“အပိုင်း (၄၀)”
အန်းရှသည် ရှဟယ်မြို့သို့ရောက်လာမည့် ချန်ရွှယ်မင်ကို စောင့်နေရင်းပင် နောက်ဆုံးတော့ အိမ်အသစ်တစ်လုံးကို အဆင်ပြေပြေဖြင့် ရရှိနိုင်လိုက်ပြီ ဖြစ်သည်။
ထိုအိမ်ကို ဝယ်ယူလိုက်ခြင်းမဟုတ်ဘဲ ငှားရမ်းလိုက်ခြင်းသာ ဖြစ်သည်။
အန်းရှ ငှားရမ်းလိုက်သောအိမ်သည် သာမာန်အိမ်တစ်လုံးတော့ မဟုတ်ပေ။
သူမသည် ဇီဇာကြောင်တတ်သူဖြစ်သည့်အပြင် ကျန်းမာရေးအတွက်လည်း ထည့်သွင်းစဉ်းစားလျက် ၆၀၀၀ စကွဲယား မီတာ အကျယ်အဝန်းရှိသည့် သစ်တောနယ်မြေလေးပါသော အိမ်ကို ငှားရမ်းလိုက်ခြင်း ဖြစ်လေသည်။
သစ်တောလေး ပါဝင်နေသောအိမ်သည် သာမာန်တော့ မဖြစ်နိုင်ပေ။
ထိုနေရာသည် ရေကန်လေးတစ်ခုဖြင့် နီးကပ်လျက်ရှိပြီး အဆင်အတန်းမြင့်သည်ဟု သတ်မှတ်ထားရသည့် ရှုခင်းနေရာလည်းဖြစ်ပြီး သစ်တောနယ်မြေများ ဝန်းရံ၍ ဆောက်လုပ်ထားခြင်းဖြစ်သည်။
ထိုမြေနေရာ၏ မူလပိုင်ရှင်သည် ထိုသစ်တောလယ်မြေကို ကြီးမားလှသည် ဥယျာဉ်ကြီးတစ်ခုပါဝင်သည် အားလပ်ရက် အပန်းဖြေနေထိုင်နိုင်သည့် တည်းခိုအိမ်အဖြစ် ပြောင်းလဲချင်ခဲ့ခြင်း ဖြစ်လေသည်။
ထိုပိုင်ရှင်သည် ပိုက်ဆံအမြောက်အများကို အကုန်အကျခံ၍ ပြည်တွင်းရှိ ဒီဇိုင်နာများကိုလည်း ခေါ်ယူခဲ့ပြီး သူ၏ ပန်းဥယျာဉ်လေးကို အကောင်အထည်ဖော်နိုင်ရန် စိုက်ပျိုးရေး ပညာရှင်များကိုလည်း ခေါ်ယူခဲ့လေသည်။ ရင်းနှီးမြုပ်နှံလိုက်ရသည့် အင်အား၊ အချိန်နှင့် ငွေကြေးများသည်လည်း လွန်စွာ ကြီးမားလှလေသည်။
သို့သော်လည်း ထိုနေရာ၏ပိုင်ရှင်သည် သူ၏ သားသမီးကိစ္စများကြောင့် ထိုစီမံကိန်းမှ ကုန်ကျငွေများကို သူ၏ကုမ္ပဏီသို့ ပြန်လည် ထုတ်ယူသွားရသည်မှာတော့ နှမျောစရာ ကောင်းလှလေသည်။
အန်းရှတွင် ငွေကြေးမြောက်များစွာ ရှိလေသည်။
နောက်ဆုံးတွင်တော့ ထိုဥယျာဉ်ကြီးသည် ဆောက်လုပ်ပြီးစီးသွား၍ အန်းရှကဲ့သို့ သူဋ္ဌေးမကြီးတစ်ဦးအတွက်တော့ ဈေးသက်သက်သာသာနှင့် ရရှိလိုက်သလိုပင်။
အန်းရှကံကောင်းသည်မှာ သူမတွင် ထိုနေရာကို ရရှိရန် ငွေကြေးအလုံအလောက်ရှိနေ၍ တစ်ဖက်သူကို ကျေနပ်လောက်အောင် ပြုမူဆက်ဆံတတ်ခြင်းကြောင့်ပင် ဖြစ်လေသည်။
ထို့အပြင် သူမသည် ဤနေရာကိုရရှိနိုင်ရန် လွဲမလိုပင် ဖြစ်ခဲ့ရလေသည်။
ထိုမြေနေရာကို ဝယ်ယူချင်နေကြသော အခြားသူများသည် ဤကဲ့သို့ ပြီးပြည့်စုံလှသော သစ်တော ဥယျာဥ်လေးကို လယ်တောအိမ်အဖြစ်သို့ ပြောင်းလဲနိုင်ရန် ရင်းနှီးမြှပ်နှံမှုများပင် ပြုလုပ်ချင်နေကြလေသည်။
ထို့နောက် အန်းရှသည်…
“အမေ၊ အဖေ၊ အစ်ကို၊ အစ်မ… အဲဒီနေရာက အရမ်းလှတယ် မဟုတ်လား။ နောင်အနာဂတ်မှာ ကျွန်မတို့မိသားစု အဲဒီနေရာမှာပဲ နေကြရအောင်လေ”
အန်းရှသည် သူမ ငှားရမ်းလိုက်သော ကြီးမားလှသည့် ဥယျာဉ်ကြီးကို ပျော်ရွှင်စွာဖြင့် ကြည့်လိုက်လေသည်။
သူမ၏ မိသားစုသည် အန်းရှ၏ နေအိမ်အဖြစ်ငှားရမ်းလိုက်သော မြေနေရာကြီးသည် တွက်ခြေမကိုက်လေဘဲ ဈေးအလွန်ကြီးသည်ကို ခံစားရနိုင်လေသည်။
သို့သော်လည်း သူမသည် အမြင်စူးရှလှသည်။
သူမ၏ ယခင် ရှင်သန်နေထိုင်ခဲ့ရာ ဘဝတွင် အန်းရှသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာခဲ့ပြီး သတို့သမီးတို့ တတ်ရောက်ရသော ကျောင်းတွင် တတ်ရောက်ခဲ့ရသောကြောင့် ဂုဏ်သိက္ခာရှိသော ဇနီးတစ်ဦးအနေဖြင့် တတ်မြောက်သင့်သည်များကို သင်ယူခဲ့ရလေသည်။
ထိုပညာရပ်များထဲမှ သူမ တတ်မြောက်ခဲ့ရသည်မှာ အမြင် စိတ်ကူးစိတ်သန်း ကောင်းမွန်ခြင်းနှင့် စာပေတတ်မြောက်မှု ဖြစ်လေသည်။
ထို့ကြောင့် ဤကိစ္စများနှင့် ပတ်သက်လာလျှင် အန်းရှသည် ပြီးပြည့်စုံလေသည်။
ဥရောပရိုးရာဖြစ်သည့် ခေါင်မိုးအနီဖြင့် ကိုယ်ပိုင်ဥယျာဉ်ပါဝင်သော စံအိမ်ကြီး၊ အရောင်အသွေးစုံလင်လှသော ပန်းအမျိုးအစားပေါင်း ၁၀၀၀ နှင့် အမျိုးမျိုးသော နေရာဒေသများမှ ရရှိလာသည့် အပင်များ။
ပန်းပွင့်ချိန်များ မတူညီလေဘဲ စုံလင်လှသော အမျိုးအစားများကြောင့် ထိုကြီးမားလှသော ဥယျာဉ်ကြီးသည် တစ်နှစ်ပတ်လုံးတွင် ပန်းများ ဖူးပွင့်ရာ နေရာကြီး ဖြစ်လို့နေတော့သည်။
နူးညံ့လှပသော မြက်ခင်း၊ ၄၀၀ စကွဲယားမီတာ ကျယ်ဝန်းသော ငါးကန်၊ ဝါးသစ်တော၊ စီးဆင်းနေသော ရေကန်ငယ်ပေါ်မှ တံတားငယ်လေး၊ ရေတံခွန်ငယ်လေးနှင့် ဥယျာဉ်ငယ်လေး…
အရာအားလုံးသည် နတ်ဘုံသဖွယ်ဖြစ်လို့နေပြီး သာယာလှပနေလေသည်။
“ဒီဥယျာဉ်က သာယာလှပလိုက်တာနော်။ ဒါပေမဲ့ တိရစ္ဆာန်လေးတွေ မရှိဘူး ဖြစ်နေတယ်”။
အန်းရှသည် အိမ်အသစ်ကို သဘောကျလှပြီး အန်းမိသားစုကို ခေါ်ဆောင်နေစဉ်အတွင်းများလည်း သူမ၏ စိတ်ကူးစိတ်သန်းများကို ပြောပြနေလေတော့သည်။
“အမေ… သမီး မြက်ခင်းပေါ်မှာထားဖို့ ဒေါင်းလေးတွေနဲ့ ငါးကန်ထဲမှာထားဖို့ ငန်းလေးတွေကို သွားဝယ်လိုက်ဦးမယ်နော်”
အန်းရှ၏ အမျှင်မပြတ်နိုင်သော စိတ်ကူးစိတ်သန်းများကို နားထောင်နေရသောအခါ အန်းမိသားစုသည် ရယ်ရမလို ငိုရမလိုပင် ဖြစ်နေလေတော့သည်။
သူမသည် အသက် ၂၆ နှစ်ရှိနေပြီဖြစ်ပြီး ကလေးတစ်ဦးပင် ရှိနေလေသည်။ သို့သော်လည်း သူမ၏ အပြုအမူများသည် အရွယ်မရောက်သေးသော ကလေးတစ်ယောက်ကဲ့သို့သာ သိချင်စိတ်များ၊ စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေလေသည်။
သူမသည် အခြားသူများ နားမလည်နိုင်လောက်သော အရာများကိုသာ အမြဲ ပြုလုပ်တတ်လေသည်။
“ညီမလေး… ဒီနေရာက အရမ်းကျယ်လွန်းတယ်လို့ မထင်ဘူးလား။ မြို့နဲ့လည်း အရမ်းဝေးတော့ နေထိုင်ရတာ အဆင်မပြေလောက်ဘူး ထင်တယ်နော်”
အန်းရုံသည် ထိုဥယျာဉ်ကြီးကို သဘောကျလေသည်။ သို့သော်လည်း သူမတို့ကဲ့သို့ အလုပ်လုပ်နေရန် လိုအပ်နေသေးသော လူငယ်များအဖို့ တကယ်ကို မသင့်တော်လှပေ။
“အစ်မ… စိတ်မပူပါနဲ့။ ကျွန်မကားကို မကြာခင် ပို့ပေးလိုက်လိမ့်မယ်။ အဲဒီကားနဲ့သာ သွားလာရမယ်ဆိုရင် အစ်မတို့အရမ်းကို သက်တောင့်သက်သာရှိမှာ”။ အန်းရှသည် အရေးမပါဟန်ဖြင့်သာ ပြောလိုက်လေသည်။ အန်းရုံ၏ သတိပေးချက်အရ သူမသည် မိသားစုဝင်များအတွက် ဆိုင်ကယ်အသေးလေးများ ဝယ်ပေးရန် စဉ်းစားမိလိုက်လေသည်။
အန်းမိသားစုသည် ထိုကဲ့သို့သော စကားလုံးများနှင့် အလွန်ကို အသားကျနေပြီ ဖြစ်သည်။
သူမ၏ ငွေကြေးကို ဖောဖောသီသီ သုံးစွဲမှုများနှင့် ပိုက်ဆံကိစ္စကို ထည့်တွက်လေ့မရှိသော သဘောထားများကြောင့် အန်းမိသားစုသည် အန်းရှတွင် ပိုက်ဆံမြောက်များစွာရှိနေ၍ ချမ်းသာလှသည်ဟု တွေးမိသွားကြလေသည်။
“ဒါဆိုရင် အမေ၊ အဖေတို့က ဒီလောက် ကျယ်ဝန်းနေတဲ့ ဥယျာဉ်ကြီးကို စောင့်ရှောက်နိုင်ပါ့မလား”
“ဟုတ်တာပေါ့… ကျွန်မ အလုပ်သမားတွေ ငှားရမှာပေါ့”
“ငါတို့ ဒီမှာ နေမယ်ဆိုရင် လုံခြုံမယ်မထင်ဘူးနော်”
“ကိစ္စမရှိပါဘူး… အရင်ပိုင်ရှင်က အရမ်းကောင်းမွန်တဲ့ လုံခြုံရေးစနစ်ကို တပ်ဆင်ထားတယ်လေ”
“…”
အန်းမိသားစုသည် အန်းရှ၏အဖြေကို ကြားလိုက်ရသောအခါ သူတို့၏ အိမ်အသစ်တည်နေရာသည် ဥယျာဉ်ကြီး တစ်ခုထဲတွင် ဖြစ်နေသည့် ကိစ္စကို အလျှော့ပေးလိုက်ရတော့သည်။
အန်းရှသည် အမေ၊ အဖေနှင့် အန်းသုန်တို့ကို နေထိုင်ရန် ခေါ်လာခဲ့လေသည်။ သူမ၏ အနုပညာခံစားချက်အရ ထိုဥယျာဉ်ကြီးကို နောက်တစ်ဖန် ပြောင်းလဲဦးမည်ဖြစ်သည်။
အန်းရှသည် ဥယျာဉ်ကြီးကို ပြုပြင်ပြောင်းလဲနေသည့် နေ့ရက်များတွင် သူမ၏ဘဝသည် ပြီးပြည့်စုံနေသည်ဟု ခံစားနေရပြီး မိဘများသည်လည်း သူတို့၏ ဘဝကြီးသည်လည်း သက်တောင့်သက်သာ ရှိလွန်းလှသည်ဟု ခံစားနေကြရတော့သည်။
နေ့စဉ်နေ့တိုင်းတွင် ပန်းမန်သစ်ပင်များ၊ ဟင်းသီးဟင်းရွက်များ၊ ဆေးဖက်ဝင်သစ်ပင်များ စိုက်ပျိုးနေကြခြင်းအပြင် သူတို့သည် ငါးကန်လေးအနားတွင် ထိုင်နေကြလျက် အပန်းဖြေသည့် အနေဖြင့် ငါးမျှားကြလေသည်။ နေ့စဉ် အလုပ်များ လုပ်ကိုင်ရင်းဖြင့်သာ လုံးပမ်းနေကြရသော ထိုလင်မယားအဖို့ ယခုအခြေအနေသည် သူတို့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေလေသည်။
သို့သော် သူတို့၏ စိတ်နှလုံးထဲတွင်မူ ပျားရည် သောက်သုံးထားသကဲ့သို့ပင် ချိုမြနေလေသည်။
သူတို့သည် သမီးဖြစ်သူကြောင့်သာ ထိုကဲ့သို့ သာယာချိုမြိန်သောဘဝကို ရရှိခံစားနေကြရခြင်း ဖြစ်လေသည်။
“အမေ… အမေ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့အတွက် ဆွေမျိုးတွေကိုလည်း ဒီကို ဖိတ်လိုက်ရင် မကောင်းဘူးလား”။ အန်းသုန်သည် များစွာငယ်ရွယ်သွားပုံရသည့် မိဘများ၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် အံ့သြသွားခြင်း မရှိချေ။
သူ၏မိဘများသည် နေ့စဉ် မိုးမလင်းခင်ကတည်းက အိပ်ရာထကြ၍ ပိုက်ဆံရှာကြရန် မလိုအပ်တော့ပေ။ ထို့အပြင် သူတို့သည် နေ့စဉ်နေ့တိုင်း ဤကဲ့သို့ နတ်ဘုံနှင့်တူလှသော စံအိမ်နေရာကြီးတွင် နေထိုင်ကြနေလေပြီ။
လူများသည် စိတ်ချမ်းသာမှုကို ရရှိခံစားနေကြရလျှင် ပိုမို၍ နုပျိုသွားကြမည် ဖြစ်သည်။
မိဘများသည် ထိုကဲ့သို့ သိသာထင်ရှားစွာ ပြောင်းလဲသွားရခြင်းမှာ အန်းရှသည် သူမ၏ ရွှေလက်ချောင်းလေးကို နေ့စဉ်နေ့တိုင်း အသုံးပြု၍ သူတို့၏ခန္ဓာကိုယ်ကို အာဟာရပြည့်ဝစေရန် စွမ်းဆောင်နေခြင်း ဖြစ်သည်ကိုတော့ သူ မသိရှိပေ။
“ဒါက… သိပ်မကောင်းသေးဘူး”
အမျိုးသမီးအန်းသည် သားဖြစ်သူ၏ စကားလုံးများကို ကြားလိုက်ရသောအခါ တုံ့ဆိုင်းသွားလေသည်။
သူတို့မိသားစု၏ အိမ်ပြောင်းရွေ့ခဲ့ခြင်းကို မည်သူမျှ သတိမပြုမိခဲ့ပေ။
သူတို့သည် သူတို့၏နေအိမ်သို့ အခြားသူများကို ဖိတ်ခေါ်လိုက်မည်ဆိုလျှင် သူတို့၏ ချမ်းသာကြွယ်ဝမှုကို ကြွားဝါနေသကဲ့သို့ ဖြစ်နေတော့မည် ဖြစ်သည်။
“ဒါပေမဲ့လည်း အမေနဲ့ အဖေ… ကျွန်တော်တို့က ဒီမှာ တောက်လျှောက် နေသွားတော့မှာဆိုတော့ အခြားသူတွေကိုလည်း ပြောပြရမယ်လေ”
သူ၏ မျက်ဝန်းထဲတွင်တော့ ဤအရာသည် အရေးကြီးကိစ္စ မဟုတ်ပေ။