အပိုင်း (၃၂) မနာလိုခြင်း
ထိုအချိန်တွင် ဘေးတွင်ထိုင်နေသည့် ကျိုးကျွင်းဖုန်က ရုတ်တရက် ထရပ်လိုက်ပြီးနောက် ယိုကျင့်ဆီ လျှောက်သွားကာ
“ ညီမလေး အစ်ကိုကူသယ်ပေးမယ်လေ”
ယိုကျင့်က ဘာမှမပြောရခင်မှာပင် ယွဲ့ယိုထင်းနှင့် ကောလျှို့အာ တို့သည် ချက်ချင်းထခုန်ကာ တစ်ပြိုင်နက်တည်း အော်လိုက်ကြလေသည်။
“မလိုပါဘူး”
ရုတ်တရက်လှုပ်ရှားမှုကြောင့် အခုလေးတင်မှ လူခွဲခဲ့ကြသည့် အမျိုးသမီးများမှာ လန့်ဖျပ်သွားတော့သည်။ လူတိုင်း၏မျက်လုံးများက သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် နှစ်ယောက်လုံးသည် ချက်ချင်း ရှက်သွားကာ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မသိ ဖြစ်နေတော့သည်။
ယွဲ့ချန်ဟုန်က အရင်ဆုံး ပြန်လှည့်လာခဲ့လေသည်။ သူမသည် ယိုကျင့်နှင့် ကျိုးကျွင်းဖုန်ကြားတွင် ပြုံးကာ ရပ်လိုက်၏။ သူမ၏ဖင်ဖြင့် ယိုကျင့်ကို တမင်တွန်းလိုက်လေသည်။ အပေါ်ယံတွင်တော့ သူမသည် ဘာအရိပ်အယောင်မှ မပြချေ။
“ လူလေးကျိုး ဒီလိုအလုပ်တွေက မိသားစုက လုပ်ရမှာပါကွယ်၊ လူလေးက ထူးခြားတဲ့ဧည့်သည်လေ၊ အဒေါ်တို့က လူလေးရဲ့လက်ကို ညစ်ပတ်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ ဟုတ်တယ်မလား၊ ဝမ်လီပြောတာ ကြားလိုက်ပါတယ် သူက လူလေးတို့ကို တစ်နေရာမှာကစားဖို့ ခေါ်သွားမလို့ဆိုလား၊ လင်းချင်းတုန်းက အပြင်ထွက်လည်ကြပါလားကွဲ့”
သူမသည် ဝမ်ထောင်ကို မျက်လုံးမှိတ်ပြလိုက်၏။ ယွဲ့ဝမ်ထောင်ကလည်း ချက်ချင်း သဘောပေါက်သွားတော့သည်။
“ ဟုတ်တယ် ကျွမ်းလိ လူကြီးလူကောင်းဆိုတာ မီးဖိုဆောင်နဲ့ ခပ်ဝေးဝေးနေရတယ်တဲ့၊ ဒီအလုပ်တွေကို သူတို့လုပ်ပါစေ ငါမင်းကို ချွေ့ဖုန်းမြစ်မှာ ကစားဖို့ ခေါ်သွားပေးမယ်လေ”
‘ကစားမယ်’ ဟူသည့်စကား ကြားလိုက်သည်နှင့် အနည်းငယ်ပျင်းနေသည့် လျိုရို့ရှန်း တစ်ဖန် ခေါင်းထောင်လာတော့သည်။
“ ဟုတ်တယ်၊ အပြင်မှာ သွားကစားကြရအောင်”
အားလုံးက သဘောတူနေသဖြင့် ကျိုးကျွမ်းဖုန် ဘာမှ မတတ်နိုင်တော့ချေ။ ယွဲ့ချန်ဟုန် ကာထားသည့် ယွဲ့ယိုကျင့်ကို တောင်းပန်သည့်အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီး ယွဲ့ဝမ်ထောင်နှင့် တခြားလူများနောက် လိုက်သွားလိုက်တော့သည်။
သူတို့ ထွက်သွားကြသည်ကို တွေ့လိုက်ရာ အမျိုးသမီးချန်၏စိတ်တို့သည် လှုပ်ရှားသွားပြီး ယွဲ့ယိုထင်းကို မြန်မြန်တွန်းလိုက်လေသည်။
“ ယိုထင်းက ရွာမှာ နေလာတာကြာပြီလေ၊ သူက နေရာတိုင်း ရောက်ဖူးတယ်၊ ယိုထင်းကို နင်တို့နဲ့ ခေါ်သွားလိုက်ကြ”
အမျိုးသမီးချန်၏ အလွန်ရုတ်ခြည်းဆန်စွာ တွန်းခံလိုက်ရသဖြင့် ယိုထင်းသည် အနည်းငယ် ယိုင်သွားတော့သည်။ ကံအားလျော်စွာ သူမနှင့်အနီးဆုံးတွင် ရပ်နေသည့် ကျိုးကျွမ်းဖုန်က လက်ကို ဆန့်ကာ လှမ်းထိန်းပေးလိုက်လသေည်။
သူမ မတ်မတ်ရပ်နိုင်ပြီဆိုမှ ကျိုးကျွင်းဖုန်သည် သူမကို လွှတ်ပေးလိုက်၏။
“ အပြစ်ပြုမိပြီ မိန်းကလေးယွဲ့ သတိထားနော်”
ယွဲ့ယိုထင်းသည် အလွန်လှပသည်မဟုတ်သော်လည်း သိမ်မွေ့ကာ ဆွဲဆောင်မှုရှိသေးသည်။ သူမ ရှက်သွေးဖြာသွားပြီး ခေါင်းငုံံကာ ရေရွတ်လိုက်လေသည်။
“ ကျေးဇူးတင်ပါတယ် သခင်လေးကျိုး”
နှစ်ယောက်သားကို လိုက်ဖက်စွာ တွေ့လိုက်ရသဖြင့် ယွဲ့ချန်ဟုန်က အနည်းငယ် အလိုမတူ ဖြစ်သွားတော့သည်။ သူမသည် တခြားလူများကို လမ်းခင်းပေးလိုက်သလို ခံစားလိုက်ရတော့သည်။ သူမသည် ကောလျှို့အာကို မြန်မြန်ဆွဲထုတ်လိုက်ပြီး
“ လျှို့အာလည်း အပြင်ထွက်ခဲတယ်၊ အခု နင်တို့တွေ ကစားဖို့ အခွင့်အရေးရတုန်းလေး ဝမ်ထောင် လျှို့အာကို နင်တို့လမ်းလျှောက်သွားရင် ခေါ်သွားလိုက်နော်”
နေရာတွင်ပင် ဝမ်ထောင်သည် ကျိုးကျွင်းဖုန်နှင့် လျိုရို့ရှန်းကို တစ်ချက်ကြည့်လိုက်လေသည်။ နှစ်ယောက်လုံး ဘာမှမပြောကြသဖြင့် သူခေါင်းညိတ်ပြလိုက်လေသည်။ ယောက်ျား လေးယောက်နှင့် မိန်းမ နှစ်ယောက် ပါသည့်အဖွဲ့သည် ချွေ့ဖုန်းမြစ်ဆီသို့ သွားလိုက်ကြတော့သည်။
***
လူငယ်များကို ပို့လိုက်ကြပြီးနောက် မျိုးနွယ်က လက်ထပ်ပြီးသားမိန်းမများသည် သူတို့ကို ပြုံးကာ နှုတ်ဆက်လိုက်ကြလေသည်။ တစ်ချိန်ထဲမှာပင် အဘွားချန်၊ သူမ၏သမီးနှင့် အမျိုးသမီးချန်တို့သည် ပင်မဆောင်မှ ထွက်သွားကြတော့သည်။
အားလုံးထွက်သွားသည်ကိုတွေ့လိုက်ပြီးနောက် ယွဲ့ချန်ဟုန်၏ သိမ်မွေ့သည့်အပြုံးသည် မျက်နှာပေါ်က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူမသည် ဖောင်းအစ်နေသည့်မျက်လုံးများဖြင့် အမျိုးသမီးချန်ကို ခပ်စိမ်းစိမ်းကြည့်လိုက်လေသည်။
“ ယောက်မကြီး ရှင်ဘာလုပ်တာလဲ”
ယွဲ့ချန်ဟုန်သည် ဒီယောက်မကို ဘယ်တုန်းကမှ မကြိုက်ခဲ့ချေ။ အမျိုးသမီးချန်သည် ယွဲ့မိသားစုနှင့် လက်မထပ်ခင်က ဝမ်းကွဲညီအစ်မများ ဖြစ်စဥ်က အမြဲလိုလို သူမနှင့် လိုက်ပြိုင်တတ်လေသည်။ သူမသမီးဖြစ်သူ၏ လက်ထပ်ဖို့အရေးကိုပင် လိုက်တိုက်ခိုက်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပါလား။
အမျိုးသမီးချန်သည် ယွဲ့ချန်ဟုန်ကို ဘာမှမသိသည့်မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“ ညီမလေးရယ် နင် ဘာပြောနေမှန်းကို နားမလည်တာပါ၊ အစ်မ ဘာလုပ်မိလို့လဲ”
သူမ ဝန်မခံသည်ကို တွေ့လိုက်ရပြီး ယွဲ့ချန်ဟုန်သည် အဘွားချန်းနား ကပ်ကာ သူမ၏လက်မောင်းကို ဆွဲဖက်လိုက်လေသည်။
“ အမေ ယောက်မကြီးကို ကြည့်ပါအုံး၊ အမေက လျှို့အာ ကြီးလာတာကို မြင်နေရတာပဲ၊ သူ့ရုပ်ရည်နဲ့ အကျင့်စရိုက်က ဘာမှားနေလို့လဲ၊ ဒီအခွင့်အရေး လွတ်သွားရင် လျှို့အာက နောက်ဆို သမီးကို အပြစ်တင်နေတော့မှာမလား”
အဘွားချန်သည် ယွဲ့ချန်ဟုန်ကို ကာကွယ်ပေးလိမ့်မည်က ပြောရန်ပင် မလိုချေ။ သူမသည် သူမ၏အင်္ကျီလက်ကို ဆွဲထားသည့် ယွဲ့ချန်ဟုန်၏လက်ကို ပုတ်လိုက်လေသည်။ ထို့နောက် အမျိုးသမီးချန်ကို ဒေါသရိပ်ဖြင့် ကြည့်လိုက်လေသည်။
“ နင့်စိုးရိမ်နေတဲ့မျက်နှာကို ကြည့်အုံး၊ နင့်စိတ်ကူးကို ဘယ်သူမှ မမြင်ဘူးလို့ ထင်မနေနဲ့၊ ငါ့မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာ နင်က ငယ်ငယ်ကတည်းက သူနဲ့ ရန်ဖြစ်ရတာ ကြိုက်နေတယ်၊ နင် ပြဿနာ မရှာရင် ငါဝင်ပါဖူးလို့လား၊ နင့်တစ်ဘဝလုံး ရန်ဖြစ်လာတာ ဒီတစ်ခေါက်တော့ ချန်ဟုန်ကို ပေးလိုက်”
အမျိုးသမီးချန်သည် လက်မခံချေ။ သူမသည် လက်နှစ်ဖက်ကို ခါလိုက်ပြီး ခုတင်ပေါ်တွင် ထိုင်ကာ ငိုကြွေးတော့သည်။
“ ဘုရားရေ ကျွန်မဘယ်တုန်းက ယွဲ့ချန်ဟုန်ကို အနိုင်ကျင့်လို့လဲ၊ အမေ့ရဲ့ ဒီစကားဟောင်းတွေနဲ့ သေတဲ့အထိ အစွပ်စွဲခံနေရတော့တာပဲ”
“ အော်ဟစ်မနေနဲ့၊ နင် ငါတို့တွေကို တစ်ရက်လောက် နားအေးပါးအေး ထားပေးလို့ မရဘူးလားဟဲ့”
အဘွားချန်သည် သူမ အော်ဟစ်ပေါက်ကွဲနေသည်ကို မကြောက်ချေ။
“ ဒီလိုပဲ မှတ်လိုက်ပြီ၊ နင် ခဏနေရင် ယိုထင်းကို ပြန်ခေါ်လိုက်တော့”
အဘွားချန်သည် သမီးဖြစ်သူနှင့် ချွေးမဖြစ်သူတို့က သူမစကားကို နားထောင်ကြမှန်း သိပြီးဖြစ်သည်။ ထို့ကြောင့် သူမသည် အမျိုးသမီးချန်၏ ခြောက်ကပ်ကပ် အော်ဟစ်သံကို အလျှော့မပေးချေ။
အမျိုးသမီးချန်ကလည်း အဘွားချန်က သူမကို သည်တစ်ကြိမ်တွင် ဤမျှရက်စက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမစိတ်လှုပ်ရှားသွားပြီး ပြောလိုက်လေသည်။
“ အမေ ကျွန်မတို့ ယိုထင်းကလည်း အမေ့မြေးမလေးပဲလေ မဟုတ်ဘူးလား၊ သခင်လေးကျိုးကလည်း လျှို့အာကို သဘောကျပါတယ်လို့ မပြောခဲ့ဘူးလေ ဟုတ်တယ်မလား၊ တကယ်လို့ သခင်လေးကျိုးက လျှို့အာကို သဘောကျတယ်လို့ တန်းပြောခဲ့ရင် ကျွန်မလည်း ယိုထင်းကို သူ့နောက် လိုက်မသွားခိုင်းပါဘူး”
ယွဲ့ချန်ဟုန်၏ မျက်နှာထားက ရှုံ့မဲ့လာသည်ကို တွေ့လိုက်ရဖြင့် အမျိုးသမီးက သံပူတုန်း မီးထပ်ထိုးလိုက်တော့သည်။ (ပြောလက်စ ပြီးအောင်ပြောလိုက်တယ်)
“ အမေရယ် စဥ်းစားကြည့်ပါ၊ တကယ်လို့ သခင်လေးကျိုးက ယိုထင်းကို ချစ်နေတာကို အမေက ယိုထင်းကို သူနဲ့မတွေ့အောင် အပြင်ပေးမထွက်ဘူးဆိုရင် အမေ လက်ထပ်ပွဲတွေအများကြီး ဖျက်သိမ်းလိုက်တာပဲ”
“ဖွီး နင် ချန်သခင်မရဲ့သမီးကပဲ ရွှေလို့ထင်နေတာလား၊ သခင်လေးကျိုးက နင့်မိသားစုက အရိုးပေါ်အရေတင်မလေးကို ကြိုက်မှာလဲ”
ယွဲ့ချန်ဟုန်သည် ကြောက်စရာကောင်းလောက်အောင် မြေကြီးပေါ် တံတွေးထွေးချလိုက်ပြီး
“ လေလေးနည်းနည်း တိုက်လိုက်တာနဲ့ လွင့်ပါသွားမဲ့ အားအင်မရှိ ပဲပင်ပေါက်လေးကများ၊ သစ်ကိုင်းအမြင့်ပေါ်ကို တက်ချင်သေးတာတဲ့လေ”
“ နင်ကရော သစ်ကိုင်းအမြင့်ပေါ် မတက်ချင်လို့လား၊ ဒါဆိုရင် ဘာလို့ ဒီကိစ္စလေးကို ငါနဲ့လာရန်ဖြစ်နေသေးလဲ”
အမျိုးသမီးချန်သည် သူမကို အလွန်စိတ်ဆိုးလေရာ စတင် ကုတ်ခြစ်တော့သည်။ သို့သော် အဘွားချန်၏ မြန်ဆန်သည့် လက်နှင့် မျက်လုံးတို့ဖြင့် အမျိုးသမီးချန်၏ ဆန့်ထွက်လာသည်လက်ကို ရိုက်ချလိုက်လေသည်။
“ ပြဿနာရှာလိုက်တဲ့ဟာတွေ၊ အားလုံးထိုင်ကြ”
အဘွားချန်သည် အမှန်ပင် အနည်းငယ်ဒေါသထွက်နေသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးချန်သည် ပါးစပ်ကို ပိတ်ကာ ထိုင်ချလိုက်တော့သည်။ အဘွားချန်၏ နောက်တစ်ခွန်းက သူမကို တော်တော်စိတ်အေးသွားစေတော့သည်။
“ ယောက်မကြီးက လွန်တယ်ဆိုရင်တောင် သူပြောတာလဲ ကျိုးကြောင်းသင့်တာပဲလေ၊ အခုလောလောဆယ် သခင်လေးကျိုးက ဘယ်သူ့ကို သဘောကျမှန်း မသိသေးဘူး၊ ခဏလောက် အပြင်ထွက်လည်ကြတာပဲ ရှိတာ၊ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြတော့၊ ဒါပေမဲ့ သခင်လေးကျိုးက သူ့သဘောထားကို ထုတ်ပြောလာရင်တော့ ကျန်တဲ့သူက ပြဿနာမလုပ်ရဘူးနော်”
အဘွားချန်သည် တည်တည်ငြိမ်ငြိမ်လေသံဖြင့် ပြောလိုက်လေသည်။ ထို့နောက် မကျေမနပ် ဖြစ်နေသည့် ယွဲ့ချန်ဟုန်ကို နှစ်သိမ့်လိုက်၏။
ယွဲ့ချန်ဟုန်သည် အစက တစ်ခုခုပြန်ပြောချင်လိုက်သော်လည်း အဘွားချန် လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရသဖြင့် ဘာမမှ မပြောတော့ချေ။ ဒေါသထွက်ရင်းသာ ခုတင်စွန်းတွင်ထိုင်ရင်း အားလုံးကို လျစ်လျူရှုထားလိုက်တော့သည်။
***
ချွေ့ဖုန်းမြစ်သို့ သွားလိုက်သည့် လူငယ်လေးများဖက်တွင်တော့ သူတို့သည် ချွေ့ဖုန်းမြစ်နား ရောက်သွားချိန်၌ ရွာကကလေးများက ဘုတ်ပြားများကို ကိုင်ကာ အပေါ်မှ လျှောစီးလာကြသည့်မြင်ကွင်းက နှုတ်ဆက်နေလေသည်။ ဆယ်ပေထပ် မြင့်လိမ့်မည်။
လျိုရို့ရှန်းသည် အသစ်အဆန်း ဖြစ်သွားတော့သည်။ ထို့ထက် သူ့အကျင့်ကိုက အဆော့မက်လေသည်။ သူသည် ယွဲ့ဝမ်လီကို ဘုတ်ပြားယူခိုင်းလိုက်ပြီး ကလေးများ လျှောစီးနေသည့်နေရာသို့ သွားလိုက်၏။ ချွေ့ဖုန်းမြစ်သည် ချွေ့ဖုန်းတောင်မှာ မြစ်ဖျားခံသည်။ သဘာဝအလျောက် အမြင့်မှ အနိမ့်သို့ စီးခြင်းပင်။ ချွေ့ဖုန်းရွာအဝင်တွင် ရေစီးကနှေးသွားပြီး မြစ်ရေမျက်နှာပြင်ကလည်း ကျယ်လာသည်။ ကလေးများသည် အမြင့်မှ လျှောစီးချလာပြီး ယွဲ့ဝမ်ထောင်နှင့် တခြားလူများ ရပ်နေသည့်နေရာနားသို့ ရောက်လာကြလေသည်။ ပျော်ရွှင်ကာ သက်ဝင်လှုပ်ရှားနေတော့သည်။
ယွဲ့ဝမ်လီသည် လျိုရို့ရှန်း ဆွဲခေါ်သွားခံလိုက်ရ၏။ ယွဲ့ဝမ်ထောင်၊ ကျိူးကျွင်းဖုန်၊ ယွဲ့ယိုထင်းနှင့် ကောလျှို့အာ တို့သာ ထူထဲသည့်ရေခဲမြစ်အစွန်းတွင် ရပ်နေကြ၏။ အခိုက်တန့် တိတ်ဆိတ်သွားတော့သည်။
သူမဘေးက အကြည့်တစ်ခုက သူမကို စူးစမ်းသလို ချောင်းကြည့်နေသယောင် သတိထားမိလိုက်ဖြင့် ယွဲ့ယိုထင်းသည် ခေါင်းကို ရှက်ရှက်ဖြင့် ငုံံ့ထားလိုက်လေသည်။ သူမသည် ကျိုးကျွင်းဖုန်နှင့် တိုက်ရိုက်စကားပြောရန် အလွန်ရှက်နေ၏။ ထို့ကြောင့် ယွဲ့ဝမ်ထောင်ကို ပြောလိုက်လေသည်။
“ ကိုကြီး နင် သခင်လေးကျိုးကို ဒီမှာကစားဖို့ ခေါ်လာတာမလား၊ နင်က ဒေသခံဆိုတော့ အကောင်းဆုံး ဧည့်ခံရမယ်လေ”
ယွဲ့ဝမ်ထောင်သည် သည်စိတ်ကူးကို သဘောတူလိုက်လေသည်။ သူသည် ကျိုးကျွင်းဖုန်ကို တစ်ချက်ကြည့်လိုက်ပြီး
“ အစ်ကိုကျိုး ဘယ်လိုထင်လဲ”
ယွဲ့ဝမ်ထောင်သည် ထိုသို့မေးလိုက်သော်လည်း သူ့မျက်လုံးများက ကစားနေကြသူများကို ကြည့်နေစဉ် အထင်သေးနေတော့သည်။ တကယ့်ကို အသိဉာဏ်မရှိတဲ့ဟာတွေပဲ။ အစ်ကိုလျိုသာ အဲလောက် အဆော့မသန်ဘူးဆိုရင် ဒီကစားနေကြတဲ့လူတွေကနဲ့ တဖက်ထဲမှာ ရပ်နေရတာကိုပဲ အထင်သေးနေလှပြီ။
ကျိုးကျွင်းဖုန်းသည် ကျေးရွာမှ ကလေးများ၏မျက်နှာမှာ နီရဲကာ စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားပုံကို လေ့လာလိုက်လေသည်။ သူသည် စိတ်ထဲတွင် မကြိုက်သော်လည်း ယွဲ့ဝမ်ထောင်ကဲ့သို့ အထင်သေးဟန်ကို ပေါ်တင်ထုတ်မပြချေ။ နွေးထွေးစွာ ပြုံးပြလိုက်ပြီး ယဥ်ယဥ်ကျေးကျေး ပြောလိုက်လေသည်။
“ ကျွန်တော်က ဒီလိုဟာမျိုးတွေ လုံးဝ သဘောမကျဘူးဗျ၊ ရို့ရှန်းကတော့ သဘောကျတော့ သူပဲ ကစားပါစေ”
နှင်းကျနေသည့်ကြားက ကျောက်စိမ်းသစ်ပင်လို သခင်လေးကျိုးကို ကြည့်လိုက်ရင်း ယွဲ့ယိုထင်းနှင့် ကောလျှို့အာတို့၏ မျက်လုံးထဲတွင် အထင်ကြီးမှုများက အဆင့်တစ်ခုအထိ တက်သွားတော့သည်။ သခင်လေးကျိုးက တကယ် ဒီပေတူးလန်တွေနဲ့ လုံးဝမတူတာပဲ။
ကောလျှို့အာသည် သခင်လေးကျိုးကို သွားကစားဖို့ အကြံပေးခဲ့သည်မှာ ယွဲ့ယိုထင်းဖြစ်ကြောင်း သတိရသွားပြီး ယွဲ့ယိုထင်းကို အထင်သေးကာ မဲ့ရွဲ့ကြည့်လိုက်ပြီး
“ တကယ်ပါပဲ၊ ဒါက မြေကြီးပေါ်မှာ လှိမ့်နေကြတာပဲ၊ ကျောင်းတော်သားတွေက ဒါကို အရှက်ခွဲတယ်လို့ ခေါ်မှာ၊ တကယ်ပါပဲ ဝမ်းကွဲမကြီးရယ် နင်မလို့ ဒီလိုအကြံပေးတတ်တယ်”
ထို့နောက် သူမသည် ရွံသလိုလိုဖြင့် အနည်းငယ် ခွာရပ်လိုက်လေသည်။ သူမသည် ယွဲ့ယိုထင်းနှင့် သဘောထားခြင်း ကွာခြားကြောင်း ပြလိုက်ခြင်းပင်။
တွေဝေနေသည့် အကြည့်တစ်ခုနှင့် သခင်လေးကျိုးကို တစ်ချက်ကြည့်လိုက်ပြီး ယွဲ့ယိုထင်း ရှက်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“ ငါ – ငါက အဲလိုပြောတာ မဟုတ်ပါဘူး၊ ဝမ်းကွဲညီမလေးရယ် နင်အတွေးလွန်နေပါပြီ….”
ယွဲ့ဝမ်ထောင်က ဘာမှမပြောချေ။ ယွဲ့ယိုထင်းကို ကြည့်လိုက်သည့် အကြည့်ကတော့ သဘောမကျဖြစ်နေ၏။ ခဏကြာသည်အထိ ထိုဘေးကျပ်နံကျပ် အခြေအနေကြောင့် အားလုံးအနေခက်သွားတော့သည်။ ယွဲ့ယိုထင်းမျက်နှာပေါ်က ရှက်ရွံ့မှုသည် မသိမသာ ပိုတိုးလာတော့သည်။ သူမသည် အနည်းငယ် ဝမ်းနည်းနေရင်း ခေါင်းသာ ငုံ့ထားလိုက်တော့သည်။ သူမသည် သခင်လေးကျိုးက မျက်ကွယ်ပြုသွားမည်ကို စိုးရိမ်နေ၏။ သူမ ထိုမျှလောက်အထိ လုံးဝမတွေးထားခဲ့ချေ။
ယွဲ့ယိုထင်းသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေချိန်တွင် ကျိုးကျွင်းဖုန်းက သူမကို ကူညီပေးလိုက်တော့သည်။ အရင်ဆုံး သူသည် ယွဲ့ယိုထင်းကို လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်ပြီး ခပ်ရေးရေးပြုံးလျက် ပြောလိုက်၏။
“ မိန်းကလေးယွဲ့က မရည်ရွယ်ဘဲ အမှားလုပ်မိသွားတာပါ၊ ကျွန်တော့်မှာလည်း ဘယ်သူ့ကို အပြစ်တင်လိုစိတ်မရှိပါဘူး၊ မိန်းကလေးယွဲ့ အားနာစရာမလိုပါဘူး ခင်ဗျာ”
ကောလျှို့အာသည် ကျိုးကျွင်းဖုန်က ယွဲ့ယိုထင်းကို ကယ်တင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ခွေးမြီးနှံ့ကာ ပန်းလို ပွင့်လန်းနေသည့် ယွဲ့ယိုထင်းကို ကြည့်ရင်း ကောလျှို့အာ ပြင်းပြင်းထန်ထန် နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော် ကျိုးကျွင်းဖုန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မကျေနပ်ချက်များကို စိတ်ထဲတွင် ပြန်သိမ်းထားလိုက်တော့သည်။ သူမသည် ပျော်ရွှင်စွာ ပြောလိုက်လေသည်။
“ ငါ ဝမ်းကွဲမကြီးကို အထင်လွဲခဲ့မိတာပဲ၊ တကယ်တောင်းပန်ပါတယ်နော်”
ယွဲ့ယိုထင်းသည် သူမကို ပြုံးကာကြည့်နေသည့် ကျိုးကျွင်းဖုန်ကို ရှက်ရွံ့စွာ ခိုးကြည့်လိုက်လေသည်။ သူမ၏ အပျိုစင်နှလုံးသားလေးကို ကျိုးကျွင်းဖုန်က သိမ်းပိုက်နှင့်ပြီး ဖြစ်တော့သည်။ ကောလျှို့အာ၏စကားကို သူမ အဘယ်မှာ ကြားနိုင်ပါတော့မည်နည်း။
ကောလျှို့အာသည် အကြည့်ချင်း ဖလှယ်နေကြသည့် လူနှစ်ယောက်ကို ကြည့်လိုက်၏။ သူမစိတ်ထဲတွင် ဒေါသမီးများ တောက်လောင်သွားတော့သည်။ သူမနှင့် ယွဲ့ယိုထင်းသည် ၆လသာကွာလေသည်။ သူမသည် ယွဲ့ယိုထင်းနှင့် ငယ်ငယ်ကတည်းက ရန်ဖြစ်ရတာကို ကြိုက်သည်။ အမေက သူမကို မိခင်အိမ်ပြန်တိုင်း ခေါ်လာလျှင် သူမသည် ယွဲ့ယိုထင်းကို ခိုးပြီး အနိုင်ကျင့်ခဲ့သည်။ သည်တစ်ကြိမ်တွင်လည်း သူမသည် ယွဲ့ယိုထင်းနှင့် ရန်ဖြစ်ရအုံးမည်။ ယွဲ့ယိုထင်းအပေါ်ကြည့်သည့် သူမ၏ အကြည့်မှာ ရှက်ဒေါသဖြင့် တဖြည်းဖြည်း ပြည့်နှက်သွားတော့သည်။ ဒီတစ်ကြိမ်တွင်လည်း သူမ ရှုံးမည်မဟုတ်။
တစ်ဖက်တွင်တော့ လျိုရို့ရှန်းသည် မြစ်ထဲသို့ နှစ်ကြိမ် လျှောဆင်းပြီးဖြစ်သည်။ သူမျက်နှာသည် လေအေးကြောင့် နီမြန်းနေသည်။ သူသည် လှည့်ကြည့်လိုက်ပြီး လူတစ်စုက အဝေးတွင် ရပ်နေသည်ကို သတိထားမိသွား၏။ သူသည် တစ်ဖက်ခြမ်းမှ လက်ဝေ့ရမ်းပြလိုက်ပြီး
“အစ်ကိုကျိုး လာကစားလေ ပျော်စရာကြီး”
လျိုရို့ရှန်းက ပျော်မြူးနေသည်ကို တွေ့လိုက်ရချိန်၌ အားလုံး၏မျက်နှာများတွင် အီလည်လည် အပြုံးတစ်ခု ဖြစ်သွားကြတော့သည်။ သူသည် ဘုတ်ပြားကို ပျော်ပျော်ပါးပါး ထပ်ဆွဲသွားပြန်သည်။ လူအနည်းငယ်က တစ်ဖန် တိတ်ဆိတ်သွားကြပြန်သည်။ ကိုယ်စီအတွေးများဖြင့် ထိုနေရာတွင် ရပ်နေကြလေတော့သည်။
…