YMR- အခန်း ၃၄

အခန်း (၃၄)

“ဘာကိုမှ လက်တွေ့မဆန်ဘူး … လာစမ်းပါ သွားရအောင် လန်ယဲ့ဟန် ငါတို့ကိုကြည့်နေတယ်”

ယွင်ချဲ့ လက်ဆစ်များကို အသာချိုးလိုက်ပြီး ရှင်းဖုန်း ကလည်း လန်ယဲ့ဟန်ကို ကြည့်လိုက်သည်။

“မနက်ဖြန် စခန်းကို အတူလိုက်ခဲ့မလား”

“အင်း… ငါ့အတွက် အိမ်ရော အဆင်သင့် ဖြစ်ပြီလား”

ယခုတစ်ခါတွင် ယွင်ချဲ့ မငြင်းဆန်တော့ပေ။ သူတို့၏ ဉီးတည်ရာသည်လည်း အနောက်တောင်စခန်း မဟုတ်လား။ ရှင်းဖုန်း နှင့်သာဆိုလျှင် ပြဿနာများကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်မှာ သံသယ ဖြစ်စရာ မရှိပေ။

“စိတ်မပူပါနဲ့ ငါ့ကတိ ငါတည်ပါတယ် … သန်းခေါင် နောက်ပိုင်းကိုတော့ ငါ့လူတွေ ကင်းစောင့်ပေးလိမ့်မယ်”

ထိုသို့ ပြောပြီးနောက် ရှင်းဖုန်း လှည့်ထွက်ကာ အခန်းထဲသို့ ဝင်သွားလေသည်။ ထို့နောက် လန်ယဲ့ဟန်လည်း ယွင်ချဲ့ကို အတော်ကြာအောင် စိုက်ကြည့်နေပြီး ….

“သူ့ရဲ့နောက်ခံက မရိုးရှင်းဘူး .. သူ့ရဲ့စွမ်းဆောင်ရည်ကလည်း တစ်နိုင်ငံလုံးမှာ အတော်ဆုံးပဲ .. သူ့ကို ရန်သွားမစပါနဲ့”

မြို့တော်တွင် နေထိုင်သော ရှင်း မိသားစု၏ အားကိုးရဆုံးနှင့် အာခံတတ်သော သခင်လေးမှာ ဆယ်ကျော်သက် အရွယ်ကတည်းကပင် စစ်ဌာနချုပ်ထဲ တာဝန်ယူခဲ့သဖြင့် အလွန်နာမည်ကျော်ကြားသည်။ ချီးကျူးထိုက်သော လုပ်ငန်းဆောင်တာများကို ပြီးမြောက် အောင်မြင်ခဲ့သဖြင့် ရှင်းမျိုးဆက်သစ်မှာ ပို၍တောက်ပ လာခဲ့သည်။

သို့သော် ရှင်းဖုန်း အသက် ၂၀ အရွယ် ရောက်သည့် အချိန်တွင် သူ၏ဂုဏ်ပုဒ်နှင့် အောင်မြင်မှုကို စွန့်လွှတ်ကာ စီးပွားရေး သမားအဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး နှစ်အနည်းငယ် အတွင်း ပြိုင်ဘက်ကင်း လုပ်ငန်းတစ်ခုကို ထူထောင်နိုင်ခဲ့သည်။ ရှင်းဖုန်း၏ ဘဝမှာ ကြီးကျယ် ခမ်းနားသော သမိုင်းကြောင်း ဖြစ်ခဲ့သည်မှာလည်း မလွဲဧကန်ပင်။ သူနှင့် ယခုချက်ချင်း တွေ့ဆုံရမည်ဟု ယွင်ချဲ့ မထင်ထားခဲ့ပေ။

“ဟား..ဟား … မသိရင် ခင်ဗျားရဲ့ နောက်ခံလည်း ရိုးရှင်းနေတဲ့ ပုံစံနဲ့”

ယွင်ချဲ့က အဓိပ္ပါယ်ပါပါ လှည့်ကြည့် လိုက်သည်။ ရှင်းဖုန်း မည်သည့် နောက်ခံပင်ရှိပါစေ ယွင်ချဲ့ စိတ်မဝင်စားပေ။ လုဟိုင်ရွှမ်းနှင့် ကျန့်ယာဖေးတို့မှာ လာရာ လမ်းတစ်လျှောက် သူတို့၏ မိသားစုများ အကြောင်းကို တစ်ကြိမ်ထက်မက ပြောဆိုနေခဲ့ပြီး သူတို့၏ အသံမှာလည်း ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းများ ပြည့်နှက် နေသော်လည်း မည်သူကိုမှ ဆက်သွယ် မရခဲ့ပေ။ လန်ယဲ့ဟန် သာလျှင် မိသားစုအကြောင်း မဖွင့်ဟခဲ့ပေ။ သူ၏ဘဝတွင် ယွင်ချန် တစ်ယောက်သာ ရှိသည်ဟု မှတ်ယူထားပုံရပြီး နေ့စဉ်နေ့တိုင်း အမြုတေများကိုသာ ကြိုးစားစုဆောင်း နေခဲ့သည်။

“နောက်ခံ ? … အရင်ကတော့ ရှိခဲ့ပေမယ့် အခုတော့ ငါတစ်ယောက်တည်းပဲ ဖြစ်နေတာမလို့ ငါဂရုစိုက်တာ ရှောင်ချန် ပဲရှိတယ်”

လန်ယဲ့ဟန် သံဇကာကို မှီရပ်ကာ ယွင်ချဲ့ နှင့်အတူ ကင်းစောင့်ရန် ပြင်လိုက်သည်။

“ကျုပ်အရှေ့မှာ ညီလေးကို စိတ်၀င်စားတဲ့ အကြောင်း ပြောပြနေတာလား .. လန်ယဲ့ဟန် .. ကျုပ် ခင်ဗျားကို တစ်ချက်လောက် ထိုးလို့ရမလား

ယွင်ချဲ့ ရယ်ရမည်လား၊ ငိုရမည်လားပင် မသိတော့ပေ။ တစ်စုံတစ်ယောက်က သူ့အကြောင်းတွေးနေသည်ကို ရှောင်ချန်သာ သိသွားလျှင် အလွန် စိတ်သောက ရောက်ပေတော့မည်။

“အင်း .. ဒါပေမယ့် ငါ့နှလုံးသားက လုံးဝ မပြောင်းဘူး .. ရှောင်ချန် ဘယ်လိုပဲ ဖြစ်သွားပါစေ ငါအမြဲ သူနဲ့အတူ ရှိနေမှာ”

လွန်ခဲ့သော ၂ နှစ်တွင် လန်ယဲ့ဟန်သည် သူ၏အဆောင်သို့ မတော်တဆခေါ်လာမိစဉ် ကတည်းက ရှောင်ချန်က သူ့အတွက် အရာရာ ဖြစ်ခဲ့သည်။ ကမ္ဘာပျက် ကပ်ဆိုက်ခဲ့စဉ် ယွင်ချန်ကို စတိုးဆိုင်ထဲတွင် မတော်တဆ တွေ့ခဲ့ခြင်း မဟုတ်ဘဲ သူကိုယ်တိုင် လိုက်လံ ရှာဖွေခဲ့ခြင်းကြောင့် တွေ့ခဲ့ရသည်။ ကံမကောင်းစွာပင် ယွင်ချန်ကို သူမ ကာကွယ် ပေးနိုင်ခဲ့ပေ။

“ရှောင်ချန်က ခင်ဗျားရဲ့ စိတ်ကို မသိဘူးမလား”

ယွင်ချဲ့ သိထားပုံအရ သူ၏စိတ် အနေအထားမှာ ယွင်ချန် ဖုတ်ကောင်အဖြစ် ပြောင်းလဲ သွားခဲ့လျှင် သူနှင့် သူ၏အစ်မတို့ကို ဉီးစွာ ဆက်သွယ်လိမ့်မည်။

“ဟုတ်တယ် …”

လန်ယဲ့ဟန် တိတ်ဆိတ် သွားပြန်သည်။ ယွင်ချန်ကို ပါမောက္ခများ အလွန် နှစ်သက်သဘောကျနေသည့်အပြင် အချိန်များစွာ ရှိသေးသည်ဟု တွေးမှတ်သဖြင့် ဘွဲ့ရပြီးချိန်မှ သူ၏ ခံစားချက်များကို ဖွင့်ပြောလျှင်လည်း မနောက်ကျသေးဟု ယူဆခဲ့သည်။ ယခုကဲ့သို့ ဖြစ်လာမည်ကို ဘယ်သူ သိနိုင်မှာလဲ။ အကယ်၍ အရင်အချိန်များကို ပြန်သွားခွင့် ရခဲ့လျှင် သူအငြင်းခံရမည် ဆိုလျှင်တောင် ယွင်ချန်ကို သူဖွင့်ပြောလိမ့်မည်။ ထိုသို့ပြောခဲ့လျှင် သူအခုကဲ့သို့ ခံစားနေရမည် မဟုတ်ပေ။

“ကိုယ့်ခံစားချက်ကို မဖလှယ်ရတော့ နာကျင်ရတယ်မလား .. ကွဲပြား သွားနိုင်တာတွေရှိပေမယ့်လည်း ရှောင်ချန်က အသက်ရှင် နေသေးတဲ့အပြင် ခင်ဗျားမှာလည်း အခွင့်အရေး ရှိနေသေးတာပဲလေ … ခါးသီးစိတ်နဲ့ ကြင်နာစရာ မလိုပါဘူး၊ ပြီးတော့ အခုချိန်မှာ ခင်ဗျားကို ရှောင်ချန် ချစ်မိသွားဖို့က မခက်ခဲဘူး”

လန်ယဲ့ဟန်၏ နာကျင်မှုကို ခံစားရသဖြင့် ယွင်ချဲ့ သူ၏ပခုံးကို အသာပုတ် လိုက်သည်။ ယွင်ချန် မည်သို့မည်ပုံ ပြောင်းလဲ သွားမည်ကို သူလည်း မသိပေ။ အချစ်ကို အယုံအကြည် မရှိတော့သော သူက လန်ယဲ့ဟန်က ယွင်ချန် အပေါ် နှစ်နှစ်ကာကာ ချစ်နေခြင်းကြောင့် သူမဖိနှိပ်ချင်ပေ။

“အင်း”

ယွင်ချန်နှင့် ချွတ်စွတ်တူသော သူ၏မျက်နှာကိုကြည့်ကာ လန်ယဲ့ဟန် ခေါင်းညိတ် လိုက်သည်။

“ဒီတစ်ဝိုက်က တော်တော် တိတ်ဆိတ်နေတယ် သေချာစောင့်ကြည့် ထားဉီး … ကျုပ် လိုက်စစ်ကြည့်ဉီးမယ်”

ထိုအကြောင်း ဆက်မပြောချင် တော့သဖြင့် ဆေးလိပ်တစ်လိပ် ထုတ်ကာ မီးညှိလိုက်ပြီး လေထုထဲတွင် ပျောက်ကွယ် သွားလေသည်။

“ဝါး… သခင် ပြန်လာပြီပေါ့ .. ကျွန်တော့်ကို ကယ်ပါဉီး သခင်ရဲ့ညီက ကြောက်စရာကြီး အရမ်း ရက်စက်တာပဲ … ကျွန်တော့်ကို အပြင်ခေါ်သွားပါတော့ ကျွန်တော် ဒီမှာ မနေချင်တော့ဘူး”

ယွင်ချဲ့ ခြေပင် မချရသေး အရိပ်မည်းတစ်ခု သူ၏ အရှေ့ရောက်လာကာ ဝမ်းနည်းသော ငိုကြွေးသံဖြင့် ကြိုဆိုလေသည်။

“မင်းဘာတွေ ထပ်လုပ် နေပြန်ပြီလဲ .. အံ့ဖွယ်တောကောင် ပီသအောင် နေလို့မရဘူးလား”

“ကျွန်တော်ကရော မနေချင်ဘူး ထင်လို့လား ဒါပေမယ့် သခင့်ညီက ကြမ်းကြုတ်လွန်းတယ် .. သခင်၊ သခင့်ညီက ဘယ်လောက်ထိ ရက်စက်လဲဆိုတာ သခင်သိမှာ မဟုတ်ဘူး .. သူ့ကိုပေးတဲ့ အသားကို မစားဘူး၊ ကျွန်တော့်ဝေစု အသားတော့ လာစားတယ် … ကျွန်တော့် နောက်ကိုလည်း အမြဲလိုက်ဖမ်းနေတာ ကျွန်တော်သာ အံ့ဖွယ်တောကောင် မဟုတ်ခဲ့ရင် အခုချိန်ဆို အရိုးတောင် မကျန်လောက်တော့ဘူး”

ဟေးယွီ သူ၏ခေါင်းကို တိုးဝှေ့ကာ မတရားစွာ နှိပ်စက်ခံထား ရသကဲ့သို့ မျက်လုံး ရွဲများနှင့် ကြည့်နေသည်။ သူ့ပုံစံမှာ လူမဆန်သော လုပ်ရပ်များကို ကြုံတွေ့ခံစား ထားရသကဲ့သို့ပင်။

“ဒါပေမယ့် အခုကြည့်ရတာ ချစ်စရာ ကောင်းနေတာပဲ”

ယွင်ချဲ့ ပတ်ပတ်လည်ကို ကြည့်လေရာ ဆိုဖာခုံပေါ်တွင် ထိုင်ကာ ပဲသကြားလုံးများ စားနေသော ယွင်ချန်ကို တွေ့လိုက်ရသည်။ ဟေးယွီ ပြောသော ပုံစံနှင့် အနည်းငယ်တော့ ကွဲပြားနေသကဲ့သို့ပင်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset