EYYJ အပိုင်း ၂၈

အပိုင်း (၂၈) နှင်းကျတဲ့ကာလအတွင်း အဖျားတက်ခြင်း

လတ်တလောနှစ်များတွင် ရာသီဥတုက တစတစပိုအေးလာ၏။ ချွေ့ဖုန်းတောင်စဥ်တန်းများပင် အခုတော့ ကျယ်ပြန့်သည့်အဖြူရောင်လွင်ပြင်ကြီးဖြစ်လို့ပင်။ ချွေ့ဖုန်းရွာ၏လမ်းဘေးက နှင်းများပေါ်တွင် ခြေရာနက်နက်တစ်ခု ရှိနေသည်။ ထူထပ်သည့်နှင်းများကို မြင်လိုက်ပြီး ရွာမှာ လူကြီးများက မျက်ခုံးများကို ပင့်ကာ မှတ်ချက်ပေးကြလေသည်။

“ အချိန်ကိုက် နှင်းကျတယ်ဆိုတာ ပေါများကြွယ်ဝမဲ့နှစ်တစ်နှစ်ဖြစ်မယ်လို့ ပြောတာပဲ၊ ကြည့်ရတာ နောက်နှစ်ကတော့ စပါးအထွက်တိုးမဲ့နှစ်ပဲ ဖြစ်မယ်”

ယိုကျင့်သည် ထိုစကားကို နားမလည်ပေ။ နှင်းများထူထပ်သည်က သွားလာရခက်ခဲသည်ဟုသာ သူမခံစားရလေသည်။ သည်နေ့လို့ အေးခဲသည့်နေ့မျိုးတွင် သူမသည် ချွေ့ဖုန်းတောင်ပေါ်သို့ တစ်ယောက်ထဲ တက်လာခဲ့သည်။ အဘွားက နှစ်သစ်ကူးနီးလာပြီး မိသားစုကလည်း လူများသဖြင့် ထင်းမီး မလုံလောက်တော့ဟု ပြောနေသည်။ ထို့ကြောင့် သူမက ယိုကျင့်ကို တောင်ပေါ်တက်ခိုင်းကာ ထင်းများကောက်ခိုင်းတော့သည်။

အပြင်လူတစ်ယောက်ယောက်သာ မြင်လျှင် သူတို့အားလုံး အော်ရယ်ကြပေလိမ့်မည်။ ယွဲ့တာ့ဖူနှင့် ယွဲ့ချန်လု နှစ်ယောက်လုံး အိမ်မှာ သီးခြားစီ ရှိနေကြ၏။ လူကြီးနှစ်ယောက်က ထင်းမကောက်ဘဲ ၁၂နှစ်တောင် မပြည့်သေးသည့် မိန်းမငယ်လေးကို တောင်ပေါ်တက် ထင်းကောက်ခိုင်းသည်တဲ့။ ဆောင်းလယ်ကာလတွင် တောင်ပေါ်က တိရိစ္ဆာန်အားလုံး အစားအစာပြတ်လပ်ကြမည်ကို လူတိုင်း သိကြလေသည်။ ကျား၊ သို့မဟုတ် ဝံပုလွေနှင့်သာ တိုးခဲ့လျှင် သူတို့၏အသက်များ ဆုံးရှုံးရပေလိမ့်မည်။

အဘွားချန်က ဘာဂရုစိုက်မှာလဲ။ ဒီလိုအချိန်ကြီး သူမကို တောင်ပေါ်တက်ခိုင်းတာက သွားသေခိုင်းတာနဲ့ အတူတူပဲဆို သူမကောင်းကောင်းသိသားပဲ။ ဒါကြောင့်ပဲ သူမ ယိုကျင့်ကို တောင်ပေါ်ကို လွှတ်လိုက်တာပေါ့။ ခုတင်ပေါ်တွင် ထိုင်ရင်း မျက်စိမှိတ်ပြကာ ပြောလေသည်။

“ ကျားဖမ်းခံရတယ်ဆိုလည်း သူ ကံမကောင်းလို့လို့ပဲ ပြောရမှာပဲ၊ အိမ်ကယောက်ျားတွေကို သူ့ကိုယ်စားတော့ မသွားခိုင်းနိုင်ပါဘူး”

“ အမေပြောတာ ဟုတ်ပါတယ်၊ ကျွန်မသာ အခုနေ ကိုယ်ဝန် မရှိနေရင် အဖေနဲ့ အမေကို ပိုပြီး ပြုစုစောင့်ရှောက်ပေးနိုင်မှာပဲ”

ဝမ်ညန်သည် ကျောမနာ ခါးမနာ မတ်တတ်ရပ်ကာ ပြောနေလေသည်။ သူမသည် အိမ်တော်ထဲသို့ ဝင်လာသည်မှာ လဝက်ပင်မရှိသေးသော်လည်း အဘွားချန် စိတ်ချမ်းသာအောင် မည်သို့ နူးနပ်ရမည်ကိုသိလေသည်။

“ ယိုကျင့်က ကျွန်မတို့ဒုတိယမိသားစုရဲ့ အကြီးဆုံးသမီးပဲ၊ အစ်မကြီးစုကလည်း ကျန်းမာရေး မကောင်းဘူးဆိုတော့ သူက သူ့အမေကို ပိုကြီးသိတတ်ရမယ်လေ”

အဘွားချန်သည် ဝမ်ညန်၏ မျက်နှာလုပ်နေသည့် စကားတွင် လည်ထွက်နေကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။

“ နင်က တော်တော် သိတတ်တာပဲ၊ ဒီလောကမှာ လိမ္မာသိတတ်တာထက် ပိုကြီးမြတ်တဲ့စကားမရှိဘူး ဟုတ်တယ်မလား”

သူမသည် ခုတင်ပေါ်တွင် ခြေချိတ်ထိုင်ရင်း ယွဲ့တာ့ဖူ၏နှစ်သစ်ကူးအဝတ်အစားများကို ချုပ်ရင်း အလုပ်များနေလေသည်။ အေးချမ်းလွန်းသည့် ရာသီဥတုကြောင့် အချိန်မရွေး သေသွားနိုင်သည့် သူမ၏မြေးမလေးကို ဂရုမစိုက်ချေ။

ကံအာားလျော်စွာ ယိုကျင့်သည် အတိတ်ဘဝက တောတွင်း အသက်ရှင်နေထိုင်းခြင်းကို အတွေ့အကြုံများစွာ ရှိခဲ့၏။ တောင်ခြေတွင် ထင်းများကောက်ရုံဖြစ်လေသည်။ ကိစ္စကြီးမဟုတ်။ သူမ သယ်နေကျ ခြင်းတောင်းကို ကျောတွင် သယ်ထား၏။ ခြင်းထဲတွင် တောက်ပြောင်နေအောင် သွေးထားသည့် သစ်ခုတ်ဓားတစ်ချောင်း ရှိလေသည်။ နှင်းများကြားတွင် လမ်းလျှောက်ရင်း ဂရုတစိုက်ဖြင့် တောင်ပတ်လည်ကို လျှောက်သွားလိုက်သည်။ နောက်ဆုံး တောင်များသည် ဆောင်းခိုတိရိစ္ဆာန်များ ပြည့်နေသည့်နေရာတစ်ခုပင်။ မျက်မမြင်ဝက်ဝံသားရဲဂူထဲသို့ ဝင်သွားမိလျှင် ကျောချမ်းစရာ။

ယိုကျင့်မှာ ကံကောင်းဟန်မတူချေ။ တောင်ပေါ်က ဆောင်းခိုတိရိစ္ဆာန်များကို မနှောင့်ယှက်မိအောင် သတိထားနေကာမှ နှင်းသိုက်တစ်ခုကို နင်းမိသွားတော့သည်။ သူမခန္ဓာကိုယ်တစ်ဝက်သည် တွင်းလေးတစ်ခုထဲ ကျသွားတော့သည်။ အခိုက်အတန့်တွင်း ယိုကျင့် ချက်ချင်းတုံ့ပြန်လိုက်၏။ ချက်ချင်းပင် နှင်းပုံအောက်က နွယ်ကြိုးခြောက်ကို လှမ်းဆွဲလိုက်လေသည်။ အေးစက်နေသည့် နှင်းများသည် အင်္ကျီအနားတစ်လျှောက် လျှောဆင်းသွားတော့သည်။ သို့တိုင် ယိုကျင့်မှာ ထိုအရာများကို ဂရုစိုက်ချိန်မရှိချေ။ အကောင်းဆုံးကြိုးစားကာ ပြန်တက်လိုက်လေသည်။

သည်တွင်းသည် အတော်နက်လှ၏။ ယိုကျင့်၏ခန္ဓာကိုယ်တစ်ဝက်က တွင်းထဲသို့ ကျသွားသည်ပြင် အောက်ကို မထိသေးချေ။ သည်လို အေးစက်သည့်ရာသီဥတုတွင် တွင်းထဲသို့ ကျသွားလျှင် ပြန်တက်ရခက်သွားတော့မည်။ သူမသည် သည်နေရာတွင် အေးခဲကာ သေသွားမည် သေချာသည်။ ထို့ကြောင့် ယိုကျင့် အံကြိတ်လိုက်ပြီး အကောင်းဆုံး ကြိုးစားတက်လိုက်တော့သည်။

ယိုကျင့်သည် အချိန်မီ လှုပ်ရှားလိုက်သော်လည်း ဆောင်းတွင်းဖြစ်နေသည့်အတွက် သူမ၏လှုပ်ရှားမှုက နှေးကွေးနေသေးသည်။ ထို့အချင်းရာထက် ယိုကျင့်၏ခန္ဓာကိုယ်သည အလွန်သေးငယ်ပြိး အားကလည်း လုံလုံလောက်လောက်မရှိချေ။ အချိန်တော်တော်ကြာသည်အထိ ရုန်းကန်ခဲ့ရ၏။ သူမ၏ခန္ဓာကိုယ်မှာ နှင်းများဖြင့် စိုရွှဲသွားချိန်မှ တွင်းဝက တက်လာနိုင်တော့သည်။

တွင်းထဲက လေးဘက်ထောက်တက်လာပြီး မောပမ်းနေသည့် ယိုကျင့်သည် နှင်းထဲတွင် မလှုပ်မယှက် ထိုင်ချလိုက်တော့သည်။ သူမသည် အလွန်မောဟိုက်နေတော့သည်။ ဒီဇင်ဘာ၏ အေးခဲသည့် ဆောင်းတွင်းတစ်ခု ဖြစ်လေသည်။ သို့သော် ချွေးများက ဒရဟောထွက်နေ၏။ ခန္ဓာကိုယ်အပူချိန်နှင့် လုံးဝစိုစွတ်နေသည့် အနွေးထည်ဖောင်းဖောင်းတို့ကြောင့် ယိုကျင့်မှာ မနေနိုင်ဘဲ တုန်ယင်နေတော့သည်။

“ဟက်ချိုး”

ကောင်းကောင်းအနားယူလိုက်ပြီးနောက် ယိုကျင့် နှင်းများကိ ခါချလိုက်၏။ ထိုအချိန်မှ အခုလေးတင် ကျသွားတော့မလိုဖြစ်ခဲ့သည့်တွင်းကို လှည့်ကြည့်ရန် အားရှိလာတော့သည်။ သူမ မကြည့်လျှင် သိလိမ့်မည်မဟုတ်။ အခုမှ မြင်လိုက်ရပြီး လန့်ဖျတ်သွားတော့သည်။ စားပါးကြီးမြွေကြီးတစ်ကောင်က ဘောလုံးတစ်လုံးလို ကွေးကာ ရှိနေသည်။

ယိုကျင့်သည် ထိုအရာကို မြင်လိုက်ပြီးနောက် ချွေးများ ပျံသွားတော့သည်။ သူမ အမှန်တကယ် တွင်းထဲကျသွားလျှင် ပြန်တက်လာဖို့မပြောနှင့် ဆောင်းခိုနေသည့် အဆိပ်မြွေကြီးကို နိုးမိသလိုဖြစ်သွားတော့မည်။ သူမ ကံဆိုးမိုးမှောင်ကျမည့်အရေးကြောင်း လန့်သွားတော့သည်။ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူမ ပြုတ်ကျတော့မလို ဖြစ်ခဲ့သည့် တွင်းကို နှင်းများဖြင့် မြန်မြန်ဆန်ဆန် ဖုံးလိုက်တော့သည်။ ထို့နောက် ထင်းများပြည့်နေသည့် ခြင်းနှင့် သစ်ကိုင်းခြောက်ကြီးနှစ်ကို ဆွဲကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။

သူမသည် မြွေကြီးဗိုက်ထဲတွင် မြုပ်မခံလိုက်ရသော်လည်း ထင်းများ ခုတ်ပြီးနောက် ထိုညမှာပင် ဖျားသွားတော့သည်။

“စန်းကျဲ စန်းကျဲ ထပါအုံး”

တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ပထမဆုံးသတိထားမိသူက သူမဘေးတွင် အိပ်သည့် ယိုရင်ပင်။ ခုတင်သည် နွေးထွေးနေသော်လည်း ယိုကျင့်နှင့် အနီးဆုံးတွင် ရှိသည့်ယိုရင်က ပူကျစ်ကာ မူမမှန်သည့် အပူချိန်ကို ခံစားလိုက်ရသည်။ ထိုအခါမှ စန်းကျဲမှာ အဖျားရှိနေမှန်း သူမသိလိုက်ရ၏။

ယိုကျင့်က နိုးမလာချေ။ သို့သော် သူမဘေးက ယိုကျူးနှင့် ယိုပေါင်က နိုးလာခဲ့၏။ စန်းကျဲ နေမကောင်း ဖြစ်နေသည်ဟု ကြားလိုက်ချိန်၌ သူတို့အားလုံး ကုန်းကုန်းကွကွဖြင့် လေးဖက်ထောက်ကာ ရောက်လာကြလေသည်။

“ ဘာဖြစ်တာလဲ၊ စန်းကျဲက ဘာလို့ ရုတ်တရက်ကြီး ဖျားသွားတာလဲ”

“ ငါလည်း မသိဘူး၊ နေ့ခင်းတုန်းက စန်းကျန် တောင်ပေါ်က ပြန်လာတုန်းကတော့ သူ့အဝတ်အစားတွေ အင်္ကျီလက်အထိ နှင်းတွေနဲ့ စိုနေတာ တွေ့ခဲ့တယ်၊ အဲတုန်းက ငါ သူ့ကို အဝတ်လဲဖို့ ပြောခဲ့သေးတယ်၊ ဒါပေမဲ့ သူ အအေးမိသွားတုန်းပဲ”

သူမ ထလိုက်ပြီး အပြင်ခန်း ရေနံဆီမီးကို ထွန်းလိုက်လေသည်။ ထိုအခါမှ ယိုကျင့်၏မျက်နှာက အဖျားကြောင့် နီရဲနေသည်ကို တွေ့လိုက်ရတော့သည်။

အပြင်းဖျားကာ သတိလစ်နေသည့်ယိုကျင့်ကို မြင်လိုက်ချိန်၌ ညီအစ်မသုံးယောက်မှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတော့သည်။ ထို့ကြောင့် သူတို့သည် အမျိုးသမီးစုကို နှိုးလိုက်တော့သည်။ အတွင်းခန်းမှ အမျိုးသမီးစုသည် အပြင်ဘက်က လှုပ်ရှားမှုကို ကြားလိုက်ရချိန်၌ နိုးလာ၏။ ယိုကျင့် ဖျားနေသည်ဟု ကြားလိုက်ရပြီး ယိုရင်အား လက်ကိုင်ပဝါကို ယူပြီး အပြင်က နှင်းတချို့ သွားယူကာ အေးအောင် ဆွတ်ခိုင်းလိုက်လေသည်။

“ စန်းကျဲကို အရင်ဆုံးအေးသွားအောင် လုပ်ပေးလိုက်၊ သူ့အပူချိန်ကျသွားရင် နေကောင်းလာလိမ့်မယ်’

ယိုရင်သည် သစ်သားဇလုံကို မြန်မြန်ယူလာကာ ခြံထဲက နှင်းများကို ထည့်လိုက်ပြီး ပြန်လာခဲ့သည်။ ထို့ကြောင့် လက်ကိုင်ပဝါကို နှင်းထဲတွင် နှစ်ကာ ခဏအေးအောင်လုပ်လိုက်ပြီးနောက် ယိုကျင့်နှဖူးပေါ် တင်ပေးလိုက်လေသည်။ ယိုကျူးနှင့် ယိုပေါင်တို့သည် နီရဲနေသည့်စန်းကျဲကို ကြည့်ရင်း ပို၍စိုးရိမ်လာကြတော့သည်။ စန်းကျဲ ပြိုလဲသွားသည်ကို ပထမဆုံးအကြိမ် မြင်လိုက်ရခြင်းပင်။ သူတို့ မစိုးရိမ်ဘဲ ဘယ်မှာ ရှိပါမည်နည်း။

ယိုကျူး စိုးရိမ်တကြီးမေးလိုက်၏။

“ အမေ သမီးတို့ စန်းကျဲကို ဒီအတိုင်း အဖျားနဲ့ ထားထားရတော့မှာလား။ သမီးတို့ သမားတော် သွားပင့်သင့်တယ်မလား”

သူ ဖျားပြီးရူးသွားရင် ဘယ်လိုလုပ်မလဲ။ စန်းကျဲက သူတို့ရဲ့အားကိုးရာလေ။ သူ လဲကျသွားလို့မဖြစ်ဘူး။

“ ညသန်းခေါင်ကြီးလေကွယ်၊ သမားတော်သွားပင့်ရင် တစ်အိမ်လုံး ဆူညံသွားလိမ့်မယ်၊ သမီးတို့အဘွားက သေချာပေါက် ထဖောက်မှာပဲ”

အမျိုးသမီးစုသည် ယိုကျင့်၏အခြေအနေကို အလွန်စိုးရိမ်နေ၏။ ဒါပေမဲ့ အခုတော့ ယိုကျင့်က ဖျားနေတယ်။ သူမကလည်း တစ်ချိန်လုံး နေမကောင်းဖြစ်နေတာ။ ပြဿနာတက်ရင် ဒီကလေးတွေကို ဘယ်သူကာကွယ်ပေးမှာလဲ။ သက်ပြင်းချရင်း သူမ ခပ်ယဲ့ယဲ့ ပြောလိုက်လေသည်။

“ ပြီးတော့ အမေတို့မှာ ငွေမရှိဘူးလေ”

“ စန်းကျဲမှာ ငွေရှိတယ်မလား”

ယိုကျူးသည် လေသံတိုးတိုးဖြင့် ပြန်ချေပ၏။ စန်းကျဲက ကိုယ်ပိုင်ငွေအများကြီး စုထားမှန်း တခြားသူ သိသွားမည်ကို စိုးရိမ်နေ၏။ သို့သော် စန်းကျဲ ဖျားနေပြီ။ သူတို့သည် စန်းကျဲကို ဆေးကုပေးရန် ငွေထုတ်ရတော့မည်။

သို့သော် အမျိုးသမီးက မတတ်သာဘဲ ခေါင်းသာခါပြလိုက်လေသည်။

“ ငွေတွေကို သမီးတို့စန်းကျဲက ဝှက်ထားတာလေ၊ သူ ဘယ်မှာထားလဲ အမေမသိဘူး၊ အမေ့ဆီမှာလည်း ငွေမရှိဘူးလေ…”

သူမသည် စိတ်ယိုင်လွယ်မှန်း ယိုကျင့် သိလေသည်။ ထို့ကြောင့် ငွေအားလုံးကို သူမဟာသူမ ဝှက်ထားလိုက်၏။ ငွေများကို ဘယ်မှာထားမှန်း အမျိုးသမီးစု မသိချေ။

“ ဒါဆို သမီးတို့က စန်းကျဲကို ဒီအတိုင်း ပေးဖျားထားရတော့မှာလား၊ သူ့ဦးနှောက် ထိသွားရင် ဘယ်လိုလုပ်မလဲ”

ယိုကျူးသည် အလွန်စိုးရိမ်သွားပြီး မျက်ရည်များ ကျလာတော့သည်။ အပေါ်ထပ်အနွေးထည်ကို ဝတ်ကာ အပြင်ထွက်လာခဲ့၏။

“ သမီး စန်းကျဲကို ကယ်ပေးဖို့ သမားတော်မာဆီ သွားတောင်းပန်မယ်”

အခု အပြင်မှာ နှင်းတွေကျနေတာလေ။ အဲဒါထက် မှောင်မည်းနေတာပဲ။ ယိုကျူးတစ်ယောက် မီးအိမ်မပါဘဲ ဘယ်လောက်ဝေးဝေးသွားနိုင်မှာလဲ။ ယွဲ့မိသားစုခြံဝင်း၏ ကျောက်ခဲတစ်ပစ်စာ အကွားအဝေး ရောက်တော့ ယိုရင်က နောက်မှလိုက်လာပြီး သူမကို ပြန်ဆွဲခေါ်လာတော့သည်။

“ ဒီနေ့နှင်းတွေ အရမ်းကျနေတယ်၊ နင် ဘာလုပ်မလို့လဲ”

မျက်နှာပေါ်တွင် မျက်ရည်များဖြင့် ယိုကျူးသည် သူမကို ဖမ်းဆွဲထားသည့် ယိုရင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး

“ စန်းကျဲ ဖျားနေတာကို နင်ကထိုင်ကြည့်နေနိုင်ပေမဲ့ ငါက မကြည့်နေနိုင်ဘူး၊ နင် မကယ်နိုင်ရင် စန်းကျဲကို ကယ်ပေးဖို့ တစ်ယောက်ယောက်ကို သွားရှာရမှာပဲ”

“ယွဲ့ယိုကျူး ကျေးဇူးပြုပြီး ပြဿနာရှာတာ ရပ်ပါတော့ ဟုတ်ပြီလား”

ဒါသည် ယိုရင်က ယိုကျူးကို အသံကျယ်ကျယ်ဖြင့် ပထမဆုံးအကြိမ် အော်ငေါက်ဖူးခြင်းပင်။ တိတ်ဆိတ်နေသည့်ရွာထဲတွင် အသံက တော်တော်ကျယ်လေသည်။

“ စန်းကျဲက အခုမှ ဖျားရုံပဲရှိသေး နင်က ပြဿနာစရှာနေပြီပေါ့ ဟုတ်လား၊ စန်းကျဲ ကံမကောင်းတာတွေနဲ့ ကြုံနေရတာကို ဘယ်သူမှ မမြင်ချင်ဘူး၊ နင် ဘာပဲလုပ်လုပ် နင့်ခေါင်းကိုသုံးပြီး စဥ်းစားအုံး”

ယိုကျူးသည် ယိုရင်၏ စူးစူးဝါးဝါးအော်သံကြောင့် လန့်ဖျတ်သွားပြီး ခဏအကြာမှ သတိပြန်ဝင်လာကာ

“အစ်မယိုရင် ငါတို့တွေ ဘာလုပ်သင့်တယ်လို့ ထင်လဲဟင်…”

ညီအစ်မနှစ်ယောက်သည် လေထဲ နှင်းတောထဲတွင် ရပ်နေကြလေသည်။ လေသံနှင့် နှင်းကျသံများကိုသာ ကြားရနေ၏။ မကြာခဏဆိုသလို အဝေးတနေရာမှ ခွေးဟောင်သံများကို ကြားနေရ၏။ ယိုရင် ခြောက်နေသည့်လည်ချောင်းထဲက တံတွေးကို မျိုချလိုက်ပြီး မကြာခင် အေးခဲသွားတော့မလို ခံစားလိုက်ရတော့သည်။

“အရင်ဆုံးပြန်ရအောင်၊ စန်းကျဲရဲ့အဖျား သက်သာသွားအောင် လုပ်လို့ရမဲ့နည်းလမ်းတော့ ရှိမှာပါ၊ ဒီနေ့ နှင်းလည်းအရမ်းကျပြီး လမ်းက ချော်နေတယ်၊ နင်လည်း တစ်ခုခုထပ်ဖြစ်ရင် စန်းကျဲ နေကောင်းလာတာနဲ့ ငါတို့ကို အပြစ်တင်လိမ့်မယ်”

ယိုရင်၏စကားကို နားထောင်လိုက်ပြီးနောက် ယိုကျူး အသက်မပါသလို ခေါင်းညိတ်ပြလိုက်တော့သည်။ နှင်းများ ဖုံးနေသည် ညီအစ်မနှစ်ယောက်သည် တစ်ယောက်က လေးလံသည့်ခြေလှမ်းဖြင့် လျှောက်လာပြီး တစ်ယောက်ကတော့ ပေါ့ပါးစွာလျှောက်ကာ ပြန်လာကြလေသည်။

သူတို့သည် သမားတော် ခေါ်ရန် ငွေမရှိသော်လည်း ညကြီးမင်းကြီး ယွဲ့မိသားစုကိုလည်း မနိုးရဲချေ။ ယိုရင်နှင့် ညီအစ်မမျာသည် ယိုကျင့်၏ခန္ဓာကိုယ်ကို အပူကျရန် ရေခဲရေဆွတ်ထားသည့် လက်ကိုင်ပဝါဖြင့် သုတ်သင်ပေးနေလေသည်။ ရှောင်ပါ့နှင့် ရှောင်ကျို့တို့သည် ဘေးတွင်ထိုင်နေ၏။ သူတို့၏ခေါင်းများသည် ငိုက်ကျနေသော်လည်း အိပ်ရန် ငြင်းဆန်နေကြသည်။ သူတို့သည် စန်းကျဲကို စောင့်ကြည့်ရန်သာ စိတ်အားထက်သန်နေတော့သည်။

***

နောက်တစ်နေ့မနက်စောစောတွင် ယိုကျင့်သည် အိပ်ချင်မူးတူးဖြင့် လေးလံနေသည့်မျက်လုံးကို ဖွင့်လိုက်ရာ ဘေးတွင် ခေါင်းလေးကို လက်ဖြင့်ထောက်ပြီး ထိုင်ကာ အိပ်နေသည့် ယိုရင်ကို တွေ့လိုက်ရလေသည်။ သူမ စကားပြောမည်ပြင်လိုက်စဥ် သူမ၏အသံမှာ ခြောက်ကပ်နေပြီး အသံဝင်နေကာ လည်ချောင်းအနည်းငယ် နာနေသည်ကို သတိထားမိလိုက်လေသည်။

ယိုရင်သည် စန်းကျဲ မသက်မသာ ဖြစ်မည်စိုးသဖြင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဲချေ။ သူမ၏လှုပ်ရှားမှုကို ကြားလိုက်သည်နှင့် ချက်ချင်းနိုးလာလေသည်။ ယိုကျင့်နိုးလာသည်ကို တွေ့လိုက်ရသဖြင် သူမ အလွန်ပျော်သွားတော့သည်.

“ စန်းကျဲ အစ်မ နိုးလာပြီ”

ထိုနောက် ယိုကျင့်၏နောက်တွင် ခေါင်းအုံးတစ်ခု အမြန်ထည့်ပေးလိုက်ပြီး သူမကို ထိုင်လို့ရအောင် တွဲထူပေးလိုက်သည်။

“ မနေ့က အစ်မ ရုတ်တရက်ကြီး အပြင်းဖျားတာလေ၊ ညီမလေးတို့ အရမ်းလန့်သွားတာပဲ”

ယိုကျူးပေးသည့် ရေနွေးတစ်ပန်းကန်ကို ယူလိုက်ကာ ယိုကျင့် ပန်းကန်တစ်ဝက်စာ ငုံ့သောက်လိုက်လေသည်။ ရှည်ကြာစွာမိုးခေါင်ပြီးနောက် မိုးတစ်ပေါက် ရွာချလိုက်သလိုပင် သူမ ပြန်လန်းဆန်းလာတော့သည်။ အိပ်ရေးပျက်သွားသဖြင့် မျက်ကွင်းညိုနေကြသည့် ညီအစ်မများ၏ မျက်လုံးများကို ကြည့်ရင်း ယိုကျင့် စိတ်အေးသည့်အပြုံးဖြင့် ပြုံးလိုက်၏။

“ စိတ်မပူနဲ့တော့နော်၊ စန်းကျဲ ကောင်းသွားမှာပါ”

“စန်းကျဲ”

နောက်ဆုံးတော့ သူမနေပြန်ကောင်းလာသည်ကို တွေ့လိုက်ရသဖြင့် ယိုကျုးသည် အားရဝမ်းသာဖြင့် သူမ၏ရင်ခွင်ထဲ ခုန်ဝင်လိုက်လေသည်။ သူမ၏မျက်လုံးများသည် ငိုတော့မည့်နှယ် နီရဲနေ၏။

“ ညီမလေးတို့တွေ အစ်မများ တစ်ခုခုဖြစ်သွားမလားဆိုပြီး အရမ်းစိုးရိမ်နေတာ”

ယိုကျူးကို ညာဖက်လက်ဖြင့် ဖက်ထားပြီး သူမ၏ဘယ်ဖက်တွင် ထိုင်နေသည့် ယိုရင်ကို ပုတ်ပေးကာ ချော့လိုက်လေသည်။

“ မစိုးရိမ်ပါနဲ့ အခု စန်းကျဲ ပြန်ကောင်းသွားပြီလေ တွေ့တယ်မလား”

သူမသည် အနည်းငယ်နေလို့မကောင်းသေးသော်လည်း အနည်းဆုံးတော့ အဖျားကျသွားပြီဖြစ်သည်။

အနောက်ဘက်ဆောင်တွင် ယိုကျင့်ရုတ်တရက်ဖျားနာမှုကြောင့် ဖြစ်သွားသည့် ရုန်းရင်းဆန်ခတ်မှုက သည်လိုနှင့် ငြိမ်သက်သွားတော့သည်။ ကျန်သည့် ယွဲ့မိသားစုများကတော့ဖြင့် အစမှအဆုံး တစ်စက်လေးမှ မလှုပ်ကြချေ။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset