YMR- အခန်း ၃၆

အခန်း (၃၆)

မည်းနက်နေသော ညအမှောင်ထဲတွင် တောက်လောင်နေသော မီးမှာ အလွန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သူတို့ပြန်လာရာ လမ်းတွင် အကျိုးအကြောင်း စူးစမ်းရန် ရောက်လာသော လန်ယဲ့ဟန်နှင့် တွေ့ဆုံကြလေသည်။ ဟေးယွီမှာ သူတို့ မြင်တွေ့ခဲ့ရသော သွေးပျက်ဖွယ် မြင်ကွင်းကို ပြောပြရန် စိတ်သွေး ဆူနေသော်လည်း လန်ယဲ့ဟန်မှာ ခြားနားစွာပင် ဒေါသမီးများ တောက်လောင်နေသည်

“သူတို့ကို သတ်လိုက်ကြရအောင်”

စခန်းချခဲ့ရာ နေရာသို့ ပြန်လာခဲ့ကြစဉ် လန်ယဲ့ဟန်က ရုတ်တရက် ပြောလိုက်သောကြောင့် ယွင်ချဲ့ အံ့ဩတကြီး လှည့်ကြည့် လိုက်သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မဆီလျော်သော စကားဖြင့် တုံ့ပြန်လိုက်သည်။

“ကြည့်ရတာ တော်တော် အေးလာပုံပဲ”

အေးစက်ခြင်းက မကောင်းသော နိမိတ်ပင်။ ပြီးခဲ့သော လကုန်ရက်တွင် ကမ္ဘာပျက်ကပ်မှာ နှင်းများစွာ ကျဆင်းပြီးနောက် ဖြစ်ပေါ်လာခြင်းပင်။

“ဘာပြောတာ ?”

ရုတ်တရက် စကားလမ်းကြောင်း ပြောင်းသွားသည်ကို နားမလည် ဖြစ်နေသော လန်ယဲ့ဟန်က ယွင်ချဲ့ကို စိတ်ရှုပ်ထွေး သွားဟန်ဖြင့် ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး … မီးတောက်က အရမ်းကြီးတော့ အခြားနေရာက ဖုတ်ကောင်တွေကို ဒီနေရာ ရောက်အောင် ဆွဲဆောင်လိမ့်မယ် .. ဒီနေရာက အမြန်ထွက်သွား ကြရအောင်”

ယွင်ချဲ့ များများစားစား မရှင်းပြတော့ဘဲ လမ်းအမြန် လျှောက်ကာ ထွက်သွား လိုက်သည်။ ဓါတ်ဆီဆိုင်သို့ ပြန်ရောက် လာကြချိန်တွင် ရှင်းဖုန်းနှင့် ကျန်သော သူများမှာ အပြင်ဘက်တွင် စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ တစ်ခုခုကို ခံစားမိလိုက်ကြပုံပင်။

“ဒီကနေ ထွက်သွားကြမယ် .. ခင်ဗျားတို့ရော လိုက်မှာလား”

ရှင်းဖုန်းကို ယွင်ချဲ့ တိုက်ရိုက် မေးလိုက်သည်။

“လိုက်မယ်လေ”

ရှင်းဖုန်း တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ဖြေလိုက်ပြီး ယန်းဟွိုင်အန်းနှင့် အခြားတစ်ယောက်ကို အခြေအနေ စစ်ဆေးရန် ချက်ချင်း လွှတ်လိုက်သည်။ ညအချိန် သွားလာနေခြင်းမှာ အန္တရာယ် များလွန်းသည် မဟုတ်လား။ မနက် အရုဏ်တက်ချိန်ထိ လုံခြုံစွာ နေထိုင်နိုင်မည့် နေရာလိုအပ်ပေသည်။

ယွင်ယောင်၊ ကျန့်ယာဖေးနှင့် ချန်ချန်တို့မှာ အခန်းထောင့်တွင် အိပ်ပျော်နေကြပြီး ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့က ဓါးကိုယ်စီ လွယ်ကာ နံရံကိုမီလျက် စောင့်ကြပ် နေကြလေသည်။ တစ်ယောက်ယောက် ချဉ်းကပ်လာသည်ဟု ခံစားမိသည်နှင့် ချန်ချန် မှလွဲ၍ ကျန်သော သူများ တစ်ပြိုင်နက်တည်း မျက်လုံးများ ပွင့်လာကြသည်။ ယွင်ချဲ့ ပြုံးကာ လက်ပြလိုက်ပြီး ကိစ္စကြီးကြီးမားမား မရှိကြောင်း ပြောပြကာ အသံတိုးတိုးဖြင့် ကျိုးဇယ်ယွီကို တစ်ခုခုခိုင်းစေလိုက်သည်။ ထို့နောက် ချန်ချန် အနား လျှောက်သွားကာ လက်ထဲ ပွေ့ချီလိုက်ရာ ချန်ချန်မှာ နှစ်ခြိုက်စွာ အိပ်မောကျ နေလေသည်။

“အင်း … ဉီး ဉီး …. အိပ်ငိုက် ….”

ချန်ချန် အိပ်ချင်မူးတူးဖြင့် ညည်းကာ မျက်လုံးများကို ဖွင့်လိုက်ပြီး လက်ဖြင့် ပွတ်လိုက်သည်။

“ဉီးဉီးတို့ တခြားနေရာ သွားကြမယ်နော်”

“ဟုတ် …”

ချန်ချန် ရေရွတ်ကာ ပြန်အိပ်ပျော် သွားလေသည်။

“ယွင်ချဲ့ မြန်မြန်လာတော့ … ဖုတ်ကောင်တွေ လာနေပြီ”

ရှင်းဖုန်း ပြောတော့မှသာ လုဟိုင်ရွှမ်းနှင့် အခြားသူများမှာလည်း အခြေအနေကို ရိပ်မိသွားကြလေသည်။ ယွင်ချဲ့လည်း ချန်ချန်ကို ကိုယ်ပေါ်တွင် တွဲကာ ချည်နှောင် ထားလိုက်သည်။

“သွားကြစို့”

ထွက်သွားကြရန် ပြင်လိုက်စဉ်တွင် တစ်ဖက်မှ အမျိုးသမီးများ အော်ဟစ်ကာ အကူအညီတောင်းကြလေသည်။

“ခဏနေပါဉီး ကယ်ကြပါ… ကျေးဇူးပြုပြီး ကျွန်မတို့ကို ကယ်ပေးကြပါ”

“ကောင်မ လာစမ်း”

“သေစမ်း”

“ကယ်ကြပါ ….”

ဖုတ်ကောင်များ လာနေသည်ကို သိသောကြောင့် တစ်ဖက်တွင် ရှိနေသော လူတို့မှာလည်း စိုးရိမ်လာကြလေသည်။ တစ်ခါမှပင် အကူအညီ မတောင်းခဲ့ဖူးသော အမျိုးသမီး နှစ်ယောက် ရုတ်တရက်ပြေးလာကြ သော်လည်း လမ်းတစ်ဝက်တွင် ထိုလူများ၏ ဖမ်းဆီးခြင်း ခံလိုက်ရသဖြင့် ယွင်ချဲ့နှင့် အခြားသူများလည်း ရပ်တန့် သွားလေသည်။

လုဟိုင်ရွှမ်းနှင့် အခြားသူတို့မှာ ယန်းဟွိုင်အန်း ပြောထားသော စကားကြောင့် ဘာမှမလုပ်ဘဲ ရပ်မြဲရပ် နေကြသည်။ ထိုအမျိုးသမီးတို့ အမှန်တကယ် အကူအညီ တောင်းခြင်း ဟုတ်မဟုတ်ကို ဆန်းစစ် နေကြသည်လား၊ သို့မဟုတ် ယွင်ချဲ့၏ သဘောထားကို စောင့်ဆိုင်း နေကြသည်လားပင်။

“အား ကောင်မစုတ်”

“ကယ်ပေးကြပါ ….”

ရုတ်တရက်ပင် အမျိုးသမီး တစ်ယောက်က သူမကို ဖမ်းထားသော လူ၏လက်ကို ကိုက်လိုက်ပြီး ယွင်ချဲ့ ဘေးသို့ ပြေးလာချိန် အကိုက်ခံလိုက်ရသော လူမှာလည်း နာကျင်နေသဖြင့် အပြေးဖမ်းရန် အားလျော့ သွားလေသည်။ အဝတ်ကင်းလုနီးပါး ဖြစ်နေသော ထိုအမျိုးသမီးမှာ ရှင်းဖုန်း ဘေးသို့သွားကာ လက်မောင်းကို ဖက်တွယ်ရင်း သူမ၏သားမြတ်တို့ဖြင့် ရှင်းဖုန်း၏ ရင်ဘတ်ကို ပွတ်သပ်ကာ ….

“ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပေးပါ … ကျွန်မ မသေချင်ဘူး .. ကျွန်မက ရှင့်အပိုင်ပါ … ကျွန်မကိုပါ ခေါ်သွားပေးပါနော်”

ထိုအမျိုးသမီးမှာ သူမကိုသာ သူတို့နှင့်အတူ ခေါ်သွားမည်ဟု သဘောတူလျှင် သူမကိုယ်သူမ ရောင်းမည် ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောလိုက်သည်။ ရှင်းဖုန်းမှာ ထိုအခြေအနေကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် သူ့အတွက် မထူးဆန်းတော့ပေ။ သို့သော် ထိုအမျိုးသမီး အပေါ် လွန်စွာသနားစိတ် ဖြစ်ခဲ့သော ယွင်ယောင်နှင့် အခြားသူတို့မှာ အခုချိန်တွင် နောင်တကြီးစွာ ရနေကြလေသည်။

“ကျွန်တော်က အစွမ်းရှိနေတဲ့ သူပါ ကိုယ့်ကိုယ်ကိုလည်း သေချာ မကာကွယ် နိုင်သေးတော့ ခင်ဗျားကိုလည်း မကူညီနိုင်ပါဘူး”

ထိုအမျိုးသမီး၏ သနားစဖွယ် အကြည့်များကို ရှင်းဖုန်း လျစ်လျူရှုကာ သူမ လက်တို့ကို ဖယ်ချလိုက်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီနှင့် ဖြစ်ပြီး နောက်တွင်လည်း ရှင်းဖုန်းမှာ မိန်းမသားများကြား အလွန် ရေပန်းစား နာမည်ကြီးလွန်းသည်။

“မလုပ်ပါနဲ့ .. ကျွန်မ မသေချင်လို့ပါ … ကျွန်မကို ကယ်ပေးပါဉီး …..”

ထိုအမျိုးသမီးမှာ ငိုယိုအော်ဟစ်လျက် တစ်ယောက်ချင်းကို ပြေးကပ်ကာ အကူအညီတောင်းသော်လည်း ကျန်သူများမှာ ခြေလှမ်းတို့ကို နောက်ဆုတ်လျက် သူမနှင့် ဝေးရာရှောင်ကြလေသည်။

“သွားကြရအောင်”

ယွင်ချဲ့ တုံ့နှေးခြင်း မရှိဘဲ ပြေးသွားသဖြင့် အခြားသူတို့လည်း အပြေးလိုက် သွားကြလေသည်။

“မလုပ်နဲ့ မလုပ်ပါနဲ့ ကျွန်မကို ဒီမှာ မထားခဲ့ပါနဲ့ ကျေးဇူးပြုပြီး …”

“ကောင်မ ….”

“ဖြန်း”

“အ….”

ယောကျ်ားများမှာ ဆက်လက် ရိုက်နှက်နေကြပြီး အမျိုးသမီးတို့မှာ အော်ဟစ် ငိုယိုနေကြသော်လည်း ယွင်ချဲ့နှင့် အခြားသူများ အာရုံစိုက် လာအောင် မစွမ်းနိုင်ကြချေ။ သို့သော် အလွန် နောက်ကျလေပြီ။ ဖုတ်ကောင်များမှာ လူနံ့ရသောကြောင့် ဓါတ်ဆီဆိုင်သို့ အစုအရုံး ပြေးလာနေကြပြီဖြစ်သည်။ လုဟိုင်ရွှမ်း၊ လန်ယဲ့ဟန်နှင့် ရှင်းဖုန်း၏ နောက်လိုက် နှစ်ယောက်တို့မှာ ယွင်ချဲ့နှင့် အခြားသူများကို ခြံရံလျက် ခြေလှမ်း ကျဲကျဲများဖြင့် သွားနေသည်။

“ဘာလို့ နှေးနေတာလဲ .. အမြန်လာ ကားပေါ်တက်ကြ”

အိမ်စီးကားကြီး တစ်စီးက သူတို့ရှေ့အရှိန်ဖြင့် ရောက်လာကာ ကွေ့ချလိုက်ပြီး ကျိုးဇယ်ယွီ တံခါးများကို ဖွင့်ပေးလိုက်သဖြင့် အခြားသူများလည်း လျက်မြန်စွာ တက်သွားကြလေသည်။

“အား”

ယွင်ချဲ့ လက်ထဲရှိ ချန်ချန်က နာကျင်သွားသဖြင့် ငိုလိုက်လေသည်။

“ဘာဖြစ်လို့လဲ ချန်ချန်”

“မေမေ .. သား နာနာ…”

ယွင်ယောင်လည်း စိုးရိမ်တကြီးဖြင့် ချန်ချန်ကို ကြည့်လိုက် သောအခါ ချန်ချန်မှာ မျက်ရည်များဝဲနေပြီး ခေါင်းကို ဖိနေလေသည်။ အလျင်စလို ဖြစ်နေကြချိန် ချန်ချန်၏ ခေါင်းကို ထိခိုက်မိသွားပုံ ရသဖြင့် ယွင်ချဲ့လည်း အလွန် စိတ်မကောင်း ဖြစ်သွားပြီး …

“ချန်ချန် ဉီးဉီးကြောင့်ပါ ဉီးဉီး အပြစ်တွေ … နောက်ဆို ဉီးဉီး သတိထားမယ်နော် .. အခုမငိုနဲ့ဉီးနော် အပြင်မှာ လူဆိုးတွေ အများကြီး ရှိနေတယ်”

“……ဟုတ်”

ချန်ချန် ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ပြကာ သူ၏ပါးစပ်ကို အုပ်ထားလျက် မျက်လုံးများမှာလည်း မကျေနပ်သော မျက်ရည်များနှင့် တလက်လက် ဖြစ်နေသည်။

“ကျိုးဇယ်ယွီ .. ကားစက်ပိတ် ထားလိုက် ငါတို့ထိပ်တိုက် မတွေ့အောင် ရှောင်မှရမယ်”

ချန်ချန်ကို ယွင်ချဲ့ ကြည်နာစွာ ချော့မြူလိုက်ပြီး ကျိုးဇယ်ယွီကို အသံနက်နက်ဖြင့် ပြောလိုက်လေသည်။ အကြောင်းရင်းကို သေချာ မသိသော်လည်း ယွင်ချဲ့ကို အပြည့်အဝ ယုံကြည်သောကြောင့် ကျိုးဇယ်ယွီ ကားစက်ကို ပိတ်ချ ထားလိုက်သည်။

ကားထဲမှ သက်ရှိ လူသားများ၏ အနံ့ရသောကြောင့် ဖုတ်ကောင်များမှာ ကားအနားသို့ ဝန်းရံလာကြသည်။ ယွင်ချဲ့ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲမှ ကိုယ်ပျောက်အလွှာ တစ်ခုက ကားကို ရစ်ပတ်အုပ်မိုး လိုက်သောအခါ ဖုတ်ကောင်များလည်း လူနံ့များ ပျောက်သွားသဖြင့် တုံ့ဆိုင်းရပ်တန့် ကုန်လေသည်။ အနည်းငယ် ကြာပြီးနောက် ဖုတ်ကောင်များလည်း ပစ်မှတ်ပြောင်း လိုက်ပြီး မနီးမဝေးတွင် ရှိသောအိမ်သို့ ဉီးတည် သွားကြလေသည်။

ဖုတ်ကောင်များ ဖြတ်ပြီး သွားကြချိန်ထိ ကားထဲရှိသူများ အသက်ကို ခဏအောင့် ထားကြပြီး ဖုတ်ကောင်များ သူတို့ကို ရှာမတွေ့ကြောင်း သေချာတော့မှသာ စိတ်သက်သာရာ ရကာ သက်ပြင်း ချလိုက်ကြလေသည်။

ယွင်ချဲ့၏အစွမ်းကို သိထားပြီးဖြစ်သော ကျိုးဇယ်ယွီ ကလွဲ၍ အခြားသူများ ယွင်ချဲ့ကို သိလိုစိတ်များနှင့် လှည့်ကြည့် ကြလေသည်။ သူတို့ကို ကာကွယ်လိုက်သူမှာ ယွင်ချဲ့ပင် ဖြစ်မည်ကို အားလုံး သိလိုက်ကြသည်။

“ဒါက လေထုစွမ်းအားပါပဲ”

ယွင်ချဲ့ တိုက်ရိုက် ပြောလျက် ထိုင်ချကာ ကားကို အုပ်မိုးထားသော အစွမ်းအား ဆက်လက် တည်ငြိမ်နေစေရန် ထိန်းထားလိုက်သည်။

စွမ်းအား နှစ်မျိုးရှိတဲ့ လူတစ်ယောက် ?

