အပိုင်း(၂၉): နှစ်သစ်ကူး သားသတ်ခြင်း
ရက်အနည်းငယ်ကြာပြီးနောက် ယိုကျင့်၏အဖျားသည် သက်သာလာချေပြီ။ မျက်တောင်တစ်ခတ်မျှ ကြာချိန်အတွင်း ဒီဇင်ဘာလ နှစ်ဆယ့်ကိုးရက်နေ့သို့ ရောက်လေပြီ။
ယွဲ့မိသားစုရှိ ၀က်ခြောက်ကောင်သည် ယိုကျင့်တို့ ညီအစ်မများ၏ ကြိုးစားအားထားမှုကြောင့် ကြီးထွားဖွံ့ဖြိုးကာ အဆီများ ပြည့်နေလေသည်။ နှစ်သစ်ကူးတွင် ယွဲ့တာ့ဖူသည် မြို့ထဲရှိ သားသတ်သမားအား ကြိုတင်ချိန်းဆိုထားသည်။
ယိုကျင့်နှင့် ညီအစ်များသည် မီးဖိုချောင်၌ ရေနွေးတည်ရင်း အလုပ်များနေကြသည်။ ခြံ၀န်း၏ အနောက်ပိုင်းရှိ ၀က်ခြံထဲ၌ ယောက်ျားသား ငါးဦးခြောက်ဦးမျှ ရပ်နေကြကာ ခေါင်းဆောင်မှာ သားသတ်သမားဟွမ် ဖြစ်သည်။ ထိုလူသည် ချွေ့ဖုန်းရွာသို့ ၀က်သတ်ရန် လာလေ့ရှိသည်။
သားသတ်သမားဟွမ်သည် ဓားတစ်ချောင်းအား လက်၌ကိုင်ထားကာ သတ်ဖြတ်လိုစိတ်များ ထုတ်လွှင့်နေသည်။ ၀က်များရှေ့၌ ခါးထောက်ရပ်နေကာ သတ်ဖြတ်ရန် ၀က်ခြံထဲရှိ ပြည့်ဖြိုးနေသည့် ၀က်ကို စစ်ဆေးလိုက်သည်။ သားသတ်သမားသည် ပျော်ရွှင်စွာ ပြောလေသည်။
“ဦးလေးတို့ယွဲ့အိမ်က ၀က်တွေကို ကောင်းကောင်းမွေးထားတာပဲ။ ကြည့်ပါဦး အသေးဆုံးကောင်တောင် ကျင်းနှစ်ရာလောက် ရှိမယ်”
ယွဲ့တာ့ဖူသည်လည်း အပျော်များပြည့်နှက်သွားလေသည်။ သူသည် ၀က်ခြံရှေ့၌ရပ်ကာ မာန်ပါပါ ကြွေးကြော်လေသည်။
“ဒီကောင်တွေအကုန် အိမ်မွေးတွေချည်းပဲ။ သူတို့အဆီပြည့်တာ ဟုတ်လည်းဟုတ်မှာပေါ့။ ဒါပေမဲ့ သူတို့က နဂိုကတည်းက အဲ့လိုပုံပါပဲ။ ၀က်တွေသတ်ဖို့ ညီလေးဟွမ်ကိုပဲ ဒုက္ခပေးရတော့မယ်။ သတ်ပြီးတာနဲ့ အတူသောက်ရင်း စကားပြောကြတာပေါ့”
သားသတ်ကာ ကျွေးမွေးခြင်းသည် ချွေ့ဖုန်းရွာ၏ ဓလေ့ဖြစ်သည်။ စားပွဲဝိုင်းနှစ်ခုကို အကျအန ပြင်ဆင်ထားရသည်။ တစ်ဝိုင်းမှာ ၀က်သတ်ရန် လာရောက်ကူညီသည့် လူများအတွက် ဖြစ်ကာ ကျန်တစ်ဝိုင်းမှာ ရွာထဲရှိ ဆွေမျိုးနီးစပ်များကို ကျွေးမွေးရန်ဖြစ်သည်။
ယနေ့သည် ယွဲ့မိသားစု၏ နှစ်ကူး သားသတ်သည့်နေ့ဖြစ်သည်။ ယွဲ့တာ့ဖူ၏ ရက်ရောမှုကို ပြသည့်အနေနှင့် ဟင်းပွဲသည် စုံစုံလင်လင် ဖြစ်ဖို့လိုပေသည်။ ထို့ကြောင့် မနက်အစောကတည်းကပင် ယွဲ့ယိုကျင့်နှင့် ညီအစ်မများသည် အဘွားချန်၏ ဆူဆဲနေမှုကို မနက်ကတည်းက ကြားနေရတော့သည်။ သို့သော်လည်း ညီအစ်မများသည် ပျော်ရွှင်နေကြပေသည်။ သားသတ်သည့်နေသည် တစ်နှစ်ပတ်လုံး၌ တစ်ရက်သာ ကျင်းပလေသည်။ ထိုသည်မှာ သူမတို့အတွက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အသားစားရမည်မှာ သေချာသည့် သဘောပင်ဖြစ်သည်။
၀က်အော်သံများသည် ခြံ၏အနောက်ဘက်၌ ပျံ့နှံ့သွားသည်။ သားသတ်သမားဟွမ်သည် ၀ဖြိုးနေသည့် ၀က်တစ်ကောင်အား သတ်လိုက်သောကြောင့် ဖြစ်ပေမည်။ သွေးများထွက်လာသည်နှင့် ဘေး၌ ၀က်သွေးသိမ်းရန် ရပ်နေသော လူသည် သစ်သားဇလုံအကြီးတစ်လုံးအား ယူကာ အရှေ့သို့ အမြန်လျှောက်လာလေသည်။ ၀က်သွေးများသည် ဘေးသို့တစ်စက်မျှ မဖိတ်စင်ဘဲ ဇလုံထဲသို့ ရောက်သွားလေသည်။
၀မ်ညန်သည် သံလွင်ဆီဖြင့် သူမ၏ဆံပင်ကို အသာအယာ ဖြီးသင်လိုက်ကာ အနီရောင် အနွေးထည်ကို ၀တ်လိုက်လေသည်။ သူမ ယွဲ့အိမ်သို့ ၀င်လာချိန်မှစ၍ ယွဲ့ချန်လု၏ ကာကွယ်မှုကို ခံယူနေရသည့်အတွက် ထမင်းတစ်နပ်စာမျှ မလစ်ဟင်းခဲ့ပေ။ သူမသည် လှပကာ ဖွံ့ဖြိုးနေပေသည်။ သူမ၏ ချွေးမအငယ်ဟူသော နေရာကို လျစ်လျူရှုကာ ခြံ၀န်းထဲသို့ ယွဲ့ချန်လုဆနာက်မှ လိုက်လာခဲ့ပြီး ကူညီရန်လာသည့် ရွာသားများကို နှုတ်ဆက်နေလေသည်။
၀မ်ညန် ထွက်လာသည်ကို ယွဲ့တာ့ဖူမြင်သည်နှင့် သူ၏အပြုံးသည် တစ်၀က်မျှသာ ကျန်ရှိတော့သည်။ ယွဲ့အိမ်သို့ ၀မ်ညန် ၀င်ရောက်လာချိန်မှစ၍ သားဖြစ်သူသည် မနာခံတတ်တော့ပေ။ လွန်ခဲ့သည့်နှစ်ရက်က ကျင်းပသည့် မျိုးနွယ်စု သားသတ်ပွဲ၌ သူ၏ဂုဏ်သတင်းသည် ပျောက်ဆုံးလုမတတ် ဖြစ်ခဲ့ကာ မျိုးနွယ်စုခေါင်းဆောင်ဆီမှ ဆုံးမသွန်သင်ခြင်းကို ခံခဲ့ရသည်။ ယခု သူမသည် တောက်ပြောင်သည့် အ၀တ်များဖြင့် ဧည့်သည်များကို နှုတ်ဆက်နေလေသည်။ သူမ၏အကြံကို မည်သူမဆို ရိပ်စားမိချေသည်။
ယွဲ့တာ့ဖူသည် ယွဲ့ချန်လုကို အရင်စိုက်ကြည့်လိုက်လေသည်။ သားဖြစ်သူမှာ အုန်းလွဲနေသူကဲ့သို့ပင် ဖခင်ဖြစ်သူ၏ အချက်ပြမှုကို သတိလက်လွတ်ဖြစ်ခဲ့သည်။ ခြံထဲ၌ ဧည့်သည်များ များပြားလာပြီ ဖြစ်သည်။ ထိုလူများသည် ပျော်ပွဲရွှင်ပွဲကဲ့သို့ ကြည့်ရှုလှောင်ပြောင်နေသောကြောင့် ယွဲ့တာ့ဖူက ၀င်မပါ၍ မရတော့ချေ။ ထို့နောက် ယွဲ့ချန်လုအား အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။
“အခုလေးတင် ၀က်တွေသတ်ထားလို့ ရှုပ်ပွနေတာ။ တော်ကြာထိမိခိုက်မိရင် ပြဿနာကတက်ဦးမယ်။ ငါ့သား မင်းမိန်းမကို အထဲပြန်ခေါ်သွားချည်”
ကူညီရန်လာကြသည့် လူများ၏အကြည့်သည် ၀မ်ညန်ပေါ်ကျရောက်လာလေသည်။ ယွဲ့ချန်လုသည် ဖခင်ဖြစ်သူ၏ စိတ်မချမ်းမြေ့သည့် အကြည့်ကြောင့် သဘောတူရုံသာ တတ်နိုင်ပေသည်။ သူသည် ၀မ်ညန်ကို အနောက်ခြံထဲသို့ ပြန်ခေါ်သွားခဲ့သည်။ ခြံထဲရှိလူတိုင်းသည် ၀မ်ညန်၏ ပူထွက်နေသည့်ဗိုက်ကို မြင်လိုက်ကြပြီးနောက် ယွဲ့တာ့ဖူ၏ ကြည်နူးနေသည့် မျက်နှာကို ရိပ်မိလိုက်ကြသည်။
“မင်းကို မသွားဖို့ပြောသားပဲ။ မင်းပဲ ၀က်သတ်တာ မမြင်ဖူးဘူးဆိုပြီး ကြည့်ချင်တယ်ဆိုလို့ ခေါ်သွားပေးတာ အခုအဖေက စိတ်မကြည်တော့ဘူး” ယွဲ့ချန်လုသည် ယွဲ့တာ့ဖူအား အသွေးအသားထဲကပင် ချစ်ကြောက်ရိုသေလေသည်။ ထို့အပြင် ယွဲ့တာ့ဖူသည် လူအများရှေ့၌ စိတ်ဆိုးသွားသည့်အတွက် ယွဲ့ချန်လုသည် အနည်းငယ် ထိတ်လန့်မိသည်။ သူသည် ၀မ်ညန်အား သူတို့နှစ်ဦး လက်ရှိနေထိုင်သည့် အခန်းထဲသို့ ခေါ်သွားကာ ခုတင်ပေါ်၌ အချင်းချင်း ဒေါသတကြီး ပြောဆိုနေကြတော့သည်။
ယွဲ့ချန်လုပင် ဒေါသထွက်နေသည်လား။ သူမလည်း ဒေါသထွက်မိသည်ပင်။ ထိမိခိုက်မိမည်ကို စိုးရိမ်ပေးသည်တဲ့လား။ သူမအား အရှက်ရစရာဟု တွေးထင်နေရုံသာ ဖြစ်သည်။ သူမထွက်ပေါ်လာခြင်းက ယွဲ့မိသားစု၏မျက်နှာ ဆုံးရှုံးရသည်ဟု ထင်နေကြခြင်းသာဖြစ်သည်။
သူမသည် ခုတင်အစွန်း၌ထိုင်ကာ အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ပြန့်ပြူးနေသည့် အင်္ကျီသည်ပင် တွန့်ကြေစပြုလေသည်။ သူမ၏ဗိုက်ထဲရှိ ကလေးသည်ပင် မောပန်းနေဖွယ်ခံစားရသည်။
နှစ်ဦးသားသည် ဒေါသများကြား အချိန်အတန်ကြာ နစ်မြှုပ်နေကြသည်။ ထို့နောက် ၀မ်ညန်သည် ယွဲ့ချန်လု၏ပခုံး၌ မှီကာ ရှိုက်သံလေးဖြင့် အားငယ်ဖွယ်ပြောလေသည်။ “အစ်ကို အစ်ကိုလည်း ကျွန်မကို ယွဲ့မိသားစုရဲ့ အရှက်ရစရာလို့ မြင်တာလား။ အဲ့လိုဆို ကျွန်မရဲ့ကလေးကိုခေါ်ပြီး ယွဲ့မိသားစုကနေ ထွက်သွားပါ့မယ်။ ကျွန်မတို့ သားအမိ သေသေရှင်ရှင် ဘယ်သူနဲ့မှမဆိုင်တော့ဘူး” ၀မ်ညန်သည် ယွဲ့ချန်လု၏လက်အား သူမ၏ဗိုက်ပေါ်၌ တင်ပေးကာ ကလေး၏လှုပ်ရှားနေမှုကို ခံစားစေသည်။
“ကျွန်မရဲ့ သနားစရာကောင်းတဲ့သားလေးက သူမွေးမွေးချင်း အဖမဲ့သွားပြီပေါ့….”
၀မ်ညန်၏အသံသည် ၀မ်းနည်းနေဟန် ပေါက်ကာ ထွက်သွားမည်ဟုသာ တထစ်ချ ပြောနေတော့သည်။ အရေးကြီးဆုံးမှာ ကလေး၏လှုပ်ရှားမှုကို ခံစားမိသည့်အတွက် ယွဲ့ချန်လု၏စိတ်သည် တဖန်ပျော့ပြောင်းလာတော့သည်။ ၀မ်ညန်အား ရင်ခွင်၌ထည့်ကာ ညင်သာစွာချော့မြူလေသည်။
“ဘာတွေလျှောက်တွေးနေတာလဲ။ အကုန်လုံးက ကောင်းနေတာကို ဘာလို့ ထွက်သွားမယ် ပြောနေတာလဲ။ အပြင်မှာ လူတွေဒီလောက်အများကြီးနံ့ မြေကြီးကလည်း ချော်နေသေးတယ်လေ။ အဲဒါကြောင့် အဖေက စိတ်ပူပြီး ပြောတာပါ။ မင်းနဲ့ကလေး ထိခိုက်မိရင် ပြဿနာတက်မှာပေါ့။ အဲဒါကြောင့် အဖေက အထဲကိုခေါ်သွားဖို့ ပြောတာပါ။ လျှောက်တွေးမနေနဲ့”
ယွဲ့ချန်လုသည် အသံကိုနှိမ့်ကာ ပြောပြီးနောက် သူ၏အပြုအမူသည်လည်း ညင်သာလာပေသည်။ ထို့အတွက် ၀မ်ညန်သည်လည်း အလိုက်သိဟန် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်မအတွေးများသွားတယ်ထင်တယ်။ အဖေ၊ အမေနဲ့ ဒီမိသားစုက ကလေးတွေက ကျွန်မကို မုန်းနေတယ်လို့ ခံစားရလို့ပါ။ အစ်ကို ဒီမိသားစုမှာ ကျွန်မမှီခိုလိူ့ရတာ အစ်ကိုပဲရှိတာပါ။ အစ်ကိုက ညီမအတွက် ကောင်းကင်ကြီးလိုပါပဲ”
၀မ်ညန်၏စကားများကြောင့် ယွဲ့ချန်လုသည် စိတ်ရောကိုယ်ပါ ကျေနပ်အား ရမှုခံစားလိုက်ရတာ သူ၏ယောက်ျားမာန်သည်လည်း တမျိုးတဖုံ နှစ်သိမ့်မှု ရလိုက်သည်ပင်ဖြစ်သည်။ ထို့ကြောင့် ၀မ်ညန်၏ကျောပြင်အား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“အဖေနဲ့အမေက မင်းကို အိမ်ထဲ ၀င်ခွင့်ပြုတယ်ဆိုမှတော့ မင်းကို သဘောကျလို့ပေါ့။ တခြားဘာမှလျှောက်တွေးမနေနဲ့။ မင်းသာ သားလေးမွေးပေးခဲ့ရင် တရား၀င်ဇနီးအဖြစ် တိုးပေးဖို့ အဖေ့ကို သွားပြောပေးမယ်”
ထိုစကားများ ကြားပြီးသည်နှင့် ၀မ်ညန်၏ လိုအင်ဆန္ဒမှာ ပြည့်၀သွားသလို ခံစားလိုက်ရပြီး ဗိုက်ပေါ်၌ တင်ထားသော လက်သည် ပို၍ညင်သာလာပေသည်။ သူမသာ သားယောက်ျားလေး မွေးပြီးသည်နှင့် အခက်အခဲအားလုံးအား အလွယ်တကူ ဖြေရှင်းနိုင်ပေမည်။
…………..
ယိုကျင့်နှင့်ညီအစ်မများသည် အနောက်ခြံထဲရှိ အဖြစ်အပျက်များကို မသိလိုက်ပေ။ သူမတို့သည် အအေးဒဏ်ကြောင့် နီရဲနေသည့် နှာခေါင်းများကို ရှုံ့လိုက်ကာ တရုတ်ဂေါ်ဖီထုပ်များကို ဆေးပြီး မီးဖိုချောင်ထဲ၌ အသုံးပြုရန် နေရာတကျထားလေသည်။
အနောက်ခြံထဲရှိ သားသတ်ခြင်းသည် လျင်မြန်ပေသည်။ ခဏလေးအတွင်း၌ ၀က်သားအိုးကြီး နှစ်အိုးနှင့် ၀က်သွေးခဲဇလုံကို အရှေ့ခြံထဲရှိ မီးဖိုချောင်ထဲသို့ လာပို့လေသညိ။ ယနေ့သည် ယွဲ့မိသားစု၏ အရေးကြီးသည့်နေ့ ဖြစ်သည့်အလျောက် အဘွားချန်သည်လည်း အရာတိုင်းကို မျက်စိဒေါက်ထောက်ကြည့်ရန် လိုအပ်ပေသည်။ အမျိုးသမီးချန်သည်ပင် ဇွန်းတစ်ဇွန်းစာ ပိုထည့်မိသည့်အတွက် ခဏခဏ အဆူခံရပေသည်။
“အသားနည်းနည်းထည့်စမ်းပါ။ အသုံးအဖြုန်း ကြီးလိုက်တဲ့မိန်းမ။ အသားတွေ အဲ့လောက်ထည့်လိုက်တာ နည်းနည်းလေးမှ မနှမြောဘူးလား”
အမျိုးသမီးချန်သည် အံကြိတ်ကာ ပြန်ပြောလိုက်လေသည်။ “သိပါပြီ အမေရယ် အထဲ၀င်နားလိုက်ပါတော့” ယနေ့၌ ယွဲ့မိသားစု၏ခြံ၀င်းသည် အသက်၀င်နေကာ ရွာထဲရှိ လူများလည်း အ၀င်အထွက် ပြုနေကြသည်။ သူမသည် အမေတစ်ယောက်ဖြစ်သည့်တိုင် ယောက္ခမဖြစ်သူဆီမှ ထိုသို့အဆူခံရသည့်အတွက် မကျေနပ်သည်မှာ သဘာ၀ကျပေသည်။
မီးဖိုချောင်သို့ ၀င်ကူရန် ဆွဲခေါ်ခံရသည့် ယွဲ့ယိုထင်သည် သစ်သားခုံကို ယူကာ မီးဖိုဘေး၌ ထိုင်ချပြီးနောက် သူမ၏ အ၀တ်အနားစများကို ပေတေမည် ကြောက်သည့်ဟန် မတင်လိုက်လေသည်။ အသီးအရွက်လှီးရင်း ချွေးများသုတ်လိုက်သည့် ယွဲ့ယိုရင်အား အထင်သေးသည့်မျက်နှာဘေးဖြင့် ကြည့်လိုက်သည်။ “အောက်တန်းစားက အောက်တန်းစားပါပဲ”
ယွဲ့ယိုရင်နှင့် အခြားသူများသည် သူမ ပြောသည်ကို မကြားခဲ့ပေ။ သူမတို့သည် အလုပ်များနေသည့်အတွက် ယွဲ့ယိုထင်အား မည်သို့ အာရုံစိုက်နိုင်မည်နည်း။ ဆူညံနေသည့် အပြင်ဘက်နှင့် ကွဲပြားစွာပင် မီးဖိုချောင်၌ အလုပ်များ ရှုပ်ရှက်ခတ်နေခဲ့သည်။ ဘောလုံးတစ်လုံးကဲ့သို့ ၀တ်ထားသည့် ယွဲ့၀မ်ဝေ့သည် အပြင်မှ အထဲသို့ ပြေး၀င်လာခဲ့သည်။ “အဘွားရေ ကိုကြီးတို့ ပြန်လာပြီ”
မြို့ပေါ်၌ စာလေ့လာနေသည့် မြေးဖြစ်သူများ ပြန်လာသည်ဖြစ်ကြောင်း ကြားသည်နှင့် အောင့်သက်သက် ဖြစ်နေသည့် အဘွားချန်၏ မျက်နှာသည် အံ့ဩပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
“မင်းအစ်ကိုတွေက ဒီအချိန်ကြီး ဘာလို့ပြန်လာတာတဲ့လဲ” ထိုသို့ပြောပြီးသည်နှင့် အဘွားချန်သည် အမြန်ထကာ ယွဲ့မိသားစု၏ ဂုဏ်ကျက်သရေဆောင်များကို နှုတ်ဆက်ရန်ထွက်သွားလေသည်။
အမျိုးသမီးချန်သည် နောက်မှလိုက်ရန် ပြင်ဆင်နေစဉ် အဘွားချန်၏အကြည့်ဖြင့် ဟန့်တားခံလိုက်ရသည်။
“ကိုယ့်အလုပ်ကိုလုပ်” အဘွားချန်တစ်ယောက် ပျော်ရွှင်စွာ ထွက်သွားသည်ကို ကြည့်ရင်း အမျိုးသမီးချန်သည် သူမ၏မကျေနပ်မှုများကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလေသည်။
“ငါ့သားတွေ ပြန်လာတာတောင် ငါက ထွက်မတွေ့ရဘူး။ ဘာဖြစ်ချင်နေတာလဲ”
ထို့နောက် ၀က်သားအိုးထဲရှိ ၀က်သားကို စိုက်ကြည့်နေသည့် ယွဲ့၀မ်ဝေ့အား တားလိုက်လေသည်။
“၀မ်ဝေ့ နင့်အစ်ကိုတွေ ပြန်လာတာ သွားနှုတ်ဆက်ချေ” သားဖြစ်သူသည် ခြေပင်မြှောက်ရန် ငြင်းဆန်နေသည့်အတွက် မီးဖိုချောင်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သားဖြစ်သူသည် စိုးစဉ်းမျှ မရွေ့သည့်အတွက် ဇွန်းကြီးဖြင့် အဆီပြည့်နေသည့် ၀က်သားတုံးကို ခပ်ပေးလိုက်လေသည်။
“အမြန်စားပြီး နင့်အစ်ကိုတွေကို သွားကြည့်ချေ။ ပြီးကျ အမေ့ကို ပြန်လာပြော”
၀က်သားတုံးကို မြင်သည်နှင့် အပူလောင်မည်ကိုပင် ဂရုမစိုက်ဘဲ ၀က်သားတုံးကို ယူရန် လက်ဆန့်ကာ ပါးစပ်ထဲသို့ ထည့်တော့သည်။ အဆီပြည့်နေသည့် အသားတုံးကြီးအား သုံးကိုက်တည်းဖြင့် အပြီးသတ်လိုက်လေသည်။ ထို့နောက် အမျိုးသမီးချန်၏ တောင်းဆိုမှုကို လက်ခံလိုက်ပြီး အပြင်သို့ ပြေးထွက်သွားတော့သည်။
ခဏအကြာ၌ ယွဲ့၀မ်ဝေ့သည် ပုဇဉ်းကဲ့သို့ ပြန်ပြေးလာလေသည်။
“အမေ အစ်ကိုကြီးနဲ့ အကိုလတ်က အ၀တ်ကောင်းတွေ၀တ်ထားတဲ့ သခင်လေးနှစ်ယောက်နဲ့ ပြန်လာတာ။ သူတို့အတန်းဖော်တွေလို့ ပြောတာပဲ”
“မြို့ပေါ်က သခင်လေးတွေ” သူမ၏သားနှစ်ယောက်သည် အတန်းဖော်နှစ်ဦးအား ခေါ်လာသည်ဟု ကြားသောအခါ အကြောင်းပြချက်ကို မေးရမည့်အစား ယွဲ့ယိုထင်အား တလက်လက်ထနေသည့် မျက်၀န်းများဖြင့် ကြည့်လိုက်လေသည်။
“ယိုထင် အင်္ကျီအမြန် သွားလဲပြီး ဧည့်သည်တွေကို သွားနှုတ်ဆက်ချည်” ယွဲ့ယိုထင်သည် အသက်ပြည့်အခမ်းအနား ကျင်းပတော့မည့် ပျိုဖော်၀င်စအရွယ် ဖြစ်သည်။ ထို့ကြောင့် မိခင်ဖြစ်သူ၏စကားကို ကြားသည့်အခါ ရှက်သွေးဖြာပြီး စူအောင့်အောင့်ကြည့်လိုက်သည်။ “အမေ”
အမျိုးသမီးချန်သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“တုံးလိုက်တဲ့ကလေးမ ဘာရှက်စရာရှိလို့လဲ။ သွားအမြန် အ၀တ်သွားလဲချေ” မြို့ပေါ်ရှိ သခင်လေးများသည် ချွေ့ဖုန်းရွာသို့ ရောက်လာကြသည်။ ထိုကဲ့သို့ ကိစ္စရပ်များသည် ရှားပါးလှပေသည်။ သမီးဖြစ်သူသာ ထိုအခွင့်အရေးကို ရယူကာ ချမ်းသာသည့် မိသားစုမှ သခင်လေးများနှင့် ရင်းနှီးခွင့်ရမည်ဆိုလျှင် ထိုထဲမှ တစ်ယောက်ယောက်က သူမ၏သမီးကို လက်ထပ်လိမ့်မည်မလား။ မိသားစုကောင်းနှင့် လက်ထပ်နိုင်လျှင် သခင်မလေးဖြစ်နိုင်တယ်မလား။
မိခင်ဖြစ်သူသည် အပြုံးများဖြင့် ပျော်ရွှင်နေသည်ကို မြင်ရသည့်အတွက် ယွဲ့ယိုထင်သည် ပို၍ပင် ရှက်လာကာ အနောက်ခြံ၀င်းထဲသို့ မတည်မငြိမ်ဖြင့် ထွက်သွားလေသည်။ ယွဲ့၀မ်ဝေ့သည် ထိုအရာများကို နားမလည်ပါချေ။ ဆနာက်ထပ်အသားတစ်တုံးကို စားရန်ကိုသာ ပို၍ စိတ်၀င်စားပေသည်။ မိခင်ဖြစ်သူနှင့် အမဖြစ်သူကြားရှိ စကားအသွားအလာများကြောင့် စိတ်ရှုပ်လာတော့သည်။ “အမေ မမကြီးကို ဘာတွေပြောနေတာလဲ”
အမျိုးသမီးချန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားလေသည်။ အမျိုးသမီးချန်သည် ၀က်သွားခိုးရန် ကြံနေသော ယွဲ့၀မ်ဝေ့အား တားလိုက်လေသည်။
“ကိုယ်လုပ်သင့်တာ သွားလုပ်ချည်။ ခိုးစားဖို့ကျန်မနေနဲ့။ အသားတွေ လျော့နေတာ သူသိရင် နင့်အရေခွံကို စုတ်ပစ်လိမ့်မယ်”
ယွဲ့၀မ်ဝေ့သည် မိခင်ဖြစ်သူ၏တွန်းထုတ်မှုကို ခံလိုက်ရလေသည်။ ၀က်သား ထပ်မစားရသောကြောင့် သူမအား လှောင်ပြောင်ကာ မည်သူမျှ မသိသည့်နေရာ၌ ကစားရန် ထွက်သွားတော့သည်။
အလိုက်မသိသည့် သားဖြစ်သူအား မကျေမနပ်ကြည့်လိုက်ပြီးနောက် အိုးထဲရှိ ဟင်းများအတွက် မီးမွေးလိုက်တော့သည်။ သမီးဖြစ်သူကို မြို့ပေါ်တွင် လက်ထပ်ပေးရန်ဆိုသည့် အတွေးများဖြင့် ပြည့်နှက်နေလေသည်။ သူမ၏စိတ်အခြေအနေသည် တဖြည်းဖြည်းဖြင့် ကောင်းမွန်လာပေသည်။ ထို့နောက် သူမသည် သမီးဖြစ်သူနောက်လိုက်ကာ အေးဆေးသက်သာစွာ နေထိုင်နိုင်တော့မည် ဖြစ်သည်။ သူမသည် စိတ်ကူးယဥ်နေကာ သူမတို့၏ စကားဝိုင်းကို ထောင့်၌ ဆောင့်ကြောင့်ထိုင်ကာ နားထောင်နေသည့် ယိုပေါင်၏ တည်ရှိမှုကိုပင် သတိမထားမိတော့ချေ။
…