YMR- အခန်း ၂၅

အခန်း (၂၅)

“ပြီးတော့ရော”

“ငါတို့ သူ့ကို ဆက်ပြီး ပျိုးထောင်ကြမယ်”

သူ၏ဆုံးဖြတ်ချက်ကြောင့် ကျန်သောသူများ အံ့အားသင့် သွားကြသည်ကို သိသော်လည်း ယွင်ချဲ့ တစ်စက္ကန့်ပင် တုံ့ဆိုင်းခြင်း မရှိပေ။ သူ၏ ညီမှာ ဖုတ်ကောင် ဖြစ်လာခဲ့သည့်တိုင် သူ၏ ညီလေးပင်။

အခြားသူများသည် သူ့ကို အမှန်တကယ် အံ့အားသင့်ခဲ့ ရသော်လည်း ယွင်ချဲ့၏အစီအစဉ်ကို ရောက်တတ်ရာရာ ခန့်မှန်းကြလေသည်။ ဖုတ်ကောင်ကို ပျိုးထောင် သင်ကြားပေးခြင်းက ထိုကဲ့သို့ အလွယ်တကူ ဆုံးဖြတ်နိုင်သော အရာလား။ သို့သော် ပဲသကြားစေ့များကို ငြိမ်သက်စွာ စားသုံးနေသော ယွင်ချန် ကိုကြည့်ကာ အလွန်ချစ်စရာ ကောင်းသည်ဟု မြင်ကြမိလေသည်။

“မင်းဘယ်လို ပျိုးထောင်မှာလဲ”

လန်ယဲ့ဟန် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ မေးလိုက်သည်။ သူ၏ ယောက်ျားပီသသော မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူ၏နက်မှောင်သော မျက်လုံးများက တလက်လက် တောက်ပ နေလေသည်။

“ရိုးရိုးလေးပါပဲ .. သူလူတွေကို စားမလား ဖုတ်ကောင် အမြုတွေတွေကို စားမလားဆိုတာပဲ .. အမြုတွေတွေက ဖုတ်ကောင်တွေရဲ့ ဦးခေါင်းထဲမှာရှိတာ မင်းအဲဒါကို လိုချင်ရင် မင်းဖုတ်ကောင်တွေကို သတ်ရမယ် ပြီးရင် သူတို့ ဦးနှောက်ကိုဖွင့်ပြီး အမြုတေကို ရှာရမယ်”

သူတို့နှစ်ဉီး၏ ပထမဦးဆုံး တွေ့ဆုံမှု ဖြစ်သော်လည်း ထိုသူသည် ညီငယ်နှင့် ပတ်သက်၍ အလွန် ဂရုတစိုက် ရှိသည်ကို ယွင်ချဲ့ သတိထားမိသည်။ ထို့အပြင် သူတို့ ရောက်ရှိလာသော အချိန်တွင် သူနှင့် အခြားတစ်ယောက်သည် သူ၏ညီကို ကာကွယ်ရန် အရှေ့မှ ရပ်နေခဲ့ကြသူများ ဖြစ်သည်ကိုလည်း သူမမေ့ပေ။

ယွင်ချဲ့ ပြောသည့်အရာကို သူတို့ မနှစ်မြို့ကြပေ။ ကျိုးဇယ်ယွီနှင့် ယွင်ယောင်တို့လည်း လမ်းတစ်လျှောက် တွေ့မြင်ခဲ့ရသည်များကို ပြန်အမှတ်ရ သွားကာ ဖြစ်နိုင်သည် ဆိုလျှင်တောင် ယွင်ချဲ့က ဖုတ်ကောင်များ၏ ဦးခေါင်းကိုဖွင့်ကာ အမြုတေ ရှာပေလိမ့်မည်။ ထိုအကြောင်းကိုတွေးမိလျှင် သူလည်း အော့အန် ချင်လာသည်။

“လူတွေကို စားမယ်ဆိုရင် … ငါ မင်းကို ကူညီပေးမယ် … ဖုတ်ကောင် အမြုတေ စုဆောင်းဖို့ ငါတာဝန်ယူတယ်”

ယွင်ချဲ့၏ အကြံဉာဏ်ကို လန်ယဲ့ဟန် အံ့အားသင့် သွားသော်လည်း ယွင်ချဲ့ ပြောသည်ကို သဘောတူ လိုက်သည်။ ယွင်ချန် မည်သို့ ဆင့်ကဲပြောင်းလဲ လာမည်ကို သူမသိသော်လည်း ယွင်ချဲ့က သူ့ကို အနာတရဖြစ်အောင် လုပ်မည် မဟုတ်ကြောင်း သူသိသည်။ သူသာ ယွင်ချန်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့လျှင် ယွင်ချန် ယခုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။ ယွင်ချန် ဘေးတွင် အမြဲရှိနေကာ ကာကွယ် စောင့်ရှောက်မည်ဖြစ်ပြီး သူ့သက်တမ်း တစ်လျှောက် ထိုသို့နေရမည်ဆိုလျှင် လန်ယဲ့ဟန် ကျေနပ်စွာပင် လက်ခံလိုက်မည်။

“ဒီအယုတ်တမာ ကောင်တွေကို ငါကိုယ်တိုင် သတ်မယ်”

လုဟိုင်ရွှမ်း စူးရဲစွာ အော်ဟစ် လိုက်သည်။ ထို့နောက် ဓါးတစ်ချောင်း ကောက်ယူလိုက်ပြီး တစ်ဟုန်ထိုး ပြေးသွားလေရာ လန်ယဲ့ဟန်လည်း ယွင်ချန်ကို စက္ကန့် အနည်းငယ်ကြာ စိုက်ကြည့်နေပြီး အတူလိုက်ပါရန် လှည့်ထွက်လာခဲ့သည်။ အဖွဲ့ထဲမှ သူများကို အလွယ်တကူ သွားခွင့် မပြုနိုင်ပေ။

“မင်းပြောပုံအရဆိုရင် ယွင်ချန်က ဘာကိုမှ မမှတ်မိနိုင်ဘူးလား .. ဒါဆိုရင် သူက ဘယ်အချိန်မှာ တကယ်ကို ပြောင်းလဲသွားပြီး ထိန်းချုပ်မှုတွေပါ ဆုံးရှုံးသွားမှာလဲ .. ငါကတော့ ငါတို့ထဲက ဘယ်သူကမှ သူ့ကို မတိုက်ခိုက်နိုင်မှာ စိတ်ပူမိတယ် .. ပြီးတော့ သူ့ကိုကြည့်ရတာ လူသားနဲ့ မတူဘူးဆိုတော့ သူ့ကို ဘယ်လို ခေါ်သွားကြမှာလဲ .. သူ့ကို ဓာတ်ခွဲခန်းထဲက ကြွက်တစ်ကောင်လိုမျိုး မဖြစ်စေချင်ဘူးလေ”

လှေကား မှတစ်ဆင့် ပျောက်ကွယ်သွားသော လူနှစ်ယောက်ကို ကြည့်ကာ ကျိုးဇယ်ယွီ ရှင်းလင်း ပြတ်သားစွာဖြင့် ကျိုးကြောင်း ဆီလျော်အောင် ပြောလိုက်သည်။ သူသည် ယခုအချိန်ထိ အံ့အားသင့် ထိတ်လန့် နေသေးသော်လည်း ယွင်ချဲ့ အကျိုးသင့် အကြောင်းသင့်သာ ပြောဆိုနိုင်ရန် စိတ်ထိန်းထားရသည်။ ဖုတ်ကောင်အား ပျိုးထောင်ကြရန် ဆိုသည်မှာ သူပြောသလောက် မလွယ်ကူနိုင်ပေ။

“ရှောင်ချဲ့ ..”

ထိုအသံကို ကြားလိုက်သဖြင့် ယွင်ယောင်လည်း သူနှင့် ယွင်ချန်ကို တလှည့်စီ ကြည့်လိုက်ပြီး တစ်ခုခုပြောရန် ချီတုံချတုံ ဖြစ်နေလေသည်။

သို့သော် ယွင်ချဲ့မှာ ကျိုးဇယ်ယွီကို စူးစိုက်ကြည့်လိုက်ပြီး …

“အဲဒီတော့ ဘာဖြစ်လဲ”

သူ၏အဖြေပင်။ ညီလေးကို အတိတ်ဘဝတွင် တစ်ခါ ဆုံးရှုံးခဲ့ရသကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မည်ကို မလိုလားပေ။ ယွင်ချန် ရှိနေသရွေ့ သူတို့အတွက် မျှော်လင့်ချက် ရှိသည်။

“သေလိုက်ပါတော့”

ကျိုးဇယ်ယွီ သတိထားမိသည်က ယွင်ချဲ့မှာ ညီလေးကိစ္စနှင့် ပတ်သက်လျှင် မောက်မာ ရူးသွပ်လွန်း သောကြောင့် သူ နှုတ်ဖြင့် ဆဲဆိုလိုက်သည်။ ထို့နောက် သူ၏ဓားကို ယူကာ …

“ငါသူတို့ကို သွားကူလိုက်ဉီးမယ်”

“ရှောင်ချဲ့ … ရှောင်ချန်က ဘယ်လိုမျိုး ဖြစ်လာမှာလဲ”

ဒုတိယထပ်တွင် သူတို့ သုံးယောက်သာ ကျန်တော့သည့်အခါ ယွင်ယောင် အရှေ့သို့ ကိုင်းကာ ယွင်ချဲ့၏ အင်္ကျီလက်ကို ဆွဲကာ မေးလိုက်သည်။ ယွင်ချဲ့လည်း သူမဘက် လှည့်ကြည့်ကာ ခဏကြာပြီးနောက် …

“ကျွန်တော် မသိတော့ဘူး … အတူတူ အဖြေရှာကြတာပေါ့”

ထိုသို့ပြောပြီးနောက် ယွင်ယောင် လက်ကို ယွင်ချဲ့ အားပေးသကဲ့သို့ ဆုပ်ကိုင်လိုက်သည်။ သူသည် အနာဂတ်ကို မခန့်မှန်းနိုင်သည့် အပြင် ဘာဖြစ်လာမည်ကိုလည်း မည်သူမှ မသိနိုင်ပေ။ အနာဂတ်တွင် မည်သို့သော အကြောင်းရာများ ဖြစ်လာခဲ့ပါစေ ယနေ့ ရွေးချယ်ခဲ့သော ဆုံးဖြတ်ချက်ကို သူနောင်တ ရလိမ့်မည် မဟုတ်ပေ။

“ဟုတ်ပြီလေ”

ယွင်ချဲ့ လက်များမှ တုန်ယင်မှုနှင့် အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို သဘောပေါက်လာသည့်အခါ ယွင်ယောင်မှာ အံ့ဖွယ်ကောင်းစွာ တည်ငြိမ် လာလေသည်။ သူမသည် အကြီးဆုံး အစ်မဖြစ်သည့် အပြင် မောင်ဖြစ်သူ ယုံကြည်မှု အပြည့်အဝ ရှိနေချိန် သူမ ဘာကြောင့်များ စိတ်အားငယ် လက်လျော့ရပါ့မလဲ။ အနည်းဆုံးတော့ မောင်လေးဖြစ်သူ အသက်ရှင်နေသေးသည် မဟုတ်လား။ အနာဂတ်တွင် လူသားများသည် ဖုတ်ကောင်များကို လူသားများအဖြစ် ပြန်လည် ပြောင်းလဲနိုင်မည့် နည်းလမ်းများ မရှာတွေ့နိုင်ဟု ဘယ်သူကများ ဧကန်ပြောနိုင်ပါသလဲ။ ယခုအချိန်တွင် မျှော်လင့်ချက်များ စွန့်လွှတ်လိုက်ပါက နောက်ထပ် အခွင့်အရေး ရှိလာနိုင်တော့မည် မဟုတ်ပေ။

“ဟုတ်ကဲ့”

ယွင်ချဲ့ ခေါင်းညိတ် လိုက်ပြီးနောက် ယွင်ချန် ဘက်သို့ လှည့်ကာ ညီငယ်၏ခေါင်းကို အသာပုတ်ကာ ထိုင်ချလိုက်သည်။

“မင်းကို လူသားဖြစ်အောင် ပြန်ပြီး မပြောင်းလဲ ပေးနိုင်ရင်တောင် မင်းကို အသန်မာဆုံး ဖုတ်ကောင်ဖြစ်အောင် ငါလုပ်ပေးမယ်”

ယွင်ချဲ့ စကားများကို နားလည်ဟန်ဖြင့် ယွင်ချန် လှည့်ကြည့် လိုက်သည်။ သူ၏ အနီရောင် မျက်ဝန်းများမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး ခဏအကြာ သူ၏ ပဲသကြားစေ့များကို ဆက်၍ စားနေပြန်သည်။ ယွင်ချဲ့ အနည်းငယ် ဝမ်းနည်းလာသော်လည်း ဘာမှ မဖြစ်ဟန်ဆောင်ကာ နောက်ဆုံး ကျန်ရှိနေသော အမြုတေများကို ယွင်ချန် လက်ထဲ ထည့်ပေးလိုက်ပြီးနောက် ….

ဝူး ..

“ရှောင်ချဲ့ ”

ယွင်ချဲ့ သူ၏လက်ကို ဝှေ့ယမ်းက ယွင်ချန်ကို အပြိုင်လောက နယ်မြေသို့ ပို့လိုက်ကာ တစ်ချိန်တည်းမှာပင် ယွင်ချဲ့ ခန္ဓာကိုယ်မှာ အရှေ့သို့ အထိန်းကွပ်မဲ့စွာ လွှင့်ထွက်သွားပြီး ပါးစပ်မှလည်း သွေးများ ထွက်လာသည်။

ထိုအဖြစ်ကို မြင်ရပြီးနောက် ယွင်ယောက်မှာ ယွင်ချဲ့ ဘယ်သွားသည်ကို မစဉ်းတော့ဘဲ ကူညီပေးရန် စိုးရိမ်တကြီးဖြင့် ပြေးသွားလေသည်။

“ဘာဖြစ်တာလဲ ဘာလို့ သွေးတွေ အန်နေရတာလဲ”

ယွင်ယောင် လွန်စွာ စိုးရိမ်ထိတ်လန့် နေလေသည်။ သူမတွင် မောင်နှစ်ယောက်သာ ရှိပြီး ယခုအချိန်တွင် တစ်ယောက်မှာ ဖုတ်ကောင် ဖြစ်သွားရလေသည်။ ဆိုးဝါးသောကိစ္စ နောက်ထပ် မဖြစ်စေရန် သတိထားရတော့မည်။ မဟုတ်လျှင် ဆက်လက် ရှင်သန်နိုင်ရန် အကြောင်းပြချက် မဲ့လာမည့် အဖြစ်မျိုးကို သူမ အလွန် ကြောက်ရွံ့ နေလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset