EYYJ အပိုင်း ၂၂

အပိုင်း (၂၂) စျေးသွားမယ် (၂)

စျေးနေ့တွင် ပတ်ဝန်းကျင်ရွာမှ ရွာသားများသည် အပ်နှင့်အပ်ချည်၊ သို့မဟုတ် တခြား တိုလီမုတ်စလေးများကို ဝယ်ကြလေသည်။ ထို့ကြောင့် လျိုထန်မြို့၏စျေးသည် အလွန်စည်ကားသည်ဟု ဆိုနိုင်လေသည်။ လူများသည် လမ်းတစ်လျှောက်တွင် မျက်နှာချေရောင်းသူ၊ မျက်လှည့်ကစားပြသူများနှင့် သူတောင်းစားများပင် ရှိလေသည်။ အရင်ကထပ်ပင် သူတောင်းစားများ ပိုများလေသည်။

ပထမဆုံးနှစ်ခေါက် ယိုကျင့်မြို့တက်လာချိန်က သူမသည် အလျင်လိုစလိုဖြစ်ခဲ့သည်။ ရှေးခေတ်ပွဲတော်၏ဘဝ နှင့် မီးရှူးမီးပန်းနံ့များကို အပြည့်အဝ မခံစားခဲ့ရချေ။ သည်နေ့တော့ သူမသည် ဘာမှမထူးခြားသကဲ့သို့ပင်။

ကျောပေါ်တွင် လေးလံသည့်ခြင်းတစ်ခုကို ပိုးထားပြီး ယူမာမီအခန်း၏ အနောက်ဖက် မီးဖိုတံခါးကို သွားခေါက်လိုက်၏။ ခဏကြာတော့ အနောက်တံခါးကို စောင့်ဖို့တာဝန်ကျသည့် ကောင်လေးက တံခါးလာဖွင့်ပေးလေသည်။ အစပိုင်းတွင် နေ့စဥ်ကုန်ကြမ်းပို့သည့်လယ်သမားဟု ထင်လိုက်လေသည်။ မျှော်လင့်မထားဘဲ ကြီးကောင်ဝင်လူငယ်လေးတစ်ယောက် ဖြစ်နေတော့သည်။ သူ့မျက်နှာတွင် အိုးဖင်က ကျက်ခိုးများကဲ့သို့ အရာများနှင့် သုတ်ထားလေသည်။ သူ့မျက်နှာကိုပင် ကောင်းကောင်း မမြင်ရချေ။ ထို့နောက် သူမေးလိုက်၏။

“ မင်း တံခါးလာခေါက်တာလား”

ပုံမှန်အားဖြင့် တည်းခိုခန်းများနှင့် စားသောက်ဆိုင်းများတွင် လူတချို့က မကြာခဏဆိုသို ပစ္စည်းများ လာရောင်းတတ်လေသည်။ ကောင်လေးက ထိုကိစ္စကို သိပြီးသားဖြစ်သည်။ ယိုကျင့်နောက်က တင်းကြပ်နေအောင်ဖုံးထားသည့် ဝါးခြင်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး

“ မင်း ဘာသယ်လာတာလဲ”

ယိုကျင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆောင်ထားလိုက်ပြီး

“အစ်ကို ကျွန်တော် သယ်လာတာက ကျွန်တော့်အဖေ တောင်ပေါ်မှမိခဲ့တဲ့ ရစ်ငှက်နဲ့ယုန်တွေပါ၊ သူတို့တွေ အခုထိ အသက်ရှင်နေကြတုန်းပဲ တစ်ချက်လောက် ကြည့်ချင်လား”

ရစ်ငှက်နှင့် ယုန်ဟု ကြားလိုက်သည်နှင့် ကောင်လေးသည် စိတ်ဝင်စားသွားတော့သည်။

“ စျေးမပြောခင် အရင်ဆုံး ဖွင့်ပြပါအုံး”

ယခုအချိန်က ဆောင်းဦးနှောင်းပိုင်း ဖြစ်ပြီး ယူမာမီအခန်းသို့ စားသောက်ရန် လာကြသူများသည် နွေရာသီထပ် ပိုများလေသည်။ လျိုထန်မြို့အနီးတွင် မုဆိုးများများ စားစားမရှိချေ။ ထို့အပြင် နေ့စဥ် သူတို့ရရှိသည့် တောင်ပေါ်ပစ္စည်းများမှာ အကန့်အသတ်နှင့် ဖြစ်လေသည်။

ယိုကျင့်သည် သူ့အဖြေကို ကြားလိုက်ချိန်၌ မျှော်လင့်ချက်အရိပ်တစ်ခု ယှက်သန်းသွားတော့သည်။ ကျောပေါ်က ခြင်းအလေးကြီးကို မြန်မြန်ချလိုက်ပြီးနောက် ကောင်လေးရှေ့တွင် ဖုံးထားသည့် အဝတ်အိတ်ကြီးကို မ,လိုက်လေသည်။ ၇ကောင် ၈ကောင်လောက်ရှိသည့် တောကြက်များက တတော်တော်နှင့် အော်နေပြီး ပူးကပ်နေသည့် မီးခိုးရောင်ယုန်က ခြင်းထဲတွင် စုပုံနေလေသည်။

‘အဟီး’ ဟု ရယ်လိုက်ပြီး ကောင်လေးက ပြုံးဖြီးသွားတော့သည်။

“ မင်းတော်တော် တတ်နိုင်တဲ့ကောင်လေးပဲကွ၊ ဒီလောက်များတဲ့ ရစ်ငှက်နဲ့ ယုန်တွေကို မင်းရဲ့ပဲစေ့အရွယ် ခန္ဓာကိုယ်လေးနဲ့ မြို့အထိသယ်လာနိုင်တယ်သတဲ့”

သူသည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး သည်တောင်ပေါ်ပစ္စည်းများကို အားတက်သရော စစ်ဆေးနေလေသည်။ အားလုံးက အရည်အသွေးကောင်းများဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ထရပ်လိုက်ပြီးနောက် ယိုကျင့်ကို ပြောလိုက်၏။

“ ဒီမှာစောင့်နေ၊ ငါ စားဖိုဆောင်အတွက် တာဝန်ယူ ဝယ်ခြမ်းပေးရတဲ့ ဘဏ္ဍာထိန်းကို တောင်ပေါ်က ပစ္စည်းလိုသေးလား သွားမေးလိုက်အုံးမယ်”

ယိုကျင့် သူ့ကို ဝမ်းသာအားကျေးဇူးတင်လိုက်လေသည်။

“ ကျွန်တော် အစ်ကို့ကို ဒုက္ခပေးမိပါပြီ”

ယိုကျင့်သည် အစက ဤမျှလောက် ရိုးရှင်းမည် မထင်ထားချေ။ အံ့ဩစရာကောင်းလောက်အောင် ကိစ္စများက ချောမွေ့နေလေသည်။ အမှန်တွင်တော့ မုဆိုးအများစု လာပို့သည့် ရစ်ငှက်နှင့် တောယုန်များသည် ပစ်သတ်ခံထားရသည်က များလေသည်။ ယူမာမီအခန်းသို့ ရောက်လာချိန်တွင် ရစ်ငှက်သားများသည် မာသွားတော့သည်။ ယိုကျင့် လာပို့သည့် အသက်ရှင်နေသည့် ရစ်ငှက်များက သူတို့အတွက်တော့ ရှားရှားပါးပါးပင်။ ထို့ကြောင့် အလွန်ချောမွေ့နေခြင်းပင်။

ကောင်လေးဝင်သွားပြီး ၁၅မိနစ်တောင်မကြာလိုက်ချေ အနည်းငယ်ခပ်ဝဝ သက်လတ်ပိုင်း ယောက်ျားတစ်ယောက်နှင့်အတူ ပြန်ထွက်လာ၏။

“ ဘဏ္ဍာထိန်း ဒီကလေးက တောင်ပေါ်က ပစ္စည်းလာရောင်းတာ”

တောက်ပသည့် မျက်လုံးတစ်စုံနှင့် ဘဏ္ဍာထိန်းက ယိုကျင့်ကို အကြိမ်ကြိမ် အကဲခတ် ကြည့်လိုက်လေသည်။ သူ့မုတ်ဆိတ်မွေးကို အကြိမ်အနည်းငယ် သပ်လိုက်ပြီး မေးလာ၏။

“ ကောင်လေး ဒီတောင်ပေါ်က ပစ္စည်းတွေကို မင်းဘယ်ကရခဲ့တာလဲ၊ စျေးကရော”

ယိုကျင့်သည် ရှေးခေတ်လူများအတိုင်း လိုက်တုလိုက်ပြီး လှိုက်လှိုက်လှဲလှဲဖြင့် ကိုယ်ကိုညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။

“ ကျွန်တော့်မိသားစုက ချွေ့ဖုန်းတောင်ပေါ်က မုဆိုးမိသားစုတစ်ခုပါ၊ ဒီတောင်ပေါ်က ပစ္စည်းတွေအားလုံးကို ကျွန်တော့်အဖေက ဖမ်းခဲ့တာပါ၊ ကျွန်တော့်အမေအိုကြီးက နေမကောင်းလို့ အဖေက ကျွန်တော့်ကို မြို့ပေါ်တက်ခိုင်းပြီး ပစ္စည်းတွေ လာရောင်းခိုင်းလိုက်တာပါ၊ အမေ့ကို သမားတော်နဲ့ ပြသနိုင်ဖို့ ကျွန်တော် ငွေစနည်းနည်းရမှဖြစ်မယ်”

သူမ စကားကို နားထောင်လိုက်ပြီးနောက် ဘဏ္ဍာထိန်းသည့် ဘာမှ ထပ်မမေးတော့ချေ။ ခြင်းပေါ်တွင် အုပ်ထားသည့် အဝတ်အိတ်ကြီးကို မ,ပြဖို့ အမူအရာ လုပ်ပြလိုက်ပြီး သေသေချာချာ စစ်ဆေးလိုက်လေသည်။ နောက်ဆုံးတွင် သူသည် ရစ်ငှက် ၈ကောင်နှင့် တောယုန် ၄ကောင် ဝယ်သွားတော့သည်။

***

ယိုကျင့်သည် လာတုန်းကလောက် မလေးတော့သည့် ခြင်းကို ပေါ့ပေါ့ပါးပါး သယ်လာခဲ့သည်။ သူမ၏လက်ထဲတွင်တော့ မနေ့ညက အမျိုးသမီးစု ချုပ်ပေးလိုက်သည့် အိတ်သေးသေးလေးကို ကိုင်ထားလေသည်။ အိတ်ထဲတွင် တောင်ပေါ်ကပစ္စည်းများကို ရောင်းထားသည့် ငွေစများ ပါလေသည်။ ယိုကျင့်သည် သူမ၏နှလုံးများ တောက်လောင်နေသကဲ့သို့ ခံစားနေရတော့သည်။ ယူမာမီအခန်း၏ အနောက်တံခါးရှိရာ လမ်းကြားလေးမှ ထွက်လာပြီး အနောက်ဘက်စျေးတွင် စျေးနေ့တိုင်း ဆိုင်များ ခင်းတတ်သည့် နေရာသို့ လာခဲ့တော့သည်။ ယိုကျင့်၏ကျောပေါ်က ခြင်းထဲတွင် တောကြက်လေး နှစ်ကောင် ကျန်နေသေးသည်။ အနောက်ဖက်စျေး လူစည်နေတုန်းက သည်တောကြက်နှစ်ကောင်းကို ရောင်းလိုက်ချင်သည်။

ထင်ထားသည့်အတိုင်း အနောက်ဖက်စျေးသို့ ဝင်လာသည်နှင့် ဆိုင်ခန်းများခင်းကာ ရောင်းချနေသူများကို နေရာတိုင်းတွင် တွေ့ရလေသည်။ လူများသည့် ထေောင့်လေးတစ်ခုတွင် နေရာကျဥ်းကျဥ်းလေးတစ်ခု ရှာတွေ့သွားပြီး သေပြီးသားတောကြက် နှစ်ကောင်ကို ထုတ်ကာ မြေပေါ်တွင် ခင်းလိုက်လေသည်။

ဟိုသွားသည်သွားနှင့် ရောင်းနေကြသည့် ပျံကြစျေးသည်များကို ကြည့်လိုက်ပြီး ယိုကျင့် ပါးစပ်ဟလိုက်သော်လည်း အနည်းငယ် ရှက်ရွံ့နေမိလေသည်။ ဘဝနှစ်ခု ရှင်သန်ခဲ့သူ တစ်ယောက်အနေဖြင့် ယိုကျင့်သည် လမ်းပေါ်တွင် စျေးရောင်းသည့်အလုပ်ကိုတော့ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ ထို့ကြောင့် ပါးစပ်မဟရဲသည်က အမှန်။

ယိုကျင့်က အော်ရောင်းတော့မည် ပြင်လိုက်စဥ် ချည်သားအဝတ်အစား ခပ်လတ်လတ် ဝတ်ဆင်ထားသည့် စျေးခြင်းတစ်ခုနှင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ရောက်လာပြီး

“ကောင်လေး ဒီတောကြက်တွေ ဘယ်လိုရောင်းလဲ”

စျေးဝယ်သူတစ်ယောက် ရောက်လာသည်ကို မြင်လိုက်တော့ ယိုကျင့် ချက်ချင်း သတိပြန်ကပ်လိုက်၏။ သူမ ပြုံးကာ ပြန်ဖြေလိုက်လေသည်။

“ တစ်ကောင်ကို ပြားလေးဆယ်ပါ”

ဒါသည် အသက်ရှင်နေသည့် ရစ်ငှက်တစ်ကောင်စျေး၏ တဝက်နီးပါးဖြစ်လေသည်။ လျိုထန်မြို့တွင် အရည်အသွေးကောင်းသည့် ဝက်သားနှင့် အိမ်မွေးကြက်၊ ဘဲများသည် တစ်ပိဿာ ပြား၂၀ထက် ပိုပေးရသည။ သည့်တောကောင်က မွေးမြူရေးအသားများလို့ အလွယ်တကူ မရနိုင်ချေ။ ထို့ကြောင့် အိမ်မွေးကြက်များထက် စျေးပိုကြီးလေ့ရှိသည်။ အသက်ရှင်နေသည့်ရစ်ငှက်ကို တစ်ပိဿာလျှင် ကြေးပြားတော်တော်များများဖြင့် ရောင်းချနိုင်လေသည်။

သို့သော် မိန်းမကြီးက မျက်မှောင်ကျုံ့လိုက်ပြီး သေသည့် ရစ်ငှက်ကို ဆွဲကြည့်လိုက်၏။ သူမ၏လက်ကို ရွံသလိုလို ခါလိုက်ပြီး

“ ကောင်စုတ်လေး နင်ဒီစျေးတောင်းရဲတယ်နော်၊ ဒါက သေပြီးသား တောင်ပေါ်ကြက်တစ်ကောင်ပဲ၊ ကြေးပြား ပြား၅၀တောင် တောင်းရဲတယ်၊ တစ်ပိုင်းကို ပြား၃၀ပေးမယ် ဘယ်လိုလဲ”

သည်မိန်းမ၏စကားကို ကြားလိုက်တော့ ယိုကျင့်မှာ မတတ်နိုင်ဘဲ ရယ်ချင်သွားတော့သည်။ သူမ၏ ငယ်ရွယ်သည့်အသက်ကို အမြတ်ထုတ်နေခြင်းပင်။ သူမ ငြင်းလိုက်သည့် ရစ်ငှက်ကို နေရာတကျ ပြန်ထားလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်လေသည်။

“ အဒေါ်ရယ် ပြား၃၀ကတော့ အရမ်းနည်းပါတယ်၊ ကျွန်တော့်ကို ငယ်လို့ဆိုပြီးတော့ မနှပ်ချပါနဲ့ဗျာ”

ထိုစကားကို ကြားလိုက်တော့ မိန်းမ၏မျက်နှာသည် အနည်းငယ် ထူပူသွားတော့သည်။ သူမ စုတ်သပ်လိုက်ပြီး

“ ဒါတွေ သေနေတာ ဘယ်လောက်ကြာပြီမှန်းမှ မသိဘဲနဲ့၊ နင်က ရောင်းရဲသေးတယ်၊ လူတွေ ဒါကို စားမိလို့ နေမကောင်းဖြစ်ပြီး ရုံးတော်ကို တိုင်လို့ နင် အဖမ်းခံရမှာ မစိုးရိမ်ဘူးလား”

ထို့နောက် သူမသည် ဒေါသတကြီး ဖင်ပစ်ကာ လှည့်ထွက်သွားတော့သည်။

ယို့ကျင့်သည် ဂရုစိုက်မနေချေ။ အရောင်းအဝယ် မဖြစ်သော်လည်း အမှန်တရားကတော့ ရှိနေဆဲ။ သူမကိုယ်တိုင်လည်း ချက်ချင်း ရောင်းထွက်သွားဖို့ မျှော်လင့်မထားချေ။ အဒေါ်ကြီးက ဆဲရေးကာ ထွက်သွားသည်ကို တွေ့လိုက်တော့ တိတ်တိတ်လေး ထောင့်လေးဆီ ပြန်သွားလိုက်ကာ တောကြက်နှစ်ကောင် ဆက်စောင့်ကြည့်နေလိုက်တော့သည်။ ယိုကျင့်၏ တောကြက် နှစ်ကောင်ရောင်းစျေးက အလွန်မများကြောင်း သက်သေထွက်လာတော့သည်။ မိန်းမကြီး ထွက်သွားပြီး နာရီဝက်အတွင်း ယိုကျင့်သည် ရစ်ငှက်အားလုံးကို တစ်ကောင် ပြား၄၀ဖြင့် ရောင်းထွက်သွားတော့သည်။ ထို့နောက် ကျောမှခြင်းအလွတ်ကို သယ်ကာ သီချင်းလေးညည်းရင်း ထွက်လာခဲ့လေသည်။ အပြန်လမ်းတွင် သကြားလုံး အထုပ်ကြီးတစ်ထုပ်နှင့် တစ်လုံးကို ၃ပြားပေးရသည့် အသားပေါင်မုန့် ၈လုံး ဝယ်လိုက်ပြီး ကြေးပြား ငါးစသုံးလိုက်လေသည်။

မြို့မှ ထွက်လာပြီးနောက် သူမကို ခေါ်လာပေးသည့် ဦးလေးနှင့် ပြန်တွေ့သဖြင့် ယိုကျင့် ပျော်ပျော်ရွှင်ရွှင် ကြေးတစ်စကို ထုတ်ပေးလိုက်ပြီး လှည်းပေါ်သို့ တက်ထိုင်လိုက်၏။ အခုတော့ နေမြင့်နေပြီဖြစ်သည်။ စျေးသွား အလောတကြီး သွားလာနေကြသူများ လည်းရှိသေးသည်။ လှည်းသည် ခဏအတွင်း လူငါးယောက် ပြည့်သွား၏။ ဦးလေးက ချွေ့ဖုန်းတောင်ရှိရာဖက်သို့ လှည်းကို ပြန်မောင်းလာလိုက်တော့သည်။

ချွေ့ဖုန်းတောင်၏ တောင်ဘက် လမ်းကြီးသို့ ရောက်သည်နှင့် ယိုကျင့်သည် မနက်က လှည်းပေါ်တက်ခဲ့သည့်နေရာတွင် ဆင်းလိုက်၏။ လှည်းသမားဦးလေးကို နှုတ်ဆက်လိုက်ပြီးနောက် ကျောပေါ်တွင် ဝါးခြင်းတောင်းတစ်ခုကို သယ်ကာ ချွေ့ဖုန်းတောင်ပေါ်သို့ တက်ခဲ့လိုက်တော့သည်။

အပြန်လမ်းတွင် သူမကိုယ်ပေါ်က လေးလံသည့်တောင်ပေါ်က ပစ္စည်းများ မပါတော့သဖြင့် ယိုကျင့်၏ခြေလှမ်းများ ပိုမိုမြန်ဆန်နေတော့သည်။ သူမ ချွေ့ဖုန်းတောင်၏မြောက်ပိုင်းသို့ လျှောက်ကာ ပြန်လာခဲ့သည်။ ချွေ့ဖုန်းရွာကို မြင်လိုက်ရပြီးနောက် ခြေလှမ်းများကို နှေးလိုက်ကာ ဝက်စာများကို ထပ်စုလိုက်တော့သည်။ ထို့နောက်မှ လေးလံသည်ဝက်စာများကို သယ်ကာ အိမ်သို့ပြန်လာခဲ့လေသည်။

***

နာရီဝက်အတွင်း ယိုကျင့် အိမ်ပြန်ရောက်လာခဲ့၏။ အဘွားချန်နှင့် အမျိုးသမီးချန်တို့လည်း အပြင်မှ ပြန်ရောက်လာကြလေသည်။ သို့သော် သူတို့၏ အပြန်လမ်းက မျက်လုံး မျက်ခုံးများ ကွေးနေအောင် ပျော်ရွှင်စွာပြန်လာသည့် ယိုကျင့်နှင့်တော့ မတူချေ။ အဘွားချန်က မကျေမနပ်ဖြစ်နေ၏။ အမျိုးသမီးချန်ကတော့ မျက်နှာငယ်လေးဖြင့် အဘွားချန်၏နောက်မှ အစစ်ဆေးခံလာကာ စိတ်ပျက်နုံးခွေနေတော့သည်။

ခြံထဲတွင် ဝက်စာများကို ဖြတ်ကာ ဝက်စာကျွေးနေသည့် ယိုကျင့်က နှစ်ယောက်ကြားတွင် တစ်ခုခု ထူးခြားနေသည်ကို တွေ့လိုက်ရလေသည်။ အနောက်ဆောင်၏စင်္ကြံတွင် အသီးအရွက်ရွေးနေသည့် ယိုကျူးကို လက်ဝေ့ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ယိုကျူး ပင်မဆောင်ရဲ့အနောက်ဘက်ကို တိတ်တိတ်လေးသွား၊ အဘွားက ကြီးတော်ကို ဘာတွေပြောနေလဲဆိုတာ နားထောင်ခဲ့”

အရင်က ယိုကျူးသည် တစ်ခါတစ်လေ ချောင်းနားထောင်တတ်လေသည်။ သို့သော် အားလုံးက အသေးအဖွဲကိစ္စများသာ။ အခုတော့ သူမသည် ယွဲ့မိသားစုမှ ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ပိုသိထားလေလေ ပိုဖြေရှင်းလွယ်လေလေ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမ စပိုင် ယိုကျူးကို မြန်မြန် လွှတ်လိုက်လေသည်။

ယိုကျူး၏မျက်လုံးဝိုင်းလေးများသည် တောက်ပသွားတော့သည်။ အားတက်တရော ခေါင်းညိတ်ပြလိုက်၏။ ဆင်ဝင်အောက်တွင် ထိုင်ကာ အသီးအရွက်ရွေးနေသည့် ယိုရင်က ယိုကျူး၏ လှုပ်ရှားမှုများကို ကြည့်နေလိုက်၏။ စိတ်ထဲတွင် အနည်းငယ် နေရခက်သွားတော့သည်။

“ စန်းကျဲ သူ့ကို မိသွားမှဖြင့်” သူ သတ်ခံရလိမ့်မယ်လို့ ပြောရင်တောင် ချဲ့ကားပြောနေတာ မဟုတ်ဘူး။

ယိုကျင့်သည် သူမကို စိတ်ချသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ ရှောင်ဝူက အရမ်းတော်တယ်၊ စိတ်ချလို့ရပါတယ်”

ယိုကျူးသည် ယိုကျင့်၏မျှော်လင့်ချက်များကြောင့် အားတက်သွားတော့သည်။ ပင်မဆောင်၏ နောက်ကျောဖက် ပြတင်းပေါက်နား တိတ်တိတ်လေး ကပ်သွားလိုက်ပြီး အနည်းငယ် ဖွင့်ထားသည့် ပြတင်းပေါက်အောက်တွင် ဝပ်ချလိုက်၏။ အချိန်ကိုက်လေးပင် အမျိုးသမီးချန်၏ ခုခံပြောဆိုနေသည့်စကားကို ခပ်ရေးရေး ကြားလိုက်ရလေသည်။

“ အမေ ကျွန်မ မိသားစုငွေကို ဘယ်တုန်းကမှ အလွဲသုံးစား မလုပ်ခဲ့ဖူးဘူး၊ အမေ စိတ်မဆိုးရဘူး”

သို့သော်ငြား အဘွားချန်က ပြန်ပြောလေသည်။

“ ဒါဆို ငါကပဲ နင့်ကို မှားပြီးအပြစ်တယ်တာပေါ့လေ၊ ငါ မြို့ကို မသွားတာ ကြာပြီမလို့ ငါ့ကို ချော့ပြောလို့ရမယ်လို့ နင်ထင်နေတာလား၊ ဥတွေကို မြို့မှား တစ်လုံး ကြေးပြား ၂စနဲ့ ရောင်းလိုက်ရတယ်၊ စိတ်ပုပ်တဲ့နင်ကတော့ ပြန်လာပြီး တစ်လုံးကို ကြေးပြား ၁စ ပဲ ရတယ်လို့ ပြောခဲ့တယ်လေ၊ ငါ့ငွေတွေကို အလွဲသုံးစားလုပ်နေတာ နင်မှမဟုတ်ရင် ဘယ်သူရှိအုံးမှာလဲ”

အမျိုးသမီးချန်သည် ဒေါသမီးဖြင့် အဖြေမရှိသည့် မေးခွန်းကြောင့် နင်သွားတော့သည်။ သို့နှင့် ငိုယိုကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုတော့သည်။ သူမ၏သားနှစ်ယောက်က စာလေ့လာချင်ပြီး မိသားစုကလည်း ငွေအများကြီး သုံးနေရသည်ဟုသည့် စကားလွဲလျှင် တခြားမရှိတော့ချေ။

သို့သော် သည်စကားကပင် အဘွားချန်၏စိတ်ကို နာကျင်သွားစေတော့သည်။ ခုတင်ပေါ်တွင် ထိုင်ရင်းက ထခုန်တော့မတတ် အမျိုးသမီးချန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူပူလေတော့သည်။

“ နင့်ရဲ့ဘယ်ကပိုက်ဆံက ဝမ်ထောင်ညီအစ်ကို ကို စာသင်ဖို့ သုံးခဲ့လို့လဲဟဲ့၊ မိသားစုရဲ့ငွေနဲ့ ဘယ်တုန်း မထောက်ပံ့ခဲ့လို့လဲ၊ သူတို့ အဖြေလွှာဝယ်ဖို့ သုံးချင်တယ်ဆိုတဲ့ ငွေစ ၁၀၀က မိသားစုငွေတွေပဲလေ၊ နင် တစ်ပြားတောင်ထုတ်ဖူးလို့လား”

သမီး ယောက္ခမတို့သည် ကြောက်စရာကောင်းလောက်အောင် အငြင်းပွားနေကြတော့သည်။ နောက်ဆုံး ယွဲ့တာ့ဖူက ဆုံးဖြတ်ပေးလိုက်လေသည်။

“တော်တော့၊ နင်တို့တွေ ရန်ဖြစ်တာကလွဲရင် ဘာသိကြသေးလဲဟေ၊ ချွေးမကြီး အဲအကြောင်းစဥ်းစားမနေနဲ့၊ နင့်မှာ သီးသန့်ငွေ ရှိတာ ငါတို့မသိတာလည်းမဟုတ်ဘူး၊ ဒါပေမဲ့ မိသားစုငွေကို အလွဲသုံးစားလုပ်လို့တော့ မရဘူး၊ ငါ့ သဘောအရဆိုရင် နင် ငွေ ၂စသွားယူလိုက်၊ ဒါကို ဒီနှစ်ထဲမှာ အလွဲသုံးစားလုပ်ခဲ့တဲ့ငွေလို့ မှတ်လိုက်၊ ကျန်တာကိုတော့ ငါ ထည့်မတွက်တော့ဘူး”

ယွဲ့တာဖူ၏စကားကို နားထောင်လိုက်ပြီးနောက် ချန်မျိုးနွယ်နှစ်ယောက်လုံး ထခုန်ကြတော့သည်။ အဘွားချန်က အလွန်နည်းသည်ဟု ထင်ပြီး အမျိုးသမီးချန်ကတော့ အလွန်များသည်ဟု ထင်လေသည်။ သမီးယောက္ခမနှစ်ယောက်မှာ အချင်းချင်း ပြန်ဆွေးနွေးကြတော့သည်။

နောက်ဆုံးတွင်တော့ ယွဲ့တာ့ဖူသည် ခုတင်ပေါ်က သစ်သားစားပွဲလေးကို သူ့ဆေးတံဖြင့် ဝုန်းခနဲ ရိုက်ချလိုက်လေသည်။

“ တော်ကြစမ်း ဒီလိုပဲ သတ်မှတ်လိုက်ပြီ၊ ချွေးမကြီး နင်အခု ငွေသွားယူတော့”

အမျိုးသမီးချန်သည် မျက်နှာစူပုတ်ကာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတော့သည်။ သို့သော် သူမသည် ပြန်လည်မပြောရဲချေ။ မသွားချင်သွားချင်ဖြင့် ရှေ့ဖက်ဆောင်သို့သွားလိုက်ကာ ငွေ၂စယူလာပြီး အဘွားချန်လက်ထဲ ထည့်ပေးလိုက်လေသည်။ အဘွားချန်က ငွေစကို ဆတ်ခနဲ ယူလိုက်ပြီးနောက် သူမကို ဝါးစားမတတ် ကြည့်လိုက်လေသည်။

“ နောက်တစ်ခါ အဲလို ထပ်တွေ့လို့ကတော့ နင့်အရေခွံတွေကို ဆုတ်ပစ်မယ်မှတ်”

အမျိုးသမီးချန်သည် ဘယ်တုန်းကမှန်းတောင် မသိတော့သည့်အချိန်ကတည်းက စုဆောင်းလာသည့် ငွေများကို ကြည့်နေလေသည်။ မျက်စိတစ်မှိတ်အတွင်း သူမယောက္ခမ၏လက်တွင်းသို့ ကျရောက်သွားတော့သည်။ သူမ၏စိတ်ထဲတွင်တော့ အလိုမတူခြင်းများဖြင့် ပြည့်နှက်နေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset