အခန်း ၂၅၅ ။ မူလဝိညာဉ်ဆုံးရှုံး
ကူယွဲ့ တစ်စုံတစ်ရာကို မှတ်မိသွားဟန် မျက်မှောင်ကြုတ်လိုက်တယ်။ သူအမြန် သူ့ဘေးကလူဘက် လှည့်လိုက်တယ်။
“ယိချင်း၊ သူမဝိညာဉ်ကိုစစ်ကြည့်စမ်း”
ယိချင်း ခေါင်းညိတ်ပြီး ဒူးထောက်ကာ သူ့ကောင်းကင်စွမ်းအင်တချို့ကို အသက်သွင်းပြီး အမျိုးသမီးရဲ့ နဖူးအလယ်ဆီ ကူးပြောင်းလိုက်တယ်။ တစ်အောင့်ကြာတော့ သူ မျက်လုံးပြူးသွားခဲ့တယ်။
“သူ့… သူ့မှာ မူလဝိညာဉ်မရှိဘူး”
တကယ်ပဲ
ကူယွဲ့ အမူအရာမည်းမှောင်သွားတယ်။ မူလဝိညာဉ်ဆိုတာ လူတစ်ယောက်ဝိညာဉ်ရဲ့ အရေးကြီးဆုံးအပိုင်းပဲ။ မူလဝိညာဉ် မရှိတဲ့လူတစ်ယောက်ဟာ အသိစိတ်မရှိဘူး။ သူ့ရဲ့ ကာယအင်အားကိုပဲ အသုံးချရမှာ။ လေလွင့်ဝိညာဉ်နဲ့ မခြားနားဘူး။ ဒါပေမဲ့ သူမက ဘာလို့ သူတို့ကို တိုက်ခိုက်တာလဲ။ ပြီးတော့ သူမက အမတဝိညာဉ်တွေကို ပစ်မှတ်ထားနေတာသိသာတယ်။
“မင်းတို့အားလုံးဒီမှာကိုး၊ မင်းတို့ကို ခြေရာခံရတာ လွယ်သားပဲ”
ကူယွဲ့ စဉ်းစားနေတုန်း ရင်းနှီးနေတဲ့အသံတစ်သံကြားလိုက်ရတယ်။ အမျိုးသမီးလောက် အရပ်ရှည်ပြီး ဝတ်ရုံအနက်ဝတ်ထားတဲ့လူတစ်ယောက် သူတို့ရှေ့ဆင်းသက်လာတယ်။
“ခင်ဗျားက တစ္ဆေအမတကျူမင်ပဲ” ကူယွဲ့ ဖုန့်စန်းမှန်ထဲကလူကို မှတ်မိသွားခဲ့တယ်။
“မင်း ကျုပ်ကို မှတ်မိတယ်လား” သူက သံသယနဲ့ခေါင်းညိတ်လိုက်တယ်။ သူလည်း အမျိုးသမီးလို သွေးယိုနေတဲ့ မျက်လုံးတွေရှိပေမဲ့ ရူးနေတဲ့ပုံတော့မပေါ်။ အဲအစား သူက အတော်လေးတည်ငြိမ်တယ်။ သူက လက်သီးတွေဆုပ်ကာ ဂါဝရပြုလာတယ်။
“ကျုပ်က ကျူမင်ပါ၊ နှုတ်ခွန်းဆက်ပါတယ် တာအိုရောင်းရင်းတို့၊ ကျုပ်မိတ်ဆွေဟောင်း ဖုန့်စန်းက မင်းတို့ လူတစ်ယောက်ကို ရှာဖို့ ကောင်းကင်မြေအောက်ဘုံဆီ ဝင်လာတယ်လို့ပြောတယ်လေ၊ သူက ကျုပ်ကို အကူအညီကမ်းလှမ်းဖို့ ပြောတယ်”
ဆိုတော့ အဲစိတ်ရှုပ်စရာစုံတွဲက သူ့ကိုဒီပို့လိုက်တာပေါ့။ ကူယွဲ့ စိတ်အေးပြီး သက်ပြင်းချလိုက်တယ်။
“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
“အရိုအသေပေးစရာမလိုပါဘူး၊ ဖုန့်စန်းက ကျုပ်မိတ်ဆွေဟောင်းလေ၊ ကျုပ်သူ့ကို… ဖုန်းညာန်”
သူမှင်တက်သွားပြီး မြေကြီးပေါ်ဖိချခံထားရတဲ့ တစ္ဆေအမတကို မျက်လုံးပြူးကြည့်လိုက်တယ်။
“တာအိုရောင်းရင်းကျူ သူ့ကိုသိတာလား”
ကူယွဲ့က မေးလိုက်တယ်။
“ဖုန်းညာန်၊ တကယ်မင်းပဲ” ကျူမင်က စိုးရိမ်တကြီး ရှေ့ကိုပြေးတက်လာပြီး ရူးနေတဲ့အမျိုးသမီးကို သေချာကြည့်တော့တယ်။ သူက သူတို့ကိုမော့ကြည့်ပြီး မေးလေတယ်။
“ဒီမှာ… ဘာတွေဖြစ်သွားတာလဲ”
“ကျုပ်တို့ မိတ်ဆွေကို ဖမ်းသွားခဲ့တဲ့ တစ္ဆေအမတကို မျှားထုတ်ဖို့ ကြိုးစားနေရုံပါ” ကူယွဲ့က ဖြစ်ပျက်သွားသမျှကို ရှင်းပြလိုက်တယ်။
“သူဖြစ်နေတယ်လေ”
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကျူမင့်မျက်နှာက ထိတ်လန့်မှုအပြည့်။
“ဖုန်းညာန်က အသိစိတ်ပျောက်သွားပေမဲ့ အမြဲတမ်း…” သူက စကားပြောနေရင်း အသံတိတ်သွားပြီး ကူယွဲ့ကိုခေါင်းစခြေဆုံး ကြည့်တယ်။
“မင်းက အမတ ဖြစ်နေသေးတာလား”
ကူယွဲ့ သူ့တခြားအဖော်နှစ်ယောက်ကို အဓိပ္ပာယ်ပါပါလှမ်းကြည့်လိုက်တယ်။
“ကျုပ်က အမတဖြစ်ဆဲပါ”
“သိပြီ” ကျူမင့်အမူအရာက ပျော့ပြောင်းသွားတယ်။ တစ်စုံတစ်ရာကို နားလည်သွားဟန် သူကပြောလာတယ်။
“အံ့ဩစရာ မရှိတော့ဘူး… အံ့ဩစရာမရှိတော့ဘူး မင်းတို့ရဲ့အဲဒီသူငယ်ချင်းကို အဲဂူမှာကြုံခဲ့တာ၊ အဲတော့ ဖုန်းညာန်…”
“တာအိုရောင်းရင်းကျူ ခင်ဗျားဘာဆိုလိုတာလဲ”
ကူယွဲ့ မေးလိုက်တယ်။
ကျူမင့်အမူအရာ မည်းမှောင်သွားတယ်။ တစ်အောင့်နေတော့ သူကသက်ပြင်းချပြီး ဂါဝရပြုလာတယ်။
“ဖုန်းညာန်က ကျုပ်ရဲ့ဆရာတူညီမပါ၊ သူက အသိစိတ်ပျောက်ပြီး အပြစ်တွေအများကြီး ကျူးလွန်ခဲ့မိတယ်၊ ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးပါ”
သူက ရှေ့တက်ပြီး ဒူးထောက်ကာ အမျိုးသမီးနဖူးကို ထိလိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ စောနလေးကတင် အကြမ်းပတမ်းရုန်းကန်နေတဲ့အမျိုးသမီးက ပျော့ပြောင်းကာ ငြိမ်ကျသွားတယ်။ သူမက ဘာစကားလုံးမှ မဆိုတော့ဘူး။
“သူ အသက်ရှင်နေတုန်းက အမတဖြစ်ဖို့ တက်လှမ်းခဲ့တယ်၊ သေပြီးတဲ့နောက် သူက တစ္ဆေအမတ ဖြစ်လာခဲ့တယ်၊ အဲဒါကြောင့် အမတဝိညာဉ်တွေနဲ့ပတ်သတ်ရင် ထူးထူးခြားခြား သိလွယ်နေတာ၊ သူက မင်းတို့ကို တိုက်ခိုက်ဖို့ကြိုးစားတာက သူ့မူလဝိညာဉ်နဲ့ဆင်တဲ့ အမတဝိညာဉ်ကိုအာရုံခံမိလို့ပဲ၊ သူ့အပိုင်အဖြစ် အထင်မှားပြီး လုဖို့ကြိုးစားခဲ့တာပေါ့”
ကူယွဲ့ မြေကြီးပေါ်က အမျိုးသမီးကို ကြည့်လိုက်တယ်။
ကျူမင်က သူမရဲ့ကောင်းကင်စိတ်အာရုံကို ကာလိုက်တာနဲ့ ငြိမ်ကျသွားတာ မဆန်းတော့ဘူး။
“ခင်ဗျားဆိုလိုတာ သူက ကျုပ်သူငယ်ချင်းကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့သူ မဟုတ်ဘူးပေါ့”
“အင်း… ကျုပ်လည်းမသေချာဘူး” ကျူမင်က မျက်လွှာချပြီး မြေကြီးပေါ်က ယင်ချီအကြွင်းအကျန်ကို လေ့လာလိုက်တယ်။ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ယင်ချီတချို့ကို အမျိုးသမီးလက်ဖဝါးထဲ ကူးပြောင်းလိုက်တယ်။
“ကျုပ် မင်းတို့ သူငယ်ချင်းကို နောက်ဆုံးတွေ့ခဲ့တုန်းက သွေးဝိညာဉ်အင်းကွက်ထဲက ယင်ချီအကြွင်းအကျန်က တကယ်ပဲ ဖုန်းညာန်ရဲ့ဟာနဲ့ဆင်တယ်၊ သွေးဝိညာဉ်အင်းကွက်က ဘာလို့ မအောင်မြင်တာလဲတော့ ကျုပ်မသေချာဘူး၊ ဖုန်းညာန်က သူ့မူလဝိညာဉ်ကို ဆုံးရှုံးခဲ့ရလို့ အသိစိတ်ပျောက်သွားခဲ့တာ – တကယ်လို့ မင်းတို့သူငယ်ချင်းသာ သူနဲ့တကယ်ရှိခဲ့ရင် သူက မင်းတို့မိတ်ဆွေဝိညာဉ်ကို လုယူဖို့ သွေးဝိညာဉ်အင်းကွက်ကို ချက်ချင်းသုံးခဲ့မှာပဲ၊ သူက မင်းတို့မိတ်ဆွေကို ကောင်းကင်မြေအောက်ဘုံထိ ခေါ်လာခဲ့မှာမဟုတ်သလို သေချာပေါက် မင်းတို့ထောင်ချောက်ထဲလည်း ကျမှာမဟုတ်ဘူး”
ကူယွဲ့တိတ်သွားတယ်။ တကယ်ပဲ ဒီတစ္တေအမတဖုန်းညာန်က ရူးနေတဲ့အမျိုးသမီး။ သူမက သွေးဝိညာဉ်အင်းကွက်ကို မစီရင်ခင် ကောင်းကင်မြေအောက်ဘုံဆီ ပြန်လာဖို့ဆိုတဲ့ ကျိုးကြောင်းဆီလျော်တဲ့အရာကို ဘာလို့လုပ်မှာလဲ။ ဒါပေမဲ့ တကယ်လို့ ဂျပုလေးကိုဖမ်းသူက သူမ မဟုတ်ရင် ဘယ်သူလဲ။
“ဒါပေမဲ့ ရွှမ်ထုံပျောက်သွားတဲ့နေရာမှာ ယင်ချီတွေကျန်ခဲ့တယ်”
ကျူမင်က တစ်အောင့်စဉ်းစားပြီး ပြောလာတယ်။
“အဲလိုဆိုရင် မင်းတို့ တစ်ချက်ကြည့်လို့ရအောင် ဖုန်းညာန်နေအိမ်ဆီ ကျုပ်ခေါ်သွားပေးရင်ရော၊ မင်းတို့သဲလွန်စရှာတွေ့ရင် တွေ့နိုင်တာပဲ၊ ပြီးတော့ သွေးဝိညာဉ်အင်းကွက်က လူတစ်ယောက်ဝိညာဉ်ကို အပြည့်အဝ မဖယ်နိုင်ခင်နှစ်ရက်လိုတယ်၊ သူသာ မင်းတို့မိတ်ဆွေကို ဖမ်းတဲ့သူ တကယ်ဟုတ်တယ်ဆိုရင် မင်းတို့မိတ်ဆွေက ခု ဂူထဲမှာပဲရှိနေဦးမှာ”
သူက သူမဆံပင်ကိုသူမ ကစားနေတဲ့ မြေပြင်ပေါ်က အမျိုးသမီးကို လှမ်းကြည့်လိုက်တယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းညာန်က ကျုပ်ဆရာတူညီမလေး၊ သူ့ကိုတစ်ယောက်တည်း ဒီလိုမျိုး မထားခဲ့နိုင်ဘူး”
သူတို့ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူတို့ ခုလုပ်နိုင်တဲ့ တခြားအရာလည်း ရှိမှမရှိတာ။
“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
သူတို့ရွေးစရာမရှိတော့ဘဲ ဓားတွေကိုစီးကာ ကျူမင် ခေါ်ဆောင်လာတဲ့ဘက်ဆီ ခရီးထွက်ခဲ့ကြတော့တယ်။ ကျူမင်က ဖုန်းညာန်ကို သေချာချီပြီး သူတို့နောက်က တိမ်တစ်ခုပေါ်ကနေ စီးကာ လမ်းတစ်လျှောက် အရပ်မျက်နှာတွေကို လှမ်းအော်ပြောပြတယ်။
“နင်တို့ဆက်ဆံရေးက အတော်လေးရင်းနှီးတာပဲ” ကျူမင်က ဖုန်းညာန်ကိုယ်အလေးချိန်ကို ထောက်ပေးနေတုန်း အမျိုးသမီးတစ်ယောက်အသံထွက်လာတယ်။
သူ မော့ကြည့်လိုက်တော့ ဖုန့်စန်း စောင့်ရှောက်ပေးဖို့ ထပ်တလဲလဲမှာလိုက်တဲ့ ကောင်လေးကို မြင်လိုက်ရတယ်။ သူက သိရသရွေ့တော့ ဖုန့်စန်းရဲ့ သားရင်းတဲ့။ သူ ကောင်လေးနောက်ကို ကြည့်လိုက်တော့ အဖြူရောင်ဝတ်ရုံနဲ့ အမျိုးသမီးတစ်ယောက် ဓားပေါ် တင်ပျဉ်ခွေ ထိုင်နေတာ မြင်လိုက်ရတယ်။ သူမက လက်သီးတစ်ဖက်ပေါ် မေးတင်ထားပြီး သူ့ကိုစပ်စပ်စုစု ကြည့်နေလေရဲ့။
ကျူမင်က ကြောင်အမ်းသွားတယ်။ အာ… ဒီအမျိုးသမီးက အရင်ကဒီမှာလား။ ကူယွဲ့ရော ယိချင်းပါ အံ့ဩပုံမပြတာမြင်တော့ ကျူမင်ပြုံးလိုက်တယ်။
“ဖုန်းညာန် အသက်ရှင်နေတုန်းက… ကျုပ်တို့ အတူကြီးပြင်းလာခဲ့တာလေ၊ ကျင့်ကြံသူတွေအနေနဲ့လည်း ဂိုဏ်းတူခဲ့တယ်၊ အဲဒါကြောင့် တခြားဘယ်သူ့ထက်မဆိုရင်းနှီးတာ”
ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
“သူ အဲလိုမျိုး ဘယ်လိုလုပ်ဖြစ်သွားတာလဲ”
“အာ… ကျုပ်မသေချာဘူး” ကျူမင်က တစ်စုံတစ်ရာကို တွေးမိဟန် မျက်မှောင်ကြုတ်ပြီးတဲ့နောက် မျက်နှာသေဖြစ်သွားတယ်။
“တစ္ဆေအမတတွေအားလုံးက သူတို့အသက်ရှင်ချိန် အလွန်အကျွံဒေါသနဲ့ နာကျည်းမှုကြောင့် သူတို့ပုံစံဖြစ်လာကြတာ၊ ကျုပ်တို့တွေအားလုံး သာမန်လူတွေ မခံစားနိုင်တဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ နာကျင်မှုတွေကို ဖြတ်ကျော်ခဲ့ရပြီး ကိုယ့်ဝိညာဉ်ကိုကိုယ် ဖယ်ရှားပြီးမှ တစ္တေအမတဖြစ်လာနိုင်တာ၊ ကျုပ် တစ္ဆေအမတဖြစ်လာချိန် သူမက အဲလိုမျိုးဖြစ်နေပြီ၊ ကြည့်ရတာ သူမက ကျုပ်တို့ တခြားသူတွေထက် နာကျင်မှုကို ပိုပြီးခံစားခဲ့ရတာဖြစ်နိုင်တယ်”
“အော် ဒါဆိုသူ…” ရှန်းရင် ထပ်မေးချင်ပေမဲ့ တစ်စုံတရာက သူမအကြည့်ကိုဖမ်းစားသွားပြီး ထခုန်ကာ သူမရှေ့ကလူကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။
“ဖေဖေနျို”
ကူယွဲ့က သက်သောင့်သက်သာနေနေတာ။ ရှနိးရင် သူ့ကိုဆုပ်ကိုင်လာချိန် သူ ဓားပေါ်ကနေ ပြုတ်ကျတော့မလို့။
“ဘာလို့ငါ့ကိုရုတ်တရက် ပြန်ဆွဲထားရတာလဲ”
သူ အချိန်မီလေး ဟန်ချက်ပြန်ထိန်းလိုက်တယ်။
ရှန်းရင်က အရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။
“အရှေ့မှာမြစ်လေ” သူမမြင်ဘူးလား။ သူ အဲထဲပြုတ်ကျတော့မလို့။
“ဘာမြစ်လဲ” ကူယွဲ့ ဟိုဟိုဒီဒီကြည့်လိုက်ပေမဲ့ ဇဝေဇဝါဖြစ်နေတယ်။ ပိန်းပိတ်အောင် မှောင်မည်းနေတာကလွဲရင် ဘာမှမရှိဘူး။
ဟမ်။
ရှန်းရင်က သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။ တုံ့ပြန်လာသူက ယိချင်း။ သူက သူ့နတ်ဘုရားစွမ်းအင်နဲ့ ဓားတစ်ချောင်းဖန်တီးကာ သူတို့ဓားရှေ့ကနေ ပျံသန်းသွားစေလိုက်တယ်။ သုံးပေတောင်မပြည့် သွားပြီးနောက်မှာတင် ဓားက အက်ဆစ်ဓာတ်မြင့်မားတဲ့ တစ်စုံတစ်ရာထဲ ပြုတ်ကျသွားတဲ့ပုံ။ သူတို့မျက်စိရှေ့မှာတင် ချက်ချင်း အရည်ပျော်ပြီး နှစ်စက္ကန့်အတွင်း ပျောက်သွားတယ်။
“ဟိုလီရှစ်” ကူယွဲ့နောက်ဆုတ်လိုက်တယ်။ မြစ်က ကောင်းကင်စွမ်းအင်ကိုတောင်
ဝါးမျိုနိုင်တာ။ ရှန်းရင်ကြောင့်သာ မဟုတ်ရင် သူခုဆို သေနေလောက်ပြီ။
…