ကားထဲရှိသူများ အံ့ဩတုန်လှုပ် လာသည်။ ယွင်ချဲ့၏ လျှပ်စီးစွမ်းအားကို သူတို့မြင်ပြီးကြသော်လည်း ယခုတစ်ခါ သူ၏လေထု စွမ်းအားကို ဖော်ထုတ် လိုက်ပြန်သည်။ စွမ်းအား နှစ်မျိုးရှိသည့် လူမှာ အလွန် ရှားပါးလှပြီး ယွင်ချဲ့တွင်ရှိသော အစွမ်း နှစ်ခုသည်လည်း အမြင့်ဆုံး အဆင့်ပင် ရောက်လုနီးပါး ဖြစ်နေသည်။ ယွင်ချဲ့ကြောင့် ရှင်းဖုန်းပင် အံ့အားသင့် ရလေသည်။

ယွင်ချဲ့တွင် လေဟာနယ် စွမ်းအားရှိကြောင်း သိထားကြသော လန်ယဲ့ဟန်နှင့် သူ၏ အပေါင်းအပါများက ပို၍အံ့အားသင့် သွားကြသည်။ ထိုအခြေအနေမှာ ယွင်ချဲ့သည် စွမ်းအား သုံးမျိုးရှိသော လူတစ်ယောက် ဖြစ်ကြောင်း ဆိုလိုနေခြင်း မဟုတ်လား။

ထိုသို့ အစွမ်းကြီးသော သူကို လူဟုခေါ်၍ ရနိုင်ပါဉီး မလား။

ယွင်ချဲ့က မကောင်းဆိုးဝါး မိစ္ဆာများ ဖြစ်နေမလားဟု တွေးမိဟန်ဖြင့် လုဟိုင်ရွှမ်းနှင့် အခြားသူများ ယွင်ချဲ့ကို ကြည့်လိုက်ကြလေသည်။

“အား”

“တောက် .. ဖုတ်ကောင်တွေ များလိုက်တာ”

“အား ငါ့လက် …”

ဓါတ်ဆီဆိုင်ဘေးရှိ အိမ်ငယ်ထဲမှ ဖုတ်ကောင်များ၏ အော်သံများနှင့် သွေးပျက်ဖွယ် အော်ဟစ် ဆဲဆိုသံများကြောင့် သူတို့အာရုံများ ပြန်စုစည်း မိသွားကြသည်။ ဖုတ်ကောင်များမှာ တဖြည်းဖြည်း များပြားလာပြီး အိမ်ငယ်ထဲမှ ညှီဟောင်လှသော သွေးနံ့ကြောင့် အပြင်ဘက်ရှိ ဖုတ်ကောင်များမှာ အိမ်ထဲသို့ အလုအယက် တိုးဝှေ့ဝင် သွားကြသည်။ အပြင်ဘက်တွင် ရှိနေသော ဖုတ်ကောင်များ တဖြည်းဖြည်း နည်းသထက် နည်းလာတော့မှသာ ကျိုးဇယ်ယွီကို ကားစက်နှိုးရန် ယွင်ချဲ့ အချက်ပြလိုက်သည်။

“ဖုတ်ကောင်တွေ ဘာကြောင့် ဒီလောက်များ လာရတာလဲ”

ဖုတ်ကောင်များလက်မှ ကပ်သီ လွတ်မြောက် လာကြပြီးနောက် ရှင်းဖုန်း၏ နောက်လိုက် တစ်ယောက်က ရေရွတ်လိုက်လေသည်။

“အဲဒီလူတွေ ဒါနဲ့ပဲ တန်တယ်”

လေထုအကာအရံကို ကြာရှည်စွာ ထိန်းထားရသောကြောင့် ယွင်ချဲ့လည်း အနည်းငယ် ပင်ပန်းလာသည်။ ယွင်ယောင်မှာ သူမ၏မောင်ကို စိုးရိမ်စွာ ကြည့်လိုက်ပြီး ချန်ချန်ကို တွဲချည်ထားသော ကြိုးကို ဖြုတ်ကာ ချန်ချန်ကို သူမ ပွေ့ချီလိုက်သည်။

“နားလိုက်ဉီးနော် .. ဖုတ်ကောင်တွေလည်း ဟိုမှာပဲကျန်ခဲ့ပြီ”

ယွင်ယောင် စိတ်မကောင်းဖြစ်ကာ သူမကိုယ်သူမ အပြစ်တင် နေမိသည်။ သူမ၏ အစွမ်းက တိုက်ခိုက်ရာတွင် မကူပေးနိုင်သဖြင့် ယွင်ချဲ့ကို သူမ ကူညီပေးနိုင်ရန် အလွန် ခက်ခဲနေသည်။

ယွင်ချဲ့လည်း ခေါင်းညိတ်လိုက်ပြီး လေထုအလွှာကို ပြန်လည် ရုပ်သိမ်းကာ ယွင်ယောင် ပခုံးပေါ်ကို မှီအိပ်လိုက်သည်။ ထိုအခြေအနေကို ရှင်းဖုန်း မြင်လိုက်သဖြင့် ယွင်ယောင်ကို လက်တို့ကာ သူနှင့် နေရာပြောင်း ထိုင်ပေးရန် အချက်ပြလိုက်သည်။ ယွင်ယောင်နှင့် နေရာလဲပြီးနောက် ယွင်ချဲ့ ဘေးတွင် ရှင်းဖုန်း ထိုင်ကာ သူ၏လက်မောင်းထဲသို့ ဖက်ထားပေး လိုက်သည်။

“ဟား..ဟား .. ခင်ဗျားကြီးကို ကယ်လိုက်လို့ ဆုချတာလား”

ယွင်ချဲ့ မျက်လုံးမှိတ်လျက် ပင်ပန်းစွာ ပြုံးလိုက်သည်။ ရှင်းဖုန်း အပြုအမူကို သူမငြင်းဆန်ပေ။

“အဲဒါအတွက်ပဲ မဟုတ်ပါဘူး … စခန်းရောက်တဲ့အထိ လမ်းတစ်လျှောက်လုံး ငါတို့က မင်းကိုပဲ မှီခိုနေရမှာ … ငါက စွမ်းအားနှစ်မျိုးနဲ့ ကောင်လေး တစ်ယောက်ကို အားပေးနေတာ”

ရှင်းဖုန်းလည်း ပြန်လည် ပြုံးပြလိုက်သည်။ ယွင်ချဲ့သည် သူ့ကို အမြဲအံ့အားသင့်အောင် လုပ်တတ်ပြီး စွမ်းအားနှစ်ခု ပိုင်ဆိုင်ထားသည် ဆိုသော အချက်ကလည်း သူ့ကို အံ့ဩသွားစေပြန်သည်။

“ခင်ဗျားလိုလူက မှီခိုဖို့ လိုသေးလို့လား”

ရှင်းဖုန်း ကဲ့သို့ စွမ်းအားကြီး လူတစ်ယောက်က အခြားသူကို မှီခိုမည်တဲ့လား၊ မဖြစ်နိုင်ပါ။

“မင်းကာကွယ် ပေးတာတော့ လိုအပ်တယ် .. ငါအရင်က စွမ်းအားကြီးခဲ့ပေမယ့် အခုတော့ လေဟာနယ် အစွမ်းရှိတဲ့ ခရီးဆောင်အိတ် သာသာပဲရှိတာ .. ငါ မတိုက်ခိုက်တတ်ဘူး”

သူ၏အားနည်းချက်ကို ပြောဆိုနေသော်လည်း လေသံမှာ ဂုဏ်ယူဝင့်ကြွားဟန် ဖြစ်နေသောကြောင့် ယုံကြည်ရန် ခက်ခဲလှသည်။ သို့သော် ယွင်ချဲ့မှာ ပြိုင်ငြင်းရန် ပင်ပန်း နေသောကြောင့် လက်မထောင်ပြကာ …

“အင်းပါ … ခင်ဗျားကပဲ အားနည်းနေတော့ ပြောအားရှိတာပေါ့”
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset