အပိုင်း(၅၁.၁) အနာဂတ်မှာ ငါလျှော်ကြေး ရဖို့မျှော်လင့်တယ် (၁)
အေးစက်သောလက်က သူ၏လက်ဖမိုးအပေါ် အုပ်မိုးလာသည်။ သူ၏မာဖလာမှ အမွေးအမျှင်လေးများက တစ်ဖက်သို့ ရောက်သွားချိန်တွင် ရှီချီက သူမထံမှ သက်သောင့်သက်သာရှိစွာ သက်ပြင်းချသံကို ခပ်ဖျော့ဖျော့ကြား လိုက်ရသေးသည်။
တကယ်ကို သူခိုးလေးလို ပြုမူနေတာပဲ။
နင်မုန့်က သူမ၏ပတ်ဝန်းကျင်ကို လျှို့ဝှက်စွာ ချက်ချင်းကြည့်လိုက်ပြီးနောက် မည်သူကမှ သူတို့၏ဘက်သို့ အာရုံစိုက် မနေကြောင်း မြင်လိုက်ရသောအခါ သူမ၏ စိုးရိမ်ပူပန်မှုများက ပျောက်ကွယ် သွားသည်။
အတန်းပိုင်ဆရာက ထိုင်ခုံ ပြောင်းထိုင်ခိုင်းမည်ဟု ပြောဖူးသော်လည်း အဆုံးတွင်မူ သူတို့က ထိုင်ခုံ မပြောင်းခဲ့ကြချေ။ သို့ရာတွင် သူတို့၏အတန်းက နဂိုကတည်းက ကျဉ်းနေကာ ဒါကလဲ သူမ၏ အခြေအနေနှင့် ကိုက်ညီနေလေသည်။ အတန်းထဲတွင် လူအယောက်(၃၀)သာလျှင် ရှိနေလေရာ သူမအနေဖြင့် နောက်ဆုံးမှပင် white boardကို ကောင်းကောင်း မြင်နိုင်လေသည်။
သူ၏လက်မှတစ်ဆင့် အပူစွမ်းအင်က ဆက်တိုက်စီးဝင်ကာ သူမ၏ကိုယ်ထဲသို့ ရောက်လာလေပြီး နင်မုန့်ကို အရိုးထိတိုင် ကျောချမ်းစေသော ထိုလေထုများကလဲ ဖြည်းညင်းလျော့ပါးစွာဖြင့် အနည်းငယ် ပျောက်ကွယ်သွားသည်။
သူမက ခေါင်းကိုလှည့်လျက် ရှီချီကို ကြည့်သည်။
“နင့်ကို တစ်ခဏလောက် ကိုင်ခွင့်ပေးထားပါဦး”
ရှီချီက မျက်နှာကို တစ်ဖက်သို့ တစ်ခဏခန့် လှည့်ပြီးသွားမှသာ ပြန်လှည့်ကြည့်လာသည်။ သူ၏နှုတ်ခမ်း ထောင့်စွန်းများက အပေါ်သို့ ကော့တက်သွားသည်။
“မင်းကလက်ထုတ်ပြီး ကို်ငပြီးသွားပြီလေ”
“သူလက်ဆွဲထုတ်လို့တောင် ရပါတော့မလား”
သူ၏စကားကြောင့် နင်မုန့်၏မျက်နှာက ပူနွေးသွားသည်။ သို့ရာတွင် သူမ၏မာနက သူမ၏ သက်တောင့်သက်သာရှိမှု ထက်ပို၍ အရေးကြီးစရာအကြောင်း မရှိချေ။ ထို့အပြင် သူ၏စကားလုံးများကြောင့်လည်း သူမက နာကျင်ရမည် မဟုတ်ချေ။
ပို၍ဆိုးသည်မှာ သူ၏နွေးထွေးမှုနှင့် ဆိုလျှင်သူမ၏ ခံစားချက်က ပို၍ကောင်းသွားသည်။
အရိုးထဲထိ ရောက်နေသော ထိုအေးစိမ့်မှုက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ ထိုခဏတွင် သူမကလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထိုအခါ တစ်ဖန် ပြန်အေးသွားပြန်သည်။ သူ့ကို ပြန်ထိလိုက်သောအခါ နွေးထွေးမှုက ပြန်ရောက်လာသည်။
“ဒီမြေးရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံက တကယ်ကောင်းတာပဲ။ ရိုးရိုးရှင်းရှင်းနဲ့ သူ့ရဲ့လက်ကကို နွေးနေတာ”
နင်မုန့်က စနစ်ကို မေးသည်။
“ငါ ဒီဆောင်းတွင်း ကျော်သွားရင် ဆက်ပြီး အေးနေအုံးမှာလား ဒါမှမဟုတ် သေတဲ့အထိ အခုလို ဆက်တိုက် အေးစက်သွားမှာလား”
စနစ်ကပြန်ဖြေသည်။
“အခုလက်ရှိက ဆောင်းတွင်းမလို့ မင်းအေးနေတာပါ နွေရာသီ ရောက်လာတဲ့အခါ ခံစားချက် ပိုကောင်းသွားလိမ့်မယ် ဘာပဲဖြစ်ဖြစ် သာမာန်လူထက်တော့ ပိုအေးနေအုံးမှာဘဲ မင်းရဲ့ကိုယ်ထဲက ယင်စွမ်းအင်တွေက သိပ်သည်းနေတဲ့ အချိန်မျိုးမှာ အရမ်းအေးတယ်လို့ ခံစားနေရလိမ့်မယ်”
နင်မုန့်က တစ်ခဏခန့် တွေးတေားပြီးနောက် မေးလိုက်သည်။
“ဒါက ကုလို့မရတော့ဘူးလား”
စနစ်ကပြန်ဖြေသည်။
“မရဘူး ယင်လေထုက ကိုယ်ထဲဝင်ပြီးသွားတာနဲ့ အရိုးထဲကို တိုက်ရိုက် တိုးဝင်းသွားပြီး ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားပြီ”
နင်မုန့် “…”
သူက တစ်စုံတစ်ရာကို ကျိန်ဆဲချင်သော်လည်း အရင်ကတည်းက သူမက မကိုင်သင့်သော အရာကိုသာ ထိကိုင်မိခဲ့ခြင်းဟု တွေးရတော့ပေမည်။ လက်ရှိအချိန်တွင် နောင်တနှင့် သူမ ယခုရနေသော အေးစိမ့်မှု ကြားတွင်သာ လွန်ဆဲနေရတော့သည်။
“ဟူး.. ငါ ဘာလို့ အရမ်းသနားစရာ ကောင်းနေတာလဲ”
တစ်တန်းလုံး သူမက လှုပ်လှုပ်ရှားရှား အဖြစ်ဆုံးဖြစ်သည်။
သူမက သူ၏ လက်ခုံကို လုံလောက်အောင် ထိပြီးသည်ဟု ခံစားရသည့်အချိန်တိုင်း ရှီချီ၏လက်ကို လှန်လိုက်ပြီး သူမ၏ လက်သီးကို သူ၏ လက်ဖဝါးအတွင်းသို့ ထိုးထည့်လေ့ရှိသည်။ ရှီချီကမူ သူမက လာဖက်ရန် ကြိုးစားနေသလိုပင် ခံစားလိုက်ရသည်။ သို့ရာတွင် သူက ဘာစကားမှ မဆိုချေ။ သူမက အအေးကြောင့် ဘောလုံးတစ်လုံးလို ကွေးနေကြောင်းကို မြင်နေရသောအခါ သူမ လုပ်ချင်သည့်အတိုင်း လုပ်ခွင့် ပြုထားလိုက်သည်။
အင်္ဂလိပ်တန်း၏ ဒုတိယအတန်းချိန်တွင် နင်မုန့်က အအေးဒဏ်ကို ဆက်လက်ပြီး တောင့်မခံထားနိုင်တော့ချေ။
အတန်းထဲရှိ နောက်ဆုံးကျန်ရစ်သော အပူက တဖြည်းဖြည်းချင်း လျော့ပါးပျောက်ကွယ် သွားလေပြီး သူမကလဲ ရှီချီထံ လက်တစ်ဖက်ကိုသာ ထုတ်ကာ ကိုင်ထားလိုက်ရသည်။ အခြားတစ်ဖက်ကလဲ အလျဉ်းမသင့်ပြန်ချေ။
ထိုသို့ဖြင့် သူ၏လက်ကို လျှို့ဝှက်စွာဖြင့် သူမ၏ဘက်သို့ ဆွဲယူလာလိုက်သည်။
နင်မုန့်က မျက်လုံးထောင့်မှ ကြည့်လိုက်ပြီး တွေးလိုက်သည်။
“သူ သတိမထားမိဘူး မဟုတ်လား။ သူက အတန်းမှာ အရမ်းအာရုံ စိုက်ထားတာ။ သူ့လက်ဆွဲယူ ခံရတာကို သတိထားမိပါ့မလား”
သို့ရာတွင် ထိုကိစ္စက ကိစ္စကြီး မဟုတ်သေးချေ။ အကြောင်းမူကာ ညအချိန် ရောက်လျှင် သူမက အိမ်သို့ တစ်ယောက်တည်း ပြန်ရမည်ဖြစ်သည်။ ရှီချီကိုလဲ သူမ၏ကိုယ်ပိုင် အိပ်ယာပေါ်သို့ ဆွဲခေါ်သွား၍လည်း မရချေ။
သူမက တစ်ညလုံး အအေးဒဏ်ကို ခံစားရတော့မည်မှာ သေချာသည်။ ထို့နောက် နောက်တစ်နေ့ မနက်ခင်းတွင် လှပသောရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
နင်မုန့်က သူမ၏ စိတ်ကူးယဉ်မှုကို သဘောကျသွားပြီး မျက်နှာကို မာဖလာထဲ အုပ်ထားကာ လက်ကမူ သူ၏လက်ကို လျှို့ဝှက်စွာဖြင့် ပွတ်နေလိုက်သည်။ အတန်းထဲတွင် အနည်းငယ်မျှပင် အာရုံမစိုက်သေးချေ။
“အား..နွေးလိုက်တာ”
သူမက ထိုသို့စိတ်ကူးယဉ် အိမ်မက်ထဲ ရောက်နေသည့်အချိန်တွင် အင်္ဂလိပ်ဆရာက တစ်စုံတစ်ရာကို ပြောလိုက်ပြီး ကျောင်းသားကျောင်းသူများက ညည်းသံပြုကြသည် နင်မုန့်က ကြောင်တောင်တောင် မျက်နှာထားနှင့် သူမနှင့်မျက်စောင်းထိုး နေရာတွင်ထိုင်နေသော ချုံခယ့်ခယ့်ကို ကြည့်လိုက်သည်။
ရှီချီကသူမကို ခပ်ယောင်ယောင်ကြည့်လာသည်။
“မေးခွန်းစာရွက် စာမျက်နှာနံပါတ်(၂) စာပိုဒ်နံပါတ်(၂)ကို ဖတ်နေတာ”
သူမကနောက်ဆုံးတွင် မေးခွန်းစာရွက်ကို ထုတ်လိုက်ပြီးနောက် အင်္ဂလိပ်ဆရာက စင်မြင့်အောက်သို့ ဆင်းကာဆွေးနွေးနေသော အကြောင်းအရာကို ကြည့်နေလိုက်သည် အင်္ဂလိပ်ဆရာက တစ်ဖြေးဖြေးချင်း သူမတို့ရှိရာ ဘက်သို့လာနေသည်။
သူမအနေဖြင့် ညာဘက်လက်ကို လွှတ်ကာစာစရေး ရတော့မည်ဖြစ်သည်။
နင်မုန့်က ရှီချီ၏လက်ကို တစ်ချက်တွန့်ဆုတ်စွာ ကြည့်လိုက်ပြီးမှသာ ယဉ်ကျေးစွာဖြင့် ပြန်ထားပေးလိုက်သည် သူမ၏စိတ်ထဲတွင်မူ ယူကျုံးမရ ဖြစ်နေသည်။
“ကျေးဇူးတင်ပါတယ်”
ရှီချီ “…”
“သူမ၏လေသံ မသိရင်ငါကဘဲ လက်ကိုခုတ်ဖြတ်ပြီး ခဏလောက် ပေးလိုက်သလိုမျိုးဘဲ”
နားထောင်ပြီးနောက် တစ်ခါတည်းနားလည် သဘောပေါက်သော အကြောင်းကိုပြန်ရေးရသည့် အကြောင်းအရာ တစ်ဝက်ခန့် ပြီးသွားသောအခါ နင်မုန့်ကဆက်လက် တောင့်မခံနိုင်တော့ချေ အခန်းထဲရှိ လေအေးကအညိုရောင် မျက်လုံးရှိနေသလိုမျိုး သူမ၏လည်ပင်းကို စိုက်ကြည့်လာသလို ခံစားရပြီး ထိုနေရာကပင် တစ်စိမ့်စိမ့် အေးတက်လာသည် အထူးသဖြင့် သူမက ပြတင်းပေါက်ဘက်တွင် ထိုင်နေခြင်းဖြစ်သည် ထို့ကြောင့်အတွင်းနှင့် အပြင်ကဆက်တိုက် အေးနေတော့သည် သူမ၏သွားကလဲ သွားချင်းရိုက်သံ ထွက်ပေါ်နေပြီး ဆူညံသံများကလဲ ထွက်ပေါ်လာနေသည်။
ဘေးဘက်မှရှီချီက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသည့်အတွက် ခေါင်းအနည်းငယ် လှည့်ကြည့်လိုက်သည် သူမ၏နှုတ်ခမ်းက တစ်ဆက်ဆက် တုန်ရီနေပြီး မျက်တောင်ကလဲ တစ်ဖျတ်ဖျတ် ဖြစ်နေသည် တစ်ကိုယ်လုံးက တုန်ယင်နေခြင်း ဖြစ်သည်။
“တကယ်ကို ပုံမှန်မဟုတ်တာဘဲ”
ပို၍ဆိုးသည်မှာ လူငယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်နှင့် တစ်ခိုက်ခိုက်တုန်နေသော ခန္ဓာကိုယ်က လိုက်ဖက်ညီနေခြင်း မရှိသောကြောင့်ဖြစ်သည်။
သူကမျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ပြီးနောက် သူမ၏အခြေအနေက ဆိုးရွားသည်ထက် ဆိုးရွားလာကြောင်း မြင်လိုက်ရသည် သူမ၏မာဖလာက မျက်နှာတစ်ဝက်ခန့်အထိ အုပ်နေလေရာ သူကသူမ၏ မျက်နှာနားသို့ ကပ်လိုက်သည်။
နင်မုန့်က ရုတ်တရက်ခေါင်းလှည့်ကာ ကြည့်လိုက်သည်။
ထိုအချိန်တွင် နင်မုန့်၏မျက်လုံးက ပြူးသွားပြီးသူက ဆန့်ထုတ်ပေးလိုက်သော လက်ကိုဖမ်းကို်င လိုက်သည်။
“ဒီတစ်ကြိမ်နင်ကဘဲ လက်ဆန့်လာတာ ဟုတ်ပြီလား”
သူမကအရမ်း ခုခံမှုအား ကြီးနေတဲ့အတွက် သူကအပြစ်တင်လို့တော့ မရဘူးသူမက အရမ်းကိုအေးနေလို့ သူကစတင်လာတာပါ။
ထိုစကားကို ကြားသော်လည်း ရှီချီ၏နှုတ်ခမ်းက လှုပ်သွားသည့်တိုင်အောင် ဘာစကားမှ မပြောလိုက်ချေ သူကလက်ကိုလည်း ပြန်မရုတ်သလို ဒီတို်ငးသာ မေးခွန်းစာရွက်ကို ဖြေနေလိုက်သည်။
နင်မုန့်က အလွန်ပျော်သွားသည် သူမ၏နှလုံးသားထဲတွင် မီးပန်းများကပင် ပေါက်သွားသည် သူ၏လက်က နွေးထွေးမူ့က အလွန်ကောင်းလွန်းသည် ထို့နောက်သူမကလဲ အင်္ဂလိပ်ဆရာက သူတို့၏ဘေးနားတွင် ရပ်နေကြောင်းကို မြင်လိုက်ရသည်။
ထိုသို့ဖြင့် လက်ပူးလက်ကြပ် အမိခံလိုက်ရသောအခါ အင်္ဂလိပ်ဆရာက မျက်လုံးတစ်ဖက် မှိတ်ပြပြီး တိတ်ဆိတ်စွာဖြင့် သူတို့နှစ်ယောက်ကို ကြည့်ကာလေသံ တိုးတိုးဖြင့်ပြောလာသည်။
“မင်းကအအေးကြောက်တာလား”
သူ၏တရုတ်စကားသံက ထူးဆန်းသော လေသံဖြစ်နေသည်။
နင်မုန့်က ဆန်ကောက်သော ကြက်ကလေးကဲ့သို့ တစ်ဆက်ဆက် ခေါင်းငြိမ့်ပြလိုက်သော်လည်း အပြစ်မကင်းသလို ခံစားနေရသေးသည် သူမကအတန်းထဲတွင် ဒီလိုအရာမျိုးတွေ လုပ်နေသော်လည်း ဆရာကမူ သူမကိုဒေါသ မထွက်ချေ။
အင်္ဂလိပ်ဆရာက ခပ်မတ်မတ်ရပ်ပြီး နောက်တွင်စက္ကန့် အနည်းငယ်တွေးတောကာ ပြုံးလိုက်သည် ထို့နောက်ရှီချီကို ကြည့်သည်။
“မင်းကအအေး အရမ်းကြောက်မှတော့ မင်းရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရု စိုက်သင့်တယ်”
နင်မုန့်က ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဒါကိုဆရာက ဘာလို့ငါ့ကို မပြောဘဲသူ့ကို သွားပြောနေတာလဲ”
ရှီချီ၏အမူအယာက ရုတ်တရက်အေးခဲ သွားပြီးနောက်တွင် ဆရာထံမှတစ်ဆင့် အကြည့်ကနောက်မှ သူ၏အတန်းဖော်ထံသို့ ရောက်သွားကာ နှုတ်ခမ်းကကော့တက်သွားသည် သို့သော်တိတ်ဆိတ် နေသေးသည်။
အင်္ဂလိပ်ဆရာက သူတို့၏အနားမှ ထွက်သွားပြီးနောက် စင်မြင့်ပေါ်တွင် ပြန်တက်ထိုင်သည် စာအုပ်ကို ဆက်ဖတ်နေတော့သည် တစ်တန်းလုံးကလဲ တိတ်ဆိတ်သွားသည်။
ချုံခယ့်ခယ့်က ရုတ်တရက် နောက်လှည့်လာသည်။
“အင်္ဂလိပ်ဆရာက ဘာကိုဆိုလိုတာလဲ”
နင်မုန့်ကလည်း သူမ၏နားသို့ ကပ်သွားပြီးနောက် ခပ်တိုးတိုး ပြန်ပြောသည်။
“ငါလဲမသိဘူး ငါ့ကို ဒီတိုင်း တွေ့သွားတာဘဲ”
ချုံခယ့်ခယ့်က မေးတော့မည့် အချိန်တွင် သူမ၏အကြည့်က အေးခဲသွားသည်။
နင်မုန့်၏ ကျောင်းအင်္ကျီယူနီဖောင်းပေါ်ရှိ မာဖလာက တစ်စုံတစ်ရာကိုဖုံးရန် ကာထားသလို ဖြစ်နေသည်။ သို့သော် အဟကြားမှတစ်ဆင့် သူမက ဖြူဖျော့သောလက်ကို လှမ်းမြင်လိုက်ရသည်။
ထို့အပြင် နောက်ထပ် အရွယ်အစား ပို၍ကြီးသော လက်တစ်ဖက်ကိုလဲ မြင်လိုက်ရသေးသည်။
ချုံခယ့်ခယ့်က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အကြည့်ကို ပြန်ရုတ်သွားသည်။
အင်္ဂလိပ်ဆရာ ဒါကို မြင်သွားတာပဲ ဖြစ်လောက်တယ်။ သူ ရပ်သွားတဲ့ နေရာကဆို ဒါကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ် ဒါဆို သူဆိုလိုတာက..
သူမနှင့်ရှီချီက အတန်းဖော် ဖြစ်ခဲ့သည်မှာ နှစ်နှစ်ကြာပြီ ဖြစ်သည်။ သူ၏ဘဝက မည်သူကမှ သူ့ကို ဝင်နှောင့်ယှက်ရန် သတ္တိမရှိသောကြောင့် အမြဲတစေ သာမာန်ဖြစ်နေခဲ့သည်။ သူကလဲ ကျောင်းကိစ္စများကို အာရုံစိုက်ခဲသည်။ သို့ရာတွင် ဒီစာသင်နှစ်တွင်မူ သူက စကား အတော်များလာသည်။ ပို၍ဆိုးသည်မှာ သူမက သူ့ကို မကြာခဏဆိုသလို …
ချုံခယ့်ခယ့်က အတွေးရေယဉ်ကြောကို ချက်ချင်း ဖြတ်တောက်ပြီးနောက် စာကိုသာ ပြန်၍ အာရုံစိုက်လိုက်သည်။ သို့ရာတွင် သူမ၏အတွေးများက ယောက်ယပ်ခတ်နေသည်ကို မတားဆီးနိုင်ချေ။
ငါ လျှို့ဝှက်ချက်ကို ရှာတွေ့လိုက်ရတာလား။
အတန်းဆုံးသွားသောအခါ ကျောင်းက ဆင်းရတော့မည်ဖြစ်သည်။ ချုံခယ့်ခယ့်က ပစ္စည်းများကို ကြိုတင်သိမ်းပြီး နောက်လှည့်ကာ စကားပြောလာသည်။
“နင်နင် သွားကြစို့”
နင်မုန့်က ခေါင်းညိတ်ကာ ပြန်တုံ့ပြန်သည်။
“ကောင်းပြီ”
ရှီချီ၏လက်ကို လွှတ်လိုက်ပြီးနောက် အချိန်အတန်ကြာသည့်အထိ အကြည့်မလွှဲဘဲ စိုက်ကြည့်မိသွားသည်။ ထို့နောက် စိတ်ထဲတွင် သက်ပြင်းချလိုက်သည် သူမက ချုံခယ့်ခယ့်နှင့်အတူ ထွက်သွားလိုက်တော့သည်။
အပြင်တွင် နှင်းကျနေသော်လည်း မြောက်ပိုင်းကလူများက များများစားစား မတွေးကြချေ။
နင်မုန့်က တောင်ပိုင်းဘက်တွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး ဆောင်းတွင်းက အလွန်းအေးသည့်အပြင် နှင်းကျလာသည့်အခါ ထီးဖွင့်ရန်နှင့်ဖိနပ်အရှည်များကိုပင် စီးရန် လိုအပ်လာကြသည်။ ထို့ကြောင့် မြောက်ပိုင်းတွင် ကျောင်းလာတက်သောအခါ သူမက မတူသော အေးသည့်ပုံစံတစ်မျိုးကို ခံစားလိုက်ရသည်။
ချုံခယ့်ခယ့်က မြေပြင်မှနှင်းလုံးတစ်လုံးကိုပင် လုပ်ပြီး ကစားနေသည်။ အချိန်အတန်ကြာ တုန့်ဆိုင်းပြီးနောက် သူမကလဲ ခေါင်းလှည့်ကာ ဘေးမှ လူကိုကြည့်လိုက်သည်။
နင်နင်က သူမနှင်ယှဉ်သော် ပို၍ပင် သေးကွေးပြီး ချစ်စရာကောင်းသည်။ ထို့အပြင် သူမက ဖြူဖျော့ကာ နူးညံ့ပုံလေး ဖြစ်နေလေသည်။ ထို့ကြောင့်အတန်းတွင် သူမက ထူးထူးခြားခြား ဖြစ်နေသည်။ သူမက ခပ်တိုးတိုး ပြောလိုက်သည်။
“နင်နဲ့ရှီချီ…”
စကားကို လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီးနောက် ချုံခယ့်ခယ့်က မည်သို့ဆက်ပြောရမည်ဖြစ်ကြောင်း မသိတော့ချေ။
အပိုင်း(၅၁.၂) အနာဂတ်မှာ မင်းဆီက လျှော်ကြေးရဖို့ မျှော်လင့်တယ်။ (၁)
နင်မုန့်က သူမကို ခေါင်းလှည့်ပြီးကြည့်ကာ နားမလည်သလိုဖြင့် မေးလိုက်သည်။
“ဘာကိုလဲ။ ဘယ်လိုဖြစ်ပြီး ရှီချီက ပါလာတာလဲ”
သူမ၏စကားကို ကြားသောအခါ ချုံခယ့်ခယ့်က ရုတ်တရက် နှင်းလုံးကို လွှင့်ပစ်လိုက်သည်။
“နင့်ရဲ့နောက်ဆုံးစကားက ငါ့ကို…”
“ငါအခု ထင်လိုက်သလိုမျိုး မင်းက ချစ်စရာ မကောင်းဘူးပဲ”
နင်မုန့်က သူမ၏ခေါင်းကို မာဖလာအတွင်း မြှုပ်လိုက်ပြီးနောက် အင်္ကျီဂျာကင်မှ ကော်လံအထောင်လေးကိုလည်း ထောင်လိုက်သည်။ သူမ၏လေသံက အထဲမှ ဝေဝါးစွာသာ ထွက်လာသည်။
“ကောင်းပြီ ကောင်းပြီ စကားကို ကောင်းကောင်းမွန်မွန် ပြောမယ်။ ရှီချီနဲ့ ဘာဆိုင်လို့လဲ”
ချုံခယ့်ခယ့်က သူ၏နောက်ပိုင်းစကားကို ဆက်ပြောလာသည်။
“အတန်းတုန်းက ပြောသွားတဲ့ ဆရာရဲ့စကားအဓိပ္ပာယ်ကို ငါမေးချင်တာ”
“ဪ.. နင် အဲဒီတုန်းက ပြောသွားတဲ့ စကားကလည်း…”
နင်မုန့်က ပြန်တွေးလိုက်မိပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ငါက အအေးကြောက်တယ် ဆိုတော့ ငါ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ဖို့ သတိပေးတာ ဖြစ်လောက်တယ်”
ချုံခယ့်ခယ့်က သူမ၏ သနားစဖွယ် အားနည်းသော ပုံပန်းသွင်ပြင်လေးကို ကြည့်ပြီးနောက် ဆက်မမေးဖြစ်တော့ချေ။ နှစ်ယောက်က ကျောင်းထိပ်တွင် လမ်းခွဲလိုက်သည်။
…
ညနေတွင် ရှီချီက ပိုပြီး နားလည်မှုရှိလာသည်။ နင်မုန့်က မနက်ပိုင်းမှ ကိစ္စကြောင့် အလွန်ရှက်နေခဲ့သည်။ ထို့ကြောင့် သူကသာ တက်တက်ကြွကြွဖြင့် လက်ကို အရင်ကမ်းပေးလာကြောင်း မြင်သောအခါ သူမက လျှို့ဝှက်စွာဖြင့် ပျော်သွားသည်။ ရှီချီ၏မျက်နှာကမူ ထူးထူးခြားခြား မျက်နှာထား ပြောင်းလဲနေခြင်း မရှိချေ။
သူက ပြောသည်။
“ကျောင်းပြီးရင် ငါ့ကို ခဏစောင့်”
နင်မုန့်က အံ့ဩသွားသည်။
“ဘာလို့လဲ”
အပြင်မှာ တအားအေးတာ သူ့ကို မစောင့်ချင်ပါဘူး။ အိမ်ကို မြန်မြန်ပြန်ပြီး စောင်အောက်မှာ ခြုံပြီးပဲ ကွေးချင်တာပါ။
ရှီချီ၏ အားနေသော လက်က လက်ညှိုးလေးကို ကွေးသော အမူအရာလုပ်လိုက်ပြီးနောက် သူမ၏ခုံကို အနည်းငယ် ကုပ်လာလျက် ကျွတ်ဆတ်သော အသံမျိုးကို ထွက်လာစေသည်။ သူကမူ တည်ငြိမ်စွာသာ ပြောသည်။
“ဒီနေ့ ကိစ္စမှာ မင်း ငါ့ကို အများကြီး အကြွေးတင်..”
သူ့စကား မဆုံးခင်မှာ နင်မုန့်က ချက်ချင်း ပြောလိုက်သည်။
“ငါ စောင့်မယ်၊ ငါစောင့်မယ်.. ငါစောင့်မယ်..”
သူမက သူ့ကို စိုက်ကြည့်လိုက်သည်။ ဘယ်လောက်တောင် ကပ်စေးနည်းလိုက်သလဲ။
သူ့ရဲ့လက်ငှားပေးတဲ့ အကြိမ်အရေအတွက်ကိုတောင် တွက်ထားသေးတာလား။ ဟွန့်.. ကိုယ့်ရဲ့အဘွားကိုတောင် သဒ္ဓါဘူး။
ရှီချီကမူ မထူးခြားနားသလို ခေါင်းကိုသာ ပြန်လှည့်သွားသည်။ နင်မုန့်က တွေးလိုက်သည်။ သူမက သူနှင့်မငြင်းခုန်ချင်တော့ချေ။ မည်သို့ပင်ဆိုစေ သူမက သူ့ကို မှီခိုရန် လိုအပ်နေသေးပြီး သူကလည်း နောက်ပိုင်းတွင် သူ၏နွေးထွေးမှုကို လှူဒါန်းရန် လိုအပ်နေသေးသည်။
ကျောင်းပြီးသွားသောအခါ သူမက ထိုင်ခုံတွင် ဆက်ထိုင်နေလိုက်သည်။
ဆက်ရှိနေသေးသော လူတစ်ယောက်နှစ်ယောက်လည်း ရှိနေသေးပြီး ပြန်လည်သုံးသပ်မှု လုပ်ချင်နေကြသေးလေသည်။ မည်သို့ပင်ဆိုစေ ဤနေရာတွင် အပူပေးစက် ရှိနေရုံသာ မကလေဘဲ ကောလိပ်ဝင်ခွင့် စာမေးပွဲကလည်း နောက်စာသင်နှစ်တွင် ဆက်လက်ရှိလာတော့မည် ဖြစ်သည့်အပြင် အချိန်က ငွေဖြစ်လာသည်။
ရှီချီက သူ၏စာအုပ်ကို လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး မတ်တပ်ထရပ်ကာ ပြောသည်။
“သွားစို့..”
နင်မုန့်က မနေနိုင်ဘဲ မေးလိုက်သည်။
“နင်က စာအုပ်တစ်အုပ်တည်း ပါတာကို ငါ့ထက်တောင် ပစ္စည်းသိမ်းတာ နှေးနေသေးတယ်။ မဟုတ်သေးပါဘူး”
ရှီချီက သူမကို ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်နေသည်။ နှစ်ယောက်က အခန်းထဲမှ ထွက်လာသည်။ ရှီချီက အစွန်ဘက်မှ လျှောက်လာပြီး သူ၏လက်က ဘေးဘက်တွင် ချထားသည်။ နင်မုန့်က သူ့ကို ခိုးကြည့်လိုက်ပြီးနောက်တွင် သူ၏အနားသို့ ကပ်သွားကာ သူ၏လက်ကို လျှို့ဝှက်စွာ ဆွဲလိုက်ပြီး ဖျစ်ညှစ်လိုက်သည်။
“ဟီး ဟီးဟီး”
ရှီချီက သူမကို ပေါ့ပါးစွာသာ တစ်ချက် ကြည့်လာလျက် သူမ၏လက်ကို ယူကာ သူ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။
သူ၏အရပ်က ရှည်သဖြင့် သူ၏ကျောင်းအင်္ကျီက သူမထက်ပို၍ ကြီးပြီး သဘာဝအလျောက်ပင် အင်္ကျီအိတ်ကပ်ကလည်း ပိုကြီးလေသည်။ လက်နှစ်ဖက်ကို အထဲသို့ ထည့်လိုက်သော်လည်း နေရာက လုံလောက်စွာ ရှိနေသေးသည်။
နင်မုန့်က စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
ဘာလို့ လူတွေကြားမှာ အကွာအဝေးခြားဖို့က လိုအပ်နေရတာလဲ။
နေ့ခင်းတွင် နှင်းက အကျရပ်သွားသည်။ ယခုမူ နှင်းက ပြန်ကျနေပြန်နေပြီ။
နှင်းများက ကျောင်းတွင် အချပ်လိုက် ရှိနေပြီး သန့်ရှင်းရေးသမားများက သန့်ရှင်းပေးထားသည့်တိုင်အောင် ကျောက်စရစ်ခဲများပေါ်သို့ မကြာခဏ ဆက်ကျနေသေးသည်။ ထို့အပြင် ထိုနှင်းမှုန်များက ရေများအဖြစ်ပြောင်းပြီး ဖိနပ်ထဲသို့ ဝင်သည်။
ကျောင်းထိပ်က သူတို့၏ရှေ့တွင် ရောက်ရှိနေပြီဖြစ်သည်။
နင်မုန့်က ခေါင်းကို မော့ကာ သူ့ကို ကြည့်သည်။
“ဒါဆိုရင် ငါ အိမ်ပြန်တော့မယ်”
ရှီချီက နားလည်သလို အသံပေးလိုက်သည်။ သူ၏လေသံကမူ အဓိပ္ပာယ်ဖော်ပြရန် ခက်ခဲသည်။ သူက ပုံမှန်အတိုင်း ခြေထောက်ကို မြောက်ကာ ဆက်လျှောက်လာနေသေးပြီး ခြေလှမ်းအနည်းငယ်တည်းနှင့် လျန်ဖုန်းမိန်၏ ဆိုင်ရှေ့သို့ ရောက်လာသည်။ သူက ဂျာကင်အင်္ကျီဝတ်လျက် အပြည့်အဝ လုံလုံခြုံခြုံရှိနေသော လူကို ကြည့်လျက် ပေါ့ပါးစွာ ပြောသည်။
“ကောင်းပြီ”
နင်မုန့်က အလွန်အမင်း ခံစားသွားရသည်။
“ကျေးဇူးတင်ပါတယ် ရှီချီ”
သို့သော် ရှီချီထံမှ ထွက်လာသော စကားများက သူမ၏ကျေးဇူးတင်စိတ်ကို ပျက်စီးသွားစေမည်ဟု မမျှော်လင့်ထားမိချေ။
“မနက်ဖြန်… အနာဂတ်မှာ ငါမင်းဆီက လျော်ကြေးရဖို့ မျှော်လင့်တယ်”
နင်မုန့်က သူ့ကို ကန်လိုက်ချင်သည်။ သို့သော် သူမက နောက်သာ လှည့်လိုက်ပြီး ဆိုင်ထဲသို့ ဝင်သွားသည်။
“နှုတ်ဆက်ပါတယ်”
တံခါးက ဝုန်းခနဲ ပိတ်သွားပြီး နှင်းမှုန်များက ဘေးဘက်သို့ ကျသွားသေးသည်။
ရှီချီက ထိုနေရာတွင် တစ်ခဏခန့် နေပြီးမှသာ ပခုံးကို တစ်ချက်တွန့်လျက် ဆိုင်ဝင်ပေါက်မှ ထွက်ခွာသွားလိုက်သည်။ လမ်းဘေးတွင် ကားက စောင့်နေပြီဖြစ်သည်။
လျန်ဖုန်းမိန်က နောက်ဖက်တံခါးမှ ထွက်လာပြီး သူမကလည်း ဆူညံသံကို ကြားလိုက်ရသည်။
“ဘာဖြစ်တာလဲ။ နင် တံခါးကို ဖျက်ဆီးတော့မလို့လား ဟမ်.. နောက်တစ်ကြိမ်ဆိုရင် ဒီလောက်အား အများကြီး မသုံးနဲ့..”
နင်မုန့်က တုန်သွားသည်။
“ဟုတ်ကဲ့ပါ”
သူမက ညလယ်စာစားပြီးနောက် အခန်းထဲသို့ ပြန်သည်။
ဒီနေ့ အိမ်စာပေးလိုက်သော်လည်း မများသဖြင့် အဆင်ပြေနေသည်။ အကြောင်းမူကား သူတို့၏စာမေးပွဲကို လွန်ခဲ့သော နှစ်ရက်ခန့်ကမှ ဖြေထားသောကြောင့် ဖြစ်နိုင်သည်။
အခန်းထဲတွင် လူပုလေးတစ်ယောက်လိုမျိုး လျှောက်ပြေးနေသော အစိမ်းရောင်ဝတ်စုံနှင့် စက္ကူရုပ်လေးကို မြင်နိုင်သေးသည်။ ထိုစက္ကူလေးက လူထွားကြီးများ လောကထဲသို့ ဝင်လာသည့်အလား ထင်ရကာ အရာအားလုံးကို သိချင်စိတ် ပြင်းပြစွာဖြင့် လိုက်ကြည့်နေသည်။ သူက သည်နေရာတွင် နေသည်မှာ စာသင်နှစ်တစ်ခု ကြာပြီဖြစ်သော်လည်း မပင်ပန်းသေးချေ။
သူမက စက္ကူရုပ်လေးကို ခုံထဲသို့ ထည့်ပြီးနောက် တစ်ခဏကြာ ကစားသည်။ သူ၏ဝတ်စုံလေးတွင်ပင် ဆေးရေးခြယ်သည့် ပုံစံမျိုးဖြင့် ကစားလေ့ ရှိသေးသည်။ ထို့နောက် ထိုအကောင်လေးက နာခံစွာဖြင့် သွား၍ အိပ်စက်သည်။
အပြင်က အလွန်အေးသဖြင့် နေရောင်အောက်တွင် နေလုံချင်စိတ် ပေါက်လာသည်။ သူမက အခန်း၏ အပူပေးစက်ကို အမြင့်ဆုံးအထိ ချိတ်ထားလိုက်ပြီး သူမ၏အနွေးရတနာနှင့် ရေနွေးအိတ်ကိုလည်း သူမနှင့်အတူ သယ်ထားသည့်အတွက် သည်နေ့က ပုံမှန်ထက် အခြေအနေ ပိုကောင်းသည်ဟု ဆို၍ ရသည်။
သူမက ယခင်နှစ်ရက်တွင် ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ချေ။ ထို့ကြောင့် ထိုည လျင်မြန်စွာဖြင့် အိပ်မောကျသွားသည်။
မိနစ်တိုင်း စက္ကန့်တိုင်းက လျင်မြန်စွာဖြင့် ကုန်ဆုံးနေခဲ့သည်။ ရုတ်တရက် ပြတင်းက တွန်းဖွင့်ခံရသည်။
တိုးဝင်လာသော လေက ကျနေသော လိုက်ကာများကို တဖျပ်ဖျပ် ဖြစ်သွားစေပြီး ညအမှောင်ပေါ်လာသည့်အခါ အကောင်းဆုံး ကြိုးစားကာ ဝင်ရန် လုပ်နေသည့် အရုပ်လေးတစ်ရုပ်ကို လရောင်အောက်တွင် ထင်ရှားစွာ မြင်လိုက်ရလေသည်။
ပြတင်းပေါက်ကို ဟအောင် လုပ်လိုက်ပြီးနောက် သူက မြေပြင်ပေါ်သို့ ခုန်ချလာသည်။ ပေါ့ပါးစွာဖြင့် အသံတစ်စ မထွက်အောင် လုပ်ပြီးနောက် ထိုဝတုတ်နေသော ပါးရဲရဲလေး နှစ်ဖက်ပါသည့် အရုပ်လေးက မျက်လုံးလေး ဝိုင်းလာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
သူ အမှောင်ထဲတွင် လူကို လိုက်ရှာနေသည့်အလား ထင်ရသည်။ သူက ပစ်မှတ်ကို ရှာတွေ့သွားသောအခါ နှေးကွေးသော ပုံစံမျိုးဖြင့် အိပ်ရာထဲ လျှောက်လာသည်။ စောင်အောက်တွင် ကျုံ့နေသော လူကို မြင်သောအခါ သူ၏ခပ်တိုတို လည်ပင်းလေးကို ဆန့်လျက် တစ်ခဏကြာ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် စောင်ကို ဖွင့်လိုက်သည်။
စောင်အောက်မှလူက အနည်းငယ် တုန်သွားပြီးနောက် ဝေဝါးဝါး စကားများ ပြောသော်လည်း နိုးမလာခဲ့ချေ။
ထိုအရုပ်လေးက မည်သည့်နေရာကမှန်းမသိ စာရွက်တစ်ရွက်ကို ထုတ်ပြီးနောက်တွင် သူမ၏ကိုယ်ထဲသို့ ထည့်ပြီး စောင်ပြန်ခြုံပေးသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်..
အရုပ်လေးက ခုတင်ပေါ်မှ ပြန်ခုန်ချပြန်ကာ ပြတင်းပေါက်သို့ ပြန်သွားပြီး ပြန်ကုန်းတက်ကာ အဟကြားမှ ထွက်ပြန်သည်။ ထို့နောက် ပြတင်းတံခါးက ပြန်ပိတ်သွားပြီး လိုက်ကာများကလည်း နဂိုအတိုင်း ပြန်ဖြစ်သွားသည်။ အခန်းက ပြန်လည်တိတ်ဆိတ်သွားသည်။ ခပ်ဖျော့ဖျော့ အသက်ရှုသံနှင့် ခုံပေါ်တွင် ရှေ့သွားနောက်ပြန် လုပ်နေသော စက္ကူရုပ်၏အသံကသာ ထွက်လာတော့သည်။
…
နောက်တစ်နေ့ နံနက်ခင်းတွင် လျန်ဖုန်းမိန်က သူမကို လာနိုးသည်။
နင်မုန့်က မျက်လုံးကို ပွတ်ပြီးနောက် စောင်အောက်မှ ထွက်လာသည်။ သူမ၏အဝတ်ကို အလျင်စလို ဝတ်ပြီးနောက်ပြောသည်။
“အမေ မနေ့ညက သမီးရဲ့အခန်းကို လာသေးလား”
လျန်ဖုန်းမိန်က ပြတင်းပေါက်ကို ဆွဲဖွင့်ပေးသည်။
“ရူးနေလား ဘာလို့ ငါက အိပ်ပျော်နေတဲ့အချိန်မှာ ဝင်လာရမှာလဲ။ မြန်မြန်သာ ထပြီး မနက်စာစားပါ။ ကျောင်းနောက်ကျလိမ့်မယ်”
“ကောင်းပါပြီ။ ကောင်းပါပြီ”
သူမက ထပ်မမေးတော့ဘဲ သွားကို အမြန်တိုက်သည့်အချိန်တွင် မနေ့ညက တစ်စုံတစ်ရာ ဖြစ်သွားသလို ခံစားချက်ကို ပြန်ရလိုက်သည်။ ပို၍ဆိုးသည်မှာ သူမက ယနေ့အအေးဒဏ်ကြောင့် နိုးမလာခဲ့ချေ။ ဘာဖြစ်သွားမှန်းလည်း မသိသေးချေ။
ယင်စွမ်းအင်က အားနည်းသွားလို့လား။
သို့ရာတွင် ယခု နိုးလာသောအခါ အေးနေသည်မှာလည်း ပုံမှန်သာလျှင် ဖြစ်နေပြန်သည်။
သူမက အချိန်အတန်ကြာ တွေးတောနေပြီး ဘာကိုမှ မစဉ်းစားနိုင်ခဲ့ချေ။ ပဲနို့ကို သောက်ပြီး မနက်စာ ပေါင်မုန့်ချောင်းကြော်ကို ဆန်ပြုတ်တစ်ခွက်နှင့် စားပြီးနောက်တွင် ကျောင်းလွယ်အိတ်ကို ဆွဲကာ အတန်းသို့ ထွက်လာခဲ့တော့သည်။
ရှီချီက သူ၏ထိုင်ခုံတွင် ရောက်နေပြီး စာအုပ်ကို ဖတ်နေသည်။
နင်မုန့်က ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက်တွင် သူ၏လက်ကို ယူရန် လက်ဆန့်လိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးကို ဖြန့်ကာ ဖောက်ထွင်းမြင်ရမတတ် ရောင်စုံအခွံပါသော သကြားလုံးတစ်ထုပ်ကို ထည့်ပေးလိုက်ပြီး ပြောသည်။
“နင့်အတွက် သကြားလုံး ယူလာတယ်”
ရှီချီက တစ်ခဏခန့် ကြောင်သွားပြီးနောက် အစိမ်းရောင်သကြားလုံးတစ်လုံးကို ထုတ်လိုက်သည်။
သူမက လျှို့ဝှက်စွာဖြင့် သူ၏လက်ချောင်းကို ဆုပ်နေသည်။
“ဒါကို လောလောဆယ် ပေးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ။ ဒါ့အပြင် နင့်ရဲ့လက်ကို ထိတာကလွဲပြီး ငါ တခြား ဘာမှလည်း မလုပ်ဘူးလေ”
သကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီးနောက် သူမက ထိုစကားများကို ပြောလိုက်သည်။
ရှီချီက သူ၏အိတ်ထဲသို့ သကြားလုံးများကို ထည့်လိုက်ပြီးနောက် ပြန်ပြောသည်။
“အခုအတွက်ပေါ့”
နင်မုန့်က ခေါင်းညိတ်သည်။
ဘာပဲဖြစ်ဖြစ် ငါက သိပ်မကြာခင် သေရတော့မှာပဲ။ အခု လျော်ကြေးယူယူ၊ အနာဂတ်မှာ လျော်ကြေးယူယူ ကိစ္စမရှိတော့ဘူး။ အနည်းဆုံး အနာဂတ်မှာလည်း သူ လိုက်မရှာနိုင်ဘူးလေ။
သူမက တွေးလေလေ အနာဂတ်က ပြီးပြည့်စုံလာလေလေဟု ခံစားရလာလေလေ ဖြစ်သွားသည်။ မနက်ပိုင်း စာဖတ်ချိန် အတောအတွင်းတွင် သူမက တခစ်ခစ် ရယ်နေသေးသည်။
…
ငါ သကြားလုံး နည်းနည်း ရထားတယ်။
ဘာမှမရှိတာထက် စာရင် ကောင်းတာပဲ။
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။