EYYJ အပိုင်း ၃၁

အပိုင်း (၃၁) ချစ်ကျွမ်း၀င်ခြင်း

ပင်မဆောင်၏ အပြင်တံခါးဆီသို့ လျှောက်သွားပြီးနောက် ယွဲ့ယိုထင်သည် ခဏရပ်ကာ ကိုယ့်ကိုကိုယ် အားပေးလိုက်သည်။ ထို့နောက် ပင်မဆောင်ထဲသို့ ခြေသံဖွဖွလေးဖြင့် ၀င်သွားလေသည်။

“အဘိုး အမေက လက်ဖက်ရည်ဆက်ဖို့ ပြောလို့ပါ”

ငှက်၏တေးဆိုသံကဲ့သို့ သာယာညင်သာသည့် ထိုအသံသည် လူ၏နှလုံးသားကို လှုပ်ခတ်နိုင်စွမ်း ရှိလှသည်။

သို့သော်လည်း ယွဲ့တာ့ဖူသည် ထိုအရာကို သတိမထားမိဘဲ သဘောတူလိုက်သည်။ “ဧည့်သည်တွေကို အမြန် လက်ဖက်ရည် ဧည့်ခံလိုက်”

ယွဲ့ယိုထင်သည် ယွဲ့တာ့ဖူအား အရင်ဆက်သပြီး အစ်ကိုနှစ်ယောက်ကို ဆက်သလိုက်သည်။ ထို့နောက် ကျိုးကျွမ်းဖန်တို့နှစ်ဦးအား ဧည့်ခံလေသည်။

“သခင်လေး လက်ဖက်ရည် သုံးဆောင်ပါဦး”

ကျိုးကျွမ်းဖန်သည် အညင်သာဆုံး ပြုံးပြလေသည်။

“သခင်မလေးယွဲ့ကို ဒုက္ခပေးမိပါပြီ” ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ ဖြစ်စေ လက်ဖက်ရည်ခွက်ကို လှမ်းယူသည့်လက်သည် ယွဲ့ယိုထင်၏ ပျော့ပျောင်းသွယ်လျသည့် လက်ဖဝါးကို ပွတ်တိုက်သွားလေသည်။ ခွက်ကိုကိုင်ထားသည့် ယွဲ့ယိုထင်၏လက်သည် အနည်းငယ်တုန်လှုပ်သွားကာ မျက်နှာ၌ အပူလှိုင်းတချို့ ဖြတ်သွားလေသည်။ အခန်းသည် အလင်းမှိန်သောကြောင့် ထိုအရာကို မည်သူမျှ သတိမထားမိကြပေ။

လက်ဖက်ရည်ဆက်ပြီးနောက် အပျိုဖြစ်သည့် ယွဲ့ယိုထင်အနေနှင့် လက်မဆက်ရသေးသော အမျိုးသားများနှင့်အတူ ပင်မဆောင်ထဲ၌ နေရန် မသင့်တော်ပေ။ သူမ၏ဖြည်းညင်းစွာ ထွက်ခွာသွားမှုအပေါ် တောက်လောင်သည့် မျက်၀န်းများနှင့် ကြည့်နေသည့် ကျိုးကျွမ်းဖန်အား တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ စကားဝိုင်း၌ စိတ်ပါ၀င်စားနေကြသည့် ယွဲ့မိသားစု၀င်များသည် ထိုနှစ်ဦးသား၏ အဖြစ်အပျက်များကို သတိမထားမိခဲ့ကြချေ။

ယွဲ့ယိုထင် ထွက်သွားသည်နှင့် ကျိုးကျွမ်းဖန်သည် သူ၏တည်ငြိမ်သည့် သခင်လေးပုံစံသို့ ပြန်ရောက်သွားလေသည်။ ထိုလူသည် ယွဲ့တာ့ဖူအား ကျောင်းတော်၏ စိတ်၀င်စားဖွယ်ရာ ကိစ္စရပ်များကို ပြောပြနေသည့်ပင် ၀မ်ထောင်ကိုပင် အပြုံးလေးဖြင့် ၀င်ရောက် ကူညီပြောကြားနေလေသည်။ ယွဲ့ယိုထင်အား ရှင်းလင်းပြတ်သားစွာ စိုက်ကြည့်ခဲ့သည့်လူမှာ သူ မဟုတ်သည့်အတိုင်းပင် ဟန်ဆောင်နေခဲ့သည်။

ယွဲ့ယိုထင်သည် လင်ဗန်းကို သယ်ကာ ပင်မဆောင်မှ မီးဖိုချောင်သို့ ရှက်ရမ်းရမ်းကာ ပြန်လာခဲ့သည်။ အမျိုးသမီးချန်သည် သမီးဖြစ်သူ၏ ရှက်သွေးဖြာနေသော မျက်နှာကိုကြည့်ကာ ပျော်ရွှင်မှုများဖြင့် ပြည့်လျှံနေတော့သည်။ သူမ၏လက်သည် ညစ်ပေနေသည် ဟုတ်မဟုတ်ကို ဂရုမစိုက်ဘဲ ယွဲ့ယိုထင်အား ပုတ်လိုက်သည်။ “ဘယ်လိုလဲ သခင်လေးနှစ်ယောက်နဲ့ တွေ့ခဲ့လား”

ယွဲ့ယိုထင်သည် အမျိုးသမီးချန်၏ ညစ်ပေနေသည့်လက်များကို လင်ဗန်းဖြင့် ကာလိုက်လေသည်။

“အမေ အင်္ကျီတွေက အသစ်တွေနော်”

“သည်းကလည်း နူးညံ့နေလိုက်တာ” အမျိုးသမီးချန်သည် ထိုအပြုအမူအတွက် စိတ်မဆိုးခဲ့ချေ။ ပင်မဆောင်သို့ လက်ဖက်ရည်သွားပို့သည့် ကိစ္စကိုသာ သိချင်စိတ်များနေခဲ့သည်။

“အမေ့ကို အမြန်ပြောစမ်း။ သူတို့ကို အဝေးကကြည့်လိုက်တော့ ကောင်းကောင်း၀တ်စားထားတာပဲ။ ဒါပေမဲ့ ဘယ်လိုပုံစံလဲတော့ အမေသေချာမသိဘူး”

ယွဲ့ယိုထင်သည် သူမ၏လက်အား အမှတ်တမဲ့ထိခဲ့သည့် ကျောက်မျက်ကဲ့သို့ နူးညံ့ညင်သာသည့် အမျိုးသားအား ပြန်တွေးမိကာ ရှက်သွေးဖြာလာတော့သည်။

“အမေကလည်း ဘာတွေလာမေးနေတာလဲ”

မည်သို့ပင်ဖြစ်စေ အမျိုးသမီးချန်သည် အတွေးအကြုံရှိပြီးသူဖြစ်ကာ ထိုသို့ရှက်သွေးဖြာနေသော အမူအရာအားကြည့်ကာ သူမစီစဉ်သည့်ကိစ္စ၏ တစ်၀က်မျှသည် အခြေခိုင်သွားပြီဟု ဆိုနိုင်သည်။ သူမသည် အသာအယာ လက်ခုပ်တီးပြီးနောက် မေးလေသည်။ “အဲ့သခင်လေးနှစ်ယောက်က သမီးကို စကားပြောရဲ့လား”

“အမ် သခင်လေးကျိုးက ယဉ်ကျေးပျူငှာတယ်။ သမီးကို ကျေးဇူးတင်လိုက်သေးတယ်”

ထိုညင်သာသည့် အပြုအမူကို ပြန်တွေးကာ ယွဲ့ယိုထင်၏နှလုံးသားမှာ ပို၍လှုပ်ခတ်လာတော့သည်။

“သခင်လေးကျိုးက ကောင်းပါတယ်”

ထိုသို့ပြောပြီးနောက် ယွဲ့ယိုထင်သည် သူမ၏ခေါင်းကိုလှည့်ကာ အရှေ့ခြံ၀န်းထဲသို့ ပြေး၀င်သွားတော့သည်။ သမီးဖြစ်သူ၏ အပြုအမူများကို ကြည့်ကာ အမျိုးသမီးချန်သည် ယွဲ့ယိုထင်၏ စိတ်၀င်စားမှုကို သိရှိပြီးဖြစ်သည်။ အမျိုးသမီးချန်သည် မီးဖိုချောင်၌ အကျအနထိုင်ကာ အနာဂတ်သမက်လောင်းအတွက် ဟင်းလျာကောင်းကောင်းချက်ရန် ပြင်တော့သည်။

…………….

ယွဲ့ချန်ဟုန်သည် အမြန်ရောက်လာခဲ့သည်။ သူမ ရောက်သည်နှင့် ယွဲ့မိသားစု၌ အစားအသောက်များသည် အစဉ်သင့် တည်ခင်းပြီးသား ဖြစ်နေသည်။ ယွဲ့ချန်လုသည် နွားလှည်းကို အပြင်၌ ရပ်လိုက်လေသည်။ ယွဲ့ချန်လုနှင့် သူ၏သမီးများသည် နှင်းမှူန်များကဲ့သို့ အလွယ်တကူခါချ၍ ရပေသည်။ ထိုသို့ဖြင့် ယွဲ့အိမ်တံခါးကို အပြုံးလေးဖြင့် ဖွင့်လိုက်လေသည်။ လျှို့ဖူဖန်ကဲ့သို့ ပျော့ညံ့သည့် ယွဲ့ယိုထင်နှင့် ယှဉ်လျှင် ကောလျှို့အာ၏ အရပ်မရှည်သော်လည်း မျက်နှာဝိုင်းလေး၌ ကြီးမားသည့် မျက်၀န်းများနှင့် ရှက်သွေးဖြာနေသည်က နှစ်လိုဖွယ်ဖြစ်သည်။

ယွဲ့ချန်ဟုန်သည် မိခင်ဖြစ်သူ၏ ခေါ်ထုတ်မှုကို မသိသော်လည်း အဘွားချန်၏ မှာကြားမှုအတိုင်း သားအမိနှစ်ယောက်သည် အကောင်းဆုံး ပြင်ဆင်လာခဲ့ကာ ယွဲ့ချန်လု လာခေါ်သည်နှင့် ယွဲ့အိမ်သို့ လိုက်ပါခဲ့သည်။ သမီးဖြစ်သူအား ပန်းရောင်သန်းသည့် အပြင်၀တ်ကို ဆင်ယင်‌ပေးခဲ့သည်။ ကောလျှို့အာ၏ အင်္ကျီလက်စနှင့် ခါးနေရာတွင် ဝါဖျော့ဖျော့ ပန်းများသည် သပ်ရပ်စွာ ချုပ်လုပ်ထားပေသည်။ အဝေးမှ ကြည့်ရုံဖြင့် မိန်းမပျိုတစ်ဦး၏ ပြေပြစ်သည့်အလှကို ပေါ်လွင်စေနိုင်သည်။

အပြင်မှ အသံများကို ကြားသည်နှင့် အဘွားချန်သည် သမီးဖြစ်သူကို ကြိုဆိုရန် ထွက်လာခဲ့သည်။ မြေးဖြစ်သူနှင့် သမီးဖြစ်သူတို့ ကောင်းမွန်စွာ ၀တ်စားထားမှုကြောင့် အဘွားချန်သည် စိတ်ကျေနပ်စွာ ပြုံးလိုက်လေသည်။

“ဒီနေ့ မိသားစုက နှစ်သစ်ကူး သားသတ်ပွဲလုပ်တာလေ။ အထူးဧည့်သည်တွေလည်း ရောက်နေတော့ အမေ‌တို့ စကားမပြောခင် ဧည့်သည်တွေကို သွားတွေ့ရအောင်”

အထူးဧည့်သည်ဟူသော စကားကိုကြားသည်နှင့် ယွဲ့ချန်ဟုန်သည် စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

“အမေ ဘယ်က အထူးဧည့်သည်တွေ လာတာလဲ” သူမ၏မိသားစုသည် ဂုဏ်ထူးအာဏာမရှိကြောင်း ယွဲ့ချန်ဟုန်သိပေသည်။ ထို့ကြောင့် အဘွားချန်ပြောဆိုသည့်အခါ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။

“အဲဒါ ယွဲ့ထောင်တို့ရဲ့ အတန်းဖော်တွေလေ။ တစ်ယောက်က ကျိုးမျိုးရိုးတဲ့ မြို့စားကတော်ရဲ့တူ တော်တယ်။ နောက်တစ်ယောက်က လျှို့တဲ့ မြို့တော်မှာ ဖဲသားနဲ့ပိုးထည်တွေ ရောင်းတာ”

အဘွားချန်သည် သမီးဖြစ်သူအား သူမသိသမျှကို တီးတိုးပြောလိုက်သည်။

မြို့စားကတော်၏တူဟူသော စကားကြောင့် ယွဲ့ချန်ဟုန်၏ မျက်၀န်းများသည် တောက်ပလာလေသည်။

“တကယ်လား”

ကောလျှို့အာသည် ဆယ့်လေးနှစ်ခန့် ရှိပြီဖြစ်ကာ သင့်တော်သည့် မိသားစုကို ရှာရတော့မည်ဖြစ်သည်။ ထိုသခင်လေးများသာ အဆင်ပြေပါက စေ့စပ်ကြောင်းလမ်းကာ အသက်ပြည့်အခမ်းအနားပြီးသည်နှင့် လက်ဆက်၍ရပေသည်။

“အမေက သမီးကို စ စရာလား” အဘွားချန်သည် သူမ၏မြေးဖြစ်သူများအပေါ် မကောင်းမြင်တတ်သော်လည်း သူမ၏သမီးဖြစ်သူအား အဖိုးတန်ပုလဲကဲ့သို့ တန်ဖိုးထားပေသည်။ ကောင်းသည့်အရာများရှိသည်နှင့် သမီးဖြစ်သူကို ဦးစားပေး စဉ်းစားတတ်သည်။

“သခင်လေးနှစ်ယောက်ရဲ့ အသက်အရွယ်ကလည်း အနေတော်ပဲ။ မဟုတ်ရင် နင့်အစ်ကိုနဲ့ အမြန်ခေါ်ခိုင်းလိုက်ပါ့မလား”

သားအမိနှစ်ဦးမှာ လမ်းလျှောက်ရင်း တွက်ချက်နေကြလေသည်။ အတွေ့အကြုံ မရှိသေးသည့် ကောလျှို့အာသည် မိခင်ဖြစ်သူနှင့် အဘွားဖြစ်သူ၏ နောက်မှလိုက်ရင်း သူမ၏နှလုံးသားသည် ခုန်ပေါက်နေတော့သည်။ သူမ၏ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ကာ မိခင်ဖြစ်သူ ယွဲ့ချန်ဟုန်၏ နောက်မှ ခြေလှမ်းသေးသေးလေးဖြင့် ထပ်ကြပ်မကွာ လိုက်လာလေသည်။

…………

နှင်းကျဆင်းမှုမှာ ရပ်တန့်သွားသော်လည်း အပြင်၌ အေးခဲနေသေးသည်။ ယွဲ့မိသားစု၏ပင်မဆောင်၌ တည်ခင်းဧည့်ခံရန် စားပွဲသုံးလုံး ပြင်ဆင်ထားပေသည်။ ရွာရှိဆွေမျိုးများနှင့် လာရောက်ကူညီကြသူများက စားပွဲတစ်ခုတွင် စုထိုင်ကြသည်။ ၀မ်ထောင်ညီအစ်ကိုနှင့် အထူးဧည့်သည်နှစ်ယောက်အား စားပွဲတစ်ခု၌ ဧည့်ခံထားပြီး ကျန်စားပွဲ၌ မိသားစုရှိ အမျိုးသမီးများက နေရာယူကြသည်။

ယွဲ့ချန်ဟုန် ရောက်သည့်အချိန်၌ ပင်မဆောင်တွင် လူများပြည့်နေပြီဖြစ်သည်။ ယွဲ့ချန်ဟုန်သည် နွေးထွေးစွာ ပြုံးရင်း ဆိုလေသည်။

“ဒီအချိန်လာရမဲ့အစား စောစောစီးစီး ကြိုတင်လာခဲ့ရင်ကောင်းသား”

“ကျွန်မယောက်မလေးက အဖေ အမေ‌အပေါ် တအားသိတတ်တာလေ။ အခုလို နှင်းတွေထူနေတဲ့ ရာသီဥတုမှာတောင် အရောက်လာခဲ့တာ။ ညီမလေး လမ်းမှာ ခဲမသွားဘူးမလား” အမျိုးသမီးချန်၏ နှလုံးသားသည် စိုးရိမ်မှုဖြင့် ကြောင့်ကျနေသော်လည်း ကြင်နာစွာ စကားဆိုလိုက်သည်။ ထိုအမျိုးသမီးအိုကြီးသည် ယွဲ့ချန်ဟုန်အပေါ်တွင် အလွန်ပင် မျက်နှာသာပေးလွန်းသည်။ ယွဲ့ချန်ဟုန်သည် အမှန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည်။ အခု သူမ စီစဉ်ထားသည့် လက်ထပ်ပွဲကိုပင် ပျက်စီးစေတော့မည်။

“အဖေနဲ့ အမေကို လာတွေ့ရုံတင်ပါ။ အဲ့လောက် ကြိုဆိုဖို့မလိုပါဘူး။ ဒီနေ့ဟင်းပွဲတွေ အကုန်လုံး အစ်မပြင်ထားတာလို့ကြားတယ်။ ခဏထိုင်ပြီး နားနေတာ ပိုကောင်းမယ်ထင်တယ်” ယွဲ့ချန်ဟုန်သည် အမျိုးသမီးချန်၏လက်ကို တည်ငြိမ်စွာ ပယ်ချကာ လူအုပ်ကြားထဲ၌ မျက်စိကစားလိုက်သည်။ ယွဲ့မိသားစု ညီအစ်ကို နှစ်ယောက်ထက်ပင် သားနားစွာ ၀တ်ထားသည့် လူငယ်နှစ်ဦးကို တွေ့သည်နှင့် သူမသည် ထိုနေရာသို့ သွားကာ နှုတ်ဆက်လိုက်သည်။

“တစ်ခါမှ မမြင်ဖူးတဲ့ လူသစ်လေးတွေပါလား။ မင်းတို့က ဘယ်မိသားစုက မျိုးဆက်တွေတုံးကွဲ့”

ကျိုးကျွမ်းဖန်သည် ယဉ်ကျေးစွာ ရပ်လိုက်ကာ အပြုအမူအပြည့်ဖြင့် နှုတ်ဆက်ဂါရ၀ပြုလိုက်သည်။

“ဒေါ်လေးယွဲ့ကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်က ကျိုးကျွမ်းဖန်ပါ”

ကျိုးကျွမ်းဖန်၏ အားအင်ပြည့်သည့် မျက်ခုံးကို ကြည့်ကာ ယွဲ့ချန်ဟုန်သည် ယောက္ခမမှ သမက်ဖြစ်သူကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ထိုကလေးကို ကြည့်လေလေ ပို၍သဘောကျလာလေဖြစ်သည်။ သူမသည်လည်း ‌ညင်သာစွာ တုံ့ပြန်လိုက်သည်။

“သခင်လေးကျိုးကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မတို့အိမ်က ‌နယ်ဝေးရပ်ခြားဖြစ်နေတော့ တစ်ခုခု လိုအပ်တာရှိရင် ပြောသာပြောလိုက်ပါ။ ၀မ်ထောင် မင်းတို့တွေ ဧည့်သည်ကို သေချာဂရုစိုက်ဦးနော်”

အမျိုးသမီးချန်သည် ယွဲ့ချန်ဟုန်၏ ရင်းနှီးစွာ ပြုမူနေသည့် အမူအရာများကို တိတ်တဆိတ် ခနဲ့လိုက်သည်။ အမျိုးသမီးချန်သည် အစောပိုင်း၌ ယွဲ့ယိုထင်အား ပွဲထုတ်ထားသည့် သူမ၏လုပ်ရပ်ကို မေ့ကာ ယွဲ့ချန်ဟုန်၏လုပ်ရပ်များကို အထင်သေးကဲ့ရဲ့နေလေသည်။

ယွဲ့ချန်ဟုန်၏နောက်၌ ရပ်နေသည့် ကောင်းစွာပြင်ဆင်ထားသော ကောလျှို့အာကို ကြည့်ကာ အတွေ့အကြုံရှိသည့် အမျိုးသမီးများသည် သိသာထင်ရှားစွာ လှောင်ရယ်နေကြသည်။ အမျိုးသမီးချန်နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးသည် သူမ၏အနားသို့ကပ်ကာ တီးတိုးပြောလေသည်။

“နင့်ယောက်မက ဘာတွေလုပ်နေတာလဲ။ သူ့သမီးကို ဘာကိစ္စဒီကိုခေါ်လာရတာလဲ”

အမျိုးသမီးချန်သည် တောင့်တင်းနေသော အပြုံးဖြင့် အံကြိတ်ကာ ပြောလေသည်။

“ငါက ဘယ်တတ်နိုင်မလဲ။ အမေကတအားကို ရက်ရောလွန်းတာလေ။ ဒီလောက်အလားအလာရှိတဲ့ လူငယ်လေးတွေ တွေ့တာနဲ့ ကိုယ့်မိသားစုရဲ့ မြေးတွေဖို့ မတွေးဘဲ သူ့သမီးကို အမြန် လှမ်းခေါ်လိုက်တာလေ”

အမျိုးသမီးသည် ထိုစကားများကြောင့် မျက်မှောင်ကျုံ့လိုက်သည်။

“နင်ကလည်း သူ့တူမအရင်းပဲလေ။ နင့်ယောက္ခမကလည်း လက်ထပ်ပြီးသွားတဲ့ သမီးကို ထောက်ပံ့နေတုန်းလား။ ဘက်လိုက်လွန်းတယ်”

အမျိုးသားများသည် သောက်စားရင်း တစ်ဦးကိုတစ်ဦး စနောက်ပျော်ပါးနေကြသည်။ ထိုလူများထဲမှ နှစ်ဦးသည် ၀က်သားကို ညှပ်ယူလိုက်ကာ လူအများ မကြားနိုင်အောင် အက်နေသည့်အသံဖြင့် တီးတိုးပြောနေကြသည်။

ပင်မဆောင်သည် အသက်၀င်နေသည့်အလျောက် ထိုအရာသည် ယိုကျင့်တို့ ညီအစ်မများနှင့် မသက်ဆိုင်ခဲ့ပေ။ ဟင်းများပြီးစီးသည်နှင့် အဘွားချန်သည် အသားများကို ပင်မဆောင်၌ တည်ခင်းမည့် ပန်းကန်ထဲသို့ လောင်းချကာ ယူသွားလေသည်။ ထိုအတွက် အိုးထဲ၌ ၀က်သားအစအနများ၊ အာလူးများနှင့် ဂေါ်ဖီထုပ်များသာ ကျန်ရှိပေသည်။

“ဒီနေ့ အထူးဧည့်သည်တွေ ရှိတယ်။ အထဲကိုသွားပြီး ကိုယ့်ကိုယ်ကိုယ်အရှက်ရအောင် မလုပ်နဲ့”

အဘွားချန်နှင့် ယွဲ့မိသားစုရှိ ကျန်လူများသည် ပင်မဆောင်၌ ထိုသို့ပါ၀င်ရခြင်းအား မြင့်မြတ်သည်ဟု ထင်နေကြသည်။ ဥပမာပြရလျှင် ၀မ်ညန်သည် ထိုနေရာသို့ ပါ၀င်ခွင့်မရှိခဲ့ချေ။ သူမသည်ထိုသို့ မပါ၀င်ရသည့်အတွက် ဒေါသထွက်နေခဲ့သည်။ ယွဲ့ချန်လုသည် ၀မ်ညန်အား နှစ်သိမ့်ပေးနေခဲ့သည်။ မိခင်ဖြစ်သူမှ ပင်မဆောင်သို့ ထမင်းစားရန် မခေါ်ခင်အထိ နှစ်သိမ့်ပေးခဲ့ပြီးနောက်တွင် စိတ်ရှုပ်နေသည့် ၀မ်ညန်ကို အခန်း၌ တစ်ယောက်တည်း ထားခဲ့လေသည်။

ယိုကျင့်နှင့် ညီအစ်မများသည် စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်နေကြသည်။ သူမတို့သည် ထမင်းအပြည့် ဖြည့်ထားသော ပန်းကန်များနှင့် ပူနွေးနေဆဲ ဟင်းနှစ်ပွဲကို ယူကာ အနောက်ခြံထဲသို့ ပြန်လာကြသည်။ အပြင်ဘက်ခုတင်၌ မိခင်နှင့် သမီးရှစ်ယောက်တို့သည် ပျော်ရွှင်စွာ ရယ်မောရင်း ‌စားသောက်နေကြသည်။

နံရံတစ်ခုသာ ခြားနေသည့် ၀မ်ညန်သည် အခြားအခန်းရှိ စကားသံများနှင့် ရယ်သံများကို ကြားနေရပေသည်။ သူမအား လှောင်ရယ်နေသည်ဟုထင်မိကာ မျက်လုံးထောင့်မှ ကျဆင်းလာသည့် မျက်ရည်များကို တိတ်တခိုး သုတ်လိုက်သည်။

“လှောင်ထားကြပေါ။ တစ်နေ့ကျ နင်တို့ ဘယ်လောက်တောင် နိမ့်ကျသွားမလဲ ကြည့်ကြသေးတာပေါ့”

သူမ တိုးညင်းစွာ ကျိန်ဆဲနေရင်း စားပွဲပေါ်ရှိ ထမင်းဟင်းများကို ခြေမွှပစ်ချင်စိတ် ပေါက်လာသည်။ သို့သော် အသားရနံ့သည် သူမ၏နှာခေါင်းသို့ တိုး၀င်လာသည့်အပြင် တစ်မနက်ခင်းလုံး အစာ မစားရသေးသည့်အတွက် စားပွဲပေါ်ရှိ ပန်းကန်အား ဆွဲယူစားသုံးချင်စိတ်များ တဖွားဖွား ပေါ်နေလေသည်။

ယွဲ့ယိုကျင့်တို့ ညီအစ်မများက ပင်မဆောင်၌ ထမင်းမစားရသည့်အတွက် မည်သည်ကိုမျှ အတွ့န်တက်စရာ မရှိချေ။ ထို့အပြင် သူမတို့သည် စားပြီးသည်များကို သန့်ရှင်းဆေးကြောရန် တာ၀န်ရှိပေသည်။ အနောက်ခြံ၀န်းထဲ၌ ထမင်းစားပြီး နာရီ၀က်အကြာတွင် ယိုလော့နှင့် ယိုချောင်တို့သည် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။ ထိုအချိန်၌ ယိုကျင့်ကို အလုပ်လုပ်ရန် လာခေါ်သည့် ယွဲ့၀မ်ဝေ့၏အသံသည် အပြင်မှ ဟိန်းထွက်လာပေသည်။

“ယွဲ့ယိုကျင့် မြန်မြန်အလုပ်လာလုပ်”

ယိုကျင့်သည် ညီမငယ်များအား စောင်ခြုံပေးလိုက်ကာ ယိုကျင့်အား အခန်းထဲ၌ စောင့်ကြည့်ရန် မှာခဲ့သည်။ ယိုကျင့်သည် ပင်မဆောင်ထဲသို့ တစ်ယောက်တည်း သွားကာ တရိုတသေ ပြောလိုက်သည်။ “အဘိုး အဘွား သမီးသန့်ရှင်းစလုပ်တော့မယ်နော်” အပြင်လူများ၏အမြင်၌ ယိုကျင့်သည် အလိုက်သိကာ လိမ္မာလှသည့် မိန်းကလေးဖြစ်သည်။

သူမတို့ကို ဟင်းကူချက်ပေးရန် လာသည့် အဒေါ်မှ အဘွားချန်အား ချီးကျူးလိုက်လေသည်။

“အရီးကြီးက တကယ်ကံကောင်းတာပဲ။ ဒုတိယမိသားစုက ကလေးတွေက ဒီလောက်သေးသေးလေးနဲ့ လုပ်တတ်ကိုင်တတ်နေပြီ။ အရီးကြီးက ကလေးတွေကို ဘယ်လိုသင်ပြရမလဲ ကောင်းကောင်းသိတာပဲ”

အခန်းထဲရှိ အမျိုးသမီးများသည် ပါးနပ်သူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် အခန်းရှိ ခပ်တုံးတုံး ယောက်ျားသားများ မသိနားမလည်ကြပေ။ စားပွဲ၌ ထိုင်နေသည့် ကောလျှို့အာနှင့် ယွဲ့ယိုထင်အား သူမတို့ မမြင်ချင်ယောင်ဆောင်လို့ရမည်လား။ အဘွားချန်တို့၏ ရည်ရွယ်ချက်သည် သိသာလွန်းပေသည်။ သူမတို့သည် တစ်ရွာတည်းသားများ ဖြစ်ကာ ပါးစပ်အနည်းငယ်လှုပ်၍ ချီးမွမ်းပြောဆိုပေးခြင်းသည် အပန်းကြီးစရာအလုပ် မဟုတ်ပေ။ သူမတို့ ထိုသို့ပြုလုပ်ခြင်းကြောင့် တစ်ဖက်လူလည်း အကောင်းမြင်ခံရကာ သူမတို့လည်း ပိုသင့်မြတ်နိုင်ပေသည်။

အဘွားချန်သည်လည်း မြှောက်ပင့်ခံရခြင်းကို ကြိုက်နှစ်သက်သူဖြစ်သည်။ သူမကို အခြားလူများက လူအများရှေ့တွင် ချီးမွမ်းနေကြသည့်အတွက် ရင်၌ ပန်းများပွင့်နေလေသည်။ သို့သော် အပြင်၌ သာမန်အပြုံးကိုသာ တပ်ဆင်ထားလေသည်။ “ဒီတိုင်း သာမန်ပါပဲ။ အဲလောက် ချီးကျူးဖို့မလိုပါဘူး”

ယိုကျင့်သည် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချကာ အချင်းချင်းမြှောက်ပင့်နေကြသည့် မြင်ကွင်းအား ကြည့်ရှုရန် စိတ်မပါသည့်အတွက် ပန်းကန်အလွတ်များကိုသာ တစ်ချပ်ချင်း သိမ်းရင်း သစ်သားဇလုံထဲ၌ ထည့်လိုက်သည်။ ထို့နောက် သူမ၏လက်နှစ်ဖက်ဖြင့်မကာ ထွက်သွားတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset