အခန်း (၃၅)
“အခုတောင် တော်တော် ကောင်းလာပါပြီ .. သခင် သူ့ကို အမြုတေ မကျွေးရင် ချက်ချင်းပဲ ရက်စက်ကြမ်းကြုတ် သွားလိမ့်မယ်”
ဟေးယွီ အတွန့်မတက်တော့ဘဲ စကားဖြတ် ပြောလိုက်သည့်အခါ ယွင်ချဲ့ စိတ်မရှည်စွာနှင့် …
“ဘာလို့ သူ့ကို အမြုတေတွေ မကျွေးတာလဲ”
ထို့အပြင် ကိုယ်အကူအညီ တောင်းထားသည့် ပြဿနာ တစ်ခုကို ဘယ်သူ့ကိုများ အပြစ်ပုံရပါ့မလဲ။
“အမြုတေသာ မစားရရင် ဘယ်လိုဖြစ်မလဲ သိချင်လို့ပါ…”
ဟေးယွီ ဝေ့လည်ကြောင်ပတ် လုပ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လေသည်။
“ရှောင်ချန် ရုတ်တရက် အဆင့်တက် သွားတာက စမ်းရေကြောင့်ပဲ .. ဒီလို ပြောင်းလဲတာက အပေါ်ယံပဲရှိတယ် သူ့ရဲ့ကိုယ်တွင်း ပိုင်းကတော့ မငြိမ်သက်သေးဘူး .. အဲဒီတော့ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲတာကို ထိန်းညှိဖို့အတွက် စွမ်းအင်တွေကို တစ်ချိန်တည်း အများကြီး ရဖို့ လိုအပ်တယ် … ဒီမှာသက်ရှိဆိုလို့ မင်းပဲရှိတာ သူအမြုတေ မစားရရင် မင်းနောက် လိုက်ဖမ်းမှာပဲလေ”
ထိုသို့ပြောပြီးနောက် ဟေးယွီကို ယွင်ချဲ့ လျစ်လျူရှုကာ ယွင်ချန်ထံသို့ ဉီးတည် သွားလေသည်။ ယွင်ချန်တွက် ဒူးထောက် ထိုင်ချလိုက်ကာ ယွင်ချန် မျက်နှာပေါ် တင်နေသော ဆံပင်များကို သပ်ပေးလိုက်သည်။ သူ၏လက်ချောင်းမှ အေးစက်မှုကို ခံစားလိုက်ရတော့မှသာ ညီလေးက ဖုတ်ကောင် ဖြစ်နေကြောင်း သတိရလိုက်သည်။ သက်ရှိလူ တစ်ယောက်ကဲ့သို့ ပြုမူနေထိုင် နေသော်လည်း အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းနှင့် ကိုယ်အပူချိန်တို့လည်း ပျောက်ကင်းနေသည်။
သူ၏နှလုံးသားမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေနေခဲ့ပြီး ဖြစ်သောကြောင့် နာကျင်ခြင်းလည်း မခံစားရတော့ပေ။ ရှောင်ချန်မှာ ထူးချွန်ကာ အရည်အချင်း ပြည့်လှသည်။ သို့သော် အခုမှာတော့ ….
“မင်းသိလား .. မင်းကို လွမ်းနေတာ ငါနဲ့ အစ်မအပြင် အခြားတစ်ယောက်လည်း ရှိသေးတယ် သူလည်း ငါတို့နည်းတူ မင်းကို ချစ်နေတယ်လို့ ခံစားရတယ်၊ သူ့နာမည်က လန်ယဲ့ဟန်တဲ့ မိုက်တယ်ဟုတ် နာမည်က .. လူလည်း နာမည်အတိုင်း ကြည့်ကောင်းတယ်။ ဒါပေမယ့် သူ့ရဲ့ နှလုံးသားက အချစ်ကြီးတယ် .. သူ့လိုလူက လူတစ်ယောက်ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ မင်းသူ့အတွက် တာဝန်ရှိသွားပြီနော် .. ငါတို့ အစ်မကြီးက စည်းကမ်းကြီးတာ သိတယ်မလား၊ လူတစ်ယောက်ကို အသည်းကွဲအောင် လုပ်ရင် မမ စိတ်တိုလိမ့်မယ် .. တကယ်လို့ မင်းသူ့ကို မကြိုက်ဘူးဆိုရင် မင်းကိုယ်တိုင် သူ့ကိုငြင်းရမှာ၊ အဲဒါကြောင့် ရှောင်ချန် .. မြန်မြန်နေကောင်းအောင်လုပ်ပြီး လန်ယဲ့ဟန်ရဲ့ အချစ်ကို တုံ့ပြန်ပေးလိုက်ဉီး”
ယွင်ချန် လက်ကို ကိုင်လျက် ယွင်ချဲ့ ညည်းညူ လိုက်သည်။ ယွင်ချန် လက်သည်းများမှာ ရှည်လျား ချွန်ထက်နေသဖြင့် လက်သည်းညှပ်ကို လေဟာနယ်ထဲမှာ ထုတ်ယူလိုက်ပြီး စိတ်ရှည် လက်ရှည်နှင့် လက်သည်း ညှပ်ပေးကာ အဖြူရောင် အားကစားဝတ်စုံကို ထုတ်ကာ ယွင်ချန်ကို ဝတ်ဆင်ပေးလိုက်သည်။ ယွင်ချဲ့ လုပ်နေသည် ယွင်ချန် ထိုင်ခုံပေါ်တွင်သာ ထိုင်လျက် စူးစမ်းနေဟန်ဖြင့် ကြည့်ကာ အမြုတေများကို အငမ်းမရ စားသောက် နေလေသည်။
“ပိုကြည့်ကောင်း သွားပြီ အရင်အတိုင်း ခန့်နေတုန်းပဲ … တကယ်လို့ ဖုတ်ကောင် ဖြစ်သွားမယ် ဆိုရင်တော့ အထက်တန်းကျတဲ့ ဖုတ်ကောင်အဖြစ်ပဲ ပြောင်းနော်”
ယွင်ချန်ကို အပေါ်အောက် သေချာကြည့်လိုက်ပြီး ယွင်ချဲ့ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ အနက်ရောင် အစင်းကြောင်းများ ပါသည့် အဖြူရောင် အားကစားဝတ်စုံက ယွင်ချန်၏ အသားကို ပို၍ဖြူဝင်းစေသည်။
“အကြွား သန်လိုက်တာ .. သခင်က ကိုယ့်လူကို ထုတ်ကြွားနေတာပဲ”
ဟေးယွီ စကားကြောင့် ယွင်ချဲ့ အပြုံးလည်း ပျောက်ကွယ် သွားလေသည်။ ယွင်ချဲ့နှင့် ယွင်ချန်တို့ ချွတ်စွပ် တူကြသည်ကို လူတိုင်း သိကြသည် မဟုတ်လား။
“ကြည့်ရတာ မင်းဒီကနေ မထွက်ချင်ဘူး ထင်တယ်”
ယွင်ချဲ့ လှည့်လိုက်ပြီး ဟေးယွီကို အေးစက်စက် စိုက်ကြည့်လေရာ ဟေးယွီ ပြုံးပြကာ ယွင်ချဲ့ လက်မောင်းကို မှီလျက် သနားစဖွယ် ကြည့်နေလေသည်။
“ကျွန်တော် မှားပါတယ် သခင်ရယ် .. သခင့်ကို ငကြွားလို့ ပြောတဲ့ သူမှန်သမျှ အဲဒီလူတွေကို ကောင်းကောင်း ပညာပြပေးမယ် .. ကျွန်တော့်ရဲ့ ချစ်လှစွာသော သခင် ကျွန်တော့်ကို ယုံပါ .. သခင်က ကမ္ဘာမှာ အခန့်ညားဆုံး ယောက်ျား တစ်ယောက်ဖြစ်မှာ အသေအချာပဲ .. တကယ်လို့ ကျွန်တော်တို့ ရှေးခေတ်ကို ပြန်သွားရနိုင်ရင် ဖန်းအန်း ကတောင် သခင့်ထက် အဆင့်နိမ့် သွားလိမ့်မယ်”
အခုတော့ ဘယ်သူက အကြွားသန်တာလဲ။
ယွင်ချဲ့ နှုတ်ခမ်းတစ်ချက် မဲ့လိုက်သော်လည်း ချီးမွမ်းစကားက မနားတမ်းတွင် ထွက်လာနေသည်။ ဟေးယွီမှာ ကမ္ဘာဆုံးထိတိုင် ကြွားဝါပြောဆို နေနိုင်သည့်ပုံပင်။
“အေးပါ .. မင်းကို အပြင်ခေါ်သွားမယ် တော်ပါတော့”
ယွင်ချဲ့ အရှုံးပေး လိုက်ရတော့သည်။
“ဟူး .. နောက်ဆို မြန်မြန်လက်ခံပေး .. ဒါဆို ကျွန်တော်လည်း လေချွေတာလို့ ရတာပေါ့”
ဟေးယွီ မျက်နှာကို ယွင်ချဲ့ ရိုက်ချင်စိတ်တို့ ဖြစ်ပေါ်လာသည်။ ထိုမျှ ခေါင်းမာလိမ့်မည်ဟု ယွင်ချဲ့ မထင်ထားခဲ့ပေ။
“ဒီနေရာက တော်တော်ဖွံ့ဖြိုး တိုးတက်လာသလိုပဲ … တောင်ကလည်း အကုန်မြင်နေရပြီး စမ်းချောင်း အသစ်လည်း ပေါ်လာပြီ … အဲဒါ ချောင်းပဲလား”
စကားများခြင်းကို စိတ်ကုန် လာသဖြင့် ယွင်ချဲ့ တစ်ဖက် လှည့်လိုက်ရာ ပြောင်းလဲသည့် အရာများကို သတိပြုမိသွားသည်။ ကနဉီးစတွင် ဘောလုံးကွင်း ၂ ကွင်း အရွယ်သာ ရှိသော နယ်မြေမှာ သူစိုက်ပျိုး စုဆောင်းခဲ့သော အရာများကြောင့် နှစ်ဆ ပိုမိုကျယ်ဝန်း သွားကာ ယခုမှာ အဆများစွာ ပို၍ကျယ်ပြော လာလေသည်။
တောင်ထိပ်ပိုင်းကို ဖုံးအုပ်နေသော မြူများလည်း ပျောက်ကွယ်သွားပြီး တောင်ကြီးလည်း ထင်ရှားစွာ မြင်နေရသည့်အပြင် တောင်၏ တစ်ဖက်တွင်လည်း စမ်းချောင်းတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ချောင်းထက် မြစ်ဟုခေါ်သည်က ပို၍မှန်ကန်မည် ထင်သည်။ ထိုမြစ်အနားသို့ ယွင်ချဲ့ တိုးကပ်ကြည့်လေရာ အောက်ခြေကို မြင်ရသည်အထိ ကြည်လင်နေပြီး ငါးများလည်း ကူးခတ်နေသည်ကို တွေ့လိုက်ရသည်။ လေဟာပြင် နယ်မြေမှာ ကြာရှည်စွာ တည်ရှိနေခဲ့ပြီး မြစ်ထဲရှိ ငါးများမှာလည်း ဆူဖြိုးနေလေသည်။
“သခင်က ဒီမှာ လူတစ်ယောက် လာထည့်ထားတာ .. ဘယ်လိုလုပ်ပြီး အရင်တိုင်း ပြန်ဖြစ်နိုင်မှာလဲ”
အမျိုးမျိုး ဆူပူခြိမ်းခြောက် ခံရသော်လည်း ဟေးယွီ မမှုစွာပင် ဆက်၍ ထေ့ငေါ့ကာ ပြောဆိုနေသည်။
အသီးအရွက်များမှ လွဲ၍ ယွင်ချဲ့ အသားမစား ရသည်မှာ အလွန်ကြာနေပြီ ဖြစ်သည်။ သူ၏မျက်လုံးထဲတွင် ထိုငါးမှာ အရသာ ရှိလှသော ဟင်းခွက်အဖြစ် ပြောင်းလဲသွားပြီး စိတ်ကျေနပ် သွားသဖြင့် ဟေးယွီနှင့် အပြိုင်မငြင်းလိုတော့ပေ။ သူ၏မျက်လုံးများမှာ အလွန်မြင့်သော တောင်ပေါ်သို့ လှမ်းကြည့်လိုက်ကာ …
“မြစ်ထဲမှာ ငါးတွေရှိမယ် ဆိုတော့ တောင်ပေါ်မှာလည်း သားကောင်တွေ ရှိနိုင်တယ်မလား”
အကယ်၍ အနည်းအကျဉ်း ရှိနေခဲ့လျှင် အနာဂတ်တွင် အသားအတွက် စိတ်ပူရန် မလိုတော့ပေ။ ယွက်ချဲ့မှာ ရွေးချယ်စရာ မရှိတော့သော်လည်း ဝကစ်နေသော တူလေးအတွက် အသားရှာပေးရမည်ဖြစ်သည်။
“မတုံးစမ်းပါနဲ့ .. သားကောင်မရှိရင် ကျွန်တော်က ဘယ်လို အသက်ရှင် နိုင်မှာလဲ”
သခင်ရဲ့ ဉာဏ်ရည်က စိုးရိမ်စရာပင်။
“မင်းတို့လို အစွမ်းရှိ တောကောင်တွေက စားသောက်ဖို့ လိုသေးတာလား”
ယွင်ချဲ့ အံ့အားသင့် သွားလေသည်။ ဝတ္ထုများ၊ ရုပ်ရှင် ဇာတ်လမ်းများတွင် ဖော်ပြသကဲ့သို့ နတ်ဘုရား အဆင့်ရှိသော တောကောင်ကြီးမှာ အငွေ့အသက်ကို ရှူရှိုက်ရုံဖြင့် လုံလောက်ပြီ မဟုတ်လား။ ဒါမှမဟုတ် သူ၏ ဟေးယွီက အတုအယောင် ဖြစ်နေတာများလား။
“ကျွန်တော့်ကို ဘာလို့ သံသယ ဖြစ်သလိုနဲ့ ကြည့်နေတာလဲ .. ကျွန်တော်က တကယ်အံ့ဖွယ်တောကောင်ပါနော်”
ဟေးယွီ ဒေါသတကြီး တုံ့ပြန်မိသည်။
“ငါ့အပြစ်ပါ ငါသတိထားမိခဲ့သင့်တာ … မင်းက လောဘကြီးပြီး ချော့ကလက်ချောင်း ယူလာပေးဖို့ ငါ့ကို အမြဲတောင်းဆို နေခဲ့တာ”
ဟေးယွီ ထေ့ငေါ့ ပြောဆိုနေခြင်းကြောင်း ယွင်ချဲ့လည်း ဟန်ဆောင်ကာ အပြစ်ဝန်ခံ လိုက်သည်။ ယွင်ချဲ့ကို တိုက်ခိုက်မည့်ဟန် ပြင်လိုက်သော်လည်း ယွင်ချဲ့ လက်ကို ဝှေ့ယမ်းလိုက်ကာ …
“မနှောင့်ယှက်နဲ့တော့ ငါတို့ မနက်ဖြန် အနောက်တောင် စခန်းကို ရောက်ကြလိမ့်မယ် … ကျိုးဇယ်ယွီနဲ့ သူ့အပေါင်းအပါတွေ ကတော့ မေးခွန်းတွေ ပြည့်နေတဲ့ရုပ်နဲ့ အသံတိတ်ပြီး လိုက်လာကြလိမ့်မယ် တခြားသူတွေတော့ မပါလောက်ဘူး … ငါနဲ့အတူ ထွက်ရအောင် မင်းကို အနောက်တောင် စခန်းစီ ခေါ်သွားမယ်”
လေဟာနယ်သို့ ယွင်ချဲ့ ရောက်လာရသည့် အကြောင်းရင်းမှာ ဟေးယွီကို ခေါ်ထုတ်ရန်နှင့် ညီလေးဖြစ်သူကို လာကြည့်ရန် ဖြစ်သည်။
သူ၏ပုံစံနှင့် မတူစွာ ဟေးယွီ စကားအများအပြား မပြောတော့သဖြင့် ယွင်ချဲ့လည်း အံ့ဩသွားရသည်။ ထို့နောက် ယွင်ချဲ့လည်း ယွင်ချန်ကို ကြည့်ကာ …
“ရှောင်ချန် .. ငါတို့သွားတော့မယ်နော် ဒီအမြုတေတွေက မင်းစားဖို့ လုံလောက်မယ် ထင်တယ် .. အနောက်တောင် စခန်းမှာ အခြေခိုင်ပြီဆိုရင် မင်းကို ဒီကနေ ခေါ်ထုတ် ပေးမယ်နော်”
ယွင်ချန် တုံ့ပြန်လိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ငေးငိုင်သော အကြည့်တို့မှာ ယွင်ချဲ့ကို နွေးထွေးသွားစေသည်။ သူ၏အသံကို တုံ့ပြန်သည် ဖြစ်သောကြောင့် ကုသရနိုင်သေးသည်ဟု ယူဆနိုင်သည်။
ဟေးယွီလည်း သာမန် အရွယ်ငယ်သို့ ပြန်ပြောင်းလိုက်ပြီး အပြင်ဘက်တွင် လူမရှိကြောင်း သေချာအောင် ကြည့်ပြီးမှ ယွင်ချဲ့တို့ ထွက်လာခဲ့လေသည်။
“ဟမ့် ? ဘာနံ့ကြီးလဲ .. နံလိုက်တာ
လေဟာပြင်ထဲမှ ထွက်ထွက်ချင်းပင် ဟေးယွီ ပြောလိုက်သဖြင့် ယွင်ချဲ့ ကလည်း …
“ဘာမှမနံဘူး .. မင်းနှာခေါင်းက ဘာဖြစ်…..”
သူတို့ ရောက်နေသည့် နေရာမှာ ဓါတ်ဆီဆိုင် ဖြစ်ပေပြီး ဘာမှမရှိသော်လည်း ဓါတ်ငွေ့နံ့သာရနေသည်။ ဘာကြောင့်များလဲ။ ယွင်ချဲ့ စကားဆက် မပြောတော့ဘဲ မျက်နှာမှာလည်း မာထန်လာသည်။ တစ်ခုခုတော့ လွဲနေပြီ။ ယခုမှာ ကမ္ဘာပျက်ကာလ ဖြစ်သည့်အပြင် ဖုတ်ကောင်များလည်း နေရာအနှံ့ရှိနေမည်ဖြစ်ပြီး သူတို့ သုတ်သင် ခံရတော့မှသာ ယခုကဲ့သို့ ရှင်းလင်းနေမည် ဖြစ်သည်။ ဒါဆိုရင် ဖုတ်ကောင်တွေက ဘယ်ကို ရောက်ကုန် ကြတာလဲ။ ဘာကြောင့် ပုပ်ပွနေတဲ့ အလောင်းနံ့ကို မရတာလဲ။
တောကောင်တိရစ္ဆာန်၏ နှာခေါင်းမှာ လူသားထက် ပိုမိုအနံ့ခံ ကောင်းသဖြင့် ယွင်ချဲ့ အနံ့မရဘဲ ဟေးယွီသာ အနံ့ရနေခြင်း ဖြစ်သည်။
သခင်ဖြစ်သူ ပြောင်းလဲသွားပုံကို သတိပြုမိ လိုက်သဖြင့် ဟေးယွီလည်း ကိုယ့်ကိုယ်ကို အရွယ်ကြီးအောင် ပြောင်းလဲ လိုက်သည်။ ယွင်ချဲ့လည်း ဟေးယွီ ကျောပေါ်ခွထိုင်ကာ ဓါတ်ဆီဆိုင် အနောက်ဘက်ကို ထွက်လာခဲ့သည်။
“ဟင် ….”
ဓါတ်ဆီဆိုင်မှ မီတာ ၁၀၀ အကွာတွင် ၄ မီတာ ၅ မီတာ အဝကျယ်ရှိသော မြေတွင်း တစ်ခုကို တွေ့လိုက်ရပြီး အထဲမှ ဖုတ်ကောင်များ၏ အော်သံများကိုလည်း ကြားနေရသည်။ ယွင်ချဲ့နှင့် ဟေးယွီတို့ တွင်းဝနားသို့ ရောက်လာချိန် လျှပ်စီးတစ်ခုက ကောင်းကင်ကို လင်းထိန် သွားစေသည်။
အလင်းရောင် အောက်တွင် မြေတွင်းထဲ ရှိနေသော ဖုတ်ကောင်များကို ရှင်းလင်းစွာ မြင်နေရသည်။ ထိုတွင်းထဲတွင် ခြေလက်အင်္ဂါ မပြည့်စုံသော အလောင်းများ၊ ဖုတ်ကောင်များနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများဖြင့် ပြည့်နှက်နေသည်။ ပုပ်ပွနေပြီ ဖြစ်သော အလောင်းများနှင့် သွေးညှီနံတို့မှာ အလွန်ပင် ရွံစရာ ကောင်းလှသည်။ ဖုတ်ကောင် အချို့မှာ ခြေလက်များ ပြတ်တောက်နေပြီး အချို့ဖုတ်ကောင်များမှာလည်း ကိုယ်တစ်ခြမ်း နီးပါးပင် မရှိတော့ပေ။ လွတ်မြောက်ချင်သော ဗီဇကြောင့် ရုန်းကန်ကာ အကူအညီ တောင်းခံလိုပုံဖြင့် လက်များကို ဆန့်တန်း ထားကြသည်။
“တောက် သေစမ်း”
အတိတ်ဘဝတွင် ကြုံခဲ့ရသော ပျက်သုဉ်းကာလ၏ ရက်စက်မှုများကြောင့် မာကြောနေသော ယွင်ချဲ့ပင်လျှင် ဒေါသဖြစ်မိလေသည်။ ဓါတ်ဆီဆိုင်သို့ သူတို့မရောက်ခင် ကြိုရောက်ခဲ့ကြသူများက ယခုဖြစ်ရပ်ကို လုပ်ခဲ့ကြသည်မှာ အထင်အရှားပင်။
“သခင် …”
ဟေးယွီ စိတ်ပူစွာ ကြည့်လိုက်သော်လည်း ယွင်ချဲ့ ဘာမှမပြောပေ။ လေဟာနယ်ထဲမှ ဓါတ်ဆီ ပုံးနှစ်ပုံးကို ယူထုတ်ကာ မြေတွင်းထဲသို့ လောင်းချလိုက်ပြီး ဆေးလိပ်ညှိသည့် မီးခြစ်ကို ဖွင့်ကာ ပစ်ချလိုက်သည်။
ကောင်းကင်ထက် တိုင်အောင် မီးတောက်လောင်သွားပြီး ဖုတ်ကောင်များ၏ အော်ဟစ်သံများ ထွက်ပေါ်လာကာ ယွင်ချဲ့လည်း ထွက်သွားလေသည်။ ထိုဖုတ်ကောင်များအတွက် သူလုပ်နိုင်သည်က သူတို့အားလုံးကို ဇီဝိန်ချုပ် ပေးလိုက်ခြင်းပင်။
“သခင်က သခင်ချစ်တဲ့ သူတွေကိုပဲ ဂရုစိုက်တယ် ထင်ထားတာ”
ဟေးယွီ ကိုယ့်ကိုယ်ကို တိဗက်ခွေးကြီး အရွယ်ကို ပြန်ပြောင်းကာ ယွင်ချဲ့ အနောက်ကို အမီလိုက်လေသည်။ ယွင်ချဲ့လည်း ဆေးလိပ်သောက်လျက် လမ်းဆက် လျှောက်နေကာ …
“ငါနဲ့မဆိုင်တဲ့ သူတွေကို သိပ်ဂရုမစိုက်ပေမယ့် ငါက လူတစ်ယောက်ပဲလေ”
ကမ္ဘာပျက်ချိန်တွင် သွေးအေးသူ တစ်ယောက်အဖြစ် ယွင်ချဲ့ နေထိုင်ရန် လိုအပ်သော်လည်း သူသည် လူသားတစ်ယောက် ဖြစ်သည်ကိုတော့ လုံးဝမမေ့ပေ။
***