုဆောင်း ရနိုင်သည်။

ဝုန်း

ဖုတ်ကောင်များစွာကို သတ်ဖြတ် ရှင်းလင်းပြီး နေချိန်တွင် ရုတ်တရက် သူတို့အပေါ်သို့ မီးဓါးများ မိုးရွာသကဲ့သို့ ကျဆင်း လာလေသည်။ ကျောက်ကောင်း နှင့် အခြားသူများ မီးစွဲလောင်ကာ အနာတရ ဖြစ်သွားကြပြီး မီးစွမ်းအား ပိုင်ရှင်ဖြစ်သော ယန်းဟွိုင်အန်း တစ်ယောက်တည်းသာ ထိုမီးများမှ လွတ်သွားလေသည်။ သူတို့ အနောက်တွင် ရှိနေသော ယွင်ယောင်မှာ ချက်ချင်းပင် ကြီးမားသော ရေလုံး ၂ လုံး ဖန်တီးကာ သူတို့ထဲ ပစ်လိုက်ရာ မီးငြိမ်းသွားပြီး ဒဏ်ရာများသာ ကျန်ခဲ့လေသည်။

“ဉီးလေး ရှင်း … ဒါကို ကျုပ်ရှင်းလိုက်မယ် ကျန်တဲ့ သူတွေကို ဂရုစိုက်လိုက်”

ပြေးလာနေသော အဆင့် ၃ ရှိ ဖုတ်ကောင်ကို ကြည့်ကာ ယွင်ချဲ့ ပြောလိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

“မင်းငါ့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်မလား”

ယွင်ချဲ့ အနောက်ကို ရှင်းဖုန်း လိုက်သွားပြီး လက်ကို ဝှေ့ယမ်းကာ ဓါးများလည်း ဘေးတွင် ပျံသန်းနေလေသည်။

“ခင်ဗျား အရှက်မမဲ့နဲ့ .. ခင်ဗျားက ရွှေအစွမ်း ရှိနေတာ ကျွန်တော်သိတယ် အဲဒါက စွမ်းအားတွေထဲမှာ အစွမ်းအထက်ဆုံးပဲ”

ယွင်ချဲ့ စကားပြောကာ ဖုတ်ကောင် တစ်ကောင်ကို ဓါးနှင့် ထိုးစိုက်လိုက်သည်။ ဖုတ်ကောင်များကို စုစည်းနေသော လူတစ်ယောက်ကို ယွင်ချဲ့ အမြန်ကြည့်လိုက်ပြီး ထိုသူမှာ ဝိညာဉ် ချုပ်ထိန်းသူထက် ဖုတ်ကောင်များကို စုစည်းသော သာမန်လူ တစ်ယောက် ဖြစ်မည်ဟု ယူဆလိုက်သည်။

ပြန်ပြောရလျှင် ဖုတ်ကောင် စုစည်းသူမှာ ဝိညာဉ်ထိန်းချုပ်သူ၏ လက်အောက်ခံ ဖြစ်နေပြီး ဖုတ်ကောင်များကိုသာ ထိန်းချုပ် နိုင်သော်လည်း လူသားများအပေါ် မသက်ရောက်နိုင်ပေ။ ထို့ကြောင့် ဖုတ်ကောင် စုစည်းသူဟုသာ အမည်ရထားခြင်း ဖြစ်သည်။

“မင်းမသိတာ ဘာရှိသေးလဲ”

ရှင်းဖုန်း နှစ်သက်စွာ ရယ်မောလိုက်သည်။ ယွင်ချဲ့သည် စွမ်းအားများ အကြောင်းကို ထိုမျှသိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက် သူ၏ရွှေအစွမ်းမှ ဓါးများကို ဖွဲ့စည်းလိုက်ပြီး အနားတစ်ဝိုက်ရှိ ဖုတ်ကောင်များထံသို့ ပစ်ခတ်လိုက်သည်။ ထိုဖုတ်ကောင်များမှာ အဆင့်နိမ့်ကြပြီး ပို၍ အားနည်းကြသည်။

“တောက် !”

ဒိုင်း

တိုက်ပွဲမှာ အလွန် လွယ်ကူသည်ဟု ထင်ရသော်လည်း ကြာရှည်စွာ တိုက်ခိုက်ခဲ့ရသဖြင့် ယွင်ချဲ့နှင့် ရှင်းဖုန်းတို့ မောပန်းနေကြပြီ ဖြစ်သည်။ စွမ်းအင်များကို များစွာ အသုံးပြုခဲ့ရသဖြင့် အမြုတေများပင်လျှင် အကျိုး မထိရောက်ပေ။ ယွင်ချဲ့ သူ၏ဓါးချက်ကို အောင်မြင်စွာ မလုပ်ဆောင် နိုင်ခဲ့သည့်အပြင် မလွတ်မီ အချိန်တွင် မီးဘောလုံးနှင့် ထိမှန်ခဲ့ရသည်။ သူ၏သေးသွယ်သော ခန္ဓာကိုယ်မှာ အနာတရ ဖြစ်သွားပြီး မြေပြင်ပေါ် လဲကျသွားလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset