အပိုင်း(၄၀) ငါ သူမကို ဒါကိုမြင်ခွင့်ပြုလို့မဖြစ်ဘူး။
နင်မုန့်၏ခေါင်းတစ်ခုလုံးက မူးဝေသွားသလိုခံစားလိုက်ရသည်။
သူမ၏အရှေ့ရှိ ရှီချီ၏မျက်နှာက ဝေဝါးလာပြီး ပုံတွေအချင်းချင်းထပ်သထပ်လာရာမှ တစ်မိနစ်ခန့်ကြာပြီးနောက်တွင် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
သူမကနားများကိုပွတ်လိုက်သည်။ နားကယားယံလွန်းလာသည်။
လက်ရှိနင်နင်၏ခန္ဓာကိုယ်က အယားလွယ်သည်။ အထူးသဖြင့် နားများဖြစ်သည်။ သူမ၏နားက ယားယံသလို ခံစားနေရပြီး ရှီချီကလည်း အလွန်နီးကပ်စွာပြောခဲ့ခြင်း ဖြစ်သည်။
ရှီချီက သူမ၏စိတ်က ပြန်ကြည်လင်သွားခြင်းကို မြင်လိုက်သည့်အခါ သူမကိုဖိကိုင်ထားခြင်းကို လွှတ်ပေးလိုက်သည်။
စနစ်ကတက်ကြွစွာ စကားပြောများနေသေးသည်။
“ဒီဖျော်ဖြေမှုက မင်းကိုညှို့ငင်သွားတာ။ ရှီချီကြောင့်သာမဟုတ်ရင် မင်းတော့သွားပြီ”
အချိန်တန်ကြာပြီးနောက် သူမက အသိပြန်ဝင်သွားနိုင်ပြီဖြစ်သည်။
ယခုလေးတင် ဒီဖျော်ဖြေမှုကို သူက နားမလည်ဟု ခံစားခဲ့ရသည်။ သိပ်မကြာခင်မှာတင် သူမက ဒီသီချင်းဆိုသံက အလွန်ကောင်းသည်ဟု တွေးလိုက်မိပြန်သည်။ ထို့နောက် မြင်ကွင်းများက ပြောင်းလဲသွားခြင်းလည်းဖြစ်သည်။
ရှီချီ၏လက်က သူမ၏ကိုယ်ပေါ်မှ ပြန်ရုတ်သွားသည့်နောက်တွင် သီချင်းဆိုသံက သူမကိုပြန်ဝိုင်းလာပြန်သည်။
နင်မုန့်က မျက်မှောင်အနည်းငယ်ကျုံ့ပြီးသည့်နောက်တွင် နားကိုအုပ်ကာ ရှီချီကိုလှည့်မေးလိုက်သည်။
“နင်ငါ့ကို သကြားလုံး ကျွေးလိုက်တာလား”
အရသာက အလွန်ချိုသည်။ ချိုမြိန်မှုအပြင် လတ်ဆတ်မှုကလည်း ပါသည်။
သူမက စကားပြောနေရင်းမှာ လျှာလေးဖြင့် သကြားလုံးကို ပြလာကြောင်း မြင်သောအခါ ရှီချီ၏နှုတ်ခမ်းများက ရူးနှမ်းနှမ်း ပြုံးတော့မလိုမျိုး ကော့တက်သွားပြီး သူမကိုခြောက်သည်။
“တကယ်တော့ အဲ့ဒါကအဆိပ်”
နင်မုန့် “…”
ငါ့ကိုလှည့်စားလို့ရမယ်ထင်နေတာလား။ သူမက ရှီချီကို စိုက်ကြည့်ပြီးနောက် ပါးစပ်ထဲက သကြားလုံးကို ကိုက်ချပြီး ကျယ်သောအသံကထွက်လာသည်။
“ဒီခေတ်မှာ ဘယ်ကအဆိပ်ကရှိမှာလဲ ဟွန့်! လူတွေကိုတောင်လှည့်စားဖို့သင်ထားသေးတယ်”
ရှီချီကမဖြေတော့ချေ။ သူက ခေါင်းကိုသာ ခပ်ယောင်ယောင်လှည့်လျက် သူမကိုသာကြည့်သည်။
စင်ပေါ်ရှိဖျော်ဖြေမှုက အထွတ်အထိပ်ထိ နောက်ဆုံးတွင်ရောက်ရှိသွားလေပြီး သီချင်းဆိုသံကလည်း အမြင့်ဆုံးအသံကို ထုတ်သုံးရသည်အထိဖြစ်လာသည်။ ကြားရသည်က ပို၍ခက်ခဲလာပြီး ရှေးခေတ်လူမျိုးစုများ ပြုလုပ်ကြသော စတေးခံပွဲများမှအသံများနှင့်ပင် တူလာသည်။
ထိုသို့သောအခြေအနေမျိုးတွင် ဒီလိုပြဇာတ်၏ဖျော်ဖြေမှုက လူအများ၏စိတ်ဝင်စားမှုကို ဖြည်းညင်းစွာ လျော့ကျသွားစေသည်။
နင်မုန့်က ထူးဆန်သော ပုံပန်းသွင်ပြင်များ ပေါ်နေသော ရုပ်သေးရုပ်များကို မြင်သောအခါ ဒါက ရုပ်သေးရုပ်အဖွဲ့ဝင်များ၏လက်ဖြင့် ဖျော်ဖြေပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ပရိတ်သတ်တစ်ယောက်အနေနှင့် သူမကလည်း တစ်ဖက်က ပေးချင်သောသတင်းစကားများကို နားမလည်နိုင်ချေ။
သူမက ဆက်ကြည့်နေရင်းမှာ ကြောင်တောင်တောင်နိုင်သလိုခံစားလိုက်ရသည်။
အချိန်တစ်ခုကြာပြီးနောက်တွင် နင်မုန့်က ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ ရှီချီ၏အင်္ကျီလက်ကို ဆွဲပြီးနောက် ညင်သာစွာဖြင့်မေးသည်။
“ဘယ်အချိန်မှပြီးမှာလဲ”
ဖြူဖွေးသွယ်လျသောလက်နှင့် ဖြူစွတ်နေသောမျက်နှာမှ ထိတ်လန့်ခြောက်ခြားမှုကို ခံစားနိုင်သလို အမှောင်ထဲတွင်လည်း သူမ၏မျက်ဝန်းက တလက်လက်တောက်ပနေသည်မှာ သနားကောင်းသော ကြောင်ပေါက်လေးနှင့်တူသည်။
ရှီချီ၏လေသံကပင် အနည်းငယ်နူးညံ့သွားပြီးနောက်ဖြေလိုက်သည်။
“မကြာခင်”
နင်မုန့်ကလည်း စိတ်အေးသွားပြီးနောက် နာခံဟန်ဆောင်၍ ခေါင်းကိုပြန်လှည့်လိုက်ကာ တစ်ကျောင်းလုံးကိုသာ 3:35 ကြည့်နေလိုက်သည်။ သူမ၏မြေးဖြစ်သူက အလွန်တော်သည်။ သူ၏စကားများကလည်း သေချာပေါက်မှန်ကန်နေပေလိမ့်မည်။
သူမပေါ်တွင် သီချင်းဆိုသံက သက်ရောက်မှုမရှိသောအခါ သူမက ထူးဆန်းသောအရာကို ဖမ်းမိလိုဖမ်းမိငြား အချိန်တန်ကြာသည်အထိ စင်မြင့်ကိုစစ်ဆေးနေခဲ့သော်လည်း ဘာမှမမြင်ရချေ။ စင်ပေါ်ရှိလူများက ပိန်းပါးသောလူငယ်လေးနှင့် သီချင်းဆိုနေသော လူအိုကြီးသာလျှင်ဖြစ်သည်။
ဖန်သားပြင်တွင်လှုပ်နေသော ရုပ်သေးရုပ်လေးခုရှိသော်လည်း လူအိုကြီးကသာလျှင် အားလုံးကိုကြိုးကိုင်နေခြင်းဖြစ်သည်။ သူ၏ပြောင်မြောက်သောစွမ်းရည်ဖြင့် အားလုံးကိုထိန်းသိမ်းရန် ကြိုးစားနေသည်။
နင်မုန့်ကမတွေးနိုင်တော့ချေ။
ဘာလို့သူတို့က ဒီလိုမကောင်းတဲ့ကိစ္စတွေ လုပ်ဖြစ်သွားတာလဲ
သူမကအတွေးနက်နေရင်းမှာ ရှီချီက ရုတ်တရက် မျက်လွှာကိုဝင့်ပြီးနောက် စင်ပေါ်သို့တချက်ကြည့်ကာ ပေါ့ပါးစွာပြောသည်။
“ကိုယ်လုပ်တဲ့အတိုင်း ရိတ်သိမ်းခံရမှာပဲ”
သူ၏စကားများတွင် မည်သည့်ခံစားချက်မှမပါဘဲ အတန်ငယ်ပင်အေးစက်နေသေးသည်။
နင်မုန့်ကလည်း သူ၏ဆိုလိုရင်းကို နားမလည်သလို သူကမည်သူ့ကိုပြောချင်ကြောင်းလည်း မသိချေ။ သို့သော် ဒါက သူတို့၏လုပ်ထားသောအတိုင်း ပြန်ခံရသည်ဆိုသောဝဋ်ကြွေးနှင့် သက်ဆိုင်နေလောက်မည်ဟု ခံစားမိသည်။
နောက်ဆုံးအဆုံးသတ်နားသို့ ပြဇာတ်ကချဉ်းကပ်လာသောအခါ စင်ပေါ်ရှိလူအိုကြီး၏ သီချင်းဆိုသံက မြန်သထက်မြန်ဆန်လာသည်။
သူ၏အနောက်မှလူငယ်ကလည်း အရှေ့မှလူအိုကြီးကိုကြည့်ပြီး စိုးရိမ်လာကာ ခပ်တိုးတိုးအော်သည်။
“အဘိုး”
လက်ရှိအခြေနေက သေရေးရှင်ရေး ဖြစ်နေသောကြောင့်သာလျှင် အဘိုးက အရှိန်နှုန်းကို ဆက်တိုက်မြှင့်လိုက်ခြင်း ဖြစ်ကြောင်း သိနေသေးသည်။
ထိုသို့ဖြင့် မူလက နှေးကွေးစွာဆိုနေသော သီချင်းသံက မြန်သထက်မြန်ဆန်လာပြီး ဗုံတီးသံက အမှီမလိုက်နိုင်တော့သဖြင့် ပြဇာတ်ရုံအတွင်း၌ အသံနှစ်သံဖြစ်နေသည်။
နင်မုန့်က ပါးစပ်ထဲသို့ နောက်ထပ်သကြားလုံးတစ်လုံးကို ထပ်ထည့်လိုက်သည်။
ရှီချီက မည်သည့်နေရာက ရလိုက်မှန်းမသိထားချေ။ သို့သော် သူမက သူဂရုမစိုက်ခင်မှာတင် ပါးစပ်ထဲသို့ တစ်လုံးလာထည့်သွားခြင်း ဖြစ်သည်။
သက်ရောက်မှုအတွက်ကမူ သူမခံစားနေရသော ထင်ယောင်ထင်မှား ဖြစ်မှုများ အားလုံးကို ဖြိုခွဲနိုင်စွမ်းရှိသည်။ အနည်းဆုံး သီချင်းဆိုသံက နားထောင်ကောင်းသည်ဟု မထင်တော့ချေ။ သူမ၏နားကပင် ဒုက္ခခံနေရသည်ဟု ခံစားလိုက်ရသည်။
သီချင်းဆိုသံက ရုတ်တရက် ရပ်သွားသည်။
နင်မုန့်ကစင်ပေါ်သို့ကြည့်လိုက်သောအခါ မှောင်မဲနေသောနေရာအတွင်းမှ လိုက်ကာဖြူများက သွေးနီရောင်စွန်းထင်းသွားသလိုမျိုး ဖြစ်သွားကြောင်းမြင်လိုက်ရသည်။
လူငယ်လေးက အံ့အားတသင့်အော်ပြီး ရှေ့သို့ပြေးတက်လာသည်။
“အဘိုး”
ဗုံတီးသံက ရုတ်တရက် ရပ်တန့်သွားသည်။ နင်မုန့်ကလည်း လိုက်ကာက အဆွဲချခံရပြီး လူတစ်အုပ်က ပြေးတက်သွားကြောင်း မြင်လိုက်ရသည်။
ရုတ်တရက် အလင်းက ထိန်လင်းသွားသည့်အခါ တစ်စုံတယောက်က ဖန်သားပြင်ကိုတက်နင်းလိုက်မိပြီး အနောက်ဖက်မြင်ကွင်းကို ရှင်းလင်းစွာမြင်လိုက်ရစေလေသဖြင့် သီချင်းဆိုသောလူအိုကြီးက မျက်လုံးမှိတ်လျက် သတိမေ့နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။
လူငယ်လေးကို အခြားလူများက ဘေးသို့တွန်းပို့လိုက်သည်။ ရုပ်သေးရုပ်များကလည်း ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ အချို့က လူအိုကြီးကိုပင် ဆွဲဆိတ်ကြည့်ကြသည်။ သို့ရာတွင် လူအိုကြီးကမနိုးလာတော့ချေ။ နင်မုန့်ကလည်း ထူးဆန်းသည်ဟု ခံစားရသည်။ သူမကခေါင်းလှည့်ပြီး ချုံခယ်ခယ့် ကိုကြည့်လိုက်သောအခါ ကုလားထိုင်တွင် ခေါင်းစောင်းလျက် မျက်လုံးပိတ်ကာ အိပ်နေသလို ဖြစ်နေကြောင်း မြင်လိုက်ရသည်။
သူမက အိပ်နေခြင်း မဟုတ်ကြောင်း သူမကသိခဲ့သည်။ အကြောင်းမူကား အနောက်ဖက်ရှိ လူများကလည်း ချုံခယ့်ခယ့် နည်းတူ မျက်လုံးမှိတ်လျက် ကုလားထိုင်နောက်သို့ မှီထားကြလေသည်။ သူမ၏စိတ်တွင် တစ်စုံတစ်ရာက ဝင်ရောက်လာသည်။
ညှို့ငင်ခံရတာပဲ။
နင်မုန့်က ခေါင်းလှည့်ကာ ရှီချီကို ကြည့်လိုက်သောအခါ သူက နှုတ်ခမ်းတွင် ရှင်းပြရသော အပြုံးမျိုးပြုံးလျက် ရှိနေကြောင်းမြင်ရသည်။ သူက အဆင်ပြေကြောင်း သူမက သိလိုက်သည်။ ရှီချီက ခေါင်းလှည့်ပြီး သူမကိုကြည့်သည်။
“သူတို့က မကြာခင်နိုးလာပါလိမ့်မယ်”
စနစ်ကလည်းပြောသည်။
“ဒါက ထင်ယောင်ထင်မှားဖြစ်တဲ့ ပုံရိပ်ယောင်ပဲ။ ဒီလူအိုကြီးက အဆုံးသတ်ထိ မဆိုလိုက်နိုင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူတို့က နိုးလာတဲ့အခါ မှတ်မိတော့မှာလည်း မဟုတ်ဘူး”
ရလဒ်က သူတို့အညှို့ခံလိုက်ရခြင်းဖြစ်ကြောင်း သေချာသွားစေသည်။
နင်မုန့်က စိတ်အေးသွားသလို သက်ပြင်းချပြီးနောက် ရှီချီကို ခိုးကြောင်ခိုးဝှက် မှီလိုက်ပြီးနောက် ခပ်တိုးတိုးဖြင့် မေးသည်။
“ဒီအဘိုးကြီးက သွေးအန်လိုက်တာလား”
စင်ပေါ်ရှိလူများက သူတို့နှစ်ယောက်ကို အာရုံမစိုက်ကြချေ။ သူတို့က ဆက်လက်၍ ငြင်းခုံနေကြသည်။ ဖြစ်နိုင်သည်မှာ လူတိုင်းက အညှို့ခံလိုက်ရသည်ကို ယုံကြည်နေသောကြောင့်လည်း ဖြစ်နိုင်သည်။
ရှီချီက ခပ်တိုးတိုးဖြင့် ပြန်ဖြေသည်။
“ဟုတ်တယ်”
သူမ၏ နားမလည်သေးသော အခြေအနေကို မြင်သောအခါ သူက ဖျော့တော့စွာဖြင့် ရှင်းပြလာသည်။
“သူက အားအများကြီး သုံးလိုက်လို့ တန်ပြန်ခံရတာပဲ။ သူအရမ်းကံကောင်းရင်တော့ အသက်ရှင်လိမ့်မယ်”
ဒီလောက်တောင်ဆိုးရွားတာလား
သို့ရာတွင် ဒီလိုလူအများ၏ စိတ်ဝိညာဉ်ကို စုပ်ယူသောကိစ္စက မကောင်းသောကိစ္စဖြစ်လေရာ ဒီလိုဝဋ်ပြန်လည်ခြင်းကလည်း ဆိုးရွားလွန်းသည်ဟု ခံစားရလေသည်။ သူမ၏စိတ်ကသာ ချို့ယွင်းနေခြင်း ဖြစ်ရပေမည်။
ဒီလူအိုကြီးကသာ လူတစ်ယောက်၏စိတ်ဝိညာဉ်ကို စုပ်ယူချင်တယ်ဆိုရင် ဘာလို့ ငါပြဇာတ်ရုံကို လာတုန်းက ငါ့ကို မစုပ်ယူခဲ့ရတာလဲ ဘာလို့ မလာဖို့သာ သတိပေးခဲ့ရတာလဲ။
ယခုကြည့်ရသည်မှာ တစ်စုံတစ်ရာက မှားယွင်းနေပြန်လေသည်။
နင်မုန့်ကတွေးတောပြီးနောက်တွင် သူမ၏နှလုံးသားထဲမှ အတွေးတစ်ခုက ထွက်လာသည်။
“ဒီအဘိုးကြီးကို ဒီရုပ်ဆိုးတဲ့လူတွေကများ ထိန်းချုပ်ထားတာလား”
ထိုအဘိုးကြီးက သွေးအန်လိုက်သဖြင့် လိုက်ကာများအပေါ် စွန်းထင်းသွားသည်။ သဘာဝအလျောက်ပင် ထိုလူများကလည်း ဒီအခြေအနေကို မြင်သည်။ သူက ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် စစ်ဆေးကြည့်ကြသည်။ စင်မြင့်က ထိုသို့ဖြင့် ဒယ်အိုးပူပေါ်ရောက်သွားသော ပုရွက်ဆိတ်များကဲ့သို့ ဝရုန်းသုန်းကား ဖြစ်သွားသည်။
မျက်နှာတွင်အမာရွတ်ရှိသော သက်လတ်ပိုင်းလူက ပိန်ပိန်ပါးပါးနှင့်လူငယ်ကို ဖမ်းကိုင်ပြီးနောက် ခက်ထန်စွာမေးလိုက်သည်။
“ဒီသောက်ကျိုးနဲအဘိုးကြီးက ဘာဖြစ်သွားတာလဲ ဘာလို့ မင်းသူ့ကို နှိုးဖို့ မကြိုးစားတာလဲ”
လူငယ်၏မျက်နှာကလည်း မျက်ရည်များဖြင့်ပြည့်နေသည်။ သူက လူအိုကြီးရှိရာဖက်သို့ အလွှင့်ပစ်ခံရသည်။ သူက လူအိုကြီး၏နှုတ်ခမ်းမှ သွေးများကို မြင်သောအခါ အော်ငိုသွားသည်။
“အဘိုး ကျွန်တော့်ကို မခြောက်ပါနဲ့။ ကျွန်တော့်ကိုမခြောက်ပါနဲ့”
အနားရှိလူက သူ့ကိုမျက်စောင်းထိုးပြန်ကာ ကျိန်ဆဲသည်။
“မင်းငိုတော့မယ်ဆိုတာ ငါသိနေတယ်။ ငိုတာ ဘာအသုံးဝင်လဲ တစ်နေ့လုံး စိတ်ဓာတ်ကျအောင် လုပ်ဖို့ပဲသိတယ်”
သတိမေ့နေသော အဘိုးကြီးကို လူများက လွှတ်ပေးလိုက်ကြပြီးနောက် သူတို့ဘာသာဆွေးနွေးကြသည်။
“ဒီအရိပ်ရုပ်သေးတွေကိုပဲ ပြီးဆုံးအောင် လုပ်လိုက်ကြရအောင်။ ဒီအဘိုးကြီးကလည်း နဂိုထဲက အသက်ရှည်မှာမှ မဟုတ်ဘဲ။ ငါတို့နောက်မှ လူရှာကြတာပေါ့”
“ဒါပေမဲ့ သူက သီချင်းဆိုနေရင်း တန်းလန်းမှာ ဖြစ်သွားတော့ ငါတို့မှာ ရုပ်သေးရုပ်နှစ်ရုပ်ပဲရှိတယ်။ ပမာဏအရမ်းနည်းနေတယ်။ အသုံးမဝင်ဘူး”
“နှစ်ရုပ်ကလည်း မရှိတာထက်စာရင် အဆင်ပြေသေးတာပဲ။ သောက်ကျိုးနဲ သူကဘာလို့ အခုလိုအခြေအနေဖြစ်အောင် လုပ်လိုက်တာလဲ တစ်ခုခုတော့ မှားသွားတာပဲ ဖြစ်ရမယ်။ သူက ဒီအတိုင်းစောင့်ကြည့်နေပြီး အခွင့်အရေးကို လက်ကနေ ချော်ထွက်သွားစေတယ်”
လူအနည်းစုက စုဝေးနေကြပြီးနောက်တွင် အောက်ဖက်သို့ကြည့်လိုက်သည်။
ထိုလူများက သူတို့စိတ်ဝိညာဉ်ကို စုပ်ယူ၍ရသောလူများဖြစ်ပြီး သူတို့တွေ သယ်လာသော မည်သည့်အမိန့်ကိုမဆို ပေးနိုင်သည့် အရုပ်များအဖြစ် ပြောင်းလဲနိုင်သော စက္ကူရုပ်အဖြစ် ပြောင်း၍ရသည်။
ထိုအခိုက် မျက်နှာအမာရွတ်နှင့်သူက ပထမတန်းသို့ကြည့်သည်။ သူက ရှေ့သို့တက်လိုက်ပြီးနောက် မယုံကြည်နိုင်သလိုမေးသည်။
“ဘာလို့ မင်းတို့တွေက နိုးနေတာလဲ”
လူတိုင်းက အသိစိတ်ပျောက်ဆုံးနေသင့်သည်မှာ သေချာသည်။
သူက နဂိုကတည်းက အကျင့်စရိုက်က မကောင်းချေ။ မျက်နှာတွင် အမာရွတ်ကလည်း ရှိနေလျက် သူ၏ရုပ်ကိုပို၍ ခက်ထန်သွားစေသည်။
ရှေ့တန်းမှ လူနှစ်ယောက် အကောင်းအတိုင်း နိုးနေကြောင်း မြင်သောအခါ လူတိုင်းကလည်း သတိလက်လွတ် တုံ့ပြန်ကြသည်။
“သူတို့ကို ကြိုးချည်ထားပြီး ဒီအဘိုးကြီးနိုးတဲ့အထိစောင့်ပြီး စက္ကူရုပ်အဖြစ် ပြောင်းကြတာပေါ့”
အားလုံးက သဘောတူကြသည်။
နင်မုန့်က သူတို့ကို စိတ်ပိုင်းဆိုင်ရာလွတ်နေသူများကဲ့သို့ ကြည့်လိုက်သည်။
ရှီချီက ဒီစာအုပ်ရဲ့ အဓိကဇာတ်လိုက်ပဲ။ သူ့တို့တောင်ဖမ်းပြီး စက္ကူရုပ်အဖြစ်ပြောင်းချင်တယ် ဟုတ်လား ဟင်း.. သူကဘယ်လိုခွင့်ပြုမှာလဲ။
ထိုလူများကမူ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ ကိုင်တွယ်ရမည်ကို ဂရုမစိုက်ချေ။ သူတို့က ဒီအတိုင်း ခုန်ဆင်းလာကြပြီး ရှီချီကိုဖမ်းရန် ကြံစည်ကြသည်။ သို့သော် သူ၏လက်မောင်းကို ထိလိုက်သည့်အချိန်တွင် အားလုံးကလွင့်ထွက်သွားကြသည်။ သူတို့အားလုံးက စင်နှင့်ဆောင့်တိုက်မိကြပြီး ကျယ်လောင်သောအသံများ ထွက်ပေါ်လာစေသည်။
နင်မုန့်က မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ချိန်တွင် ရှီချီကိုထိသော လူများ၏လက်များက လောင်ကျွမ်းသွားပြီး အရေပြားက ဆွဲခွာခံရသလိုမျိုး သွေးသံရဲရဲဖြစ်သွားကြောင်း မြင်လိုက်ရသည်။
မျက်နှာတွင် အမာရွတ်နှင့်လူက လူယုတ်မာတစ်ယောက်လို ရုပ်ပြောင်းသွားပြီး အသားကုန်အော်တော့သည်။
ရှီချီက စိတ်ရှုပ်ထွေးနေသော နင်မုန့်ကို သူ၏ဘေးသို့ ခေါ်လိုက်ပြီးနောက်တွင် သူမကို တည်ငြိမ်စွာပြောသည်။
“မလှုပ်နဲ့”
ထိုအခိုက် အနောက်ဖက်မှ ငယ်သံပါအောင်အော်သံက ထွက်လာသည်။
နင်မုန့်က အသံအရင်းအမြစ်သို့ လှည့်ကြည့်လိုက်သောအခါ သူမဆံပင်ရှိရာဖက်မှ အသံထွက်လာကြောင်း သိလိုက်ရသည်။
အသံက သူမပထမဆုံး ဆုံခဲ့ဖူးသော စက္ကူရုပ်ထံမှလာပြီး မျက်လုံးတွင် မျက်လုံးဆွဲလိုက်သဖြင့် အသက်ဝင်လာသော ရုပ်သေးရုပ်လည်းဖြစ်သည်။
ပြောရလျှင် ထိုစက္ကူအရုပ်က သူမဘေးနားတွင် ရောက်နေခဲ့ပြီး သူမ၏ဆံပင်နားတွင် နီးကပ်စွာ ကပ်နေခဲ့သည်။ အဖြူရောင်မျက်လုံးကလည်း စက်ဝိုင်းပုံသဏ္ဍာန်လည်ပတ်နေသည်။ ထိုအခိုက် တစ်ကိုယ်လုံးက လိမ်တွန့်နေကာ ကြောက်စရာကောင်းလွန်းနေသည်။
နင်မုန့်က တံတွေးမြိုချလိုက်ပြီး ရှီချီ၏အနားသို့ကပ်သွားသည်။
ထိုအရုပ်က သူမနှင့် တစ်ညလုံးရှိနေပြီး ထိုအရုပ်ကလှုပ်ရှားနိုင်လေကြောင်း မြင်သောအခါ သူမက ကြက်သီးထသွားပြီး သွေးများပင်အေးခဲသွားသလို ခံစားလိုက်ရသည်။
ရှီချီ က ရုတ်တရက် ခေါင်းငုံ့လာပြီးပြောသည်။
“သူက အခုမှရောက်တာ”
နင်မုန့်က ကြောင်သွားပြီးမှသာ ထိုစက္ကူရုပ်က မည်သည့်အချိန်က ရောက်ကြောင်း ပြောပြခြင်း ဖြစ်ကြောင်း သိလိုက်သည်။ သူမက စိတ်အေးသွားပြီး နှလုံးခုန်သံကလည်း နှေးသွားသည်။
ဒီအရိပ်ပြဇာတ်က တကယ်ကို…
ထိုစက္ကူအရုပ်က အောက်ခြေမှအပေါ်ထိ တွန့်လိမ်ရှုံ့တွနေပြီး တဖြည်းဖြည်းခြင်း ကျုံ့သထက်ကျုံ့သွားကာ နောက်ဆုံး မီးလောင်သွားသည်။ ထို့နောက် မီးဓါတ်လုံးအဖြစ် ပြောင်းလဲသွားပြန်ကာ ပြာကျသွားသည်။
ထိုပြာများက လှုပ်ရှားနိုင်သေးသည်။ သို့တိုင်အောင် လေဖြင့် အလွင့်ခံရပြီးနောက်တွင် ပျောက်ဆုံးသွားသည်။ ထိုမြင်ကွင်းက ဒဏ်ရာရနေသော လူများအားလုံးကို ကြောင်အသွားစေသည်။
ထိုစက္ကူအရုပ်များက သာမန်စက္ကူအရုပ်များနှင့် မတူချေ။ သူတို့၏အမိန့်ကိုသာ နားထောင်ရုံသာမကလေဘဲ ပိုက်ဆံလည်း ရှာပေးနိုင်သည်။
သူတို့က ထိုလူအိုကြီးက စက္ကူအရုပ်များကို မည်သို့လုပ်ကြောင်း မသိချေ။ သူတို့က တစ်ကြိမ်မက ဖိအားပေးကာ မျက်လုံးဆွဲခိုင်းသောနေ့တွင် ထိုစက္ကူအရုပ်က အသက်ဝင်လာခဲ့သည်။
စက္ကူအရုပ်က သူတို့၏အမိန့်ကို နာခံနိုင်ပြီး မျက်နှာတွင်အမာရွတ်နှင့်လူ၏ ကြိုးကိုင်ခံနေရခြင်းလည်း ဖြစ်သည်။
စင်ထောင့်နားမှ လူအနည်းစုကမူ အောက်သို့ မဆင်းရဲတော့ချေ။
နင်မုန့်က ရှီချီ၏ အနောက်တွင် ပုန်းနေလျက် သူ၏အင်္ကျီအနားစနားကို ကိုင်ထားကာ တိတ်ဆိတ်ငြိမ်သက်နေပြီး အခြေအနေကို မနှောက်ယှက်ချေ။
ရှီချီ၏ မျက်ဝန်းအတွင်း အလင်းရောင်လက်လာလျက် အေးစက်စွာဖြင့် သူမက မမြင်နိုင်သော တစ်နေရာသို့ လက်ချောင်းဖြင့် ပွတ်လိုက်သောအခါ သူ၏ မူလက ကြည်လင်သော လက်ချောင်းများထံမှ အမှုန့်များ ကျသွားကြောင်းကို မြင်လိုက်ရသည်။
ကိုယ်လုပ်တဲ့အတိုင်း ပြန်ခံရမှာပဲ။
နင်မုန့် ကမူ စင်ပေါ်သို့ အပြစ်ကင်းစင်ပြီး ပြူးကျယ်သောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
လိုက်ကာကိုဆွဲချထားသော အဟကြားမှ တွန့်လိမ်ရှုံ့တွသောခန္ဓာကိုယ်များနှင့် တွားသွားတက်နေသော စက္ကူရုပ်နှစ်ရုပ်ကို မြင်လိုက်ရသည်။ မျက်နှာထားက အလွန်ပင် ကြောက်စရာကောင်းသည်။ အဆုံးတွင် ထိုအရုပ်များက မျက်နှာတွင်အမာရွတ်နှင့်လူ၏ မျက်နှာပေါ်သို့ ရောက်သွားသည်။
ထိုလူက နဂိုက ဘာကိုမှ သတိမထားမိချေ။ ဒီအတိုင်း ကျိန်ဆဲနေသေးသည်။ သို့သော် သူက ရှေ့သို့လည်း မတက်ရဲပြန်ချေ။
ထိုအခိုက် စက္ကူရုပ်နှစ်ရုပ်က သူ၏အနားသို့ကပ်လာပြီး တဖြည်းဖြည်းချင်း မျက်နှာပေါ်ကို အုပ်သွားလေသည်။
အနားရှိလူမှ ထိုအခြေအနေကို မြင်သောအခါ အော်သည်။
“အစ်ကိုကြီး အစ်ကိုကြီး”
မျက်နှာတွင်အမာရွတ်နှင့်လူက လက်ကိုယမ်းပြီးနောက် မျက်နှာကိုကပ်နေသော စက္ကူအရုပ်များကို ဆွဲဖြဲပစ်လိုက်ချေသည်။ သို့သော် သူမ မျှော်လင့်ထားသည်မှာ ထိုအရုပ်များက အလွန်ကပ်နေပြီး သူ၏အောက်စီဂျင်များကိုပင် ဆွဲစုပ်သွားတော့မတတ် ဖြစ်လာသည်။ ထိုစက္ကူအရုပ်များက သူ၏မျက်နှာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားတော့မလိုမျိုး အထဲသို့ အသားကုန်ဝင်ကပ်နေခြင်းဖြစ်သည်။
အချိန်တစ်ခု ကြာသွားပြီးသည့်နောက်တွင် သူက ကုန်းပေါ်သို့ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ ဖပ်လတ် ဖပ်လတ်ဖြစ်နေကာ နောက်ဆုံးတွင် မလှုပ်ရှားတော့ချေ။
လူတိုင်းက အနားသို့သွားကာ သူ့ကိုတို့ကြည့်လိုက်ကြသည်။
စက္ကူရုပ်က ချက်ချင်းပြန်မြောက်တက်လာပြီး ဖြည်းညင်းစွာဖြင့် ထိုလူ၏မျက်နှာမှ ထွက်လာသည့်အပြင် ကြက်သီးထလောက်စေသော အသံသေးသေးကို ထုတ်လွှတ်လိုက်သည်။
“အား…”
အနားရှိသူက ငယ်သံပါအောင်အော်ပြီး အနောက်သို့ဆုတ်သည်။
သူတို့က သူတို့၏ မျက်နှာအမာရွတ်နှင့်လူ၏မျက်နှာမှ ကွာလာသော စက္ကူအရုပ်ကြောင့် ထိုလူ၏မျက်နှာက သွေးကြောပင် မြင်ရသည်အထိ ပျက်ယွင်းသွားကြောင်း မြင်လိုက်ရလေသည်။
နင်မုန့်က ခြေဖျားထောက်ပြီး ရှီချီ၏ပခုံးကို ကျော်လွန်ရုံ အနေအထားမျိုးဖြင့် အခြေအနေကို ကြည့်ရန်ကြိုးစားသည်။ မည်သို့ပင်ဆိုစေ သူမကလည်း ကျယ်လောင်လွန်းသောအသံများကို ကြားနေရသည်။ ထို့ကြောင့် အခြေအနေကို သိချင်စိတ်ပြင်းပြသွားသည်။
သို့သော် သူမကမမြင်နိုင်ခင်မှာတင် လက်တစ်ဖက်က ရောက်လာပြီး မျက်လုံးကိုအုပ်သွားသည်။
“…”
သူမ ကြောက်သွားလိမ့်မယ်။ ငါဒါကို မြင်ခွင့်ပြုလို့ မဖြစ်ဘူး။
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