အခန်း (၂၆)
“ဘာမှမဖြစ်ပါဘူး ငါအရမ်း ပင်ပန်းနေလို့ပါ”
ယွင်ချဲ့ သူမ ကူညီပေးသည်ကို ငြင်းကာ နံရံတွင်မီကာ ထိုင်နေလျက် မျက်စိကိုမှိတ်ပြီး စိတ်တည်ငြိမ် လာစေရန် ကြိုးစားနေလေသည်။ လက်တွေ့ကျကျ ပြောရလျှင် ယွင်ချန်မှာ လူသားတစ်ယောက် မဟုတ်တော့သည့်အပြင် တစ်နေ့ထက် တစ်နေ့ ပိုမိပြောင်းလဲ လာခဲ့သည်။ ယွင်ချန်ကို ဝှက်ထားရန် ခက်ခဲလိမ့်မည် မဟုတ်ဟု တွေးထင်ခဲ့သော်လည်း ထိုအကြောင်းကြောင့် စိတ်သောက ရောက်နေရလေသည်။ မည်သို့ပင် ဖြစ်ပါစေ ယွင်ချန်ကို အပြိုင်လောကသို့ ပို့ဆောင်ပေးနိုင်ခဲ့သဖြင့် သူတို့၏ အကြီးမားဆုံးသော ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပေသည်။ ထို့နောက် …
ရုတ်တရက် ယွင်ချဲ့ မျက်နှာထက် ရက်စက်သော အပြုံးတစ်ခု ပေါ်လာကာ သူ၏ မျက်လုံးကို ဖွင့်လိုက်လေသည်။ သူလက်စားချေ ရတော့မည့် အချိန်ပင်။
“ခွေးကောင်တွေ.. အားလုံး မင်းတို့ကြောင့် ဖြစ်ရတာ .. ငါမင်းတို့ကို သတ်မယ်”
လုဟိုင်ရွှမ်း ဓါးတစ်ချောင်းကို ယူကာ ယွင်ချန်ကို နာကျင်စေခဲ့သူများ ထံသို့ တည့်တည့်မတ်မတ် တစ်ဟုန်ထိုး ပြေးသွားလေသည်။ ညစ်ညမ်းသော သွေးများဖြင့် ဖုံးလွှမ်းနေသော ဓါးကို ဉီးတည်ချက်မဲ့စွာ ဝှေ့ယမ်းနေပြီး မျက်လုံးတွင်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ယောကျ်ားသားများ အတွက် သူငယ်ချင်း မိတ်ဆွေဖွဲ့ရန် အချိန်များစွာ မလို။ သူတို့ အတူ ကုန်ဆုံးခဲ့ကြသော တစ်ရက်တာအတွင်း ယွင်ချန်နှင့် လန်ယဲ့ဟန်တို့မှာ သူ၏ အချစ်ဆုံး သူငယ်ချင်းများ ဖြစ်လာခဲ့သည်။ ယွင်ချန်၏ နူးညံ့သော အပြုံးနှင့် ယခု ပြောင်းလဲနေပုံ အခြေအနေများကို တွေးမိလိုက်သည့်အခါ အလွန် ဒေါသဖြစ်လာပြီး အားကစားရုံထဲရှိ သူများကိုပင် သတ်ပစ်ချင်စိတ်များ ဖြစ်လာလေသည်။
“မင်းဘာလုပ်နေတာလဲ မင်းရူးနေပြီလား”
လုဟိုင်ရွှမ်း လက်ထဲတွင် ဓါးကို ကိုင်ဆွဲထားပြီး အခြားသူများ နှင့်အတူ အသေခံမည့်ပုံပင်။ သူ့ကြောင့် အခြားသူများမှာလည်း ကြောက်လန့် ကုန်လေသည်။
ဘုံး
“ဟေ့ကောင် လန်ယဲ့ဟန် မင်းဘာလုပ်နေတာလဲ”
အခြားသူများလည်း ပြန်လည် တိုက်ခိုက်ရန် နည်းလမ်း စဉ်းစားနေကြစဉ် မီးလုံးများမှာလည်း သူတို့ထံ လွှင့်လာလေသည်။ သို့သော် အဆင်သင့် ပြင်ဆင်ထားကြသည့် အတွက် လူနှစ်ယောက် တိုက်ခိုက် နေကြသော်လည်း ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။
“မင်းတို့အားလုံး ယွင်ချန် အတွက် သေစေရမယ်”
“အား …”
“အ .. သူတို့ငါတို့ကို သတ်တော့မယ်”
လုဟိုင်ရွှမ်း ကျယ်လောင်စွာ အော်လိုက်ပြီး လန်ယဲ့ဟန်၏ မီးအကူအညီဖြင့် ရှေ့တစ်လှမ်း တက်ကာ လူတစ်ယောက်၏ လက်ကို ဖြတ်ပစ်လိုက်ရာ ထိုသူမှာ အလွန် နာကျင်လှသဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။ အားကစားရုံတွင် တစ်ခါမှ မဖြစ်ခဲ့ဖူးသော ကြောက်လန့်မှုများစွာ ပြည့်နှက်နေသည်။ အမျိုးသမီးများမှာ ထိတ်လန့်စွာ အော်ဟစ်နေကြပြီး အနီးအနားတွင် ရှိသော တုန်ရီနေသူများကို ဖက်ထားကြသည့် အပြင် ကြောက်တတ်သော အမျိုးသားများမှာလည်း အားနည်းစွာ ရပ်နေသည့် နေရာတွင်ပင် မလှုပ်မယှက် ရှိနေကြလေသည်။ လုဟိုင်ရွှမ်း လက်ထဲရှိနေသော ဓါးချက် သူတို့အပေါ် ကျရောက်လာမည်ကို အလွန် စိုးရိမ်နေကြသည်။
လုဟိုင်ရွှမ်းမှာ သာမန် တက္ကသိုလ် ကျောင်းသား တစ်ယောက်သာလျှင် ဖြစ်သည်။ သူ့တွင် သူရဲကောင်းဆန်သော စိတ်နေ သဘောထားများ ရှိသော်လည်း ဆိုးရွား ယုတ်မာခြင်းနှင့် ဒေါသအလျှောက် လူသတ်ခြင်းကို စက်ဆုတ် ရွံရှာသောကြောင့် မျက်နှာပေါ် သွေးစများ လာစင်သောအခါ စိတ်ကို အမြန်ပြန်ထိန်းကာ ရပ်တန့်လိုက်သည်။ ထိုလူကို သူမသတ်နိုင်ပေ။
“သေလိုက်တော့ ”
“နေဉီး ”
တစ်ဖက်တွင်လည်း စိတ်ပိုင်းဖြတ် ထားပြီးသော လန်ယဲ့ဟန် လက်ထဲမှ မီးတောက်ကို ပစ်ကာ ထိုသူလက်မောင်းကို ဖြတ်ရန်ပြင်လိုက်စဉ် ယွင်ချန်ကို ရှင်းပစ်ရန် ကြံစည်နေသော ပါမောက္ခ ဝမ် ရုတ်တရက် မတ်တပ် ရပ်လိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းလျက် မီးလုံးကို အခြားဘက်သို့ လမ်းလွဲလိုက်ပြီး သူတို့အရှေ့တွင် သတ္တုဝတ်စုံကို လွှမ်းခြုံလိုက်သည်။
ဖယ်စမ်း ”
လန်ယဲ့ဟန် အော်ပြောလိုက်သည်။ လန်ယဲ့ဟန်မှာ ထူးဆန်းသူ မဟုတ်သော်လည်း သူ၏ခန္ဓာကိုယ်မှာ ရေခဲများဖြင့် ချုပ်နှောင် ထားသကဲ့သို့ ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က အေးခဲခြင်း အစွမ်းဖြင့် သူ့ကို ထိန်းချုပ်လိုက်ခြင်း ဖြစ်လိမ့်မည်။
“လန်ယဲ့ဟန် စိတ်လျော့လိုက်တော့ ယွင်ချန်က သေသွားပြီ … မင်းဒီလူတွေကို သတ်လိုက်ရင်တောင် အသုံးမဝင်ဘူး .. ပြီးတော့ အစိုးရက သက်ဆိုင်ရာ လူတွေလည်း ဒီကိစ္စကို ဖြေရှင်းနေကြပြီ မင်းကသာ လူသတ်သမား ဖြစ်သွားလိမ့်မယ်”
ပါမောက္ခ ဝမ်မှာ လန်ယဲ့ဟန်၏ စိတ်သဘောထားကို နားလည်ပြီး သူ၏အကြည့်များကို ကြောက်ပြနေ၍ မဖြစ်ပေ။ အခြားသူများ သူ့ကို လေးစားစေချင်သည် ဆိုလျှင် သူ့အရှေ့တွင်ရှိနေသောလူနှစ်ယောက်ကို ကယ်ရမည်ဖြစ်ပြီး လန်ယဲ့ဟန် ကိုလည်း တားနိုင်ရန် လိုအပ်ပေသည်။
“အဲဒီတော့ ဘာဖြစ်လဲ”
ပါမောက္ခ ဝမ်ကို လန်ယဲ့ဟန် လှည့်ကြည့်ကာ အနောက်တွင် ပုန်းကွယ်နေသူ နှစ်ယောက်ကို စိုက်ကြည့် လိုက်သည်။ ယွင်ချန် အတွက် ထိုသူတို့ကို သတ်ကာ လက်စားချေမည်ဟု စိတ်ပိုင်းဖြတ်ထားသော သူ့ကို မည်သူကိုမှ တားခွင့်မပေးပေ။
“မင်း….”
“တော်ပါတော့ အဘိုးကြီးရာ … ခင်ဗျားကြီး ကောင်းကောင်းမွန်မွန် အဆုံးသတ် နိုင်လိမ့်မယ် မင်းထင်နေတာလား”
လန်ယဲ့ဟန် အလွန်တည်ငြိမ် သွားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ပါမောက္ခဝမ် ဒေါသငယ်ထိပ် ဆောင့်သွားလေသည်။ သို့သော် သွေးမြင်၍ လန့်သွားရာမှ သတိဝင်လာသော လုဟိုင်ရွှမ်းက ပါမောက္ခ ဝမ်ကို သူတော်ကောင်းယောင် ဆောင်ရန် ခွင့်မပြုနိုင်တော့သဖြင့် သူ၏ ဓါးကိုကိုင်ဆွဲကာ တစ်ဟုန်ထိုး ပြေးလာသည်။ တစ်ချိန်တည်းတွင် လန်ယဲ့ဟန်လည်း ပြေးလာကာ သူ၏ ရန်သူများကို သတ်ရမည်ဟုသာ တွေးနေလိုက်သည်။
ဘုန်း
ချွန်ထက်သောဓါးရှည်က ပါမောက္ခ ဝမ်ကို ပြင်းထန်စွာ ထိရိုက် လိုက်သော်လည်း အနာတရာဖြစ်ခြင်း အလျှင်းမရှိပေ။ အကောင်းဆုံး ကြိုးစားခဲ့သော လုဟိုင်ရွှမ်း မှာလည်း ထိုအားအင်ကို အံ့အားသင့်ကာ ဓါးကိုပင် ခက်ခဲစွာ ပင့်တင် ထားရလေသည်။
“ဟင် .. ခင်ဗျား ?”
ပါမောက္ခ ဝမ်သည် အေးစက်စွာ ပြုံးလိုက်ပြီး ယခုအခြေအနေမှာ အခြားသူများအား သူ၏ စွမ်းရည်ကို ပြသလိုက်သကဲ့သို့ ဖြစ်နေသဖြင့် ရုံထဲရှိသော သူများမှာလည်း မတ်တပ်ရပ်ရန်ပင် ကြောက်ရွံ့နေကြကာ စွမ်းအား ရှိသူများနှင့် မရှိသူတို့၏ ကွာခြားမှုကို အများစု သတိထား မိလိုက်ကြပေသည်။
***