EYYJ အပိုင်း ၃၀

အပိုင်း (၃၀) နှစ်သစ်ကူးဝက်သတ်ခြင်း (၂)

ယွဲ့ဝမ်ဝေသည် အစားကျူးသူဖြစ်သော်လည်း အမျိုးသမီးချန်ထံ သူသယ်လာသည့်သတင်းကတော့ အမှန်ဖြစ်သည်။ ဒီတစ်ကြိမ်တွင် ယွဲ့ဝမ်ထောင် ညီအစ်ကိုက သူတို့ချည်းသက်သက် ပြန်လာခြင်းမဟုတ်။ ကျောင်းတွင် သူတို့နှင့် တော်တော်ခင်ကြသည့် အတန်းဖော်နှစ်ယောက်ကိုလည်း ခေါ်ပြန်လာလေသည်။

အမျိုးသမီးချန်သည် လူချမ်းသာမိသားစုက သားများကဲ့သို့ဝတ်ဆင်ထားသည့် အတန်းဖော်နှစ်ယောက်ကို မြင်လိုက်တော့ ပျာယာခတ်သွားပြီး အနောက်တံခါးတွင် ရပ်နေသည့် ယိုလော့ကို မြန်မြန်လွှတ်လိုက်လေသည်။

“ ခြံအနောက်ဖက်ကိုသွားပြီး အဘိုးကို သွားခေါ်ချည်၊ အိမ်မှာ ဧည့်သည် ရောက်နေတယ်လို့ ပြောလိုက်အုံး”

ထို့နောက် သူမသည် သူတို့ကို အလောတကြီး ပင်မဆောင်သို့ ခေါ်သွားလိုက်တော့သည်။

“ မိသားစုက ဒီနေ့ နှစ်သစ်ကူး ဝက်သတ်နေကြတာလေ၊ ရှုပ်ပွနေတာပဲ၊ သခင်လေးတို့နှစ်ယောက် စိတ်မရှိကြပါနဲ့နော်”

“ သခင်မကြီးက အရမ်းယဥ်ကျေးနေပါပြီ၊ မိတ်ဆက်စာ အရင်မပို့ဘဲ လာနှောင့်ယှက်တာက ကျွန်တော်တို့တွေပါ၊ ကျွန်တော်တို့ ဧည့်ခံနေရလို့ သခင်မကြီးကို ဒုက္ခများစေမိပါပြီ”

နှစ်ယောက်ထဲ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့် ပိန်ပိန်နှင့် ကျောင်းသားက ပြုံးကာ အဘွားချန်ကို ကျောင်းသားတို့သဘာဝအတိုင်း နှုတ်ဆက်လိုက်လေသည်။ သူ့အပြုံးမှာ အလွန်သိမ်မွေ့လေသည်။

မည်သူကများ အရင်က အဘွားချန်ကို သခင်မကြီးဟု ခေါ်ခဲ့ဖူးပါသနည်း။ အခုတော့ ပါရမီရှိ ကျောင်းတော်သားတစ်ယောက်နှင့် တူသည့် ကျောင်းသားလေးတစ်ယောက်က သူမကို ထိုသို့ ခေါ်သံကြားလိုက်ရပြီး သူမ၏စိတ်တို့က ချက်ချင်း လန်းဆန်းသွားတော့သည်။ သူမသည် ဘရိုကိတ်နှင့် ကျောက်စိမ်း ဝတ်ဆင်ထားသည့် သခင်မကြီးတစ်ယောက် တကယ်ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။ အလွန်မှ ပြုံးဖြီးနေလေရာ သွားများကိုသာ မြင်ရတော့သည်။

“ မြို့ကလာကြတဲ့ လူငယ်လေးတွေအားလုံးက ရွှေအဆင်းလို ဆွေကြီးမျိုးကြီးထဲကပဲ နေမှာ၊ မင်းတို့လေးတွေ ဒီကို ရောက်လာကြပြီဆိုတော့ မင်းတို့လေးတွေ ငါတို့ယွဲ့မိသားစုရဲ့ ဂုဏ်ယူစရာဧည့်သည်တွေပဲပေါ့၊ ဒီရွာက ရွှံတွေအိုင်တွေနဲ့ ထူလှချည်ရဲ့၊ မင်းတို့လေးတွေနဲ့ လုံးဝ မလိုက်ဖက်တာရယ်ပါ”

တစ်ဖက်တွင်တော့ ယွဲ့တာ့ဖူသည် ဧည့်သည် ရောက်နေသည့်သတင်း ကြားလိုက်လေသည်။ အစပိုင်းတွင် သူသည် အနည်းငယ် ဇဝေဇဝါဖြစ်နေ၏။ ဒီလောက်အေးတဲ့ဆောင်းတွင်းမှာ ဘယ်ကဧည့်သည် လာမှာလဲ။ သို့တိုင် သူသည် ပင်မဆောင်သို့ ပြန်လာခဲ့လေသည်။ သူ့မြေးများက မြို့တော်မှ အတန်းဖော်များကို ခေါ်ပြန်လာကြောင်း သိလိုက်ရသောအခါ သူလည်း အနည်းငယ်စိုးရွံ့ပြီး ဝမ်းသာသွားတော့သည်။

“မင်းတို့နှစ်ယောက်က ဝမ်ထောင်ရဲ့အခန်းဖော်တွေလား၊ ဒီလိုအေးတဲ့နေ့မှာမှ ဒီအထိ တလမ်းလုံးလာရတာ အေးနေတော့မှာပဲ”

လယ်သမားမိသားစုက ကျောင်းတော်သားများကို လေးစားတတ်သည့်အကျင့်ကြောင့် ထင်သည်။ ယွဲ့တာ့ဖူသည် သူတို့အဘိုးအရွယ်လောက် ရှိသော်လည်း ခုတင်ပေါ်တွင် ထိုင်ဖို့ရာ တွန့်ဆုတ်နေတော့သည်။

ကျိူးကျွင်းဖုန်ဟု ခေါ်သည့် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ကျောင်းသားလေးက ယွဲ့တာ့ဖူ၏ စကားကို ကြားလိုက်တော့ မတ်တတ်ရပ်လိုက်ကာ ကျောင်းသားချင်းနှုတ်ဆက်သလို လက်နှစ်ဖက်ကို ယှက်လျက် နှုတ်ဆက်လိုက်လေသည်။ သူသည် ဝမ်းသာအားရ ဆိုလိုက်၏။

“ သခင်ကြီးက အရမ်းယဥ်ကျေးနေပါပြီ၊ ရို့ရှန်းနဲ့ ကျွန်တော်က ရွာမှာ နှစ်သစ်ကူးဝက်သတ်တဲ့ ဓလေ့ရှိတယ်လို့ ဝမ်ထောင်ပြောတာ ကြားဖူးတာနဲ့ သိချင်စိတ် ဖြစ်သွားလို့ လိုက်လာခဲ့တာပါ၊ မိသားစုကို အလုပ်ရှုပ်သွားစေလို့ ကြိုတင် တောင်းပန်ပါရစေ ခင်ဗျာ”

ဝတုတ်တုတ် ကျောင်းသားလေးနာမည်မှု လျို့ရို့ရှန်းပင်။ ညည်းသံသဲ့သဲ့ဖြင့် သူ့မျက်လုံးသေးသေးများသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေလေသည်။ သူသည် အနည်းငယ် စိတ်မရှည်ဖြစ်နေပြီး ဘေးက ဝမ်လီကို တွန်းလိုက်၏။

“ဝက်တွေကို သတ်မှာလို့ မင်းပြောခဲ့တယ်မလား၊ ငါ့ကို ခေါ်ပြအုံးလေ”

ယွဲ့တာ့ဖူနှင့် အဘွားချန်တို့သည် သူ့ကို ရိုင်းသည်ဟု မထင်ကြချေ။ ထိုအစား မြို့က သခင်လေးများက ဝက်သတ်သည်ကို မမြင်ဖူးကြသဖြင့် အသစ်အဆန်း ဖြစ်နေသည်ကို ထင်ကြလေသည်။ ထို့ကြောင့် သူတို့သည် ရယ်မောလိုက်ပြီး ဝက်သတ်နေသည်ကို ကြည့်ရန် ယွဲ့ဝမ်ထောင်အား သူတို့နှစ်ယောက်ကို နောက်ဖေးခြံသို့ ခေါ်သွားခိုင်းလိုက်တော့သည်။

ယွဲ့ယိုထင်းက အဝတ်အစားလဲကာ ရောက်လာချိန်၌ ပင်မဆောင်တွင် အဘွားချန်သာ ကျန်တော့သည်။ အဘွားချန်သည် သွားများဖြီးကာ ကျိုးကျွင်းဖုန်နှင့် လျိုရို့ရှန်းယူလာသည့် လက်ဆောင်များကို ရေတွက်နေ၏။

“ အဟုတ်ပဲ မြို့တော်က သားတွေက လုံးဝကို မတူဘူး”

ယွဲ့ယိုထင်းသည် ဘယ်သူ့ကိုမှ မတွေ့သည်နှင့် အဘွားချန်ကို ခပ်ရွံ့ရွံ့မေးလိုက်လေသည်။

“အဘွား အစ်ကိုကြီးတို့ရော”

သူမ၏မျက်လုံးထဲ စိုးရိမ်မှုအနည်းငယ် ဖြစ်နေတော့သည်။ ဧကန္တ သူတို့တွေ ထွက်သွားကြပြီလား မသိဘူး။

အဘွားချန်သည် သူမ၏စိတ်ကူးငယ်လေးကို သတိမထားမိချေ။ ပုံမှန်အတိုင်းလက်ကို ခါပြလိုက်ရင်း

“ ဝက်သတ်တာ ကြည့်မလို့တဲ့ နောက်ဖေးခြံကို သွားကြတယ်”

သူတို့ မသွားသေးဘူးဆိုတော့ တော်ပါသေးရဲ့ ယွဲ့ယိုထင်း သက်ပြင်းချလိုက်၏။ အစကတော့ သူမ နောက်ကလိုက်သွားဖို့ရန် စဥ်းစားလိုက်သေးသည်။ သို့သော် သူမ၏သန့်ရှင်းလှပသည့် အဝတ်အစားအသစ်များကို ကြည့်လိုက်ပြီးနောက် ဝက်သတ်ပြီးလျှင် ရေဆိုးများ အပြည့်ဖြင့် ညစ်ပတ်နေမည့် နောက်ဖေးခြံကို စဥ်းစားမိသွားပြီး အဝတ်အစားများ ပေသွားလျှင် အလွန်ရှက်စရာကောင်းမည်ဟု တွေးလိုက်ကာ ဧည့်သည်များကို တွေ့ဖို့စိတ်အား လျှော့လိုက်တော့သည်။ သူမသည် ပါးစပ်ထဲ တွေ့ကရာ ဆင်ခြေပေးပြီး အရှေ့ဆောင်သို့ ပြန်လာခဲ့လိုက်၏။

***

နောက်ဖေးခြံတွင် ဝက်လေးကောင်ကို သတ်ပြီးဖြစ်သည်။ ယွဲ့မိသားစုနှင့် သားသတ်သမားဟွမ်က သည်နေ့တစ်နေ့ထဲ ဝက်ခြောက်ကောင်သတ်ရန် သဘောတူထားသည်။ ထို့နောက် မနက်ဖြန် အသားများကို ရောင်းချရန် သားသတ်သမားဟွမ်၏ဆိုင်ကို ငှားရမ်းရမည်။ ရောင်းရသမျှငွေ အားလုံးသည် ယွဲ့မိသားစုအပိုင် ဖြစ်သည်။ သားသတ်သမားဟွမ်ကတော့ ဝက်ခေါင်းတချို့နှင့် ဝက်ခြေထောက်များအပြင် ထိုက်တန်သည့်ငွေလည်း ရအုံးမည်။

ကျိုးကျွင်းဖုန်နှင့် လျိုရို့ရှန်းတို့သည် ငယ်ကတည်းက မြို့တွင် နေလာကြသူများဖြစ်၏။ သည်လိုမြင်ကွင်း အရင်က လုံးဝမမြင်ဖူးကြချေ။ မုတ်ဆိတ်မွေးနှင့် သားသတ်သမားက အော်ဟစ်နေသည့်ဝက်ကို သားသတ်ဓားထက်ထက်ဖြင့် ထိုးချလိုက်လေသည်။ ထို့နောက် အော်ဟစ်ရုန်းကန်နေသည့် ဝက်သည် သစ်သားဇလုံကြီးတွင် ဝက်သွေးများ ပြည့်သွားသည်အထိ ဖြည်းညင်းစွာ လှုပ်ရှားနေပြီးမှ အသက်ပျောက်သွားတော့သည်။

နှစ်ယောက်သားသည် အနည်းငယ် ကြောက်ရွံ့နေသော်လည်း အသစ်အဆန်း မြင်ရသည့်စိတ်က အနိုင်ရသွားတော့သည်။ လျိုရို့ရှန်းသည် သေသေချာချာ လေ့လာလိုသဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွား၏။ ယွဲ့တာ့ဖူက သွေးများပေကျံနေသည့် သားသတ်သမားက မြို့က လူငယ်လေးများကို ခြောက်လန့်သလို ဖြစ်သွားမည်ကို စိုးရိမ်သွားလေသည်။ ထို့ကြောင့် နှစ်ယောက်သားကို လက်မြှောက်ကာ အရှေ့ခြံသို့ ပြန်လာရန် လက်ယက်ခေါ်လိုက်တော့သည်။

“ လူလေးကျိုးနဲ့ လူလေးလျို့တို့ အရှေ့ခြံကို ပြန်ရအောင်၊ ဒီဝက်သတ်ကာ နေရာတိုင်းကို ညစ်ပတ်နံစော်အောင် လုပ်နေတာ၊ လူလေးတို့နှစ်ယောက် မြင်သွားရင် မကောင်းဘူးလေ”

လျိုရို့ရှန်းသည် ခဏလောက် ဆက်ကြည့်ချင်သေးသည်။ သို့သော် ကျိုးကျွင်းဖုန်က သဘောတူလိုက်၏။ ထို့ကြောင့် စူပုတ်ကာ အားလုံးနှင့်အတူ ပြန်လိုက်လာခဲ့တော့သည်။

လျိုရို့ရှန်းက အနည်းငယ်မကျေမနပ်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ယွဲ့ဝမ်လီက အကြံပြုလိုက်၏။

“ ရို့ရှန်း ငါတို့တွေ ဝက်သားစားပြီးရင် ချွေ့ဖုန်းမြစ်ထဲမှာ ရေခဲနှင်းလျှော သွားစီးကြမယ်လေ”

ရေခဲနေသည့် ချွေ့ဖုန်းမြစ်သည် ဆောင်းတွင်းနေ့ရက်များတွင် ချွေ့ဖုန်းရွာက ကလေးများအတွက် ကစားကွင်းကြီးပင်။ ပျော်ပျော်ရွှင်ရွှင် ကစားလို့ကောင်းသည့်နေရာတစ်ခုပင်။ သူတို့သည် ဘုတ်ပြားပေါ်တွင်ထိုင်ကာ အမြင့်မှ လျှောချနိုင်သည်။ စိတ်လှုပ်ရှားစရာကောင်းသည် အမြန်နှုန်းကို ခံစားနိုင်လေသည်။ ဒါသည်ပင် ဆောင်းတွင်းကာလ သေးငယ်သည့်ပျော်စရာတစ်ခုဖြစ်လေသည်။

လျိုရို့ရှန်းသည် ပျော်စရာအကြောင်း ကြားလိုက်သည်နှင့်ချက်ချင်း ပြန်တက်ကြွသွားတော့သည်။

“ ရေခဲလျှောစီးတာလား၊ ဘယ်လိုကစားရတာလဲ”

သည်ခေတ်တွင် စကိတ်မရှိချေ။ ထို့အပြင် မြို့ပေါ်တွင်လည်း သည်လိုနေရာမျိုးမရှိပေ။ ထို့ကြောင့် လျို့ရို့ရှန်း၏အမြင်တွင် အသစ်အဆန်းဖြစ်နေတော့သည်။

သူ့တွင် ကစားလိုစိတ်သာ ရှိကြောင်းသိလိုက်ရသဖြင့် ယွဲ့ဝမ်လီသည် သူ့ပခုံးကို ခင်ခင်မင်မင် ဖက်လိုက်ပြီး ပျော်ရွှင်စွာ ပြန်ဖြေလိုက်တော့သည်။

“မစိုးရိမ်ပါနဲ့ကွာ ငါတို့တွေဝက်သားစားပြီးရင် ငါတို့အားလုံး ပျော်ရမှာပါ၊ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ငါတို့နဲ့ ဒီနေ့အိပ်ရမှာပဲလေ၊ ဒီတော့ ငါတို့မှာ အချိန်အဲလောက်မရှားပါဘူး ဟုတ်ပြီလား”

ထိုအခါမှ လျိုရို့ရှန်းသည် ကျေနပ်ကာ ခေါင်းညိတ်ပြလိုက်ပြီး ယွဲ့ဝမ်ထောင်နှင့် တခြားလူများနှင့်အတူ ပင်မဆောင်သို့ ပြန်လာခဲ့လေသည်။ သူတို့သည် နွေးသွားအောင် လက်ဖက်ရည်ကြမ်းများ သောက်လိုက်ကြ၏။

နှစ်ယောက်သား ပြောနေသည့်စကားကို အိမ်သာသွားမည်ဟု အကြောင်းပြကာ မီးဖိုမှ ခိုးထွက်လာသည့် အမျိုးသမီးချန် ကြားသွားတော့သည်။ သူမသည် မီးဖိုထဲသို့ ကွပ်ကဲရန် ရောက်လာသည့် အဘွားချန်ဆီ မြန်မြန်သွားလိုက်ပြီး နောက်ဆုံးရသတင်းကို အကြောင်းကြားလိုက်တော့သည်။

“ အမေ ကျွန်မ အခုလေးတင် ဝမ်လီပြောတာ ကြားခဲ့တယ်၊ လူငယ်လေးနှစ်ယာက်က ကျွန်မတို့အိမ်မှာ ညအိပ်မှာတဲ့”

သူမသည် အဝေးကမြင်ရသည့် ကျောင်းသားလေးနှစ်ယောက်၏ ပုံစံကို ပြန်စဥ်းစားလိုက်လေသည်။ သူတို့တွေက ၁၅နှစ် ၁၆နှစ်ပဲ ရှိအုံးမှာဆိုပေမဲ့ မိသားစုထဲမှာတော့ အခြေခံကျပြီးသား ဖြစ်ရမယ်။ စိတ်ထဲတွင်တော့ သူမသည် သူမ၏သမက်လောင်းဟု မှတ်ယူထားလေကာ ချစ်ခင်ခြင်းအပြည့် ဖြစ်နေတော့သည်။

အဘွားချန်သည် အချိန်တော်တော်ကြာအောင် ပျောက်သွားသည့် ငပျင်းမအမျိုးသမီးချန်က နောက်ဆုံး ပြန်ရောက်လာပြီး စကားတစ်ခွန်းနှစ်ခွန်း ပြောတော့မည်ကို တွေ့လိုက်ရသည်။ သို့သော် လူငယ်လေးနှစ်ယောက်က ညအိပ်မည့်သတင်းကို ကြားလိုက်ရတော့ သူမ ခေါင်းမူးသွားတော့သည်။

“ ငါတို့တွေက ကျေးရွာက လယ်သမားမိသားစုလေ၊ လူငယ်လေးနှစ်ယောက်ကြည့်ရတာ နူးနူးညံ့ညံ့နဲ့ အဖိုးတန်လေးတွေ၊ ဒါက သူတို့တွေကို မလေးစားသလို ဖြစ်နေမှာလားမသိဘူးဟယ်”

“အမေရယ် အမေကတော့ ကိစ္စတွေအားလုံးကို ရှုပ်ထွေးအောင်လုပ်နေပြန်ပါပြီ၊ အခုအချိန်က လူငယ်လေးနှစ်ယောက်ကို မလေးစားမိမှာ စိုးရိမ်ရမဲ့အချိန်လား၊ ဒီကောင်လေးနှစ်ယောက်က ကျွန်မတို့အိမ်မှာ တစ်ညလောက်ပိုနေချင်နေတာလေ၊ ကျွန်မတို့ ယိုထင်းလည်း ၁၅နှစ်ပြည့်တော့မယ်”

အမျိုးသမီးချန်သည် ပုံမှန်ဆိုလျှင် ဉာဏ်ပြေးတတ်သည့် အဘွားချန်သည် အရေးကြီးကျမှ စိတ်ရှုပ်ထွေးနေသဖြင့် အလွန် စိတ်ပျက်သွားတော့သည်။ သူမက လေသံဖြင့် ပြောလိုက်၏။

“အမေ ယိုထင်းရဲ့ ရုပ်ကလည်း မြို့က မိန်းကလေးတွေထက် မညံ့ပါဘူး၊ သူသာ မြို့က ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်နိုင်ခဲ့ရင် အမေလည်း အသက်ကြီးတော့ ဇိမ်ကျကျနဲ့ နေရတာပေါ့”

အမျိုးသမီးချန်၏စကားကို ကြားလိုက်ပြီးနောက် အဘွားချန် ချက်ချင်း သဘောပေါက်သွားတော့သည်။ သူမသည် လက်ဖြင့် နဖူးကို ရိုက်လိုက်ပြီး

“ တကယ်ပါပဲ အလုပ်များလေလေ ပျာယာခတ်လေလေ၊ ပျာယာခတ်လေလေ အလုပ်ပိုများလေလေပဲဟဲ့၊ ဒီကိစ္စကို လုံးဝကို မေ့နေတာ”

အဘွားချန်သည် ယွဲ့ယိုထင်းကို သိပ်မချစ်သော်လည်း သူမသည် သူမ၏တူမအရင်းမှ မွေးထားသူ ဖြစ်လေသည်။ သူမသည် ငယ်ငယ်က အဘွားချန်၏ရုပ်နှင့် နည်းနည်းတူလေသည်။ ထို့ကြောင့် ယွဲ့မိသားစုမှ မိန်းကလေးများနှင့် ယှဥ်လျှင် ယွဲ့ယိုထင်းက အချစ်ခံရသည်ဟု မှတ်နိုင်လေသည်။

ယွဲ့ယိုထင်းအကြောင်း စဥ်းစားလိုက်ပြီးနောက် သမီးဖြစ်သူ ယွဲ့ချန်ဟုန်နှင့် ၁၃နှစ်အရွယ် မြေးမလေးကို သတိရသွားတော့သည်။ အဘွားချန်သည် အနောက်ဆောင်သို့ ပြန်မြန် သွားကာ ယွဲ့ချန်လုကို သွားရှာပြီး

“ မြန်မြန် နွားလှည်းပြင်ပြီး နင့်အစ်မကြီးကို သွားကြိုခဲ့၊ သူ့ကို လျို့အာကိုလည်း ခေါ်ခဲ့ဖို့ မမေ့နဲ့လို့ ပြောလိုက်အုံးနော်”

ယွဲ့ချန်ဟုန်၏တစ်ဦးတည်းသောသမီးဖြစ်သူ ကောလျိုအာသည် ၁၃နှစ်ရှိပြီဖြစ်၏။ ခင်ပွန်းလောင်းကို ရှာပေးရတော့မည့်အရွယ် ဖြစ်သည်။ ယွဲ့ချန်လုကို လွှတ်လိုက်ပြီးနောက် နောက်တစ်ခွန်းကို မမေ့မလျော့ မှာလိုက်သေးသည်။

“ နင့်အစ်မကြီးကို ပြောလိုက်အုံး ဒီလိုမလာခင် လျိုအာကို သပ်သပ်ရပ်ရပ်လေး လုပ်ပေးခဲ့ပါလို့”

ယွဲ့ချန်လုသည် အဘွားချန်က တစ်စုံတစ်ယောက်ကို ရုတ်တရက်သွားကြိုခိုင်းချိန်၌ ဝမ်ညန်နှင့် ပွေ့ဖက်ကာ ချစ်ကြည်နူးနေလေသည်။ သူသည် ဘာမှနားမလည်လိုက်သော်လည်း အလျင်စလိုဖြင့် နွားလှည်းကို ပြင်လိုက်သေးသည်။ ကံကောင်းချင်တော့ ယွဲ့ချန်ဟုန်၏ မိသားစုက သိပ်မဝေးလှချေ။ သားအမိနှစ်ယောက်ကို သွားကြိုလာရန် တစ်နာရီသာ ကြာလေသည်။

တဖက်တွင်တော့ အဘွားချန်သည် လူငယ်လေးနှစ်ယောက်က တစ်ညအိပ်မည်ဟု ကြားလိုက်သည်နှင့် သူမ၏သမီးဖြစ်သူနှင့် မြေးမလေးကို ချက်ချင်းခေါ်ခိုင်းဖို့ စိတ်ကူးလိမ့်မည်ဟု အမျိုးသမီးချန် ထင်မထားခဲ့ချေ။ သူမသည် စိတ်ထဲမှ မကျေမချမ်း ပြောနေလိုက်တော့သည်။

“ နေ့တိုင်းပဲ လက်ထပ်သွားတဲ့ သမီးကိုပဲ သတိရတယ်၊ ဘယ်သူက ပိုနီးနီးကပ်ကပ်ရှိနေလည်းဆိုတာ တကယ့်ကို မမြင်တာ”

ယွဲ့ယိုထင်းနေရာတွင် ဆွဲထည့်ခံလိုက်သည့်ယိုကျူးက မီးထည့်ရင်း အမျိုးသမီးချန် ပါးစပ်လှုပ်နေသည်ကို မြင်လိုက်သော်လည်း ဘာပြောလိုက်မှန်း မကြားချေ။ ထို့ကြောင့် သူမ မေးလိုက်၏။

“ “ ကြီးတော် ဘာပြောလိုက်တာလဲ”

ယိုကျူး၏ ရုတ်တရက် ထွက်လာသည့်အသံကြောင့် အမျိုးသမီးချန် လန့်သွားတော့သည်။

“ အမလေးဟဲ့ သေနာမလေး”

သူမသည် ယိုကျူးကို ကြောက်စရာကောင်းအောင် ကြည့်လိုက်ပြီး

“ နင်ဘာလို့ ပုန်းပြီး ခိုးနားထောင်နေတာလဲ”

ထို့နောက် သူမသည် ယိုကျူးကို ပညာပြချင်လာတော့သည်။

“ ကြီးတော်က ဘာလုပ်နေတာလဲ”

ဂေါ်ဖီထုပ်ဆေးပြီး ပြန်လာသည့် ယိုကျင့်သည် အမျိုးသမီးချန်က ရိုက်တောမည့်ဟန် ပြင်လိုက်ရာ ယိုကျူးရှေ့မှ မြန်မြန်ကာပေးလိုက်ပြီး

“ အဘွား အခုလေးတင် ပြောလိုက်တာ ကြားတယ်၊ ဒီနေ့မှာ ထူးထူးခြားခြား ဧည့်သည်ရောက်နေတယ်တဲ့၊ သမီးတို့ သူတို့ကို လုံးဝပေါ့လေးလေး ဆက်ဆံလို့ မဖြစ်ဘူး၊ အခုချိန်ထိ ဘယ်သူ့ကို လက်ဖက်ရည်နဲ့ မဧည့်ခံရသေးဘူးနော်”

ပင်မဆောင်တွင် လက်ဖက်ရည် လိုနေသည်ဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသမီးချန်သည် အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရတော့သည်။ သူမကို ခံပြောနေသည့်ယိုကျင့်ကို ဂရုမစိုက်တော့ပေ။ လက်ထဲက သစ်သားဇွန်းကြီးကို မြန်မြန်ချကာ ညစ်ပတ်နေသည့် ရှေ့ဖုံးခါးစည်းဖြင့် ဆီပေသည့်လက်ကို သုတ်လိုက်ပြီးနောက် အရှေ့ဆောင်သို့ မြန်မြန်ပြန်သွားတော့သည်။

စန်းကျဲက ပင်မဆောင်မှာ လက်ဖက်ရည်မဧည့်ခံရသေးဘူးလို့ ပြောလိုက်တာနဲ့ ကြီးတော်က မြန်မြန်ကြီး ထွက်သွားပါရောလား။ ယိုကျူးသည် အနည်းငယ် ယုံရခက်သွားတော့သည်။

“စန်းကျဲ ကြီးတော်က ဘယ်တုန်းက အဲလောက် ဝီရိယရှိသွားတာလဲ”

ကြီးတော် အလုပ်ကို အခုလို မြန်မြန်ကြီးလုပ်တာ သူမဘဝမှာ ပထမဆုံးတွေ့ဖူးတာပဲ။ တကယ် ယုံတောင်မယုံနိုင်ဘူး။

တစ်ဖက်တွင်တော့ ယိုကျင့်သည် ကြည်လင်စွာ ပြုံးပြလိုက်လေသည်။ အမျိုးသမီးချန် ဘာလို့ ဒီလောက် စိုးရိမ်တကြီး ဖြစ်နေလဲဆိုတာ သူမ အလိုလိုသိပြီးသားပါ။ မြို့တော်က လူကြီးလူကောင်းလေးက ကြီးတော်ရဲ့မျက်လုံးထဲမှာ ချစ်စဖွယ်လေးဖြစ်နေတာ သိတာပေါ့။ ဒီလိုအခွင့်အရေးက သူမ ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်ပါ့မလဲလေ။ ယိုကျူး၏ အူကြောင်ကြောင်မျက်နှာလေးကို ကြည့်လိုက်ပြီးနောက် ယိုကျင့်ပြုံးကာ ဖြေလိုက်လေသည်။

“ နင် ငယ်ပါသေးတယ်၊ တချို့ကိစ္စတွေက နင်ကြီးလာတာနဲ့ နားလည်သွားလိမ့်မယ်”

“ဟုတ်”

ယိုကျင့်သည် ဝတ်ကျေတမ်းကျေအဖြေတစ်ခု ပေးလိုက်သော်လည်း ယိုကျူး၏ စိတ်ထဲ မရောက်သွားချေ။ မီးဖိုရှေ့တွင်ထိုင်ကာ မီးထည့်လိုက်လေသည်။ စိတ်အေးရမည့်အခြေအနေဟု မှတ်ယူလိုက်လေသည်။

ခဏအကြာတွင် လှလှပပ ဝတ်စားထားသည့် ယွဲ့ယိုထင်းကို အမျိုးသမီးချန်က မီးဖိုဆောင်ထဲ ဆွဲခေါ်လာခဲ့လေသည်။ ထို့နောက် သူမည် အမျိုးသမီးချန် ပြင်ဆင်ပေးထားသည့် လက်ဖက်ရည်ကို ယူကာ ပင်မဆောင်သို့ ရို့ရို့လေး သွားလိုက်လေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset