EYYJ အပိုင်း ၂၄

အပိုင်း (၂၄) သရုပ်မှန်ပေါ်သွားတယ်

သည်နှစ်သည် ရာသီဥတုကောင်းမွန်သဖြင့် နေရာတိုင်းတွင် စပါးများ ပေါများကြွယ်ဝလေသည်။ အစက ယွဲ့တာ့ဖူသည် စပါးများကို ရောင်းချခြင်းဖြင့် ငွေတချို့ကို စုဆောင်းနိုင်လိမ့်မည်ဟု စဥ်းစားခဲ့လေသည်။ အစီအစဥ်က ပျက်စီးသွား၏။ ဆန့်ကျင်ဖက်အနေဖြင့် တူညီသည့်စပါးပမာဏ ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်ထက် ဆယ်ရာခိုင်နှုန်းလျှော့ကာ ရောင်းချခဲ့ရလေသည်။ အဘွားချန်မှာ ဒေါသထွက်လွန်းသဖြင့် ရက်အနည်းငယ်လောက် အိပ်ရာကမထဘဲ နေလေတော့သည်။

သည်နှစ်သည် နှစ်ကောင်းတစ်ခုဖြစ်လေသည်။ တောင်ပေါ်တွင် တောကြက်များနှင့် ယုန်များကလည်း ပြည့်ဖြိုးကြ၏။ မြို့ထဲတွင် တောကောင်များကို စားကြသည့်လူများကလည်း အရင်နှစ်ကထက် ပိုများလာလေသည်။ ယိုကျင့်သည် သူမစျေးသို့သွားသည့်အချိန်တိုင်း တောကြက်များနှင့် ယုန်များကို ရောင်းချခဲသည်။ ယူမာမီအခန်း၏မီးဖိုဆောင်က ဘဏ္ဍာထိန်းနှင့်ပင် ရင်းနှီးလာ၏။ တောင်ပေါ်ပစ္စည်းများ ရလာတိုင်း ယူမာမီအခန်းကို တန်းပို့ပေးလိုက်လေသည်။ ယိုကျင့်အတွက် အလုပ်တော်တော် သက်သာသွားတော့သည်။

သည်ဆောင်းတွင်း၏ ပထမဆုံးနှင်းကျချိန်၌ ယိုကျင့်သည် တောကြက်နှင့် ယုန်များရောင်းချခြင်းမှ ငွေ ၁၇စ စုမိပြီးဖြစ်လေသည်။ ငွေလျန်း ၁၇စသည် လျိုထန်မြို့တွင် အရည်အသွေးကောင်းသည့်လယ်မြေ ၃ဧက၊ သို့မဟုတ် ရွှံအုတ်အမျိုးအစား ကျယ်ဝန်းသည့်အိမ်ထောင်တစ်ခုကို ဆောက်နိုင်လေသည်။

သို့သော် ယိုကျင့်အတွက် အများကြီးလိုသေးလေသည်။ သူမသည် ညီမငယ်ခြောက်ယောက်နှင့် အမျိုးသမီးစု၏ ဗိုက်ထဲက မောင်လား ညီမလား မသိသေးသည့် ကလေးကိုလည်း ထောက်ပံ့ပေးရဦးမည်။ ငွေသား ၁၇စသည် သူတို့ယွဲ့အိမ်တော်က ထွက်သွားလျှင် ကုန်ကျစားရိတ်နှင့် နေထိုင်စရိတ်အတွက် လုံလောက်မည် မဟုတ်သေးချေ။

သို့သော် အခုတော့ နှင်းများ ကျစပြုနေလေပြီ။ တောင်ပေါ်က တိရိစ္ဆာန်များအားလုံးလည်း ဆောင်းခိုကြတော့မည်။ အမဲလိုက်ခြင်းဖြင့် ငွေရှာဖို့ရန်က မဖြစ်နိုင်တော့ချေ။ သူမသည် နောက်ထပ် ဝင်ငွေတစ်ခုကို ရှာရတော့မည်။

ယိုကျင့်မှာ ငွေရှာဖို့ နည်းလမ်းသစ် ရှာမတွေ့ခင်မှာပင် ယွဲ့မိသားစု၌ ကိစ္စကြီးကြီးမားမား ဖြစ်သွားတော့သည်။

ယွဲ့ချန်လုသည် ယွဲ့အိမ်တော်သို့ ဗိုက်ကြီးသည်မိန်းမတစ်ယောက်ကို ခေါ်လာခဲ့၏။

ယွဲ့အိမ်တော်၏ပင်မဆောင်တွင် ယွဲ့ချန်လုသည် အနည်းဆုံး ခုနှစ်လသားဗိုက်ရှိသည့် မိန်းမငယ်လေးကို ထိန်းထားလေသည်။ နှစ်ယောက်သားသည် ယွဲ့တာ့ဖူနှင့် အဘွားချန်တို့ရှေ့တွင် အတူတူ ဒူးထောက်နေကြ၏။ ယွဲ့ချန်လုက အထစ်ထစ်အငေါ့ငေါ့ဖြင့်

“ အဖေ အမေ ဝမ်ညန်ဗိုက်ထဲက ကလေးက သားရဲ့ကလေးပါ၊ သား ဒီသားအမိနှစ်ယောက်ကို အပြင်မှာ ဒုက္ခမခံခိုင်းနိုင်ဘူး၊ အဖေ အမေ ကျေးဇူးပြုပြီး ကျွန်တော်တို့ ဆန္ဒကို ဖြည့်ဆည်းပေးပါ”

အဘွားချန်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ နှစ်သက်ဖွယ်ဆွဲဆောင်မှုရှိသည့် ဝမ်ညန်ကို ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများသည် အနည်းငယ် မည်းမှောင်သွားတော့သည်။ ဘာစကားမှမပြောတော့ဘဲ ခုတင်ပေါ်တွင် ပြန်မှီနေလိုက်တော့သည်။ ရိုးသားပြီး စကားအလွန်နည်းသည့် သူ၏ဒုတိယသားက ပြဿနာသယ်လာလိမ့်မည်ကိုတော့ လုံးဝ မျှော်လင့်မထားခဲ့ချေ။ မျက်မှောင်ကျုံ့ရင်း ခုတင်ပေါ်တွင် ခြေချိတ်ထိုင်ကာ သူ့ဆေးတံကိုသာ ဖွာနေလိုက်တော့သည်။ အတန်ကြာသည်အထိ ပင်မဆောင်က တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

အနောက်ဆောင်တွင်တော့ ခုတင်အောက်တွင် ထင်းမီးထည့်ပေးရန် ထွက်လာသည့်ယိုကျင့်က ယွဲ့ချန်လုက မိန်းမတစ်ယောက်နှင့် ဝင်သွားသည်ကို မြင်လိုက်လေသည်။ ထို့နောက် သူမ အနောက်ဆောင်သို့ မြန်မြန်ပြန်လာပြီး ယိုရင်နှင့် တခြားကလေးများကို ညွှန်ကြားလိုက်၏။

“ အပြင်မှာ ဘာပဲဖြစ်ဖြစ် ထွက်မလာကြနဲ့နော်၊ အမေ့ကို စောင့်ကြည့်ထား ဟုတ်ပြီလား”

ရလဒ်အနေဖြင့် ဘာဖြစ်နေမှန်းမသိကြသည့် မိန်းကလေးငယ်များက စန်းကျဲ၏ စကားကို လိမ်လိမ်မာမာ နားထောင်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။

ကောင်မလေးတချို့က စိတ်ဝင်တစားခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ပြီး ယိုကျင့်သည် မျက်မှောင်ကျုံ့ကာ နှုတ်ခမ်းစုလိုက်ပြီးနောက် ထွက်သွားတော့သည်။ ယိုကျင့် ထွက်မသွားခင် ယိုကျူးသည် စိတ်ထဲတွင် တခုခုလာတို့ထိနေသလို ခံစားလိုက်ရသဖြင့် နောက်မှ လိုက်သွားလေသည်။

“ စန်းကျဲ ဘာဖြစ်လို့လဲ”

ယိုကျင့်ထွက်လာချိန်၌ သူမနောက်မှ ယိုကျူးလိုက်ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမ ယိုကျုးကို အခန်းဆီသို့ မြန်မြန် တွန်းထုတ်လိုက်ပြီး

“ မြန်မြန်ပြန်သွား”

ထို့နောက် ခြံအနောက်ဖက်သို့ လှည့်ထွက်သွားလိုက်သည်။ စန်းကျဲ၏ အမူအရာကို တွေ့လိုက်ရသည့် ယိုကျူးသည် အိမ်တွင် ကိစ္စကြီးကြီးမားမား ဖြစ်နေမှန်း ခံစားလိုက်ရတော့သည်။ ထို့ကြောင့် ယိုကျင့်နောက်မှ တိတ်တိတ်လေး လိုက်သွားလိုက်ပြီး ပင်မဆောင်၏ကျောဖက် ပြတင်းပေါက်ရှိရာသို့ သွားလိုက်လေတော့သည်။

ယိုကျင့်သည် နောက်လှည့်ကြည့်လိုက်သည်နှင့် ယိုကျူးကို သတိထားမိသွားတော့သည်။ သူမ၏အသံက အထဲကလူများကို အသိပေးသလို ဖြစ်သွားမည်စိုးသဖြင့် အသံမထွက်ရန် မျက်လုံးမှိတ်ပြလိုက်လေသည်။ နှင်းဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ညီအစ်မနှစ်ယောက်သည် ပင်မဆောင်နောက်တွင် ပုန်းကာ လှုပ်ရှားမှုများကို ငြိမ်ငြိမ်လေး နားထောင်နေလိုက်၏။

ပင်မဆောင်ထဲတွင် ယွဲ့တာ့ဖူနှင့် အဘွားချန်တို့သည် အတန်ကြာသည်အထိ နှုတ်ဆိတ်နေလသည်။ ယွဲ့ချန်လုသည် အချိန်တော်တော်ကြာအောင် ဒူးထောက်နေလေသည်။ လက်ထဲက ဆေးလိပ်က ငြိမ်းသွားမှ ယွဲ့တာ့ဇူသည် နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီး ယွဲ့ချန်လုဘေးတွင် ဒူးထောင်နေသည့် ဝမ်ညန်ကို ကြည့်လိုက်ပြီး

“ နင်က ငါတို့ရဲ့ ဒုတိယသားကို ဘာကြည့်ပြီးကြိုက်တာလဲ”

ဝမ်ညန်သည် ပါးစပ်ဖွင့်ကာ နူးညံ့သည့်လေသံဖြင့် ပြန်ဖြေလေသည်။

“ကျွန်မ အစ်ကိုကြီးယွဲ့နဲ့ သိလာတာ တစ်နှစ်ကျော်ပါပြီ၊ အစ်ကိုကြီးယွဲ့က စကားနည်းတဲ့သူဆိုပေမဲ့ သူ ကျွန်မအပေါ် ရိုးသားခဲ့ပါတယ်၊ ကျွန်မ သူ့ကို ပြန်မတုံ့ပြန်ဘဲ မနေနိုင်ဘူး၊ ကျွန်မ သူ့ကို ကျွန်မရဲ့ဖြူစင်မှုနဲ့ပဲ ပြန်တုံ့ပြန်နိုင်ပါတယ်၊ သခင်ကြီး ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့လက်ထပ်ပွဲကို ခွင့်ပြုပေးပါရှင်”

စကားလုံးများကို စီကာပတ်ကုန်းပြောလေရာ ရိုးသားမှုကို ခံစားချက်နှယ် ဆိုနိုင်လေသည်။

“ လောင်အာ့က လက်ထပ်ထားပြီးသားဆို နင်သိလား”

ယွဲ့တာ့ဖူသည် မရေတွက်နိုင်အောင်များလှသည့် လူများနှင့် မတွေ့ဆုံခဲ့ဖူးသော်လည်း သူ့တွင် လူအကဲခတ်စွမ်းရည်တော့ ရှိသေးသည်။ သူမသည် ၂၀စွန်းစွန်းသာသာရှိသေးသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး လှပလေသည်။ စကားနည်းကာ ရုပ်ပျက်နေသည့်လောင်အာ့ကို မည်သို့ သဘောကျနိုင်ပါမည်နည်း။

ဝမ်ညန်က မလုံမလဲဖြင့် ပြုံးလိုက်ပြီး

“ ကျွန်မ အစ်မကြီးစုအပေါ် အမှားလုပ်မိခဲ့ပါတယ်၊ ဒါပေမဲ့လေ အစ်ကိုကြီးယွဲ့နဲ့ ကျွန်မက အပြန်အလှန် တကယ်ချစ်ကြတာပါ၊ ကျွန်မ ဇနီးမယားနာမည် မတောင်းဆိုပါဘူး၊ အကြီးအကဲနှစ်ယောက်က ကျွန်မတို့ကို အတူတူနေခွင့်ပြုဖို့ပဲ အနူးညွှတ်တောင်းပန်ပါတယ်ရှင်”

“ဖွီ ယုတ်ညံ့အရှက်မဲ့လိုက်တဲ့မြေခွေးမ”

သူမစကားကို အဘွားချန် ကြားလိုက်ချိန်တွင်တော့ ထခုန်ပြီး အရေပြားကို ဆွဲဆုတ်ဖို့ မနေနိုင်အောင် ဖြစ်သွားတောသည်။

“ တကယ်ပဲ ဇနီးမယားနာမည် မယူဘူးပေါ့လေ၊ ဒါဆို ဒီနေ့ နင်ဘာလို့ ဒီကိုရောက်လာသေးလဲ”

အချိန်မကိုက်လွန်း၍သာ ။ ပြတင်းပေါက်အပြင်ဖက်တွင် ခိုးနားထောင်နေသည့်ယိုကျင့်သည် အော်ရယ်မိမလိုပင် ဖြစ်သွားတော့သည်။ ဒီအဘွားချန်ရဲ့ မိန်းမတစ်ယောက်ကို အရှက်ခွဲတတ်တဲ့ အရည်အချင်းကတော့ တကယ့်အမြင့်ဆုံးပဲ။

“အမေ ဝမ်ညန်ကို ကျွန်တော်နဲ့အတူ ပြန်လိုက်ခဲ့ဖို့ ကျွန်တော်တောင်းဆိုခဲ့တာပါ၊ ကျွန်တော် သူ့ကို ဇနီးမယား အမည်ပေးချင်တယ် ဝမ်ညန်ကို အပြစ်မပြောပါနဲ့”

ယွဲ့ချန်လုသည် သူ့နောက်က ကိုယ်လေးလက်ဝန်နှင့် ဝမ်ညန်ကို ဂရုတစိုက်ဖြင့် အဘွားချန် ပစ်ထည့်လိုက်သည့် ဖိနပ်ကို ကာပေးလိုက်လေသည်။

“ အမေ ရိုက်ချင်၊ ဆူဆဲချင်ရင် ကျွန်တော့်ကိုလုပ်ပါ”

ဒါသည် ယိုကျင့်နှင့် ယိုကျူးတို့က ယွဲ့ချန်လုထံမှ ယောက်ျားပီသသည့် အပြုအမူကို ပထမဆုံး တွေ့လိုက်ရခြင်းပင်။ အိမ်သို့ နောက်မိန်းမခေါ်လာပြီး အဘိုးအဘွားထံ ခွင့်ပြုဖို့ တောင်းပန်နေသူက သူတို့အဖေသာ မဟုတ်လျှင် ယိုကျင့်သည် ခါးသီးလှသည့်တရုတ်ဘဲတစ်စုံ(အချစ်မောင်နှံ)ကို လက်ခုပ်တီးကာ ချီးကျူးပေးလိုက်အုံးမည်။ ယိုကျင့်သည် ယိုကျူးကို ‘မဆင်မခြင်မလုပ်နဲ့’ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ဇာတ်လမ်းမပြီးခင် ဒီဇာတ်လမ်းကို ရှုပ်ထွေးအောင် အဘယ်သို့ လုပ်နိုင်ပါမည်နည်း။

ယွဲ့တာ့ဖူ နောက်ထပ်ဆေးလိပ်တစ်ခုကို မီးညှိလိုက်၏။ အနည်းငယ်ဖွာလိုက်ပြီးနောက် ဣန္ဒြေရရဖြင့် ပြောလိုက်လေသည်။

“လောင်အာ့ မင်းသိလား၊ ငါတို့ ယွဲ့မျိုးနွယ်မှာ မပြောနဲ့ ငါတို့ ချွေ့ဖုန်းရွားနဲ့ ပတ်ဝန်းကျင် ၈ရွာနဲ့ ဆယ်မိုင်လောက် ဝေးတဲ့ရွာက ငါတို့လို သာမန်မိသားစုတွေက အငယ်အနှောင်းထားတဲ့ အစဥ်အလာ လုံးဝမရှိခဲ့ဘူး”

“ ချမ်းသာပြီး အရာရှိမိသားစုတွေကပဲ အငယ်နှောင်းထားကြတာ၊ ငါတို့လို လယ်သမားမိသားစုက အငယ်နှောင်း ထားတယ်ဆိုတာ ရယ်စရာသက်သက်ပဲကွ”

အဘွားချန်သည် ဝမ်ညန်ကို ကြမ်းကြုတ်စွာ ဒေါသဖြင့် ကြည့်နေလေသည်။ သူမသည် အမျိုးသမီးစုကို မုန်းသည်ဆိုသော်လည်း သူမရှေ့က ဝမ်ညန်ကို ပိုမုန်းလေသည်။ အမျိုးသမီးစုကို ရိုက်နှက် ဆဲဆိုစဥ်ကာ လောင်အာ့သည် သူမကို ဘယ်တုန်းကမှ မတားခဲ့ဖူးချေ။ အခုတော့ ဖိနပ်ဖြင့် ပစ်ပေါက်လိုက်ရုံလေးနှင့် မသိတတ် မလိမ်မာသည့် လောင်အာ့က ရှေ့ထွက်ကာ ကာပေးခဲ့သည်တဲ့။ သူမကို တကယ်အိမ်ထဲ ပေးဝင်လိုက်လျှင် နောက်ပိုင်းတွင် လောင်အာ့က သူမ၏စကားကို နားထောင်ပါအုံးတော့မလား။

ဒါပေမဲ့ ယွဲ့ချန်လုက အငယ်နှောင်းလို ခေါ်ဝင်ချင်တာ မဟုတ်ဘူးတဲ့လေ။ နောက်ဇနီးတစ်ယောက်လို လက်ထပ်ချင်တာတဲ့။ ဒီဝမ်ညန်က တကယ် အရည်အချင်း ရှိတယ်ပြောရမှာပဲ။ သူရဲဘောကြောင်ပြီး အရည်အချင်းမရှိတဲ့ ယွဲ့ချန်လုကို ပြုစားပြီး သူမအတွက် သူ့မိဘတွေနဲ့တောင် အတိုက်အခံလုပ်အောင် လုပ်နိုင်ခဲ့တယ်။

မြေကြီးပေါ်တွင် ဒူးထောက်ရင်း ယွဲ့ချန်လုသည် မျက်ရည်များဖြင့် ပြည့်နေသည့် ဝမ်ညန်ကို ကြည့်လိုက်လေသည်။ သူ သတ္တိမွေးကာ ပြောလိုက်၏။

“ ကျွန်တော် အငယ်နှောင်းတော့ လက်မခံဘူး၊ အဖေ အမေ ကျွန်တော် ဝမ်ညန်ကို လက်ထပ်ချင်တယ်၊ ပြီးတော့ တံခါးကနေ ဝင်ပြီး နောက်ဇနီးတစ်ယောက်လို သတ်မှတ်ချင်တယ်”

“ နောက်ဇနီး”

ယွဲ့တာ့ဖူနှင့် အဘွားချန်တို့နှစ်ယောက်လုံး လန့်ဖျပ်သွားတော့သည်။ သူတို့သားဖြစ်သူက ဤသို့သော တောင်းဆိုမှုမျိုး လုပ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

ယွဲ့တာ့ဖူက ဘာမှမပြောနိုင်ခင် အဘွားချန်က လွှားခနဲ ခုန်ထွက်လာပြီး ငြင်းပယ်လိုက်တော့သည်။

“ အငယ်နှောင်းထားတာနဲ့တင် ငါ့ယွဲ့မိသားစုရဲ့မျက်နှာကို ပျက်အောင်လုပ်ထားပြီးပြီ၊ နင်က နောက်ဇနီးတစ်ယောက် လိုချင်နေသေးတယ်၊ အိပ်မက်မက်နေလိုက်”

အဘွားချန်သည် လူများကို ကြက်ဖခွပ်သလို နှုတ်ခမ်းတလန်ပန်းတလန် ပြောနေသော်လည်း ဝမ်ညန်ကတော့ မကြောက်ပေ။ အကြောင်းမှာ သူမလက်ထဲတွင် ဝှက်ဖဲ ရှိနေသာကြောင့်ပင်။ သူမ၏ ၈လသားဗိုက်လေးကို အသာအယာပွတ်သပ်လိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်။

“ သခင်ကြီး ၊ သခင်မကြီး တမြန်နေ့က ကျွန်မ အားသစ်လောင်းခန်းမရဲ့ သားသမီးစမ်းသပ် သမားတော်ဆီမှာ သွားစမ်းသပ်ကြည့်တော့ ကျွန်မကလေးက ချိုလေးနဲ့လို့ ပြောလိုက်တယ်”

ယွဲ့ချန်လုကို နူးနူးညံ့ညံ့ ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်လေသည်။

“ အစ်ကိုကြီးယွဲ့အတွက် မျိုးဆက်သားလေးတစ်ယောက်ကို မမွေးပေးနိုင်ဘူးဆိုရင် ဘယ်လိုမျက်နှာနဲ့ ကျွန်မ အသက်ရှင်နိုင်မှာလဲ”

သူမသည် ဗိုက်ထဲတွင် သားလေးတစ်ယောက်လွယ်ထားရသည်ဟု ကြားလိုက်ရချိန်၌ ယွဲ့တာ့ဖူနှင့် အဘွားချန်တို့၏မျက်လုံးများ ဝင်းလက်သွားတော့သည်။

“ တကယ် သားတဲ့လား”

ယွဲ့ချန်လု မြန်မြန်ပြန်ဖြေလိုက်၏။

“ တကယ်ပါ အဖေနဲ့အမေ အားသစ်းလောင်းခန်းမရဲ့ သမားတော်ကျောက်က ဘယ်လိုလုပ်ပြီး မှားနိုင်ပါ့မလဲ၊ ဝမ်ညန်က သားလေးတွေ မွေးပေးချင်နေတာ၊ သားလည်း သူမကို အမှားမလုပ်ချင်ဘူး သားကို ခွင့်ပြုပေးဖို့ အဖေနဲ့ အမေကို အသနားခံပါတယ်ဗျာ”

ထိုသို့ပြောလိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဦးချကန်တော့လေတော့သည်။

ယွဲ့တာ့ဖူက သက်ပြင်းချလိုက်၏။ လောင်အာ့မှာ သားမရှိတာ သူ့ရဲ့စိတ်ရောဂါတင် ဘယ်မကလဲ နှလုံးရောဂါဆိုလည်း ဟုတ်တယ်။ အခုတော့ ဗိုက်ထဲက သားလေးက လောင်အော့ရဲ့သားပါလို့ ပြောနေတဲ့ မိန်းမတစ်ယောက်ကလည်း ရုတ်တရက်ပေါ်လာတော့ သူ အပျော်မလွန်ဘဲ ဘယ်နေပါမလဲ။ ဒါပေမဲ့ နောက်ထပ်ဇနီးတစ်ယောက်အဖြစ် လက်ထပ်မယ်ဆိုတဲ့ အတွေးကတော့ ယွဲ့တာ့ဖူ ခေါင်းညိတ်ပေးဖို့ အနည်းနည်းအခက်တွေ့နေလေရဲ့။ နောက်ဆုံး ဒါက အသေးအဖွဲကိစ္စလည်း မဟုတ်ဘူး။

သူ အချိန်တော်တော်ကြာအောင် စဥ်းစားတွေးတောနေလေသည်။ ဒုတိယဆေးတံကုန်ခါနီးမှ ယွဲ့တာ့ဖူ ဖြည်းညင်းစွာ ပြောလိုက်တော့သည်။

“ ဒီကိစ္စက ငါတစ်ယောက်ထဲ ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူး၊ မင်းရဲ့ အစ်ကိုကြီးနဲ့ ညီလေးတို့ရဲ့ သဘောထားကိုလည်း မေးလိုက်အုံး၊ ပြီးတော့ အမျိုးသမီးစုရဲ့သဘောထားရော၊ နောက်ဆုံးတော့လည်း သူက အရှေ့တံခါးကနေ ဝင်လာပြီး သူတို့နှစ်ယောက်လုံးက မင်းကို အလုပ်အကျွေး အပြုကြမဲ့သူတွေပဲလေ”

“ဟုတ်”

ယွဲ့ချန်လုသည် သူ့အဖေက လျှော့ပေးလိုက်သည်ကို ကြားလိုက်ရသဖြင့် စိတ်အေးသွားတော့သည်။ ဝမ်းသားအားရ ထပ်ဦးချလိုက်၏။ အဘွားချန်မှာ နှုတ်ခမ်းကို စူထားပြီး မကျေမနပ် ရေရွတ်လိုက်လေသည်။

“ အေးကအေးနဲ့၊ မထကြသေးဘူးလား”

ပြတင်းပေါက်အပြင်ဖက်တွင် ယိုကျင့်နှင့် ယိုကျူးတို့၏ခေါင်းနှင့် ကိုယ်ပေါ်တွင် နှင်းဖတ်များ တင်နေလေသည်။ သို့သော် နှင်းပွင့်များ သယ်လာသည့် အအေးဓာတ်က ယွဲ့ချန်လု၏လုပ်ရပ်လောက် မအေးချေ။ အချိန်မည်မျှကြာသွားမှန်းမသိပေ။ ပင်မဆောင်ထဲမှ ဘာအသံမှမကြားရတော့ပေ။ ယိုကျင့်သည် အေးခဲကာ ထုံထိုင်းနေပြီးဖြစ်သည့် ယိုကျူးကို အနောက်ဆောင်သို့ တိတ်တိတ်လေး ဆွဲခေါ်လာခဲ့တော့သည်။

ယိုရင်နှင့် ကျန်လူများသည် အခန်းထဲ စိုးရိမ်တကြီး စောင့်နေကြ၏။ သူတို့သည် စန်းကျဲ၏ စကားကို နားမထောင်ဘဲ မနေရဲကြချေ။ သူတို့အယောက်တိုင်းသည် ဘာဖြစ်နေကြမှန်းလည်း မသိကြပေ။ သို့တိုင် အားလုံးက ပြောမပြတတ်အောင် စိတ်လှုပ်ရှားနေကြဆဲ။ နောက်ဆုံးတော့ ယိုကျင့်နှင့် ယိုကျူး ပြန်အလာကိုသာ စောင့်နေလိုက်ပြီး သူတို့ထံချက်ချင်း ဝိုင်းအုံသွားလိုက်ကြတော့သည်။

“ စန်းကျဲ ဘာြဖစ်တာလဲ”

ယိုကျင့်နှင့်ယိုကျူး နှစ်ယောက်လုံးသည် ခုတင်စွန်းတွင် လေးလေးနက်နက်အမူအရာဖြင့် ထိုင်ချလိုက်လေသည်။ ယိုရင်နှင့် ကျန်သည့်လူများက ပို၍ပျာယာခတ်သွားတော့သည်။

“စန်းကျဲ ရှောင်ဝူ ဘာဖြစ်ခဲ့တာလဲ ပြောပါစမ်းပါ၊ နှုတ်ဆိတ်ပြီး မနေကြပါနဲ့၊ ငါတို့ကို လန့်အောင် မလုပ်ပါနဲ့”

ယိုကျူး၏ နီရဲနေသည့်မျက်လုံးများက ယိုရင်ကို တည့်တည့်စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ယိုရင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့သည်။

“ နင်ပြောတော့ သူ သူ့အမှားကို ပြင်နိုင်မှာပါဆို၊ အားလုံးက အလိမ်အညာတွေချည်းပဲ၊ တကယ့်လူလိမ်ကြီး”

အမှန်တွင်တော့ ယိုကျူး၏စိတ်ထဲတွင်လည်း ကြင်နာတတ်ကာ လူများကို မရိုက်တတ်သည့်အဖေမျိုး မလိုချင်ဘဲ ဘယ်မှာရှိပါမည်နည်း။ သို့သော် အမှန်တရားက ရက်စက်လွန်းပေသည်။ ယိုကျူးနှလုံးသားထဲတွင် ဖုံးကွယ်ထားသည့် ဆန္ဒသေးသေးလေးမှာ ဖယ်ရှားခံလိုက်တော့သည်။

“ယိုကျူး”

ယိုကျင့်သည် ယိုကျူး၏လှုပ်ရှားမှုကို တားလိုက်၏။ ထို့နောက် ဘာမှမသိသည့် ယိုရင်ကို ခေါင်းခါပြလိုက်ပြီး

“ ဘာမှဖြစ်ပါဘူး၊ သူ ဝမ်းနည်းနေလို့ပါ၊ ခဏနေကောင်းသွားမှာပါ”

အပြင်ဘက် လှုပ်ရှားမှုကို ကြားလိုက်ရသဖြင့် အတွင်းဖက်အိပ်ခန်းက ခုတင်ပေါ်က အမျိုးသမီးစုသည် သူမ၏ ၇လသားဗိုက်လေးကို အားယူထောက်ကန်ကာ အိပ်ရာပေါ်မှ ဆင်းလာလေသည်။ အသက်ဝဝရှူလိုက်ပြီးနောက် အခန်းတံခါးဆီ လျှောက်သွားလိုက်ပြီး

“ ဘာဖြစ်ကြတာလဲ၊ ရုတ်တရက်ကြီး ဘာလို့ ရန်ဖြစ်နေကြတာလဲ”

အမျိုးသမီးစု ထွက်လာသည်ကို မြင်လိုက်သဖြင့် ယိုကျင့် သူမကို မြန်မြန်တွဲကာ အတွင်းဖက်ခုတင်သို့ ခေါ်လာပြီး လဲလျောင်းစေလိုက်လေသည်။ ထို့နောက် သူမပြန်ဖြေလိုက်၏။

“ဘာမှမဟုတ်ပါဘူး ယိုကျူး ဒေါသနည်းနည်း ထွက်သွားလို့”

သို့သော်ငြား အမျိုးသမီးစုသည် ယိုကျင့်၏မျက်လုံးထဲတွင် တစ်ခုခု လွဲနေသည်ကို ခံစားမိလိုက်ပြီး သက်ပြင်းချလိုက်လေသည်။

“ သမီးတို့တွေ အမေ့ကို ဘာတွေကွယ်ဝှက်ထားလဲ”

မိခင်တစ်ယောက်၏ ခံစားချက်နှင့် သမီးဖြစ်သူနှင့်ရင်းနှီးမှုတို့ကြောင့် အမျိုးသမီးစုသည် တစ်ခုခုမှားနေသည်ကို မမြင်ဘဲ အဘယ်မှာရှိပါမည်နည်း။

ယိုကျင့်သည် ခေါင်းခါပြလိုက်ပြီး

“ အားလုံး အဆင်ပြေပါတယ်၊ ယိုကျူး စိတ်ဆိုးနေလို့ပါ၊ အမေ အဲအကြောင်း အများကြီး စဥ်းစားမနေပါနဲ့၊ အခုက ကလေးကို စိတ်အေးအေးချမ်းချမ်းနဲ့ ပြုစုရမဲ့ အချိန်လေ”

အမျိုးသမီးစု၏ကိုယ်ဝန်သည် ခုနှစ်လသာရှိ သေးသော်လည်း နေ့စေ့လစေ့အရွယ် ထင်ရလေသည်။ ပြီးခဲ့သည့်တစ်ခေါက်က သမားတော်မာ လာစမ်းသပ်ပေးသွားသေးသည်။ သူက မိန်းကလေး ယောက်ျားလေး မပြောနိုင်သော်လည်း သွေးခုန်နှုန်း နှစ်ခု စမ်းမိသည်ဟု ဆိုသည်။ တစ်ခုက အားကောင်းပြီး တစ်ခုက အားနည်းသည်တဲ့။ အမျိုးသမီးစုသည် သည်တစ်ကြိမ်တွင် အမြွှာကိုယ်ဝန်လွယ်ထားရခြင်းပင်။ မှားယွင်းနိုင်ချေမရှိပေ။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset