RENH အပိုင်း ၅၀

အပိုင်း (50.1) ရှီချီ နင့်ရဲ့လက်ကိုထိပါရစေ။(၁)
မြေပေါ်ချထားသောဖုန်းက အလင်းရောင်ထွက်နေသေးသည်။
လျိုရွှမ်းက ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် မှန်ထဲမှမျက်နှာကို သေချာပြန်ကြည့်ပြီးနောက် တောက်ပစွာပြုံးသည်။ သူမ၏အမြင်က မမှားချေ။ သူမ၏မျက်နှာက ပုံမှန်ပြန်ဖြစ်သွားလေပြီ။ သူမက နင်မုန့်၏အနားသို့ ကပ်သွားသည်။
“စီနီယာအစ်မ ကျွန်မရဲ့မျက်နှာ ပြန်ရောက်လာပြီ။ ကျွန်မဝတ်ထားတဲ့မျက်နှာဖုံး ပျောက်သွားပြီ”
ထိုစကားကို ကြားသောအခါ နင်မုန့် က ဖုန်းကိုကောက်ကိုင်ပြီးနောက် သူမဘက်သို့အလင်းပြသည်။ သေချာစွာပင် ကျန်းမာရေးမကောင်းသော အသားအရောင်ရှိနေခြင်းကလွဲပြီး အနက်ရောင်လေထုက မျက်နှာကိုကာနေကြောင်း မရှိတော့ချေ။
သူမကလည်း နှစ်သိမ့်ပေးလိုက်သည်။
“ဒါဆိုရင် ကောင်းတာပေါ့။ ဒါဆိုရင် ဒီနေရာကနေ မြန်မြန်ထွက်သွားရအောင်။”
လျိုရွှမ်း က ခေါင်းညိတ်သည်။
“ကောင်းပါပြီ”
နှစ်ယောက်က အပြင်သို့ရောက်သောအခါ ရှီချီက ကျောက်စာတိုင်မှ ထွက်လာကာစဖြစ်သည်။ မြေပြင်ပေါ်ရှိ ရွှေရောင်အမှုန့်များက အလင်းရောင်ထွက်နေသေးသည်။ ထူးဆန်းသော သင်္ကေတကလည်း ပေါ်နေသည်။
နင်မုန့်ကလည်း ဒါက ဂါထာအမျိုးအစားဖြစ်ရမည်ဟု တွေးလိုက်သည်။
အနက်ရောင်လေထုက လျော့ပါး ပျောက်ကွယ်သွားပြီဖြစ်ပြီး အပြင်သို့ထွက်ရန် ကြိုးစားနေသော စိတ်ဝိညာဉ်များက လိမ်တွန့်ကာဖြင့် အထဲသို့ပြန်ဝင်သွားရသည်။
တစ်နာရီသာလျှင် ကြာသော်လည်း ဒီကိစ္စက နဂိုအတိုင်း ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။
ရှီချီ က လှည့်ကြည့်လိုက်သည်။
“ငါတို့သွားလို့ရပြီ”
နင်မုန့်က သူ၏အနားသို့ အလျင်စလို သွားပြီးနောက် ဒီအလွန်အမင်း ထူးဆန်းသောနေရာမှ ထွက်သွားချင်စိတ် ပြင်းထန်နေသည်။
သူတို့က တောင်အောက်သို့ ဆင်းလိုက်သည့်တလျှောက်တွင် မည်သည့်ကိစ္စနှင့်မှ မတွေ့ကြုံခဲ့ချေ။ ထိုနေရာက အလွန်မင်းတိတ်ဆိတ်နေပြီး ရွာသားများချန်ခဲ့သော ခြေရာများကိုပင် မမြင်ရချေ။ သူမက သံသယဝင်လာသည်။ ယေဘုယျကျကျ ပြောရလျှင် လမ်းတလျှောက်လုံးတွင် အလောင်းများ ပြည့်နှက်နေပြီဟုပင် သူမက ထင်ခဲ့မိသေးသည်။ သို့သော် တစ်လောင်းကိုမျှ တွေ့ရချေ။
သူတို့က ကျောက်တုံးတံခါးသို့ ရောက်သောအခါ အာရုံတက်ပြီ ဖြစ်သည်။
လျိုရွှမ်းက တိမ်စင်ကိုးသွယ်ပေါ် လမ်းလျှောက်နေရသလိုမျိုး ခံစားနေရသည်။ သူမ၏မျက်နှာရှိ မျက်နှာဖုံးက ပျောက်ကွယ်သွားပြီဖြစ်လေရာ သူမနဂိုအတိုင်း ပြန်ဖြစ်ပြီဟု ဆိုလိုနိုင်သည်။
နင်မုန့်က သူမ၏မျက်နှာကို ပြန်ကြည့်လိုက်သောအခါ အနက်ရောင်လေထုက အပြည့်အဝ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း မြင်လိုက်ရသည်။
လမ်းတွင် ရှီချီက မည်သည့်စကားမှ မပြောလာသဖြင့် လျိုရွှမ်းအပေါ်လည်း သက်ရောက်မှုရှိပြီး သူမကလည်း စကားမပြောရဲတော့ချေ။ သူမက တိတ်ဆိတ်မှုကို ဖြိုခွဲချင်သည်။ သို့သော် ထိုသို့ဖြိုခွဲရန် သတ္တိမရှိချေ။ သူမအနေဖြင့် စီနီယာအစ်မနှင့် အတူနေခြင်းက ပို၍ကောင်းနိုင်သည်။
ရွာထဲမှ ကြက်ဖတစ်ကောင်က တွန်လာပြီး အဝေးရှိတောအုပ်ဖက်မှတဆင့် နေကလည်း ဖြည်းညင်းစွာ မြောက်တက်လာသည်။ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်က ဝင်ပေါက်တွင် စောင့်နေကြသည်။
သူတို့က ရှီချီ ပေါ်လာကြောင်း မြင်သည်နှင့် ချက်ချင်းလိုလို ရှေ့သို့တက်လာပြီး လေသံတိုးတိုးဖြင့် မေးလာသည်။
“သခင်လေးချီ ရွာက လူတွေအားလုံးက နေထွက်လာနဲ့ ပြန်ရောက်လာကြပါတယ်”
မနေ့ညကလည်း သူတို့က ထိုအဖွဲ့ကထွက်သွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည်။ သို့သော် ရှီချီက သူတို့ကို ဒီနေရာတွင်စောင့်ရန် အမိန့်ပေးထားခဲ့ခြင်းဖြစ်သည်။ အာရုံတက်ပြီးနောက်တွင် ထိုလူများက လုံလုံခြုံခြုံဖြင့် ပြန်ရောက်လာကြသည်။
လျိုရွှမ်း က ပါးစပ်ကို အုပ်လိုက်သည်။ သူမ၏မျက်လုံးတွင် အံ့အားသင့်မှုများကို ထင်ထင်ရှားရှားမြင်နိုင်သည်။
နင်မုန့်ကလည်း အံ့ဩနေလေသည်။ သူမက ခပ်တိုးတိုးပြောသည်။
“အဲ့ဒီလိုမျက်နှာတွေနဲ့ သူတို့က ဆက်ပြီးအသက်ရှင်နေတာပဲလား”
ရှီချီ က ခေါင်းညိတ်ပြီးနောက် သူတို့ဆီ ခေါင်းကိုလှည့်လိုက်သည်။
သုံးယောက်လုံးက သူတို့ကိုနေရန်ပေးထားသော အိမ်သို့ပြန်လာခဲ့ကြသည်။ တစ်ညလုံး မအိပ်ထားသဖြင့် လျိုရွှမ်း က သူမ၏အိပ်ချင်စိတ်ကို တောင့်မခံနိုင်တော့သဖြင့် အိပ်ခန်းထဲသို့ ချက်ချင်းဝင်သွားပြီး ခေါင်းအုံးနှင့်ခေါင်းထိသည်နှင့် အိပ်ပျော်သွားသည်။
ရှီချီက ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်။ နင်မုန့်ကလည်း အနားသို့ သွားပြီးနောက် ဓါးမြောင်ကို ထုတ်လိုက်သည်။
“နင်ဒါကိုလိုချင်လား ငါမျက်နှာဖုံးဆီကနေ ဆွဲထုတ်ခဲ့တာ”
သူမက လျိုရွှမ်းက ပြန်ယူလာပေးသော မျက်နှာဖုံးကိုလည်း ထုတ်ပြီး သူ၏အရှေ့တွင် ထားလိုက်သည်။
တွေးတောပြီးနောက်တွင် သူမက ဒါက အကြံကောင်းဟု ထင်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမက အသက်ရှည်မည် မဟုတ်ချေ။ ထို့ကြောင့် ရှီချီကို ပေးလိုက်ခြင်းက ပို၍အသုံးဝင်နိုင်သည်။
ရှီချီက ပေါ့ပါးစွာ တစ်ချက်ကြည့်ပြီးနောက် စိတ်မဝင်စားသလို ပြန်ဖြေလာသည်။
“မင်းပဲယူလိုက်ပါ”
နင်မုန့်က သူ့ကိုကြည့်ပြီးနောက် ပဟေဠိဖြစ်သွားသည်။
“နင်တကယ် မလိုချင်ဘူးလား နင်နောက်မှ နောင်တမရနဲ့နော်”
မြေပြင်ပေါ်တွင် တွေ့ခဲ့သော ဓါးအိမ်ဟောင်းတစ်ခုက ဓါးမြောင်၏တစ်ဝက်ခန့်သာ လုံသော်လည်း အသုံးကဝင်သေးသည်။
ရှီချီ၏ မျက်နှာထားက မပြောင်းချေ။
“ဘာကိုနောင်တရစရာရှိမှာလဲ”
ဒါကတကယ့်ကို ပစ္စည်းကောင်းပဲ။ သူမကိုပေးထားလိုက်တာက ပိုပြီးမကောင်းဘူးလား။ သူမက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်။ သူ တကယ်ကို ဘာမှမလိုအပ်နေပါဘူး။
နင်မုန့်က ပျော်ရွှင်စွာပြုံးသည်။ သူ မလိုချင်ရင်လည်း ကောင်းပြီလေ။
ထိုအခိုက် တံခါးမှ တံခါးခေါက်သံကို ကြားလိုက်ရသည်။
ဒေါက် ဒေါက် ဒေါက်
သူမ၏တက်ကြွမှုက ချက်ချင်းပြန်မြုပ်ဝင်သွားပြီးနောက်တွင် တံတွေးမြိုချလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက အိမ်အနောက်တွင် ရှိနေကတည်းက ထိုလူများ တံခါးခေါက်လာခြင်း မဟုတ်နိုင်ချေ။ သူတို့က လာချင်လျှင် ပြတင်းပေါက်မှဝင်၍ရသည်။
လျိုရွှမ်းကလည်း အထိတ်တလန့် နိုးလာပြီးနောက်တွင် အခန်းထဲမှပြေးထွက်လာကာ ထိတ်လန့်တကြားပြောသည်။
“ဘယ်သူလဲ”
အပြင်မှအသံကထွက်လာသည်။
“ငါပါ ဦးလေးလေ”
သူ၏အသံက သံသယဝင်စရာ မရှိချေ။ သို့သော် ထိုအခိုက်တွင် အခန်းထဲမှ ကြောက်လန့်လွန်းသော ကြောင်ငယ်လေးနှစ်ကောင်က အထိတ်တလန့် ဖြစ်သွားကြသည်။
နင်မုန့် က မသိစိတ်အရ ရှီချီ အနားသို့ တိုးကပ်သွားပြီး‌ မေးလိုက်သည်။
“သူကလူလား”
လျိုရွှမ်း၏ မျက်နှာကလည်း ဖြူဖျော့နေသည်။ သူမက အကြံဉာဏ်တောင်းခံသည့်အသံဖြင့် ‌မေးလိုက်သည်။
“စီနီယာ စီ စီနီယာအစ်မ ကျွန်မတို့ တံခါးကိုဖွင့်သင့်…”
ရှီချီက မျက်နှာသေဖြင့်သာ ရှိနေသေးသည်။
“ဖွင့်လိုက်”
သူက ထိုသို့ပြောပြီးသည့်နောက် တံခါးက သူ့အလိုလိုပွင့်သွားသည်။
သူတို့က ပြန်လာပြီးနောက် တံခါးကိုလောခ့်ချရန် မေ့သွားပြီး ဒီအတိုင်းသာ ပိတ်ထားမိခြင်း ဖြစ်သည်။ သဘာဝအလျောက်ပင် အပြင်ရှိလူများကလည်း အလွယ်တကူ တွန်းလိုက်ယုံဖြင့် ဝင်လာ၍ရသည်။
အဝတ်ဟောင်းများ ဝတ်ထားသော သက်လတ်ပိုင်းလူတစ်ယောက်က စကားပြော၍ဝင်လာသည်။
“တံခါးက လော့ခ်မချထားလို့ ဘယ်သူကမှလည်း ပြန်မဖြေတာနဲ့ ငါဝင်လာလိုက်တာ”
လျိုရွှမ်းက သူနှင့်အနီးကပ်ဆုံးနေရာတွင် ရပ်နေခြင်းဖြစ်ပြီး သူမ၏အနောက်က နံရံနှင့်လည်း ကပ်မိနေပြီဖြစ်သည်။ သူမက အသံတစ်စပင် မထွက်ရဲပဲ တုန်ယင်နေသည်။ သို့သော် သူမ၏အရှေ့ရှိ မြင်ကွင်းကြောင့် ကြောင်သွားသည်။
မနေ့ညက မြင်ကွင်းက သူမ၏သွေးများကို အေးစက်စေလျှင် အခုတခဏက ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆို၍ရသည်။
မနေ့ညက မျက်နှာကို ဆွဲဖြဲခဲ့သောသူများက အသက်ရှိအတိုင်း ကျန်ရစ်နေစရာ အကြောင်းမရှိချေ။ ထို့ပြင် ဦးလေးလီတွင် နဂိုမျက်နှာအတိုင်း ရှိနေသေးသည့်အပြင် မနေ့ညက ဘာမှမဖြစ်ခဲ့သလိုမျိုး အကောင်းအတိုင်း ရှိနေသေးလေသည်။
နင်မုန့်က စီနီယာကိုသာ ကြည့်လိုက်သည်။ ရှီချီ က မထူးခြားနားသလိုပြောသည်။
“ကျွန်တော်တို့က ခဏနေထွက်သွားတော့မှာပါ”
ဦးလေးလီ က အံ့ဩသွားသည်။
“အခုမှ နေထွက်ကာစ ရှိသေးတယ်။ ဒီလောက်အစောကြီး ထွက်သွားမလို့လား ဘာလို့ တစ်ခုခုစားတဲ့အထိ မနေတာလဲ မင်းတို့တွေ မနေ့က မျက်နှာဖုံးကို ရှာတွေ့ခဲ့ကြပြီလား”
သူက မျက်နှာဖုံးကို ထည့်မပြောလျှင် ပို၍ကောင်းပေလိမ့်မည်။ သို့သော် ထည့်ပြောလိုက်သည်နှင့် သူတို့၏မှတ်ဉာဏ်ထဲတွင် သူက မျက်နှာကိုဆွဲဖြဲခဲ့သော မြင်ကွင်းက ပြန်လည်ပေါ်ထွက်လာသည်။
လျိုရွှမ် ၏ မျက်နှာက ဖြူဖျော့သွားပြီးနောက် သူမက အထိတ်တလန့် ဖြေလိုက်သည်။
“ကျွန်မ ကျွန်မအထင်မှားတာဖြစ်လောက်တယ် ဦးလေး။ ကျွန်မတို့ မနက်ဖြန် ကျောင်းတက်ရဦးမှာဆိုတော့ ပြန်သွားတာ ပိုကောင်းတယ်။ စောစောပြန်သွားတာ ပိုကောင်းပါတယ်”
ဦးလေးလီ ကလည်း ထူးဆန်းသည်ဟု မထင်ဘဲ ခေါင်းကိုသာ ခပ်ယောင်ယောင် ညိတ်လိုက်သည်။
“ကောင်းပြီလေ။ နောက်တစ်ချိန်ကျရင်လည်း လွတ်လွတ်လပ်လပ်လာခဲ့ကြပါ။ ငါတို့က မနက်စာ ပြင်ထားပြီးသား။ နည်းနည်းလောက် မစားသွားချင်ဘူးလား”
လျိုရွှမ်းက ဘယ်လိုသဘောတူရဲမှာလဲ။ သူမက ချက်ချင်းပြန်ဖြေလိုက်သည်။
“ကျွန်မတို့ဗိုက်မဆာပါဘူး။ ကျေးဇူးတင်ပါတယ် ဦးလေးလီ။ ဒုက္ခများသွားရပြီ”
သူမက ခိုင်ခိုင်မာမာ ငြင်းဆန်နေပြီး ထူးဆန်းသောမျက်နှာထား ဖြစ်ပေါ်နေသည်။ သို့ရာတွင် ဦးလေးလီက ဘာကိုမှသတိမထားမိသလို ပြုံးယုံသာပြုံးပြီး လှည့်ထွက်သွားသည်။
သူက ထွက်သွားသည်နှင့် လျိုရွှမ်းက တံခါးကိုပိတ်လိုက်သည်။
နင်မုန့်က ပြတင်းပေါက်နားသို့သွားပြီး လိုက်ကာများကို ဆွဲလိုက်သည်။ အလင်းရောင်က ဝင်လာသောအခါ အပြင်ဘက်ရှိ အရာအားလုံးကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရွာသားများက ကိုယ့်အလုပ်ကို လုပ်နေကြသည်။ တစ်ယောက်ဆိုလည်း သူမနှင့် မျက်နှာချင်းဆိုင် ထောင့်နားတွင်ရှိနေပြီး တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ကာ သွားတိုက်နေသည်။ အခြားသော အမေတစ်ယောက်နှင့် ကလေးတစ်ယောက် ငြင်းခုံနေခြင်းကိုလည်း မြင်ရပြန်သည်။
လျိုရွှမ်းကမူ နားမလည်နိုင်သေးချေ။
“စီနီယာအစ်မ ပြောပါဦး။ ကျွန်မတို့ မနေ့က မြင်ခဲ့တဲ့အရာတွေက တကယ်လား ဘာလို့ကိစ္စတွေက နိုးလာတာနဲ့ ဒီလိုပြောင်းသွားတာလဲ”
ဒါမှမဟုတ် မနေ့ကဖြစ်ခဲ့တာတွေက အိပ်မက်ပဲလား။
သူမက တစုံတရာကို လွဲချော်နေသလို ခံစားရပြီး ခေါင်းလှည့်ကြည့်လိုက်သောအခါ မနေ့ညက ဘုရားကျောင်းထဲက ယူလာခဲ့သော မျက်နှာဖုံးကို မြင်လိုက်ရသည်။
လျိုရွှမ်း က သူမ၏သေးငယ်သော မှန်လေးကိုထုတ်ပြီး ကိုယ့်မျက်နှာကိုပြန်ကြည့်လိုက်သည်။
သူမ၏မူလမျက်နှာကို မြင်ရပြီး ထိုနေရာတွင် အဆီဖုများ၊ မှဲ့ခြောက်များ၊ ဝက်ခြံများကို မြင်လိုက်ရသည့်တိုင်အောင် သူမအနေဖြင့် အနည်းငယ်မျှ သဘောမကျစိတ်မရှိဘဲ ပို၍သဘောကျစိတ်ပင် ပေါ်ပေါက်လာရသည်။
တစ်လလုံးနီးပါး သူမ၏ရုပ်ကိုပင်သူမ မေ့ခဲ့လုနီးပါး ဖြစ်ခဲ့ရသည်။ ယခုကိုယ့်မျက်နှာကို ပြန်မြင်ရသောအခါ အိမ်မက်လို့ ခံစားသည်။
နောက်ဆုံးတော့ ငါမျက်နှာဖုံးကို ခွာလိုက်နိုင်ပြီ။
သူမကပြောသည်။
“ဒါနဲ့ ဒီနေရာကလူတွေက လူမဟုတ်ရင် ဘယ်လိုလုပ်မလဲ သူတို့က မနေ့က အဖြစ်အပျက်ပြီးတာတောင်မှ အကောင်းတိုင်းပဲ ဆက်နေနေနိုင်လို့ ဒီရှင်းပြချက်တစ်ခုပဲ ရှိတော့တယ်”
လျိုရွှမ်း က ရေရွတ်လိုက်သည်။
“ဒါဆို ငါ မနေ့က သရဲထမင်းကို စားခဲ့တာပေါ့။ ငါ့ရဲ့အတန်းဖော်တွေနဲ့အတူ ဒီနေရာမှာ စခန်းလာချတုန်းကလည်း သူတို့ကျွေးတာတွေပဲ စားခဲ့တာ”
သူမက တွေးလေလေ ထိတ်လန့်လာလေလေဖြစ်ပြီး မျက်နှာကဖြူဖျော့သွားသည်။
နင်မုန့်က အချိန်အတန်ကြာတွေးပြီးနောက် လေသံတိုးတိုးဖြင့် ပြောလာသည်။
“မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စက အစစ်အမှန်ပဲ။ ဒါပေမဲ့ တစ်ခုခုမှားယွင်းနေလို့ ဖြစ်မှာပေါ့။ ငါတော့ အကြောင်းပြချက် မသိဘူး”
မည်သို့ပင်ဆိုစေ သူမကအတွေ့အကြုံ များများစားစား မရှိပေ။
ဝတ္ထုကလည်း ဒီရွာအကြောင်း ထည့်မပြောထားသလို အလယ်တွင်ဖြစ်သော အခြေအနေကောင်းကိုလည်း မပါချေ။ ဓါးမြောင်ယူသွားသော လူ၏ပုံစံကိုပင် ထည့်ပြောထားခြင်းမရှိချေ။
သို့ရာတွင် ဓါးမြောင်က သူမ၏လက်ထဲတွင် ရှိနေပြီဆိုကတည်းက သူမက စိတ်အေးသွားသည်။ ယခုမူ ဒီရွာက ပုံမှန်မဟုတ်ကြောင်း သူမနားလည်သွားပြီဖြစ်သည်။
###
အပိုင်း (50.2)
မနေ့ညကကိစ္စများ ပြီးဆုံးသွားသည့်နောက်တွင် ထိုလူများက သေသွားလောက်ပြီဟု သူမမူလက တွေးခဲ့မိသည်။ သို့သော် သူတို့က သေမသွားခဲ့ချေ။ ထို့အစား မနေ့ကအတိုင်း တထေရာထဲ တူညီသော မျက်နှာထားမျိုး၊ ပုံသဏ္ဍာန်မျိုးအတိုင်း ရှိနေခဲ့သည်။ ထို့ကြောင့် မနေ့ညက ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးက ထင်ယောင်ထင်မှားဖြစ်သွားသော ပုံရိပ်ယောင်တစ်ခုအလားပင် ဖြစ်သွားသည်။ သို့ရာတွင် နင်မုန့် အနေနှင့် ထိုအရာက ပုံရိပ်ယောင်မဟုတ်ကြောင်း သေချာနေသည်။ သူမ၏လက်တွင်လည်း မနေ့ညက ရခဲ့သောဒဏ်ရာက ဒီအတိုင်းရှိနေသေးပြီး နာကျင်မှုကလည်း အစစ်အမှန် ဖြစ်ခဲ့ကြောင်းကို သက်သေပြပေးနေသည်။
ဒီရွာက ပုံမှန်လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စမျိုးဟုတ်မနေဘူးပဲ။
ရှီချီ က ရုတ်တရက် ပြောသည်။
“ငါတို့သွားလို့ရပြီ”
နင်မုန့် က နောက်လှည့်ပြီးနောက် ခပ်မြန်မြန်ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ကောင်းပြီ။ ငါတို့မြန်မြန်ထွက်သွားရအောင်”
ဘာမှဖြစ်မလာခင် ထွက်သွားတာအကောင်းဆုံးပဲ။
သူတို့က အပြင်သို့ထွက်လိုက်ပြီးသောအခါ သူတို့ကို ကိုးယို့ကားယားနိုင်စွာ ကြည့်နေကြသော ကလေးများကို မြင်လိုက်ရသည်။ ထိုကလေးများက ခြေဖျားပင်ထောက်ကာ သူတို့ကိုကြည့်နေကြပြီး ထို့နောက်တဖန် နောက်မှလိုက်လာကြပြန်သည်။
သူတို့က ရွာ၏ဝင်ပေါက်သို့ ရောက်သောအခါ ဦးလေးလီနှင့် ပက်ပင်းတိုးသည်။ ရွာသူကြီးနှင့် အခြားသော ရွာသားများကလည်း ပြန်လာကြပြီ ဖြစ်သည်။
ရွာသူကြီးက သူတို့ကို ပြုံးကာကြည့်လျှက် ပြောသည်။
“မင်းတို့ ထွက်သွားတော့မှာလား။ နောက်တစ်ချိန်ကျရင် ငါတို့ဆီကို ပြန်လာလည်ပါဦး”
ဦးလေးလီကလည်း ဝင်ပြောသည်။
“ငါတို့ရဲ့သမီးက မင်းတို့ကို တော်တော်လေးကို သဘောကျနေတာ။ အနာဂတ်မှာ အချိန်တွေရှိရင် ဒီကိုလာပြီး ပျော်ပါးလှည့်ပါဦး”
သူတို့က ပုံမှန်အတိုင်း စကားပြောနေကြပြီး သာမန်ထက်ကွဲထွက်သော အမူအရာမျိုးကိုလည်း လုပ်မလာခဲ့ချေ။
ရှီချီက ပြန်ဖြေလာသည်။
“ကောင်းပြီ”
အခြားတဖက်တွင် လျိုရွှမ်းကမူ ယခင်ကလို ရိုးသားဖြူစင်ခြင်းရှိသော အပြုံးမျိုးကို မပြုံးပြနိုင်တော့ချေ။ သူမက တောင့်တင်းစွာ ပြုံးပြီးနောက် ပြန်ဖြေလိုက်သည်။
“ဦးလေးလီရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အခွင့်အရေးတွေရှိမရှိ ကျွန်မတို့ ကြည့်ကြရအောင်”
ဦးလေးလီက ပြုံးပြီး ထွက်သွားသော သူတို့ကိုကြည့်သည်။
သူတို့က အပြန်လမ်းသို့ ရောက်သွားသည့်အချိန်မှသာ နင်မုန့်က မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။
ရွာဖက်မှ မီးခိုးများထွက်နေသေးသည်။ ရွာသူရွာသားများက သူတို့၏လယ်ကွင်းများတွင် အပူတပြင်းကြိုးစားကာ အလုပ်လုပ်နေကြသည်။ ဆော့ကစားနေကြသော ကလေးများလည်း ရှိနေပြီး ပျော်ရွှင်ဖွယ်ကောင်းသော တောရွာ၏နေထိုင်မှုဘဝပုံစံကို ထင်ဟပ်ပြသသော ပန်းချီကားတစ်ချပ်အလား ဖြစ်နေသည်။
ထွက်သွားသောသူတို့ကို ဦးလေးလီ နှင့် အခြားသောသက်လတ်ပိုင်းလူများက ဝင်ပေါက်တွင်ရပ်ကာ ကြည့်နေကြသည်။ သူမက ခေါင်းပြန်လှည့်လာကြောင်း မြင်သောအခါ သူတို့က သူမကိုပြုံးလျှက် လက်ယမ်းပြကြသည်။
နင်မုန့်က ခပ်မြန်မြန် ခေါင်းကိုလှည့်လိုက်ပြီး ဆက်မကြည့်ရဲတော့ချေ။ သို့ရာတွင် သူမက ခေါင်းလှည့်လိုက်သည့် တခဏတွင် ထိုလူများက လက်ကိုပြန်ရုတ်ပြီး ခပ်ပါးပါးအပြုံးများဖြင့် ကိုယ့်မျက်နှာကို ပြန်ပွတ်နေကြသည်။ ထိုလူများက ယူကြုံးမရစွာ ပြောကြသည်။
“နာလိုက်တာ”
နှမြောစရာကောင်းသည်မှာ နင်မုန့်တို့၏အဖွဲ့က မကြားနိုင်တော့ချေ။
နင်မုန့်က တဖက်သို့လှည့်လိုက်သည့် အချိန်တွင်ပင် ထိုသို့မျက်နှာကို ပြန်ပွတ်လိုက်သော အမူအရာကို မြင်လိုက်ရပြီး ကျောချမ်းသွားရသည်။ သူမက ခလုတ်တိုက်လုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းစွာဖြင့် ရှီချီက ဖမ်းထိန်းလိုက်နိုင်သည်။ သူကမေးသည်။
“ဘာဖြစ်သွားလို့လဲ”
နင်မုန့်က ခေါင်းခါသည်။
“ဘာရယ် မဟုတ်ပါဘူး။ ငါ ငါခြေလမ်းမှားသွားလို့ပါ”
ရှီချီ က သံသယဝင်ဟန်မရဘဲ ဘေးနားတွင်သာ ကပ်လျှောက်လိုက်သည်။ သို့ရာတွင် နင်မုန့် က မနေနိုင်ဘဲ စနစ်ကိုမေးလိုက်သည်။
“သူတို့အခု ဘာပြောလိုက်တာလဲ”
စနစ်ကပြန်ဖြေသည်။
“မင်းမြင်လိုက်တာလား သူတို့က နာတယ်လို့ပြောတာ”
လေသံက ပုံမှန်အတိုင်း ဖြစ်သော်လည်း နင်မုန့်ကမူ ကြက်သီးထသွားပြီး မနေနိုင်တော့ဘဲ ကားဆီသို့ အပြေးသွားလိုက်ကာ အပြင်ဘက်ရှိလူများကို လိုက်ကြည့်ခြင်း မရှိတော့ချေ။
ထိုလူများက ဘာကိုမှ မှတ်မိလေခြင်းမရှိသလို အရာအားလုံးက ထိုအတိုင်း ပြီးဆုံးသွားသည်ဟု သူတို့က ထင်ခဲ့သည်။ သို့ရာတွင် … သူတို့က အရိပ်သက်သက်ပဲ ရှိနေတာမျိုး ဒါမှမဟုတ်ရင် သဘာဝလွန်တဲ့ ဖြစ်တည်မှုတွေများ ဖြစ်နေမလား။
သို့ရာတွင် ယခုအမှန်တရားက သူမ၏မျက်စိရှေ့တွင်ဖြစ်သည်။
မနေ့ညကကိစ္စအားလုံး ဖြစ်ပျက်သွားပြီးနောက် ထိုလူများက မနေ့ညကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်မှတ်မိနေသေးပြီး အရင်အတိုင်း ဆက်နေနိုင်နေသည်။
ဒါဆိုရင် ငါမနေ့ညက တွေ့ခဲ့ရတဲ့ သွေးနဲ့အသားတွေက အစစ်လား အတုလား။
နင်မုန့်က လေးလေးနက်နက် စဉ်းစားသုံးသပ်သော်လည်း တွေးလေလေ သူက ပို၍ကြောက်မိလာလေလေ ဖြစ်လာသည်။

အနက်ရောင်လူများနှင့် ဒရိုင်ဘာက ကားထဲတွင် ရှိနေကြပြီးသားဖြစ်သည်။ သူတို့က လယ်ကွင်းထဲမှ ဖြတ်သွားသောအခါ နင်မုန့် က နောက်ဆုံးတွင် မှားယွင်းနေသော အကြောင်းအရာကို သတိထားလိုက်မိသည်။ အကြောင်းမူကား သူတို့က နေ့တိုင်းလိုလို အလုပ်ကြိုးစားနေသော်လည်း လယ်ကွင်းများထဲတွင် အနည်းငယ်သော ပြောင်းလဲမှုမှ ရှိမနေခဲ့ချေ။ သူတို့က ဘာမှလုပ်မထားသည့်အလားသာ ဖြစ်နေသည်။
သူမက ထိုပုံမှန်မဟုတ်သော ခံစားချက်ကို ရင်ထဲတွင်သာ သိမ်းထားလိုက်သည်။ နောက်ဆုံးတွင် အဓိကလမ်းမသို့ ပြန်ရောက်သွားသောအခါမှသာ သူမကစိတ်အေးသွားရသည်။
ကားထဲတွင် ဖရဲစေ့တစ်အိတ်ရှိနေခဲ့ကာ သူမကထုတ်ယူကာ စားလိုက်သည်။
လျိုရွှမ်း က တစ်လမ်းလုံး ကိုယ့်မျက်နှာကိုသာ ကြည့်ရင်းလိုက်လာသည်။ ယခုအခါ မျက်နှာမှာ မျက်နှာဖုံးက မရှိတော့သဖြင့် သူမက တစ်လောကလုံးတွင် အလှပဆုံးလူဟုပင် ခံစားနေရသည်။
ကားက မြို့ထဲသို့ ဝင်ရောက်လာပြီး မြင့်မားသော အဆောက်အဦးများကို ပြန်မြင်လာရသလို လူရှုပ်သောလမ်းများကလည်း သူမ၏နှလုံးသားထဲရှိ ပူပန်မှုကို ပြေလျော့လာစေသည်။
သူမ၏ဘဝတွင် ပထမဦးဆုံးအကြိမ် ဒီအပြင်ဘက်ရှိမြင်ကွင်းက အရမ်းလှသည်ဟု နင်မုန့် က ခံစားလိုက်ရသည်။
အတိတ်တွင် တောရွာတွင်နေထိုင်ရခြင်းက ပို၍ကောင်းမွန်သည်ဟု ခံစားခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ မြင်ကွင်းကလည်း အလွန်လှပသလို အသက်ကြီးအနားယူသွားပြီးနောက်တွင် ကျန်သောဘဝတလျှောက် ကုန်ဆုံးသွားရန် ကောင်းမွန်သော ပတ်ဝန်းကျင်ဟု ထင်ခဲ့သည်။ သို့ရာတွင် မနေ့ညက အတွေ့အကြုံ ပြီးနောက်တွင် သူမက ထိုအကြံကို ချက်ချင်းလိုလို ဖျက်ဆီးပစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဒရိုင်ဘာက ရုတ်တရက်ပြောသည်။
“သခင်လေးချီ သခင်ကအပြင်မှာပါ”
ရှီချီ၏ အကြည့်က အနည်းငယ်ရွေ့သွားပြီးနောက် ပြောသည်။
“ဒါဆိုရင် အဲ့ဒီ့ကိုသွားပါ”
နင်မုန့်ကမူ ရှီရှန်းကျင်းကို မတွေ့ရသည်မှာ အချိန်ကြာပြီဖြစ်သဖြင့် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ငါတို့လည်း သွားရမှာလား ငါတို့နင့်ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားမလား”
ရှီချီ က ထိုစကားပြောသောအခါ ရယ်ချင်စိတ်ဖြစ်သွားသည်။
သူက နှုတ်ခမ်းပါးကို ကော့တက်လိုက်မိပြီး သူမ၏လက်ထဲတွင်ရှိနေသော ဖရဲစေ့အိတ်ထံ ရောက်သွားပြီးနောက် ပြန်မေးလိုက်သည်။
“အနှောင့်အယှက်ပေးသလို ဖြစ်မယ်လို့ မင်းထင်တာလား”
ရှီချီ က ထိုလေသံက ပုံမှန်မဟုတ်ဟု ခံစားရသော်လည်း ပြန်ဖြေလိုက်သေးသည်။
“ဒါပေါ့။ ငါတို့က အချင်းချင်း သိမှမသိကြတာ”
သူမက ထိုသို့ပြောပြီးသည့်အချိန်တွင် ရှီချီက မျက်နှာထားမပြောင်းလဲသော်လည်း ခပ်တိုးတိုး ရယ်လိုက်သံကို ကြားလိုက်ရသည်။
နင်မုန့်က စနစ်ကိုမေးသည်။
“ငါသူ့ကို ရန်စလိုက်မိလို့လား ဘာလို့ ဒီကောင်လေးက ရုတ်တရက် အထိမခံဖြစ်သွားတာလဲ”
စနစ်ကဖြေသည်။
“အားယား စကားတစ်ခွန်းထဲနဲ့ အဓိပ္ပါယ်အများကြီး ဖြစ်သွားတာ။ မင်းသူ့ကို ပြန်ချော့ဖို့လိုအပ်တယ်”
နားထောင်ရတာတော့ ဖြစ်နိုင်ချေရှိသားပဲ။
နင်မုန့် က လေသံကို ပျော့သွားစေလိုက်ပြီးနောက် ‌ပြောသည်။
“ကောင်းပြီ။ ကောင်းပြီ။ ငါတို့သွားပြီး သူနဲ့တွေ့မယ်”
ရှီချီက ခေါင်းလှည့်လာပြီး ကြည့်သောအခါ သူမက ပွစိပွစိ ခပ်တိုးတိုး ရေရွတ်နေပြီး ကြောက်ရွံ့သလို လုပ်နေကြောင်းကို မြင်လိုက်ရသည်။
အလွန်မြင့်မားသော အဆောက်အဦးတစ်ခု၏ အရှေ့တွင် ကားကရပ်သွားသည်။
လျိုရွှမ်း အနေဖြင့် ပထမဦးဆုံးအကြိမ် ဒီလိုနေရာမျိုးကို လာဖူးခြင်းဖြစ်ပြီး သူမ၏မသိစိတ်အရ သူမကဒီနေရာနှင့် မသက်ဆိုင်ဟု ပြောနေသည်။ သူမ၏နှလုံးခုန်နှုန်းက မြန်ဆန်လာပြီး သူမလိုက်သွားခြင်းက သင့်တော်ခြင်းရှိမရှိ တွေးတောမိသွားသည်။ အချိန်အတန်ကြာပြီးနောက် ရှီရှန်းကျင်းက အားလုံး၏အရှေ့တွင်‌ ပေါ်လာသည်။
ရှီချီက နှုတ်ဆက်သည်။
“ဦးလေး”
လျိုရွှမ်းက သူ့ကိုမသိချေ။ သူက ရှီချီ၏အဖေဟု ထင်ထားသော်လည်း ဦးလေးဟုခေါ်ခြင်းကို ကြားသောအခါ သူမ၏စိတ်ရှုပ်ထွေးမှုများ အားလုံးကို အတည်ပြုပြီးသား ဖြစ်သွားသည်။
ဒီလောက်ထူးချွန်တဲ့ ဦးလေးတစ်ယောက်နှင့် အတူနေရမှတော့ စီနီယာက ဒီလိုအရမ်းကြည့်ကောင်းပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာ အံ့ဩစရာမရှိတော့ပါဘူး။
သူမအနေဖြင့် ဒီနေရာတွင် ဆက်နေ၍ မသင့်တော်ဟု ခံစားရသဖြင့် ပြုံးကာဝင်ပြောလိုက်သည်။
“စီနီယာ၊ စီနီယာအစ်မ ဒါဆိုရင် ကျွန်မအိမ်ပြန်ပါတော့မယ်။ အားလုံးရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
နင်မုန့်က ပြန်ဖြေသည်။
“နောက်တချိန်ကျရင် တွေ့ရာပစ္စည်းတွေ လိုက်မထိပါနဲ့”
လျိုရွှမ်းကလည်း ချက်ချင်းခေါင်းညိတ်သည်။
“ဒါပေါ့။ ကျွန်မသိပါတယ်။ ကျွန်မ အခုကစပြီး ဘာကိုမှ လိုက်မထိရဲတော့ပါဘူး။ ကျွန်မဒီလိုလျှောက်ထိရဲရင် ဒါကသေလမ်းရှာသလို ဖြစ်သွားပါလိမ့်မယ်”
လူကြီးနှင့်စကားပြောနေသော ရှီချီကို သူမက ခိုးကြည့်လိုက်ပြီးနောက်တွင် နောင်တရစွာဖြင့် ထွက်သွားတော့လေသည်။ သူမနဲ့စီနီယာက မတူညီသောလောကမှဖြစ်သည်။ သူမက ထွက်သွားသောအခါ လူသုံးယောက်သာ ကျန်တော့သည်။
ရှီရှန်းကျင်း၏အကြည့်က နင်မုန့် ထံရောက်လာပြီးနောက်တွင် သူ၏မျက်ဝန်းတွင် အံ့အားသင့်မှုက ထွက်ပေါ်လာကာ ရှီချီ၏အတွေးများက ကြောင်တောင်တောင်နိုင်သည်ဟု ခံစားလိုက်ရသည်။ သို့ရာတွင် သူ့အနေဖြင့် အသိုင်းအဝိုင်း ရှိရန်လည်း လိုအပ်သေးသည်။ ထို့ကြောင့် အတန်းဖော်များနှင့် သွားသွားလာလာလုပ်ခြင်းက လက်ခံ၍ရသည်။
သူက အံ့အားသင့်သွားသော အမူအရာကို မထုတ်ဖော်ဘဲ ပြောလိုက်သည်။
“မင်း မေးချင်နေတာရှိရင် မေးလိုက်ပါ”
ရှီချီ က သူမနေ့ညက ကြုံတွေ့ရသော ကိစ္စအလှည့်အပြောင်းကို ဇာတ်ကြောင်းပြန်ပြောပြပြီးနောက်ဆုံးတွင် မေးလိုက်သည်။
“ဒီလူတွေက သေပြီးသားလား အသက်ရှင်နေတာလား”
ထိုမေးခွန်းကိုကြားသောအခါ ရှီရှန်းကျင်းက ရယ်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။
“အဲ့ဒီရွာက နဂိုကတည်းက မတည်ရှိတာ”
နင်မုန့် က အံ့ဩသွားသည်။
ဒီရွာက မရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ မရှိရင် သူတို့အဲ့ဒီမှာ တစ်ညတောင်အိပ်ခဲ့ပြီး ဒီလူတွေနဲ့တောင် ဆက်သွယ်ခဲ့သေးတာလေ။
သို့ရာတွင် ရှီချီ ကမူ တခဏခန့်တွေးတောပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။
“ကျွန်တော်နားလည်ပြီ”
ရှီရှန်းကျင်းက ခေါင်းညိတ်ပြီးနောက် ဆက်မပြောတော့ချေ။ သူက နောက်တစ်ကြိမ်ကျရင် တွေ့ကရာကိစ္စများကို ဝင်မကိုင်တွယ်ရန် သတိပေးပြီးနောက်တွင် ထွက်ခွာသွားလေသည်။
သူက ထွက်ခွာသွားပြီးနောက် နင်မုန့် က သူ၏အနားသို့ရောက်လာကာမေးသည်။
“နင် ဘာကို နားလည်တာလဲ”
သူတို့နှစ်ယောက်စကားပြောကတည်းက သူမက တောက်လျှောက် နားထောင်နေခဲ့ခြင်း ဖြစ်ပြီး သူမက ဘာကိုမှ နားမလည်လိုက်ချေ။
ဒီစကားက အရမ်းလေးနက်လွန်းလို့ ဒါမှမဟုတ်ရင် ငါ့ရဲ့ဦးနှောက်ကပဲ အသုံးပြုဖို့ မလုံလောက်တာလား။
ရှီချီ က သူမကိုတည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်။
“အဲ့ဒီရွာက ပျောက်ကွယ်သွားတာ အချိန်တော်တော်ကြာနေခဲ့လောက်ပြီ။ ကိုယ်တို့အခုမြင်တွေ့ခဲ့ရတာက ပုံရိပ်ယောင်ပဲ”
နင်မုန့် က ပြန်ငြင်းသည်။
“ဒါဆိုရင် ဘာလို့ ငါ့ရဲ့လက်က နာတာလဲ”
ရှီချီ က ပြန်ဖြေသည်။
“ဒီလူတွေက အဲ့ဒီမှာရှိတာ အချိန်တော်တော်ကြာပြီ။ အဲ့ဒီမှာ ကျန်နေရစ်တဲ့ပစ္စည်းတွေက သူတို့ရဲ့ပုံရိပ်တွေကို နဂိုအတိုင်းပြန်ရှိနေအောင် အထူးတလည် ပြင်ဆင်ပေးထားသလိုပဲ။ ငါတို့ကြုံတွေ့ခဲ့ရတဲ့ အဲ့ဒီမြင်ကွင်းက အတိတ်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စပဲ။ ဒါကြောင့်ပဲ အပတ်တိုင်းလိုလို သူတို့က တစ်ပတ်လည်နေသလိုမျိုး ဒီလိုတူညီတဲ့ ပုံစံအတိုင်းပဲ ဆက်လှုပ်ရှားနေခဲ့ကြတာ”
နင်မုန့်က ထိုစကားကိုကြားသောအခါ သူတို့ထွက်သွားသောအခါ ရွာသားများလုပ်နေသော အကြောင်းအရာကို ပြန်သတိရလိုက်သည်။
စနစ်က ရုတ်တရက်ထွက်လာပြီးပြောသည်။
“ဒါက မင်းသတင်းမှာ မြင်တဲ့ပုံစံမျိုးပဲ။ အချို့လူတွေက မိုးကြိုးပစ်ချတာကို ရှာတွေ့တဲ့အချိန်မှာ မင်းကတော့ ရှေးခေတ်က စစ်ပွဲပုံရိပ်တွေကို မြင်ရတာမျိုးပေါ့”
နောက်ဆုံးတွင် သူမ၏စိတ်ရှုပ်ထွေးမှုက ရှင်းလင်းပြတ်သားသွားသည်။
သို့ရာတွင် သူတို့ကြုံတွေ့ခဲ့ရသောကိစ္စက ပို၍ရှုပ်ထွေးနေလောက်သည်။ အကြောင်းမူကား သူတို့က တစ်ဖက်လူများနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့ယုံသာမကလေဘဲ ထိုအဖြစ်အပျက်များ၏ မှတ်ဉာဏ်ကလည်း ကျန်ရှိနေသေးသည့်အတွက် အခြေအနေက မတူညီခြင်းဖြစ်လောက်သည်။
စနစ်ကရှင်းပြသည်။
“ဒီလူတွေက အစစ်အမှန်လည်း ဟုတ်တယ်။ အတုအယောင်လည်းဟုတ်တယ်။ သူတို့ကို အစစ်အမှန်ဟုတ်တာ မဟုတ်တာက ပြောဖို့ခက်ခဲပေမယ့် မင်းတို့မြင်ခဲ့ရတဲ့ အဲ့ဒီမြင်ကွင်းက သူတို့မပျောက်ကွယ်ခင်နှစ်မှာ ဖြစ်ခဲ့တဲ့အရာပဲ”
နင်မုန့်က ဒါကရက်စက်လွန်းသလို ခံစားလိုက်ရသည်။
သူတို့ပြောတာက မှန်ကန်နေရင် ဒီလူတွေက အရင်က အစစ်အမှန်ဖြစ်ခဲ့ပြီး သူတို့ရဲ့မျက်နှာက မျက်နှာဖုံးတွေကို ဆွဲဖြဲခဲ့ကြရမှာပဲ။
ဒါဆိုရင် ဒီကိစ္စအားလုံးရဲ့နောက်ကွယ်က အဲ့ဒီဖိနှိပ်ခံလိုက်ရတဲ့ သဘာဝလွန်ဖြစ်တည်မှုတစ်ခုကြောင့် ဖြစ်နေနိုင်တယ်။ ဒါကြောင့်ပဲ လူအများအပြားက စတေးခဲ့ရတာ။
ထိုဂူဘုရားကျောင်းက ရွာသားများက အင်အားသုံးကာ တည်ဆောက်ခဲ့ခြင်းဖြစ်နိုင်သည်။ ထို့နောက် သူတို့က မျက်နှာဖုံးကို တပ်ဆင်ခဲ့ကြပေလိမ့်မည်။ ထိုသို့ တပ်ဆင်ခြင်းအားဖြင့် တစ်ရွာလုံးက ယခုကဲ့သို့ ပျက်စီးသွားခဲ့ရခြင်းလည်း ဖြစ်လောက်ပေသည်။
###
အပိုင်း(50.3)
တစ္ဆေ သို့မဟုတ် သရဲကိုချိတ်ပိတ်ခဲ့သော ကျွမ်းကျင်ပညာရှင်ကြောင့်သာမဟုတ်လျှင် အနာဂတ်တွင် မည်သို့သောအခြေအနေများ ဖြစ်လာမည်ကို မည်သူမှမသိနိုင်လောက်ချေ။ ရှီချီ က ရုတ်တရက်ပြောသည်။
“ဒီကိစ္စဖြစ်မလာခင်မှာ ပြည့်မှီအောင်လုပ်ရမဲ့ အခြေအနေတွေ လိုအပ်တယ်။ မဟုတ်ရင် ဒါကိုပုံမှန်အားဖြင့် မမြင်နိုင်လောက်ဘူး။ ကံဆိုးစွာနဲ့ ငါက ဒီကိစ္စရဲ့ အရင်းအမြစ်ကို ရှာမတွေ့နိုင်ခဲ့ဘူး”
ထိုကိစ္စ၏အရင်းအမြစ်ကို ရှာမတွေ့ခဲ့သည့်တိုင်အောင် သူတို့က ဆက်လက်ရှင်သန်နိုင်ခဲ့ပြီး သူတို့ထဲကတစ်ယောက်ကမှ ဒုက္ခမရောက်ခဲ့ချေ။
နင်မုန့်က ရုတ်တရက် သူမ၏မြေးဖြစ်သူက သူမကဲ့သို့ ပထမပိုင်းပင်ကျော်အောင် မရှင်သန်နိုင်ခဲ့သော အရံဇာတ်ကောင်က ဖက်ရမည့် ပေါင်လုံးကြီးဖြစ်သည်ဟု ခံစားလိုက်ရသည်။
“ဒါပေမဲ့ အဲ့ဒီမှာ ယင်စွမ်းအင်က တအားသိပ်သည်းလွန်းတယ်။ လူတွေက အဲ့ဒီမှာ အကြာကြီးမနေသင့်ဘူး”
ရှီချီ က ပေါ့ပါးစွာ ထပ်ဖြည့်ပြောသည်။
နင်မုန့် ကလည်း ထိုအခါမှသာ ထိုအချိန်က မည့်သည့်အတွက်ကြောင့် အလွန်အေးစက်သည်ဟု ခံစားနေရကြောင်း သိလိုက်သည်။
သို့ရာတွင် ကိစ္စက ဖြေရှင်းပြီးပြီဖြစ်ပြီး သူမအနေဖြင့်လည်း ထိုကိစ္စနှင့် သက်ဆိုင်စရာအကြောင်း၊ ပတ်သတ်စရာအကြောင်း မရှိတော့ချေ။ နောက်ဆုံးတွင် သူမ၏စိုးရိမ်မှုများ အားလုံးက ခေါင်းထဲသို့ ပြန်ရောက်သွားသည်။
ထို့နောက် သူမကို ကျောင်းဂိတ်ပေါက်ထံသို့ ပြန်ပို့ပေးသည်။

ရွာမှပြန်လာပြီးကတည်းက မသိလိုက်မသိဘာသာပင် မည်သည့်ထူးခြားမှုမှ ဖြစ်မသွားခဲ့ဘဲ နှစ်လတာက ကုန်လွန်သွားသည်။
ဖိနှိပ်ခံထားရသော တစ္ဆေကိစ္စက ပျောက်ကွယ်သွားသည်မှာ နင်မုန့်ကလည်း ဓါးမြောင်ကို ယူခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ သူမက ထိုဓါးမြောင်ကို အမြဲတစေ သူမနှင့်အတူဆောင်ထားလေ့ရှိပြီး သူမရဲ့အဝတ်အောက်တွင် အနည်းနဲ့အများ ဖုံးကွယ်ထားနိုင်ခဲ့သည်။
သူမ၏အာရုံကို ပညာရေးတွင်သာ နစ်မြုပ်ထားလိုက်သည်။ မည်သို့ပင်ဆိုစေ သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် အခွင့်အရေးသာရှိလျှင် အဆင်သင့်ဖြစ်နိုင်ရန် ကောင်းကောင်းပြင်ဆင်ထားခြင်းက ပို၍အဆင်ပြေလေသည်။ ပို၍ဆိုးသည်မှာ သူမ၏နဂိုပြုမူတတ်သော အလေ့အကျင့်စရိုက်နှင့် ဆက်နွယ်နေစေရန် ထိုသို့ကြိုးစားမှသာ မည်သူကမှ ပုံမှန်မဟုတ်မှုကို သတိထားမိခြင်း မရှိမည်ဖြစ်သည်။
သူမ၏မိသားစုများက နောက်ဆုံးတွင် နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ သို့ရာတွင် ထိုနေရာက ဆောက်လုပ်ရေးလုပ်နေဆဲဖြစ်သဖြင့် နောက်နှစ်မှသာ ရွှေ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူမနှင့်လျန်ဖုန်းမိန် က ကျောင်းနားမှ မုန့်ဆိုင်တွင်သာနေနေပြီး သူတို့၏နေ့ရက်များကို စိုးရိမ်ပူပန်မှု ကင်းစင်စွာဖြင့် ကျော်ဖြတ်နေခဲ့ရသည်။ သို့ရာတွင် မကြာခဏလာလေ့ရှိသော ဌာနမှူးကိုမူ တွေ့နေရသည်။
သူ၏ရည်ရွယ်ချက်က သူမကယခင်က ခန့်မှန်းထားသည်နှင့် ကွာခြားခြင်းမရှိချေ။ ထိုဌာနမှူးက ရှင်းလင်းစွာဖြင့်ပဲ လျန်ဖုန်းမိန်အပေါ် ခံစားချက်ရှိနေခဲ့ပြီး ဒီအချိန်အတောအတွင်းတွင် သူတို့နှစ်ယောက် အပြင်ထွက်ဒိတ်လုပ်ခြင်းကိုပင် မြင်တွေ့ခဲ့ရသေးသည်။
ထိုဒိတ်က ပစ္စည်းများအတူဝယ်ခြင်းမျှသာ ဖြစ်သည့်တိုင်အောင် ဒိတ်က ဒိတ်သာလျှင်ဖြစ်သည်။
နင်မုန့် က ထိုသို့မြင်ရသည့်အခါ ဝမ်းသာမိသည်။ ထိုဌာနမှူးက လူကောင်းတစ်ယောက်ဖြစ်ပြီး လျန်ဖုန်းမိန်၏ ကိစ္စအဝဝကိုလည်း သိထားသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမက ဒီလောကက ထွက်သွားသောအချိန်တွင် အနည်းဆုံး လျန်ဖုန်းမိန်၏ ခက်ခဲသော အချိန်ကာလများကို အတူကျော်ဖြတ်ပေးမည့် လူတစ်ယောက် ရှိပေလိမ့်မည်။
သူမကို မပျော်ရွှင်စေသော တစ်ခုထဲသောကိစ္စက ဆောင်းတွင်းက ရောက်လာသည့်အချိန်တွင် နင်မုန့်က ရေခဲအိမ်ထဲသို့ ဝင်ရောက်သလို ခံစားရသောကြောင့်ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်က အအေးဓါတ်ကြောင့် တုန်ယင်သွားသည်။
အစပိုင်းတွင် အနည်းငယ် ချမ်းစိမ့်ယုံမျှသာ ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်မူ လျန်ဖုန်းမိန်က တစုံတရာက မှားယွင်းနေကြောင်း သိလိုက်သည်။
သူမက မနက်ပိုင်း နင်မုန့်ကို သွားနှိုးသောအခါ အပူပေးစက်ကို အပူချိန်အမြင့်ဆုံးအထိ မြှင့်ထားသည့်တိုင်အောင် နင်မုန့်က စောင်ကို အထပ်ထပ်ခြုံထားကြောင်း မြင်လိုက်ရသည်။
လျန်ဖုန်းမိန်က စောင်ကိုဆွဲခါပြီးပြောသည်။
“အပူပေးစက်က အမြင့်ဆုံးထိ မြှင့်ထားပြီးတော့ ဘာလို့စောင်ထဲမှာ ပုန်းနေသေးတာလဲ နောက်ထပ်ဆောင်းရာသီပဲ မဟုတ်ဘူးလား အရင်က ဒီလိုမဟုတ်ပါဘူး”
နင်မုန့်က တုန်ယင်နေသည်။
“သမီး အေးတယ်”
လျန်ဖုန်းမိန် က သူမကို စောင်ပြန်ခြုံပေးပြီး နဖူးကိုစမ်းကြည့်သည်။
“ဖျားနေတာတော့ မဟုတ်ပါဘူးနော်။ ဘယ်နေရာက မသက်မသာ ဖြစ်နေတာလဲ ဒါမှမဟုတ် အေးပဲအေးတာလား”
နင်မုန့် က ပြန်ဖြေသည်။
“အေးပဲအေးတာပါ”
အရိုးထိအောင်အေးသည်။
အဆုံးတွင် နှစ်ယောက်က ဆေးရုံသို့သွားကာ စစ်ဆေးရန် ဆုံးဖြတ်လိုက်ကြသည်။ နင်မုန့်ကမူ သူမ၏နံပါတ်စဉ်ကို စောင့်နေရင်း တုန်ယင်နေသေးသည်။ ကံဆိုးစွာဖြင့် သူမတို့က အိမ်မှရေနွေးအိတ်ကို ယူလာရန် မေ့သွားခဲ့သည်။
စမ်းသပ်ခန်းထဲသို့ ဝင်သွားသောအခါ အတွင်းရှိအပူပေးစက်က သူမကို အနည်းငယ် ခံစားရကောင်းမွန်သွားစေသည်။
ဆရာဝန်က သူမကို အချိန်အတန်ကြာ စစ်ဆေးပြီးသည့်တိုင်အောင် ပုံမှန်မဟုတ်သောအရာကို ရှာမတွေ့သဖြင့် ပြောလိုက်သည်။
“မင်းအနေနဲ့ ကိုယ်ခံအား အားနည်းတာ ဖြစ်လောက်တယ်။ ဒါကြောင့် နွေးနွေးထွေးထွေးနေပြီး စားတဲ့အချိန်မှာ ဂရုစိုက်စားဖို့ လိုအပ်တယ်”
သူတို့နှစ်ယောက်ကလည်း ဒါက ကြောင်တောင်တောင်နိုင်သည်ဟု တွေးလိုက်ကြသည်။
အိမ်သို့ပြန်ရောက်ပြီးနောက် နင်မုန့်က ရေနွေးအိတ်ကိုယူထားပြီး မချတော့ချေ။ သူမ၏ဘေးတွင် အပူအရင်းအမြစ်တစ်ခု ရှိလာသောအခါ ခံစားချက်ပိုကောင်းသွားပြီး ကျောင်းသို့ ပြန်တက်နိုင်သွားသည်။
သူမက အပြင်ဘက်တွင် လမ်းလျှောက်နေသောအခါ လည်စည်းကို ခပ်တင်းတင်းစည်းထားပြီး သူမ၏ခေါင်းက အောက်သို့ကျုံ့ဝင်နေလိုက်ခြင်းအားဖြင့် မျက်နှာတစ်ဝက်ကို မြှုပ်နှံထားလိုက်နိုင်သည်။
သူမဝင်သွားသောအခါ အတန်းတွင်းရှိ အပူပေးစက်ကလည်း အလုပ်လုပ်နေပြီဖြစ်သဖြင့် ခံစားချက်က ပိုကောင်းသွားသည်။
ချုံခယ့်ခယ့်က သူမကိုမြင်သောအခါ မနေနိုင်ဘဲပြောလိုက်သည်။
“နင်နင် နင်က အအေးကြောက်လွန်းတာပေါ့။ ဟုတ်လား ဘာလို့ ဘောလုံးတစ်လုံးလို အသားကုန် ပတ်ထားရတာလဲ”
နင်မုန့် ကလည်း ဝမ်းနည်းစွာပြန်ပြောသည်။
“ငါအေးလို့ပါ”
ချုံခယ့်ခယ့်က ခေါင်းကိုလာပုတ်သည်။
“အခန်းထဲက အပူပေးစက်က ဖွင့်ထားပြီးသား ဘာလို့အေးနေသေးတာလဲ နင့်ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက အားနည်းတာများလား နင်ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်”
သူမကလည်း နင်နင်က အားနည်းလွန်းသည်ဟု အမြဲတစေ ခံစားနေခဲ့ရာမှ ယခုကဲ့သို့ နေထိုင်၍ မကောင်းသလိုမျိုး ဆောင်းတွင်းတွင် ဘောလုံးလို ထွေးပတ်ထားကြောင်း မြင်သောအခါ ချစ်စရာကောင်းလွန်းသည်ဟု ခံစားရပြီး ဖျစ်ညှစ်ပစ်လိုက်ချင်သည်။ သို့ရာတွင် သူမက သနားစရာကောင်းကြောင်း မြင်သောအခါ သူမက ထိုခံစားချက်ကို ပြန်ထိန်းထားလိုက်သည်။
နင်မုန့်က ခေါင်းညိတ်ပြပြီး ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
ရှီချီက ခေါင်းလှည့်ပြီး ကြည့်လိုက်သောအခါ သူမ၏ စောင်မပတ်ယုံတမယ် အနေအထားကို မြင်သောအခါ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“မင်းတကယ် အဲ့လောက်ထိအေးနေတာလား”
သူမှတ်မိတာ မမှားရင် ဒီနေ့က ပထမဦးဆုံးနှင်းကျတဲ့နေ့လေ။
နင်မုန့်က နာခံစွာ ပြန်ခေါင်းညိတ်သည်။
ယခင်အားလပ်ရက်နှစ်ရက်တာ အတောအတွင်း သူမက သူမနဲ့တောက်လျှောက် ရေနွေးအိတ်ကို နေ့တိုင်းကိုင်ထားရပြီး အဝတ်ထဲသို့ ထိုးထည့်ထားရသည်။ သို့မှသာလျှင် သေသည်အထိ အေးခဲသွားသည့်ဘေးမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူမ တစ်နေ့လုံး ရေနွေးအိတ်ကို ဆက်တိုက်လဲပေးနေရသည်။
သူမအနေနှင့် ယခင်က ဒီလိုအလွန်အေးသော ခံစားမှုမျိုးကို မရခဲ့ဖူးချေ။ အချိန်အတော်ကြာ ကုန်လွန်သွားပြီးသောအခါ တစုံတရာက မှားယွင်းသလို ခံစားရလာသည်။
သူမက ဖြစ်နိုင်ချေကို မေးမြန်းရန် စနစ်ကိုမေးလိုက်သည်။
စနစ်က သူမကို အချိန်အတန်ကြာ စစ်ဆေးပြီးနောက် ပြန်ဖြေလိုက်သည်။
“မင်းရဲ့ကိုယ်ထဲကို ယင်လေထုတွေ ဝင်လာလို့ ဖြစ်နိုင်တယ်”
နင်မုန့် က မေးသည်။
“ဘယ်အချိန်က ဖြစ်တာလဲ။ ငါအခုတလော ယင်လေနဲ့ပတ်သတ်တဲ့ တစုံတရာကိုမှ မထိခဲ့ပါဘူး။ မဟုတ်ဘူးလား ငါအခု သရဲအဖြစ်ပြောင်းသွားတော့မှာလား”
စနစ်က ရှင်းပြသည်။
“မင်းအရင်က သွားလည်တဲ့ရွာကို မှတ်မိသေးလား အဲ့ဒီက ဓါးမြောင်က ဆယ်စုနှစ်ပေါင်းများစွာ သရဲကို ဖိနှိပ်ထားခဲ့လို့ ကြောက်စရာကောင်းလွန်းတဲ့ ယင်စွမ်းအင်အပြည့် ပေါင်းစပ်ပြီးသား ဖြစ်နေတာ။ မင်းရဲ့လက်က ဓါးမြောင်ရှသွားတော့ ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်”
ထိုအချိန်က အဖြစ်အပျက်ကလည်း ရှင်းရှင်းလင်းလင်း မရှိခဲ့သဖြင့် သူမကလည်း အသေအချာ မတွေးမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သတိမထားမိခဲ့ချေ။
အချိန်အတန်ကြာ ကုန်လွန်လာခဲ့ပြီး ဆောင်းတွင်းရောက်လာသောအခါ အရာအားလုံးက မီးထိုးပေးလိုက်သလို လင်းရှင်းကာ ထင်ရှားသိသာမြင်သာသွားသည်။
နင်မုန့်က လက်ကိုစမ်းကြည့်ပြီးနောက် ဆိတ်ကြည့်လိုက်သောအခါ သူမ၏လက်ရှိဒဏ်ရာက သဲလွန်စပင် မမြင်ရလောက်အောင် ပျောက်ကင်းသွားသည်ဖြစ်ကြောင်း သိလိုက်ရသည်။
