အပိုင်း (၂၃) အသားပေါင်တုံး
ပင်မဆောင်၌ အမျိုးသမီးချန်သည် အဘွားချန်၏ ငွေအား ခိုးဝှက်ခြင်းကြောင့် သမီးယောက္ခမနှစ်ဦးကြား အာဃာတများ သိုဝှက်လျက်ရှိသည်။ တစ်စုံတစ်ယောက်သည် ထိုအဖြစ်အပျက်များကို တစ်၀က်ပွင့်နေသည့် ပြတင်းမှ နားထောင်ကာ ယိုကျင့်အား ပြောပြကြောင်းကို မည်သူမျှ မရိပ်မိကြချေ။
ယိုကျင့်သည် ယိုကျူးပြောသည့် ပင်မတောင်မှ အဖြစ်အပျက်များကို နားဆင်ရင်း ၀က်စာကျွေးပြီးသွားသည်။ သူမသည် ကုပ်ပိုးပေါ်သို့ လက်တင်ကာ နှိပ်နယ်ရင်း ယိုကျူးအား မှာလိုက်သည်။
“အစ်မကို ပြောပြတဲ့ အကြောင်းအရာမှန်းသမျှ အခြားဘယ်သူ့မှ မပြောပြရဘူးနော်။ နားလည်လား”
သကြားလုံးကို ငုံကာ ယိုကျူးသည် နာခံစွာ ခေါင်းညိတ်လိုက်၏။ “နားလည်ပါပြီ” မိသားစုကိစ္စများကို အခြားသူများအား မပြောပြသင့်ကြောင့် အစ်မဖြစ်သူက ဆုံးမထားပေသည်။ ထို့အပြင် ယခုအကြောင်းအရာများသည် သူမနှင့်အစ်မဖြစ်သူ၏ကြားရှိ လျှို့ဝှက်ချက် ဖြစ်သောကြောင့် အမေ့ကိုပင် မပြောပြရပေ။
ညီအစ်များသည် အနောက်ခြံသို့သွားရာ လမ်း၌ သကြားလုံးများကို ချိုမြိန်စွာ စားလာကြသည်။ အခန်းသို့ ရောက်သည်နှင့် ဈေးမှ ယိုကျင့်၀ယ်လာသည့် အသားပေါင်တုံးများကို ခွဲဝေစားသောက်ကြသည်။ နေ့လယ်စာသည် ပင်မဆောင်နှင့် အရှေ့ခြံရှိလူများအတွက်သာ ပါ၀င်သောကြောင့် ဖြစ်သည်။ ယွဲ့ချန်လုသည် အိမ်၌နေ့လယ်စာ ပြန်စားခြင်းမရှိသောကြောင့် ရိုးရှင်းစွာပင် အမျိုးသမီးစုနှင့် သူမတို့၏ညီအစ်မများအတွက် နေ့လယ်စာမရှိချေ။
ယိုကျင့်ယူလာသည့် အသားတုံးများသည် ကြီးမားကာ အရည်အသွေး ကောင်းမွန်ပေသည်။ အေးသွားသည့်တိုင် တစ်ချက်ကိုက်တိုင်း အဆီနှင့် အသားရနံ့သင်းသင်လေးများက ပါးစပ်အပြည့် ဖြစ်နေပေသည်။ ထိုအရာက လူကို တစ်ကိုက်ပြီးတစ်ကိုက် စားချင်းစဖွယ်ဖြစ်စေသည်။ တစ်လူတ်ပြီး တစ်လုတ် စားသောက်ရင်း လူကြီးတစ်ဦး၏ လက်သီးအရွယ်ရှိ အသားတုံးများသည် ကုန်စင်သွားပေသည်။ အငယ်ဆုံးဖြစ်သော ရှောင်ကျိုသည် ထိုအရာကို စားပြီးသည့်တိုင် ပါးစပ်ထဲ၌ လစ်ဟာနေလေသည်။ သူမ တစ်ရေးအိပ်ပြီးသည့်တိုင် ထိုခံစားချက်မှာ မပျောက်သွားချေ။
ယိုကျင့်သည် အကုန်စားပြီးသည်နှင့် အနံ့ပျောက်စေရန် အနောက်ခြံရှိ ပြတင်းပေါက်နှင့် တံခါးများကို ဖွင့်လိုက်သည်။ အခန်းထဲရှိ အသားရနံ့များသည် ဆောင်းလေအေးနှင့်အတူ ကွယ်ပျောက်သွားသည်နှင့် တံခါးများကို စိတ်အေးသက်သာစွာ ပိတ်လိုက်သည်။
အသားငါး မစားရသည်မှာ ကြာပြီဖြစ်သည့် အမျိုးသမီးစုအတွက် ထိုကဲ့သို့ အသားပေါင်သည် သူမအား စိတ်ကျေနပ်စေပေသည်။ ထို့နောက်ယိုကျင့်အား ယနေ့ဈေးသို့ သွားသည့်လမ်းအခြေအနေအား မေးလိုက်သည်။
ရှောင်ချီ၊ ရှောင်ပါးနှင့် ရှောင်ကျိုတို့သည် တစ်ရေးအိပ်နေသောကြောင့် ကျန်သော ညီမများသည် ယိုကျင့်အား စိုက်ကြည့်နေကြသည်။ ယိုကျင့်သည် ထူးဆန်းစွာ ပြုံးလိုက်ရင်း တိုးတိုးလေး ပြောလေသည်။
“အစ်မ မင်းတို့ကို ပြတဲ့အခါ အသံကျယ်ကြီးနဲ့ မအော်မိစေနဲ့။ အခြားလူတွေ ကြားသွားရင် ပြဿနာတက်လိမ့်မယ်” ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့သည် သူမတို့၏ပါးစပ်များအား လက်ဖြင့်ပိတ်ကာ ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ကြလေသည်။ “အွန်း”
ထိုမျက်၀န်းများသည် တစ်စုံတစ်ခု ပျောက်ဆုံးမည်ကို စိုးရိမ်ဟန်ဖြင့် ယိုကျင့်လုပ်သမျှ အပြုအမူတိုင်းကို စိုက်ကြည့်နေကြသည်။ အမျိုးသမီးစုနှင့် ညီမငယ်များ၏ မျှော်လင့်နေသော မျက်၀န်းများအောက်တွင် ယိုကျင့်သည် ငွေအိတ်ကိုထုတ်ကာ ခုတင်ပေါ်၌ အကုန်လုံးမြင်သာအောင် သွန်ချလိုက်သည်။
“ငွေတွေက အများကြီးပဲ” အမျိုးသမီးစုသည် အံ့ဩမှင်သက်စွာ တီးတိုးရေရွတ်လိုက်သည်။ သူမ၏မျက်၀န်းကိုယ်ပင် မယုံကြည်နိုင် ဖြစ်နေလေသည်။ “ငွေတုံးနည်းနည်းလောက်တော့ ရှိလောက်တယ်မလား”
“ဝါး” ညီမငယ်များသည် ငွေမည်မျှရှိကြောင်း မသိသော်လည်း မိခင်ဖြစ်သူ၏ စကားကြောင့် အသံသေးသေးလေးများဖြင့် ချီးကျူးကြလေသည်။ ငွေတွေအများကြီးပဲ။
ယိုကျင့်သည် ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
“တောကြက်ရှစ်ကောင်အတွက် ငွေတုံးခုနှစ်တုံး၊ ယုန်လေး လေးကောင်အတွက် လေးတုံး ပြီးတော့ သေနေတဲ့ တောကြက်နှစ်ကောင်အတွက် ရှစ်ဆယ်ဆင့်ရယ်။ အသားနဲ့ သကြားလုံးတွေအတွက် သုံးဆယ်ဆင့်ကုန်တယ်။ လက်ထဲမှာ ငွေတုံးကြီးတစ်တုံး(တစ်လျန်)နဲ့ ငါးဆယ်ဆင့်ရှိတယ်”
ယိုကျင့်၏ တိကျသော တွက်ချက်မှုများကို နားထောင်ကာ အမျိုးသမီးစုသည် အနည်းငယ် အံ့ဩမိသည်။
“အဲ့လောက် ပိုက်ဆံတွေအများကြီး တောကြက်နဲ့ယုန်လေးတွေက အဲ့လောက်တောင် တန်ကြေးရှိတာလား”
“အသားဈေးက မနိမ့်ဘူးနော်။ မြို့နေ လူကုန်ထံတွေက သဘာ၀ဟာတွေ ကြိုက်ကြတယ်လေ။ အဲ့တော့ တောင်ပေါ်က ပစ္စည်းတွေက ဈေးနည်းနည်းမြင့်တယ်။ ယုန်သားမွေးတွေကိုလည်း ပိုက်ဆံနဲ့ လဲလို့ရသေးတယ်။ သေချာပေါက် ဈေးက မနည်းဘူး” ယိုကျင့်သည် အပြုံးလေးနှင့် ငွေများကို အိတ်ထဲသို့ သိမ်းလိုက်ပြီး သေချာပြောလိုက်သည်။ “ငွေတွေကို သမီးသေချာ သိမ်းထားလိုက်မယ်။ နောက်နောင် ယွဲ့မိသားစုကနေ ခွဲထွက်တဲ့အခါ အမေနဲ့ညီမလေးတွေကို ဒါမျိုးတွေ မခံစားစေရဘူး”
သမီးဖြစ်သူ ပြောသည့်စကားများကြောင့် အမျိုးသမီးစုသည် လတ်တလော ပြောင်းလဲလာသော ယွဲ့ချန်လုကို တွေးမိသွားလေသည်။ ထိုလူကြီးသည် စကားအများကြီး ပြောလာကာ သူမအပေါ်၌ ကောင်းပေးသည့်အတွက် မဝံ့မရဲ တိုက်တွန်းမိသည်။
“ကျင့်အာ သမီးအဖေက အခုတလော ပြောင်းလဲလာပါပြီ။ သူ့ကို နောက်ထပ် အခွင့်အရေး မပေးချင်ဘူးလား”
မမျှော်လင့်စွာပင် အမျိုးသမီးစု၏ စိတ်သဘောထားသည် ပြောင်းလဲသွားပေသည်။ မူလက ပျော်ရွှင်နေသည့် ညီမဖြစ်သူများ၏ မျက်နှာသေးသေးလေးများသည် တောင့်တင်းသွားကာ မိခင်ကို ကြည့်ရင်း ဘာပြောရမှန်းး မသိတော့ချေ။
ယိုကျင့်သည် အလျင်အမြန် တုံ့ပြန်နိုင်သည့် သူဖြစ်သည်။ အမျိုးသမီးစု၏ သဘောတူညီမှုမှာ ခဏတာဖြစ်ကြောင်း ယိုကျင့်သိလေသည်။ သူမသည် နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံလာကာ မည်သို့ခုခံရမှန်းမသိသည့် အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ သူ့လိုလူကို အသိစိတ်၀င်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။ ယိုကျင့်သည် အနည်းငယ် ပြုံးယောင်သန်းရင်း ပြောလိုက်သည်။
“အမေ့ခံစားချက်ကို သမီးနားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငွေကို သမီးတို့ သိမ်းထားသင့်တယ်မလား။ ပြီးတော့ ညီမလေးတွေက တဖြည်းဖြည်း ကြီးလာဦးမှာလေ။ အဲ့ငွေတွေ အဖေ့ကို ပေးပစ်ရင် ဖြုန်းတီးရာ မကျဘူးလား။ သမီးလက်ထဲပဲ သိမ်းထားပြီး လိုမှပေးပေါ့။ အမေ ဘယ်လိုထင်လဲ”
အမျိုးသမီးစုသည် နောင်တများဖြင့် ယိုကျင့်အား ကြည့်လိုက်မိသည်။ သူမ၏အတွေးများအား သမီးဖြစ်သူ ဆန့်ကျင်လိမ့်မည်ကို ကြောက်ရွံ့ခဲ့ဖူးသည်။ မိသားစု စုံစုံလင်လင်ရှိချင်သည့် သူမ၏အတွေးများကို နားလည်ပေးကြောင်း မြင်ရသည့်အခါ စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်ကြီးချရင်း အပြုံးလေးဖြင့် သဘောတူလိုက်သည်။ “ဒီငွေတွေက သမီးကိုယ်တိုင် ရှာစုထားတာပဲ။ ကိုယ့်ဘာသာ သိမ်းသင့်တာပေါ့”
အမျိုးသမီးစု၏ အပြုံးကိုမြင်ရမှ ယိုကျင့်သည် စိတ်ချလိုက်မိသည်။ “အဲဒါဆို ညီမလေးတွေကို ခေါ်သွားလိုက်တော့မယ်နော်။ အမေလည်း နေ့လယ်တစ်ရေးအိပ်သင့်ပြီ”
အမျိုးသမီးစု၏ အခန်းမှ ထွက်လာသည်နှင့် ယိုကျူးသည် သူမ၏လက်ကို ကိုင်ထားသည့် ယိုကျင့်၏လက်အား ပြင်းထန်စွာ ပုတ်ချလိုက်သည်။ ထို့နောက် အခြားသူများအား လျစ်လျူရှုရင်း ခုတင်ပေါ်သို့ တက်ကာ လှဲအိပ်လိုက်သည်။ ယိုရင်နှင့် ယိုပေါင်သည် ယိုကျူးအား ကြည့်ကာ အလိုက်မသိတတ်သည့် သူမကြောင့် အောင့်သက်သက် ခံစားလိုက်ရသည်။ သူတို့သည် ယိုရင်နှင့် ယိုကျူးကြား၌ ရပ်ကြည့်နေမိသည်။
ယိုကျင့်သည် သက်ပြင်းချကာ ယိုကျူး၏ဘေး၌ လှဲအိပ်ရင်း အသံနိမ့်နိမ့်ဖြင့် ချော့မြူလေသည်။
“ယိုကျူး ညီမ မပျော်မှန်း အစ်မသိတယ်။ ဒါပေမဲ့ ဒါက အမေ့ရဲ့အိမ်ထောင်ရေးလေ။ သူသာ အဆုံးမသတ်ချင်ရင် အစ်မတို့ကလေးတွေက ဘာတတ်နိုင်မှာလဲ။ မင်းက တစ်ယောက်တည်း ထွက်သွားချင်လို့လား။ အမေနဲ့ ရှောင်ချီ၊ ရှောင်ပါးနဲ့ ရှောင်ကျိုတို့ကို ယွဲ့အိမ်တော်မှာ ထားခဲ့တော့မလို့လား”
ယိုကျင့်၏စကားများကြောင့် ယိုကျူးသည် သူမနှင့် မျက်နှာချင်းဆိုင် လှည့်အိပ်လိုက်သည်။
“ဒါပေမဲ့ သမီး ဒီယွဲ့အိမ်မှာ မနေချင်ဘူး။ ပြီးတော့ တစ်နေ့တစ်နေ့ ခွေးတွေ၀က်တွေထက် ဆိုးဆိုးရွားရွား ဆက်ဆံခံနေရတာလည်း မလိုချင်ဘူး”
ယိုကျင့်သည် ယိုကျူးအား သူမ၏လက်မောင်းထဲသို့ ဆွဲသွင်းကာ ကွဲအက်နေသော အသံလေးနှင့် နှစ်သိမ့်ပေးလေသည်။
“ယိုကျူး အိပ်တော့။ မင်းတို့ကို အနိုင်ကျင့်မခံစေရဘူး။ အမေက ဒီတိုင်း ထွက်မသွားရဲတာက ဘယ်ဟာက အမှန်မှန်း မသိသေးလို့ပါ။ အမေသာ စိတ်ဆုံးဖြတ်လိုက်ရင် အဲ့ကျ ယွဲ့မိသားစုက ထွက်သွားလို့ရပြီ”
“အဲ့လိုနေ့မျိုး ရောက်လာပါ့မလား” ယိုကျူးသည် အစ်မဖြစ်သူအား မရေမရာ ကြည့်လိုက်သည်။ ယိုကျင့်သာ အနည်းငယ် ဆိုးဆိုးရွားရွား ပြောခဲ့လျှင် သူမ၏ယုံကြည်မှုများအားလုံး ပျက်စီးသွားပေမည်။
ယိုကျင့်သည် ဖြည်းညင်းစွာဖြင့် တီးတိုးပြောလိုက်သည်။ ထိုအသံ၌ ရုန်းမထွက်နိုင်သော ဆွဲငင်အားများ ရှိလေရာ လူကို သက်သောင့်သက်သာဖြစ်စေသည်။ “ရောက်မှာပါ။ သေချာပေါက် ရောက်လာမှာ”
ယိုကျူးသည်သာမက အနည်းငယ် စိတ်ပျက်ခဲ့သော ယိုရင်နှင့် ယိုပေါင်တို့၏ မျက်၀န်းများသည်ပင် သံသယများ ကင်းစင်သွားသည်။ သူမတို့သာ ယုံကြည်ပြီး ကြိုးစားနေသ၍ သေချာပေါက် ဖြစ်နိုင်ပေသည်။
ယိုကျင့်၏ အစီအစဉ်သည် ရိုးရှင်းလွန်းလှသည်။
“ခွေးတွေရဲ့ မစင်စားတတ်တဲ့ အကျင့်က ဖျောက်မရဘူး” ယွဲ့ချန်လုသည် အမျိုးသမီးစုအား နှစ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့သူဖြစ်သည်။ တစ်ခုခုလွဲနေခြင်းကြောင့်သာ ထိုသို့ပြုလုပ်နေခြင်း ဖြစ်သည်။ သူက ကောင်းကောင်း ဆက်ဆံတတ်မယ်တဲ့လား။ ယွဲ့ချန်လု၏ သရုပ်မှန်ပေါ်လာမည့် အချိန်ကိုသာ စောင့်ဖို့လိုပေသည်။ ထိုအခါ သူတို့အား ပြဿနာတက်အောင် အမျိုးသမီးစု မည်သို့ပြုလုပ်မည်ကို စောင့်ကြည့်ဖို့သာ လိုသည်။
ဆောင်းတွင်းလေအေးသည် ပိုမို ပြင်းထန်လာပေသည်။ ယိုကျင့်သည် နေ့စဉ် ၀က်စာကျွေးရုံသာမက ထင်းလည်း ခုတ်ရသေးသည်။ ထို့အတွက် သူမ၌ ကိုယ်ပိုင်အချိန်များစွာ ရှိကာ ငွေကြေးစုဆောင်းရန် အပြင်အလုပ်များ လုပ်လို့ရပေသည်။
ယွဲ့ချန်လုသည် အမျိုးသမီးစု ပြောသကဲ့သို့ပင် အမှန် ပြောင်းလဲလာချေသည်။ အိမ်သို့ ပြန်ရောက်သည့်အခါ ဇနီးဖြစ်သူနှင့် ကလေးများကို မရိုက်နှက်သည်မှာ အချိန်အတော်ကြာလေပြီ ဖြစ်သည်။ အမျိုးသမီးစုနှင့် စိတ်ပိုင်းဆိုင်ရာ တူညီသည့် ယိုရင်သည် ထိုအပြုအမူများကြောင့် တုန်လှုပ်စပြုကာ လက်ရှိဖခင်သည် ကောင်းမွန်နေပြီဟု တွေးမိလေသည်။ သူမတို့ ယွဲ့မိသားစုမှ ထွက်ခွာလျှင် အဖမဲ့သွားမည်ဖြစ်ကာ အနောက်ဘက်ရွာရှိ မုဆိုးမဝူ မိသားစုကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထိုမိသားစု၏ ကလေးများသည် ဖခင်မရှိခြင်းကြောင့် ငယ်စဉ်ကတည်းကပင် အနိုင်ကျင့် ခံလာရပေသည်။
ထိုကိစ္စကြောင့် ယိုရင်နှင့် ယိုကျူးကြား၌ ရန်ပွဲအသေးစားတစ်ခု ဖြစ်ပွားသွားလေသည်။ ယိုကျူးသည် ယိုကျင့်၏ဘက်၌ မြဲမြံစွာရပ်တည်ထားလေသည်။ ဇနီးနှင့် ကလေးများကို ရိုက်နှက်သည့် တိရိစ္ဆာန်လိုအဖေမျိုးက ထိုသို့ဖြစ်လာမည်ကို သူမ မယုံကြည်ပေ။ ယိုကျူးသည် ယိုရင်အား အော်ပြောလိုက်သည်။
“သူသာ ကိုယ့်အမှားကို သိပြီး ပြင်တတ်တယ်ဆို ဘာလို့ ဒီလောက်နှစ်တွေ အကြာကြီး နှိပ်စက်ခံနေရတာလဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မဲ့အစား အသက်ထွက်သွားတာမှ အေးသေးတယ်”
ယိုရင်သည် ညီမများကြား၌ အနူးညံ့ဆုံးဖြစ်ပေသည်။ ယိုကျူးသည် သူမအား အပြစ်တင်သည့်အပြင် ရုတ်တရက် ဆဲဆိုလိုက်သောကြောင့် သူမ၏မျက်ရည်များသည် တစ်ပြိုင်နက်တည်း ကျဆင်းလာပေသည်။
“ယိုကျူး အဲဒါငါတို့အဖေနော်။ သူကဘာမှားနေလို့လဲ။ နင်တကယ် အဖေမရှိ ဖြစ်ချင်နေတာလား”
ထိုဦးနှောက်မရှိသည့် အစ်မဖြစ်သူကြောင့် ယိုကျူးသည် ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်ဖြစ်နေစဉ် ဉာဏ်ကောင်းသည့် ရှောင်ပါးလေးသည် ယိုရင်အား ဆွဲခေါ်ကာ စိတ်လျှော့ခိုင်းလေသည်။
ထိုအကြောင်းကို ယိုကျင့်ကြားသော် အကြောင်းအရာကို မေးမြန်းလိုက်သည်။ ယခု သူမတို့ညီအစ်မများသည်ပင် ယွဲ့မိသားစုမှ ထွက်ခွာရန် မစည်းလုံးတော့ချေ။ ယိုကျင့်သည် ယိုရင်အား အရင်အငိုတိတ်အောင် လုပ်လိုက်သည်။ ထို့နောက် ယိုပေါင်ကို ခေါ်ကာ ယိုကျူးကို ခေါ်သွားခိုင်းလေသည်။ ယိုရင်အား ဆွဲကာ ခုတင်ပေါ်သို့ ထိုင်စေပြီးနောက် သေချာမေးလေသည်။
“ယိုရင်က ယွဲ့အိမ်က ထွက်သွားပြီးရင် အနိုင်ကျင့်ခံရမှာကို ကြောက်နေတာလား”
ယိုရင် ကြီးပြင်းလာသည့် တစ်လျှောက် ကြည့်ရှုစောင့်ရှောက်ခဲ့ရ၍ ထိုကလေးမ၏ သဘောထားကို ယိုကျင့် သိပေသည်။ သူမသည် ဒေါသကြောင့် အကျပ်ကိုင်ဖြေရှင်းခြင်းထက် အခြားလူကို နား၀င်အောင် ဖျောင်းဖျမည့်သူဖြစ်သည်။
သူမအား ကြည့်နေသည့် အစ်မဖြစ်သူအား မဝံ့မရဲကြည့်လိုက်သည်။ သူမ၏အစ်မသည် ညီအစ်မများကို ကြည့်ရှုစောင့်ရှောက်နေရမှန်း သိပေသည်။ အကယ်၍ အဖေသာ ပြောင်းလဲသွားပါက အားနည်းသည့်အမေနှင့် လျှောက်သွားရင်း မိမဲ့ဖမဲ့ဖြစ်သည်ထက် မိသားစုစုံစုံလင်လင် ရှိနေခြင်းက သူမတို့အတွက် ပိုကောင်းပေသည်။
ယိုရင်၏အတွေးများကို နားလည်ပြီးနောက် ယိုကျင့်သည် ထပ်မံမေးခွန်းထုတ်လိုက်သည်။
“အဖေက တကယ်ပြောင်းလဲသွားတယ်လို့ ယိုရင်ထင်လား။ အဖေ့ကို အချိန်သုံးလပေးကြည့်ရင်ရော ဘယ်လိုလဲ။ အဲ့သုံးလအတွင်း အဖေတကယ် ပြောင်းလဲသွားတယ်ဆိုရင် အစ်မတို့ ထွက်မသွားတော့ဘူး။ တကယ်လို့ အဖေထပ်ပြီး အမှားလုပ်နေဦးမယ်ဆိုရင်ရော အဲ့အခါ ဘယ်လိုလုပ်ကြမလဲ”
အစ်မဖြစ်သူ၏ ထွက်မသွားဘူး ဟူသော စကားကို တစ်ပိုင်းတစ်စကြားလိုက်သည့် ယိုကျူးသည် အထဲသို့ ပြေး၀င်သွားချင်မိသည်။ သို့သေည် ယိုပေါင်က ထိုသို့ ခွင့်မပြုပါချေ။
“စန်းကျဲ အဲ့လိုပြောတယ်ဆိုတာ သူ့မှာ အကြောင်းပြချက်ရှိမှာပဲ။ နင့်လို တွေ့သမျှ ၀င်ခွေ့တတ်တဲ့ အကျင့်နဲ့ ၀င်သွားရင် စစ်ကျဲနဲ့ ရန်ထပ်ဖြစ်ဦးမှာပဲ မဟုတ်ဘူးလား” နောက်ဆုံး၌ ယိုပေါင်သည် ယိုကျူးအား ဖျောင်းဖျနိုင်ခဲ့သည်။
ယိုကျင့်သည် အပြင်ရှိ အသံများကို လျစ်လျူရှုလိုက်သည်။ သူမပြောသည်များကို ယိုကျူးတစ်ယောက် နားစွန်နားဖျား ကြားသွားမှန်း ခန့်မှန်းစရာပင် မလိုခဲ့ပေ။ သို့သော် သူမသည် ယိုရင်အား ဆက်လက်ဖျောင်းဖျနေခဲ့သည်။
“ဘာလို့ ယိုကျူးက အဲ့လောက် ထွက်သွားချင်နေရလဲ သိလား။ ယိုကျူးနဲ့ ယိုပေါင်မွေးတုန်းက အဘွားက သူတို့ကို ဘာလုပ်ခဲ့လဲ မေ့သွားပြီလား။ ပြီးတော့….” ယိုကျင့်သည် ညီအစ်မများ ခံစားခဲ့ရသည့် မတရားမှုများကို ယိုရင် မှတ်မိလာအောင် ပြုလုပ်ပေးခဲ့သည်။
စကားပြောလို့အပြီး၌ ယိုရင်သည် အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ ယိုရင်ကို နား၀င်အောင် ပြောလိုက်နိုင်မှန်း သူမ သိလေသည်။ ထို့ကြောင့် တကယ်ပင် စိတ်သက်သာရာရခဲ့သည်။
“ခွေးတွေ၀က်တွေထက် ဆိုးတဲ့ဒီလိုဘ၀မျိုးမှာ မနေချင်လို့ ယိုကျူးက ထွက်သွားချင်တာ။ အဲ့ကလေးမက ဒေါသကြီးပေမဲ့ မင်းကို ထိခိုက်စေချင်လို့ ပြောတာတော့ မဟုတ်ပါဘူး။ ပြီးတော့ မင်းတို့တွေက ညီအစ်မတွေပဲလေ မဟုတ်ဘူးလား”
“ညီမနားလည်ပါတယ်” ယိုရင်သည် အစ်မဖြစ်သူအား နီရဲရဲမျက်၀န်းများဖြင့် ငေးကြည့်လေသည်။ ယိုကျူးသည် ယွဲ့အိမ်မှ ထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောသည့်အခိုက်အတန့်၌ ယိုကျူးသည် အခြားလူများ၏ ကောင်းကျိုးအတွက်ပါ ပြုလုပ်နေသည့်အတွက် သူမအပေါ်၌ စိတ်မဆိုးတော့ပါချေ။
ယိုရင်အား ဖျောင်းဖျပြီးချိန်၌ ယိုကျူးအား ဆုံးမရန် ကျန်သေးသည်။ “နင့်ရဲ့ လက်တစ်ဆစ်လောက် စိတ်လေးကို ထိန်းဖို့ ပြောတာ ဘယ်နှခါရှိပြီလဲ။ ကောင်းကောင်းပြောလို့ မရဘူးလား။ နင့်အစ်မက ဒီလောက် ကြင်နာတတ်တာလေ။ နင်ကတော့ ကတ်ကတ်လန် ရန်ပြန်တွေပြီး ဆက်ဆံရေးကို အဖုအထစ် ဖြစ်အောင် လုပ်ရသလား”
ယိုကျူးသည် ထိုသို့ အဆူခံနေရသည့်အတွက် ခေါင်းပင်မဖော်နိုင်ခဲ့ချေ။ အစ်မဖြစ်သူမှာ သူမတို့ ကောင်းမွန်စေရန် ပြုလုပ်ကြောင်း သိနေသည့်အတွက် ထုံးစံအတိုင်း ခေါင်းညိတ်လိုက်ရသည်။ “မမကြီး သမီးမှားမှန်း သိပါတယ်”
ဤသို့ဖြင့် ညီအစ်မနှစ်ယောက်ကြားရှိ ပြဿနာသည် ယိုကျင့်ကြောင့် ပြေလည်သွားပြီး မည်သူမျှ အစမဖော်ကြတော့ပေ။
…