“ယင်လေက ကိုယ်အတွင်းကိုဝင်သွားတယ်ဆိုရင် မကောင်းတဲ့ကိစ္စတွေ ဖြစ်လာနိုင်လား အေးတာအပြင်ပေါ့”
စနစ်က အချိန်အတော်ကြာမှသာ ပြန်ဖြေနိုင်သည်။
“ဒီခန္ဓာကိုယ်က ဆင်ခြင်ထားတာထက် မြန်မြန်ပြိုလဲကျသွားတာမျိုးကြောင့် ဖြစ်နိုင်တယ်။ မင်းအနေနဲ့ စောစောထွက်သွားရလောက်တယ်”
ထိုစကားများကလည်း ရိုးရှင်းသည်။ အဓိပ္ပါယ်ကလည်း ရိုးရှင်းသည်။
ဒီခန္ဓာကိုယ်က အစောပိုင်းကတည်းက သေပြီးသားဖြစ်သည်။ သို့သော် သူမက စနစ်ကြောင့် ဝင်ပူးနိုင်ခဲ့ပြီး ယခု ယင် လေထုက ကိုယ်တွင်းသို့ဝင်သွားသောအခါ သက်ရောက်မှုက ဆိုးရွားလာခြင်းဖြစ်သည်။
အခြားစကားနှင့်ပြောရသော် အကြီးမားဆုံးသော ဖြစ်နိုင်ချေက သူမမူလက စီစဉ်ထားသည်ထက် ပို၍စောစောသေပေလိမ့်မည်။
မျှော်လင့်မထားသည်မှာ ထိုသို့ရှင်းပြချက်ကို ကြားပြီးနောက်တွင် နင်မုန့်၏တုံ့ပြန်မှုက တည်ငြိမ်လွန်းခြင်းဖြစ်သည်။
သူမက ခေါင်းကိုညိတ်လိုက်သည်။ သူမက ခေါင်းညိတ်နေကြောင်း မြင်သောအခါ ရှီချီက နှုတ်ခမ်းကို ခပ်တင်တင်း စေ့ပိတ်လိုက်သည်။ သူ၏ကြည်လင်သော အစိမ်းရောင်မျက်ဝန်းများကလည်း နက်ရှိုင်းကာ အရောင်လဲ့လာသည်။ သို့သော် ခန့်မှန်းရခက်နေသေးသည်။ တိုက်ဆိုင်စွာဖြင့် အသံခေါင်းလောင်းက မြည်လာသည်။ နှစ်ယောက်က စကားမဖလှယ်နိုင်တော့ချေ။
မနက်ခင်းသင်္ချာအတန်းနှစ်တန်း ပြီးသွားသောအခါ နင်မုန့်က အပူချိန်နှင့် ကျင့်သားရသွားသည်။ သူမကို မပျော်မရွှင် ဖြစ်စေသော တစ်ခုထဲသောကိစ္စက နောက်နှစ်တန်းက အင်္ဂလိပ်တန်း ဖြစ်နေသောကြောင့် ဖြစ်သည်။
အင်္ဂလိပ်ဆရာမက နိုင်ငံခြားမှလာသော နိုင်ငံခြားဆရာဖြစ်သည်။ သူက အအေးကိုမကြောက်သလို အပူပေးစက်ဖွင့်ထားခြင်းကိုလည်း မကြိုက်သဖြင့် အမြဲတစေပြတင်းပေါက်ပင် ဖွင့်လေ့ရှိသည်။
အင်္ဂလိပ်ဆရာ၏ စိတ်သဘောထားက ကောင်းမွန်ပြီး နောက်ပြောင်ရခြင်းကိုပင် ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ကျောင်းသားများကလည်း သူကဟာသများကိုပြောသောအခါ သက်သောင့်သက်သာရှိသည်။ အခြားသောဆရာ၊ ဆရာမများကလည်း သူနှင့်အဆင်ပြေကြသည်။
တောက်လျှောက်အပူပေးစက်က ဖွင့်ထားသည်ဟု ခံစားရသဖြင့် စာသင်ခန်း၏ အနံ့အသက်ကပင် မကောင်းတော့ဟု သူကတွေးချင်မိသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများက သူနှင့်အနည်းငယ် သဘောမတူလျှင်ပင် သူကခိုင်မာစွာဖြင့် ပြတင်းပေါက်ကို အတင်းဖွင့်ခိုင်းသည်။
ထို့ကြောင့် ဒီအတန်းကလည်း ခြွင်းချက်မရှိတော့ချေ။ မျှော်လင့်ထားသည့်အတိုင်း သူဝင်လာသည်နှင့် ပထမဆုံးလုပ်ခြင်းက ပြတင်းပေါက်ဖွင့်ခြင်းပင်ဖြစ်သည်။
ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီးနောက် လေအေးများက ဝင်လာသည်။ နင်မုန့် က နေရာတွင်ပင် တုန်ယင်သွားသည်။ သူမ၏ခေါင်းက အောက်သို့ငုံ့ကျသွားပြီး မျက်နှာတစ်ဝက်က မာဖလာထဲမြုပ်သွားသည်။
ရှီချီက ပြတင်းပေါက်ကို မဖွင့်ချေ။ အင်္ဂလိပ်ဆရာကမူ သူတို့ဖက်သို့ ကြည့်နေပြီဖြစ်သဖြင့် သူလက်ကိုမြောက်ကာ ဖွင့်လိုက်ရသည်။
နင်မုန့်က သူ့ကိုမဖွင့်စေချင်ချေ။ ဒီတစ်ပေါက်ထဲ ပိတ်ထားခြင်းကလည်း ပြဿနာမရှိဟု ခံမှန်းမိပြီး လက်မြောက်ကာ တားလိုက်သည်။
“မဖွင့်ပါနဲ့”
သူတို့၏လက်များက ထိတွေ့သွားသည့် တခဏတွင် သူမ၏လက်ဖဝါးထဲသို့ တောက်လောင်လွန်းသော အပူစွမ်းအင်ခံစားချက်က ဝင်ရောက်လာသည်။
နင်မုန့်က ရုတ်တရက်သူမ လက်မလွှတ်ချင်တော့ဟုပင် ခံစားလိုက်ရသည်။
ဘုရားရေ ဒီခံစားချက်က ကောင်းလိုက်တာ။ ဒါက မီးဖိုတစ်လုံးလိုပဲ။ ထိရတာ နွေးလိုက်တာ။
သို့ရာတွင် လူအများက ကြည့်နေကြလေရာ သူမအနေနှင့် လက်ကိုပြန်ရုတ်လိုက်ပြီး မာဖလာအောက်တွင် ပြန်ထည့်ထားလိုက်ရသည်။
သူမက တစ်ချက်လှည့်ကြည့်ပြီး ခပ်တိုးတိုးပြောသည်။
“ရှီချီ ဘာလို့ နင့်လက်တွေက တအားနွေးနေတာလဲ”
ရှီချီက လက်ကိုလှုပ်လိုက်သည်။ သူမ၏စကားကြောင့် အတန်ငယ် စိတ်ရှုပ်သွားဟန်ရသည်။ သူ၏ခန္ဓာကိုယ်အပူချိန်က ပုံမှန်ဟုသာ သူက ခံစားရပြီး ထူးထူးခြားခြားလည်း မရှိချေ။
နင်မုန့်ကမူ သူမ၏လက်များကို ပေါင်ပေါ်တင်ထားသည်။ ထို့နောက် သူ့ကိုကြည့်သော အကြည့်ကလည်း တလက်လက်ပင် တောက်ပနေသေးသည်။
အင်္ဂလိပ်ဆရာက တစ်ဖက်သို့လှည့်ကာ white board ပေါ်တွင် စာရေးနေပြီဖြစ်ကြောင်း မြင်သောအခါ သူမက မနေနိုင်တော့ဘဲ ရှက်ရွံ့စွာမေးလိုက်သည်။
“ရှီချီ ယား ငါတို့ကအ တန်းဖော်တွေဖြစ်တာ ဘယ်လောက်ကြာပြီလဲ”
ရှီချီ က စားပွဲကို ဘောပင်ဖြင့် တဒေါက်ဒေါက်ခေါက်ပြီးပြောသည်။
“မင်းပြောချင်တာရှိရင် ပြောလိုက်”
နင်မုန့်က နှုတ်ခမ်းကို တစ်ချက်သပ်ပြီးနောက် သူမ၏လက်နှစ်ဖက်ကို ပွတ်လိုက်ကာပြောသည်။
“ကြည့်ပါဦး။ ငါအေးခဲလို့သေတော့မယ်။ နင်ငါ့ကို တခဏလောက် ဘာလို့ မထိခိုင်းတာလဲ”
သူက ရိုးရှင်းစွာဖြင့် လမ်းလျှောက်တတ်သော ရေနွေးအိတ်နှင့် မခြားတော့ချေ။
ရှီချီ က ဘာစကားမှ ပြောမလာဘဲ သူ၏ဖြူဖွေးသွယ်လျသော လက်တစ်ဖက်ကိုသာ ဆန့်ထုတ်ပေးလိုက်သည်။

အဲ့ဒီလောက်အေးတာလား။
သူမလေးက သနားစရာကောင်းလိုက်တာ။
ဒီလိုဆိုရင်လည်း နွေးထွေးမှုနည်းနည်းလောက် တွန့်ဆုတ်စွာနဲ့ ဝေမျှပေးလိုက်ပါ့မယ်လေ။
ရှီချီ ရဲ့ လျှို့ဝှက်ဒိုင်ယာရီ
####

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset